← Chapters

၁ဝဘီလီယံ ထောက်ပံ့ငွေ

Vol. 29 Ch. 300

၁ဝဘီလီယံ ထောက်ပံ့ငွေ

Vol. 29 Ch. 300

ယွင်ထန့်အင်ပါယာတွင် အုပ်ချုပ်သူပြောင်းလဲသွားခဲ့သည်မှာ ကြာခဲ့ချေပြီ။ လက်ရှိ တော်၀င်မိသားစုမှာ စစ်ထူမိသားစု ဖြစ်၏။

စစ်ထူမင်ယွဲ့၏ သရုပ်မှန်ကလည်း ပြောင်းလဲသွားခဲ့ပြီး ယွင်ထန့်မိသားစု၏ အကြီးဆုံးသမီးအဖြစ်မှ ယွင်ထန့်အင်ပါယာ၏ မင်းသမီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့သော် ယွင်ထန့်အင်ပါယာဧကရာဇ်ကတော့ စစ်ထူဟောင်နန် ဟုတ်မနေပေ။

သူသည် ရွှေအမြုတေအဆင့်ဖြစ်သောကြောင့် ဧကရာဇ်လုပ်၍ မရပေ။

ထို့ကြောင့် ဧကရာဇ်မှာ စစ်ထူကွမ်းယွမ် ဖြစ်လာခဲ့၏။

စစ်ထူမင်ယွဲ့ ယွင်ထန့်အင်ပါယာဆီပြန်ရောက်လာပြီးနောက် ဝိညာဉ်အခြေတည်အဆင့်ရောက်သွားပြီဖြစ်သော သူ့သမီးကိုကြည့်ကာ စစ်ထူဟောင်နန် အလွန်ပျော်ရွှင်နေခဲ့သည်။

သူတို့ယွင်ထန့်မိသားစုသည် ယခုအခါ ယွင်ထန့်အင်ပါယာထဲတွင် ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခဲ့ချေပြီ။

သူ့မိဘများနှင့် စကားအနည်းငယ်ပြောပြီးနောက် စစ်ထူမင်ယွဲ့ လေးလေးနက်နက်ပြောလိုက်၏။

“အဖေ ဒီတစ်ခေါက်သမီးပြန်လာခဲ့တာက စီနီယာအစ်ကိုကြီးရဲ့ အရေးကြီးအမိန့်တစ်ခုအရပဲ အခုကစပြီး ယွင်ထန့်အင်ပါယာက အဇူရာတိမ်ဂိုဏ်းရဲ့ အမိန့်မှန်သမျှကို မလွဲမသွေနာခံရလိမ့်မယ်”

စစ်ထူဟောင်နန်မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“ဘာလို့လဲ ဘာဖြစ်ခဲ့လို့လဲ”

“သမီးအသေးစိတ်ပြောလို့မရဘူး” စစ်ထူမင်ယွဲ့ ခေါင်းခါပြလိုက်၏။

“ဒါပေမယ့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကတော့ ကျိန်းသေပေါက် စီနီယာအစ်ကိုကြီးအမိန့်ကို နာခံရလိမ့်မယ်

တိမ်တောင်အင်ပါယာဖြစ်ဖြစ် မြောက်ပိုင်းဂိုဏ်းတွေဖြစ်ဖြစ် အားလုံးက စုစည်းခံလိုက်ကြရမှာ

ဒီကိစ္စကို ရှောင်လွှဲလို့မရဘူး”

စစ်ထူဟောင်နန် အံ့ဩတကြီးမေးလိုက်သည်။

“သူတို့က တကယ်ကြီး ကုန်းမြေတိုက်ကြီးကို စုစည်းချင်တာလား”

အဇူရာတိမ်ဂိုဏ်းတွင် အခုလိုစွမ်းအားမျိုးရှိနေခြင်းကို သူမအံ့ဩပေ။ ဘာကြောင့် အခုလိုလုပ်ချင်ရသလဲဆိုတာကိုသာ သူအံ့ဩခြင်း ဖြစ်သည်။

အဘယ်ကြောင့် အမတဂိုဏ်းကြီးတစ်ဂိုဏ်းက သာမန်သေမျိုးများကို စိတ်၀င်စားနေရပါသနည်း။

“စီနီယာအစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်တွေကို သံသယမ၀င်ပါနဲ့ သူကစုစည်းမယ်လို့ပြောရင် ကျိန်းသေပေါက်စုစည်းသွားလိမ့်မယ်” စစ်ထူမင်ယွဲ့ အဓိပ္ပာယ်ပါပါပြောလိုက်သည်။

“တကယ်လို့ တိမ်တောင်အင်ပါယာက ငြင်းဆန်ရင် သူတို့ဖျက်ဆီးခံလိုက်ရလိမ့်မယ် မြောက်ပိုင်းဂိုဏ်းတွေကငြင်းဆန်ရင် မြောက်ပိုင်းဂိုဏ်းတွေ ပျောက်ကွယ်သွားရလိမ့်မယ်

သမီးတို့စစ်ထူမိသားစုတောင် ငြင်းဆန်ရင် ရှင်းပစ်ခံလိုက်ရလိမ့်မယ်”

“မင်းစီနီယာအစ်ကိုကြီးက မရက်စက်လွန်းဘူးလား သူကစစ်ထူမိသားစုကို ပြန်တိုက်ခိုက်ချင်နေတာလား” စစ်ထူဟောင်နန် အံ့အားတကြီး မေးလိုက်သည်။

စစ်ထူမင်ယွဲ့ ခေါင်းခါပြလိုက်၏။

“သူမဟုတ်ပါဘူး သမီးပါ သမီးဒီတစ်ခေါက်ပြန်လာတာ ဒီကိစ္စကို ကိုင်တွယ်ဖို့ပါ

တကယ်လို့ ဧကရာဇ်က ငြင်းဆန်မယ်‌ဆိုရင် သမီးကိုယ်တိုင် ပလ္လင်ကို ပိုနာခံတတ်တဲ့သူဆီ လွှဲပေးပြီး စစ်ထူမိသားစုကို အဇူရာတိမ်မြို့ဆီ ရွှေ့ပစ်မယ်

အဖေသမီးရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံပေးဖို့ မျှော်လင့်ပါတယ်”

စစ်ထူဟောင်နန်သူ့သမီးကို ငေးကြောင်ကြည့်နေခဲ့မိသည်။ သူ့သမီးရူးသွားခြင်းပေလော။

အပြင်လူတွေအတွက် မိသားစုကို ပြန်တိုက်ခိုက်မလို့လား…အင်း အပြင်လူတော့မဟုတ်ဘူး ဒါလည်း သူ့ဂိုဏ်းပဲ။

သို့သော် ထိုဂိုဏ်းသားများသည် မိသားစုထက်ပင် ပိုအရေးကြီးနေခြင်းပေလော။

အတန်ကြာရပ်နေပြီးမှ စစ်ထူဟောင်နန်ခါးသက်သက်ပြုံးလိုက်ကာ

“အနည်းဆုံးတော့ ဘာတွေဖြစ်နေလဲဆိုတာ အဖေ့ကိုပြောပါဦး မဟုတ်ရင် အဖေအခြားသူတွေကို ဘယ်လိုစည်းရုံးလို့ရမှာလဲ”

စစ်ထူမင်ယွဲ့ တခဏတွန့်ဆုတ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သမီးအဖေ့ကို သမီးတို့စီနီယာအစ်ကိုကြီးအမိန့်အတိုင်းမလိုက်နာရင် ကုန်းမြေတိုက်ကြီးတစ်ခုလုံး ပျက်ဆီးသွားလိမ့်မယ် ဆိုတာလောက်ပဲ ပြောပြနိုင်တယ် တကယ်တော့ မကြာသေးခင်ကတောင် ပျက်ဆီးတော့မလိုဖြစ်ခဲ့ပါသေးတယ်

ဂိုဏ်းက ရှိသမျှအကုန်ထုတ်ပြီး တားဆီးခဲ့လို့သာ ကပ်ဘေးကြီးက ရပ်သွားခဲ့တာ

ဒါပေမယ့် ကပ်ဘေးကပျောက်သွားမှာမဟုတ်ဘူး နောက်နှစ်၂၀နေရင် ပြန်ပေါ်လာလိမ့်မယ်

သမီးတို့အခုလုပ်နေတာတွေက အဲ့ဒီကပ်ဘေးအတွက် ပြင်ဆင်နေတာတွေပဲ

တကယ်လို့ တစ်ယောက်ယောက်က နာခံဖို့ငြင်းဆန်နေတာဆိုရင် အဲ့ဒီလူက နောက်နှစ်၂၀မှာရောက်လာမယ့်ကပ်ဘေးမှာ အားလုံးသေအောင် ဆွဲချနေတာပဲ”

စစ်ထူဟောင်နန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မေးလိုက်သည်။

“မကြာသေးခင်တုန်းက ယွင်ထန့်အင်ပါယာ မြောက်ပိုင်းမှာ ကြောက်စရာ တိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့တယ် ကပ်ဘေးက အဲ့တာနဲ့ ဆက်စပ်နေတာများလား”

စစ်ထူမင်ယွဲ့ ခေါင်းညိတ်ပြလိုက်၏။

“အဲ့တာတွေက ဆက်စပ်မှုတော့ရှိတယ်”

စစ်ထူဟောင်နန်အတန်ကြာအောင် တွေးနေပြီးနောက် ပြောလိုက်သည်။

“ဒီကိစ္စအဖေ့တာ၀န်သာ ထားလိုက်ပါ ယွင်ထန့်အင်ပါယာက ဂိုဏ်းရဲ့အမိန့်ကိုနာခံစေရမယ်လို့ အဖေအာမခံတယ်”

“ကောင်းပြီလေ ဒါဆိုသမီးဒီကိစ္စကို အဖေ့ဆီပဲအပ်ထားလိုက်တော့မယ်” စစ်ထူမင်ယွဲ့ အမူအရာပျော့ပြောင်းသွားခဲ့သော်လည်း အကူအညီမဲ့ဟန်ဖြင့် ဆက်ပြောလိုက်၏။

“ဒါပေမယ့် သမီးနောက်နေတာမဟုတ်ဘူးနော် ဒီကိစ္စကို စီနီယာအစ်ကိုကြီးကိုယ်တိုင်သာ ကိုင်တွယ်ရင် စစ်ထူမိသားစုတကယ်ကြီး ရှင်းခံရမှာ

အလွန်ဆုံးမှ အဖေနဲ့အမေလောက်ပဲ အသက်ရှင်လိမ့်မယ် လူတိုင်းသေမှာ

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာတုန်းက စီနီယာအစ်ကိုကြီးက သခင်လေးတွေအများကြီးကို သတ်ဖြတ်ခဲ့တာ အားလုံးက နတ်ဝိညာဉ်အဆင့် တာအိုပေါင်းစည်းခြင်းအဆင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေရဲ့ သားသမီးတွေချည်းပဲ အစ်ကိုကြီးကတော့ ဘယ်သူ့ကိုမှ ငဲ့ညှာမပေးခဲ့ဘူး အဲ့တာကြောင့် ယွင်ထန့်အင်ပါယာကိစ္စကို အစ်ကိုကြီးသာလာကိုင်တွယ်ရင် အရမ်းကြောက်စရာကောင်းနေလိမ့်မယ်”

စစ်ထူဟောင်နန်တံတွေးမျိုချလိုက်မိသည်။ ထိုလူငယ်လေးက တကယ်ကြီး ထိုမျှရက်စက်ခြင်းပေလော။

“စိတ်မပူပါနဲ့ ဘာပြဿနာမှမရှိစေရဘူးလို့ အဖေအာမခံပါတယ်”သူအမြန်ပြောလိုက်သည်။

ထို့နောက် စစ်ထူမင်ယွဲ့ ဆက်ပြောလိုက်၏။

“ဒုတိယကိစ္စကတော့ သမီးကဦးလေးချင်ကိုကူညီပြီး မိုးပြာလကုန်သွယ်သမဂ္ဂကို အမြန်ဆုံးတည်ဆောက်ဖို့ ပြန်လာတာ

ယွင်ထန့်အင်ပါယာဘက်ခြမ်းမှာတော့သမီးအဖေ့ကိုပဲ မိုးပြာလကုန်သွယ်သမဂ္ဂကို ဦးစီးစေချင်တယ်

ဦးလေးချင်က မြောက်ပိုင်းမှာ မိုးပြာလကုန်သွယ်သမဂ္ဂတည်ဆောက်ဖို့ သွားရဦးမှာ”

စစ်ထူဟောင်နန် ငေးကြောင်သွားခဲ့သည်။

“ငါက ငါ့ကိုယ်ပိုင်စီးပွားရေးကိုလည်း ဦးစီးနေရသေးတယ်လေ ဘယ်လိုလုပ် မိုးပြာလကုန်သွယ်သမဂ္ဂကို ဦးစီးနိုင်မှာလဲ”

စစ်ထူမင်ယွဲ့ ပြုံးလိုက်၏။

“အဲ့တာကြောင့် သမီးက အဖေ့ကို သမီးတို့ရဲ့ ယွင်ထန့်ကုန်သွယ်သမဂ္ဂကို မိုးပြာလကုန်သွယ်သမဂ္ဂနဲ့ပေါင်းလိုက်ဖို့ အကြံပေးချင်တာ”

စစ်ထူဟောင်နန် ထခုန်ကာ အော်လိုက်လေသည်။

“နင်ဘာပြောလိုက်တာလဲ နင် ကျေးဇူးကန်းတဲ့သမီးမိုက် နင်ကငါ့တစ်ဘ၀လုံးလုပ်လာတဲ့ အလုပ်ကိုပါ ဝါးမြိုဖို့ကြံစည်နေတာလား နင်ကဘယ်သူ့ဘက်ကလဲ ရိုးရိုးသားသားပြောစမ်း ဒါကနင့်စီနီယာအစ်ကိုကြီးရဲ့အကြံလား

နင်ကဘယ်လိုဖြစ်ပြီး သူ့ဘက်ပါပြီးတော့ ကိုယ့်မိသားစုကိုယ် ပြန်ဒုက္ခပေးနိုင်ရတာလဲ”

စစ်ထူမင်ယွဲ့ အေးအေးဆေးဆေးပြုံးလိုက်၏။

“ဒါသမီးအကြံပါ ဘာပဲဖြစ်ဖြစ် မိုးပြာလကုန်သွယ်သမဂ္ဂကိုတည်ထောင်လိုက်တာနဲ့ သမီးတို့ရဲ့ ယွင်ထန့်ကုန်သွယ်သမဂ္ဂကပျက်ဆီးသွားမှာပဲလေ အဲ့လိုဆိုမှတော့ စောစောစီးစီး ပေါင်းထားလိုက်တာပိုကောင်းတာပေါ့

သမီးဆုံးဖြတ်ပြီးသွားပြီ ပူးပေါင်းပြီးသွားရင် ယွင်ထန့်ကုန်သွယ်သမဂ္ဂက မိုးပြာလကုန်သွယ်သမဂ္ဂရဲ့ ဆိုင်ခွဲတစ်ခုဖြစ်လာလိမ့်မယ် အဖေက ဝေစု ၄၀ရာခိုင်နှုန်းရမယ်”

စစ်ထူဟောင်နန်အလွန်ဒေါသထွက်သွားခဲ့သည်။

“ငါကငါ့စီးပွားရေးလုပ်ငန်းကို နင်တို့လုပ်ငန်းထဲပေါင်းထည့် ပြီးရင်လည်းတိုးတက်အောင်ငါ့ဟာငါလုပ်ရဦးမယ် နောက်ဆုံးကျ အကျိုးအမြတ်က ၄၀ရာခိုင်နှုန်းပဲရမှာလား ပြီးတော့ ငါ့စီးပွားရေးက ဘာလို့ပြိုကွဲရမှာလဲ ငါလည်း အဖွဲ့၀င်စနစ်ကို ကျင့်သုံးနေပါပြီ နင်တို့ မိုးပြာလကုန်သွယ်သမဂ္ဂနဲ့ ပြိုင်ရမှာ ကြောက်မနေဘူး”

စစ်ထူမင်ယွဲ့အေးအေးဆေးဆေးပြောလိုက်၏။

“စီနီယာအစ်ကိုကြီးပြောတာတော့ မိုးပြာလကုန်သွယ်သမဂ္ဂတည်ဆောက်ပြီးသွားတာနဲ့ သူက ကူပွန်တွေထုတ်ပေးမယ်တဲ့”

ထို့နောက် သူမ ကူပွန်အကြောင်း သူ့အဖေကိုရှင်းပြလိုက်သည်။

ထို့နောက်မှ ဆက်ပြောလိုက်၏။

“အရိုးသားဆုံးပြောရရင် စီနီယာအစ်ကိုကြီးရဲ့ကျင့်ကြံခြင်းက ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်ပဲ ဆိုပေမယ့် သူ့စီးပွားရေးကျွမ်းကျင်မှုကတော့ အစစ်အမှန်အမတအဆင့်ပဲ

အဖွဲ့၀င်စနစ်နဲ့ ကူပွန်စနစ် နှစ်ခုတည်းနဲ့ပင် သူကအဖေ့စီးပွားရေးကို နင်းချေပစ်လိမ့်မယ်

မိုးပြာလကုန်သွယ်သမဂ္ဂကို အဖေက ဘာနဲ့တိုက်ခိုက်မှာလဲ

ဒီလိုဆိုမှတော့ စောစောစီးစီးအရှုံးပေးပြီး သွားပေါင်းထားလိုက်တာ ပိုကောင်းတာပဲလေ

စီနီယာအစ်ကိုကြီးကပြောသေးတယ် သူကမိုးပြာလကုန်သွယ်သမဂ္ဂအတွက် ထောက်ပံ့ကြေး ၁၀ဘီလီယံ ထုတ်ပေးမှာတဲ့”

All Chapters