အခန်း (၁၃၁၉-၁၃၂၀)
Vol. 75 Ch. 1319-1320
အပိုင်း (၁၃၁၉)
ကျန်းလီက ပြောလိုက်၏။ “မင်းက တော်တော် ဉာဏ်ကောင်းတာပဲ။ မှတ်တမ်းတစ်ခုမှ မမြင်ဖူးဘဲနဲ့ ချက်ချင်း ခန့်မှန်းနိုင်တယ်။”
ရှမ့်လန်လည်း မကြာသေးမီကမှ ခန့်မှန်းမိခြင်း ဖြစ်သည်။ ကြီးမားသော ပျက်သုဉ်းခြင်း ဘေးအန္တရာယ် အတွက် အကြောင်းပြချက်ပေါင်းများစွာ သူ တွေးတောခဲ့ဖူးသည်။ ဥပမာအားဖြင့် နဂါးနောင်တ ဗုံးကြဲမှုကြောင့် ကြီးမားသော ပျက်စီးမှု ဖြစ်ပေါ်လာခြင်းဟူသည်မျိုးပင်။
ဤသည်မှာ ခေတ်သစ်ကမ္ဘာမြေတွင် ရေပန်းအစားဆုံး သီအိုရီများထဲမှ တစ်ခု ဖြစ်သည်၊ နျူကလီးယား စစ်ပွဲသည် ကမ္ဘာပျက်ကပ်ကို ဖြစ်စေနိုင်သည် ဟူ၍ပင်။ သို့သော်ငြား နဂါးနောင်တနှင့် ပိုမို နက်ရှိုင်းစွာ ထိတွေ့ပြီးနောက် ရှမ့်လန် ဤအချက်ကို လုံးဝ ငြင်းပယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးနောင်တ တစ်လုံး၏ ပေါက်ကွဲမှု အချင်းဝက်သည် ၃.၅ ကီလိုမီတာခန့်သာ ရှိပြီး နျူကလီးယား ရောင်ခြည်သင့်ခြင်း မရှိသောကြောင့်ပင်။
ထို့အပြင် ဤလောကကြီးသည် အလွန် ကြီးမားလှသည်။ အရှေ့လောက တစ်ခုတည်းပင် စတုရန်းကီလိုမီတာ ၁၇ သန်း ရှိပြီး လောကတစ်ခုလုံး၏ ကုန်းမြေဧရိယာသည် သန်း ၃၀၀ စတုရန်းကီလိုမီတာကျော် ရှိသည်။ ဤလောကကြီးကို ဖျက်ဆီးရန် နဂါးနောင်တ အလုံးပေါင်း အနည်းဆုံး သန်း ၁၀၀ လိုအပ်မည် ဖြစ်ရာ ဤသည်မှာ မဖြစ်နိုင်ပေ။
သေချာသည်မှာ ဧရာမနဂါးကြီးများ လောကကို ဖျက်ဆီးသည်ဟုလည်း တွေးတောခဲ့ဖူးသော်လည်း ရှေးဟောင်းလောကတွင်၊ အရှေ့တိုင်းအင်ပါယာနှင့် ပျောက်ဆုံးသွားသော အင်ပါယာတို့၏ စစ်ပွဲတွင် ဧရာမနဂါးကြီးများကို လုံးဝ အသုံးမပြုခဲ့ကြပေ။
မကြာသေးမီက ရှမ့်လန်သည် မြေပြင်ပေါ်ရှိ အမိုးခုံးမြို့တော်ကို မြင်တွေ့ခဲ့ရပြီးနောက် တောင်ဘက်ပင်လယ် ရှေးဟောင်း အပျက်အစီးများထဲမှ အမိုးခုံးမြို့တော်ကို ပြန်လည်သတိရမိကာ ရှေးဟောင်း အင်ပါယာ၏ အဆောက်အအုံ အားလုံးတွင် အဘယ်ကြောင့် အမိုးခုံးများ ပါရှိရသနည်းဟု တွေးတောမိခဲ့သည်။
သူတို့ ဘာကို ဖုံးကွယ်ဖို့ ကြိုးစားနေကြသနည်း။ ထို့ကြောင့် ရှမ့်လန်သည် အလိုအလျောက်ပင် နေကို သတိရလိုက်မိခြင်း ဖြစ်၏။
ကျန်းလီက ပြောလိုက်သည်။ “ရှမ့်လန်... မင်းရဲ့ ကမ္ဘာမြေကြီးက အသက် ဘယ်လောက်ရှိပြီလဲ၊ မင်းရဲ့ နေက အသက် ဘယ်လောက်ရှိပြီလဲ။”
ရှမ့်လန်က ဖြေ၏။ “ကမ္ဘာမြေကြီးက နှစ်သန်းပေါင်း ၄၅၅၀ လောက် ရှိပြီ၊ နေကတော့ နှစ်သန်းပေါင်း ၄၅၇၀ ရှိပြီ။”
ကျန်းလီက ဆိုသည်။ “လှပတဲ့ အချိန်ကာလလေးပါပဲ။ မင်းရဲ့ ကမ္ဘာမြေကြီးက အကောင်းဆုံးအချိန်မှာ ရှိနေတာပဲ။”
စကြဝဠာအကြောင်း နားမလည်သူများသည် ကျန်းလီ၏ စကားကို နားလည်မည် မဟုတ်ပေ။ ကမ္ဘာသူကမ္ဘာသားများသည် ကမ္ဘာမြေကြီးမှ ထူးခြားသည်ဟု အမြဲ ထင်မှတ်ကြပြီး သူတို့၏ တည်ရှိမှုသည် ကောင်းကင်ဘုံမှ ရွေးချယ်ထားခြင်း ဖြစ်သည်ဟု ထင်မှတ်ကြသည်။ သို့သော်ငြား သူတို့ မစဉ်းစားမိသည်မှာ သူတို့သည် ကမ္ဘာမြေကြီး၏ လှပသော အချိန်ကာလ တစ်ခုတွင် တိုက်ဆိုင်စွာ ရှိနေခြင်းသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
အင်္ဂါဂြိုဟ်သည် ကမ္ဘာမြေကြီးနှင့် ကပ်လျက်တွင် ရှိပြီး ပတ်ဝန်းကျင် အနေအထားသည် ကမ္ဘာမြေကြီးနှင့် ထပ်တူနီးပါး တူညီသော်လည်း အနည်းငယ် သေးငယ်သည်။ သို့သော်ငြား အနည်းငယ် သေးငယ်သောကြောင့် ၎င်း၏ ဗဟိုချက်သည် စောစီးစွာ အေးခဲသွားပြီး သက်ရှိများ စောစီးစွာ သေဆုံးသွားခဲ့၏။
ထို့ကြောင့် လွန်ခဲ့သော ကာလကြာရှည်က အင်္ဂါဂြိုဟ်သည် ကမ္ဘာမြေကြီးကဲ့သို့ပင် တောင်များ၊ ရေများနှင့် ပြည့်နှက်နေခဲ့သည်။ လတ်ဆတ်သော လေထု၊ သင့်တင့်မျှတသော အပူချိန် ရှိခဲ့ပြီး သက်ရှိများ ရှိနေနိုင်ခြေ အလွန် များပြားခဲ့သည်။
ကမ္ဘာမြေကြီးနှင့် အလွန်နီးကပ်နေသဖြင့် အရွယ်အစား အတူတူလောက် ဖြစ်သင့်သည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ၎င်း စတင်ဖြစ်ပေါ်လာချိန်တွင် ကြာသပတေးဂြိုဟ်သည် ဤဧရိယာကို ဖြတ်သန်းသွားပြီး မြေလွှာကျောက်တုံး အများစုကို ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် အင်္ဂါဂြိုဟ်၏ အချင်းဝက်သည် ကမ္ဘာမြေကြီး၏ ထက်ဝက်ခန့်သာ ရှိတော့၏။
ကျန်းလီက ဆက်ပြောသည်။ “ဒါပေမဲ့ ငါတို့ကမ္ဘာရဲ့ နေက မကြာခင် သေဆုံးတော့မယ်။ ငါတို့ရဲ့ နေက သူ့ဘဝရဲ့ နောက်ဆုံး အဆင့်ကို ရောက်နေပြီ။”
ရှမ့်လန် တိတ်ဆိတ်သွားခဲ့ရ၏။ သူသည် ခေါင်းကို မော့ကာ နေကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ အပြောင်းအလဲများ အလွန် သေးငယ်ပြီး မပြောပလောက်သော်လည်း နေသည် အနည်းငယ် ပိုကြီးလာ သကဲ့သို့ ရှမ့်လန် ဝိုးတဝါး ခံစားမိလိုက်သည်။ အနည်းငယ် ပိုနီလာသည်လား။ သေချာသည်မှာ ထိုအရာက ထင်ယောင်ထင်မှား ဖြစ်နိုင်သည်။ နှစ် ၃၀ ဆိုသည်မှာ နေတစ်စင်း အတွက် အလွန် တိုတောင်းလွန်းလှ၏။
ကျန်းလီက ပြောလိုက်သည်။ “တခြားသူတွေ နားမလည်ပေမဲ့ မင်းကတော့ သေချာပေါက် နားလည်မှာပါ။ အဘိုးအို တစ်ယောက်အတွက် သူ့ရဲ့ သေဆုံးခြင်းက တိတ်ဆိတ်ငြိမ်သက်နေနိုင်တယ်။ ဖယောင်းတိုင် မီးလျှံလေး သေးငယ်သွားပြီး ရုတ်တရက် လေတိုက်လို့ ငြိမ်းသွားသလိုမျိုးပေါ့။ ဒါပေမဲ့ နေတစ်စင်း အတွက်တော့ သူ့ရဲ့ သေဆုံးခြင်းက အရမ်း ကြောက်စရာကောင်းပြီး ကြမ်းတမ်းတယ်။”
နေတစ်စင်း သေဆုံးတော့မည့် အချိန်တွင် ကျုံ့သွားခြင်း မရှိဘဲ ပွလာတတ်သည်။ အဆပေါင်း တစ်ရာကျော် ပွလာတတ်၏။ ဆိုလိုသည်မှာ နေအဖွဲ့အစည်း၏ နေသေဆုံးချိန်တွင် ကမ္ဘာမြေကြီးကို တိုက်ရိုက် ဝါးမြိုပစ်လိုက်မည် ဖြစ်သည်။ ထို့အပြင် နေတစ်စင်း သေဆုံးတော့မည့်အချိန်တွင် ဟိုက်ဒရိုဂျင်သည် ဟီလီယမ် အဖြစ် ပြောင်းလဲသွားပြီး အပူချိန်သည် ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလာတတ်၏။
ကျန်းလီက ပြောလိုက်သည်။ “ဒါပေါ့။ ငါတို့ကမ္ဘာရဲ့နေက သေဆုံးဖို့ အချိန် အများကြီး၊ အများကြီး လိုပါသေးတယ်။ သူက ဆုတ်ယုတ်တဲ့ ကာလကို အခုမှ စဝင်တာပါ။ ဒါပေမဲ့ ငါတို့ ကမ္ဘာအတွက်တော့ ဒါက ဘေးအန္တရာယ် တစ်ခု ဖြစ်နေပြီ။ ဆုတ်ယုတ်တဲ့ ကာလကို ဝင်ရောက်လာတဲ့၊ သေဆုံးတော့မဲ့ နေတစ်စင်းဟာ မကြာခဏ လက်ခနဲ ဖြစ်တာတွေ၊ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်တယ်။ သူ ပြောင်းလဲတဲ့အခါ ငါတို့ ကမ္ဘာက ဘာဖြစ်သွားမလဲ။”
စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ မည်သူမှ မသိရှိနိုင်ပေ။
“အံ့ဩစရာပဲ၊ အံ့ဩစရာပဲ။ လောကမြေပေါ်မှာ နေပြောက်တွေ ထွက်ပေါ်လာတဲ့ ကာလတွေ မကြာခဏ ရှိတတ်တယ်။ အဲဒီအချိန်ကျရင် လောကမြေပေါ်မှာ အတော်လေး သက်ရောက်မှု ကြီးမားတတ်တယ်။ နည်းပညာ မြင့်မားလေ သက်ရောက်မှု ပိုကြီးလေပဲ။ ဘာလို့လဲဆိုတော့ အဓိက သံလိုက်စက်ကွင်းကို ထိခိုက်စေလို့ လျှပ်စစ်ပစ္စည်း အမျိုးအစား အားလုံးကို ပိုပြီး ထိခိုက်စေတာပေါ့။
သေဆုံးဖို့ အချိန် အများကြီး၊ အများကြီး လိုသေးပေမဲ့ နေက သေဆုံးခြင်း ကာလကို စတင် ဝင်ရောက်နေပြီ။ စက်ဝန်းတစ်ခုတိုင်းမှာ တုန်လှုပ်စရာကောင်းတဲ့ အပြောင်းအလဲ တစ်ခု ရှိလိမ့်မယ်။ အဲဒီအချိန်ကျရင် တုန်လှုပ်စရာကောင်းတဲ့ နေမုန်တိုင်းနဲ့ နေရဲ့ တုန်လှုပ်စရာကောင်းတဲ့ တုံ့ပြန်မှုတွေ ရှိလာပြီး ဒီကမ္ဘာပေါ်က အရာအားလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်လိမ့်မယ်။
ရှေးဟောင်းခေတ် မဟာပျက်သုဉ်းခြင်းကြီးကို ဘယ်လို ဖော်ပြမလဲ။ ဘယ်သူမှ မသိဘူး။ ဘယ်သူမှ မသိဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ အရင်က မမြင်ဖူးကြလို့လေ။ မြင်ဖူးတဲ့သူတွေ အားလုံး သေကုန်ကြပြီ။ ဒါပေမဲ့ ငါ မင်းကို ပြောပြနိုင်တယ်။ ဂြိုဟ်ကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားပြီး စုတ်ပြတ်သတ်သွား လိမ့်မယ်။ အရာအားလုံးနီးပါး တစ်ခဏချင်း ပြာကျသွားလိမ့်မယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေ ပြာမှုန့် ဖြစ်သွားလိမ့်မယ်။ အဲဒီ ရောင်ခြည်သင့်တဲ့ တစ်ခဏလေးက လူသန်းပေါင်းရာချီကို ချက်ချင်း သေစေနိုင်တယ်။
ဒါပေါ့။ မသေခင် နေရဲ့ ရုန်းကန်လှုပ်ရှားမှုက တစ်ခဏလေးပါပဲ။ ဒါပေမဲ့ ပြီးသွားတဲ့အခါ ဂြိုဟ်တစ်ခုလုံးရဲ့ ရာသီဥတုအပေါ် သေစေနိုင်တဲ့ သက်ရောက်မှု ရှိလိမ့်မယ်။ ဂေဟစနစ် ပြန်လည် နာလန်ထူဖို့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာလိမ့်မယ်။”
နေမင်းကြီး သေဆုံးခြင်း စက်ဝန်းထဲသို့ ဝင်ရောက်ပြီးနောက် ဖြစ်ပေါ်လာမည့် ရုန်းကန်လှုပ်ရှားမှုများကို ရှမ့်လန် စိတ်ကူးကြည့်နိုင်သည်။ မည်မျှရက်စက်ပြီး ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။ ကမ္ဘာမြေဂြိုဟ်ပြာ ပေါ်တွင် ဤကဲ့သို့သော သုတေသနနှင့် ပတ်သက်သည့် သီအိုရီများစွာ ရှိနှင့်ပြီး ဖြစ်သည်။
သို့သော်ငြား ဤအရာအားလုံးသည် သီအိုရီများသာ ဖြစ်သည်။ မည်သူမှ ကိုယ်တိုင် မကြုံဖူးကြပေ။ သိပ္ပံနည်းကျ ခန့်မှန်းချက်သာ ဖြစ်နိုင်၏။ တယ်လီစကုပ်မှတဆင့် နေတစ်စင်း ပျက်စီးသွားသည်ကို မြင်ရလျှင်ပင် အလင်းနှစ်ပေါင်း မရေမတွက်နိုင်အောင် ဝေးကွာနေပေလိမ့်မည်။
ယခုအခါ ကျန်းလီက သူ့ကို အရာအားလုံး ပြောပြလိုက်ပြီ ဖြစ်သည်။
“ဒီခံစားချက်က နေမင်းကြီး မသေခင် နှာချေလိုက်သလိုမျိုးပဲ။ ပြီးတော့ ငါတို့ ဂြိုဟ်တစ်ခုလုံးပေါ်က သက်ရှိ ၉၉% ပျက်စီးသွားခဲ့တယ်။ ပိုကြောက်စရာကောင်းတာက သက်ရှိတစ်ခုက ပိုစွမ်းအားကြီးလေ၊ ပိုအဆင့်မြင့်လေ သေဆုံးဖို့ ပိုလွယ်ကူလေပဲ။”
ရှမ့်လန်သည် ဒိုင်နိုဆောများ မျိုးသုဉ်းသွားခြင်းကို တစ်ဖန် ပြန်လည် တွေးတောမိလိုက်သည်။ ဂျူရာဆစ် ခေတ်ကာလတွင် ဥက္ကာခဲတစ်ခု ကမ္ဘာကို ဝင်တိုက်ခဲ့ပြီး ဒိုင်နိုဆောများ မျိုးသုဉ်းသွားခဲ့သည်။ သို့သော်ငြား ဒိုင်နိုဆောများထက် များစွာ အားနည်းသောသက်ရှိများ အသက်ရှင်ကျန်ရစ်ခဲ့၏။
ကျန်းလီက ဆက်ပြောသည်။ “ဒါကြောင့် လောကကြီးကို ကယ်တင်ဖို့ ဒီနည်းလမ်းကို ငါ့ရဲ့ဉာဏ်ပညာ အကုန်သုံးပြီး စဉ်းစားခဲ့တာ။ ငါ့ဝိညာဉ်ကို ထုတ်ယူတယ်။ ငရဲသလင်းကျောက်တွေနဲ့ ကာကွယ်တယ်။ ပြီးတော့ ဒီဂြိုဟ်ကနေ လုံးဝ ထွက်ခွာဖို့ အာကာသယာဉ် တစ်စင်းနဲ့ လွှတ်လိုက်တယ်။ ဒါက နေရဲ့ သေဆုံးခြင်း စက်ဝန်း မတိုင်ခင် ရုန်းကန်လှုပ်ရှားမှုကို ရှောင်ရှားဖို့လေ။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် အခု ခင်ဗျား ဘာလုပ်နေတာလဲ။ အမိုးခုံးမြို့တော် ၁၉၉ ခု တည်ဆောက်ပြီး လောကအူတိုင်ထဲကို ထောက်လှမ်းရေးကိရိယာတွေ မရေမတွက်နိုင်အောင် ထိုးသွင်းထားတယ်။ စွမ်းအင်နဲ့ ဒြပ်ထုတွေကို ရူးသွပ်မတတ် စုပ်ယူနေတယ်။”
ကျန်းလီက ပြောလိုက်သည်။ “မင်း မြင်တဲ့အတိုင်းပဲ။ စွမ်းအင်နဲ့ ဒြပ်ထုတွေကို စုပ်ယူနေတာ။”
ရှမ့်လန်က မေးလိုက်၏။ “စွမ်းအင်နဲ့ ဒြပ်ထုတွေ အများကြီး စုပ်ယူပြီး ဘာလုပ်ဖို့ စီစဉ်ထားတာလဲ။”
ကျန်းလီက ပြောလိုက်သည်။ “ငါတို့က မကြုံစဖူး အာကာသယာဉ်ကြီး တစ်စင်း တည်ဆောက်မယ်။ ပြီးရင် လူသိန်းချီ ခေါ်ပြီး ဒီဂြိုဟ်ကနေ လုံးဝ ထွက်ခွာသွားမယ်။ ဒီဂလက်ဆီကနေ ထွက်ခွာပြီး သက်ရှိတွေ ပြည့်နှက်နေတဲ့ တခြား ဂလက်ဆီတစ်ခုကို ရှာဖွေမယ်။ ငါတို့ အဲဒီမှာ နေထိုင်မယ်။ အေးအေးချမ်းချမ်း အလုပ်လုပ်မယ်။ ငါတို့ရဲ့ ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်။
ပြီးတော့ ငါတို့ရဲ့ နောက်ဆုံး ရည်မှန်းချက်က နေကို လုံးဝ ဖျက်ဆီးပစ်ဖို့နဲ့ ကြီးမားတဲ့ ပျက်သုဉ်းခြင်း စက်ဝန်းကို လုံးဝ ရှောင်ရှားဖို့ပဲ။ နေက ငါတို့ရဲ့ ဖခင်ပဲ။ သူက ငါတို့ကို အသက်ပေးတယ်။ ဒါပေမဲ့ သားတစ်ယောက် အနေနဲ့ တစ်နေ့ကျရင် ငါတို့ ဖခင်ရဲ့အာဏာကို စိန်ခေါ်ပြီး နောက်ဆုံးမှာ အနိုင်ယူရမယ် မဟုတ်လား။ ဟုတ်တယ်။ ငါတို့က နေကို အနိုင်ယူရမယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “အဖေ... ခင်ဗျား ဒီလိုမျိုး စွမ်းအင်တွေ ဆက်စုပ်ယူနေရင် ဒီဂြိုဟ်က နှစ် ၁၀၀ မပြည့်ခင် သေဆုံးသွားလိမ့်မယ်။”
ကျန်းလီက ပြောလိုက်၏။ “ငါ့သားရေ... ကံမကောင်းစွာပဲ နောက်ထပ် အနှစ် ၉၀ ကြာရင် နေမင်းကြီးက မသေခင် နောက်ထပ် ရုန်းကန်လှုပ်ရှားမှု တစ်ခု ကြုံတွေ့ရလိမ့်မယ်။ ဒီ ရုန်းကန်လှုပ်ရှားမှုက ပြီးခဲ့တဲ့ တစ်ခေါက်ထက် ပိုတောင် ကြောက်စရာကောင်းအုံးမယ်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သက်ရှိ ၉၉% ပဲ ပျက်စီးခဲ့တာ၊ ဒီတစ်ခေါက်တော့ ၁၀၀% ပျက်စီးသွားလိမ့်မယ်။”
ရှမ့်လန် မယုံနိုင်စွာဖြင့် တုန်လှုပ်သွားရသည်။ ဆိုလိုသည်မှာ လောကကြီး တစ်ခုလုံး၏ ကြီးမားသော ပျက်သုဉ်းခြင်း ဘေးအန္တရာယ် ထပ်မံ ကျရောက်တော့မည် ဟူ၍လား။ အနှစ် ၉၀ ကြာလျှင် ကမ္ဘာပျက်ကပ် ထပ်မံ ရောက်ရှိလာတော့မည်လား။ နေမင်းကြီး၏ နောက်ထပ် ရုန်းကန်လှုပ်ရှားမှု တစ်ခု ကြုံတွေ့ရတော့မည်လား။
ကျန်းလီက ပြောလိုက်သည်။ “ဒါကြောင့် ငါ အချိန်နဲ့အမျှ ပြိုင်ဆိုင်နေရတာ။ မကြုံစဖူး အာကာသယာဉ်ကြီး တစ်စင်း တည်ဆောက်ပြီး ငါတို့ ယဉ်ကျေးမှုကို ဒီဂြိုဟ်ကနေ ခေါ်ထုတ်သွားရမယ်။
ဒါပေါ့။ ပိုကောင်းတဲ့ ရလဒ်တစ်ခု ရှိသေးတယ်။ အဲဒါက ငါတို့ ဒီဂြိုဟ်ပေါ်မှာ ဆက်နေလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ ဘယ်လို ဘေးအန္တရာယ်မျိုးကိုမှ ကြောက်စရာ မလိုတော့ဘူး။ နေမင်းကြီး ပြောင်းလဲသွားရင်တောင်၊ ဒီဂြိုဟ်ကြီး သေဆုံးသွားရင်တောင် ငါတို့ ဆက်လက် အသက်ရှင်နိုင်မယ်။ အဲဒီအချိန်ကျရင် ငါတို့ ထာဝရ အသက်ရှင်ခြင်းကို ရရှိလိမ့်မယ်။”
ရှမ့်လန်က မေးလိုက်သည်။ “အကောင်းဆုံးရလဒ် မဖြစ်လာရင် ဒီအာကာသယာဉ်ကို ဘယ်ခေါ်သွားဖို့ စီစဉ်ထားလဲ။ ဘယ်ဂြိုဟ်ကိုလဲ။”
ကျန်းလီ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ “မင်း သိပါတယ်။ ငါတို့သိတဲ့ စကြဝဠာထဲမှာ သက်ရှိ ရှိတဲ့ ဂြိုဟ်တစ်လုံးပဲ ရှိတယ်။ ဒါပေါ့ .... အရေးကြီးဆုံးက အဲဒီ စကြဝဠာပတ်လမ်းရဲ့ နေက နှစ်သန်းပေါင်း ၄၅၇၀ ပဲ ရှိသေးတယ်။ ငြိမ်းချမ်းတဲ့ နှစ်သန်းပေါင်း အများကြီး ကျန်သေးတယ်။”
ဤအဖြေသည် ရှမ့်လန်၏ဆံပင်များကို ထောင်မတ်သွားစေခဲ့သည်။ ဆိုလိုသည်မှာ သူသာ ကျန်းလီကို မတားဆီးလျှင် ဤဂြိုဟ်ပေါ်ရှိ လူတိုင်းသေဆုံးရမည့်အပြင် ကမ္ဘာမြေဂြိုဟ်ပြာလည်း ပျက်စီးသွားလိမ့်မည်။
ကျန်းလီက ပြောလိုက်သည်။ “ငါ့သားရေ... မူလက ငါ မင်းကို ဒီအကြောင်း မပြောချင်ခဲ့ဘူး။ ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီ။ လွန်ခဲ့တဲ့ ၂၉ နှစ်က မင်း သေဆုံးသင့်ပေမဲ့ မသေခဲ့ဘူး။ ငါ့ရဲ့ အမျှော်မြင် အရှိဆုံး ဆရာသခင်၊ ရှေးဟောင်းလောကက ဆရာကြီးတစ်ယောက်၊ သူက ဒီလောကကြီးကို ကယ်တင်ဖို့ မင်းကို ရွေးချယ်လိုက်ပုံ ရတယ်။”
‘ဆရာကြီး ဟုတ်လား။ ဘယ်ဆရာကြီးလဲ။’
ကျန်းလီက ပြောလိုက်၏။ “ရှေးဟောင်း ထောင်ထဲက ပဉ္စမမြောက် အကျဉ်းသားလေ..။ သူက ငါ့ရဲ့ စစ်မှန်တဲ့ ဆရာသခင်ပဲ။ ငါ့ဉာဏ်ပညာ အများစုကို သူ သင်ပေးခဲ့တာ။ ငါ့ရဲ့ အဆင့်မြင့် နဂါးဉာဏ်အလင်းကိုလည်း သူ ပေးသနားခဲ့တာ။”
ရှမ့်လန် ကြောင်အသွားရသည်။ ‘ဒါဆို ရှေးဟောင်း ထောင်ထဲက ပဉ္စမမြောက် အကျဉ်းသားက ရှေးဟောင်း ဆရာကြီး ဖြစ်နေတာလား။’
ကျန်းလီက ဆက်ပြောလိုက်၏။ “လွန်ခဲ့တဲ့ ၂၉ နှစ်က မြောက်ဘက်ဝင်ရိုးစွန်းမှာ မင်းကို ဘယ်သူ ကယ်တင်ခဲ့လဲ ဆိုတာ မင်း မသိသေးဘူး ထင်တယ်။ ရှေးဟောင်း ထောင်ထဲက ဒုတိယ၊ တတိယ နဲ့ စတုတ္ထ အကျဉ်းသားတွေပဲ။ ဒုတိယက အမှောင်ဘုရင်မ၊ တတိယက ဗုဒ္ဓအရှင်သခင်လို့ လူသိများတဲ့ ရှေးဟောင်း ဉာဏ်ပညာဘုရင်၊ စတုတ္ထက နဂါးအမေပဲ။ ပထမဆုံး ဧရာမနဂါးကြီးကို ဘာမှမရှိရာကနေ ပျိုးထောင် ပေးခဲ့တာ သူပဲ။”
ရှမ့်လန် လုံးဝ တုန်လှုပ်သွားရသည်။
‘သုည အဖွဲ့အစည်း ဆိုတာ အမှောင်ဘုရင်မ၊ ရှေးဟောင်း ဉာဏ်ပညာ ဘုရင်နဲ့ နဂါးအမေတို့ ဖြစ်နေတာလား။ သူ့ရဲ့ ဒီခန္ဓာကိုယ်ကိုလည်း သူတို့ ပျိုးထောင်ပေးခဲ့တာလား။’
ဤအချိန်တွင် ရှမ့်လန် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ခံစားမိလာသည်။ ဟုတ်ပေသည်။ ဤခန္ဓာကိုယ်က ဤခန္ဓာကိုယ်ပင် ဖြစ်သည်။ သို့သော်ငြား နိဗ္ဗာန ပြောင်းလဲခြင်းတစ်ခုကို ခံယူလိုက်ရသလိုမျိုး နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် သန်မာပြီး ပြီးပြည့်စုံသွားခဲ့၏။
သူ့ကို ၂၉ နှစ် ကြာအောင် အချိန်ယူခဲ့ရခြင်းမှာ မထူးဆန်းတော့ချေ။ ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးဖို့ သတ်သတ်ဆိုလျှင် ထိပ်တန်း စွမ်းအင်ခန္ဓာကိုယ် ဖြစ်နေလျှင်တောင် သုည အဖွဲ့အစည်း အတွက် ရက်အနည်းငယ်ပဲ ကြာမြင့်ပေမည်။ သို့ပေမည့် ရှမ့်လန်၏ ရုပ်ကြွင်း အခြေခံအုတ်မြစ်ကို အဆင့်မြှင့်တင်ဖို့ ဆိုသည်မှာ အလွန် ခက်ခဲ၏။ ထို့ကြောင့် စုစုပေါင်း ၂၉ နှစ် ကြာမြင့်ခဲ့ခြင်းဖြစ်သည်။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီလူတွေကို ငါ့ဆရာတွေလို့ သတ်မှတ်လို့ ရတယ်။ ဒါပေမဲ့ အဆင့်မြင့် နဂါးဉာဏ်အလင်းကို ပြီးမြောက်ပြီး ဘုရင်မမီဒူဆာရဲ့ စိတ်စွမ်းအားကို ရရှိပြီးတဲ့နောက်မှာ ငါ သူတို့ကို ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ် ပြောင်းလဲပစ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်က ငါနဲ့ မတူလို့လေ။ သူတို့က ဒီဂြိုဟ်ကို သံယောဇဉ် တွယ်နေတုန်းပဲ၊ အရမ်း ခေတ်နောက်ကျလွန်းတယ်။ ဒါကြောင့် ငါ သူတို့ကို ထောင်ချထားခဲ့ရတာ၊ ဒါပေမဲ့ သူတို့ လွတ်မြောက်သွားပြီး မင်းကို ရွေးချယ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”
အပိုင်း (၁၃၂၀)
ဤစကားတစ်ခွန်းထဲတွင် ပါဝင်တဲ့ သတင်းအချက်အလက် ပမာဏက ပိုပြီး ကြီးမားနေသည်။ ဤအရာက ဘာသဘောနည်း။ ရှမ့်လန် ဤကမ္ဘာကို ကူးပြောင်းရောက်ရခြင်းက တိုက်ဆိုင်မှု မဟုတ်ဟု ဆိုလိုသည်လား။
ကျန်းလီက ပြောလိုက်သည်။ “ငါ့ရဲ့ဆရာကြီးက ဒီလောကမှာ အမျှော်အမြင်အရှိဆုံး လူသားပဲ။ ဆရာကြီး တစ်ယောက်အနေနဲ့ သူက ဖြစ်ပျက်တော့မယ့် အရာအားလုံးကို ကြိုမြင်သင့်တယ်။ ငါ သူ့ကို ကျောက်ဖြစ် ရုပ်ကြွင်းအဖြစ် ပြောင်းလဲပစ်မဲ့ကိစ္စ အပါအဝင်ပေါ့။
ဒါပေမဲ့ သူ မင်းကို ရွေးချယ်ခဲ့တယ်။ ကယ်တင်ခြင်း လမ်းကြောင်းကို မင်းတစ်ယောက်တည်းပဲ လျှောက်လှမ်းနိုင်မယ်လို့ သူ ထင်နေတာလား။”
ကျန်းလီ သက်ပြင်းရှည် တစ်ချက် ချလိုက်၏။ “ငါ့ဆုံးဖြတ်ချက်ကို ဘယ်သူမှ ပြောင်းလဲလို့ မရဘူး။ ငါ့လမ်းကြောင်းက သေချာပေါက် မှန်ကန်တယ်လို့ ငါ ခံစားရတယ်။ ဒါပေမဲ့ သူတို့က မင်းကို ရွေးချယ်လိုက်ပြီ ဆိုတော့ ငါတို့သားအဖကြားက ပဋိပက္ခက ပြောင်းလဲသွားပြီ။ ငါ့မှာ ငါ့ရဲ့ ကယ်တင်ခြင်းလမ်းကြောင်း ရှိတယ်။ မင်းမှာ မင်းရဲ့ ကယ်တင်ခြင်း လမ်းကြောင်း ရှိတယ်။”
‘ဟမ်’
ရှမ့်လန်မှာ တိကျသည့် ကယ်တင်ခြင်း လမ်းကြောင်း ရှိသည်လား။ သူ့မှာ ကြီးမားတဲ့ မဟာဗျူဟာ ရှိသည်လား။ အနည်းဆုံး အခုချိန်ထိတော့ မရှိသေးချေ။ ဤခေါင်းစဉ်သည် အလွန်ပင် ကျယ်ပြန့်လွန်းလှသည်။ ကမ္ဘာကြီး ရင်ဆိုင်နေရသော မဟာပျက်သုန်းခြင်း၏ အကြောင်းရင်းမှန်ကို ရှမ့်လန် ယခုမှသာ သိရှိလိုက်ရခြင်း ဖြစ်သည်။
ထို့အပြင် နောက်ထပ် နှစ်ပေါင်း (၉၀) ကြာလျှင် နေမင်းကြီး မချုပ်ငြိမ်းမီ အကြီးအကျယ် ပြောင်းလဲမှုတစ်ခု ထပ်မံဖြစ်ပေါ်ပြီး ဂြိုဟ်ကြီးတစ်ခုလုံးရှိ သက်ရှိအားလုံးကို အကြွင်းမဲ့ ဖျက်ဆီးပစ်မည့် ဘေးဒုက္ခနှင့် ရင်ဆိုင်ရဦးမည်ကိုလည်း သူ နားလည်သွားခဲ့သည်။ ဤပြောင်းလဲမှုသည် ယခင်က ဒိုင်နိုဆောများကို မျိုးတုံးစေခဲ့သည့် ဥက္ကာခဲတိုက်ခိုက်မှုထက် အဆပေါင်းရာချီ ပိုမိုကြောက်မက်ဖွယ်ကောင်းသော စကြဝဠာ၏ စစ်မှန်သည့် ကပ်ဘေးကြီးပင် ဖြစ်၏။
သို့သော်ငြား ရှမ့်လန်သည် ထိုမျှဝေးကွာသော အနာဂတ်အထိ ကြိုတင်ပူပန်မနေတော့ဘဲ လက်ရှိတွင် မိသားစုကို ကယ်တင်ရန်နှင့် ရန်သူဖြစ်သူ ကျန်းလီကို နှိမ်နင်းရန်ဟူသော ရည်မှန်းချက်တစ်ခုတည်းကိုသာ အာရုံစိုက်ထားလိုက်သည်။
လောကကြီးအပေါ် ရန်ငြိုးမရှိသော်လည်း မိမိ၏ မူလရည်ရွယ်ချက်ကို မေ့ပျောက်မည် မဟုတ်ဘဲ ကျန်းလီအား မိမိ၏ အကြီးမားဆုံးသော ရန်သူအဖြစ် သတ်မှတ်ကာ ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရှမ့်လန်... ငါ့သား... သူတို့က မင်းကို တစ်ဖန် ပြန်လည် မွေးဖွားပေးလိုက်ပြီ ဆိုတော့ ငါတို့ သားအဖ နှစ်ယောက် စစ်မှန်တဲ့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲရလိမ့်မယ်။ ဘယ်သူက စစ်မှန်တဲ့ ကယ်တင်ရှင်လဲ၊ ဘယ်သူ့ လမ်းကြောင်းက မှန်ကန်လဲ ဆိုတာ သိရအောင်လေ။
ငါ မင်းကို ပြောပြရမယ်။ ငါ ဘယ်လို ညှာတာမှုမျိုးမှ ပြမှာ မဟုတ်ဘူး။ မင်းကို အနိုင်ယူပြီး ဖျက်ဆီးပစ်ဖို့ ငါ့ရဲ့ အင်အားနဲ့ နည်းလမ်းတွေ အကုန်လုံး သုံးမယ်။ ဘာလို့လဲဆိုတော့ မင်းကို ဖျက်ဆီးပစ်တာက ငါ့ရဲ့ ဆရာကြီးကို အနိုင်ယူတာနဲ့ အတူတူပဲ၊ ငါ့ရဲ့ ကယ်တင်ခြင်း လမ်းကြောင်းက မှန်ကန်တယ် ဆိုတာ ပြသရာ ရောက်တာပေါ့။”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား နက္ခတ္တဗေဒဆိုင်ရာ စွမ်းအင်ပမာဏနဲ့ ဧရာမ အာကာသယာဉ်ကြီး တစ်စင်း အောင်မြင်စွာ တည်ဆောက်နိုင်ရင်၊ ဒီစကြဝဠာပတ်လမ်းကနေ ပျံသန်းထွက်ခွာပြီး ကမ္ဘာမြေဂြိုဟ်ပြာ ဆီ ရောက်နိုင်ရင်တောင်၊ ကမ္ဘာမြေဂြိုဟ်ပြာ ရဲ့ ကံကြမ္မာက ဘယ်လိုလဲ။”
“ဟား... ဟား...”
ကျန်းလီက အေးစက်စွာ ရယ်မောလိုက်၏။ “ငါ ဒီဂြိုဟ်ရဲ့ ကံကြမ္မာကိုတောင် ဂရုမစိုက်တာ၊ ကမ္ဘာမြေဂြိုဟ်ပြာဆိုတာ ပြောမနေနဲ့တော။ ငါ့မှာ ရည်မှန်းချက် တစ်ခုတည်းပဲ ရှိတယ်။ လူသားမျိုးနွယ်ရဲ့ အဆုံးစွန်သော ဆင့်ကဲပြောင်းလဲမှု၊ ထာဝရ အသက်ရှင်ခြင်း နဲ့ အမြင့်ဆုံး အဆင့် ယဉ်ကျေးမှုပဲ။ မင်းတို့ရဲ့ နေအဖွဲ့အစည်းကို နယ်ချဲ့ရုံတင် မကဘူး။ ငါ့မြင်ကွင်းထဲမှာ ရှိသမျှ အားလုံးကို သိမ်းပိုက်မယ်။
ငါ့ကံကြမ္မာကို ဘယ်သူမှ ထိန်းချုပ်ခွင့် မပေးနိုင်ဘူး။ နေမင်းကြီးတောင် မရဘူး။ ဒီနေမင်းကြီး အဆင်မပြေရင် နောက်တစ်စင်း ပြောင်းလိုက်မယ်။ တစ်နေ့ကျရင် ငါတို့ နေမင်းကြီးကို လုံးဝ မလိုအပ်တော့တဲ့ နေ့တစ်နေ့တောင် ရှိလာနိုင်တယ်။ ငါတို့ ကိုယ်တိုင်က နေမင်းကြီးတွေ ဖြစ်လာလိမ့်မယ်။ မသေနိုင်တဲ့ နေမင်းကြီးတွေလေ။”
ကျန်းလီ၏ စကားများက အလွန် မာန်မာန ကြီးမားလှသည်။ ရှမ့်လန် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ တည်ငြိမ်စွာ ပြောလိုက်၏။ “ကျန်းလီ... ခင်ဗျား လမ်းကြောင်းက ဖြစ်လာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဒီဂြိုဟ်ရဲ့ စွမ်းအားကို ဝါးမြိုဖို့ပဲ အားကိုးပြီး လောကရဲ့ စွမ်းအားကို အသုံးမချလို့ပဲ။
ကျုပ်ရဲ့လမ်းညွှန်မှု မပါဘဲ နျူကလီးယားပြိုကွဲခြင်းကိုတောင် ခင်ဗျား သိမှာ မဟုတ်ဘူး။ နေမင်းကြီးရဲ့ စစ်မှန်တဲ့ အနှစ်သာရကိုတောင် နားမလည်ဘဲနဲ့ နေမင်းကြီးကို အနိုင်ယူချင်နေတယ်။ ဘယ်လောက် ရယ်စရာကောင်းလဲ။
ဟုတ်တယ်။ ကလေးတိုင်း ကြီးပြင်းလာရင် ဖခင်ရဲ့ အာဏာကို စိန်ခေါ်ကြတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အရင်ဆုံး ဖခင်ကို စံပြပုဂ္ဂိုလ်အဖြစ် မြင်ရမယ်။ သူ့ဆီက သင်ယူရမယ်။ သူ့ကို နားလည်ရမယ်။ ပြီးမှ နောက်ဆုံး သူ့ကို အနိုင်ယူရမယ်။”
ဤအချက်ကို ထုတ်ဖော်ပြောဆိုလိုက်ချိန်တွင် ရှမ့်လန်၏ ရင်ထဲ၌ ခါးသီးမှုဝေဒနာများဖြင့် ပြည့်နှက် နေတော့သည်။ အတိတ်ကာလက သူသည်လည်း ကျန်းလီကို မိမိ၏ စံပြပုဂ္ဂိုလ်အဖြစ် အစဉ်တစိုက် အားကျဂုဏ်ယူခဲ့သူ ဖြစ်သည်။
အမှန်စင်စစ် ရှည်လျားလှသော နှစ်ကာလများတစ်လျှောက် သူ၏ဘဝအပေါ်တွင် ကျန်းလီ၏ သြဇာ ရောင်ခြည်ဝန်းက အမြဲတစေ လွှမ်းမိုးထားခဲ့သည်။ လူအများက သူ့အပေါ် ကြည်ညိုလေးစားပြီး သစ္စာစောင့်သိကြခြင်းမှာလည်း သူသည် ကျန်းလီ၏ သားဖြစ်နေသောကြောင့်သာ ဖြစ်သည်။ သို့သော်ငြား ယခုအခါတွင်မူ ရှမ့်လန်သည် ကျန်းလီ၏ အရှိတရားကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီဖြစ်ရာ ၎င်းကို အနိုင်ယူကျော်ဖြတ်ရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်လေတော့၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်ကျန်းလီ... ခင်ဗျားက နေမင်းကြီးကို ကိုးကွယ်ခြင်း၊ နားလည်ခြင်းတောင် မရှိဘဲနဲ့ အနိုင်ယူချင်နေတာလား။ အဲဒါက ခြေလှမ်း နှစ်လှမ်း ကျော်လှမ်းတာနဲ့ အတူတူပဲ။ အဲလို လုပ်လို့ မရဘူး။ လက်တွေ့ကျမှ ဖြစ်မယ်။”
ကျန်းလီက တည်ငြိမ်စွာ ပြောလိုက်၏။ “အဲဒါ မင်းက နေမင်းကြီးရဲ့ ကျေးဇူးတရားကို အမြဲ ရရှိနေလို့ ဒီလို တွေးတာလေ။ ငါတို့ကျတော့ နေမင်းကြီးရဲ့ ဘေးအန္တရာယ်ကို ခံစားခဲ့ရတာ၊ ဒါကြောင့် ငါတို့က သူ့ကို အနိုင်ယူချင်တာ၊ မကိုးကွယ်ချင်ဘူး။”
‘အင်း... အဓိပ္ပာယ် ရှိသားပဲ။’
ကျန်းလီက ဆက်ပြောသည်။ “ဒါဆို အရှင်ရှမ့်လန်... လောကကြီးကို ကယ်တင်မယ့် မင်းရဲ့ မဟာဗျူဟာက ဘာလဲ။ မင်း ဘယ်လမ်းကြောင်းကို သွားချင်တာလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်ကျန်းလီ... နောက်ထပ် အနှစ် ၉၀ ကြာရင် လောကကြီးက နောက်ထပ် ကပ်ဘေးတစ်ခု ရင်ဆိုင်ရမယ်လို့ ခင်ဗျား ပြောတယ်နော်။ ရှေးဟောင်း မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ထက်တောင် ပိုကြောက်စရာ ကောင်းတဲ့ ကပ်ဘေးတစ်ခုတဲ့။ ဒီသတင်းက အရမ်း ရုတ်တရက် ဆန်လွန်းတယ်။
ခင်ဗျားက လောကကြီးကို ကယ်တင်ဖို့ ဖျက်ဆီးခြင်း လမ်းကြောင်းကို ရွေးချယ်ဖို့ နှစ်ပေါင်း မရေမတွက် နိုင်အောင် စဉ်းစားခဲ့တာ။ ကျုပ်ကျတော့ စဉ်းစားဖို့ စက္ကန့်ပိုင်းပဲ ပေးပြီး လောကကြီးကို ကယ်တင်မဲ့ လမ်းကြောင်း ရှာခိုင်းနေတာလား။”
ကျန်းလီက ပြောလိုက်သည်။ “ဒါဆို မင်း အခုပဲ စပြီး စဉ်းစားလိုက်တော့။ မင်း ငါ့ကို မဟာဗျူဟာ တစ်ခု ပေးရမယ်။ ဒါမှ သားအဖ နှစ်ယောက်ကြား စစ်မှန်တဲ့ တိုက်ပွဲ၊ မဟာဗျူဟာ တိုက်ပွဲ ဖြစ်လာမှာ။”
ရှမ့်လန် ခေတ္တမျှ စဉ်းစားလိုက်၏။ သူ စက္ကန့် ၃၀ သာ အချိန်ယူခဲ့၏။
‘ဒါ နည်းနည်း စိတ်ဝင်စားစရာ မကောင်းဘူးလား။ စက္ကန့် ၃၀ အတွင်း ကမ္ဘာကြီးကို ကယ်တင်မယ့် မဟာဗျူဟာ စဉ်းစားရမယ် တဲ့လား။ ကျန်းလီက အလွန် ဉာဏ်ကောင်းပေမဲ့ ဒါကို စဉ်းစားဖို့ ဆယ်စုနှစ်များစွာ အချိန်ယူခဲ့ရတာလေ။’
ရှမ့်လန်က ပြောလိုက်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုနဲ့ နည်းပညာ ယဉ်ကျေးမှု ပေါင်းစပ်ခြင်း။”
ကျန်းလီ ပြုံးလိုက်၏။ ‘မင်း စက္ကန့် ၃၀ပဲ စဉ်းစားပြီး ဒါကို ပြောတာလား။ မင်း တကယ် နောက်မနေဘူးနော်။’
တကယ်တော့ ရှမ့်လန် ဤစကားကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောခဲ့ဖူးသည်။ ရွဲ့ပြည်နယ်ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းစဉ်ကလည်း ရှေးဟောင်းယဉ်ကျေးမှုနှင့် နည်းပညာယဉ်ကျေးမှု ပေါင်းစပ်ခြင်း ဆိုသည့် မဟာဗျူဟာကိုပင် အသုံးချခဲ့ဖူးသည်။
ရင်ကွမ်းကို အနိုင်ယူစဉ်ကသော်လည်းကောင်း၊ တော်ဝင်ရန် အင်ပါယာကို ရင်ဆိုင်စဉ်ကသော်လည်းကောင်း ဤနည်းလမ်းကိုသာ ထပ်တလဲလဲ အားကိုးခဲ့သည် မဟုတ်ပါလား။
သို့သော်ငြား လက်တွေ့တွင်မူ ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာကို အနိုင်တိုက်ရန် နဂါးများကိုသာ အဓိက အားကိုးခဲ့ရသည်ကို သတိပြုသင့်၏။
ထိုရှေးဟောင်းနှင့် နည်းပညာပေါင်းစပ်မှုသည် လောကကပ်ဘေးကြီးကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်လား။ ကျန်းလီ၏ လောကအုပ်စိုးမှုကိုရော ဟန့်တားနိုင် ခဲ့သည်လားဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ သို့သော်ငြား မတားနိုင်ခဲ့ချေ။
ကျန်းလီက မေးသည်။ “နည်းနည်း ပိုတိကျအောင် ပြောပြနိုင်မလား။”
ရှမ့်လန်က ပြော၏။ “အရင်ဆုံး နျူကလီးယားပြိုကွဲခြင်းကို တိုးတက်အောင် လုပ်မယ်။ ပြီးရင် နျူကလီးယားပေါင်းစပ်ခြင်းကို တိုးတက်အောင် လုပ်မယ်။”
ကျန်းလီက ပြောလိုက်သည်။ “ဒါ စိတ်ဝင်စားစရာ ကောင်းလာပြီ။ ပိုရှင်းအောင် ပြောပြပါအုံး။”
ရှမ့်လန်က ပြော၏။ “ကလေးတစ်ယောက်က အရင်ဆုံး ဖခင်ကို ကိုးကွယ်တယ်။ ဖခင်ကို နားလည်တယ်။ သူ့ဆီက သင်ယူတယ်။ နောက်ဆုံးတော့ ဖခင်ကို အနိုင်ယူပြီး နေရာအစားထိုးဝင်တယ်။ မိသားစုရဲ့ ကျောထောက်နောက်ခံ၊ မိသားစုရဲ့ အာဏာပိုင် ဖြစ်လာတယ်။
ဒါကြောင့် ကျုပ်တို့ လောကကြီးကို ကယ်တင်ချင်ရင် နေမင်းကြီးကို နားလည်ရမယ်။ သူ့ဆီက သင်ယူရမယ်။ သူ့ကို အတုယူရမယ်။ အထူးသဖြင့် ထိန်းချုပ်နိုင်တဲ့ နျူကလီးယားပေါင်းစပ်ခြင်းက နေမင်းကြီးကို အတုယူ သင်ယူခြင်းရဲ့ အထွတ်အထိပ်ပဲ။ ဒါက နေမင်းကြီး ကျုပ်တို့ကို ပေးနိုင်တဲ့ နောက်ဆုံး လက်ဆောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်။
အဲဒီနောက်ပိုင်း လမ်းကြောင်းကတော့ လူသား ယဉ်ကျေးမှု အပေါ် မူတည်လိမ့်မယ်။ ယဉ်ကျေးမှု တစ်ခုလုံး ပေါက်ကွဲထွက်မတတ် တိုးတက်လာနိုင်တယ်။ ဒါပေမဲ့ ခြေလှမ်းတိုင်းကို မှန်မှန် လှမ်းရမယ်။ ခြေလှမ်း တစ်လှမ်းမှ ကျော်လို့ မရဘူး။ မဟုတ်ရင် ကျုပ်တို့က စစ်မှန်တဲ့ စွမ်းအားကြီး ယဉ်ကျေးမှု ဖြစ်လာနိုင်မှာ မဟုတ်ဘူး။
ဥပမာအားဖြင့် အရင်ဆုံး အခြေခံ နဂါးဉာဏ်အလင်း ကို ဖြတ်သန်းရမယ်။ ပြီးမှ အလယ်အလတ် နဂါးဉာဏ်အလင်း၊ ပြီးမှ အဆင့်မြင့် နဂါးဉာဏ်အလင်းဖြစ်တယ်။ အဆုံးစွန် နဂါးဉာဏ်အလင်းကို တန်းပြီး ကျော်သွားလို့ မရဘူး။”
ကျန်းလီက ပြောလိုက်သည်။ “ပြောတာ ကောင်းတယ်။ ဒါပေမဲ့ အဓိပ္ပာယ်မရှိဘူး။ သီအိုရီက ပိုပြီး ဆန်းပြားလေ ပိုပြီး ရယ်စရာကောင်းလေပဲ။ ငါက လမ်းကြောင်း တစ်ခုတည်းကိုပဲ စွဲကိုင်ထားတယ်။ အသန့်ရှင်းဆုံး လမ်းကြောင်း၊ အဲဒါကတော့ ဝါးမြိုခြင်းနဲ့ ဆင့်ကဲပြောင်းလဲခြင်းပဲ။
ငါ ပြင်ပ အင်အားတွေကို မယုံကြည်ဘူး။ ငါ့ကိုယ်ငါပဲ ယုံကြည်တယ်။ ဒီလောကကြီးမှာ စိတ်ချရတာ ဘာမှ မရှိဘူး။ ငါ့အဖေဆိုရင်တောင်တောင် ခြွင်းချက် မဟုတ်ဘူး။ မင်းတို့က အကောင်းဆုံး ဥပမာတွေပဲ။ ဒါကြောင့် နေမင်းကြီးကလည်း စိတ်မချရဘူး။ လူသားတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်။”
ဟုတ်ပေသည်။ ကျန်းလီ ပြောသည်က အလွန် ယုတ္တိရှိပုံ ပေါက်ပြီး အမှန်တရားတစ်ခုလိုပင်။
ကျန်းလီက ပြောလိုက်၏။ “ဒါပေမဲ့ ကောင်းပါတယ်။ မင်း ကိုယ့်လမ်းကြောင်း ကိုယ် ရှာတွေ့တာပဲ။ အဲဒါ အရမ်း ကောင်းတယ်။ အနည်းဆုံးတော့ ငါတို့ သားအဖကြားက တိုက်ပွဲက စစ်မှန်တဲ့ မဟာဗျူဟာ တိုက်ပွဲ၊ လမ်းကြောင်း တိုက်ပွဲ ဖြစ်ကြောင်း၊ အဆင့်နိမ့်တဲ့ ရန်ငြိုး မဟုတ်ကြောင်း သက်သေပြတာပေါ့။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် အရမ်း စိတ်မကောင်းပါဘူး။ အရှင်ကျန်းလီ... ကျုပ် မြင်ရသလောက်တော့ ကျုပ်တို့ကြားက တိုက်ပွဲက ရန်ငြိုး ဖြစ်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ ကျုပ် လက်စားချေချင်လို့ပဲ။ ကျုပ်ရဲ့ မူလ ရည်ရွယ်ချက်ကို ကျုပ် မေ့မှာ မဟုတ်ဘူး။
လောကမှာ ရန်ငြိုး မရှိတော့ဘူး ဆိုပေမဲ့ အခုတော့ ခင်ဗျားက ကျုပ်ရဲ့တစ်ဦးတည်းသော ရန်သူပဲ။ ခင်ဗျားကို အနိုင်ယူပြီး ဖျက်ဆီးပစ်ဖို့က ကျုပ်ရဲ့ အဓိက ရည်မှန်းချက်ပဲ။ လောကကြီးကို ကယ်တင်တာနဲ့ တခြား ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေက ဒုတိယ ရည်မှန်းချက်တွေပဲ။
ပိုပြီး တည့်တိုး ပြောရရင် ခင်ဗျားနဲ့ ခင်ဗျားရဲ့ အမှောင်အင်ပါယာ တစ်ခုလုံးကို ကျုပ် ဖျက်ဆီးပစ်လိုက်တာနဲ့ ပြီးပြီ။ ကျုပ်၊ ကျုပ်မိသားစုနဲ့ ကျုပ်လူတွေ ပျော်ရွှင်တဲ နေ့ရက် အနည်းငယ် ရှင်သန်ရတာ အဓိပ္ပာယ် ရှိသွားပြီ။ ကျုပ်အသက်ရှင်ဖို့ အကောင်းဆုံး ကြိုးစားမယ်။ ဒါပေမဲ့ သေခြင်းတရားကို ကျုပ် ဆန့်ကျင်မှာ မဟုတ်ဘူး။”
“သြော်... အဆင့်နိမ့်တဲ့ ခံစားချက်တွေပဲ။”
ကျန်းလီက ဆက်ပြောသည်။ “ဒါပေမဲ့ အဆင့်နိမ့်တာက သူ့ဟာသူ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတစ်ခုလို့ ငါ ဝိုးတဝါး ခံစားမိတယ်။ ဥပမာအားဖြင့် ရှေးဟောင်း ကြီးမားတဲ့ ပျက်သုဉ်းခြင်းမှာ အဆင့်မြင့်ပြီး စွမ်းအားကြီးတဲ့ သက်ရှိတွေ အကုန် သေဆုံးကုန်ကြပေမဲ့ တချို့ အဆင့်နိမ့် သက်ရှိတွေ အသက်ရှင် ကျန်ရစ်ခဲ့ကြတယ်။ ဒါပေမဲ့ ငါက သာမန်ကာလျှံကာနဲ့ အဆင့်နိမ့်နေရတာထက် စွမ်းအားကြီးပြီး အဆင့်မြင့်မြင့် နေချင်တယ်။ ရှမ့်လန်... ငါ့သား... ဒါဆိုရင် ငါတို့ သားအဖကြားက စစ်မှန်တဲ့ တိုက်ပွဲ တရားဝင် စတင်ပြီ။”
......
“ရှမ့်လန်... ငါ့သား... ငါ မှန်တယ် ဆိုတာ သက်သေပြဖို့၊ မင်းကို အနိုင်ယူပြီး ဖျက်ဆီးပစ်ဖို့ ငါ့မှာ ရှိသမျှ နည်းလမ်းတွေ၊ အရာအားလုံးကို သုံးမယ်။ ဒီလောကကြီးမှာ အမှန်တရား ဆိုတာ လူနည်းစုရဲ့ လက်ထဲမှာပဲ ရှိတတ်တယ်။ ပရမ်းပတာ ဆရာကြီးရဲ့ ရွေးချယ်မှု မှားယွင်းကြောင်း ငါ့ရဲ့လုပ်ရပ်တွေနဲ့ ပြောပြမယ်။ သုံး... နှစ်... တစ်... ရှမ့်လန်... မင်း အသက်လုပြီး ပြေးလို့ရပြီ။”
သူ ပြောပြီးသည်နှင့် ကောင်းကင်ယံရှိ မိုးတိမ်မည်းများ အားလုံး ကွယ်ပျောက်သွားသည်။ ကျန်းလီ၏ ကြီးမားသော မျက်နှာကြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ခန္ဓာ အစစ်အမှန်သည် မိုင်ပေါင်း သောင်းချီ ဝေးကွာသော မြောက်ဘက်ဝင်ရိုးစွန်းတွင် ရှိနေသေးသောကြောင့်ပင်။ ထိုအရာသည် သူ၏ မိုးတိမ်မည်း ပုံရိပ်ယောင်သာ ဖြစ်ပေသည်။ ကောင်းကင်ကြီးသည် တစ်ဖန် ပြန်လည် ကြည်လင်လာပြန်၏။
ရှမ့်လန်သည် ကောင်းကင်ယံရှိ နေမင်းကြီးကို အလိုအလျောက် မော့ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ကြောင်ငေးနေမိသည်။ ယခုအချိန်တွင် နေမင်းကြီးသည် အလွန် တိတ်ဆိတ်ငြိမ်သက်နေ၏။ နောက်ထပ် အနှစ် ၉၀ ကြာလျှင် မသေခင် တစ်ဖန် တန်ပြန်တိုက်ခိုက်မှုအဖြစ် ပေါက်ကွဲထွက်လာလိမ့်မည်ဟု၊ ဤလောကကြီးကို လုံးဝ ဖျက်ဆီးပစ်ကောင်း ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။
ကျန်းချင်သည် အေးဆေးစွာ လျှောက်လာပြီး ပြောလိုက်၏။ “ရှမ့်လန်... အရှင်ကျန်းလီက မိုင်ပေါင်း သောင်းချီဝေးတဲ့ နေရာမှာ ရှိနေတာ၊ ဒါကြောင့် အခု ရှင့်ပြိုင်ဘက်က ကျွန်မပဲ။ ရှင် အရင်ဆုံး ကျွန်မကို အနိုင်ယူရမယ်။ ပြီးမှ ကျွန်မ အရှေ့က အဆင့်သတ်မှတ်ထားတဲ့ ရှေးဟောင်းလူသားအားလုံးကို အနိုင်ယူရမယ်။ အဲဒါမှ အရှင်ကျန်းလီကို စိန်ခေါ်ခွင့် ရမှာ။
၂၉ နှစ် ကြာခဲ့ပြီ။ တစ်ယောက်ယောက်က ရှင့်ခန္ဓာကိုယ်ကို ၂၉ နှစ်လုံးလုံး ပျိုးထောင်ပေးခဲ့တာ။ ဘယ်လောက် ပြီးပြည့်စုံလဲ ဆိုတာ ကျွန်မ ကြည့်ချင်တယ်။ ကျွတ်... ကျွတ်... ကျွတ်... ကျွန်မ မျက်လုံးထဲမှာတော့ ရှင်က ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေတုန်းပါပဲ။ အရှင်ကျန်းလီရဲ့ ရှေ့မှာဆိုရင် ရှင်က ဖုန်မှုန့်လေး တစ်မှုန်လောက်ပဲ အရေးပါတာ။”
ရှမ့်လန်သည် ကိုယ်ပေါ်မှ နှင်းများကို ပုတ်ချလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။ သူသည် ဓားကို ဆွဲထုတ်လိုက်သည်။