← Chapters

အခန်း (၁၃၀၇-၁၃၀၈)

Vol. 75 Ch. 1307-1308

အခန်း (၁၃၀၇-၁၃၀၈)

Vol. 75 Ch. 1307-1308

အပိုင်း (၁၃၀၇)

ရေနက်တပ်ဖွဲ့ လျှို့ဝှက်စစ်သည်က ထောက်ခံလိုက်၏။ “ဟုတ်ကဲ့ပါ။ ခိုအောင်းနေတဲ့ သူပုန်တွေက နည်းပါးပေမဲ့ သူတို့မှာ အရမ်းအစွမ်းထက်တဲ့ လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ ကျုပ်တို့ရဲ့ ထျန်းနန်ပြည်နယ်မှာ ပြန်လည် ပေးဆပ်နေသူ တစ်သန်းခွဲကျော် ရှိပါတယ်။ အကယ်၍ အကုန်လုံး လှုံ့ဆော်ခံလိုက်ရရင် နောက်ဆက်တွဲ ရလဒ်က ကြောက်စရာကောင်းမှာပါ။”

တစ်သန်းခွဲကျော်။

ရှမ့်လန်လုံးဝ တုန်လှုပ်သွားသည်။ ထျန်းနန်မြို့တော် တစ်ခုတည်းမှာတင် ကျေးကျွန် တစ်သန်းခွဲကျော် ရှိနေသည်လား။

မြို့စားမင်းရှမ့်ချန်က ဒေါသတကြီး ဆို၏။ “ဒီလူတွေက တကယ်ကို အပြစ်ကြီးမားတာပဲ။ အင်ပါယာ လုပ်သမျှ အရာအားလုံးက ဒီကမ္ဘာကြီးကို ကယ်တင်ဖို့အတွက်ပဲ။ ကျုပ်တို့ အသက်ရှင်နေရတာ၊ ဒီကမ္ဘာကြီး ကံကောင်းထောက်မစွာ ဆက်လက်တည်ရှိနေတာက အင်ပါယာရဲ့ ကျေးဇူးတော်ကြောင့်ပဲ။ ဒီလူတွေက မထင်မှတ်ဘဲ မဟာအင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားနေကြတယ်ပေါ့လေ။ သူတို့ အဓိက နေထိုင်တဲ့ နယ်မြေတွေ က ဘယ်နယ်မြေတွေလဲ။”

ရေနက်တပ်ဖွဲ့ လျှို့ဝှက်စစ်သည်က ပြန်ဖြေသည်။ “နယ်မြေ ၁၃ နဲ့ နယ်မြေ ၁၉ ပါ။ ဒါက လူ ၃၉ ယောက်ရဲ့ အသေးစိတ် စာရင်းပါ။ သူတို့ လှုံ့ဆော်ထားတဲ့ လူအုပ်စုက တစ်ထောင်ကျော်လောက် ရှိနိုင်ပြီး လှုံ့ဆော်ခံရနိုင်ချေရှိတဲ့ ပစ်မှတ်တွေကတော့ သုံးထောင်ကျော်လောက် ရှိပါတယ်။”

မြို့စားမင်းရှမ့်ချန်က ပေါ့ပါးစွာ အမိန့်ပေးလိုက်၏။ “ကင်းလှည့်စစ်တပ်ကို ပြင်ဆင်ထားလိုက်။ အလားအလာရှိတဲ့ သစ္စာဖောက်တွေကို နှိမ်နင်းဖို့ ပြင်ဆင်ထား။”

ရေနက်တပ်ဖွဲ့ လျှို့ဝှက်စစ်သည်က မေးလိုက်သည်။ “ကောင်းပါပြီ။… လူဘယ်နှစ်ယောက်လောက် စုစည်းရမလဲ။”

ရှမ့်ချန်က ဖြေ၏။ “တစ်သောင်း။”

အနီးရှိ ရေနက်တပ်ဖွဲ့ စစ်အရာရှိက ပြောလိုက်သည်။ “ကောင်းပါပြီ။”

ရှမ့်ချန်က ရှမ့်လန်ကို ညွှန်ပြကာ အမိန့်ပေးလိုက်၏။ “မင်းလည်း တပ်ဖွဲ့ဆီ ပြန်တော့။”

ထိုရေနက်တပ်ဖွဲ့ စစ်အရာရှိက ရှမ့်လန်ကို တစ်ချက်ကြည့်ကာ သူ့နောက်သို့ လိုက်ခဲ့ရန် အချက်ပြသည်။

ရှမ့်လန်လည်း နောက်မှ လိုက်သွား၏။

ထိုရေနက်တပ်ဖွဲ့ စစ်အရာရှိက ရှင်းပြသည်။ “အထူးသံတမန်… ခင်ဗျားက လျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေတယ် ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အဖွဲ့အစည်းက ရေနက်တပ်ဖွဲ့မှာ ယာယီအခြေစိုက်ထားတာမို့ ဒီရက်ပိုင်း ထျန်းနန်မြို့တော်မှာ အဆင်မပြေမှုတွေ ရှိနိုင်ပါတယ်။ လောလောဆယ်တော့ ကျုပ်တို့ရဲ့ အမိန့်ကို နာခံရပါလိမ့်မယ်။ စိတ်ချပါ… ခင်ဗျား မလုပ်ချင်တဲ့ ကိစ္စတွေကို ကျုပ် လုံးဝ ပါးစပ်ဟမှာ မဟုတ်ပါဘူး။”

ရှမ့်လန်က ဖြေလိုက်သည်။ “ကိစ္စမရှိပါဘူး။”

အထူးသံတမန်။ ဘာအထူးသံတမန်လဲ။

ရှမ့်လန်က မြို့စားစံအိမ်မှ ထွက်ခွာလာချိန်တွင် ဧရာမ မှန်ကြီးတစ်ခုကို ဖြတ်သန်းသွားရပြီး ထိုအခါမှသာ အထူးသံတမန်ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သူ နောက်ဆုံးတွင် သိရှိသွားခဲ့ပြီ ဖြစ်၏။

ရှေးဟောင်းလူသား ပုံစံရှိသူများကို အထူးသံတမန်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

တစ်ယောက်တည်းရှိချိန်က မသိသာသော်လည်း ယခု ဤရေနက်တပ်ဖွဲ့ စစ်အရာရှိနှင့် အတူ ယှဉ်ရပ်လိုက်ချိန်တွင် ကွာခြားချက်ကို သိသိသာသာ မြင်တွေ့ရ၏။

ရှမ့်လန်၏ အရပ်အမောင်းနှင့် မျက်နှာက သူတို့နှင့် မတူဘဲ ရှေးဟောင်းလူသားများ၏ ပုံစံဖြစ်နေသည်။ မျက်နှာသွင်ပြင်က ပိုမိုနက်ရှိုင်းပြီး ခြေလက်အင်္ဂါများက ပိုမိုသွယ်လျသည်။ ထို့အပြင် အရပ်မှာလည်း ၂.၂ မီတာ ကျော်ရှိပြီး အလွန်သန်မာတောင့်တင်းသည်။

ကျန်းလီ၏ ရှေးဟောင်းယဉ်ကျေးမှုက တစ်ဖန်ပြန်လည် ရောက်ရှိလာပြီး ရှေးဟောင်းလူသား သိန်းပေါင်းများစွာ ကို ခေါ်ဆောင်လာခဲ့ကာ စွမ်းအင်ခန္ဓာကိုယ်များအဖြစ် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်၏။

ထို့အပြင် မြေအောက်တွင် မြှုပ်နှံထားသော ရှေးဟောင်း လူကျောက်ရုပ်များကိုလည်း ပြန်လည် အသက်သွင်းခဲ့ပေသည်။ သို့ပေမည့် ဤရှေးဟောင်းလူသားများမှာ အထူး လူတန်းစားများ ဖြစ်နိုင်သည်။

ရှမ့်လန်က မေးလိုက်၏။ “သူပုန်တွေ ရုတ်တရက် လူဒီလောက်အများကြီး ခိုအောင်းနေတာ ဘာလုပ်ဖို့ စီစဉ်နေတာလဲ။”

ထိုရေနက်တပ်ဖွဲ့ စစ်အရာရှိက ဖြေလေသည်။ “အသေခံတိုက်ခိုက်မှု လုပ်ပြီး အကာအကွယ်ရဲ့ စွမ်းအင်တိုင် တချို့ကို ဖျက်ဆီးပစ်ချင်နေတာပါ။ အဖြစ်အပျက်ကြီး တစ်ခုဖန်တီးပြီး အင်ပါယာတစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်ချင်နေကြတာ။”

ရှမ့်လန်က မေးလိုက်၏။ “သုံးဆယ့်ကိုးယောက်ပဲ ရှိတာလား။”

ရေနက်တပ်ဖွဲ့ စစ်အရာရှိက ရှင်းပြသည်။ “အဆင့်အတန်း အတည်ပြုထားတာက သုံးဆယ့်ကိုးယောက်ပဲ ရှိတာပါ။ တကယ်တမ်းကျတော့ ဒီထက်ပိုများနိုင်ပါတယ်။ အထူးသံတမန်… ဒီည စစ်ဆင်ရေးမှာ ခင်ဗျား ပါဝင်မလား။”

ရှမ့်လန်က ဖြေလိုက်၏။ “ပါဝင်မယ်။”

ရေနက်တပ်ဖွဲ့ စစ်အရာရှိက ဆိုသည်။ “ကောင်းပြီ… အချိန်ကျရင် ခင်ဗျားကို အကြောင်းကြားပါ့မယ်။ သဘာဝအရ လိုအပ်လာရင် ခင်ဗျားက အနာဂတ်မှာ မြို့တော်ကို ပြန်သွားရမှာဆိုတော့ ကျုပ်တို့အတွက် ကောင်းကောင်းလေး ပြောပေးဖို့ မျှော်လင့်ပါတယ်။”

အခွင့်ထူးခံ ရှေးဟောင်းလူသားတစ်ဦးအနေဖြင့် ကျန်းလီအတွက် ဒေသတစ်ခုစီကို စောင့်ကြည့်ရသည့် တာဝန်ရှိကြောင်း ရှမ့်လန်နားလည်လိုက်ပေသည်။

သို့ပေမည့် ထို 'သုည' အဖွဲ့အစည်းက ရှမ့်လန်လှုပ်ရှားနိုင်ရန် ကျန်းလီ၏ လက်အောက်ရှိ ရှေးဟောင်းလူသား တစ်ဦးကို သတ်ဖြတ်ကာ ရှမ့်လန်ကို ထိုသူ၏ အသွင်အပြင်အဖြစ် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်နိုင်၏။

ထို့နောက် ဤရေနက်တပ်ဖွဲ့စစ်အရာရှိက ရှမ့်လန်နှင့်အတူ ခမ်းနားထည်ဝါသော အိမ်တစ်လုံးထဲသို့ ဝင်ရောက် သွားခဲ့သည်။

ဤအချိန်တွင် အိမ်ကြီး ဆယ့်သုံးလုံးစလုံးကို သူတစ်ဦးတည်းကသာ ဇိမ်ကျကျ နေထိုင်အသုံးပြုနေခြင်းဖြစ်ပြီး အတွင်းတွင် အမျိုးသား၊ အမျိုးသမီး အစေခံ ရာကျော်ခန့် ရှသည်။ အတွင်းတွင် အရသာရှိသော ဝိုင်များနှင့် အစားအစာများ အစုံအလင် ရှိနေ၏။

ရေနက်တပ်ဖွဲ့ စစ်အရာရှိက ဆိုသည်။ “အထူးသံတမန်ကြီး… ဒါက ကျုပ်တို့ရဲ့ အကောင်းဆုံး ဖျော်ဖြေရေး နေရာပါ။ ခင်ဗျားအတွက် အမျိုးသမီး ဆယ်ယောက်ကို ပြင်ဆင်ပေးထားပါတယ်။ လုံးဝ အပြစ်အနာအဆာ ကင်းတဲ့ အပျိုစင်လေးတွေပါ။ ကြိုက်သလို ခံစားနိုင်ပါတယ်။”

ထို့နောက် အမျိုးသမီး ဆယ်ဦးက ရှမ့်လန်၏ အရှေ့တွင် လုံးဝ ဒူးထောက်လိုက်ကြ၏။ ဥရောပတိုက်သားများ ပါဝင်သလို လူမည်းများလည်း ပါဝင်ကာ ဗီတာမျိုးနွယ်စုများ၊ အာရှတိုက်သားများ စသည်ဖြင့် အစုံအလင် ပါဝင်၏။

ရှမ့်လန်က အဝတ်အစားကို ကြည့်ကာ သူ၏ အဆင့်အတန်း မမြင့်မားကြောင်း သိနိုင်သည်။ သို့ပေမည့် ယခု မျက်မှောက်ရှိ ဤရေနက်တပ်ဖွဲ့ စစ်အရာရှိမှာ တပ်မှူးကြီး တစ်ဦးဖြစ်ပြီး စစ်မှန်သော အာဏာရှိသည့် ပုဂ္ဂိုလ်ကြီး ဖြစ်၏။ ယခုအချိန်တွင် ရှမ့်လန်က ရှေးဟောင်းလူသားပုံစံ ဖြစ်နေသောကြောင့် ရေနက်တပ်ဖွဲ့ တပ်မှူးကြီးက သူ့အား ဖားယားနေရခြင်း ဖြစ်သည်။

ဤတော်ဝင်ကျန်းအင်ပါယာရှိ ရှေးဟောင်းလူသားများက ပိရမစ်ကြီး၏ အထွတ်အထိပ်တွင် ရှိနေကြောင်း ထင်ရှားသည်။ ဤသည်မှာ လူမျိုးရေး အဆင့်အတန်းဖြစ်ပြီး သာမန်လူသားများ၏ ရာထူးက မည်မျှ ကြီးမားနေပါစေ ရှေးဟောင်းလူသားများရှေ့တွင် သဘာဝအရ သုံးဆခန့် နိမ့်ကျနေဆဲ ဖြစ်၏။

ရှမ့်လန်က စာကြည့်ခန်းထဲသို့ ရောက်ရှိသွားပြီး ဧရာမ မြေပုံကြီးတစ်ခုရှေ့တွင် ရပ်နေလိုက်၏။

ယင်းမှာ တော်ဝင်ကျန်းအင်ပါယာ၏ နယ်မြေဖြစ်ပြီး ရှမ့်လန်က တစ်ချက်ကြည့်လိုက်ရုံဖြင့် အံ့ဩသွားမိသည်။

မထင်မှတ်ဘဲ… ဤမျှလောက် ကြီးမားသွားသည်လား။

ယခု တော်ဝင်ကျန်းအင်ပါယာတွင် အရှေ့တိုင်းလောက တစ်ခုလုံးသာမက အနောက်ပိုင်းဒေသရှိ တိုင်းပြည် အမျိုးမျိုး၊ အရှေ့တောင်ပင်လယ်ပြင် တိုင်းပြည်အမျိုးမျိုးနှင့် ရှီလွန်အင်ပါယာ တစ်ခုလုံး၊ ရှီလွန်အင်ပါယာ၏ တောင်ပိုင်း ပင်လယ်ပြင်ဒေသများ အပါအဝင် အမေဇုန်နယ်မြေပင် ချွင်းချက်မရှိ ကျန်အင်ပါယာ၏ နယ်မြေအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ထို့အပြင် မြို့တစ်မြို့စီတိုင်းကို ဧရာမ အကာအကွယ် စွမ်းအင်အလွှာကြီးက ကာကွယ်ပေးထားပြီး ဤကဲ့သို့သော အကာအကွယ် စွမ်းအင်အလွှာကြီး စုစုပေါင်း ၁၉၉ ခု ရှိသည်။

တစ်နည်းအားဖြင့် ပြောရလျှင် လက်ရှိ တော်ဝင်ကျန်းအင်ပါယာတွင် ပြည်နယ် ၁၉၉ ခု ရှိပြီး စုစုပေါင်း လူဦးရေ သန်းငါးရာကျော် ရှိနိုင်၏။

ကမ္ဘာကြီးတစ်ခုလုံး အေးခဲနေပြီး ကမ္ဘာပျက်မည့် အခြေအနေသို့ ရောက်ရှိနေသည်ကိုတောင် လူဦးရေ တိုးလာသည်လား။

ဤထူးဆန်းသော သီးနှံများ၊ စားပြီးသည်နှင့် ချက်ချင်း ပြန်ပေါက်လာသော မြက်များနှင့် မြေကြီးပေါ်တွင် ရှိနေပြီး လုံးဝမလှုပ်ရှားနိုင်သော ကျွဲနွားများကို ရှမ့်လန် မတွေးဘဲ မနေနိုင်တော့ပေ။

ဤလူသန်းရာပေါင်းများစွာ၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်မှာ ကျေးကျွန်များ ဖြစ်ပြီး သူတို့က အကာအကွယ် စွမ်းအင်အလွှာ ၏ အစွန်းရှိ မြေအောက်ဂူများတွင်သာ နေထိုင်ကြကာ ပုရွက်ဆိတ်များနှင့်ပင် တူလှသည်။

မြေပုံပေါ်တွင် ရှမ့်လန်က ရွဲ့တိုင်းပြည် တစ်ခုလုံးကို ယခင်ကလိုပင် ထျန်းနန်၊ ထျန်းပေ့၊ ထျန်းရှီနှင့် ထျန်းယွဲ့ဟူ၍ နယ်မြေလေးခု ခွဲခြားထားကြောင်း တွေ့လိုက်ရ၏။

ယခင်ကလို ရွဲ့တိုင်းပြည်ဆိုသည်မှာ မရှိတော့ဘဲ နယ်စပ်ဖြတ်ကျော်နယ်မြေဟု ခေါ်ဆိုကာ အုပ်ချုပ်သူမှာ နယ်စပ် စောင့်ရှောက်ရေးမှူး ဖြစ်ပြီး မြို့စားမင်း၏ အထက်တွင် ရှိသည်။

သဲကန္တာရလူရိုင်းများ၏ တာ့နန်တိုင်းပြည်မှာ ဤအချိန်တွင် သဲကန္တာရနယ်စပ် ဖြစ်သွားပြီး တောင်ဘက်နှင့် မြောက်ဘက်တွင် အကာအကွယ်ပါရှိသော မြို့နှစ်မြို့ စုစုပေါင်း ရှိသည်။ မူလက ချောင်နိုင်ငံမှာ ပြည်နယ်တစ်ခု ဖြစ်သွားပြီး အကာအကွယ်ပါရှိသော မြို့တစ်မြို့သာ ရှိတော့၏။

မြို့တော်ကို မူလရန်မြို့တော် တည်နေရာတွင် တည်ဆောက်ထားကြောင်း မြေပုံပေါ်တွင် ရှမ့်လန် တွေ့လိုက်ရ၏။ သို့ပေမည့် ဧရိယာက အဆပေါင်း သုံးဆယ့်လေးဆအထိ တိုးချဲ့လာခဲ့ပြီး ကြီးမားလွန်းသော ဧရာမ မြို့တော်ကြီးဖြစ်ကာ လူဦးရေလည်း သေချာပေါက် ကျော်လွန်များပြားနေသည်။

‘ဒါက တကယ်ကို ပုံမှန်မဟုတ်တဲ့ အင်ပါယာကြီးတစ်ခုပဲ။’

ရှေးဟောင်း အင်ပါယာတစ်ခုနှင့် တူသော်လည်း ထူးဆန်းပြီး ခေတ်မီဆန်းသစ်သော ကုန်ထုတ်စွမ်းအားများ ရှိကာ ယှဉ်နိုင်စွမ်းမရှိလောက်အောင် အစွမ်းထက်သော စစ်တပ်တစ်ခုလည်း ရှိ၏။

ထို့အပြင် မြို့တော်တစ်ခုတည်း ရှိသည်မဟုတ်ဘဲ မြောက်ဝင်ရိုးစွန်းတွင် သန့်ရှင်းသော မြို့တော်တစ်ခု ရှိနေကြောင်းကိုလည်း ရှမ့်လ်နတွေ့ရှိခဲ့သည်။ ၎င်းမှာ ကျန်းလီ တစ်ကျော့ပြန် ဝင်ရောက်လာသော နယ်မြေပင် ဖြစ်သည်။

ရှီလွန်အင်ပါယာဘက်တွင် ရှီးကျင်းမြို့တော် တစ်ခု ရှိ၏။

ထို့ကြောင့် ဤအင်ပါယာ၏ စစ်မှန်သော မြို့တော်မှာ မြောက်ဝင်ရိုးစွန်းရှိ သန့်ရှင်းသော မြို့တော်ပင် ဖြစ်သည်။

ရှမ့်လန်က အချက်အလက်များကို ဆက်လက်ဖတ်ရှုနေပြီး အကာအကွယ်ထဲရှိ သီးနှံများ အဘယ့်ကြောင့် ဤမျှလောက် ရူးသွပ်စွာ ပေါက်နေရသနည်းဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့၏။

အလင်းရောင်ဖြင့် အစာစုဖွဲ့ခြင်းမှ မရရှိနိုင်ဘဲ မြို့တစ်မြို့စီ၏ စွမ်းအင်များ ဘယ်ကလာသနည်းဆိုသည်ကို ရှမ့်လန် သိလိုက်ရသည်။

ဗဟိုချက်ပဲ။

ကျန်းလီ၏ အစီအစဉ်က ဂြိုဟ်၏ စွမ်းအားများကို ရူးသွပ်စွာ မျိုချပြီး ဂြိုဟ်၏ အသက်စွမ်းအင်များကို ရူးသွပ်စွာ အလွန်အကျွံ သုံးစွဲနေခြင်း ဖြစ်၏။

မြို့တစ်မြို့စီတိုင်းရှိ ဧရာမ စူးစမ်းလေ့လာရေးစက်များက မြေလွှာအောက် နက်ရှိုင်းသောနေရာသို့ ထိုးဖောက် ဝင်ရောက်ကာ ဗဟိုချက်ဆီသို့ တိုက်ရိုက်ရောက်ရှိနေသည်။ စွမ်းအင်များကို အဆက်မပြတ် မျိုချပြီး စွမ်းအင်ဗဟိုချက်ထဲတွင် သိုလှောင်ကာ မြို့တစ်မြို့လုံးအတွက် စွမ်းအင် ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ဤသည်မှာ ရှေးဟောင်းယဉ်ကျေးမှု၏ နိယာမနှင့် အတူတူပင်ဖြစ်ပြီး ရှေးဟောင်း စွမ်းအင်ဗဟိုချက်များက မီးတောင်များမှ လုံလောက်သော စွမ်းအင်များကို ရယူကြသည်။ ဤသည်မှာ အလွန်သင့်လျော်သော စွမ်းအင် စုဆောင်းမှု ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် မီးတောင်ပေါက်ကွဲခြင်းမှာ စွမ်းအင်များလွန်းသောကြောင့် ဖြစ်ပြီး ချော်ရည်များ၏ အပူရှိန်ကို စွမ်းအင်ဗဟိုချက်မှတစ်ဆင့် စုပ်ယူခြင်းက စွမ်းအင်သိုလှောင်နိုင်ရုံသာမက မီးတောင် ပေါက်ကွဲခြင်းကိုပါ တားဆီးနိုင်သောကြောင့်ပင်။

ရှေးဟောင်းယဉ်ကျေးမှုက ဂြိုဟ်၏ စွမ်းအင်များကို အကျိုးသင့်အကြောင်းသင့် အသုံးပြုခဲ့သော်လည်း ကျန်းလီက ဗဟိုချက်မှနေ၍ စွမ်းအင်များကို စုပ်ယူနေခြင်းမှာ ဂြိုဟ်တစ်ခုလုံးကို တိုက်ရိုက်သတ်ဖြတ်ပစ်ခြင်းနှင့် ညီမျှသည်။

ဤသည်မှာ လူတစ်ယောက်အား ဆေးပိုက် ၁၉၉ ခု ချိတ်ကာ သွေးများကို အသည်းအသန် စုပ်ယူနေသည်နှင့် တူညီသည်။ ဤနည်းလမ်းဖြင့်ဆိုပါက ဂြိုဟ်မှာ အများဆုံး နှစ်ရာပေါင်းများစွာသာ ခံနိုင်မည်ဖြစ်ပြီး စွမ်းအင်များ လုံးဝ ကုန်ခန်းသွားပေမည်။ ထိုအချိန်ရောက်လျှင် ဂြိုဟ်ကြီးက လုံးဝ သေဆုံးသွားပေမည်။

ရှမ့်လန်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ အလျင်အမြန် စဉ်းစားတွေးတောနေသည်။

လက်ရှိ တော်ဝင်ကျန်းအင်ပါယာ၏အမည်ခံ အင်ပါယာဘုရင်မှာ ရှမ့်လန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းလီက သူ၏ အဆင့်အတန်းကို ထုတ်ဖော်မပြဘဲ ရှမ့်လန်၏ အဆင့်အတန်းကို တိုက်ရိုက် အသုံးပြုနေသောကြောင့်ပင်။

သို့ပေမည့် မြောက်ဝင်ရိုးစွန်းမှ ပြန်လာပြီးနောက် လူလုံးထွက်ပြခြင်း လုံးဝနီးပါး မရှိတော့ပေ။ အရေးကြီးသော ကိစ္စရပ်တစ်ခုကို လုပ်ဆောင်နေခြင်းမျိုး ဖြစ်နိုင်၏။

ထိုသို့ဆိုလျှင် အင်ပါယာကြီးကို မည်သို့အုပ်ချုပ်သနည်း။

ထို့အပြင် အချိန်ဘယ်နှစ်နှစ်လောက် ကြာသွားပြီနည်း။

လက်ရှိအချိန်က တော်ဝင်ကျန်း၂၉ နှစ်ဖြစ်ကြောင်း ရှမ့်လန်တွေ့လိုက်ရသည်။

ကျန်းလီ၏ ရှေးဟောင်းယဉ်ကျေးမှု တစ်ကျော့ပြန် ရောက်ရှိလာခြင်းက အင်ပါယာ၏ ပထမနှစ်နှင့် တိုက်ဆိုင်နေ၏။

လွန်ခဲ့သော ၂၉ နှစ် အတိအကျဖြစ်သည်။

စာကြည့်ခန်းထဲတွင် အင်ပါယာ၏ သမိုင်းမှတ်တမ်းများကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည်။

ရှမ့်လန်က ဤအမြင့်မြတ်ဆုံး အင်ပါယာဘုရင်၏ ပုံရိပ်ကို တွေ့လိုက်ရ၏။ ‘ဟုတ်တယ်… ဒါက ငါ့မျက်နှာပဲ။’

အင်ပါယာ၏ ဧကရီမှာ မူလန် ဖြစ်သည်။ သို့ပေမည့် ကျင်းမူလန်က မြို့တော်၌ မရှိဘဲ လွန်ခဲ့သော ၂၉ နှစ်တည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အင်ပါယာ၏ မိဖုရားများက အတော်များများ ရှိပြီး အားလုံးက ရှမ့်လန်၏ ဇနီးများဖြစ်ကြကာ နင်ယန်၊ ကျန်းချွင်းဟွာ၊ ပင်းအာ နှင့် ဒီဘိုရာ တို့ပင် ပါဝင်ပေသည်။

အင်ပါယာ၏ အိမ်ရှေ့စံမှာ ရှမ့်ယီ ဖြစ်ပြီး ဤပုံတူပန်းချီကားက ဓာတ်ပုံတစ်ပုံပမာ အလွန်အသက်ဝင်လှ၏။

ရှမ့်လန်၏ ညီဖြစ်သူ ရှမ့်ကျန့်က မြို့စားမင်းဘွဲ့ ချီးမြှင့်ခံရသည်။

အင်ပါယာ၏ ဝန်ကြီးချုပ်ပင်လျှင် ယခင်ကလိုပင် ကျင်းကျွင်း ဖြစ်နေ၏။

ရှမ့်လန်၏ သမီး ကျန်မီက ချန်လဲ့မင်းသမီးအဖြစ် ဘွဲ့ချီးမြှင့်ခံရသည်။ ကျန်းချန်က နယ်စပ် စောင့်ရှောက်ရေးမှူးနှင့် အင်ပါယာ၏ သွေးဘုရင်အဖြစ် ဘွဲ့ချီးမြှင့်ခံရပေသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ရှမ့်လန်၏ ဆွေမျိုးများက တော်ဝင်မျိုးနွယ်များ ဖြစ်သွားကြပြီး မွေးစားဖခင် ရှန်ဝမ်ပင်လျှင် မြို့စားဘွဲ့ ချီးမြှင့်ခံရ၏။

ကျင်းမူကုန်း က ဤအချိန်တွင် အင်ပါယာ၏ ဒုတိယဝန်ကြီးချုပ် ဖြစ်နေ၏။ ကျင်းမူကုန်း၏ သားမှာ ယခုနှစ်တွင် အသက်သုံးဆယ်သာ ရှိသေးသော်လည်း အင်ပါယာ မြို့စားမင်းဖြစ်လာကာ မူလ ကျင်းနိုင်ငံနယ်မြေတွင် ဘွဲ့နှင့် ရာထူးချီးမြှင့်ခံရကာ တာဝန်ထမ်းဆောင်နေသည်။

လူတစ်ယောက် အောင်မြင်သွားလျှင် တစ်ဆွေလုံး၊ တစ်မျိုးလုံး ကောင်းစားသွားတာ အမှန်ပင်။

အပိုင်း (၁၃၀၈)

ထို့ကြောင့် ရှမ့်ကျန့်၏သား ရှမ့်ချန်က အင်ပါယာရဲ့ ထျန်းနန်ပြည်နယ် မြို့စားမင်းဖြစ်လာပြီး လူဦးရေ သန်းပေါင်းများစွာနှင့် စစ်တပ် သိန်းပေါင်းများစွာကို အုပ်ချုပ်နေနိင်ခြင်းပင်။

ထို့အပြင် အင်ပါယာ၏ သမိုင်းမှတ်တမ်းများတွင် ရှင်းလင်းစွာ ရေးသားထားသည်မှာ တော်ဝင်ဧကရာဇ် ကျန်းလန်က ကမ္ဘာကြီးကို ကယ်တင်ရန် တစ်နှစ်ပတ်လုံး သန့်ရှင်းသော မြို့တော်တွင်သာ နေထိုင်သည်ဟုပင်။

တစ်နည်းအားဖြင့် ဆိုရလျှင် ကျန်းလီက အခြေခံအားဖြင့် မြောက်ဝင်ရိုးစွန်းမှ မထွက်ခွာသေးပေ။ တစ်နည်းအားဖြင့် အင်ပါယာ၏ အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲထားသူက အိမ်ရှေ့စံ ကျန်ယီလား။

ဆိုလိုသည်မှာ ရှမ့်လန်၏ မိသားစုဝင်အားလုံးက မြို့တော်မှာ ရှိနေကြသည်လား။ နင်ယွမ်ရှန်း အပါအဝင် ရှမ့်မီ၊ ပင်းအာ၊ နင်ယန်နှင့် အခြားသူတွေ အားလုံးကောလား။

အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။ လက်ရှိ ဤအင်ပါယာက သိသိသာသာကို ထူးဆန်းပြီး လူ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်က ကျေးကျွန်များအဖြစ် ကျဆင်းသွားကြခြင်းမှာ ပုံမှန်မဟုတ်ပေ။

အင်ပါယာ တစ်ခုလုံးရှိ လူတိုင်းနီးပါးက လမ်းလျှောက်အလောင်းကောင်များပမာ ရှင်သန်နေကြရပြီး လုံးဝ ယုတ်မာဆိုးသွမ်းသော အင်ပါယာတစ်ခု၊ ကြောက်မက်ဖွယ်ကောင်းသော အင်ပါယာတစ်ခု ဖြစ်သည်။

ကျန်းလီ တစ်နှစ်ပတ်လုံး ရှိမနေသည် ကို ကျန်းယီက အိမ်ရှေ့စံအနေနှင့် ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေသည်လား။

ရှမ့်လန်သည် မြို့တော်မှ မထွက်ခွာမီ ရှမ့်ယီ၊ မင်းသားကျင်းတို့နှင့် ပြောခဲ့သော စကားများကို ပြန်လည် မတွေးတောဘဲ မနေနိုင်ခဲ့ချေ။ ထိုအချိန်က ရှမ့်လန်သည် ရှမ့်ယီအား သူဘယ်သူလဲဟု မေးမြန်းခဲ့၏။ ရှမ့်ယီက သူသည် တော်ဝင်ချန်အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်ကြောင်း၊ ကျန်းမိသားစု၏ ဆက်ခံသူ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့၏။

ရှမ့်လန်က သူဘယ်သူလဲဟု ထပ်မံ မေးမြန်းခဲ့ပြန်၏။ ရှမ့်ယီက သူသည် မိဘနှစ်ပါး၏ သားဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ရှမ့်လန်က သူ့ကို မှာကြားခဲ့သည်မှာ သူသည် ဦးစွာပထမ မိဘနှစ်ပါး၏ သားဖြစ်ကြောင်း၊ ထို့နောက်မှသာ တော်ဝင်ချန် အင်ပါယာ၏ အိမ်ရှေ့စံမင်းသားနှင့် ကျန်းမိသားစု၏ ဆက်ခံသူ ဖြစ်ကြောင်း အမှတ်ရနေရန် ဖြစ်၏။ ထိုနေ့က ရှမ့်ယီ သဘောတူ လက်ခံခဲ့၏။

ထို့နောက် ရှမ့်လန်နှင့် မင်းသားကျင်းတို့ စကားပြောဆိုခဲ့ကြ၏။ မည်သို့ပင်ဖြစ်ပါစေ တော်ဝင်ချန် အင်ပါယာ၏ အလယ်ဗဟိုတွင်သာ ဆက်လက် နေထိုင်ရန် သူ မှာကြားခဲ့သည်။ မည်သည့် တန်ဖိုးကို ပေးဆပ်ရပါစေ၊ မည်မျှပင် အရှက်ရစေကာမူ တော်ဝင်ချန်အင်ပါယာ၏ အလယ်ဗဟိုတွင်သာ ဆက်လက် နေထိုင်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ခြင်းပင်။

ယခု (၂၉) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မင်းသားကျင်းသည် အသက် ခြောက်ဆယ်ကျော် ရှိနေပြီ ဖြစ်ပြီး ရှမ့်ယီမှာ လေးဆယ်ကျော် ရှိနေပြီ ဖြစ်သည်။ သူတို့ ဘယ်လို နေ,နေကြသနည်း။

အမှန်စင်စစ်တွင် ဤလောက၏ စွမ်းအင် ပတ်ဝန်းကျင် အနေအထားမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အသက်အရွယ်သည် သိပ်ပြီး အဓိပ္ပာယ် မရှိတော့ချေ။

အင်ပါယာ၏ မှတ်တမ်းများအရ အင်ပါယာဘုရင် ကျန်းလန်၏ ကြီးမားသော အကျိုးပြုမှုများထဲမှ တစ်ခုမှာ လူသားတို့၏ သက်တမ်းကို နှစ်ပေါင်း တစ်ရာမှ နှစ်ရာအထိ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မင်းသားကျင်းသည် ခြောက်ဆယ်ကျော်အရွယ်၌ ဘဝ၏ အကောင်းဆုံး အချိန်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး၊ ရှမ့်ယီမှာမူ လူငယ်တစ်ဦးသာ ရှိသေး၏။

အခြား အရေးကြီးသော ပုဂ္ဂိုလ် သုံးဦး ရှိနေသေးသည်။ ကျင်းမူလန်၊ ကျောက်စိမ်းဖြူမြို့တော်မှ အမျိုးသမီး နှင့် အဒေါ့ဖ် တို့ ဖြစ်ကြသည်။ ရှမ့်လန်သည် မြောက်ဝန်ရိုးစွန်းရှိ ကျောက်စိမ်းဖြူမြို့တော်သို့ သွားရောက်ခဲ့စဉ်က ကျောက်စိမ်းဖြူမြို့တော်မှ တမန်တော်က ကျင်းမူလန်ကို အရင် တွေ့လိုသလားဟု မေးမြန်းခဲ့ဖူး၏။

သူတို့သည် တစ်နှစ်ကျော်ကြာ မတွေ့ခဲ့ရပေ။ သို့သော်ငြား ရှမ့်လန် ငြင်းပယ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် မူလန်သည် ကျောက်စိမ်းဖြူမြို့တော်တွင် မရှိတော့ကြောင်း ရှမ့်လန် သိရှိထားသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ မိခင်၊ ကျောက်စိမ်းဖြူမြို့တော်၏ဧကရီသည် ကျန်းလီ ပြန်လာမည့် အရေးအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သောကြောင့်ပင်။

မူလန်ကို ကျောက်စိမ်းဖြူမြို့တော်တွင် ဆက်လက် နေထိုင်ခွင့်ပြုမည် မဟုတ်ချေ။ အဒေါ့ဖ်ကိုပင် လျှို့ဝှက်စွာ ပို့ဆောင်ထားပြီး ဖြစ်သည်။ ဤသုံးသပ်ချက်အရ ဆိုလျှင် မူလန်သည် အင်ပါယာ မြို့တော်တွင် မရှိသင့်ပေ။ ထိုသို့ဆိုလျှင် ဧကရီ ကျင်းမူလန် ဆိုသည်မှာ မည်သည့်နေရာက ရောက်လာသနည်း။

နောက်ထပ် ကိစ္စတစ်ခု ရှိသေးသည်။ ဘိုးဘေးလော်နှင့် ကျန်းလီတို့ကြား မည်သည့် ပတ်သက်ဆက်နွှယ်မှု ရှိသနည်း။ သူမ၏ ဝိသေသလက္ခဏာမှာ ဘာဖြစ်သနည်း။ အခြား အဓိကကျသောနေရာတစ်ခုမှာ ရှေးဟောင်း အကျဉ်းထောင် ဖြစ်သည်။

ဤရှေးဟောင်း အကျဉ်းထောင်သည် ရှမ့်လန်အား သံသယများနှင့် လှည့်စားမှုများစွာ ပေးစွမ်းခဲ့၏။ ပထမဆုံး အကျဉ်းသား၊ အဆင့်အနိမ့်ဆုံး အကျဉ်းသားမှာ အိမ်ရှေ့စံ ကျန်းရှဲ့ ဖြစ်သည်။ သူသည် အရှေ့တိုင်း အင်ပါယာ တစ်ခုလုံး၏ အကြီးမားဆုံးသော သစ္စာဖောက် ဖြစ်ပြီး ကျန်းကလန်ကို ထီးနန်းလက်လွတ် ဆုံးရှုံးစေခဲ့သူ ဖြစ်၏။

သို့သော်ငြား ကျန်းရှဲ့၏ ရှေးဟောင်း အရှေ့တိုင်း အင်ပါယာအပေါ် သစ္စာဖောက်မှုဆိုသည်မှာ ပူးပေါင်းကြံစည်မှု တစ်ခုသာ ဖြစ်ခဲ့သည်။ ဘုရင်မ မီဒူဆာကို ခိုးယူရန်၊ ရှေးဟောင်းခေတ်၏ မဟာနိဗ္ဗာနကို ရှောင်ရှားရန် နှင့် ရှေးဟောင်း ယဉ်ကျေးမှုကြီး တစ်ဖန် ပြန်လည် ဦးမော့လာစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်း အကျဉ်းထောင်ထဲမှ ကျန်းရှဲ့သည် အတုအယောင် ဖြစ်ကြောင်း ထင်ရှားလှသည်။ သူသည် ကိုယ်စားပြု လူစားထိုးထားသူ တစ်ဦးသာ ဖြစ်၏။ အမှန်စင်စစ်တွင် ဤရှေးဟောင်း အကျဉ်းထောင် ကို သူ၏ ဉာဏ်ပညာဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။

ဤနေရာတွင် ပြဿနာ ရှိနေ၏။ ကျန်းရှဲ့၏ ရှေးဟောင်း အရှေ့တိုင်း အင်ပါယာအပေါ် သစ္စာဖောက်မှုသည် ပူးပေါင်းကြံစည်မှု တစ်ခုဖြစ်သည်ဆိုလျှင် ရှေးဟောင်းကျိကလန်နှင့် ရှေးဟောင်း ကျန်းကလန်တို့က ဤကိစ္စကို သိရှိသည်လား။

အကယ်၍ သူတို့အားလုံး သိရှိထားကြလျှင် ဤသည်မှာ ရှေးဟောင်း အင်ပါယာ တော်ဝင်မိသားစု၏ အမြင့်ဆုံးသော လျှို့ဝှက်ချက် ဖြစ်ပေလိမ့်မည်။ အကယ်၍ သူတို့ မသိရှိကြလျှင် ကျန်းရှဲ့သည် စီမံကိန်း တစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

ရှေးဟောင်းအကျဉ်းထောင်၏ အဆင့်အနိမ့်ဆုံး အကျဉ်းသားဖြစ်သော ကျန်းရှဲ့သည် အတုအယောင် ဖြစ်နေသောကြောင့် ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းထောင် တစ်ခုလုံးအပေါ် ကြီးမားစွာ သံသယ ဝင်မိသည်။ ရှေးဟောင်း အကျဉ်းထောင်တစ်ခုလုံး အတုအယောင် ဖြစ်နေမည်လား။ ဒုတိယ အကျဉ်းခန်းတွင် အမှောင်ဘုရင်မကို ချုပ်နှောင်ထားပြီး သူမသည် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။

လောလောဆယ်တွင် ရှမ့်လန်သည် ဤယူဆချက်ကို အနည်းငယ် ပြုပြင်ရန် လိုအပ်သည်။ ပထမ အကျဉ်းခန်းထဲမှ အိမ်ရှေ့စံကျန်းရှဲ့သည် အတုအယောင် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း နောက်ထပ် အကျဉ်းခန်း အနည်းငယ်မှာမူ အတုအယောင် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

အကယ်၍ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အမှောင်ဘုရင်မ အမှန်တကယ် ရှိခဲ့ပြီး လွတ်မြောက် သွားခဲ့သည် ဆိုလျှင် သူမသည် မည်သူနည်း။ သူမ ကိုယ်ထင်ပြခဲ့ဖူးလား။

မေးခွန်းပေါင်းများစွာသည် ရှမ့်လန်၏ စိတ်ထဲတွင် ပလူပျံနေခဲ့သည်။

ထိုအချိန်၌ အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “အထူးသံတမန်... ကျုပ်တို့ လှုပ်ရှားတော့မယ်။ (၁၃) ရပ်ကွက်နဲ့ (၁၉) ရပ်ကွက်က ပုန်ကန်မှုတွေကို သွားရောက် ရှင်းလင်းတော့မယ်။ လိုက်ချင်ပါသလား။”

ရှမ့်လန် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “လိုက်မယ်။”

ထို့နောက် သူ အပြင်သို့ ထွက်လာခဲ့သည်။ မလှမ်းမကမ်းတွင် ထျန်းနန်မြို့၏ ရေနက်တပ်ဖွဲ့ရဲတိုက်ကို ရှမ့်လန် မြင်တွေ့နေရ၏။ အမှန်တကယ်ပင် အမှောင်ခံတပ်ကြီးတစ်ခုနှင့် တူလှသည်။ ဧက နှစ်ထောင်ကျော် ကျယ်ဝန်းပြီး အလွန် ကြီးမားသည်။ အလွှာလိုက် အလွှာလိုက်ဖြင့် အကြီးအကျယ် စောင့်ကြပ်ထားသည်။

ဤသည်မှာ ထျန်းနန်မြို့၏ ရေနက်တပ်ဖွဲ့ရဲတိုက်သာ ဖြစ်သော်လည်း ၎င်း၏ အတိုင်းအတာမှာ ရွှဲ့ပြည်နယ်၏ ရေနက်တပ်ဖွဲ့ရဲတိုက်ထက် များစွာ ပိုမိုကြီးမားနေသည်။ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှ၏။

ထျန်းနန်ပြည်နယ် ရေနက်တပ်ဖွဲ့၏ အမြင့်ဆုံး အရာရှိမှာ တပ်မှူးဖြစ်ကြောင်း ရှမ့်လန် သိရှိထားသည်။ သူသည် ထျန်းနန်မြို့တွင် တတိယမြောက် အရေးအပါဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး မြို့စားကြီးနှင့် ကာကွယ်ရေး တပ်မှူးတို့၏ အောက်တွင်သာ ရှိသည်။ တပ်မှူးတစ်ဦး၌ ပညာရှိသုံးဦး ရှိပြီး စစ်သည်အင်အားသုံးသောင်း ရှိသည်။

ပြည်နယ်တစ်ခု၏ ရေနက်တပ်ဖွဲ့၌ ကင်းလှည့်တပ်ဖွဲ့ဝင် သုံးသောင်း ရှိနေခြင်း ဖြစ်၏။ ဤသည်မှာ ယခင်က စိတ်ကူးပင် မယဉ်နိုင်ခဲ့သော အရာ ဖြစ်သည်။ ရွှဲ့ပြည်နယ်၏ ရေနက်တပ်ဖွဲ့သည် အထွတ်အထိပ် ရောက်ချိန်၌ပင် စစ်သည်အင်အား သုံးသောင်း မရှိခဲ့ချေ။

ထိုအချိန်တွင် ရေနက်တပ်ဖွဲ့၏ ကင်းလှည့်တပ်ဖွဲ့ဝင် တစ်သောင်းသည် ရင်ပြင်တွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်၏။ ခေါင်းဆောင်မှာ ဝမ်ဟူ ဖြစ်သည်။ ဤ ရေနက်တပ်ဖွဲ့ စစ်သည်တော် တစ်သောင်းသည် အထက်တန်းလွှာများဟု သတ်မှတ်နိုင်ပေသည်။

သူတို့ တစ်ဦးစီတိုင်းသည် အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြ၏။ အထူးစစ်သည်တော်များ၏ ရှေးဟောင်း သံချပ်ကာများနှင့် ယှဉ်နိုင်ခြင်း မရှိသော်လည်း သဘာဝလွန် အင်အားစု (၆) ခု၏ လျှို့ဝှက် သံချပ်ကာများထက် သာလွန်ကောင်းမွန်နေသေး၏။

သူတို့ တစ်ဦးစီတိုင်းတွင် ရှေးဟောင်း ဓားတစ်လက်နှင့် အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်တစ်လက် ကိုင်ဆောင်ထားကြ၏။ သူတို့၏ မျက်နှာဖုံးများကို အထူးသတ္တုဖြင့် သွန်းလုပ်ထားပြီး ထိုးဖောက်၍ မရနိုင်ချေ။ စစ်သည်တိုင်း လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည်။ ဤသည်မှာ ဟစ်တလာ၏ ဂက်စတာပိုတပ်ဖွဲ့နှင့် တူသော်လည်း ပိုမို အစွမ်းထက်ပြီး ပိုမို အဆင့်မြင့်လှပေသည်။

ပြည်နယ်တစ်ခုတည်း၌ပင် ရေနက်တပ်ဖွဲ့ စစ်သည်တော် သုံးသောင်း ရှိနေခြင်း ဖြစ်၏။ ဤသည်က ကျန်းအင်ပါယာ၏ လျှို့ဝှက်ထောက်လှမ်းရေး အုပ်ချုပ်မှုကို ပိုမို သက်သေပြနေခြင်း ဖြစ်သည်။ မှောင်မိုက်ပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ရေနက်တပ်ဖွဲ့မှ အရာရှိသည် ရှမ့်လန်ကို မြင်လိုက်ရသည့်အခါ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာသည် အများပြည်သူဆိုင်ရာ နေရာဖြစ်သဖြင့် သူသည် အလွန်အမင်း မျက်နှာလိုမျက်နှာရ ပြုလုပ်၍ မဖြစ်ချေ။

“ချီတက်ကြ...”

သူ၏ အမိန့်သံအဆုံးတွင် ကင်းလှည့်တပ်ဖွဲ့ဝင် တစ်သောင်းသည် မြို့စွန်သို့ ခမ်းနား ထည်ဝါစွာ ချီတက်သွားကြသည်။ သယ်ယူပို့ဆောင်ရေး ယာဉ်များ မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ တစ်ဦးစီတိုင်းသည် အိပ်မက်ဆိုးကျောက်တုံးဖြင့် မောင်းနှင်သော အထူးဖိနပ်များကို ဝတ်ဆင်ထားကြသဖြင့် သူတို့၏ အမြန်နှုန်းမှာ အလွန် လျင်မြန်၏။

မြို့၏လမ်းမများသည် အလွန် ကျယ်ဝန်းလှပေသည်။ ယခင် ရွှဲ့ပြည်နယ်၏ ရွှမ်ဝူလမ်းမကြီးသည် တန်မင်းဆက်၏ ချန်အန်းလမ်းမကြီးလောက် မကျယ်ဝန်းသော်လည်း မီတာ ဆယ်ဂဏန်းခန့် ကျယ်ဝန်း ခဲ့သည်။ ထျန်းနန်မြို့၏ ပင်မလမ်းမကြီးမှာမူ မီတာ နှစ်ရာကျော် ကျယ်ဝန်းသည်။

ရေနက်တပ်ဖွဲ့ ကင်းလှည့်တပ်ဖွဲ့ ဖြတ်သန်းသွားချိန်မှာတော့ လမ်းမကြီးသည် ရှင်းလင်းနေခဲ့၏။ မည်သူမှ သူတို့၏ လမ်းကို မပိတ်ပင်ရဲကြချေ။ လူတိုင်းသည် စိုးရိမ်ထိတ်လန့်နေကြပြီး ဤလူစု၏ မြင်ကွင်းရှေ့တွင် ပေါ်လာမည်ကို ကြောက်ရွံ့နေကြသည်။

မင်မင်းဆက်၏ အင်ပါယာ ယူနီဖောင်း ဝတ်ဆင်ထားသော အစောင့်များနှင့် အရှေ့ဘက်အဖွဲ့ အစောင့်များ၊ ဒုတိယလောကစစ်အတွင်း ဂျာမနီနိုင်ငံ၏ ဂက်စတာပို တပ်ဖွဲ့များ၊ ထိုသူများ အားလုံးသည် လူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့ကြ၏။

ထျန်းနန်မြို့သားများသည် ရေနက်တပ်ဖွဲ့စစ်သည်တော်များကို ပို၍ပင် ကြောက်ရွံ့ကြသည်။ အမှန် တကယ်ပင် လျှို့ဝှက်ထောက်လှမ်းရေး အုပ်ချုပ်မှုအောက်တွင် လုံးဝ ရောက်ရှိနေခြင်း ဖြစ်သည်။

... ...

တစ်ချိန်တည်းမှာပဲ ထျန်းနန်မြို့၏အရှေ့ဘက်အစွန်းဆုံး၌ နတ်သမီးနယ်မြေ တစ်ခု ရှိနေသည်။ တံတားငယ်လေးများ၊ စီးဆင်းနေသောရေတံခွန်များနှင့် လှပသော ပန်းများ ရှိ၏။ ထျန်းနန်မြို့ရှိ အဆောက်အအုံ အားလုံးသည် ကြီးမားကြသည်။ အများစုမှာ မီတာ ရာပေါင်းများစွာ မြင့်မားကြသည်။ ခမ်းနားထည်ဝါသော်လည်း ဖိနှိပ်မှု ရှိနေ၏။ အရှေ့တိုင်းဟန်လား၊ အနောက်တိုင်းဟန်လား၊ ရှေးဟောင်း ခေတ်လား၊ အနာဂတ်လား ခွဲခြား၍ မရနိုင်ချေ။ အတိုချုပ် ပြောရလျှင် အလွန် ဆန့်ကျင်ဘက် ဖြစ်နေခြင်းပင်။

သို့သော်ငြား ဤနေရာရှိ စံအိမ်တော်သည် ရှေးဟောင်း အရှေ့တိုင်း ပုံစံဖြင့် လုံးဝ တည်ဆောက်ထားခြင်း ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာကနှင့် အတိအကျ တူညီနေဆဲ ဖြစ်၏။ ဤသည်မှာ ထျန်းနန် နန်းတော် ဖြစ်သည်။ အိမ်ရှေ့စံ ကျန်းယီ တစ်ချိန်က ဤနေရာတွင် တည်းခိုခဲ့ဖူး၏။

တော်ဝင်မိသားစုဝင်များ ထျန်းနန်မြို့သို့ လာရောက်တိုင်း ဘုရင်ခံ၏ စံအိမ်တော်သို့ မသွားဘဲ ဤနန်းတော်သို့ ဝင်ရောက်လေ့ ရှိကြသည်။ သဘာဝကျစွာပင် တော်ဝင်မိသားစုဝင်များသာလျှင် ဝင်ရောက်နိုင်သော အရည်အချင်း ရှိကြသည်။

ထျန်းနန်ပြည်နယ် ရေနက်တပ်ဖွဲ့၏ အမြင့်ဆုံး အရာရှိမှာ ရေတပ်ဗိုလ်ချုပ်ဖြစ်သည်။ သို့သော်ငြား ကင်းလှည့်တပ်ဖွဲ့ဝင် တစ်သောင်း (၁၃) ရပ်ကွက်နှင့် (၁၉) ရပ်ကွက်သို့ ပုန်ကန်မှုကို နှိမ်နင်းရန် သွားရောက်ချိန်တွင် ဤရေတပ်ဗိုလ်ချုပ်သည် တပ်ကို ဦးဆောင်ခြင်း မရှိခဲ့ချေ။ သူသည် ပေါ်ပင် မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ပိုမို အရေးကြီးသော တာဝန်တစ်ခု ရှိနေသောကြောင့် ဖြစ်၏။

သူသည် အထက်တန်းလွှာစစ်သည်များကို ဦးဆောင်ကာ ထျန်းနန် နန်းတော်ကို ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်သည်။ ဤနေရာတွင် အမှန်တကယ် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသောကြောင့်ပင်။

မြို့စားမင်းစံအိမ်တော်၏ တပ်ဖွဲ့သည် ရထားလုံးတစ်စီးကို နန်းတော်တံခါးဝအထိ ခြံရံလိုက်ပါ ပို့ဆောင်ပေး ခဲ့သည်။ မိန်းမစိုးတစ်ဦး ရှေ့ထွက်လာပြီး တံခါးဖွင့်ပေးလိုက်၏။ ထို့နောက် ဒူးထောက်လိုက်ပြီး အတွင်းမှ မြင့်မြတ်သော ပုဂ္ဂိုလ် ရထားလုံးပေါ်မှ ဆင်းနိုင်ရန် သူ့ခန္ဓာကိုယ်ကို ခွေးခြေအဖြစ် အသုံးပြုစေသည်။

ရှစ်ချင်းချင်းသည် တစ်ချက်ကြည့်လိုက်၏။ သူမသည် ရထားလုံးပေါ်မှ ဆင်းရန် ခွေးခြေကို နင်းခြင်း မပြုဘဲ မြေကြီးပေါ်သို့ တိုက်ရိုက်ဆင်းကာ နန်းတော်ဘက်သို့ လျှောက်သွားလိုက်၏။

ထျန်းနန်ပြည်နယ် ရေနက်တပ်ဖွဲ့ ရေတပ်မှုးသည် အထက်တန်းလွှာ စစ်သည်များကို ဦးဆောင်ကာ စနစ်တကျ ဒူးထောက်လိုက်ကြသည်။ “မြင့်မြတ်သော သခင်မကို ဂါရဝပြုပါတယ်။”

ရှစ်ချင်းချင်းသည် ရှမ့်လန်နှင့် လက်ထပ်ခဲ့ခြင်း မရှိသော်လည်း သူမ၌ ရှမ့်လန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်း လူတိုင်း သိရှိထားကြသည်။ ထို့ကြောင့် သူမကို ကိုယ်လုပ်တော်ဟု ခေါ်ဆို၍ မရနိုင်ချေ။ မြင့်မြတ်သော သခင်မဟုသာ ခေါ်ဆိုနိုင်၏။

မြို့စားမင်း စံအိမ်တော်၏တပ်ဖွဲ့ နန်းတော်အနီးသို့ ရောက်ရှိလာချိန်မှာတော့ ရေနက်တပ်ဖွဲ့ ရေတပ်မှုးက ချက်ချင်း တားဆီးလိုက်သည်။ ဤသည်မှာ နန်းတော် ဖြစ်သည်။ မည်သူမှ ဝင်ရောက်နိုင်သော အရည်အချင်း မရှိကြချေ။ သာမန် တပ်ဖွဲ့များ ဤနေရာသို့ ချဉ်းကပ်ခွင့် မရှိပေ။ ရေနက်တပ်ဖွဲ့သည် တော်ဝင်မိသားစု၏ လက်ပါးစေများ ဖြစ်ကြသည်။ သူတို့သာလျှင် နန်းတော်ကို စောင့်ကြပ်ခွင့် ရှိကြသည်။

မြို့စားမင်းစံအိမ်တော်၏ အရာရှိသည် ပြုံးလျက် အနည်းငယ် ဦးညွှတ်လိုက်သည်။ သူ၏ စိတ်ထဲတွင်မူ အလွန် မကျေမနပ် ဖြစ်နေ၏။ ရေနက်တပ်ဖွဲ့သည် မောက်မာလွန်းလှပေသည်။ မြို့စားမင်း စံအိမ်တော်ကိုပင် မျက်လုံးထဲ မထည့်ကြချေ။

‘ကျုပ်တို့ ဘုရင်ခံက အင်ပါယာဘုရင်ရဲ့ တူတော်မောင် ဖြစ်ပါလျက်နဲ့..’

ရှစ်ချင်းချင်း နန်းတော်ထဲသို့ ဝင်ရောက်လာချိန်မှာတော့ မိန်းမစိုးတစ်ဦး ချက်ချင်း ဒူးထောက်ပြီး ဦးတိုက် လိုက်သည်။ “မြင့်မြတ်သော သခင်မကို နှုတ်ခွန်းဆက်သပါတယ်။”

ရှစ်ချင်းချင်းက မေးလိုက်၏။ “မင်းသမီးလေး နေကောင်းရဲ့လား။ အစားအသောက်ရော ကောင်းကောင်း စားရဲ့လား။”

မိန်းမစိုးက တိုးတိုးလေး ဖြေသည်။ “သိပ်မကောင်းဘူး။ မင်းသမီးလေး စိတ်ဓာတ်နည်းနည်း ကျနေပါတယ်။”

ရှစ်ချင်းချင်း ခေါင်းညိတ်လိုက်သည်။ သူမသည် စင်္ကြံလမ်းကို ဖြတ်ကျော်ပြီး ရေကန်တစ်ခုသို့ ရောက်ရှိ လာခဲ့၏။

All Chapters