ဒီ၀တ်စုံကမင်းနဲ့လိုက်တယ်
Vol. 29 Ch. 299
မင်းသား၃ သူ့စံအိမ်ထဲတွင် စိတ်မအေးနိုင်ဖြစ်နေခဲ့၏။
ထိုပလ္လင်အတွက် သူကျင့်ကြံနေတာ နှစ်အတော်အတန်ပင် ကြာခဲ့ချေပြီ။
အခုလို အရေးကြီးသောအခိုက်အတန့်သို့ ရောက်လာချိန်တွင် သူလှုပ်ရှားပစ်ချင်နေပြီဖြစ်သော်လည်း စိတ်ကိုထိန်းနေခဲ့ရသည်။
ကျန်းယန် သူ့ရှေ့သို့ ရောက်လာပြီး ဘာဆက်လုပ်ရမလဲပြောပြဖို့သာ သူမျှော်လင့်နေမိတော့၏။
တကယ်တော့ ထိုအခိုက်တွင် အိမ်ရှေ့စံမင်းသား၂နှင့်မင်းသား၄တို့အားလုံးလည်း စိတ်ညစ်နေကြသည်သာ။
သူတို့နှစ်ပေါင်းများစွာစောင့်ခဲ့ပြီးနောက် သူတို့ခမည်းတော်သည် မသေသေးသော်လည်း ထီးနန်းကိုစွန့်ပေတော့မည်။
သူတို့တစ်ယောက်ချင်းသည် ထီးနန်းကိုအလွန်လိုချင်သောကြောင့် ယခင်ကတည်းက ပြိုင်ဆိုင်နေခဲ့ကြခြင်း ဖြစ်၏။
အခုတော့ ထိုပြိုင်ပွဲထဲ မင်းသား၃ပါ ၀င်ရောက်လာခဲ့ချေပြီ။
ထို့ကြောင့် သူတို့စိတ်ထဲ အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့ မင်းသား၃ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
စိတ်ညစ်စရာညကြီးတစ်ည ကျော်လွန်သွားပြီးနောက် မနက်ခင်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
နောက်နေ့မနက်ခင်းတွင် ထုံးစံအတိုင်း ညီလာခံကို ပြန်လည်ကျင်းပခဲ့၏။
အလွန်စိတ်ပူပန်နေသည့် များစွာသော အရာရှိများက ရုံးတော်ထဲ ၀င်လာခဲ့ကြသည်။
ဤတစ်ကြိမ်တွင်တော့ ညီလာခံသို့ လူတိုင်းဆင့်ခေါ်ခံလိုက်ရခြင်း ဖြစ်၏။
မင်းသားများပင် ညီလာခံဆီရောက်ရှိနေခဲ့ကြသည်။
ယနေ့ညီလာခံ၏ အဓိကရည်ရွယ်ချက်မှာ ဧကရာဇ်နန်းစွန့်ခြင်းနှင့် ဧကရာဇ်အသစ်ကိုကြေငြာရန် ဖြစ်၏။
ညီလာခံစတင်သည်နှင့် မင်းသားများ၏အုပ်စုများက သူတို့မင်းသားဘယ်လောက်ဉာဏ်ကြီးကြောင်းဝိုင်း၀န်းပြောဆိုနေခဲ့ကြပြီး ညီလာခံတစ်ခုလုံးက ပွက်လောရိုက်နေခဲ့သည်။
မင်းသား၃ သူ့ညီတော်အစ်ကိုတော်များ ငြင်းခုန်နေသည်ကို တွေ့ပြီး သူပင်ဝင်ငြင်းချင်သွားခဲ့မိ၏။
သို့သော် သူသူ့မူဝါဒကိုမမေ့ပေ။
မလောနဲ့!
ထို့ကြောင့် သူဘေးတွင်သာရပ်နေရင်း ငြင်းခုန်နေကြသော လူတစ်အုပ်ကို ပြုံး၍ကြည့်ရှုနေခဲ့သည်။
“တော်လောက်ပြီ ငြင်းမနေကြနဲ့တော့” ဧကရာဇ်လီရှီချင်း အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့လိုက်ရာ လူတိုင်း တိတ်ဆိတ်သွားခဲ့ကြ၏။ ထို့နောက် သူမင်းသား၃ကိုကြည့်ကာ ပြောလိုက်သည်။
“တတိယသားတော် မင်းဘာလို့ ဘာမှမပြောတာလဲ”
“ခမည်းတော် သားတော်ကကျင့်ကြံသူတစ်ယောက်ပါ ဘာလို့ငြင်းခုန်နေမှာလဲ ဒါတွေက သားတော်နဲ့မဆိုင်ပါဘူး”မင်းသား၃ အားတင်း၍ ပြုံးကာ ပြောလိုက်၏။
“တကယ်လို့ တိုင်းပြည်တစ်နေရာရာမှာ သူပုန်ထခဲ့ရင်တော့ ဒါက သားတော်ရဲ့တာ၀န်ပါ မဟုတ်ရင်တော့ ကျန်တာက သားတော်နဲ့မဆိုင်ပါဘူး”
သူ့ထံမှ ထိုစကားထွက်လာသည်နှင့် အခြားမင်းသားများ၏ သူ့အပေါ်ရန်လိုမှု ရုတ်ချည်းလျော့ကျသွားခဲ့ပြီး သူတို့အချင်းချင်းသာ ပိုပြီး ရန်လိုလာခဲ့ကြသည်။
သူတို့မျက်လုံးထဲတွင် သူတို့ရန်သူမှာ သူတို့ရှေ့တွင် ရပ်နေကြသူများသာဖြစ်ပြီး မင်းသား၃ မဟုတ်တော့ပေ။
မင်းသား၃ကို ထောက်ခံထားကြသူများကတော့ ခါးသက်သက်သာ ပြုံးလိုက်မိကြ၏။
လီရှီချင်း အချင်းချင်းရန်လိုနေသော သူ့သားတော်သုံးပါးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မင်းသား၃ကိုလည်း တစ်ချက်ကြည့်လိုက်ပြီး ထရပ်လိုက်ကာ အောင်မြင်သောအသံကြီးဖြင့် ထည်ဝါစွာ ကြေငြာလိုက်လေသည်။
“ငါသေချာစဉ်းစားပြီးတဲ့နောက်မှာ ထီးနန်းကိုမင်းသား၃ဆီ လွှဲပေးဖို့ ဆုံးဖြတ်လိုက်ပြီ”
ထိုစကားသံထွက်ပေါ်လာသည်နှင့် ညီလာခံတစ်ခုလုံး ကြက်သေသေသွားခဲ့ကြ၏။
မင်းသားများလည်း ငေးကြောင်သွားခဲ့ကြသည်။
တကယ်တော့ မင်းသား၃ကိုယ်တိုင်ပင် ငေးကြောင်နေခဲ့ရခြင်း ဖြစ်၏။
သူတို့က ဒီလောက်တိုက်ခိုက်နေကြတာကို သူတို့ကိုမရွေးဘဲ ဘေးမှာရပ်နေတဲ့ငါ့ကို ရွေးလိုက်တာလား!
“ခမည်းတော် ဘာလို့လဲ” အိမ်ရှေ့စံ မကျေမနပ်ပြန်မေးလိုက်သည်။
“ညီလေး ၃က ကျင့်ကြံနေပြီလေ သူ့ကိုထီးနန်းပေးလိုက်တာက သူ့ကိုဒုက္ခပေးတာပဲ မဟုတ်လား သူကကျွန်တော်တို့ ညီအစ်ကိုပါ သူ့ကိုဒုက္ခပေးလို့ ဘယ်ဖြစ်မလဲ”
မင်းသား ၃လည်း ၀င်ပြောလိုက်၏။
“ခမည်းတော် ဟုတ်ပါတယ် ကျွန်တော်ကကျင့်ကြံသူတစ်ယောက်ပါ ခမည်းတော် သားတော်ကို ဒုက္ခပေးတော့မလို့လား”
သူပြောနေရင်း စိတ်ထဲတွင် ကျန်းယန်ကိုပိုပိုပြီး ကြည်ညိုလေးစားလာမိခဲ့သည်။ သူ့နည်းလမ်းများက အတော်ကြီး ကြမ်းလွန်းလှ၏။
မင်းသား ၂နှင့်မင်းသား၄လည်း အမြန်အော်ပြောလိုက်သည်။
“ခမည်းတော် အစ်ကို၃ ကိုလုံး၀ဒုက္ခပေးလို့ မဖြစ်ဘူးလေ”
မင်းဆရာနှင့်ပြည်ထဲရေး၀န်ကြီးတို့လည်း ရှေ့တက်သွားခဲ့ပြီး ပလ္လင်ကိုမင်းသား၃ဆီ လုံး၀လွှဲပေးလို့မဖြစ်ကြောင်း ၀င်ပြောလိုက်ကြ၏။
“မင်းတို့အားလုံး ပိတ်ထားကြစမ်း” လီရှီချင်း သူ့သားများကိုလက်ညှိုးထိုးကာ အော်ငေါက်လိုက်သည်။
“မင်းတို့ကိုယ်မင်းတို့ ကြည့်ကြစမ်း ဒီလိုကိစ္စလေးအတွက် ညီအစ်ကိုချင်း တိုက်ခိုက်နေခဲ့ကြတာ ဘာလို့ မင်းတို့ အစ်ကို ၃ဆီကနေ တည်တည်ငြိမ်ငြိမ်နေတတ်ဖို့ မသင်ယူကြတာလဲ
ငါစုံစမ်းပြီးသွားပြီ မင်းသား၃က ကျင့်ကြံနေပြီဆိုပေမယ့် သူရွှေအမြုတေအဆင့်ကို မရောက်သေးသရွေ့ ပြဿနာမရှိဘူး
အဲ့တာကြောင့် သူ့အတွက်ထီးနန်းကိုဆက်ခံဖို့ ဘာပြဿနာမှမရှိဘူး”
ထို့နောက် သူရုံးတော်အရာရှိများကိုကြည့်ကာ အေးစက်စက်ပြောလိုက်၏။
“ပြီးတော့ မင်းတို့ ဘာတွေးနေသလဲ ငါမသိဘူးမထင်နဲ့ ငါဆုံးဖြတ်ပြီးသွားပြီ နောက်ထပ်စကားတစ်လုံးထပ်ထွက်လာရဲတဲ့ သူမှန်သမျှ ကွက်မျက်ခံရမယ်”
သူ့အမြင်တွင် သူ့တိုက်ခိုက်နေသောသားများကို ဒီတိုင်းသာလွှတ်ထားလျှင် တိုင်းပြည်သည် ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။ ဆယ်ရက်အတွင်း ဧကရာဇ်အသစ်ကို ဘယ်လိုမှ တင်မြှောက်နိုင်မည်မဟုတ်ပေ။ ဆယ်ရက်အတွင်း ဧကရာဇ်အသစ်ပေါ်မလာလျှင်လည်း ကျန်းယန်၏လမ်းညွှန်ချက်အရ ဧကရာဇ်၏မျိုးရိုးနာမည်က ပြောင်းလဲသွားပေလိမ့်မည်။
ထို့ကြောင့် သူ့သားများကိုဆက်တိုက်ခိုက်ခိုင်းမည့်အစား မင်းသား၃ကို ပေးလိုက်ခြင်းကသာ ပိုပြီးသင့်တော်ပေသည်။
မင်းသား၃သည် နန်းတော်ထဲတွင် အားအကောင်းဆုံးသူဖြစ်သောကြောင့် သူ့ကိုဘယ်သူမှ ပြန်လှန်ရဲမည်လည်း မဟုတ်ပေ။
ထို့အပြင် အခြားမင်းသားများနန်းတက်လာလျှင် လီရှီချင်း သူ့လုံခြုံရေးအတွက် ဘယ်တော့မှစိတ်ေအးနိုင်မည် မဟုတ်ပေ။
မင်းသား၃ကတော့ ထီးနန်းကိုစိတ်မ၀င်စားသောကြောင့် သူ့အသက်ကို ရန်ရှာမည် မဟုတ်ပေ။
အားလုံးကို စဉ်းစားဆုံးဖြတ်ပြီးမှသာ မင်းသား၃ကို သူထီးနန်းလွှဲခဲ့ခြင်း ဖြစ်၏။
မင်းသား၃ စိတ်ထဲတွင် ကြိတ်ပျော်နေခဲ့သော်လည်း အပြင်ပန်းတွင်တော့ ခါးသက်သက်အမူအရာသာ လုပ်ပြနေပြီး ပြောလိုက်သည်။
“ခမည်းတော်…”
လီရှီချင်း သူ့ကိုခပ်တင်းတင်းကြည့်လိုက်၏။
“တတိယသားတော် မင်းထီးနန်းကိုမလိုချင်ဘူးဆိုတာ ငါသိတယ် ဒါပေမယ့် အခုကတိုင်းပြည်အတွက် အရေးကြီးနေတဲ့အချိန်ပဲ မင်းက ငါ့သားပါ ဒီတာ၀န်ကိုမင်းကျိန်းသေပေါက် ယူရမယ် ငါ့သား”
မင်းသား၃ခေါင်းကိုခါယမ်းလိုက်ကာ မကြည်ဖြူသည့်ပုံ ပေါက်နေခဲ့သည်။
အခြားမင်းသားများကတော့ ဘေးကနေ ကြည့်နေပြီး ဒေါသအိုးပေါက်ကွဲနေကာ ဖြစ်နိုင်လျှင် ထိုမင်းသားကိုရှေ့တက်ပြီး ရိုက်နှက်ပစ်ချင်နေခဲ့ကြ၏။
ဧကရာဇ်နေရာကို အလကားရလိုက်ရတာကိုတောင် မင်းကမကြည်ဖြူတဲ့ပုံပေါက်နေတာတဲ့လား!
သူတို့ထီးနန်းကိုလက်လွှတ်လိုက်ရသော်လည်း ထူးဆန်းစွာပင် မင်းသား၃အပေါ် ဘာအမုန်းတရားမှ မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မင်းသား၃က ထီးနန်းကိုလုံး၀စိတ်မ၀င်စားမှန်း သူတို့မြင်နေရ၍ ဖြစ်သည်။
“ဉာဏ်ကြီးလှပါတယ် အရှင်မင်းကြီး”
ညီလာခံခန်းမထဲရှိ အရာရှိတစ်၀က်ကျော်ကျော်က ဒူးထောက်ချကာ အော်ပြောလိုက်ကြ၏။
မင်းဆရာနှင့်အခြားသူများကတော့ ခါးသက်စွာသာ ခေါင်းကိုခါယမ်းလိုက်ကြသည်။
အဘယ်ကြောင့် ကိစ္စများကအခုလိုဖြစ်သွားသလဲ သူတို့နားမလည်နိုင်ကြပေ။
ထီးနန်းစွန့်ပွဲပြီးသွားပြီးနောက် ဧကရာဇ်အသစ်နန်းတက်ပွဲရက်ကို ညီလာခံတွင် ကြေငြာလိုက်လေသည်။
ပြီးနောက် လီရှီချင်း သူ့သားတော်များကို နန်းဆောင်ထဲသို့ဆင့်ခေါ်ခဲ့ပြီး အေးစက်စက်ပြောလိုက်၏။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အဇူရာတိမ်ဂိုဏ်းက သတင်းစကားတစ်ခု ပို့လာတယ် တိမ်တောင်အင်ပါယာက ကျိန်းသေပေါက် ဧကရာဇ်ပြောင်းလဲရမယ် မဟုတ်ရင် တော်၀င်မိသားစုတစ်ခုလုံး သုတ်သင်ခံရမယ်တဲ့
မင်းတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတာကို ငါသိပါတယ် ဒါပေမယ့် မင်းတို့သာ ဒီလိုဆက်ပြီးတိုက်ခိုက်နေရင် ၁၀ရက်အတွင်း ဧကရာဇ်အသစ်ကို ဘယ်လိုတင်နိုင်မှာလဲ
မင်းတို့က တော်၀င်မိသားစုတစ်ခုလုံးကို ဆွဲချပစ်တော့မလို့လား နှစ်ရာချီတည်ဆောက်လာခဲ့တဲ့ ဒီထီးမွေနန်းမွေသာ ပျက်သုန်းသွားရင် မင်းတို့အသက်တွေလည်း ပါသွားရလိမ့်မယ်
တတိယသားတော် မင်းထီးနန်းကိုမလိုချင်တာကို ငါသိပါတယ်
ဒါပေမယ့် ငါတို့အဇူရာတိမ်ဂိုဏ်းကို ရင်မဆိုင်နိုင်ဘူး အဲ့တာကြောင့် လက်ခံလိုက်ဖို့ပဲ တတ်နိုင်မယ်
ကျေးဇူးပြုပြီး ပလ္လင်ကို မင်းပဲယူလိုက်ပါ
နန်းတက်ပြီးရင် မင်းကိုယ်တိုင်အဇူရာတိမ်ဂိုဏ်းကိုသွား သူတို့တောင်းဆိုချက်က မလွန်လွန်းသရွေ့ ဘာပြောပြော သဘောသာတူခဲ့လိုက်
ဒီစကားတွေက ငါတို့သားအဖတွေကြားက လျှို့ဝှက်စကားတွေပဲ အပြင်ကိုပေါက်ကြားလို့မဖြစ်ဘူး မဟုတ်ရင် ဧကရာဇ်ပလ္လင်က မတည်မငြိမ်ဖြစ်လာလိမ့်မယ် ဒီစကားတွေကို မင်းတို့နှလုံးသားထဲမှာသာ ထားပါ”
ထိုအခါမှသာ သူတို့ခမည်းတော်နန်းစွန့်ခြင်းနောက်ကွယ်၌ အကြောင်းပြချက်များရှိနေမှန်း သူတို့သိရှိသွားခဲ့ကြ၏။
သို့သော် မင်းသား၃ကတော့ စိတ်မပူခဲ့ပေ။ အဇူရာတိမ်ဂိုဏ်းသွားလျှင် သူ့ဆရာနှင့်ပင် တွေ့လို့ရသေးသည်။
ဤတစ်ကြိမ် သူ့ဆရာနှင့်တွေ့ပါက သူ့ဆရာ၏အကူအညီအတွက် ကျိန်းသေပေါက် ကျေးဇူးတင်စရာ ပြောရပေဦးမည်။