အခန်း (၁၃၁၁-၁၃၁၂)
Vol. 75 Ch. 1311-1312
အပိုင်း (၁၃၁၁)
“ရန်ယင်ယင်... အမှောင်ဘုရင်မ... ဒါမှမဟုတ် ဆရာ... ဘယ်နာမည်ကို ပိုနှစ်သက်လဲ။” ကျန်းလီက ရိုးရှင်းစွာ မေးလိုက်၏။
တစ်ဖက်လူက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ရန်ယင်ယင် လို့ပဲ ခေါ်ပါ။ အမှောင်ဘုရင်မ ဆိုတဲ့ နာမည်ကို ငါ လုံးဝ မကြိုက်ဘူး။ ဆရာ ဆိုတဲ့ နာမည်ကလည်း ငါ့ကို ပျို့အန်ချင်စိတ် ဖြစ်စေတယ်။”
ဤ ရန်ယင်ယင်သည် နံပါတ် ၂ အကျဉ်းစခန်းမှ လွတ်မြောက်လာသော အမှောင်ဘုရင်မလား။ လောက နံပါတ်တစ် ကူအဆိပ်ကောင် ဆိုသည်လား။ သူမ မည်သည့် မျိုးစိတ်ဖြစ်ပါစေ လူသား မဟုတ်သည်မှာတော့ သေချာ၏။
သို့သော်ငြား နံပါတ် ၂ အကျဉ်းစခန်းတွင် ရှင်းလင်းစွာ ရေးသားထားခဲ့၏။ ဤအမှောင်ဘုရင်မသည် ရှေးခေတ်လူသား သန်းပေါင်းများစွာကို သေဆုံးစေခဲ့သည့် ကပ်ရောဂါဆိုးကြီးကို ဖန်တီးခဲ့သူ ဖြစ်သည်။ ဗိုင်းရပ်စ် ပိုးမွှားနှင့် တူသလို ကူအဆိပ်ကောင်နှင့်လည်း တူသည်။
“ရန်ယင်ယင်... သနားစရာကောင်းတဲ့ ကလေးမလေး...”
အမှောင်ဘုရင်မက ပြောလိုက်၏။ “တစ်နည်းအားဖြင့် ပြောရရင် ငါက စေတီတောင်ရဲ့ ဘိုးဘေးပဲ။ ငါက စေတီတောင်ရဲ့ ကိုးကွယ်ရာရုပ်တုပဲ။ ရာစုနှစ်ပေါင်းများစွာ ကြာအောင် စေတီတောင်က ငါကနေတစ်ဆင့် ကူအဆိပ်ကောင် အမြောက်အမြားကိုဖန်တီးခဲ့ပြီး လောကပေါ်မှာ ထိပ်တန်းအင်အားစု တစ်ခု ဖြစ်လာခဲ့တာ။
ငါက မူလက ဒီအင်အားစုကို မွေးမြူပြီး အချိန်ကောင်းကို စောင့်ဆိုင်းချင်ခဲ့တာ။ ဒါပေမဲ့ စေတီတောင်ရဲ့ လူတွေက ဒီလောက်ထိ စိတ်ပျက်စရာ ကောင်းမယ်လို့ ထင်မထားခဲ့ဘူး။ သူတို့က ကူအဆိပ်ကောင် သုတေသနမှာ ဘာတိုးတက်မှုမှ မလုပ်နိုင်တော့ဘဲ ရှေးဟောင်း အပျက်အစီး တချို့ကို တူးဖော်ဖို့ ထွက်သွား ကြပြီး မူလအလုပ်ကို စွန့်လွှတ်လိုက်ကြတယ်။ အဆိပ်ဘုရင်မရဲ့ ဝိညာဉ်ခန္ဓာကိုယ် ဖြစ်တဲ့ ငါ့ကိုတောင် လောကနံပါတ်တစ် ကူအဆိပ်ကောင်အဖြစ် သတ်မှတ်ပြီး သူ့သမီး ရန်ယင်ယင်ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပြီး မွေးမြူခဲ့ကြတယ်။”
ထိုသို့ဆိုလျှင် အမှောင်ဘုရင်မက အဘယ်ကြောင့် စောစောစီးစီး ကိုယ်ခန္ဓာကို မသိမ်းပိုက်ခဲ့သနည်း။ ကိုယ်ခန္ဓာ ပြန်လည် ကောင်းမွန်လာစေရန်လား။
ဧရာမ နဂါးကြီးတစ်ကောင် ဥပေါက်ဖို့အတွက် စွမ်းအင် အမြောက်အမြား လိုအပ်သလို အမှောင်ဘုရင်မလည်း ထို့အတူပင်။
ရှေးဟောင်း နဂါးသေတ္တာထဲသို့ မဝင်ရောက်မီ သူမ၌ ပြန်လည် ကောင်းမွန်လာရန်အတွက် လုံလောက်သော စွမ်းအင် လုံးဝ ရှိမည် မဟုတ်ပေ။ သူမ၏ မူလအစီအစဉ်အရ သူမသည် စေတီတောင်ကို အသုံးပြုပြီး အမှောင်ဘုရင်မနှင့် အနီးစပ်ဆုံး ဖြစ်သည့် အလွန် အစွမ်းထက်သော သက်ရှိမျိုးစိတ် တစ်ခုကို မွေးမြူချင် ခဲ့သည်။ ထို့နောက် သူမ၏ ဝိညာဉ်ကို ထိုသက်ရှိထဲသို့ ထည့်သွင်းမည် ဖြစ်သည်။
သို့သော်ငြား နှစ်ပေါင်း ရာချီကြာအောင် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် စေတီတောင်သည် ကူအဆိပ်ကောင် နှင့် သက်ရှိလမ်းကြောင်းတွင် အခက်အခဲနှင့် ကြုံတွေ့နေခဲ့ရသည်။ လူတစ်စုက အာဏာလုချင်နေကြပြီး ဝူတူကျိကဲ့သို့သော ဉာဏ်ကြီးရှင်မျိုးကလည်း လုံးဝ အဖမ်းခံလိုက်ရ၏။
ထို့ကြောင့် ရန်ယင်ယင်၏ ခန္ဓာကိုယ်ကို နဂါးသေတ္တာထဲသို့ ထည့်လိုက်သည့်အခါ သူမသည် စွမ်းအင် အမြောက်အမြားကို စုပ်ယူလိုက်ပြီး ပိုးအိမ်ကို ဖောက်ထွက်ကာ ချက်ချင်း နိုးထလာခဲ့သည်။ ထို့အပြင် နိုးထလာပြီးနောက် သူမသည် ဆာလောင်မွတ်သိပ်နေသော ကလေးငယ်တစ်ဦးပမာ စွမ်းအင် အမျိုးမျိုးကို ဝါးမြိုပစ်ခဲ့သည်။
ရှေးဟောင်း လူသား တိရစ္ဆာန်ရုပ်တုများ၊ နဂါးသွေး၊ နဂါးရေကန် ရောင်ခြည် စသည့် စွမ်းအင် အမျိုးမျိုးကို ဝါးမျိုပစ်ခဲ့၏။ သူမသည် အချိန်တိုအတွင်း မိမိကိုယ်ကို အစွမ်းထက်လာစေရန် လုပ်ဆောင်ချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အချိန်သိပ်မကျန်တော့သောကြောင့်ပင်။ တကယ်တမ်းတွင်မူ သူမ အချိန်မမီ လိုက်ပေ။
“ကျန်းရှဲ့... ငါ့ရဲ့တပည့်ကောင်းလေး... မင်းက တကယ်ကို ဉာဏ်များတဲ့ ကောင်းကင်သားတော်ပါပဲ။”
အမှောင်ဘုရင်မက ပြောလိုက်သည်။ “မင်း ငါ့ကို အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့တယ်။ အမှောင် စွမ်းအင်ကို ထိန်းချုပ်နိုင်တာက တစ်ဝက်လောက် ငါ့ကြောင့်ပဲ မဟုတ်လား။ ငရဲသလင်းကျောက်ကို မင်း ပြုလုပ်နိုင်ခဲ့တာကလည်း တစ်ဝက်လောက် ကျွန်မကြောင့်ပဲလေ။”
ကျန်းလီက ပြောလိုက်၏။ “ဒါပေါ့။ ခင်ဗျား ကျုပ်ကို အများကြီး သင်ပေးခဲ့တာပဲ။ ဒီနေ့ ကျုပ် ဒီလောက် စွမ်းအားကြီးလာတာက အဓိက ခင်ဗျားကြောင့်ပါပဲ။”
အမှောင်ဘုရင်မက ပြောလိုက်သည်။ “ရှေးဟောင်းလူသား သန်းပေါင်းများစွာကို သတ်ဖြတ်ပြီး သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို စမ်းသပ်ဖို့ ထုတ်ယူရာမှာ ငါ့ရဲ့ အမှောင်စွမ်းအင်ပိုးကို အသုံးပြုခဲ့တာ မင်းရဲ့ လက်ချက်တွေလေ။ နောက်ဆုံးကျတော့ အပြစ်တွေက ငါ့ခေါင်းပေါ် ရောက်လာပြီး ရှေးဟောင်း ထောင်ထဲမှာ အကျဉ်းချခံလိုက်ရတယ်။ ဒါကလည်း မင်းကြောင့်ပဲ။”
ကျန်းလီက ပြောလိုက်၏။ “ချစ်လှစွာသောဆရာ... ခင်ဗျားဆီမှာပဲ အဲဒီ အမှောင်စွမ်းအင်ပိုး ရှိတာလေ။ ခင်ဗျားက အမှောင်ချောက်နက်ထဲက လူသားတစ်ယောက်ပဲ။ ခင်ဗျားရဲ့ ခန္ဓာကိုယ် တစ်ဝက်က လူသားဖြစ်ပြီး ကျန်တစ်ဝက်က စွမ်းအင် ဖြစ်နေတာ။ ဒါက ကျုပ်ကို တကယ် စိတ်ဝင်စားစေတယ်။
ပြီးတော့ စမ်းသပ်ဖို့အတွက် လူသန်းပေါင်းများစွာရဲ့ ဝိညာဉ်တွေသာ မရှိခဲ့ရင် ကျုပ်တို့ရဲ့ ငရဲသလင်းကျောက် လည်း အောင်မြင်လာမှာ မဟုတ်သလို ကျုပ်တို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုလည်း ပြန်လည် ဦးမော့လာနိုင်မှာ မဟုတ်ဘူး။”
“ရူးသွပ်လွန်းတယ်။”
အမှောင်ဘုရင်မက ပြောလိုက်သည်။ “ငါတို့ မင်းကို ကူညီဖို့ သဘောတူခဲ့တာက မင်းက လောကကြီးကို ကယ်တင်နိုင်မယ်။ ရှေးဟောင်းခေတ်ရဲ့ ကြီးမားသည့် ပျက်သုဉ်းခြင်းကို တွန်းလှန်နိုင်မယ်လို့ ပြောခဲ့လို့ပဲ။ ဒါပေမဲ့ မင်းက လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။”
ကျန်းလီက ပြောလိုက်၏။ “ကျုပ် လုပ်ခဲ့တာတွေက မမှားပါဘူး။ ယဉ်ကျေးမှု အဆင့်အတန်းကို မြှင့်တင်ပြီး ထာဝရ လူသားမျိုးနွယ်သစ်ကို ဖန်တီးမှသာ လောကကြီးကို တကယ် ကယ်တင်နိုင်မှာ။ ကျုပ် ပြောတဲ့ လောကကြီးဆိုတာ လူသား ယဉ်ကျေးမှုကို ပြောတာ။ ဂြိုဟ်တစ်လုံးတည်းကို ပြောတာ မဟုတ်ဘူး။
ခင်ဗျားရဲ့ နားလည်မှုက ကျဉ်းမြောင်းလွန်းတယ်။ အခု ကျုပ်တို့မှာ ဂြိုဟ်တစ်လုံးပဲ ရှိသေးလို့ ခင်ဗျားက ဒါကို တန်ဖိုးထားနေတာ။ ဒါပေမဲ့ နောက်ပိုင်း ကျုပ်တို့မှာ ဂြိုဟ်တွေ အများကြီး ပိုင်ဆိုင်လာတဲ့အခါကျရင် ခင်ဗျား ဒါကို ဖိနပ်ဟောင်းတစ်ရံလို လွှင့်ပစ်လိုက်မှာပဲ။
အခု ကျုပ် လုပ်နေသမျှ အရာအားလုံးက လူသားမျိုးနွယ်သစ်တွေ ဒီစကြဝဌာပတ်လမ်းထဲကနေ ထွက်ခွာပြီး အပြင်ဘက်က ဂြိုဟ်ပင်လယ်ကြီးကို အောင်နိုင်ဖို့ပဲ။ အဲဒါမှ စစ်မှန်တဲ့ လမ်းကြောင်းပဲ။ အဲဒါမှလည်း ရှေးဟောင်းခေတ်ရဲ့ ကြီးမားသည့် ပျက်သုဉ်းခြင်းကို ရှောင်လွှဲနိုင်မှာ။”
အမှောင်ဘုရင်မက ပြောလိုက်သည်။ “ရှေးဟောင်းခေတ်တုန်းက ငါက မိစ္ဆာမ တစ်ယောက် ဖြစ်ခဲ့ပေမဲ့၊ မကောင်းမှု အမျိုးမျိုး လုပ်ခဲ့ပေမဲ့ ဒီလောကကြီးက ငါ့ရဲ့ အိမ်ပဲ။ ငါ ဒါကို အရမ်း ချစ်မြတ်နိုးတယ်။”
ကျန်းလီက ပြောလိုက်၏။ “တွေ့လား။ ဒါကလည်း အဆင့်နိမ့်တဲ့ စိတ်ခံစားမှုပဲ။ ကဲပါ။ ကဲပါ။ ဒီလို ငြင်းခုံနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ဆရာ... မြောက်ဝင်ရိုးစွန်းမှာ အပြောင်းအလဲဖြစ်ပြီး ရှမ့်လန်ရဲ့ ခန္ဓာကိုယ်ကို ကျုပ် သိမ်းပိုက်ဖို့ ကြိုးစားတုန်းက ခင်ဗျား ရုတ်တရက် ပေါ်လာခဲ့တယ်နော်။ အဲဒီတုန်းက လူသုံးယောက် ရှိခဲ့တာကို ကျုပ် မှတ်မိတယ်။ ခင်ဗျားက အကျဉ်းသား နံပါတ် ၂... ပြီးတော့ အကျဉ်းသား နံပါတ် ၃ နဲ့ အကျဉ်းသား နံပါတ် ၄။”
ထိုနေ့က အမှောင်ဘုရင်မသည် အသေခံ တိုက်ခိုက်ခဲ့ပြီး သူမ၏ တိုက်ခိုက်မှု ပစ်မှတ်မှာ ရှမ့်လန်၏ ခန္ဓာကိုယ် ဖြစ်သည်။ သို့သော်ငြား ထိုအချိန်က ကျန်းလီသည် ဤခန္ဓာကိုယ်ကို ကာကွယ်ရန် မရေမတွက်နိုင်သော ငရဲသလင်းကျောက်များကို ထိန်းချုပ်ထားခဲ့သဖြင့် အမှောင်ဘုရင်မသည် အပေါက်တစ်ပေါက်သာ ဖောက်နိုင်ခဲ့၏။ သို့သော်ငြား ထိုအပေါက်မှာ သေစေနိုင်လောက်အောင် လုံလောက်ခဲ့သည်။
ငရဲသလင်းကျောက်သည် အကောင်းပကတိ ဖြစ်နေရမည်။ ၎င်းသည် အလွန်အမင်း စွမ်းအားကြီးမားပြီး လုံးဝ ဖျက်ဆီး၍ မရနိုင်ပေ။ မည်သည့် စွမ်းအင်ကမှ ၎င်းကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သို့သော်ငြား ငရဲသလင်းကျောက် အကြောင်းကို မည်သူ အသိဆုံးဖြစ်သနည်း။ အမှောင်ဘုရင်မပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ငရဲသလင်းကျောက် ဖန်တီးရာတွင် ပါဝင်ခဲ့သောကြောင့်ပင်။
ဤနှစ်အနည်းငယ်အတွင်း၌ သူမသည် ထိုတိုက်ခိုက်မှု တစ်ကြိမ်တည်းအတွက် တည်ရှိသမျှ စွမ်းအင် အားလုံးကို အရူးအမူး ဝါးမျိုခဲ့သည်။ ငရဲသလင်းကျောက်တွင် အပေါက်ငယ်လေး တစ်ပေါက် ဖြစ်သွားစေရန် အတွက် ထိတ်လန့်ဖွယ်ရာ စွမ်းအင်များပါဝင်သည့် အလင်းစက်တစ်ခုကို စုစည်းခဲ့ခြင်း ဖြစ်သည်။ ထိုအပေါက် ဖြစ်သွားသည်နှင့် တပြိုင်နက် ထိုအရာက အလွန်အမင်း သေစေနိုင်လောက်ပြီး ငရဲ သလင်းကျောက် တစ်ခုလုံး ဆက်တိုက် ပျက်စီးသွားလိမ့်မည်။
နာမည်ကျော်ကြားသော ရုပတ်၏မျက်ရည်စက်ကဲ့သို့ပင် ဖြစ်၏။ ထိုအရာသည် ထူးခြားသော ပုံသဏ္ဍာန်ရှိသော သာမန် ဖန်ခွက်တစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ ရှေ့ပိုင်းမှာ အလွန် မာကျောလှသည်။ ကျည်ဆန်ဖြင့် ပစ်လျှင်ပင် ကျည်ဆန်သာ ကွဲကြေသွားလိမ့်မည်။ သို့သော်ငြား ထိုအရာ၏ အမြီးပိုင်းမှာမူ အလွန် ဆတ်ဆတ်ထိ မခံပေ။ အသာအယာ ဖျစ်လိုက်ရုံဖြင့် တစ်ခုလုံး အပိုင်းပိုင်း ကွဲကြေသွားလိမ့်မည်။
သေစေနိုင်လောက်သည့်အချက်မှာ ဤအပေါက်ငယ်လေးသည် ငရဲသလင်းကျောက်ကို ဖောက်ထွက်သွားရုံ သာမက ရှမ့်လန်၏ ဦးနှောက်ကိုပါ ဖောက်ထွက်သွားသဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်စေခဲ့၏။
ကျန်းလီသည် ရှမ့်လန်၏ဝိညာဉ်ကို ချေမှုန်းနေခြင်းအား ချက်ချင်း ရပ်တန့်လိုက်ရသည်။ သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး အပ်ပေါက်လောက်သာ ရှိသော်လည်း ငရဲသလင်းကျောက်မှ အပေါက်ကို ပိတ်ရန် သူ၏ အစွမ်းရှိသမျှ အသုံးပြုခဲ့ရသည်။
ထိုအချိန်၌ ရှေးဟောင်းအကျဉ်းထောင်မှ အကျဉ်းသား နံပါတ် ၃ နှင့် ၄ တို့သည် အခွင့်ကောင်းယူကာ လျှပ်စီးလက်သည့် အမြန်နှုန်းဖြင့် မြောက်ဝင်ရိုးစွန်းသို့ ဆင်းသက်လာပြီး ရှမ့်လန်၏ ရုပ်ကြွင်းကို ကယ်တင်သွားခဲ့ကြ၏။
ဤအဖွဲ့အစည်းကို ရှေးဟောင်း အကျဉ်းထောင်မှ အကျဉ်းသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အကျဉ်းသား နံပါတ် ၂၊ ၃ နှင့် ၄ တို့ကို သုည အဖွဲ့အစည်းဟု ခေါ်ဆိုကြသည်။ ထိုသို့ဆိုလျှင် အကျဉ်းသား နံပါတ် ၅ က ဘယ်ရောက်နေသနည်း။ သူသည် အစမှ အဆုံးထိ တစ်ခါမှ ပေါ်မလာခဲ့ပေ။
ရှမ့်လန်သည် ယခင်က ရှေးဟောင်း အကျဉ်းထောင်သို့ ရောက်ဖူးခဲ့၏။ အကျဉ်းသား နံပါတ် ၁ မှာ ကျန်းရှဲ့ (ကိုယ်ပွား) ဖြစ်ပြီး အကျဉ်းသား နံပါတ် ၂ မှာ အမှောင်ဘုရင်မ ဖြစ်သည်။ ထိုအချိန်က သူ လုံးဝ ထိတ်လန့် သွားခဲ့ရသည်။ အမှောင်ဘုရင်မသည် လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း အကျဉ်းသား နံပါတ် ၂ သာ ဖြစ်နေသည်လား။
ထိုသို့ဆိုလျှင် အကျဉ်းသား နံပါတ် ၃ နှင့် ၄ က မည်မျှ စွမ်းအားကြီးမားလိုက်မည်နည်း။ သူတို့၏ အကျဉ်းထောင်များမှာလည်း နှိုင်းယှဉ်၍ မရနိုင်အောင် ကြီးမားလှသည်။ အထူးသဖြင့် အကျဉ်းထောင် နံပါတ် ၄ ဖြစ်၏။ ဧရာမ နဂါးကြီးတစ်ကောင်ကိုပင် ထည့်သွင်းထားနိုင်ပုံ ရသည်။ ပို၍ထူးဆန်းသည်မှာ အကျဉ်းထောင် နံပါတ် ၅ ပင် ဖြစ်သည်။ ၎င်းသည် အလွန် သေးငယ်ပြီး ကျန်းရှဲ့၏ အကျဉ်းထောင် နံပါတ် ၁ ထက်ပင် သေးငယ်သေးသည်။
“နံပါတ် ၅ အကျဉ်းစခန်းထဲက ဆရာကြီးရော... ဘာလို့ သူ့ကို မတွေ့ရတာလဲ။”
ကျန်းလီက ပြောလိုက်၏။ “အမှောင်ဘုရင်မ... ခင်ဗျားက ကျုပ်ကို အမှောင်စွမ်းအားတွေ သင်ပေးခဲ့တယ်။ ငရဲသလင်းကျောက် အောင်မြင်လာတာက အဓိက ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ စစ်မှန်တဲ့ ဉာဏ်ပညာဆရာ... ပြီးတော့ ဆရာကြီးကရော ဘယ်ရောက်သွားလဲ။ သာမန်လူတွေ စိတ်ကူးတောင် မယဉ်နိုင်တဲ့ ဉာဏ်ပညာတွေက သူ့ရဲ့ လူပုလေးလို ခန္ဓာကိုယ်ထဲမှာ ရှိနေတာ။”
အမှောင်ဘုရင်မက ပြောလိုက်သည်။ “ကျန်းရှဲ့... ဆရာကြီးခေးအော့စ် က လောကကြီးနဲ့ ဝေးရာမှာ ပုန်းအောင်းနေတာ။ မင်းသာ လောကကြီးကို ကယ်တင်ချင်တယ်လို့ ဆန္ဒမရှိရင် သူ ပေါ်လာမှာ မဟုတ်သလို မင်းရဲ့ ဆရာ ဖြစ်လာမှာလည်း မဟုတ်ဘူး။”
‘ဒီတော့ အကျဉ်းသား နံပါတ် ၅ ကို ဆရာကြီးလို့ ခေါ်ပြီး သူ့နာမည်က ခေးအော့စ် (Chaos) ပေါ့။’
ကျန်းလီက ပြုံးကာ ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်ရဲ့ ဉာဏ်ပညာ အားလုံးနီးပါးကို သူ သင်ပေးခဲ့တာ။ ကျုပ်ရဲ့ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်းကိုလည်း သူ သင်ပေးခဲ့တာပဲ။ သူက ကျုပ်ဘဝရဲ့ လမ်းပြမီးတိုင်ပဲ။ ဆရာကြီးသာမရှိရင် ဒီနေ့ ကျုပ် ဒီနေရာမှာ ရှိလာမှာ မဟုတ်သလို ဒီလောက် စွမ်းအားကြီးတဲ့ ယဉ်ကျေးမှုလည်း ရှိလာမှာ မဟုတ်ဘူး။”
အမှောင်ဘုရင်မက ပြောလိုက်သည်။ “ဒါကြောင့် မင်းက အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို သင်ယူပြီးတဲ့နောက် ဘုရင်မမီဒူဆာရဲ့ ဝိညာဉ်အသိနဲ့ စွမ်းအားကို သိမ်းပိုက်လိုက်တယ်။ ပြီးတော့ ပြန်ရောက်လာတာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်က မင်းရဲ့ ဆရာကြီးကို ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ် ပြောင်းလဲပစ် လိုက်တာလား။ ပြီးတော့ သူ့ကို အကျဉ်းထောင် နံပါတ် ၅ ထဲမှာ ပိတ်လှောင်ထားလိုက်တာလား။”
ကျန်းလီက ပြောလိုက်၏။ “ပထမအချက်က ခင်ဗျားတို့က ကျုပ်ရဲ့ အစီအစဉ်ကို ဟန့်တားခဲ့ကြလို့ ကျုပ်က ခင်ဗျားတို့ကို ဖမ်းဆီးထားရတာ။ ပြီးတော့ ဆရာကြီးက လုံးဝ ပြန်မခုခံခဲ့ဘူး။ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲခံရတာကို သူ ပျော်နေတဲ့ပုံပဲ။ အန္တိမ နဂါး ဉာဏ်အလင်းပွင့်ခြင်းကို မပြီးမြောက်နိုင်ခဲ့လို့ သူက အမြဲ နောင်တရနေခဲ့တာ။
ကျုပ် သူ့ကို ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ် ပြောင်းလဲလိုက်ပြီးတဲ့နောက် သူက နှစ်ပေါင်း တစ်သောင်းလောက် အိပ်စက်နေခဲ့တယ်။ အဲဒါက ဉာဏ်အလင်းပွင့်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ကောင်း ဖြစ်နိုင်တာပဲ။ သူက အန္တိမ နဂါး ဉာဏ်အလင်းပွင့်ခြင်းကို ရရှိသွားပြီလား ... ဘယ်သူသိမှာလဲ။”
ကျန်းလီက ထပ်ပြောလိုက်သည်။ “ပြီးတော့ သူက ဆရာကြီးလေ။ ကျုပ်ရဲ့ နောက်ထပ်ခြေလှမ်းကို သူ ကြိုမသိနိုင်ဘူးလား။ သူ ဘာလို့ ကျုပ်ကို ကြိုမတားဘဲ ဒီအတိုင်း ကြည့်နေခဲ့တာလဲ။”
အမှောင်ဘုရင်မက ပြောလိုက်၏။ “ဒါဆို ငါတို့ ရှေးဟောင်း အကျဉ်းထောင်ထဲကနေ ဘယ်လို ထွက်လာနိုင်ခဲ့သလဲ ဆိုတာ မင်း စဉ်းစားဖူးလား။ ငါ ဘာမှ မသိဘူးဆိုတာ မင်းကို ပြောပြနိုင်တယ်။ ပြန်နိုးလာတဲ့အချိန်မှာ ငါက စေတီတောင်ရဲ့ ဘိုးဘေးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ရတနာအဖြစ် သတ်မှတ်ထားတဲ့ အမှောင်ဝိညာဉ် ခန္ဓာကိုယ် ဖြစ်နေပြီ။ ငါ တင် မကဘူး။ အကျဉ်းသား နံပါတ် ၃ နဲ့ နံပါတ် ၄ လည်း ရှေးဟောင်း အကျဉ်းထောင်ထဲကနေ ရှင်းပြလို့မရနိုင်တဲ့ပုံစံနဲ့ ထွက်လာခဲ့ကြတယ်။ ဒါက ဘာကို သက်သေပြနေသလဲ။”
ကျန်းလီ၏ မျက်နှာ အနည်းငယ် တုန်လှုပ်သွားသည်။
အမှောင်ဘုရင်မက ထပ်ပြောလိုက်၏။ “ငါတို့ကို ကယ်တင်ခဲ့တာ ဆရာကြီးလို့ မင်းထင်လား။ ဒီရှေးဟောင်း အကျဉ်းထောင်ကို မင်း ဒီဇိုင်းဆွဲထားတာလေ။ ဘယ်ပြင်ပအင်အားကမှ ဖွင့်လို့ မရဘူး။ ပြီးတော့ ငါတို့ အကျဉ်းချခံရတုန်းက သေလုမျောပါး အခြေအနေ ဒါမှမဟုတ် သေလုနီးပါး ဖြစ်နေကြတာ။ ဆရာကြီးကလွဲရင် ဘယ်သူက ငါတို့ကို ကယ်တင်နိုင်မှာလဲ။”
ကျန်းလီသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“ဟူး... တချို့လူတွေက သတ်လို့ကို မသေဘူး။ ဒုက္ခပေးလိုက်တာ။”
အမှောင်ဘုရင်မက ပြောလိုက်၏။ “ဆရာကြီးကို ရှင် မသတ်ရဲဘူး မဟုတ်လား။ သူ့မှာ ကြက်ကလေး တစ်ကောင်ကိုတောင် ဖမ်းချည်နိုင်တဲ့ ခွန်အားမရှိပေမဲ့ သူက ဒီလောက်လောကမှာ ဉာဏ်ပညာ အမြင့်ဆုံးပဲ။ သူ့ကို သတ်လိုက်တာနဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်သွားလိမ့်မယ်။ အနာဂတ်မှာ လောကကြီးကို ကယ်တင်နိုင်မဲ့ တစ်ခုတည်းသော မျှော်လင့်ချက်တောင် ပျောက်ကွယ်သွားလိမ့်မယ်။
အရှင်မင်းကြီး ကျန်းလီ... မင်း စဉ်းစားဖူးလား။ ဒီအရာအားလုံးက ဆရာကြီးရဲ့ မျှော်မှန်းချက်ထဲမှာ ရှိနေပြီး ဘေးဒုက္ခအားလုံးက လိုအပ်နေတာများလား။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လောကကြီးကို ကယ်တင်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီ ကယ်တင်ရှင်က မင်း မဟုတ်ဘူး။”
အမှောင်ဘုရင်မ၏ စကားလုံးများက သူ၏ နှလုံးသားကို ပို၍နာကျင်စေသည်။ ကျန်းလီက ဂရုမစိုက်သလို ပြောလိုက်၏။ “အမှောင်ဘုရင်မ... အဲဒီတုန်းက ရှမ့်လန်ရဲ့ အစီအစဉ်ကို ခင်ဗျား သိလား။ ကျုပ်က သူ့ဝိညာဉ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတုန်းက သူ့မှာ အချိန်အကြာကြီး ပြင်ဆင်ထားတဲ့ ရူးသွပ်စရာ အစီအစဉ်တစ်ခု ရှိနေခဲ့တယ်။”
အပိုင်း (၁၃၁၂)
အမှောင်ဘုရင်မက မေးလိုက်သည်။ “ဘာအစီအစဉ်လဲ။”
ကျန်းလီက ပြောလိုက်၏။ “ကျုပ်က သူ့ဝိညာဉ်ကို ဆက်တိုက် ချေမှုန်းပြီး အစက်ကလေး တစ်စက်အဖြစ် စုစည်းလိုက်တယ်။ ပြီးတော့ ဆက်ပြီး ပြိုကျအောင်... ပြိုကျအောင်... ပြိုကျအောင် လုပ်ခဲ့တယ်။ ပြိုကျမှုက အကန့်အသတ်ကို ရောက်သွားတဲ့အခါ နှိုင်းယှဉ်လို့မရနိုင်တဲ့ ဝိညာဉ်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလိမ့်မယ်။ ကျုပ်ရဲ့ ဝိညာဉ်နဲ့ ကျုပ်ရဲ့ ငရဲသလင်းကျောက်ကိုတောင် ပြာကျသွားစေနိုင်တယ်။ သူက ဒါကို ပေါင်းစပ်ခြင်းလို့ ခေါ်တယ်။”
အမှောင်ဘုရင်မက တိတ်ဆိတ်စွာဖြင့် ပြောလိုက်သည်။ “ဒါက ငါရဲ့ အသိပညာထက် ကျော်လွန်နေပြီ။”
ကျန်းလီက ပြောလိုက်၏။ “ကျန်းကလန် နဂါးရဲ့ခန္ဓာကိုယ်ထဲမှာ နျူကလီးယား ပြိုကွဲမှုကို သူ ပြီးမြောက်ခဲ့ပြီးပြီ။ ကျိကလန်နဂါးနဲ့ တိုက်ခိုက်တုန်းက ပြိုင်ဘက်ကို အနိုင်ယူဖို့ နဂါးခန္ဓာကိုယ်ထဲက ပြိုကွဲမှုကို သူ အားကိုးခဲ့တာ။
မြောက်ဝင်ရိုးစွန်းမှာ နောက်ဆုံးအချိန်တုန်းက သူက ကျုပ်ကိုဖျက်ဆီးဖို့ ဝိညာဉ်ပေါင်းစပ်ခြင်းကို အသုံးပြုချင်ခဲ့တာ။ အရမ်း ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်ပဲ။ ဒါပေမဲ့ ကျရှုံးဖို့ ကံပါပြီးသားပါ။ ဘာလို့လဲဆိုတော့ သူ့ဝိညာဉ်က အရမ်း အားနည်းလွန်းတော့ မပေါင်းစပ်နိုင်ခင်မှာပဲ ပြိုကျပြီး ပျက်စီးသွား ခဲ့တာ။
အမှောင်ဘုရင်မ... ခင်ဗျား ရှမ့်လန်ကို ခေါ်သွားတုန်းက သူ့ခန္ဓာကိုယ်က နည်းနည်းလေးပဲ ကျန်တော့တာ။”
ကျန်းလီက ဆက်ပြောလိုက်သည်။ “ခင်ဗျား သူ့ကို ဘယ်မှာ ဝှက်ထားလဲ။ အခု ၂၉ နှစ် ကြာသွားပြီ။ သူ အသက်ရှင်သေးလား ၊ သေပြီလား။ ခင်ဗျား ဘာလုပ်ချင်လဲ ဆိုတာ ကျုပ် သိပါတယ်။
နံပါတ် ၃ နဲ့ နံပါတ် ၄ က အရာအားလုံးကို စတေးပြီး သူ့ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ သူက သာမန်လူသား တစ်ယောက်ပဲ။ ပြုပြင်ပြောင်းလဲဖို့ နေရာက အရမ်း အရမ်းကို သေးငယ်လွန်းတယ်။ အကန့်အသတ်အထိ ပြုပြင်ပြောင်းလဲရင်တောင်မှ သူက သိပ်ပြီး စွမ်းအားကြီးလာမှာ မဟုတ်ဘူး။”
အမှောင်ဘုရင်မက ပြောလိုက်သည်။ “ဟုတ်လား။ ကျွန်မ၊ နံပါတ် ၃ နဲ့ နံပါတ် ၄ သုံးယောက်ပဲ ဆိုပေမဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတာ။ ကျွန်မက ဖျက်ဆီးရာမှာ တော်တယ်။ နံပါတ် ၃ နဲ့ နံပါတ် ၄ က ဖန်တီးရာမှာ တော်တယ်။
ကျန်းလီ... နံပါတ် ၃ က ရှေးဟောင်း ဉာဏ်ပညာဘုရင် ဆိုတာ မမေ့နဲ့။ သူက ဝိညာဉ် ပုံဖော်ရာမှာ တော်တယ်။ နံပါတ် ၄ က နဂါးတို့ရဲ့ မိခင်... ရှေးဟောင်း အင်ပါယာရဲ့ နဂါးတွေကို သူ မွေးမြူခဲ့တာ။”
အမှောင်ဘုရင်မ၏ ပေါ့ပေါ့ပါးပါး စကားလုံးများသည် ရှေးဟောင်းခေတ်၏ ထိပ်တန်း လျှို့ဝှက်ချက်များ ဖြစ်ပေသည်။ တကယ်တမ်း ဤရှေးဟောင်း အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရတဲ့ လူတွေ အားလုံးက ရှေးဟောင်းလောကရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေချည်း ဖြစ်နေကြသည်။
အချိန်အတော်ကြာအောင် ဤကျွမ်းကျင်သူ လေးဦးသည် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် မရှိခဲ့ကြသလို သေသေရှင်ရှင် တိုက်ခိုက်မည့် ရန်သူများပင် ဖြစ်ခဲ့ကြသည်။ အထူးသဖြင့် အမှောင်ဘုရင်မ ဖြစ်၏။ တွင်းနက် အက်ကွဲကြောင်းထဲရှိ သူမ၏မျိုးနွယ်သည် ရှေးဟောင်း အင်ပါယာ၏ ရန်သူတော်ကြီး ဖြစ်ခဲ့၏။
သို့သော်ငြား ကြီးမားသည့် ပျက်သုဉ်းခြင်းမတိုင်မီတွင် ဤလေးဦးသည် သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားပြီး လောကကြီးကို ကယ်တင်ရန် အလွန် ဉာဏ်ကောင်းသော ကျန်းရှဲ့ကို ပြုစု ပျိုးထောင်ရာတွင် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းခဲ့ကြသည်။ အထူးသဖြင့် တစ်ခါမှ ပေါ်မလာသော ဆရာကြီးသည်လည်း ကျန်းရှဲ့၏ ဆရာ ဖြစ်လာခဲ့သည်။
သို့သော်ငြား ကျန်းရှဲ့၌ လောကကြီးကိုကယ်တင်ရန် ကိုယ်ပိုင် အစီအစဉ် ရှိနေခဲ့သည်။ သူသည် အမှောင်ဘုရင်မ၊ ရှေးဟောင်း ဉာဏ်ပညာဘုရင်၊ နဂါးတို့၏မိခင်၊ ဆရာကြီးခေးအော့စ်နှင့် ဘုရင်မ မီဒူဆာ တို့၏ စွမ်းအားနှင့် ဉာဏ်ပညာများကို စုစည်းခဲ့၏။
နောက်ဆုံးတွင် ကျန်းရှဲ့သည် ဤကြီးမားသော လုပ်ငန်းကြီးကို ပြီးမြောက်ခဲ့ပြီး စကြဝဠာထဲတွင် ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာခဲ့သည်။ ထို့အပြင် သူသည် ရှေးဟောင်း ယဉ်ကျေးမှုဟု ခေါ်ဆိုသော အရာကို ကယ်တင်ရန် သူ၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုခဲ့ပြီး ကြီးမားသည့် ပျက်သုဉ်းခြင်းမှ လွတ်မြောက် ခဲ့သည်။
အမှောင်ဘုရင်မက ပြောလိုက်၏။ “ကျန်းရှဲ့... မင်းသာ ကါ့နေရာမှာဆိုရင် ရှမ့်လန် စောစော ပေါ်လာလေ ပိုပျော်လေပဲ။ ဘာလို့လဲဆိုတော့ ရှေးဟောင်းဉာဏ်ပညာဘုရင်နဲ့ နဂါးတို့ရဲ့မိခင်က သူ့ခန္ဓာကိုယ်ကို အလျင်စလို ဖန်တီးလိုက်ရပြီး လုံလောက်အောင် ပြည့်စုံမှု မရှိဘူး ဆိုတဲ့ သဘောပဲ။
ဒါပေမဲ့ အခု ၂၉ နှစ် ကြာသွားပြီ။ ရှမ့်လန် ပေါ်မလာသေးဘူး။ ဒါက ဒီကောင်းကင်ကို အန်တုမဲ့ ကျွမ်းကျင်သူ နှစ်ယောက်က ရှမ့်လန်အတွက် ခန္ဓာကိုယ်အသစ် တစ်ခုကို မွေးမြူဖို့ ၂၉ နှစ် အချိန်ယူခဲ့ရတယ်ဆိုတဲ့ သဘောပဲ။
ပြီးတော့ အရေးကြီးဆုံး အချက်က ဒီခန္ဓာကိုယ်ကို ရှမ့်လန်ရဲ့ ကျန်ရှိနေတဲ့ ရုပ်ကြွင်းတွေပေါ်မှာ အခြေခံပြီး မွေးမြူထားတာ ဖြစ်လို့ သူ့မျိုးရိုးဗီဇရဲ့ သန့်စင်မှုကို အပြည့်အဝ အာမခံချက် ပေးထားတယ်။ ဒါကြောင့် အဲဒီခန္ဓာကိုယ်က ရှမ့်လန်ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ် ဖြစ်နေတုန်းပဲ။ လုံးဝ ပြီးပြည့်စုံသွားတာပဲ ရှိတာ။
ကျန်းရှဲ့ ... မင်းပြောတာ မှန်ပါတယ်။ ရှမ့်လန်ရဲ့ အရင်ခန္ဓာကိုယ်က လူသားတွေရဲ့ အကန့်အသတ်ကို မကျော်လွန်နိုင်ခဲ့ဘူး။ အရမ်း ထူးချွန်တယ်လို့ ပြောလို့ မရဘူး။ ဒါပေမဲ့ အခု ၂၉ နှစ် ကြာသွားပြီ။ သူ ပေါ်မလာသေးဘူး။ ရှေးဟောင်းဉာဏ်ပညာဘုရင်နဲ့ နဂါးတို့ရဲ့မိခင်က သူ့ခန္ဓာကိုယ်ကို ဘယ်လို မွေးမြူပေးမလဲ ဆိုတာ ကျွန်မ စိတ်ကူးတောင် မယဉ်နိုင်တော့ဘူး။
လောကနေရာအနှံ့ကို ရှာဖွေဖို့ မင်းရဲ့ လက်ပါးစေတွေကို စေလွှတ်ထားပြီးပြီလို့ ငါ ယုံကြည်တယ်။ သူတို့ရဲ့ ခြေရာကို ရှာဖွေဖို့ ရှင် လျှို့ဝှက်သံတမန် အနည်းဆုံး တစ်သိန်းလောက် စေလွှတ်ထားတယ်။ ဒါပေမဲ့ အလကားပဲ။ ကံဆိုးတာက ရှင်က ဒီ ငရဲပလ္လင်ကို စောင့်ကြပ်နေရပြီး လောကအဆုံးထိ ကိုယ်တိုင် မသွားနိုင်ဘူး။ အဲဒီတုန်းက ရှင့်ရဲ့ ငရဲသလင်းကျောက်ကို အပေါက်ဖောက်ခဲ့မိလို့ တကယ် အားနာပါတယ်။”
...
ရှမ့်လန်သည် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းရင်း အတွေးနယ်ချဲ့နေမိ၏။ သူ ပြန်လည် နိုးထလာချိန်မှစ၍ အချိန်အများစုကို ကြည့်ရှုခြင်းနှင့် တွေးတောခြင်းတို့ဖြင့် ကုန်ဆုံးလေ့ရှိသည်။ ထို့ကြောင့် ယနေ့ မြို့တော်တွင် လူပေါင်း သိန်းချီ သတ်ဖြတ်ခံလိုက်ရလျှင်ပင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် တားဆီးခြင်း မပြုခဲ့ပေ။
ယနေ့ ဖြစ်ရပ်များက အနည်းငယ် ပုံမှန် မဟုတ်ပေ။ ထျန်းနန်မြို့သို့ စိမ့်ဝင်လာသော သူပုန်တပ်ဖွဲ့များ ပေါ်ထွက်လာခြင်းက အလွန် ထူးခြားနေပြီး သူတို့၏အသေခံ တိုက်ခိုက်မည့် အစီအစဉ်ကလည်း အလွန် ရယ်စရာ ကောင်းနေသည်။
သူတို့က အမိုးခုံး စွမ်းအင်တိုင်ကို ဖောက်ခွဲချင်တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ အမိုးခုံး စွမ်းအင်တိုင်သည် လောကမြေကြီး၏ ဗဟိုချက်ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နေသော ဧရာမ ပိုက်ကြီးတစ်ခု ဖြစ်သည်။ ထိုအရာကို ဖောက်ခွဲပစ်ရန် မဖြစ်နိုင်ပေ။
သူ ဘယ်လိုသိသနည်းဟု ရှမ့်လန်ကို မေးမည်လား။ အဘယ်ကြောင့်ဆိုသော် သူ၏ X-ray မျက်လုံးများ သည် မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ဆင့်ကဲပြောင်းလဲသွားသကဲ့သို့ ရှိသောကြောင့်ပင်။ ယခင်က သူ မြင်နိုင်သည့် အတိုင်းအတာမှာ အလွန် အကန့်အသတ် ရှိခဲ့၏။ သို့သော်ငြား ယခုအခါတွင် သူသည် မျက်နှာပြင်ကို ဖောက်ထွင်းမြင်နိုင်ပြီး အလွန်ဝေးကွာသော နေရာမှနေ၍ လောကမြေလွှာ အတွင်းပိုင်းအထိ ထိုးဖောက် မြင်နိုင်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဤကြီးမားသော အဆောက်အအုံများထဲတွင် စွမ်းအင် ဗဟိုချက်တစ်ခု ရှိနေသည်ကို သူ တစ်ချက် ကြည့်ရုံဖြင့် မြင်နိုင်သည်။ ထျန်းနန်မြို့၏ အမိုးခုံးတွင် လောကမြေလွှာ၏ ဗဟိုချက်ဆီသို့ ထိုးဖောက် ဝင်ရောက်နေသော ဧရာမ ပိုက်ကြီး ၂၁ ခု ရှိပြီး ဂြိုဟ်၏ စွမ်းအင်များကို အရူးအမူး စုပ်ယူနေသည်ကိုလည်း သူ မြင်တွေ့နိုင်၏။
သူသာ ဆန္ဒရှိလျှင် ဂြိုဟ်၏ သက်တမ်းကိုပင် ရေတွက်၍ ရနိုင်သည်။ ဤသည်မှာ မည်သည့် AI မှတ်ဉာဏ်တုကိုမဆို လုံးဝ ကျော်လွန်သွားပြီ ဖြစ်သည်။ စူပါကွန်ပျူတာတစ်လုံးပင်လျှင် ဂြိုဟ်တစ်လုံး၏ သက်တမ်းကို တွက်ချက်ရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။
ထို့အပြင် ရှမ့်လန်သည် ဤခန္ဓာကိုယ်နှင့် ပို၍ ပို၍ ရင်းနှီးလာခဲ့သည်။ အရံအာရုံကြောများ၏ ခံစားမှုများသည် အတိအကျ တူညီနေသဖြင့် ၎င်းသည် သူ၏ ယခင် ခန္ဓာကိုယ် ဖြစ်သကဲ့သို့ပင်။ သူ၏ ဤခန္ဓာကိုယ်သည် အလွန့် အလွန် ပြီးပြည့်စုံလာခဲ့သည်။
သူ၏ ဦးနှောက်သည် ပိုမို စွမ်းအားကြီးလာသကဲ့သို့ ရှိပြီး အထူးသဖြင့် ဦးနှောက်ထဲရှိ နေရာလွတ် ဖြစ်သည်။ ၎င်းသည် များစွာ... များစွာ... ပိုမို ကြီးမားလာသကဲ့သို့ပင်။ သာမန် ဆာဗာတစ်ခုမှ ဂလက်ဆီ စူပါကွန်ပျူတာ တစ်လုံးအဖြစ် အဆင့်မြှင့်တင်လိုက်သကဲ့သို့ ဖြစ်၏။
နောက်တစ်ဆင့်တွင် မည်သူမှမရှိသော သီးသန့်နေရာတစ်ခု၌ ရှိနေလျှင် ရှမ့်လန်သည် သူ၏ သွေးနှင့် DNA ကို ခွဲခြမ်းစိတ်ဖြာပြီး ယခင်အတိုင်း ဟုတ်မဟုတ် စစ်ဆေးကြည့်ပေမည်။ သို့သော်ငြား သူ့ထံတွင် လောကမြေပေါ်ရှိ သူ၏ ခန္ဓာကိုယ် DNA အချက်အလက်များသာ ရှိသည်။
‘ဒါဆို ဒီ သုည အဖွဲ့အစည်း ဆိုတာ ဘယ်သူလဲ။ သူ နိုးထလာပြီးနောက် ဒီ သုည အဖွဲ့အစည်းက ဘာလို့ လုံးဝ ပျောက်ကွယ်သွားရတာလဲ။’
ရှမ့်လန်သည် နေ့စဉ် အရာရာကို တွေးတောလွန်းနေပြီး အချိန်အများစုကို လောကကြီးအား ကြည့်ရှုရင်း ကုန်ဆုံးစေခဲ့၏။
အလွန် ထူးဆန်းသော အရာတစ်ခုလည်း ရှိသေး၏။ ရှမ့်လန်သည် မြို့စားမင်းရုံးသို့ ပထမဆုံး ဝင်ရောက်လာချိန်တွင် ရှစ်ချင်းချင်းက မေးခဲ့သည်။ “နေကောင်းလား။” ဟူ၍ပင်။
ထိုအရာက ဘာအဓိပ္ပာယ်နည်း။
သူမသည် ရှမ့်လန်ကို အသိအမှတ်ပြုလိုက်ခြင်း လုံးဝ မဟုတ်ပေ။ ရှမ့်လန်သည် သူ၏ ဤခန္ဓာကိုယ် အကြောင်း သိပ်မသိသော်လည်း သူ ရှမ့်လန် ဖြစ်ကြောင်းကို အခြေခံအားဖြင့် မည်သူမှ မပြောနိုင်ကြောင်း ရှင်းလင်းစွာ သိထားသည်။ ဆိုလိုသည်မှာ ရှစ်ချင်းချင်းသည် ဤမျက်နှာကို သိနေသည်လား။
သို့သော်ငြား ရှမ့်လန်၏ မျက်နှာမှာ ယာယီသာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို နားလည်လာသည်နှင့်အမျှ သူသည် မျက်နှာကို ပြောင်းလဲနိုင်ကြောင်း တဖြည်းဖြည်း တွေ့ရှိလာခဲ့သည်။ အတိုင်းအတာ တစ်ခုအတွင်း၌ သူသည် လူများစွာ၏ မျက်နှာအဖြစ် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် သူသည် သူ၏မူလ ပုံပန်းသဏ္ဍာန်အတိုင်း လုံးဝ ပြန်ပြောင်းလဲနိုင်သည်။
တကယ်တမ်းတွင်... ဤခန္ဓာကိုယ်သည် သူ၏ မူလ ပုံပန်းသဏ္ဍာန်ပင် ဖြစ်သည်။ လက်ရှိ လောကကြီးကို သူ ပိုမို နားလည်နိုင်စေရန် သုညက ရှေးဟောင်းလူသား သံတမန် တစ်ဦးကို သတ်ဖြတ်ပြီး ရှမ့်လန်ကို ထိုသူ၏ မျက်နှာအဖြစ် ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏။
ရှစ်ချင်းချင်းသည် ဤရှေးဟောင်းလူသား သံတမန်ကို သိရှိပြီး နေကောင်းလားဟု မေးခ့ခြင်းမှာ အဘယ့်ကြောင့်နည်း။ ရှေးဟောင်းလူသားအချင်းချင်းမို့ ထိုသို့ နှုတ်ဆက်လေသည်လား။
သို့သော်ငြား ရှမ့်လန်သည် ရှစ်ချင်းချင်းကို X-ray ဖြင့် ကြည့်ခဲ့သည်။ အမှားအယွင်း မရှိပေ။ ထိုအရာမှာ ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။ အရိုးစုသည် လုံးဝ နူးညံ့နေ၏။ လူတစ်ယောက်၏ ခန္ဓာကိုယ်သည် ကိုယ်အလေးချိန်နှင့် အဆီ ပြောင်းလဲနိုင်သော်လည်း အရိုးစုမှာ သိပ်ပြီး ပြောင်းလဲမည် မဟုတ်ပေ။ ရှစ်ချင်းချင်းကို ပထမဆုံး မြင်လိုက်ရချိန်တွင် ရှမ့်လန်သည် သူမ၏ အရိုးစုကို စစ်ဆေးခဲ့ပြီး ရှစ်ချင်းချင်းနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီနေခဲ့သည်။
ရှစ်ချင်းချင်း၏ ‘နေကောင်းရဲ့လား။’ ဟူသော နှုတ်ဆက်စကားမှာမူ များစွာ ထူးဆန်းနေခဲ့၏။ ရှမ့်ချန်၏ အရိုးစုလည်း ရှိနေသေးသည်။ ရှမ့်လန် စစ်ဆေးကြည့်ရှုခဲ့ပြီး ဖြစ်သည်။ ဤကလေးငယ်သည် ငယ်စဉ်က အလွန်တရာ ဆော့ကစားတတ်သူ ဖြစ်၏။ အိမ်ပေါ်မှ ပြုတ်ကျဖူးသဖြင့် အရိုးကျိုးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်သွားခဲ့သော်လည်း ကျိုးပဲ့ခဲ့ဖူးသည့် အရာ ထင်ကျန်ရစ်နေခဲ့သေး၏။
ရှမ့်လန်၏ X-ray အမြင်အောက်တွင်မူ ရှမ့်ချန်၏ ခြေသလုံးရိုး ကျိုးပဲ့ဖူးသည့် အရာမှာ ကျန်ရှိနေဆဲ ဖြစ်၏။ ဤအချက်က ရှမ့်လန်အား သံသယ ကင်းရှင်းသွားစေခဲ့သည်။ သို့သော်ငြား ယနေ့တွင် ရှမ့်ချန်က လူပေါင်း တစ်သိန်းသုံးသောင်းအား သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည့်အခါ ထိုအေးစက်ပြီး ဂရုမစိုက်တတ်သည့် စရိုက်သဘာဝမှာ ပုံမှန်မဟုတ်တော့ချေ။ ပွက်ပွက်ဆူနေသော ရေနွေးဖြင့် ပုရွက်ဆိတ်တစ်ကောင်အား လောင်းချသတ်ဖြတ်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။ ဤကဲ့သို့သော စရိုက်သဘာဝမျိုးသည် လူတစ်မျိုး တည်း၌သာ ရှိနိုင်သည်။ ထိုသူတို့မှာ ရှေးဟောင်းလူသားများပင် ဖြစ်ကြသည်။
ရှမ့်လန်သည် ရှမ့်ချန် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ဖူးသူ ဖြစ်သည်။ ထိုကလေးသည် ဆော့ကစားတတ် သော်လည်း ဤမျှ ရက်စက်မည့်သူမျိုး လုံးဝ မဟုတ်ပေ။ သူ့၏ ပင်ကိုယ်စရိုက် ပြောင်းလဲလာနိုင်သည် ဆိုလျှင်ပင် ဤမျှအထိ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားစရာ အကြောင်းမရှိပေ။
ထို့အပြင် မြောက်ဝင်ရိုးစွန်း၌ ရှိနေစဉ်က ရှေးဟောင်းလူသားတို့၏ ဝိညာဉ်မှာ ထာဝရတည်တံ့နိုင်ကြောင်း ရှမ့်လန် ကိုယ်တိုင် တွေ့မြင်ခဲ့ရဖူးသည်။ သူတို့၌ အလွန် အစွမ်းထက်သော စွမ်းအင်ခန္ဓာကိုယ် ရှိကြပြီး ရုပ်ရည်သွင်ပြင် နှင့် ခန္ဓာကိုယ်ကိုလည်း စိတ်ကြိုက် ပြောင်းလဲနိုင်စွမ်း ရှိကြသည်။
ထို့သို့ဖြစ်ရာ ရှမ့်လန်၏ စိတ်ထဲ၌ ရဲရင့်သော ထင်ကြေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ့ရှေ့တွင် ရှိနေသော ရှမ့်ချန်သည် ရှမ့်ချန်အစစ် မဟုတ်။ သူ့ရှေ့မှ ရှစ်ချင်းချင်းသည်လည်း ရှစ်ချင်းချင်းအစစ် မဟုတ်ပေ။ ရှေးဟောင်းလူသား က အသွင်ပြောင်းလဲထားခြင်းသာ ဖြစ်သည်။ ဤအတွေးက လူကို ကြက်သီးမွေးညှင်း ထသွားစေနိုင်၏။
မြောက်ဝင်ရိုးစွန်းတွင် ရှိစဉ်က ကျန်းလီ၏ ထိန်းချုပ်မှုအောက်၌ ထိုရှေးဟောင်းလူသားများက ခန္ဓာကိုယ် အသစ်တစ်ခု ဖန်တီးခဲ့ကြကြောင်း သူ အထင်အရှား မြင်တွေ့ခဲ့ရဖူးသည်။ အစပိုင်းတွင် သူတို့၌ ကျား၊ မ လိင်ကွဲပြားခြင်း မရှိဘဲ စက်ရုပ်များနှင့် တူနေခဲ့ကြသည်။ ထို့နောက်မှ တဖြည်းဖြည်းချင်း ရုပ်သွင်ပြင်များ ပြောင်းလဲလာခဲ့ကြခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ဤလောကရှိ အရေးပါသော လူပုဂ္ဂိုလ် အားလုံးနေရာတွင် ရှေးဟောင်းလူသားများဖြင့် ကျန်းလီက အစားထိုးလိုက်ခြင်းလား။ ပြီးနောက် ထိုသူတို့ကို အမျိုးမျိုးသော ဇာတ်ကောင်နေရာများတွင် သရုပ်ဆောင်စေခဲ့သည်လား။
ရှစ်ချင်းချင်းအဖြစ် ဟန်ဆောင်စေပြီး၊ ရှမ့်ချန်အဖြစ် ဟန်ဆောင်စေကာ အခြားသူများအဖြစ်လည်း ဟန်ဆောင်စေခဲ့ခြင်းလား။
ထိုသို့ဆိုလျှင် အင်ပါယာ မြို့တော်၌ ရှိနေသော ရှမ့်လန်၏ ဆွေမျိုးသားချင်း အားလုံးသည်လည်း အတုများ ဖြစ်နေကြပြီလား။ သူတို့အားလုံးသည် ရှေးဟောင်းလူသားများက အသွင်ပြောင်းထားကြခြင်းလား။
ထိုသို့ဆိုလျှင် ရှမ့်လန်၏ ဇနီးနှင့် သားသမီးများက မည်သည့်နေရာတွင် ရှိနေကြသနည်း။
တွေးမိလေ အသည်းခိုက်အောင် အေးစက်သွားရလေ ဖြစ်၏။ ကျန်းအင်ပါယာ၏ အရာရှိအပေါင်းနှင့် ရင်းနှီးဖူးသော မျက်နှာအားလုံးသည် ရှေးဟောင်းလူသားများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။
ဤသည်မှာ မည်သည့် ရည်ရွယ်ချက်အတွက်နည်း။ အဘယ်ကြောင့်နည်း။
ရှစ်ချင်းချင်းအဖြစ် ဟန်ဆောင်ထားသော ရှေးဟောင်းလူသားသည် အင်ပါယာမြို့တော်၌ ရှိနေခဲ့သည်မှာ ထင်ရှား၏။ ယခု အဘယ်ကြောင့် နုရှောင့်မြို့သို့ ရောက်ရှိလာရသနည်း။ ပူးပေါင်းကြံစည်မှု တစ်ခု ရှိနေသည်။ ကြီးမားသော ပူးပေါင်းကြံစည်မှုကြီး တစ်ခု ရှိနေရမည်။
ဤရှေးဟောင်းလူသား အုပ်စုသည် မည်သည်ကို ပြုလုပ်လိုကြသနည်း။ သူတို့၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ အမှောင်အင်ပါယာကို တော်လှန်နိုင်သည့် တစ်ခုတည်းသော အင်အားစုဖြစ်သည့် အလင်းနယ်မြေ ကို ရှမ့်လန် အလိုအလျောက် သတိရလိုက်မိသည်။
… … …