တိမ်တောင်အင်ပါယာထဲက သွေးကွဲမှု
Vol. 29 Ch. 297
ဂူဒူအာ ချင်းယွင်ကျိ၏ နတ်အာရုံရှိမရှိကို သေချာစစ်ဆေးခဲ့ပြီး မရှိတော့တာ သေချာမှသာ မိစ္ဆာဝိညာဉ်တစ်စထုတ်ပြီး သလင်းနံရံထဲမှမိစ္ဆာများနှင့် ဆက်သွယ်ခဲ့၏။
“အခြေအနေဘယ်လိုရှိလဲ ငါတို့ထွက်လို့ရပြီလား” သွေးအရိပ်မိစ္ဆာအရင်မေးလိုက်သည်။
ဂူဒူအာခေါင်းခါပြလိုက်၏။
“လတ်တလောတော့ ငါတို့ထွက်လို့မရသေးဘူး နှစ်နည်းနည်းလောက်စောင့်ရဦးမယ်”
“ဘာလို့ နှစ်နည်းနည်းစောင့်ဖို့လိုတာလဲ အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ” မိစ္ဆာတစ်ကောင်စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
ဂူဒူအာလေးလေးနက်နက်ပြန်ဖြေလိုက်၏။
“အပြင်ဘက်က အခြေအနေက ငါတို့ထင်ထားတာထက် ပိုဆိုးနေတယ်
မကြာသေးခင်က ငါတို့ အဇူရာတိမ်ဂိုဏ်းကိုကူညီပြီး ကမ္ဘာပေါ်က အခြားဂိုဏ်းတွေကိုတိုက်ခိုက်ခဲ့တယ် အဲ့ဒီနည်းလမ်းနဲ့ပဲ ငါတို့တွေဂိုဏ်းနဲ့ ယာယီရင်းနှီးလာစေခဲ့တာ
ငါတို့တွေ အကြမ်းဖျင်းအချိန်နှစ် ၂၀လောက်တော့ ရခဲ့တယ်
အဲ့ဒီနှစ် ၂၀အတွင်း အဇူရာတိမ်ဂိုဏ်းကို ရန်သူတွေကိုရင်ဆိုင်တဲ့နေရာမှာ ငါတို့ကို အားကိုးနေရလိမ့်မယ် အဲ့တာကြောင့် နှစ်၂၀အတွင်းတော့ ငါတို့လုံခြုံရေးကို အာမခံနိုင်ပြီ
တကယ့်အပြောင်းအလဲကြီးက နှစ်၂၀နောက်ပိုင်းမှ ဖြစ်လာမှာ
အဲ့ဒီအချိန်က ငါတို့တွေအားလုံးဒီနေရာကနေ လွတ်မြောက်မယ့်အချိန်ပဲလို့ ငါယုံတယ်”
သွေးအရိပ်မိစ္ဆာလေးလေးနက်နက်မေးလိုက်၏။
“ငါတို့ရဲ့နာမည်အရင်းကနေရော လွတ်မြောက်နိုင်မယ့်မျှော်လင့်ချက်ရှိလား”
“မဖြစ်နိုင်ဘူး” ဂူဒူအာ ခါးသက်သက်ပြုံးကာပြောလိုက်သည်။
“အဲ့ဒီ ငါတို့မျိုးနွယ်စုကကလေးက တကယ်ကြီး နာမည်အရင်းအမွေအနှစ်တစ်ခုကို ဆက်ခံခဲ့ရတာ အဲ့ဒီပညာရပ်က ငါတို့အရင်ကတစ်ခါမှမမြင်ဖူးတဲ့ ပညာရပ်ပဲ
ပြီးတော့ အသက်ပိုကြီးတဲ့တစ်ယောက်က ငါတို့ကို ချုပ်နှောင်နိုင်ဖို့ အဓိကထားတဲ့ ပညာရပ်တစ်ခုကိုကျင့်ကြံနေတာ
ဆိုတော့ ငါတို့နာမည်အရင်းသူတို့လက်ထဲ ရောက်သွားတာနဲ့ ပြန်လွတ်ဖို့ မေ့လိုက်တော့
အားလုံး ဒီကိစ္စနဲ့ပတ်သက်ပြီ သတိထားကြဖို့ ငါသတိပေးချင်တယ်
အနာဂတ်မှာ ငါတို့နာမည်အရင်းတွေ သူတို့ကိုပေးရမယ်ဆိုရင် ငါတို့အတော်ကြီး ဂရုစိုက်သင့်တယ်”
မိစ္ဆာများတိတ်ဆိတ်သွားခဲ့ကြသည်။
အတန်ကြာသောအခါမှ သွေးအရိပ်မိစ္ဆာမေးလိုက်၏။
“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကရော”
“နှစ် ၂၀ ကုန်ပြီးသွားရင် အဲ့ဒီအချိန်က ငါတို့တွေ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို သွားရမယ့်အချိန်ပဲ” ဂူဒူအာ လေးလေးနက်နက်ဖြေလိုက်သည်။
“အဲ့တာကြောင့်ပဲ နှစ် ၂၀ ပြီးရင် တကယ့်အပြောင်းအလဲကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါပြောခဲ့တာ
ငါတို့ မိစ္ဆာအရှင်ပေးအပ်လိုက်တဲ့တာ၀န်ကို ပြီးမြောက်နိုင် မနိုင်နဲ့ ငါတို့အသက်ရှင်နိုင်မနိုင်က အဲ့ဒီအချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာပေါ် မူတည်နေတယ်
ငါတွက်ထားသလောက်တော့ အဲ့ဒီအချိန်ကျရင် ကမ္ဘာတုန်လောက်တဲ့ ကိစ္စကြီးတစ်ခုဖြစ်လာမှာ သေချာတယ်
ကမ္ဘာကြီးက သူ့ကိုယ်သူပြန်ပြီးပုံသွင်းမယ့် ပြောင်းလဲမှုမျိုးပဲ အဲ့ဒီကာလမှာ လူဘယ်လောက်များများ အသက်ရှင်ကျန်ခဲ့နိုင်မလဲဆိုတာတော့ ငါမသိဘူး
ဖြစ်နိုင်တာကတော့ အဲ့ဒီပြောင်းလဲမှုကြီးဖြစ်ပြီးသွားရင် အဆုံးသတ်မှာ ဒီကမ္ဘာပေါ်က ကုန်းမြေတိုက်ကြီးအတော်များများ နစ်မြုပ်သွားလိမ့်မယ်”
သွေးအရိပ်မိစ္ဆာ၏ အနီရောင်မျက်လုံးများက သလင်းနံရံအပြင်ဘက်သို့သာ စိုက်ကြည့်နေခဲ့၏။
သူတို့အနာဂတ်လမ်းက ဘယ်လိုဖြစ်လာပါမည်နည်း။
ထို့နောက် ဂူဒူအာ သူစုဆောင်းထားခဲ့သော မြေပုံများနှင့် သတင်းအချက်အလက်များကို အခြားမိစ္ဆာများဆီ ဝေမျှပေးလိုက်လေသည်။
နေ့၀က်ခန့်ကြာပြီးနောက် ဂူဒူအာပြောလိုက်၏။
“ငါတို့အတွက် နေ့၀က်ပဲအချိန်ရခဲ့တာ….အဲ့တာက တကယ်ပဲ အကျဉ်းကျနေတဲ့ ထောင်သားတွေကို ဧည့်လာတွေ့ရသလိုပါပဲလား
ငါတောင်းပန်ပါတယ် ကျေးဇူးပြုပြီး နှစ် ၂၀လောက်ပဲ စောင့်ပေးကြပါ”
မိစ္ဆာများ သက်ပြင်းချလိုက်ကြသည်။
သူတို့ အကျဉ်းကျနေတာ နှစ် ၁၀၀၀ပင် ကြာသွားခဲ့ပြီ ဖြစ်၏။
အခုလို မျှော်လင့်ချက်ရောင်ခြည်သမ်းလာချိန်တွင် နှစ် ၂၀ဆိုတာ ဘာမှ မဟုတ်ပေ။
ဂူဒူအာ သူ့မိစ္ဆာဝိညာဉ်စွမ်းအားတစ်မျှင်ကို ပြန်သိမ်းလိုက်ပြီး အခြားမိစ္ဆာများနှင့်အတူ ချင်းယွင်ကျိကို ဆက်သွယ်လိုက်သည်။
ထို့နောက် ချင်းယွင်ကျိပေါ်လာခဲ့ပြီး မိစ္ဆာငါးကောင်ကို အဇူရာတိမ်တောင်ထွတ်သို့ ပြန်ခေါ်လိုက်ကာ ကျန်းယန်က ထိုမိစ္ဆာများကို တားမြစ်နယ်မြေဆီ ပြန်ပို့ခဲ့၏။
ထိုစဉ် တိမ်တောင်အင်ပါယာတွင်တော့ ၀ရုန်းသုန်းကားဖြစ်နေခဲ့လေသည်။
သူ့အတွက် ပလ္လင်ပေါ်တွင်ထိုင်ခွင့်က ရက်အနည်းငယ်သာ ကျန်တော့မှန်း သူသိရှိနေခဲ့၏။ သို့သော် သူဤပလ္လင်ကို လက်မလွှတ်လိုပေ။
ကံဆိုးစွာဖြင့် နန်းတော်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သော မိန်းမစိုးဟုန်ကပင် အလွယ်တကူ အညံ့ခံခဲ့လေရာ သူပလ္လင်ကို လက်မလွှတ်ချင်ရင်တောင် သူ့တွင်ရွေးစရာမရှိတော့ပေ။
နဂါးပျံတပ်ဖွဲ့က စွမ်းအားကြီးသော်လည်း စစ်သည်အင်အားက ၅၀၀၀ သာရှိနေခြင်း ဖြစ်သည်။
အဇူရာတိမ်ဂိုဏ်းတွင်တော့ ကျန်းချန်းရှန်၏ အဖွဲ့တစ်ဖွဲ့တည်းကပင် တပ်သား ၁၀၀၀၀ ရှိလေရာ သူတို့နဂါးပျံတပ်ကို အလွယ်တကူ ရှင်းပစ်နိုင်လောက်သည်။
ထို့ကြောင့်လည်း တိမ်တောင်အင်ပါယာသည် ထီးနန်းပြောင်းမည့်အရေးကို မရှောင်လွဲနိုင်တော့ခြင်း ဖြစ်၏။
ထိုအခိုက်တွင် လီရှီချင်းနှလုံးသားထဲ၌ နောင်တရသလို ခံစားလိုက်ရသည်။
အကယ်၍သူသာ ထိုမျှမမောက်မာခဲ့လျှင် ကိစ္စများက အခုလောက်ဆိုးရွားသွားလိမ့်မယ် မဟုတ်ပေ။
ကံဆိုးစွာဖြင့် အကယ်၍ ဆိုတာလက်တွေ့ဘ၀တွင် ရှိမနေပေ။
၇ရက်ကြာ ဖရိုဖရဲဖြစ်နေပြီးနောက် သူတရားရေးအရာရှိများကို ဆင့်ခေါ်လိုက်ကာ အေးစက်စက်ကြေငြာလိုက်၏။
“အခုတလော ငါကိုယ်တော်တစ်နေ့တခြားပိုပိုပြီး ပင်ပန်းလာသလို ခံစားနေရတယ် ငါကိုယ်တော်ရဲ့အချိန်နဲ့နီးကပ်လာမှာကို ကြောက်မိတယ် အဲ့တာကြောင့် ငါကိုယ်တော် ပလ္လင်ကိုစွန့်လွှတ်ပြီး ထီးနန်းကိုလက်လွှဲပေးဖို့ စဉ်းစားထားတယ် ၀န်ကြီးတို့ ကျေးဇူးပြုပြီး နောက်တက်မယ့်ဧကရာဇ်နေရာအတွက် ဘယ်သူက သင့်တော်သလဲဆိုတာ အကြံပေးကြပါ”
သူ့စကားဆုံးသည်နှင့် ညီလာခံတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။
ဧကရာဇ်သည် အတော်လေးကျန်းမာနေပုံပေါ်နေချိန်တွင် အဘယ်ကြောင့် သူ့အချိန်က နီးကပ်လာရပါသနည်း။
သူသည် စိတ်ဝိညာဉ်ဆေးဝါးအထောက်အပံ့များကို အမြဲမှီဝဲနေခဲ့ပြီး မကြာသေးခင်ကပင် ကိုယ်လုပ်တော်အသစ်များ ခန့်အပ်ခဲ့သေး၏။ ထိုအခြေအနေတွင် အဘယ်ကြောင့် ရုတ်တရက်ကြီး သေသွားနိုင်ပါမည်နည်း။
ထိုအခိုက်တွင် လူတိုင်းက လွန်ခဲ့သောရက်အနည်းငယ်က ထွက်ခဲ့သည့် အဇူရာတိမ်ဂိုဏ်းမှတစ်ယောက်ယောက်သည် နန်းတော်ထဲ၀င်လာပြီး မိန်းမစိုးဟုန်ကိုဒဏ်ရာရအောင်လုပ်သွားသည်ဟူသော ကောလာဟလကို စဉ်းစားလာမိကြသည်။
“ဆယ်ရက်အတွင်း ဧကရာဇ်အသစ်ကိုရွေးချယ်မယ် အဲ့ဒီဧကရာဇ်အသစ်က ချက်ချင်းပဲ အဇူရာတိမ်ဂိုဏ်းကိုသွားပြီး သူတို့ညွှန်ကြားချက်ကို သွားတောင်းခံရမယ်” လီရှီချင်း ဆက်ပြောလိုက်၏။
သူထိုစကားကို တကယ်ကို မပြောချင်ခဲ့ပေ။
သို့သော် ထိုလူငယ်လေး ထွက်မသွားခင်တုန်းက ပေးခဲ့သော အမိန့်များကို သူမလွန်ဆန်ရဲခဲ့ပေ။
အကယ်၍များလ၀က်အတွင်း တိမ်တောင်အင်ပါယာတွင် ဧကရာဇ်အသစ်တစ်ပါးထွက်ပေါ်မလာခဲ့လျှင် တော်၀င်မိသားစုတစ်ခုလုံးသည် သုတ်သင်ခံရပေလိမ့်မည်။
လီရှီချင်းတွင် ရွေးချယ်စရာမရှိခဲ့ပေ။
ညီလာခံတစ်ခုလုံး ပွက်လောရိုက်သွားပြီးနောက် မင်းဆရာဒေါသတကြီး ပြောလိုက်၏။
“အရှင်မင်းကြီး အဇူရာတိမ်ဂိုဏ်းက ဘာအဓိပ္ပာယ်နဲ့ဒီလိုလုပ်တာလဲ သူတို့က ပလ္လင်နောက်ကွယ်က တကယ့်အထွတ်အထိပ်အာဏာရှင် ဖြစ်ချင်နေကြတာလား”
လီရှီချင်း အေးစက်စက်ပြန်ပြောလိုက်သည်။
“ရက်အနည်းငယ်အတွင်း ငါထီးလန်းကိုစွန့်လွှတ်မယ် မင်းတို့ငါ့ကိုဒီကိစ္စထပ်မေးစရာမလိုတော့ဘူး”
ထိုစကားကိုကြားသောအခါ မင်းဆရာ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ပြောလိုက်၏။
“အရှင်မင်းကြီးက ကျန်းမာရေးကြောင့် ထီးနန်းကိုစွန့်လွှတ်ဖို့ ပြင်လိုက်ပြီဆိုမှတော့ အိမ်ရှေ့စံကပဲ ထီးနန်းကိုဆက်ခံသင့်ပါတယ် အဲ့တာကြောင့် ကျွန်တော်မျိုးကတော့ အိမ်ရှေ့မင်းသားကိုပဲ ထောက်ခံချင်ပါတယ်”
အခြား၀န်ကြီးများလည်း သူတို့ထောက်ခံသော မင်းသားများကို ကိုယ်စီထုတ်ပြောလိုက်ကြသည်။
သို့သော် ဤနှစ်များအတွင်း ရုံးတော်ထဲရှိ မင်းကြားများကြားပဋိပက္ခများကြောင့် ၀န်ကြီးအများစုသည် တတိယမင်းသားဘက်သို့ ရောက်ရှိနေပြီးဖြစ်၏။
ထို့ကြောင့် ရုံးတော်ထဲတွင် မင်းဆရာအပါအ၀င် လူနည်းစုကသာ သူတို့ထောက်ခံသောမင်းသားများကို အော်ဟစ်နေခဲ့ကြခြင်း ဖြစ်သည်။
အများစုကတော့ ထိုကိစ္စတွင်၀င်မပါခဲ့ကြပေ။
သူတို့မျက်လုံးထဲတွင် သူတို့သည် မင်းသား ၃၏လူများသာ ဖြစ်၏။ ဘယ်သူပဲ ဧကရာဇ်ဖြစ်လာလာ သူတို့ကိုထိရဲမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် မင်းသား၃သည် အမတလမ်းစဉ်ကို လျှောက်လှမ်းနေသောကြောင့် ဖြစ်သည်။
မင်းသား ၃သည် နဂါးပျံတပ်ကိုထိန်းချုပ်သူလည်း ဖြစ်နေသေး၏။
ရုံးတော်ရှိအရာရှိအတော်များများနှင့် ရင်းနှီးသောဆက်ဆံရေးရှိသလို စစ်အင်အားလည်းရှိသူကို ဘယ်သူက ထိရဲပါမည်နည်း။
လူပေါင်းများစွာက ကြိတ်၍ စိတ်ကူးယဉ်နေခဲ့မိကြသည်။
အကယ်၍ မင်းသား၃သာ ပလ္လင်ကိုသိမ်းပိုက်နိုင်လျှင် မည်မျှကောင်းပါမည်နည်း။
ကံဆိုးစွာဖြင့် မင်းသား၃သည် စတင်ကျင့်ကြံနေခဲ့ချေပြီ။
ကျင့်ကြံသူတစ်ယောက် ဧကရာဇ်ဖြစ်လာခဲ့လျှင် ကျိန်းသေပေါက် ကောင်းကင်ပစ်ဒဏ်ကို ခံစားရပေလိမ့်မည်။
ဟူးးးး….သူသာမကျင့်ကြံခဲ့ရင်…
သို့သော် ပြန်စဉ်းစားကြည့်လျှင် မင်းသား၃သာ ကောင်းကင်ပစ်ဒဏ်ခံခဲ့ရလျှင် ကျန်လူများ အကျိုးအမြတ်ကြီးကြီးမားမား မရနိုင်ပေဘူးလော။
မြေခွေးအိုကြီးများ၏ မျက်လုံးအရောင်များ စတင်ပြောင်းလဲလာခဲ့ကြသည်။
ညီလာခံတွင် လီရှီချင်း ငြင်းခုန်နေသော လူအုပ်ကြီးကို ကြည့်ရှုနေခဲ့၏။
အိမ်ရှေ့စံအဖွဲ့ကို မင်းဆရာကဦးဆောင်ပြီး သူ့တွင်ထောက်ခံသူ အနည်းငယ်သာ ရှိသည်။
မင်းသား ၂အဖွဲ့ကိုတော့ ပြည်ထဲရေး၀န်ကြီးကဦးဆောင်နေပြီး သူ့တွင်လည်း ထောက်ခံသူ မများလှပေ။
မင်းသား ၄ အဖွဲ့ကိုဦးဆောင်နေသူကတော့ ဘဏ္ဍာရေး၀န်ကြီးဖြစ်ပြီး သူ့တွင်လည်း ထောက်ခံသူအနည်းငယ်သာ ရှိ၏။
ဤအရာကို အုပ်စုကွဲမှုဟုတောင် ပြောနိုင်ပါသေးသလော။
လီရှီချင်း အရင်က အာဏာလုပွဲများစွာကို ကြုံတွေ့ခဲ့ရဖူးသည်။ ထိုစဉ်ကတော့ အာဏာလုသူများသည် အဖွဲ့ပေါင်းများစွာကွဲပြီး တစ်ယောက်နှင့်တစ်ယောက် လုပ်ကြံသတ်ဖြတ်သည်အထိ ဖြစ်တတ်ကြ၏။
သို့သော် ဤလူအနည်းငယ်သာ ကွဲထွက်သွားခြင်းမျိုးကတော့…
ပြီးတော့ ဒီအဖိုးကြီးနည်းနည်းလောက်ပဲ ညီလာခံမှာ လာငြင်းနေရုံလောက်တဲ့လား!
အနည်းဆုံးတော့ သူတို့တိုက်ခိုက်ကြသင့်ပေသည်။
လီရှီချင်း မလှုပ်မယှက်ရပ်နေသူများကိုကြည့်ကာ မေးလိုက်၏။
“မင်းတို့က ဘာလို့ မင်းတို့အမြင်ကို ထုတ်မပြောကြတာလဲ”
စစ်မှုရေးရာ၀န်ကြီး လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
“အရှင်မင်းကြီး ထီးနန်းအမွေကိုဆက်ခံမယ့်ကိစ္စက အရမ်းကို အရေးကြီးပါတယ် ဒါပေမယ့် အရှင်မင်းကြီးရဲ့ လမ်းပြမှုအောက်မှာ အိမ်ရှေ့မင်းသားတွေ အားလုံးက အတော်လေးစွမ်းဆောင်ရည်ကောင်းပြီး အရည်အချင်းလည်း ရှိလှပါတယ် ဒါကြောင့် ကျွန်တော်မျိုးတို့က ပလ္လင်ကိုသိမ်းပိုက်နိုင်တဲ့ ဘယ်မင်းသားကိုမဆို ထောက်ခံဖို့ အသင့်ပါပဲ
ဘယ်သူက ထီးနန်းကိုဆက်ခံသင့်လဲဆိုတာကိုတော့ အရှင်မင်းကြီးကိုယ်တိုင် ဆုံးဖြတ်တာ အသင့်တော်ဆုံးလို့ ကျွန်တော်မျိုးထင်ပါတယ်”
လူတိုင်းသူ့ကိုကြိတ်၍ ကျိန်ဆဲလိုက်ကြသည်။
အရှက်မရှိလိုက်တဲ့ ငဖားကောင်!
သူသည် သူ့အမြင်ကိုထုတ်မပြောဘဲ ဧကရာဇ်ကိုသာ ဖားယားနေခဲ့၏။
ထိုသို့အဖားခံလိုက်ရပြီးနောက် လီရှီချင်း၏ခံစားချက် အနည်းငယ်တိုးတက်သွားခဲ့သည်။ ထို့နောက်သူအေးစက်စက် ဆူငေါက်လိုက်၏။
“မြေခွေးအိုကြီး ငါကမင်းရဲ့အမြင်ကိုမေးတာကို မင်းကငါ့အမြင်ကို ပြန်မေးရသလား”
“အရှင်မင်းကြီး ဒါတွေက ကျွန်တော့်ရင်ထဲကလာတဲ့ စစ်မှန်တဲ့စကားလုံးတွေပါ” စစ်မှုရေးရာ၀န်ကြီး ခပ်တည်တည်ပြန်ပြောလိုက်သည်။
“ဘယ်အရာက အရှင်မင်းကြီးကို ဒီလိုဆုံးဖြတ်စေလိုက်လဲဆိုတာ ကျွန်တော်မျိုးမသိပေမယ့် အဇူရာတိမ်ဂိုဏ်းက တိမ်တောင်အင်ပါယာရဲ့ အချုပ်အခြာအာဏာကို ထိပါးလာချင်နေမှတော့ အရှင်မင်းကြီး ဒီကိစ္စကိုသတိထားပြီးကိုင်တွယ်သင့်ပါတယ် အရှင်မင်းကြီး သတိထားပြီး ကိုင်တွယ်နိုင်မယ်လို့လည်း ကျွန်တော်မျိုး ယုံကြည်ပါတယ်
အရိုးသားဆုံးပြောရရင်တော့ အခုအဆိုပြုထားတဲ့ မင်းသားတွေအားလုံး….တစ်ယောက်မှ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာဖို့ အရည်အချင်းပြည့်မှီတယ်လို့ မထင်ပါဘူး”
မင်းဆရာဒေါသထွက်သွားခဲ့သည်။
“လက်ရှိ ပလ္လင်အတွက်အသင့်တော်ဆုံးက အိမ်ရှေ့စံ မင်းသား၂နဲ့ မင်းသား၄ တို့ပဲ မင်းက အသက်၅နှစ်အရွယ် မင်းသား၉ကို ဧကရာဇ်ဖြစ်စေချင်နေတာလား
ပြီးတော့ အဲ့ဒီရွေးချယ်ခံတွေကြားထဲမှာ အိမ်ရှေ့စံက ထီးနန်းအတွက် အသင့်တော်ဆုံးပဲ”
မင်းသား၃က အမတလမ်းစဉ်ကို လျှောက်လှမ်းနေသောကြောင့် လူတိုင်းက သူ့ကိုလျစ်လျူရှုထားခဲ့ကြသည်။
စစ်မှုရေးရာ၀န်ကြီး မျက်လွှာကိုချလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အရှင်မင်းကြီးမှာ အသက်အရွယ်လည်းကိုက်ညီတဲ့မင်းသားတစ်ယောက်ယောက်ကိုများ တွေးထားတာ ရှိပါသလား”
ပြည်ထဲရေး၀န်ကြီး ဒေါသတကြီး ပြောလိုက်ပြန်သည်။
“အရူးအိုကြီး ပြဿနာရှာနေတာရပ်လိုက်တော့ အခုပြောထားတဲ့မင်းသားတွေထက် ဘယ်သူကများ ထီးနန်းအတွက် သင့်တော်ဦးမှာလဲ…မင်းက မင်းသား၃ကို ထောက်ခံချင်နေတာလား”
စစ်မှုရေးရာ၀န်ကြီး ပြန်မဖြေခဲ့ပေ။ သူတိတ်တဆိတ်သာခေါင်းငုံ့ပြီး သူ့ခြေထောက်သူ ပြန်ကြည့်နေခဲ့၏။
“ရိုင်းလိုက်လေ မင်းသား၃က ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီးပြီ ဘယ်လိုလုပ်ဧကရာဇ်ဖြစ်လာလို့ ရတော့မှာလဲ
မင်းကောင်းကင်အပြစ်ဒဏ်ကိုမကြောက်ဘူးလား” မင်းဆရာ ဒေါသတကြီးအော်ပြောလိုက်သည်။
အော်ပြောလိုက်သော်လည်း သူတကယ်တော့ စတင်ကြောက်လန့်လာခဲ့မိချေပြီ။
ဧကရာဇ်၏ မျက်လုံးအရောင်လည်း စတင်ပြောင်းလဲလာခဲ့၏။
မင်းသား၃တဲ့လား!
ငါ့အချစ်ဆုံးသားလား သူကကျင့်ကြံသူတစ်ယောက် ဖြစ်မလာခဲ့တာများလား!
……