← Chapters

အခန်း (၁၃၁၇-၁၃၁၈)

Vol. 75 Ch. 1317-1318

အခန်း (၁၃၁၇-၁၃၁၈)

Vol. 75 Ch. 1317-1318

အပိုင်း (၁၃၁၇)

ဤအချိန်တွင် ငရဲသလင်းကျောက်ဖြင့် ထုပ်ပိုးထားသော ဤဝိညာဉ်များသည် အသက်ရှင်နေဆဲ ဖြစ်သည်။ အမိုးခုံးထဲသို့ ဝင်ရောက်သွားသရွေ့၊ စွမ်းအင်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသရွေ့ သူတို့သည် ချက်ချင်း ပြန်လည် သက်ဝင်လာကြပေမည်။

ကျန်းလီသည် ဤအရာကို အမှန်တကယ် ပြုလုပ်ခဲ့သည်။ အနည်းဆုံး အတိုင်းအတာ တစ်ခုအထိ သူသည် လူသားများကို ပိုမို သန်မာလာစေရန် ပြုပြင်မွမ်းမံနိုင်ခဲ့သည်။ အင်္ဂါဂြိုဟ်ကို မဆိုထားနှင့်၊ ဤကဲ့သို့သော လူသားသစ်များသည် သောကြာဂြိုဟ်၊ စနေဂြိုဟ်၊ သို့မဟုတ် ကြာသပတေးဂြိုဟ်တို့တွင်ပင် အသက်ရှင် နေထိုင်နိုင်စွမ်း ရှိကြ၏။ ထို့ကြောင့် ဤကဲ့သို့သော လူသစ်များသည် ကြယ်တာရာ နယ်ချဲ့ခြင်းအတွက် အသင့်တော်ဆုံး ဖြစ်ပေသည်။

ထို့အပြင် ဤ ရှေးဟောင်းလူသား ဝိညာဉ်များကို လုံးဝ ဖျက်ဆီးပစ်ရန် အလွန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ငရဲသလင်းကျောက်က လုံးဝ အကာအကွယ် ပေးထားသောကြောင့် ဖြစ်သည်။ ၎င်းသည် အလွန် မာကျောသလို ပျော့ပျောင်းသော စွမ်းအင်ခန္ဓာတစ်မျိုး ဖြစ်သဖြင့် ဖျက်ဆီး၍ မရနိုင်ပေ။

အမှောင်ဘုရင်မသည် အလွန်စွမ်းအားကြီးလှသော်လည်း သူမကိုယ်သူမ အလင်းစက်အဖြစ် ပြောင်းလဲကာ အလင်းအမြန်နှုန်းနီးပါးဖြင့် ဝင်ဆောင့်မှသာ ငရဲသလင်းကျောက်တွင် အပေါက်တစ်ပေါက် ဖြစ်စေနိုင်ခဲ့သည်။

အနည်းဆုံးတော့ ရှမ့်လန်သည် ငရဲသလင်းကျောက်တွင် အပေါက်တစ်ပေါက်ပင် ဖြစ်အောင် မလုပ်နိုင် သောကြောင့် ရှေးဟောင်းလူသား ဝိညာဉ်တစ်ကောင်ကိုမှ အမှန်တကယ် သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

ရှမ့်လန်သည် ရှေးဟောင်းလူသား ဝိညာဉ် ဆယ်ခုကျော်ကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ဖျစ်ညှစ်လိုက်ရာ ချက်ချင်းပဲ ပုလဲသဏ္ဍာန် အရာတစ်ခု အဖြစ် စုစည်းသွားခဲ့၏။

‘ဒါ ဘာလဲ။ ငရဲဝိညာဉ်ပုလဲလား။’

ထိုစဉ်က ရှမ့်လန်သည် အမှန်တကယ်ပင် မသိနားမလည်ဘဲ ကြောက်ရွံ့ခြင်း ကင်းမဲ့ခဲ့သည်။ သူသည် ငရဲဝိညာဉ်ပုလဲကို နဂါးဓားပေါ်တွင် တပ်ဆင်ကာ အသုံးပြု၍ စွမ်းအင်ဝဲကတော့ ပစ်လွှတ်ခဲ့ဖူးသည်။ ဤအရာသည် လောကတွင် အကြောက်မက်ဖွယ် အကောင်းဆုံးအရာ ဖြစ်ကြောင်း သူ မသိရှိခဲ့ပေ။

ထို့နောက် ရှမ့်လန်သည် ငရဲဝိညာဉ်ပုလဲကို ရင်ခွင်ထဲထည့်ကာ ရှစ်ချင်းချင်းအတု ရှိရာသို့ လျင်မြန်စွာ ပြေးလိုက်သွားခဲ့သည်။

...

ထိုအချိန်တွင် ရှစ်ချင်းချင်းအတုသည် ကျန်းမီနှင့် ကျူးဟုန်ရွှဲ့ကို ခေါ်ဆောင်ကာ အသံလှိုင်း ပျံသန်းရေး သားရဲပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်သည် ရွှမ်ဝူနယ်စား အိမ်တော်၏ အနောက်ဘက်သို့ ချက်ချင်း ပြေးသွားပြီး အခြား ပျံသန်းရေး သားရဲ တစ်ကောင်ကို စီးကာ လိုက်လံ ဖမ်းဆီးတော့သည်။ ဤသည်မှာ ကောင်းကင်ပင်လယ်နန်းဆောင်မှ ပျံသန်းရေး သားရဲ ဖြစ်၏။

ရှစ်ချင်းချင်း အတုက အော်ဟစ်လိုက်သည်။ “ရှင် ဘယ်သူလဲ။ ရှင် ဘယ်သူလဲ။ လူသားသစ် ဆယ်ယောက်ကျော်ကို အနိုင်ယူနိုင်တယ် ဆိုတာ မဖြစ်နိုင်ဘူး။ ရှင် ဘယ်သူလဲ။”

ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ပစ်လွှတ်ပြီး ရှေ့မှ အသံလွန် ပျံသန်းရေးသားရဲကို တိုက်ရိုက် ဖျက်ဆီးပစ်ချင်စိတ် ပေါ်လာသော်လည်း ရက်စက်ရာကျမည်စိုးသဖြင့် မလုပ်ဆောင်ခဲ့ပေ။

အဘယ်ကြောင့် ဆိုသော် အသံလှိုင်းပျံသန်းရေး သားရဲကိုမြင်တိုင်း ချစ်စရာကောင်းသော တချောင်ကို သတိရမိသောကြောင့်ပင်။

ရှမ့်လန်သည် ရုတ်တရက် သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ “ရပ်စမ်း။”

တစ်ခဏချင်း အတွင်းမှာပင် ရှေ့မှ အသံလွန် ပျံသန်းရေး သားရဲသည် လေထဲတွင် တိုက်ရိုက် ခဲသွားသကဲ့သို့ ဖြစ်ကာ လုံးဝ မလှုပ်မယှက် ဖြစ်သွားပြီး အောက်သို့ ပြုတ်ကျသွား၏။

ရှစ်ချင်းချင်းအတုသည် ကျူးဟုန်ရွှဲ့နှင့် ကျန်းမီတို့ကို ချက်ချင်း ဆွဲယူကာ အောက်သို့ တိုက်ရိုက် ခုန်ချလိုက်သည်။ မြေပြင်နှင့် တစ်မီတာခန့် အလိုတွင် သူတို့၏ ခန္ဓာကိုယ်များမှ အားပြင်းသော ကန်အား တစ်မျိုး ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ သက်ဆင်းလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် ရှစ်ချင်းချင်း အတုသည် ရှေးဟောင်း စစ်ဓားကို မင်းသမီး ကျန်းမီ၏ ပန်းနုရောင် လည်တိုင်ပေါ်တွင် တင်လိုက်ပြီး ရှမ့်လန်အား အေးစက်စွာ ပြောလိုက်၏။ “မလာနဲ့။ လာရင် သူ့ကို ချက်ချင်း သတ်လိုက်မယ်။”

ရှစ်ချင်းချင်း အတုသည် အားအနည်းငယ် ပိုစိုက်လိုက်ရာ မင်းသမီး ကျန်းမီ၏ ပန်းနုရောင် လည်တိုင်ပေါ်တွင် တောက်ပသော သွေးစီးကြောင်း တစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ ယခင်က ရှေးဟောင်းလူသားများ၏ ဒဏ်ရာများ ကွဲအက်သွားချိန်တွင် သွေးလုံးဝ မထွက်ခဲ့ပေ။ သို့သော်ငြား သူ၏ ရှေ့မှ မင်းသမီး ကျန်းမီမှာမူ သွေးထွက်နေခဲ့သည်။

ရှစ်ချင်းချင်း အတုက ပြောလိုက်၏။ “ရှင် ဘယ်သူလဲ။ ရှင် ဘယ်သူလဲ။ ရှင် ဘာဖြစ်သွားတာလဲ။ ဘယ် ရှေးဟောင်းလူသားသစ်မှ အထက်လူကြီးရဲ့ အမိန့်ကို မဖီဆန်နိုင်ဘူး။ သူတို့ ခန္ဓာကိုယ်တွေ ကြေမွသွားရင်တောင် ဖီဆန်မှာ မဟုတ်ဘူး။ ရှင် ဘယ်သူလဲ။”

ကျန်းလီ၏ လောကဖွဲ့စည်းပုံတွင် အကြွင်းမဲ့ အဆင့်အတန်း ခွဲခြားမှု ရှိပြီး အကြွင်းမဲ့ ပိရမစ် ပုံစံ ရှိသည်။ အထက်လူကြီးများသည် မိုးကောင်းကင်ထက်တွင် ရှိကြ၏။ ရှေးဟောင်းလူသားများသည် ခန္ဓာကိုယ် ကြေမွသွားလျှင်ပင် အထက်လူကြီးကို ဖီဆန်လိုစိတ် ရှိမည် မဟုတ်ပေ။ ဤသည်မှာ သူတို့၏ စိတ်ဆန္ဒ အနက်ရှိုင်းဆုံး နေရာမှ ဖိနှိပ်ထားမှု ဖြစ်သည်။ သူတို့သည် စက်ရုပ်များ မဟုတ်သော်လည်း နာခံမှု အပိုင်းတွင်မူ စက်ရုပ်များနှင့် တစ်ထပ်တည်း တူညီကြသည်။

ရှမ့်လန်သည် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့၏။

ရှစ်ချင်းချင်း အတုက တင်းမာစွာ ပြောလိုက်သည်။ “မလာနဲ့။ လာရင် သူ့ကို ချက်ချင်း သတ်လိုက်မယ်။ ရှင်က ကျူးဟုန်ရွှဲ့ကို ကယ်ချင်တာမလား။ ဒီမိန်းမက ရှမ့်လန်ရဲ့ သမီး၊ တော်ဝင်ချန်အင်ပါယာရဲ့ မင်းသမီးပဲ။ သူက ကျူးဟုန်ရွှဲ့ထက် အဆပေါင်း တစ်ရာ ပိုမွန်မြတ်တယ်။ ကျွန်မသာ သူ့ကို သတ်လိုက်ရင် ရှင် တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ ဘယ်သူလဲ။ ရှင်က ဘယ်သူလဲ။”

ရှစ်ချင်းချင်းအတု၏ အသံမှာ စူးရှကျယ်လောင်နေခဲ့၏။ သူမ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဤရှေးဟောင်းလူသားများသည် စက်ရုပ်များ မဟုတ်ကြောင်း သိသာထင်ရှားလှသည်။ သူတို့တွင် ကိုယ်ပိုင် ခံစားချက်များနှင့် ယုံကြည်ချက်များ ရှိကြ၏။

သူတို့သည် ကျန်းလီကို ယုံကြည်ကြပြီး သူတို့၏လူမျိုးသည် အပြည့်စုံဆုံး ဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ထားကြသည်။ အရှင်ကျန်းလီ၏ ဦးဆောင်မှုအောက်တွင် လောကကို ကယ်တင်မည့် တာဝန်ကြီးအား ထမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

သို့သော်ငြား ယခုအခါတွင် သူတို့အား သစ္စာဖောက်မည့် ရှေးဟောင်းလူသားတစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ သူမအတွက် လက်ခံနိုင်ဖွယ်ရာမရှိသော အပြောင်းအလဲကြီး တစ်ခု ဖြစ်နေခဲ့၏။

ရှမ့်လန်သည် ခေါင်းကို အနည်းငယ် မော့လိုက်သည်။ တစ်ခဏအတွင်းမှာပဲ ရှစ်ချင်းချင်း အတုသည် ခဲသွားသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားသည်။ ဤရှစ်ချင်းချင်းအတု၏ အဆင့်အတန်းမှာ မြင့်မားခြင်း မရှိသေးပေ။ သူမတွင် စွမ်းအင်ခန္ဓာကိုယ် ရှိသော်လည်း ရှေးဟောင်းသံချပ်ကာ၏ သဘောတရားများကို ကျော်လွန်နိုင်ခြင်း မရှိသေးချေ။

သူမတွင် စွမ်းအင်ဗဟိုချက် ရှိနေဆဲ ဖြစ်သည်။ သူမ၏နှလုံးသားသည် တစ်ကိုယ်လုံးကို စွမ်းအင် ထောက်ပံ့ပေးနေသော စွမ်းအင်ဗဟိုချက် အသေးစားလေး တစ်ခုသာ ဖြစ်သည်။

ရှမ့်လန်သည် သူမ၏ ရှေ့သို့ ရောက်လာပြီး ရှေးဟောင်းစစ်ဓားကို ထုတ်ယူလိုက်၏။ ၎င်းသည် အပူချိန် ဒီဂရီ ထောင်ပေါင်းများစွာ ထုတ်လွှတ်နိုင်သော ဓားတစ်လက် ဖြစ်သည်။ သူသည် ရှစ်ချင်းချင်း အတု၏ ရင်ဘတ်ကို ရုတ်တရက် ထိုးစိုက်လိုက်၏။

သို့သော်ငြား ဓားသည် တိုးမပေါက်ခဲ့ပေ။ ဤစွမ်းအင်ခန္ဓာကိုယ်သည် အလွန်တရာ မာကျောလှပသည်။ ဤ ရှစ်ချင်းချင်း အတု၏ အဆင့်အတန်းသည် စောဏက ရှေးဟောင်းလူသား ဆယ်ယောက်ထက် များစွာ မြင့်မားနေသဖြင့် ရှေးဟောင်းစစ်ဓားဖြင့် ထိုးဖောက်၍ မရနိုင်ခြင်း ဖြစ်သည်။

ထို့နောက် ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ တစ်ခုကို ဖန်တီးလိုက်ပြီး လုံလောက်သော စွမ်းအား ရရှိစေရန် ကျစ်လစ်သိပ်သည်းအောင် ပြုလုပ်လိုက်၏။ နောက်ဆုံးတွင် အချင်း သုံးမီတာခန့် ရှိသော စွမ်းအင် ဝဲကတော့သည် အချင်း ဆယ်စင်တီမီတာခန့်သာ ရှိသော အလုံးငယ်လေးအဖြစ် ကျုံ့သွားခဲ့သည်။ သူသည် ထိုအရာကို ရှစ်ချင်းချင်း အတု၏ ရင်ဘတ်သို့ ချိန်ရွယ်ပြီး ရုတ်တရက် ပစ်လွှတ်လိုက်၏။

“ဒုန်း...”

တစ်ခဏချင်း အတွင်းမှာပဲ ရှစ်ချင်းချင်း အတု၏ ခန္ဓာကိုယ်သည် တိုက်ရိုက် ဖောက်ထွင်း ခံလိုက်ရပြီး သူမ၏ ရင်ဘတ်နေရာတွင် ဆယ်စင်တီမီတာခန့် ရှိသော အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။ သူမ၏ စွမ်းအင်နှလုံးသားသည် လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွား၏။ ထိုအရာသည် ပျက်စီးခြင်း မရှိဘဲ ဆက်လက် ခုန်လှုပ်နေဆဲ ဖြစ်သည်။

ရှမ့်လန်သည် လျှောက်သွားပြီး စွမ်းအင်နှလုံးသားကို ကောက်ယူလိုက်သည်။ ထိုအရာသည် ပျော့ပျောင်းပြီး ရွှေရောင်အရည်များ စီးဆင်းနေသည်ကို တွေ့လိုက်ရ၏။ ဤသည်မှာ နဂါးသွေးပင် ဖြစ်၏။

ဤအရာသည် နဂါးနှလုံးသား ဖြစ်နေခဲ့၏။ ထို့အပြင် အဆင့်မြှင့်တင်ထားသော နဂါးနှလုံးသား ဖြစ်ပေသည်။

မူလက စက်ပစ္စည်း တစ်ခုသာ ဖြစ်သော်လည်း ယခုအခါတွင်မူ နှလုံးသား အတုတစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ကြည်လင်တောက်ပပြီး အပြာရောင် အရောင်အဝါများ ထုတ်လွှတ်နေသည်။ စောဏက ရှမ့်လန်၏ အားပြင်းသော စွမ်းအင်ဝဲကတော့သည်ပင် ဤ စွမ်းအင်နှလုံးသားကို အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ တကယ်ကို အံ့မခန်း ဖြစ်သည်။ ကျန်းလီသည် တကယ်ကို ကြောက်စရာ ကောင်းလွန်း၏။

နဂါးနှလုံးသားကို ဖန်တီးခဲ့သူမှာ သူပင် ဖြစ်သည်။ ယခုအခါတွင် သူသည် စွမ်းအင်နှလုံးသားကိုပါ ဖန်တီးလိုက်ပြီး နဂါးသွေးကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုထားသည်။ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ရှမ့်လန်သည် ရှစ်ချင်းချင်းအတု၏ မျက်နှာနားသို့ တစ်ဖန် ရောက်ရှိသွားပြန်၏။ သူမသည် မူလရုပ်သွင်သို့ လုံးဝ ပြန်လည် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူမသည် အလွန်လှပသော ရှေးဟောင်း အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။

စွမ်းအင်နှလုံးသား ဆုံးရှုံးသွားသော်လည်း ရှစ်ချင်းချင်းအတုသည် အသက်ရှင်နေဆဲ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်နှင့် ပါးစပ်တို့ လှုပ်ရှား၍ မရတော့သော်လည်း သူမ၏ စိတ်အာရုံဖြင့် ဆက်သွယ်၍ ရနေသေး၏။

“မင်းရဲ့ နံပါတ်က ဘယ်လောက်လဲ။” ရှမ့်လန်က မေးလိုက်သည်။

ရှစ်ချင်းချင်း အတုက ပြန်လည် ဖြေကြားခြင်း မရှိပေ။ သို့သော်ငြား ခေတ္တအကြာတွင် သူမ၏ မျက်လုံးထဲ၌ ဂဏန်းတစ်တန်း ပေါ်လာခဲ့၏။ “၁၉၉၉၉”

‘မဖြစ်နိုင်ဘူး။ သူမက ၁၉၉၉၉ အထိ ရောက်နေတာလား။’

ရှမ့်လန်သည် အပူချိန် ဒီဂရီ ထောင်ပေါင်းများစွာ ရှိသော ရှေးဟောင်းစစ်ဓားဖြင့် သူမ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်၏။ သို့သော်ငြား လုံးဝ တိုးမပေါက်ခဲ့ပေ။ သူမ၏ လည်ပင်းသည် ဤမျှ မာကျောနေသည်မှာ အမှန်တကယ် အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။

ထို့ကြောင့် ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ကို တစ်ဖန် အသုံးပြုရပြန်သည်။ ဤတစ်ခါတွင်မူ ကျစ်လစ်သိပ်သည်းသော စွမ်းအင်ဝဲကတော့ဖြစ်ပြီး သူမ၏ ခေါင်းကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။ သူသည် သူမ၏ ခေါင်းကို တိုက်ရိုက် ခွဲစိတ်လိုက်ပြီး ဦးနှောက်ကို ထုတ်ယူကာ ငရဲဝိညာဉ်ပုလဲ အဖြစ် စုစည်းလိုက်၏။

ထိုအချိန်တွင် မင်းသမီး ကျန်းမီက တိုးညင်းစွာ မေးလိုက်သည်။ “ရှင် ဘယ်သူလဲလို့ မေးခွင့်ပြုပါ။”

ရှမ့်လန် ပြန်မဖြေခဲ့ပေ။

မင်းသမီးကျန်းမီက ထပ်မေးပြန်၏။ “ဖေဖေက ရှင့်ကို လွှတ်လိုက်တာလား။ ရှင်က တော်ဝင်ချန်အင်ပါယာက မဟုတ်လား။”

ရှမ့်လန်သည် သူမကို ပြန်မဖြေဘဲ ကျူးဟုန်ရွှဲ့၏ ရှေ့သို့ ရောက်သွားသည်။ သူ၏ လက်ချောင်းမှ လျှပ်စစ်စီးကြောင်း တစ်ခုကို ညင်သာစွာ ထုတ်လွှတ်လိုက်ရာ ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခုသည် ကျူးဟုန်ရွှဲ့၏ နှလုံးနှင့် ဦးနှောက်ကို ရိုက်ခတ်သွားသည်။

တစ်ခဏချင်း အတွင်းမှာပင် ကျူးဟုန်ရွှဲ့သည် သတိပြန်လည်လာခဲ့သည်။ သူသည် မတ်တတ် ထရပ်လိုက်ပြီး မြေပြင်ပေါ်ရှိ ရှစ်ချင်းချင်းအတု၏ အလောင်းကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ အတော်ကြာမှ သူ ပြောလိုက်၏။

“တကယ်တော့ ကျုပ်ရဲ့ သိုင်းပညာက သူတို့ထက် သာပါတယ်။”

သူ ဤစကားကို ပြောလိုက်ချိန်မှာတော့ မကျေနပ်ချက်များ ပြည့်နှက်နေသည်။ သူ၏ သိုင်းပညာသည် ကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ရရှိလာခြင်းဖြစ်ပြီး ဤရှေးဟောင်းလူသားများထက် သာလွန်ကြောင်း ထင်ရှားသည်။ သို့သော်ငြား ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာတွင် တဖက်လူမှာ မသမာသော နည်းလမ်းများ သုံးစွဲထားသကဲ့သို့ ဖြစ်နေခဲ့သည်။

“မင်းသမီး... သွားကြစို့။” ကျူးဟုန်ရွှဲ့က ကျန်းမီကို ပြောလိုက်၏။

ထို့နောက် သူသည် ရှမ့်လန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “လူကြီးမင်း... ကျုပ်တို့ကို ကယ်တင်ခဲ့ပေမဲ့ တောင်းပန်ပါတယ်။ မင်းသမီးကို အလင်းနယ်မြေဆီ၊ ကျုပ်တို့ရဲ့ တော်ဝင်ချန်အင်ပါယာဆီ ပြန်ခေါ်သွားဖို့ ကျုပ်မှာ တာဝန်ရှိပါတယ်။ ကျုပ်တို့ရဲ့ အလင်းနယ်မြေနဲ့ အင်ပါယာကို ကာကွယ်ဖို့ လူကြီးမင်းကို ခေါ်သွားလို့ မဖြစ်ပါဘူး။”

ဤအကြောင်းအရာနှင့် ပတ်သက်၍ ရှမ့်လန် အလွန် နားမလည်နိုင် ဖြစ်နေရ၏။ ကျန်းလီ၏ အင်ပါယာသည် အသက်ရှူကြပ်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်သည်။ ကောင်းကင်ပင်လယ်နန်းဆောင် ဦးဆောင်သော အလင်းနယ်မြေသည် အင်ပါယာကျန်းလီနှင့် ယှဉ်လျှင် အလွန် အားနည်းနေသည်။ ကျန်းလီ အနေဖြင့် အလင်းနယ်မြေကို လက်ချောင်းလေး တစ်ချောင်းဖြင့် ဖိချေဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။

သို့သော်ငြား ၂၉ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အလင်းနယ်မြေသည် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။ ထို့အပြင် တော်ဝင်ချန်အင်ပါယာ၏ အလံတော်အောက်တွင် ရှိနေခဲ့သည်။

အဘယ်ကြောင့်နည်း။ အလင်းနယ်မြေသည် ကျန်းလီ၏လက်တွင်းမှ ယခုအချိန်အထိ မည်သို့ လွတ်မြောက် နေနိုင်သနည်း။ ထို့အပြင် သူတို့၏ လက်နက်ကိရိယာများနှင့် တော်လှန်ရေးတပ်ကို ကြည့်ရသည်မှာ အခြေအနေ ဆိုးရွားနေပုံ ရ၏။

ရှမ့်လန်၏ ခန့်မှန်းချက်အရ ကောင်းကင်ပင်လယ်နန်းဆောင်၏ အလင်းနယ်မြေသည် မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ ထဲတွင် ရှိနေသင့်သည်။ ယခင်က လူပေါင်းများစွာသည် မိုင်တစ်သောင်း တော်ဝင်သဲကန္တာရကို စူးစမ်း ရှာဖွေခဲ့ကြသော်လည်း မအောင်မြင်ဘဲ ပြန်လှည့်လာခဲ့ကြရသည်။ ဤနေရာတွင် ကောင်းကင် ပင်လယ်နန်းဆောင်အား အင်ပါယာကျန်းလီ၏ ဖျက်ဆီးမှုမှ ကာကွယ် ပေးထားသော အထူးစွမ်းအင် တစ်မျိုး ရှိနေသည်လား။

အမှန်တကယ်တော့ ထိုထက်ပင် ပို၍ ဆန်းကြယ်လှသည်။ အင်ပါယာကျန်းလီသည် သဲကန္တာရထဲသို့ လူပေါင်းများစွာ စေလွှတ်ခဲ့ဖူးသည်။ အချို့မှာ အလွန်စွမ်းအားကြီးသော ရှေးဟောင်းလူသား စစ်သည်တော်များ ဖြစ်ကြပြီး မရေမတွက်နိုင်သော လေတပ်များလည်း ပါဝင်သည်။

သို့သော်ငြား ပြဿနာမှာ သူတို့သည် အလင်းနယ်မြေကို လုံးဝ ရှာမတွေ့ခြင်းပင်။ မြေပြင်၏ လက်မတိုင်းကို ရှာဖွေခဲ့သော်လည်း အလင်းနယ်မြေနှင့် ကောင်းကင်ပင်လယ်နန်းဆောင်ကို လုံးဝ မတွေ့ရချေ။ အဆုံးမဲ့ သဲကန္တာရ၊ မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော သဲကန္တာရကြီးသာ ရှိသည်။

ထို့အပြင် မိုင်တစ်သောင်း တော်ဝင်သဲကန္တာရသည် အင်ပါယာကျန်းလီနှင့် ငရဲသလင်းကျောက် နန်းတော်၏ လက်လှမ်းမမီသော နေရာတွင် ရှိနေ၏။ သူ၏ ပိုင်နက် မဟုတ်ပေ။ ထို့ကြောင့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော်လည်း အလင်းနယ်မြေသည် လုံးဝ မမြင်ရသော မှော်ဆန်သည့် နေရာတစ်ခုသဖွယ် ဖြစ်နေ၏။

ထိုနေရာတွင် ရှိနေမှန်း သိသော်လည်း ရှာဖွေ၍ မရ၊ ဝင်ရောက်ရန်လည်း မဖြစ်နိုင်ချေ။ ထို့ကြောင့် အင်ပါယာ ကျန်းလီသည် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သော်လည်း အလင်းနယ်မြေ၏ ဝင်ပေါက်ကို ရှာမတွေ့နိုင်ခဲ့ပေ။

ဆန့်ကျင်ဘက် အနေဖြင့် အလင်းနယ်မြေမှ စစ်သည်တော်များသည် အင်ပါယာ ကျန်းလီသို့ စဉ်ဆက်မပြတ် လာရောက်ကာ ဖျက်ဆီးရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အမာခံစခန်း တည်ဆောက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ကြသည်။

အပိုင်း (၁၃၁၈)

ယခုအချိန်တွင် ရှမ့်လန်သည် ကျူးဟုန်ရွှဲ့ကို ကယ်တင်ခဲ့သော်လည်း ကျူးဟုန်ရွှဲ့သည် ရှမ့်လန်အား အလင်းနယ်မြေသို့ ခေါ်ဆောင်သွားရန် မဝံ့ရဲခဲ့ပေ။ အလင်းနယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် အင်ပါယာ ကျန်းလီသည် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရာ ကာကွယ်ရန် မဖြစ်နိုင်သလောက်ပင်။

မင်းသမီး ကျန်းမီသည် ရှေးဟောင်းလူသား တစ်ဦး အယောင်ဆောင်ထားခြင်း မဟုတ်ကြောင်း ကျူးဟုန်ရွှဲ့ မည်သို့ သေချာနိုင်မည်နည်း။

ကောင်းကင်ပင်လယ်နန်းဆောင်တွင် ကိုယ်ပိုင် စစ်ဆေးဆုံးဖြတ်သည့်စနစ် ရှိသည်။ ရှေးဟောင်းလူသားများသည် မည်မျှပင် တူညီအောင် တုပထားစေကာမူ လူသားစစ်စစ်များနှင့် လုံးဝ ကွာခြားနေဆဲ ဖြစ်သည်။ စွမ်းအင်ခန္ဓာကိုယ်နှင့် သွေးသားခန္ဓာကိုယ်တို့သည် ကွာခြားနေဆဲပင်။

ကောင်းကင်ပင်လယ်နန်းဆောင်သည် ရှေးဟောင်းလူသားများ၏ စွမ်းအင်ခန္ဓာကိုယ် ထောင်ပေါင်းများစွာကို ဆယ်နှစ်နီးပါး ခွဲစိတ်လေ့လာပြီးမှသာ ခွဲခြားသိမြင်နိုင်မည့် နည်းလမ်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို ခွဲခြား သိမြင်နိုင်မည့် နည်းလမ်းကို လုံးဝ လျှို့ဝှက်ထားပြီး အဆင့်မြင့် ပုဂ္ဂိုလ် အနည်းငယ်သာ သိရှိကြသည်။

ကျူးဟုန်ရွှဲ့သည် စစ်ဆေးခဲ့ပြီး မင်းသမီးကျန်းမီတွင် စွမ်းအင်ခန္ဓာကိုယ် မဟုတ်ဘဲ လူသား သွေးသား ခန္ဓာကိုယ် ရှိကြောင်း တွေ့ရှိခဲ့ရ၏။

“မင်းသမီး... သွားကြစို့။” ကျူးဟုန်ရွှဲ့က ပြောလိုက်၏။

မင်းသမီးကျန်းမီသည် ရှမ့်လန်ကို ကြည့်နေဆဲ ဖြစ်ပြီး ရှမ့်လန်သည်လည်း သူမကို ပြန်ကြည့်နေခဲ့သည်။ ယခုအခါ ရှမ့်လန်သည် ရှေးဟောင်းလူသားများ၏ စွမ်းအင်ခန္ဓာကိုယ်နှင့် သာမန်လူသားများ၏ သွေးသားခန္ဓာကိုယ် ကွာခြားချက်ကို အကြမ်းဖျင်း ခွဲခြားနိုင်နေပြီ ဖြစ်သည်။

အလွန် သိမ်မွေ့သော ကွာခြားချက် ရှိသော်လည်း ထုတ်လွှတ်လိုက်သော လှိုင်းနှုန်းမှာ ကွာခြားနေဆဲပင်။ နောက်တစ်ချက်မှာ သူ လှိုင်းနှုန်းတစ်ခု ထုတ်လွှတ်လိုက်ချိန်မှာတော့ စွမ်းအင်ခန္ဓာကိုယ်နှင့် သွေးသား ခန္ဓာကိုယ်တို့၏ ထိုးဖောက်နိုင်စွမ်း ကွာခြားမှု ရှိသည်။ သူ့ရှေ့မှ မင်းသမီး ကျန်းမီသည် အမှန်တကယ်ပင် သွေးသားခန္ဓာကိုယ် ဖြစ်ပြီး ရှစ်ချင်းချင်းအတု၏ စွမ်းအင်ခန္ဓာကိုယ်နှင့် များစွာ ကွာခြားလှ၏။

အတော်ကြာမှ မင်းသမီး ကျန်းမီသည် ရုတ်တရက် ကြောက်ရွံ့စွာဖြင့် ခေါ်လိုက်သည်။ “ဖေဖေ...”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ရှမ့်လန် အကြီးအကျယ် တုန်လှုပ်သွားရ၏။ ဘေးနားရှိ ကျူးဟုန်ရွှဲ့ သည်လည်း လုံးဝ ကြောင်အသွားရသည်။ သူသည် ရှမ့်လန်ကို မယုံနိုင်စွာ ကြည့်လိုက်မိ၏။

‘ဒါ... ဒါ မဖြစ်နိုင်ဘူး။ အရှင်မင်းကြီး ရှမ့်လန်က ဘယ်လိုလုပ် ဒီလိုပုံစံ ဖြစ်သွားရတာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။’

ကျူးဟုန်ရွှဲ့ အနေဖြင့် လုံးဝ မှတ်မိခြင်း မရှိခဲ့ပေ။

“ဖေဖေ...”

မင်းသမီး ကျန်းမီသည် ရုတ်တရက် ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုကြွေးလိုက်သည်။ “ဖေဖေမှန်း သမီး သိတယ်။ ဖေဖေ ဖြစ်ရမယ်လို့ သမီး သိနေတယ်။”

ဤအရာက သိပ်ကိုဆန်းကြယ်လွန်းနေ၏။ ရှမ့်လန်သည် မည်သည့်ဟာကွက်ကိုမှ မပြသခဲ့ဘဲ ကျန်းမီက မည်သို့ မှတ်မိသွားရသနည်း။

“ဒါက ခံစားချက်တစ်ခုပါ၊ အရမ်း ဆန်းကြယ်တဲ့ ခံစားချက်တစ်ခုပါ။”

မင်းသမီး ကျန်းမီက တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ “သမီး အိပ်မက်မက်တိုင်း ဖေဖေ့ကို မကြာခဏ တွေ့ရတယ်။ သမီးရဲ့နှလုံးသားနဲ့ ဝိညာဉ် တုန်ခါသွားတဲ့ ဒီခံစားချက်ကို သမီး အရမ်း ရင်းနှီးနေတယ်။ ဖေဖေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ သမီးတို့ မှတ်မိနေမှာပါ။

လူတိုင်းမှာ မတူညီတဲ့ စွမ်းအင်စက်ကွင်း ကိုယ်စီ ရှိကြတယ်လို့ အစ်မ ယောင်ယောင်က ပြောပြဖူးတယ်။ ဖေဖေ၊ မေမေနဲ့ တခြားဆွေမျိုးတွေရဲ့ စွမ်းအင်စက်ကွင်းကို ခံစားပြီး ခွဲခြားတတ်အောင် သူ သင်ပေးခဲ့တယ်။ ဒါက စိတ်ခံစားမှု တူညီခြင်း တစ်မျိုးပါပဲ။ ဟိုမိစ္ဆာကောင်ကတော့ ဒါကို နားလည်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ ခံစားချက် မရှိလို့လေ။”

ကျန်းမီ ပြောသည်မှာ အလွန် ယုတ္တိရှိလှသည်။ အနည်းဆုံးတော့ ဤအချိန်တွင် ရှမ့်လန်သည် စိတ်ခံစားမှု တူညီခြင်းကို အမှန်တကယ် ခံစားနေရ၏။ ငယ်စဉ်က သူ၏သမီးလေးကို ပွေ့ဖက်ထားရသည့် ခံစားမှုမျိုး ချက်ချင်း ပြန်လည် ရရှိလိုက်သကဲ့သို့ပင်။

‘ဒါ... ဒါက တကယ်ပဲ ရှမ့်မီ သမီးလေးပါလား။’

ရှမ့်လန်သည် သူမကို ရင်ခွင်ထဲ ထည့်ကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူမ၏ ကိုယ်သင်းနံ့ကို အငမ်းမရ ရှူရှိုက်လိုက်မိ၏။ ‘သမီးလေး... ငါ့သမီးလေး...’

သို့သော်ငြား တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရှမ့်လန် ခံစားလိုက်ရသည်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် သေစေနိုင်သော အန္တရာယ် အငွေ့အသက်ကို သူ ခံစားလိုက်ရ၏။ တစ်စက္ကန့် အတွင်းမှာပဲ ကျန်းမီ၏ မျက်လုံးများ အပြာရောင် ပြောင်းသွားခဲ့သည်။ ထို့နောက် သူမသည် အဆုံးမဲ့ ဝိညာဉ်တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်သည်။

“အား...” ရှမ့်လန်၏ စိတ်အာရုံ ဗလာ ဖြစ်သွားခဲ့ရ၏။ ဝိညာဉ် နျူကလီးယားဗုံးတစ်လုံး သူ၏ ဦးနှောက်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ပင်။ သူ၏ တစ်ကိုယ်လုံး လွင့်စင်ထွက်သွားခဲ့ရသည်။

ကျူးဟုန်ရွှဲ့ ကြောင်အသွားရသော်လည်း ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။ သူသည် ဓားကို ရုတ်တရက် ဆွဲထုတ်ကာ မင်းသမီး ကျန်းမီထံသို့ ပြေးဝင်သွားလိုက်၏။ အဘယ်ကြောင့်ဆိုသော် မင်းသမီး ကျန်းမီ၏ သိုင်းပညာသည် အလွန် သာမန်ကျပြီး မရှိသလောက် ဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။ သူမက မည်ကဲ့သို့ ဤမျှ အားကောင်းသော တိုက်ခိုက်မှုကို ပြုလုပ်နိုင်ရသနည်း။

သို့သော်ငြား ကျန်းမီနှင့် တစ်မီတာ အကွာသို့ ရောက်ချိန်မှာတော့ ကျူးဟုန်ရွှဲ့၏ ခန္ဓာကိုယ်သည် ချက်ချင်း ခဲသွားသကဲ့သို့ ဖြစ်သွားရသည်။ သူ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။ မင်းသမီးကျန်းမီသည် လက်ချောင်းကို ပေါ့ပါးစွာ မြှောက်လိုက်ပြီး ကျူးဟုန်ရွှဲ့ကို နေရာမှာပင် ချုပ်နှောင်ထားလိုက်၏။

“အရှင်ရှမ့်လန်... သမီးက အဖေနဲ့ တူတူပါပဲ။ ကြက်ကလေး တစ်ကောင်ကို ဖမ်းဖို့တောင် အားမရှိပေမဲ့ နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် အားကောင်းတဲ့ ဝိညာဉ်စွမ်းအင် ရှိတယ်လေ။”

မင်းသမီး ကျန်းမီသည် ရှမ့်လန်ထံသို့ အေးဆေးစွာ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ သူမက ပြောလိုက်၏။ “သမီးရဲ့ ခန္ဓာကိုယ်မှာ ဘာလို့ ဟာကွက် မရှိတာလဲ။ ဘာလို့ လူသား သွေးသားစစ်စစ် ဖြစ်နေတာလဲ ဆိုတာ သိလား။ ဖေဖေမှန်း သမီး ဘာလို့ အာရုံခံနိုင်လဲ ဆိုတာ သိလား။ ဒီ စိတ်ခံစားမှု တူညီခြင်းက အစစ်အမှန် ဖြစ်တယ်။ စိတ်ခံစားမှု အတက်အကျတွေကလည်း အစစ်အမှန်ပါပဲ။ ဒီခန္ဓာကိုယ်ကတောင် မင်းသမီး ကျန်းမီရဲ့ ခန္ဓာကိုယ်ပါ။ ဒါက အဖေ့ရဲ့ သမီးပါ။”

‘သြော်... ဒါကြောင့်ကိုး။’

ရှမ့်လန်နှင့် ကျူးဟုန်ရွှဲ့တို့ မည်သည့် ဟာကွက်မျှ မတွေ့ရခြင်းမှာ အကြောင်း ရှိပေသည်။ ဤကျန်းမီတွင် လူသား ခန္ဓာကိုယ် အစစ်အမှန် ရှိနေသောကြောင့်ပင်။

“ရှင်တို့ရဲ့ တော်ဝင်ချန်အင်ပါယာက ပိုပိုပြီး ကောက်ကျစ်စဉ်းလဲလာတယ်။ စေ့စပ်သေချာလာတယ်။ ကျွန်မတို့ ရှေးဟောင်းလူသားတွေ ဘယ်လောက်ပဲ ပြောင်းလဲပါစေ ရှင်တို့က မှတ်မိနေတုန်းပဲ။ ဒါကြောင့် ကျွန်မတို့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ဟိုလှည့်ကွက်ကို ပြန်သုံးရတော့တာပေါ့။ ပူးကပ်ခြင်းလေ။”

မင်းသမီး ကျန်းမီက ပြောလိုက်၏။ “အရှင်ရှမ့်လန်... စိတ်မပူပါနဲ့။ ရှင့်သမီးရဲ့ ဝိညာဉ်က အသက်ရှင်နေပါသေးတယ်။ ဝိညာဉ်ပဲ အသက်ရှင်နေတာပါ။ ဒါကြောင့် ရှင့်ကို မြင်တဲ့အခါ တုန့်ပြန်မှု ရှိနေတာပေါ့။ ဒါပေမဲ့ သူ့ရဲ့ဝိညာဉ်က ဦးနှောက်ထောင့်တစ်နေရာမှာပဲ ကွေးကွေးလေး နေနိုင်ပြီး ဒီခန္ဓာကိုယ် ကို မထိန်းချုပ်နိုင်ဘူး။

ကျွန်မဝိညာဉ်ကတော့ ဒီဦးနှောက်နဲ့ ခန္ဓာကိုယ်ကို လုံးဝ လွှမ်းမိုးထားတယ်။ မိတ်ဆက်ပေးပါရစေ။ ကျွန်မ နာမည်က ကျန်းချင် ပါ။ ကျွန်မလည်း ရှေးဟောင်း ကျန်းမင်းဆက်ကပါပဲ။”

ကျန်းချင်က ဆက်ပြောသည်။ “အရှင်ရှမ့်လန်... ရှင် နောက်ဆုံးတော့ ပေါ်လာခဲ့ပြီပေါ့။ ဒါက တကယ့်ကို ဖိနပ်သံချေးတက်အောင် ရှာတာ မတွေ့ခဲ့ပေမဲ့ မထင်မှတ်ဘဲ လွယ်လွယ်ကူကူ တွေ့လိုက်ရတာမျိုးပဲ။”

သို့သော်ငြား ထိုအချိန်၌ ကောင်းကင်ယံတွင် မိုးတိမ်မည်းများ စုစည်းလာခဲ့၏။ လေပြင်းနှင့် နှင်းမုန်တိုင်းများ တိုက်ခတ်လာခဲ့သည်။ ထို့နောက် ကောင်းကင်ယံရှိ မိုးတိမ်မည်းများသည် ကြီးမားသော မျက်နှာကြီး တစ်ခုအဖြစ် စုစည်းသွားခဲ့၏။ မိုင်ပေါင်း ဆယ်ချီ ကျယ်ဝန်းသော မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုအရာသည်ကား ကျန်းလီ၏ မျက်နှာကြီးပင် ဖြစ်၏။

“ငါ့သား... တော်ဝင်ချန်အင်ပါယာရဲ့ အရှင်ရှမ့်လန်... ၂၉ နှစ် ကြာခဲ့ပြီနော်။ မင်းကို ငါ နောက်ဆုံးတော့ ပြန်တွေ့ရပြီပေါ့။”

… … …

ရှမ့်လန်သည် ဖြည်းညင်းစွာ ထထိုင်လိုက်ပြီး ကောင်းကင်ယံရှိ ကြီးမားသော မျက်နှာကြီးကို မော့ကြည့် လိုက်သည်။

ကျူးဟုန်ရွှဲ့သည် လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိလာခဲ့၏။ သူသည် ခေတ္တမျှ ကြောင်ငေးနေပြီးနောက် ရှမ့်လန်ရှိရာဘက်သို့ ဒူးထောက်လိုက်၏။

“ကျုပ် ကျူးဟုန်ရွှဲ့... အရှင့်ကို ဂါရဝပြုပါတယ်။ အသက်ရာကျော် ရှည်ပါစေ၊ အသက်ရာကျော် ရှည်ပါစေ။”

သူ ဤစကားကို ပြောလိုက်ချိန်မှာတော့ တစ်ကိုယ်လုံး တုန်ခါနေခဲ့၏။ မျက်ရည်များ တားဆီးမရအောင် စီးကျလာခဲ့ရသည်။ သူ အလွန် စိတ်လှုပ်ရှားနေသဖြင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ချေ။

ကောင်းကင်ယံရှိ ကျန်းလီ၏ မျက်နှာကြီးသည် တစ်စုံတစ်ခု ပြောချင်သကဲ့သို့ ရှိသော်လည်း ယခုအခါ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။

ကျူးဟုန်ရွှဲ့၏ စိတ်လှုပ်ရှားမှုကို မည်သည့် စကားလုံးဖြင့်မျှ ဖော်ပြ၍ မရနိုင်ပေ။ ကျူးဟုန်ရွှဲ့၏ ခံစားချက် ခရီးစဉ်ကို မည်သည့်စကားလုံးဖြင့်မှ ဖော်ပြ၍ မရနိုင်ပေ။ သူသည် ငယ်ရွယ်ပြီး မာန်မာန ကြီးမားခဲ့၏။ သူသည် သဘာဝလွန်အင်အားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး အခြားသူများထက် အဆင့်အတန်း မြင့်မားသည် ဟု ခံယူထားခဲ့သည်။ လူသားမျိုးနွယ် တစ်ခုလုံးကို အထင်သေးခဲ့၏။

ထို့ကြောင့် သူသည် သွေးဝိညာဉ်တပ်ကို ဦးဆောင်ကာ ပျံ့ရှောင်း၏ တပ်တော်ကို အလွယ်တကူ အနိုင်ယူခဲ့၏။ ထို့နောက် သူသည် သွေးဝိညာဉ်တပ် ၁ သောင်းကို ဦးဆောင်ကာ သဲကန္တာရလူရိုင်းမျိုးနွယ်စုထံ သွားရောက်ပြီး လူတိုင်းနီးပါးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ ရှေးဟောင်း သစ်တောကြီး တစ်ခုလုံးကို မီးရှို့ပစ်ခဲ့သည်။

ထိုတင် မကသေးပေ။ သူသည် သွေးဝိညာဉ်တပ် ၂ သောင်းကို ဦးဆောင်ကာ အနောက်ဘက် ဒေသသို့ သွားရောက်ပြီး မဟာမိတ်တပ် ၁ သန်းကို အနိုင်ယူခဲ့သည်။ သူ၏ လက်ချက်ဖြင့် လူ ၁ သန်းကျော် သေဆုံးခဲ့ရ၏။ သူသည် ထိုအရာကို အမှားဟု မထင်ခဲ့ပေ။ ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ပစ်ခဲ့ခြင်းပင်။

ဤအခြေအနေသည် ထျန်းရွဲ့မြို့တိုက်ပွဲအထိ ကြာမြင့်ခဲ့သည်။ ထိုပွဲတွင် သူ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး သူ၏ အထောက်အထား ပေါ်ပေါက်သွားခဲ့၏။ သူသည် ကျူးကလန်၏သားမဟုတ်ဘဲ ကျန်းလီ၏ အထူး သွေးမျိုးဆက် တစ်ဦး ဖြစ်နေခဲ့သည်။ သူသည် ကျင်းကလန်၏ လက်အောက်ငယ်သား ဖြစ်နေခဲ့၏။

ထိုအချိန်မှစ၍ ကျူးဟုန်ရွှဲ့သည် ဝိညာဉ်မဲ့နေသကဲ့သို့ ဖြစ်သွားခဲ့ရ၏။ သူသည် တွေဝေငေးငိုင်နေပြီး တိုက်ပွဲဝင်ရန် ရည်မှန်းချက် ပျောက်ဆုံးသွားခဲ့သည်။ ဂိုဏ်းချုပ် ကျိုးရှီက သူ့ကို ရှေးဟောင်း အပျက်အစီးများ ရှာဖွေရန် မိုင်တစ်သောင်း မိုင်တစ်သောင်း တော်ဝင်သဲကန္တာရ သို့ ခေါ်ဆောင်သွားခဲ့၏။ သူသည် အိပ်မက် မက်၍ယောင်နေသကဲ့သို့ ခံစားနေခဲ့ရသည်။

လူတစ်ယောက်သည် စိတ်ဓာတ်ကျဆုံးသွားမည်ကို အကြောက်ဆုံး ဖြစ်သည်။ ကျူးဟုန်ရွှဲ့သည် စိတ်ဓာတ် ကျဆုံးသွားပြီး ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်လာခဲ့၏။ ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်လာချိန်မှာတော့ ယခင်က သူ လုပ်ခဲ့သော အရာများသည် စိတ်ထဲတွင် အတွင်းမိစ္ဆာဆိုးများ ဖြစ်လာခဲ့ကြ၏။

ဥပမာအားဖြင့် သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ သစ်တောကို မီးရှို့ခဲ့ခြင်း၊ လူ ၁ သန်းနီးပါးကို သတ်ဖြတ်ခဲ့ခြင်း တို့ဖြစ်သည်။ ဤအရာအားလုံးသည် သူ့ကို အလွန် နာကျင်စေပြီး သေချင်စိတ် ပေါက်စေခဲ့သည်။

နောက်ပိုင်းတွင် ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီး အရှေ့လောက၏ အရှင်သခင် ဖြစ်လာခဲ့သည်။ သို့သော်ငြား ကျူးဟုန်ရွှဲ့၏ စိတ်ဓာတ်သည် ပြန်လည် နိုးကြားလာခြင်း မရှိခဲ့ပေ။ သူသည် တိုက်ပွဲဝင်ရန် ရည်မှန်းချက် ရှာမတွေ့သေးချေ။

ဤအခြေအနေသည် လွန်ခဲ့သော ၂၉ နှစ် အထိ ကြာမြင့်ခဲ့သည်။ မြောက်ဘက်ဝင်ရိုးစွန်း ပြောင်းလဲသွားပြီး လောကကြီး ပျက်စီးသွားခဲ့၏။ ကျူးဟုန်ရွှဲ့ ပြန်လည်နိုးကြားလာသကဲ့သို့ ရှိသည်။ သူသည် ဘဝ ရည်မှန်းချက်ကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ သူ၏ အပြစ်များကို ဆေးကြောရန် လမ်းစကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ လောကကို ကယ်တင်ခြင်းထက် ပိုမို ကြီးမားသော စိတ်ဓာတ်ခွန်အား မရှိတော့ပေ။

သို့သော်ငြား သူနှင့် ကျိုးရှီတို့၏ ကိုယ်ပိုင်အားဖြင့် မဖြစ်နိုင်ကြောင်း ကောင်းစွာ သိထား၏။ ဤလောကသည် ခေါင်းဆောင်တစ်ဦး လိုအပ်ပြီး ဤလောကတွင် ခေါင်းဆောင် တစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ ရှမ့်လန် ဖြစ်ပေသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှမ့်လန် အအောင်မြင်ဆုံးအချိန်၊ တော်ဝင်ရန် အင်ပါယာကို အနိုင်ယူချိန်တွင် ကျူးဟုန်ရွှဲ့သည် ဒူးမထောက်လိုခဲ့ပေ။ သို့သော်ငြား လောကကြီး တစ်ခုလုံး ရန်သူ့ လက်အောက် ကျရောက်သွားချိန်မှာတော့ ကျူးဟုန်ရွှဲ့သည် ရှမ့်လန်ကို မမြင်ဖူးသေးသော်လည်း တွန့်ဆုတ်ခြင်း မရှိဘဲ သစ္စာခံခဲ့၏။

ဤကဲ့သို့သော သစ္စာစောင့်သိမှုသည် နှလုံးသားနှင့် ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ လာခြင်း ဖြစ်သည်။ ဤကဲ့သို့သော သစ္စာစောင့်သိမှုသည် သစ္စာရှိမှုကို ပြသခြင်း သက်သက်မဟုတ်ဘဲ မိမိအသက်ကို ကယ်တင်ရန်နှင့် ဤဘဝ၏ အကြီးမားဆုံး အဓိပ္ပာယ်ကို ရှာဖွေရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ဤ စွဲလမ်းမှုသည် အနှစ် ၂၀ ကျော် ကြာမြင့်ခဲ့သည်။ သူသည် ဆက်လက် တိုက်ခိုက်နေခဲ့သည်။

အင်ပါယာကျန်းလီသည် အလွန် အစွမ်းထက်ပြီး ကောင်းကင်ပင်လယ်နန်းဆောင်သည် အလွန် အားနည်းနေသော်လည်း ကျူးဟုန်ရွှဲ့သည် ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ပေ။ မီးထဲသို့ တိုးဝင်သော ပိုးဖလံ ဖြစ်နေပါစေ၊ သစ်ပင်ကို လှုပ်ယမ်းရန် ကြိုးစားသော ပုရွက်ဆိတ် ဖြစ်နေပါစေ၊ သူ ဘယ်တုန်းကမှ တိုက်ပွဲဝင်ခြင်းကို မရပ်တန့်ခဲ့ပေ။

တိုက်ခိုက်လေ နာကျင်လေ ဖြစ်ပြီး မကျေနပ်ချက်များ ပြည့်နှက်နေခဲ့ရသည်။ သူ၏ သိုင်းပညာသည် ထင်ရှားစွာ အစွမ်းထက်နေသော်လည်း ရှေးဟောင်းလူသားများ ရှေ့တွင် အဘယ်ကြောင့် ဤမျှ ထိန်းချုပ် ခံနေရသနည်း။ တဖက်လူများသည် ယဉ်ကျေးမှုဆိုင်ရာ တိုက်ခိုက်မှု တစ်မျိုး ဖြစ်နေသကဲ့သို့ပင်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

နှစ်ပေါင်း ၃၀ နီးပါး စွဲလမ်းမှုသည် သူ၏သစ္စာရှိမှုကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ ရှမ့်လန် ရောက်လာမည်ဟု မျှော်လင့်တောင့်တမှုသည်လည်း အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ ယခုအခါ ရှမ့်လန်ကို ပြန်တွေ့ရခြင်းသည် သူ၏စိတ်ဝိညာဉ်အတွက် နျူကလီးယား ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်သွားသကဲ့သို့ပင်။

ထို့ကြောင့် သူသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ မထနိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။

… … …

“မင်းတို့ သခင်နဲ့ ကျွန် တွေ့ဆုံပွဲ ပြီးလောက်ပြီ ထင်တယ်။ ငါ စပြောတော့မယ်။”

ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်မင်းကြီး ရှမ့်လန်... မတွေ့ရတာ ၂၉ နှစ် ရှိပြီနော်... တကယ်တော့ ငါ ဘယ်က စပြောရမလဲ မသိဘူး ဖြစ်နေတယ်။”

ကျန်းလီ အတွက်မူ အမှန်တကယ်ပင် ၂၉ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်အတွက်မူ ထာဝရ ကာလတစ်ခု ကုန်ဆုံးသွားသကဲ့သို့ ရှိသော်လည်း ရက်အနည်းငယ်သာ ကြာမြင့်သကဲ့သို့လည်း ခံစားရသည်။

“ဘယ်က စပြောရမလဲ။”

ကျန်းလီ သက်ပြင်းချလိုက်၏။ “ဟုတ်ပြီ။ ဒီလောကကြီးရဲ့ ကြီးမားတဲ့ ပျက်သုဉ်းခြင်း ဘေးအန္တရာယ်ရဲ့ အရင်းအမြစ်ကို မင်း သိလား။”

ရှမ့်လန်က ဖြေလိုက်သည်။ “ကျုပ် မသိဘူး။ နေနဲ့ ဆိုင်လား။”

All Chapters