အခန်း (၁၃၂၁-၁၃၂၂)
Vol. 75 Ch. 1321-1322
အပိုင်း (၁၃၂၁)
“ရှမ့်လန်... ရှင့်ကိုယ်ရှင် အင်ပါယာလို့ ခေါ်နေပေမဲ့ ရှင့်ပြိုင်ဘက်က တကယ်ပဲ ကျွန်မ ဖြစ်နေတာ။ ဝမ်းနည်းစရာ မကောင်းဘူးလား။”
ကျန်းချင် ပြုံးပြီး ပြောလိုက်၏။ “ဒါပေမဲ့ ရှင် နည်းနည်း သတိထားရမယ်။ ကျွန်မရဲ့ ဒီခန္ဓာကိုယ်က ရှင့်သမီးရဲ့ ခန္ဓာကိုယ်၊ သွေးသား ခန္ဓာကိုယ် အစစ်အမှန်နော်။ သတိမထားရင် ပျက်စီးသွားလိမ့်မယ်။”
ကျန်းချင်သည် သူမ၏မျက်နှာကို ဂရုတစိုက် ပွတ်သပ်လိုက်ပြီး ကျန်းမီ၏ ပုံစံဖြင့် ဆက်လက် အော်ဟစ်လိုက်သည်။ “ဖေဖေ... ဖေဖေ...”
“အရှင်ရှမ့်လန်... တွေ့လား။ ရှင့်သမီးရဲ့ ဝိညာဉ်က တုန်ယင်နေတာ ကျွန်မ ခံစားလို့ ရတယ်။ သူ အရမ်း စိတ်လှုပ်ရှားလွန်းလို့ ဒီခန္ဓာကိုယ်တောင် လိုက်ပြီး ခံစားနေရတယ်။ ကျွန်မ နှလုံးသားတောင် အရည်ပျော်ကျမတတ် ဖြစ်သွားတယ်။ သိပ်ကို နက်ရှိုင်းတဲ့ သားအဖ သံယောဇဉ်ပါလား။”
ကျန်းချင်သည် ကျောက်စိမ်းကဲ့သို့ လက်ကို ညင်သာစွာ မြှောက်လိုက်၏။
ရုတ်တရက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ မြေပြင်ပေါ်ရှိ ရှေးဟောင်းလူသားများ၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်များသည် အမှန်တကယ် ပြန်လည် မတ်တတ်ထရပ်လာကြသည်။ ရှစ်ချင်းချင်း အတု၏ ခန္ဓာကိုယ် အပါအဝင် ရှေးဟောင်းလူသား စစ်သည်တော် ဆယ်ဦးကျော်သည် မတ်တတ်ထ ရပ်ရုံသာမက ရှေးဟောင်း ဓားများကိုပါ ဆွဲထုတ်လိုက်ကြသည်။
ထိုအရာက သိပ်ကို ထူးဆန်းပြီး ရွံရှာဖွယ်ရာ ကောင်းလွန်းလှသည်။ ခန္ဓာကိုယ်တိုင်းတွင် ခေါင်းမရှိသော်လည်း သူတို့၏ တိုက်ခိုက်လိုစိတ်မှာ မိုးထိအောင် မြင့်တက်နေဆဲပင်။
ကျန်းချင်က ပြောလိုက်၏။ “အရှင်ရှမ့်လန်... တကယ်တော့ ကျွန်မ ရှင့်သမီးရဲ့ ခန္ဓာကိုယ်ကို မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ တကယ်ကို အားနည်းလွန်းလို့ပဲ။ ကြက်ကလေး တစ်ကောင်ကို ဖမ်းဖို့တောင် အားမရှိဘူး။ ဒါပေမဲ့ ရှင်နဲ့တူညီတာက ကျွန်မမှာ ပြိုင်ဘက်ကင်း ဝိညာဉ်စွမ်းအား ရှိပြီး အားကောင်းတဲ့ ဝိညာဉ် အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်။”
ထို့နောက် ကျန်းချင်သည် သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပဲ ရှေးဟောင်းလူသား ဆယ်ဦးကျော်၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်များသည် လျှပ်စီးပမာ အရှိန်ဖြင့် ပြေးဝင်လာကြသည်။
စကားတစ်ခွန်းမျှ မပြောဘဲ ကျူးဟုန်ရွှဲ့သည် ရှေးဟောင်းဓားကို ဆွဲထုတ်ကာ ပြေးထွက်သွားလိုက်၏။ သို့သော်ငြား နောက်တစ်စက္ကန့်တွင် ကျူးဟုန်ရွှဲ့သည် နေရာမှာပင် ခဲသွားသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားရ၏။
ကျန်းချင်၏ စိတ်စွမ်းအားမှာ အမှန်တကယ်ပင် အားကောင်းလှသည်။ တစ်ခဏချင်း အတွင်းမှာပဲ သူမသည် ကျူးဟုန်ရွှဲ့၏ ရှေးဟောင်း လက်နက်ကိရိယာများကို ထိန်းချုပ် ရပ်တန့်နိုင်ခဲ့သည်။
ရှမ့်လန် လက်ဖျောက် တီးလိုက်၏။
ကျူးဟုန်ရွှဲ့ လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိလာပြီး ဆက်လက် ပြေးထွက်သွားသည်။ တစ်ခဏချင်း အတွင်းမှာပဲ သူသည် ရှေးဟောင်းလူသား စွမ်းအင်ခန္ဓာကိုယ် ဆယ်ဦးကျော်နှင့် ပြင်းထန်စွာ တိုက်ခိုက် နေလေသည်။
ကျန်းချင်သည် ရှေးဟောင်းလူသားဆယ်ဦးကျော်၏ ခန္ဓာကိုယ်များကို ထိန်းချုပ်ရင်း ဓားကို ဆွဲထုတ်လိုက်သည်။ သူမသည် ရှမ့်လန်ကို ပြုံးပြပြီး ပြောလိုက်၏။ “အရှင်ရှမ့်လန်... ကျွန်မတို့ နှစ်ယောက် ကစားကြမလား။”
ထို့နောက် သူမသည် လျှပ်စီးပမာ အရှိန်ဖြင့် ပြေးဝင်လာပြီး လက်ထဲမှ ဓားဖြင့် ရှမ့်လန်၏ ခန္ဓာကိုယ်ကို ရူးသွပ်မတတ် ခုတ်ပိုင်းလိုက်သည်။ သူမသည် အပူချိန် ဒီဂရီ ထောင်ပေါင်းများစွာ ထုတ်လွှတ်နိုင်သော ရှေးဟောင်း ဓားကို ကိုင်ဆောင်ထားခြင်း ဖြစ်သည်။
သို့သော်ငြား ရှမ့်လန်၏ ပုံရိပ်သည် လျင်မြန်စွာ လှုပ်ရှားနေခဲ့၏။ တစ်ခဏတွင် သူသည် ဤနေရာတွင် ရှိနေသည်ဟု ထင်ရသော်လည်း နောက်တစ်ခဏတွင် မီတာ ၁၀၀ အကွာသို့ ရောက်ရှိသွားသည်။ ဤသည်မှာ စစ်မှန်သော နေရာကူးပြောင်းခြင်း ဖြစ်သည်။ ကျန်းချင်၏ဓားသည် ရှမ့်လန်ကို အနည်းငယ်မျှပင် မထိတွေ့နိုင်ခဲ့ပေ။
သို့သော်ငြား ရှမ့်လန်သည် အားကုန်သုံး၍ ပြန်လည် တိုက်ခိုက်ရန် မဝံ့ရဲခဲ့ပေ။ ဤသည်မှာ သူ့ချစ်သမီးလေး၏ ခန္ဓာကိုယ် ဖြစ်သည်။ အလွန် နုနယ်ပြီး အနည်းငယ်မျှပင် ထိခိုက်၍ မရနိုင်ပေ။
ကျန်းချင်သည် ဤအချက်ကို သိမြင်သောကြောင့်ပင် ရှမ့်လန်ကို မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ ရူးသွပ်မတတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူမ တကယ်ကို သန်မာလှပေသည်။ ခေါင်းမဲ့စွမ်းအင်ခန္ဓာကိုယ် ဆယ်ဦးကျော်ကို ထိန်းချုပ်ရင်း ရှမ့်လန်နှင့်လည်း တိုက်ခိုက်နေသည်။ ထို့ကြောင့် ရှမ့်လန်သည် ရှောင်တိမ်းရုံသာ တတ်နိုင်သည်။ ပြန်လည် တိုက်ခိုက်ရန် မဖြစ်နိုင်သလောက်ပင်။ သူ့တွင် ယခုအချိန်၌ ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်၊ သူ့သမီးကို ကယ်တင်ရန် ဖြစ်၏။
ကျန်းချင်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ရှမ့်လန်၏ စိတ်အာရုံသည် လျင်မြန်စွာ အလုပ်လုပ်နေခဲ့၏။ ရှမ့်လန်အနေဖြင့် ပြောရလျှင် သူသည် ဖန်တီးရှင် ဖြစ်သည်။ အရာအားလုံးကို ကိုယ်တိုင် စိတ်ကူးဖန်တီး ရမည် ဖြစ်သည်။ သူ့သမီးကို မည်သို့ ကယ်တင်ရမည်နည်း။ ကျန်းချင်၏ ဝိညာဉ်ကို သူ့သမီး၏ ဦးနှောက်ထဲမှ မည်သို့ ဆွဲထုတ်မည်နည်း။ နည်းလမ်း ရှိရမည်။ နည်းလမ်း ရှိရမည်။ သေချာပေါက် နည်းလမ်း ရှိပေမည်။
ရှမ့်လန်သည် သရဲမြို့တော်ကို ချက်ချင်း သတိရလိုက်မိသည်။ တော်ဝင်ကပ်ဘေးနန်းတော်၏ သရဲမြို့တော် တွင် နေကြတ်ချိန်၌ အလုပ်လုပ် သည်။ ရှမ့်လန် သရဲမြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက် သူ့ခန္ဓာကိုယ် တည်ရှိမှုကို လုံးဝ မခံစားရတော့ပေ။ သူ့ဝိညာဉ်သာ ရှိတော့သည်။ သရဲမြို့တော်သည် ဝိညာဉ်များကိုသာ လက်ခံနိုင်သော အလွန် ထူးခြားသည့် နေရာတစ်ခုကဲ့သို့ပင်။
သရဲမြို့တော်ကို မည်သို့ ဖန်တီးရမည်နည်း။
ရှမ့်လန်၏ စိတ်အာရုံသည် လျင်မြန်စွာ တွေးတောရင်း အလုပ်လုပ်နေခဲ့၏။ ရှိရမည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာ ဘုရင်၏ ဝိညာဉ်အမွေအနှစ်ထဲတွင် သရဲမြို့တော်၏ စွမ်းအင်ညီမျှခြင်း ပါဝင်ရမည်။
ဤအချိန်တွင် ရှမ့်လန်သည် အလွန် ထူးခြားသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားသည်။ သူ့စိတ်သည် လျင်မြန်စွာ တွက်ချက် ရှာဖွေနေ၏။
သူ့ခန္ဓာကိုယ်သည် ကျန်းချင်၏ တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းနေသည်။ ကျူးဟုန်ရွှဲ့ကို ပစ်မှတ်ထား မခံရစေရန် သူ့စိတ်စွမ်းအားဖြင့် ကာကွယ်ပေးထားရသေးသည်။ သရဲမြို့တော်၏ စွမ်းအင် ညီမျှခြင်းသည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ရှုပ်ထွေးလှသည်။ စွမ်းအင်ဝဲကတော့ထက် ဆယ်ဆ၊ အဆ တစ်ရာ ပိုမို ရှုပ်ထွေးသည်။
ယခင်က ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ ညီမျှခြင်းကို တွက်ချက် ပြီးစီးရန် နာရီပေါင်း ရာချီ အချိန်ယူခဲ့ ရသည်။
ယခု သရဲမြို့တော်၏ စွမ်းအင် ညီမျှခြင်းကို ပြီးမြောက်ရန် အချိန် ဘယ်လောက် လိုမည်နည်း။ ခန့်မှန်းခြေ... ၁၅ မိနစ်ပင်။ ဟုတ်ပေသည်။ ၁၅ မိနစ်သာ လိုအပ်၏။
သူ့ခန္ဓာကိုယ် နိဗ္ဗာနအဆင့်မြှင့်တင်ပြီးနောက် အများဆုံး တိုးတက်လာသည့်အပိုင်းမှာ သူ၏ဦးနှောက် ဖြစ်သည်။ အဆ တစ်ထောင်၊ တစ်သောင်း မက ပိုမို သန်မာလာခဲ့သည်။ သာမန် ဆာဗာအဆင့်မှ စူပါကွန်ပျူတာအဆင့်သို့ တိုက်ရိုက် အဆင့်မြှင့်တင်လိုက်သကဲ့သို့ပင်။
သို့သော်ငြား ဤအချိန်တွင် ရှမ့်လန် လုံးဝ အာရုံစိုက်ထားမှ ဖြစ်ပေမည်။
အခြားတစ်ဖက်တွင် ကျူးဟုန်ရွှဲ့သည် ရူးသွပ်မတတ် တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူ၏ စစ်မှန်သော သိုင်းပညာသည် အမှန်တကယ်ပင် အလွန် မြင့်မားလှသည်။ ရှမ့်လန်၏ စိတ်စွမ်းအားဖြင့် ကာကွယ် ပေးထားလိုက်သည်နှင့် သူ၏ တိုက်ခိုက်စွမ်းရည်ကို အပြည့်အဝ ထုတ်လွှတ်နိုင်ခဲ့သည်။
ရှေးဟောင်းလူသား ဆယ်ဦးကျော်၏ စွမ်းအင်ခန္ဓာကိုယ်များသည် သူ့ပြိုင်ဘက် မဟုတ်ကြပေ။ သူ၏ ဓားသည် လျှပ်စီးပမာဖြစ်ပြီး ဤရှေးဟောင်းလူသားများ၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်း အစစ အလွယ်တကူ ခုတ်ပိုင်းပစ်လိုက်၏။
သို့သော်ငြား ရွံရှာစရာ ကောင်းသည်မှာ ဤစွမ်းအင်ခန္ဓာကိုယ်များသည် လုံးဝ ကြေမွသွားလျှင်တောင် မြန်မြန်ဆန်ဆန် ပြန်လည် စုစည်းပြီး မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားကြခြင်းပင်။ သူတို့က Terminator (အာနိုးကား) ထဲက အရည်သတ္တု စက်ရုပ်လိုမျိုး တကယ်ကို ထိတ်လန့်စရာ ကောင်းသည်။
တကယ်တမ်း ဤရှေးဟောင်းလူသားများ၏ စွမ်းအင်ခန္ဓာကိုယ်များသည် ပို၍ပင် စွမ်းအားကြီးလှသည်။ Terminator ထဲတွင် အရည်သတ္တု စက်ရုပ်သည် နောက်ဆုံး၌ အသတ်ခံလိုက်ရသည်။ အပူချိန် တစ်ထောင်ကျော် နှင့် အအေးချိန် တစ်ရာ၊ နှစ်ရာကို ခံနိုင်ရည် မရှိပေ။
ဤရှေးဟောင်း စွမ်းအင် ခန္ဓာကိုယ်များကမူ အပူချိန် သောင်းချီနှင့် အအေးချိန် အနှုတ် တစ်ရာ၊ နှစ်ရာကို ခံနိုင်ရည် ရှိကြသည်။ ဤအရာအားလုံးသည် ကျန်းလီ၏ လက်ရာပင် ဖြစ်၏။
ရူးသွပ်ဖွယ်ရာတိုက်ပွဲတွင် ကျူးဟုန်ရွှဲ့၏ အတွင်းအားသည် တဖြည်းဖြည်း ကုန်ခမ်းလာခဲ့၏။ စွမ်းအင် ခန္ဓာကိုယ်ဆယ်ခု၏ ရူးသွပ်ဖွယ်ရာ တိုက်ခိုက်မှုအောက်တွင် သူသည် တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။
ထိုအချိန်တွင် အခြားလူတစ်စု ပြေးဝင်လာကြသည်။ ထျန်းနန်မြို့ ရေနက်တပ်ဖွဲ့ ဖြစ်သည်။ ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် ရာဂဏန်းနှင့် လျှို့ဝှက် စစ်သည်တော် ထောင်ပေါင်းများစွာ ပါလာကြသည်။
သူတို့သည် မူလက ကျန်းချင်ကို ရွှမ်ဝူနယ်စား အိမ်တော်သို့ အစောင့်အရှောက် လိုက်ပါပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သော်လည်း ဤကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲကြီး ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ ကြပေ။ စောဏက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အရမ်း ကြီးမားလွန်းသဖြင့် အလွန် ဝေးကွာသော နေရာတွင် ရှိနေသော်လည်း သူတို့ မြင်တွေ့ကြားသိခဲ့ရသည်။ ရောက်လာပြီးနောက် ရေနက်တပ်ဖွဲ့ တပ်မှူးသည် ဘာလုပ်ရမှန်း မသိဘဲ ကြောင်ငေးနေခဲ့၏။
မင်းသမီးကျန်းမီက အေးစက်စွာ ပြောလိုက်သည်။ “ဘာရပ်ကြည့်နေတာလဲ။ ချက်ချင်း တိုက်ခိုက်၊ သူပုန် ခေါင်းဆောင် ကျူးဟုန်ရွှဲ့ကို သတ်ပစ်။”
ရေနက်တပ်ဖွဲ့သည် ရှမ့်လန်ကို ငေးကြည့်လိုက်၊ ကျူးဟုန်ရွှဲ့ကို ငေးကြည့်လိုက် ဖြစ်နေသည်။ ကျူးဟုန်ရွှဲ့၏ စကားများ အမှန်တကယ် မှန်ကန်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ပေ။
ကျန်းအင်ပါယာ၏ ဧကရာဇ်သည် အရှင်ရှမ့်လန် အစစ် မဟုတ်ဘဲ လောကကြီးကို ဖျက်ဆီးလိုသော မိစ္ဆာကောင်က ထိန်းချုပ်ထားခြင်း ဖြစ်နေခဲ့သည်။ သို့သော်ငြား သူတို့သည် ရေနက်တပ်ဖွဲ့ကို ဝင်ရောက်တည်းက အင်ပါယာ ကျန်းလီကို သစ္စာစောင့်သိခဲ့ခြင်းဖြစ်နေ၏။
အင်ပါယာ၏ အရှင်သခင်ကို ရှမ့်လန်လို့ အမြဲ ထင်မှတ်ခဲ့၏။ ဆယ်စုနှစ်များစွာ သူတို့က ရှမ့်လန်၏ လက်ပါးစေလို့ ခံယူထားခဲ့သည်။ ဟုတ်ပေသည်။ ရေနက်တပ်ဖွဲ့ထဲမှာလည်း သံသယ ဝင်သူများ ရှိနေသည်။ အရှင်ရှမ့်လန်၏ သဘောထားက အရမ်း အေးစက်သော်လည်း ပြည်သူများကို သားသမီးအရင်းလို ချစ်တာ သေချာသည်။ သူ့လက်အောက်တွင် ကျွန်ဆိုသည်မှာ လုံးဝ မရှိခဲ့ချေ။ ယခု ထျန်းနန်မြို့မှာ ကျွန် ၁.၅ သန်း ရှိနေ၏။ အပြစ်ပေးခြင်းဟု ခေါ်သော်ငြား ကျွန်သာဖြစ်သည်။
ယခုအခါတွင်မူ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို ဝေခွဲမရဖြစ်နေသည်။ မိမိကိုယ်မိမိ ရှမ့်လန် အပေါ် သစ္စာစောင့်သိသူတစ်ဦးဟု အမြဲမှတ်ယူခဲ့သော်လည်း အမှန်စင်စစ်တွင်မူ အမှောင်ဧကရာဇ်ကျန်း၏ လက်အောက်၌သာ သစ္စာခံနေခဲ့ခြင်း ဖြစ်သည်။
ဤအခြေအနေတွင် အင်ပါယာကို ဆက်လက်သစ္စာစောင့်သိရမည်လား သို့မဟုတ် အရှင်ရှမ့်လန်ဘက်သို့ ကူးပြောင်းရမည်လား ဟူသော ရွေးချယ်မှုမှာ ခက်ခဲသည်။ အရှင် ရှမ့်လန်အား သစ္စာခံခြင်းသည် သေလမ်းသို့ ဦးတည်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
အကြောင်းမှာ အင်ပါယာကျန်းသည် မည်မျှမှောင်မိုက်နေပါစေ၊ မည်သူနှင့်မှ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အစွမ်းထက်နေဆဲဖြစ်ပြီး မိမိတို့၏ မိသားစုမှာလည်း ထျန်းနန်မြို့တွင် ရှိနေသေးသောကြောင့်ပင်။
သူတို့သည် ရှေးဟောင်း စစ်ဓားကို ဆွဲထုတ်ပြီး ပြင်းထန်စွာ ပြေးဝင်လာသည်။ ခေါင်းမဲ့ ရှေးဟောင်းလူသားများ ရှိရာသို့ ပြေးဝင်သွားလိုက်၏။ “ငါ သည်းမခံနိုင်တော့ဘူး။ ငါ သတ်တော့မယ်။ မင်းတို့ ကြိုက်သလိုသာ လုပ်ကြတော့။”
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ကျူးဟုန်ရွှဲ့၏ မျက်လုံးများ ကွဲထွက်မတတ် ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မလာကြနဲ့၊ မလာကြနဲ့၊ မင်းတို့ အကုန် ထွက်သွားကြ။”
သို့သော်ငြား ရေနက်တပ်ဖွဲ့ စစ်သည်တော်များသည် လှိုင်းလုံးများပမာ တစ်သုတ်ပြီး တစ်သုတ် တက်လာကြပြီး မီးထဲသို့ တိုးဝင်သော ပိုးဖလံများကဲ့သို့ ခေါင်းမဲ့ ရှေးဟောင်းလူသားများ ရှိရာသို့ ပြေးဝင် သွားကြတော့သည်။
ထို့နောက် သူတို့၏ ခန္ဓာကိုယ်များ ချက်ချင်း ကြေမွသွားခဲ့ရသည်။ သိုင်းပညာ အဆင့်အတန်း ကွာခြားချက်က အရမ်း ကြီးမားလွန်းသည်။ ရှေးဟောင်းလူသားများ ခေါင်းပြတ်နေလျှင်တောင် သူတို့ထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုပြီး သန်မာနေတုန်းပင်။
“သွား၊ သွား၊ သွား...”
ကျူးဟုန်ရွှဲ့၏ တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာပြီး ထိုလူများကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားသည်။ သို့သော်ငြား ထိုသူတို့က တကယ်ကို မီးထဲတိုးဝင်တဲ့ ပိုးဖလံများကဲ့သို့ပင်။
ရေနက်တပ်ဖွဲ့ စစ်သည်တော်များ၊ သာမန်လူများသည် တစ်ယောက်ပြီး တစ်ယောက် တက်လာကြပြီး တစ်ယောက်ပြီး တစ်ယောက် ကြေမွသွားကြသည်။
“အရှင်ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ။ အရှင်ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ …တော်ဝင်ချန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”
ထိုအချိန်၌ပင် ရှမ့်လန်၏ ဦးနှောက်သည် စဉ်းစားတွက်ချက်မှု ပြီးဆုံးသွားခဲ့သည်။ သူသည် သရဲမြို့တော်၏ စွမ်းအင် ညီမျှခြင်းကို တွက်ချက် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ယခင်က သူသည် ရှေးဟောင်းလူသား ဝိညာဉ် ဆယ်ခုကျော်နှင့် ငရဲသလင်းကျောက်များကို ဖမ်းယူထားခဲ့သည်။ ဤသည်မှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး မိစ္ဆာစွမ်းအား ဖြစ်ပြီး ငရဲနှင့် တူသလောက် နီးပါးပင်။
‘ငါမှ ငရဲမဝင်ရင် ဘယ်သူဝင်မှာလဲ’ ဟူသော စိတ်ဓာတ်ဖြင့် ဤသရဲမြို့တော်သို့ သူ ကိုယ်တိုင် ခြေချလိုက်သည်။ “မင်းတို့ရဲ့ ငရဲသလင်းကျောက်တွေက ဝိညာဉ်တွေကို ဝါးမျိုရတာ အကြိုက်ဆုံး မဟုတ်လား။ အခုတော့ မင်းတို့ ဝါးမျိုဖို့ လိုက်ရှာနေစရာ မလိုတော့ဘူး။ ငါကိုယ်တိုင်ပဲ မင်းတို့ဆီကို တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့မယ်။”
ရှမ့်လန်သည် ငရဲဝိညာဉ်ပုလဲကို ထုတ်ယူပြီး ရုတ်တရက် ဖျစ်ညှစ်လိုက်သည်။ ဤ ငရဲဝိညာဉ်ပုလဲ ရုတ်တရက် ပေါက်ကွဲသွားပြီး ရှေးဟောင်းလူသား ဝိညာဉ် ဆယ်ခုကျော်သည် ရူးသွပ်မတတ် ထွက်ပြေးကြတော့၏။
ရှမ့်လန်၏ အားပြင်းသော စိတ်စွမ်းအားသည် ဤငရဲသလင်းကျောက်များထဲမှ ရှေးဟောင်းလူသား ဝိညာဉ်များကို ခပ်ကြမ်းကြမ်း ထိန်းချုပ်လိုက်သည်။ သူသည် စွမ်းအင်ဝဲကတော့ တစ်ခုပြီး တစ်ခု၊ စွမ်းအင် ညီမျှခြင်း တစ်ခုပြီး တစ်ခု ထုတ်လွှတ်ကာ ဤရှေးဟောင်းဝိညာဉ်များနှင့် ငရဲသလင်းကျောက်များကို အသုံးပြုပြီး သရဲမြို့တော် တစ်ခု ဖန်တီးတော့သည်။
ထို့နောက် သူသည် အားပြင်းသော ယူရေနီယမ်ရောင်ခြည်စွမ်းအင်ကို တစ်ဖန် ထုတ်လွှတ်ပြီး ဤငရဲ သလင်းကျောက်များ ပေါ်တွင် တင်းကျပ်စွာ တွယ်ကပ်ထားလိုက်သည်။ နောက်ဆုံးတွင် ရှမ့်လန်၏ ကိုယ်ပိုင် ဝိညာဉ်သည် သူ ကိုယ်တိုင် ဖန်တီးထားသော သရဲမြို့တော်ထဲသို့ ရုတ်တရက် တိုးဝင်သွား၏။
“ဝင်ခဲ့၊ မင်းတို့ အကုန် ဝင်ခဲ့ကြ။” ရှမ့်လန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ခဏအကြာတွင် ရှေးဟောင်းလူသား ကျန်းချင်၏ ဝိညာဉ်နှင့် သူ့သမီးကျန်းမီ၏ ဝိညာဉ်တို့သည် ဤ သရဲမြို့တော်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရ၏။
အပိုင်း (၁၃၂၂)
လွန်ခဲ့သောဆယ်စုနှစ်များစွာက မြင်ကွင်းသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်သည်။
သရဲမြို့တော် တစ်ခုလုံးသည် ဗလာနယ်ကဲ့သို့ ဖြစ်ပြီး အတွင်းတွင် ဘာမှ မရှိပေ။ နယ်နိမိတ် မရှိ၊ အထက်အောက် မရှိ၊ စစ်မှန်သော ငရဲနှင့် တူ၏။
ရှမ့်လန်၊ ကျန်းမီနှင့် ကျန်းချင်ဟူသော အလင်းရုပ်သွင်သုံးခုသာ ရှိသည်။ ဤအချိန်တွင် ရှမ့်လန်သည် ကျန်းချင်၏ရုပ်သွင်ကို နောက်ဆုံး၌ သေချာစွာ မြင်တွေ့လိုက်ရသည်။ သူမ တကယ်ကို လှပသည်။ ရှမ့်လန်သည် သူ့ဝိညာဉ်၏ ရုပ်သွင်ကိုလည်း မြင်တွေ့နိုင်သည်။ ရှေးဟောင်းလူသား ဟန်ဆောင်ထားသော မျက်နှာ မဟုတ်တော့ဘဲ မူလ ရှမ့်လန် ပုံစံ ဖြစ်သည်။
“ဖေဖေ...” ကျန်းမီသည် ထောင့်တစ်နေရာတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပျော်ရွှင်မှုဖြင့် ရပ်နေပြီး ရှမ့်လန်ကို ငေးမောကြည့်နေခဲ့၏။ ဤတစ်ကြိမ်တွင်တော့ သူမသည် ဖခင်ကို တကယ် ပြန်တွေ့ရလေပြီ။
“ဖြောင်း... ဖြောင်း.. ဖြောင်း... ဖြောင်း...”
ရှေးဟောင်းလူသား ကျန်းချင်သည် လက်ခုပ်တီးပြီး ပြောလိုက်၏။ “လေးစားစရာပဲ၊ လေးစားစရာပဲ။ အရှင်ရှမ့်လန်... ဒီအခြေအနေကို ဖြေရှင်းလို့မရဘူးလို့ ကျွန်မ ထင်ခဲ့တာ၊ ရှင် ဒီလောက် စွမ်းမယ်လို့ မထင်ထားဘူး။ ရှင်က တကယ်ပဲ .....”
“ကြားခံနယ် လျှော့ချ တိုက်ခိုက်ခြင်း တစ်ခု လုပ်လိုက်တာ။” ရှမ့်လန်က ပြောလိုက်သည်။
“ဟုတ်တယ်။ ကြားခံနယ် လျှော့ချ တိုက်ခိုက်ခြင်း တစ်ခုပဲ။” ကျန်းချင်က ပြောလိုက်၏။
လက်ရှိအခြေအနေသည် ရှမ့်လန်အတွက် အမှန်တကယ်ပင် အကျပ်ရိုက်စရာ ဖြေရှင်းမရနိုင်သော ပုစ္ဆာတစ်ပုဒ် ဖြစ်နေသည်။ ကျန်းချင်သည် ကျန်းမီ၏ဦးနှောက်အတွင်း တည်ရှိနေခြင်းကြောင့် ရှမ့်လန်အနေဖြင့် မည်သည့်တိုက်ခိုက်မှုကိုမှ ပြုလုပ်၍မရပေ။ အကယ်၍ တိုက်ခိုက်မိပါက ကျန်းချင်မှာ ထိခိုက်မှုမရှိဘဲ ကျန်းမီသာလျှင် တစ်စစီ ကြေမွပျက်စီးသွားမည်။
ထို့အပြင် သီအိုရီအရ ကြည့်လျှင်လည်း ကျန်းချင်နှင့် ကျန်းမီ၏ ဝိညာဉ်များကို ခွဲထုတ်ရန် သို့မဟုတ် ကျန်းချင်၏ ဝိညာဉ်ကို ဆွဲထုတ်ရန်မှာ လုံးဝမဖြစ်နိုင်သကဲ့သို့၊ ရှမ့်လန်၏ ဝိညာဉ်ကိုယ်တိုင် ကျန်းမီ၏ ဦးနှောက်ထဲသို့ ဝင်ရောက်ရန်မှာလည်း အလှမ်းဝေးလွန်းသည်။
ထို့ကြောင့် ရှမ့်လန်သည် ဤအခက်အခဲကို ကျော်လွှားရန် သရဲမြို့တော်တစ်ခုကို ဖန်တီးကာ ဝိညာဉ် သုံးခုလုံးကို ထိုနေရာ၌ အတူတကွ ဖမ်းချုပ်ထည့်လိုက်ခြင်းဖြင့် အားလုံးကို ကြားခံနယ် တစ်ခုတည်းသို့ ရောက်ရှိသွားစေခဲ့သည်။ ဤနည်းဗျူဟာသည် ရိုးရာသဘောတရားမျိုး မဟုတ်သော်လည်း လုပ်ဆောင်ပုံ ချင်းမှာမူ အလွန်ပင် ဆင်တူလှ၏။
ထို့နောက် ကျန်းချင်၏ ဝိညာဉ်သည် ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး ကျန်းမီ၏ ဝိညာဉ်နှင့် ထပ်သွားခဲ့ သည်။ ပြီးနောက် သူမက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ “အရှင်ရှမ့်လန်... အခု ရှင် ဘာလုပ်မလဲ။ ရှင် ကျွန်မကိုတိုက်ခိုက်ရင် ရှင့်သမီးရဲ့ ဝိညာဉ်ကို တိုက်ခိုက်တာနဲ့ အတူတူပဲ။ အဲဒါ သိပ်မကောင်းဘူး မဟုတ်လား။ ပြီးတော့ အရေးကြီးဆုံးက ကျွန်မရဲ့ဝိညာဉ်ကို ငရဲသလင်းကျောက်က ကာကွယ်ပေးထားတယ်။ ဘယ်တော့မှ ထိခိုက်မှာ မဟုတ်ဘူး။ ဒါကို ရှင် သိသင့်ပါတယ်။”
“ဟုတ်လား။”
ရှမ့်လန် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ကျုပ်နဲ့ တော်ဝင်ရန်အင်ပါယာကြား နဂါးရဲ့ တိုက်ပွဲအကြောင်း ခင်ဗျား သိသလား။ ကျိကလန်ရဲ့ နဂါးက ငရဲသလင်းကျောက်တွေ မရေမတွက်နိုင်အောင် ဝါးမျိုပြီး ချော်ရည်ပင်လယ်ထဲမှာ ပြန်လည် မွေးဖွားခဲ့တာ။ ကျုပ်နဂါးကျတော့ ယူရေနီယမ်စွမ်းအင်တွေ ဝါးမျိုပြီး ရောင်ခြည် စွမ်းအင်ကို ပိုင်ဆိုင်ထားတာ။ နောက်ဆုံးတော့ ကျုပ်နဂါးက နိုင်သွားတယ်။”
ရှမ့်လန်သည် ခြေလှမ်းမှန်မှန်ဖြင့် ရှေ့သို့တိုးသွားသည်။ ထို့နောက် လက်နှစ်ဖက်ကို ဆန့်တန်းကာ ကျန်းချင်နှင့် ကျန်းမီတို့၏ ဝိညာဉ်များကို ဖမ်းဆုပ်လိုက်၏။ သူသည် တိုက်ခိုက်ခြင်း မပြုသေးဘဲ ထိုဝိညာဉ်နှစ်ခု ကို လုံးဝ ကွဲကွာသွားစေရန် ခွဲထုတ်လိုက်သည်။
ထို့နောက်တွင်မူ သူသည် စွမ်းအင်ဝဲကတော့များကို တစ်ခုပြီးတစ်ခု ဖန်တီးကာ ကျန်းချင်အား ရူးသွပ်မတတ် တိုက်ခိုက်လေတော့သည်။ ထိုစွမ်းအင်ဝဲကတော့တိုင်းတွင် အားပြင်းသော ရောင်ခြည်စွမ်းအင်များ ပါဝင် နေသည်။ ၎င်းတို့သည် ယူရေနီယမ် ရောင်ခြည်စွမ်းအင် သက်သက် မဟုတ်ပေ။ နဂါးသွေး အနှစ်သာရနှင့် ယူရေနီယမ်ကို ရောစပ်ထားသည့် အလွန်သန့်စင်သော ရောင်ခြည်စွမ်းအင်များ ဖြစ်ကြ၏။
ကျန်းချင်၏ နှုတ်မှစူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“အား... အား... အား...”
နဂါးသွေး အနှစ်သာရ ရောင်ခြည်စွမ်းအင်သည် အမှန်တကယ်ပင် စွမ်းအားကြီးမားလှ၏။ ဟိုယခင်က အမှောင်ဘုရင်မသည် လောကတွင် ရှိသမျှသော သိရှိထားသည့် စွမ်းအင်ဟူသမျှကို ဝါးမျိုပြီး အလင်းစက် တစ်ခုအဖြစ် စုစည်းခဲ့သည်။ ဤနည်းဖြင့် သူမသည် ငရဲသလင်းကျောက်တွင် အပေါက် တစ်ပေါက် ဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအပေါက်ကို ဖာထေးရန် ကျန်းလီသည် မြောက်ဝင်ရိုးစွန်း၌ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရ၏။
လက်ရှိအချိန်တွင် ရှမ့်လန်သည် ထိုမျှလောက် မစွမ်းဆောင်နိုင်သေးပေ။ သူသည် နျူကလီးယားပြိုကွဲခြင်း တိုက်ခိုက်မှုကို မဖန်တီးနိုင်သေးသကဲ့သို့ ငရဲသလင်းကျောက်တွင် အပေါက်ဖြစ်အောင်လည်း မဖောက်နိုင် သေးချေ။
သို့သော်ငြား နဂါးသွေး အနှစ်သာရနှင့် ပေါင်းစပ်ထားသော သန့်စင်သည့် ရောင်ခြည်စွမ်းအင်သည် ငရဲ သလင်းကျောက်ကို ဖောက်ထွင်းနိုင်ပြီး အတွင်းမှ ဝိညာဉ်ကို တိုက်ရိုက် ထိခိုက်စေနိုင်စွမ်း ရှိသည်။
သို့ရာတွင် ဤလုပ်ရပ်မှာ အလွန် ဖြုန်းတီးရာ ကျလွန်းသည်။ နဂါးသွေး အနှစ်သာရ ရောင်ခြည်စွမ်းအင်သည် အလွန် တန်ဖိုးကြီးလှ၏။
ရှမ့်လန်သည် မူလက ထိုအရာကို အသုံးပြု၍ နျူကလီးယားပြိုကွဲခြင်း တိုက်ခိုက်မှုကို ဖန်တီးရန် စီစဉ်ထား ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူသည် ထိုအရာကို သာမန် တိုက်ခိုက်မှု အဖြစ်သာ အသုံးပြုနေရသည်။ သို့ပေမည့် သူ့တွင် ရွေးချယ်စရာ မရှိချေ။ သူ၏ချစ်သမီးလေးကို ကယ်တင်ရမည် မဟုတ်ပါလား။
ရှမ့်လန်၏ ရူးသွပ်ဖွယ်ရာ နဂါးသွေး အနှစ်သာရ ရောင်ခြည်တိုက်ခိုက်မှုအောက်တွင် ရှေးဟောင်းလူသား ကျန်းချင်၏ဝိညာဉ်သည် နောက်ဆုံး၌ ညှိုးနွမ်းသွားခဲ့သည်။ သူမ၏ဝိညာဉ်သည် အားနည်းသထက် အားနည်းလာပြီး၊ မှေးမှိန်သထက် မှေးမှိန်လာခဲ့သည်။
ကျန်းချင်သည် နာကျင်စွာ အော်ဟစ်လိုက်၏။ “အရှင်ရှမ့်လန်... အသက်ချမ်းသာပေးပါ။ အသက် ချမ်းသာပေးပါ။ ရှေးဟောင်း မဟာပျက်သုန်းခြင်းကနေ အသက်ရှင် လွတ်မြောက်လာဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ လုံးဝ မလွယ်ကူခဲ့ပါဘူး။”
သူမ ထပ်မံ အသနားခံလိုက်သည်။ “အရှင်ရှမ့်လန်... အသက်ချမ်းသာပေးပါ။”
ကျန်းလီ ပြောခဲ့သလိုပင် အရာအားလုံးသည် ရှင်သန်ရပ်တည်ရေး အတွက်သာ ဖြစ်၏။
ရှမ့်လန်က မေးလိုက်သည်။ “ကျုပ် ခင်ဗျားကို အသက်ချမ်းသာပေးရင် ခင်ဗျား ကျန်းလီကို သစ္စာဖောက် မလား။”
ကျန်းချင်က အော်ဟစ် ငြင်းဆန်လိုက်၏။ “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။”
သူမက ဆက်ပြောသည်။ “အရှင်ကျန်းလီက လူသားယဉ်ကျေးမှုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ သူက ကျွန်မတို့ရဲ့ ထာဝရ နေမင်းကြီး၊ စစ်မှန်တဲ့ ကယ်တင်ရှင်ပဲ။”
ထို့နောက် ကျန်းချင်သည် ထပ်မံ အော်ဟစ်လိုက်ပြန်၏။ “အရှင်ရှမ့်လန်... အသက်ချမ်းသာပေးပါ။ ကျွန်မတို့ ရှေးဟောင်းလူသားတွေရဲ့ ဝိညာဉ် တစ်ခုစီတိုင်းက နှိုင်းယှဉ်လို့ မရနိုင်လောက်အောင် တန်ဖိုး ရှိပါတယ်။ ရှင် တစ်ယောက် သတ်လိုက်ရင် တစ်ယောက် လျော့သွားလိမ့်မယ်။ ကျွန်မတို့က လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ထာဝရ မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်နိုင်တယ်”
တကယ့်ကို မျက်နှာ အလွန်များသော လူတစ်ယောက်ပင်။ သူမသည် သေချာပေါက် လက်နက်ချမည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်ပေ။ အသက်ချမ်းသာပေးရန် တောင်းပန်ပြီး ယဉ်ကျေးမှု ရှင်သန်ရပ်တည်ရေးကို အကြောင်းပြကာ ရှမ့်လန်၏ စိတ်ကို ပြောင်းလဲရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရှမ့်လန် လုံးဝ စိတ်မလှုပ်ရှားခဲ့ပေ။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် တန်ဖိုးရှိသော နဂါးသွေး အနှစ်သာရ ရောင်ခြည်စွမ်းအင်ကိုသာ ရူးသွပ်မတတ် ဆက်လက် ထုတ်လွှတ်လိုက်၏။
အချိန်ခဏကြာပြီးနောက် ကျန်းချင်၏ အော်ဟစ်သံများ လုံးဝ ရပ်တန့်သွားခဲ့၏။ သူမ၏ ဝိညာဉ်သည် တစ်စစီ ပြိုကွဲပျက်စီးသွားပြီး ထူးဆန်းသော ရောင်ခြည်တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ ငရဲသလင်းကျောက် အတွင်း၌ လုံးဝ ပျောက်ကွယ်သွားသည်။
ကျန်းချင် သေဆုံးသွားပြီ ဖြစ်သည်။ မြေပြင်ပေါ်ရှိ ရှေးဟောင်းလူသားများ၏ ခန္ဓာကိုယ်များသည် ထိန်းချုပ်မှု ကင်းမဲ့သွားကြ၏။ သူတို့သည် နေရာမှာပင် လုံးဝ ခဲသွားသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားကြ၏။
ရှမ့်လန် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “သမီးလေး... သွားကြစို့။ ဖေဖေ အိမ်ပြန်လိုက်ပို့မယ်။”
သူသည် ရှမ့်မီ (ကျန်းမီ) ထံသို့ လက်ကမ်းပေးလိုက်၏။ ရှမ့်မီသည် ငယ်စဉ်က အတိုင်းပင် ဖြစ်နေသေးသည်။ သူမ၏မျက်လုံးဝိုင်းကြီးများ တောက်ပနေပြီး ဖခင်ဖြစ်သူ၏ လက်ထဲသို့ သူမ၏လက်လေးကို ထည့်လိုက်၏။
ရှမ့်လန်သည် သူမ၏လက်ကို ဆုပ်ကိုင်ထားပြီး သရဲမြို့တော်ထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။ ရှမ့်လန်၏သရဲမြို့တော်ကိုလည်း ငရဲသလင်းကျောက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လောလောဆယ်တွင် သူသည် အခြား သင့်တော်သော ပစ္စည်းများကို ရှာမတွေ့သေး သောကြောင့်ပင်။
ထို့ကြောင့် သီအိုရီအရ ငရဲသလင်းကျောက်ထဲသို့ ဝင်ရောက်သွားသော မည်သည့်ဝိညာဉ်မဆို ကာကွယ် ပေးထားခြင်း ခံရရုံသာမက အကျဉ်းချခံထားရမည်။ ဘယ်တော့မှ ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန် တည်ဆောက်ထားသော သရဲမြို့တော်တွင် ဘုရားသခင် ဖန်ဆင်းထားသကဲ့သို့သော တည်ဆောက်ပုံ တစ်မျိုး ရှိနေသည်။
၎င်းမှာ Klein ပုလင်းပုံစံပင်။ ဤတည်ဆောက်ပုံတွင် အတွင်းနှင့် အပြင်ဟူ၍ ခွဲခြားထားခြင်း မရှိပေ။ အတွင်းသည် အပြင်ဖြစ်ပြီး အပြင်သည် အတွင်းဖြစ်သည်။ မည်သည့် အပေါက်၊ အဟ၊ နေရာလွတ်မှ မရှိဘဲ လုံးဝ ပြီးပြည့်စုံနေသည်။ ထို့ကြောင့် ရှမ့်လန်သည် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခြင်း ဖြစ်၏။
(klein ပုလင်း ဆိုသည်မှာ ဂျာမန်သင်္ချာပညာရှင် felix klein ဖန်တီးခဲ့သော ထူးခြားသော ပုံစံတစ်မျိုး ဖြစ်သည်။ စိတ်ဝင်စားပါက google တွင် ရိုက်ရှာနိုင်ပါသည်။ - ဘာသာပြန်သူ)
သေချာသည်မှာ ဤ Klein ပုလင်းသည် ကမ္ဘာမြေပေါ်တွင် ထိပ်တန်း သင်္ချာပုစ္ဆာ ဆယ်ပုဒ်ထဲမှ တစ်ပုဒ် ဖြစ်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လက်တွေ့ကမ္ဘာတွင် ပေါ်ပေါက်လာနိုင်ခြင်း မရှိသော်လည်း Virtual ကမ္ဘာတွင် တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရှမ့်မီလေးကို ကယ်တင်ရန် ရှမ့်လန်သည် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ဉာဏ်ပညာသည် အမြင့်ဆုံးသော စွမ်းအား ဖြစ်၏။
...
ရှမ့်လန်သည် Klein ပုလင်းပုံစံ ငရဲသလင်းကျောက် သရဲမြို့တော်ထဲမှ ရှမ့်မီ၏ ဝိညာဉ်ကို ခေါ်ထုတ် လာခဲ့သည်။ ထို့နောက် တဖန် ပြန်လည် ဖိသိပ်လိုက်သည်။ ဤငရဲသလင်းကျောက်များနှင့် အတွင်းရှိ ရှေးဟောင်းလူသား ဝိညာဉ်များကို ငရဲဝိညာဉ်ပုလဲ တစ်လုံးအဖြစ် လုံးဝ ဖိသိပ်လိုက်သည်။
ရှမ့်လန်၏ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွား၏။ ရှမ့်မီ၏ ဝိညာဉ်သည်လည်း သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွား၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် နှစ်ဦးစလုံး လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိလာကြသည်။
မင်းသမီးလေးရှမ့်မီသည် ဖခင်ဖြစ်သူထံသို့ ပြေးဝင်သွားပြီး၏။ “ဖေဖေ ရှိတဲ့နေရာက သမီးရဲ့အိမ်ပါပဲ။”
ထိုအချိန်တွင် ရှမ့်လန်သည် မြေပြင်တစ်ခုလုံး၌ အလောင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ အရေအတွက်အားဖြင့် ထောင်ဂဏန်းခန့် ရှိပြီး အားလုံးမှာ အပိုင်းပိုင်း အစစ ဖြစ်နေကြသည်။ ဤအလောင်းများသည် ထျန်းနန်မြို့ ရေနက်တပ်ဖွဲ့ စစ်သည်တော်များ ဖြစ်ကြသည်။
ကျူးဟုန်ရွှဲ့သည် ဤအလောင်းများကို တစ်စစီ လိုက်ကောက်ပြီး ပြန်လည် ဆက်စပ်ပေးနေသည်။ ဤနေရာတွင် အပူချိန်သည် ရေခဲမှတ်အောက် ၉၀ ဒီဂရီခန့် ရှိသဖြင့် သေဆုံးသည်နှင့် တပြိုင်နက် ခဲသွားသောကြောင့် ပြန်လည် ဆက်စပ်ပေး၍ ရနိုင်ခြင်း ဖြစ်၏။
ကျူးဟုန်ရွှဲ့၏ သိုင်းပညာသည် အလွန် မြင့်မားပြီး အလွန် လျှင်မြန်သော်လည်း အလောင်း ရာဂဏန်းခန့် ကိုသာ ပြန်လည် ဆက်စပ်ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ရှေးဟောင်းလူသား များ၏ လက်ချက်ဖြင့် လုံးဝ ကြေမွသွားခဲ့သောကြောင့်ပင်။
ကျူးဟုန်ရွှဲ့သည် ရှမ့်လန်၏ရှေ့သို့ ရောက်လာပြီး ဒူးနှစ်ဖက်ထောက်ကာ ဦးတိုက်လိုက်သည်။ “ကျုပ် အရှင့်ကို ဂါရဝပြုပါတယ်။ အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ရှမ့်လန် လက်ကို ဆန့်ထုတ်ကာ ပြောလိုက်၏။ “တပ်မှုးကြီး ကျူးဟုန်ရွှဲ့... ထပါ။”
ကျူးဟုန်ရွှဲ့က တုံ့ပြန်လိုက်သည်။ “အရှင်ရဲ့ ကျေးဇူးတော်ကြောင့် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။”
ထို့နောက် သူ၏အကြည့်သည် မြေပြင်ပေါ်ရှိ ကြေမွနေသော အလောင်းများဆီသို့ တစ်ဖန် ရောက်ရှိ သွားပြန်၏။ အလောင်းတစ်ထောင်ကျော် ရှိနေ၏။
သူက ဆက်ပြောသည်။ “အရှင် ..... ဒီလူတွေက အရှင်ကို အရင်က မမြင်ဖူးကြပါဘူး။ သူတို့က မိစ္ဆာကောင်ကျန်းကို အမြဲတမ်း သစ္စာစောင့်သိခဲ့ကြတာပါ။ ဒါပေမဲ့... အမှန်တရားကို သိလိုက်ရတဲ့အခါ သူတို့က မီးထဲ တိုးဝင်တဲ့ ပိုးဖလံတွေလို ကျုပ်ကို လာကူညီခဲ့ကြပါတယ်။ တစ်ခဏချင်း အသတ်ခံလိုက်ရပေမဲ့ လူတိုင်းက ရဲရဲဝံ့ဝံ့ သေဆုံးခဲ့ကြပြီး အရှင်ရှမ့်လန် အတွက်ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။”
ကျူးဟုန်ရွှဲ့က စကားဆက်လိုက်၏။ “အရှင် ... ပြည်သူတွေရဲ့နှလုံးသားက ကျုပ်တို့ တော်ဝင်ချန် အင်ပါယာနဲ့ အတူ ရှိနေပါတယ်။ ပြည်သူတွေရဲ့ နှလုံးသားက အရှင်နဲ့ အတူ ရှိနေပါတယ်။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အရှင်က ထာဝရ အမြင့်မြတ်ဆုံး အင်ပါယာပါပဲ။”
ရှမ့်လန်က ပြန်ပြောလိုက်သည်။ “ကလေးတိုင်း ကြီးပြင်းလာရင် ဖခင်ကို ကိုးကွယ်ကြတယ်။ သူ့ဆီက သင်ယူကြတယ်။ နောက်ဆုံးတော့ ဖခင်ကို အနိုင်ယူပြီး မိသားစုရဲ့ ကျောထောက်နောက်ခံ ဖြစ်လာကြတယ်။ တချို့က အရမ်း ကြမ်းတမ်းမယ်။ တချို့က အရမ်း နူးညံ့သိမ်မွေ့မယ်။ တချို့က အရမ်း နွေးထွေးမယ်။
အရင်တုန်းက အင်ပါယာကျန်းလီရဲ့ ဘုန်းတန်ခိုးရောင်ခြည်စက်ဝန်းကြောင့် လောကကြီးက ကျုပ်ကို ထောက်ခံ ခဲ့ကြတယ်။ အခုတော့ ဒီရောင်ခြည်စက်ဝန်းကို ကျုပ် ချွတ်ချရမဲ့ အချိန် ရောက်ပြီ။ သူ့ကို ကျုပ် လုံးဝအနိုင်ယူပြီး ဖျက်ဆီးပစ်လိုက်တဲ့အခါ ကျုပ်က ဒီလောကကြီးရဲ့ စစ်မှန်တဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်။ ကျုပ် ဒီဘွဲ့ထူးကို လုံးဝ မလိုချင်ရင်တောင်မှပေါ့။”
ကျူးဟုန်ရွှဲ့က ပြောလိုက်၏။ “အရှင်... လောကကြီးအတွက် ဒီတာဝန်ကြီးကို အရှင် ထမ်းဆောင်ရ ပါလိမ့်မယ်။ အလင်းနယ်မြေနဲ့ တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးရဲ့ ပြည်သူတွေက အရှင် ပြန်လာမှာကို စောင့်မျှော်နေကြပါတယ်။ အရှင်... တော်ဝင်ချန်အင်ပါယာရဲ့ တစ်ခုတည်းသော သန့်ရှင်းနယ်မြေဆီ လိုက်ခဲ့ပါ။ မြို့တော် မိုကျင်းဆီ ကြွတော်မူပါ။”
လောကတစ်ခုလုံး ကျဆုံးသွားပြီ ဖြစ်သောကြောင့် ကျန်ရှိနေသော အင်အားစုများသည် တော်ဝင်ချန် အင်ပါယာသစ်ကို ဖွဲ့စည်းခဲ့ကြပြီး ကောင်းကင်ပင်လယ်နန်းဆောင် ထိန်းချုပ်ထားသော မိုင်တစ်သောင်း သဲကန္တာရ အတွင်းရှိ ရှေးဟောင်း အပျက်အစီးများသည် မြို့တော်သစ် မိုကျင်း ဖြစ်လာခဲ့သည်။
ဤလောကကြီးမှ လူများအတွက် မြို့တော် ဘယ်မှာရှိသည် ဆိုတာ အရေးမကြီးပေ။ အင်ပါယာ ရှိသော နေရာသည် မြို့တော်ပင် ဖြစ်၏။
ထို့နောက် ရှမ့်လန်၊ ရှမ့်မီနှင့် ကျူးဟုန်ရွှဲ့ တို့သည် သားရဲပျံကြီး သုံးကောင်ကို တစ်ဦးစီ စီးနင်း၍ အတောင်ပံ ဖြန့်ကာ တောင်ဘက်သို့ ပျံသန်းသွားကြသည်။