အလည်အပတ်ရောက်ရှိလာသော လန်ကျားအထွတ်အမြတ်မြေက လူများ
Vol. 29 Ch. 301
စစ်ထူဟောင်နန် လုံး၀ကြက်သေသေသွားခဲ့သည်။
“ကူပွန်ပုံစံတဲ့လား ပြီးတော့ ၁၀ဘီလီယံ ထောက်ပံ့ကြေး”
အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး သူတို့ပိုင်ဆိုင်သမျှကို ဤစီးပွားရေးထဲ လောင်းထည့်လိုက်ခြင်းပေလော။
သူသည် အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သောကြောင့် ထိုနည်းလမ်းများက ဘယ်လောက်သက်ရောက်မှုရှိလာနိုင်မှန်း ကောင်းကောင်းကြီး သိနေခဲ့သည်။
ထိုကူပွန်စနစ်နှင့်များစွာသောထောက်ပံ့ကြေးများပေါင်းလိုက်လျှင် မိုးပြာလကုန်သွယ်သမဂ္ဂထဲတွင် ၀ယ်သူများနှင့် ပြည့်လျှံနေမည်ဖြစ်မှန်း သူစိတ်ကူးကြည့်နိုင်၏။
ဒါပေါ့ ယွင်ထန့်ကုန်သွယ်သမဂ္ဂကလည်း ကူပွန်များ လိုက်ထုတ်၍ ရပေသည်။ သို့သော် အကျိုးအမြတ်ရနိုင်ပါဦးမည်လော။
၁ဝဘီလီယံ ထောက်ပံ့ကြေးကို ဘာနဲ့သွားယှဉ်ပြိုင်ရပါမည်နည်း။
အကယ်၍ ထိုနည်းစနစ်များအားလုံးသည် ထိုလူငယ်လေးတစ်ယောက်တည်းဆီမှ ထွက်လာခြင်းဖြစ်လျှင် သူ့ကို စီးပွားရေးလောက အစစ်အမှန်အမတဟုပြောလျှင်ပင် လွန်မည် မဟုတ်တော့ပေ။
အတန်ကြာတွေးပြီးနောက် စစ်ထူဟောင်နန် ခါးသက်သက်ပြုံးလိုက်ပြီး ပြောလိုက်၏။
“ငါအရှုံးပေးတယ် လက်လျှော့လိုက်ပြီ တစ်၀က်လောက်ဆုံးရှုံးရတာက အားလုံးဆုံးရှုံးရတာထက်တော့ ကောင်းပါသေးတယ်”
သူအမြန်ပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။ မိုးပြာလကုန်သွယ်သမဂ္ဂကို ဆန့်ကျင်ရာမှ ဘာရလဒ်ကောင်းများမှ ရလာမည် မဟုတ်ပေ။ ထို့အပြင် သူ့အတွက် ဝေစု ၄၀ရာခိုင်နှုန်းလည်း ကျန်ပေဦးမည်။ ဘာလို့ မလုပ်ရပါမည်နည်း။
“အဖေဒါဆိုအဲ့လိုပဲသတ်မှတ်လိုက်ပြီနော်” စစ်ထူမင်ယွဲ့ သူ့အဖေကို စိတ်ကျေနပ်စွာ ကြည့်လိုက်၏။
“သမီးအဖေကို မိုးပြာလကုန်သွယ်သမဂ္ဂ လည်ပတ်ပုံကို သင်ပေးမယ် အနာဂတ်မှာ ယွင်ထန့်အင်ပါယာဆိုင်ခွဲက အဖေ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေမှာ
ဒါပေမယ့် အဖေက သမီးတို့ရဲ့ စီးပွားရေးစနစ်ကိုတော့ တင်းတင်းကြပ်ကြပ်လိုက်နာရမယ် ပြဿနာတွေဖြစ်လာရင် အဖေအရည်အချင်းမရှိလို့ဘဲ သမီးကခွင့်မလွှတ်ဘူး သားအဖချင်းဆိုရင်တောင် မရဘူးနော်”
စစ်ထူဟောင်နန် သွေးပင်အန်ချင်သွားခဲ့သည်။ သူဘယ်လိုသမီးမျိုးကို ပျိုးထောင်ခဲ့မိပါသနည်း။
“သမီးက အဖေစီနီယာအစ်ကိုကြီးရဲ့ စီးပွားရေးစနစ်ကို ဖျက်ဆီးမိပြီး ဂိုဏ်းကိုထိခိုက်အောင်လုပ်မိမှာ စိုးလို့ပါ” စစ်ထူမင်ယွဲ့ ရှင်းပြလိုက်၏။
စစ်ထူဟောင်နန် အံကိုကြိတ်ကာ ပြောလိုက်သည်။
“နားလည်ပါပြီ စိတ်မပူပါနဲ့ ငါနင့်စီနီယာအစ်ကိုကြီးရဲ့ ဘယ်စနစ်ကိုမှ မဖျက်ဆီးပါဘူး”
“ကောင်းတယ် ဒါဆိုအဆင်ပြေပြီ” စစ်ထူမင်ယွဲ့ ပျော်ရွှင်စွာ ပြောလိုက်၏။
“ဦးလေးချင်လည်း သမီးနဲ့ပြန်လိုက်လာမှာ သူက တိမ်တောင်အင်ပါယာမှာ မိုးပြာလကုန်သွယ်သမဂ္ဂကို တည်ထောင်ဖို့ တာ၀န်ရှိတာလေ သမီးလည်း သူနဲ့အတူလိုက်မှာ”
သူမတာ၀န်က ငါးနှစ်အတွင်း ကုန်းမြေတိုက်ကြီးနေရာအနှံ့တွင် မိုးပြာလကုန်သွယ်သမဂ္ဂ ဆိုင်ခွဲများ တည်ထောင်ပေးဖို့ ဖြစ်သည်။
တိမ်တောင်အင်ပါယာနှင့်ယွင်ထန့်အင်ပါယာတွင် အခြေခံရှိနေပြီးဖြစ်သော်လည်း မြောက်ပိုင်းတွင် ဘာမှမရှိသေးသောကြောင့် ထိုနေရာတွင်တော့ သူတို့အစကနေပြီး တည်ထောင်ရပေလိမ့်မည်။
“ပြီးတော့” စစ်ထူမင်ယွဲ့ ဆက်ပြောလိုက်၏။
“အဖေမိသားစုထဲက ကိစ္စတွေကိုစီမံပြီးရင် ဧကရာဇ်ကို လ၀က်အတွင်း အဇူရာတိမ်ဂိုဏ်းဆီ ခေါ်သွားရမယ်
ဒီကိစ္စက အရမ်းအရေးကြီးတယ်နော် သမီးစီနီယာအစ်ကိုကြီးကိုယ်တိုင် ယွင်ထန့်အင်ပါယာကို မလာစေချင်ဘူး မဟုတ်ရင် မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မယ်”
စစ်ထူဟောင်နန် မကျေနပ်သော်လည်း သူ့သမီးအမူအရာအရ သူ့သမီး အလေးအနက်ပြောနေမှန်း သူသိပေသည်။
ထိုကိစ္စသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ကံကြမ္မာနှင့်ပတ်သက်နေသောကြောင့် ထိုလူငယ်လေးက သဘောကောင်းနေမည် မဟုတ်ပေ။
ထိုအကြောင်းတွေးမိပြီး သူလေးလေးနက်နက်ကတိပေးလိုက်၏။
“စိတ်မပူပါနဲ့ လ၀က်အတွင်း အဖေကိုယ်တိုင် အဇူရာတိမ်ဂိုဏ်းဆီ ခေါ်သွားလိုက်ပါ့မယ်”
သူမအဖေအလေးအနက်ပြောလိုက်တာကိုမြင်မှ စစ်ထူမင်ယွဲ့ စိတ်အေးသွားခဲ့သည်။
ထို့နောက်တွင်တော့ ချင်ယုရှု နှင့်အတူဈေးကွက်ချဲ့ထွင်ရန် တိမ်တောင်အင်ပါယာဆီ ထွက်ခွာသွားခဲ့၏။
ဂိုဏ်းကြီးများနှင့်ကမ္ဘာကြီးက သူတို့ကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်မှန်း သူသိပေသည်။
လူတိုင်းက ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး ပန်းအရင်၀င်သူသာ ရှင်သန်ဖို့ အခွင့်အရေး ပိုများလာပေလိမ့်မည်။
အဇူရာတိမ်ဂိုဏ်းတွင် ကျန်းယန်တစ်ယောက် အတွေးနက်နေခဲ့၏။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များရှိသော ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းကို ဘယ်သူမှ အလည်ရောက်မလာခြင်းမှာ သာမန်ပေလော။
လုံး၀ မဟုတ်ပေ။
ထိုအဖြစ်က အဇူရာတိမ်ဂိုဏ်းသည် ဖယ်ကျဉ်ထားခံရမှန်း သက်သေပြနေခဲ့သည်။
နောက်တစ်ဆင့်တွင်တော့ သူတို့သည် အဇူရာတိမ်ဂိုဏ်းကို ပိတ်ဆို့ကြပေလိမ့်မည်။
ထို့ကြောင့် သူဤအခြေအနေမှရုန်းထွက်နိုင်ရန် လိုအပ်နေခဲ့၏။
ကမ္ဘာ့မြေပုံကိုကြည့်နေရင်း ကျန်းယန် တွေးပြီးရင်းတွေးနေခဲ့သည်။ လက်ရှိအခြေအနေကို ချိုးဖြတ်ဖို့အတွက် သူ့တွင်အသုံးပြုစရာ သူတို့နှင့်အနီးဆုံး ကုန်းမြေတိုက်ကြီးနှစ်ခုသာ ရှိပေသည်။
၀မ်လင်းဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်းနှင့် နက်ရှိုင်းသော ရန်ငြှိုးရှိသောကြောင့် သူတို့နှင့် ပေါင်းသင်းဆက်ဆံဖို့က လုံး၀ မဖြစ်နိုင်ပေ။
ထို့ကြောင့် တစ်ခုတည်းသော မျှော်လင့်ချက်က လန်ကျားအထွတ်အမြတ်မြေ ဖြစ်လာခဲ့၏။
လန်ကျားအထွတ်အမြတ်မြေသည် လျော်ကြေးအနည်းဆုံးပဲပေးခဲ့ရသလို အရင်ကလည်း မိစ္ဆာများကိုဖိနှိပ်ရန် များစွာသော ကျောင်းတော်သားများ ပို့ပေးခဲ့သောကြောင့် သူတို့ကြားတွင် နက်ရှိုင်းသောပတ်သက်မှုရှိနေသည်ဟု ပြော၍ ရပေသည်။
သို့သော် သူတို့ကုန်းမြေတိုက်ကြီးနှစ်ခု ပေါ်ပေါ်ထင်ထင် ပေါင်းသင်းဆက်ဆံနိုင်ရန် မည်သည့် အကြောင်းပြချက်ကို သုံးရပါမည်နည်း။
ကျန်းယန်အေတွးနက်နေချိန်တွင် အခွင့်အရေးက သူ့အလိုလိုရောက်ရှိလာခဲ့၏။
လန်ကျားအထွတ်အမြတ်မြေမှ ကုန်းရှို့ပင်းဦးဆောင်သော အဖွဲ့သည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ရောက်ရှိလာခဲ့လေသည်။
တကယ်တော့ ကုန်းရှို့ပင်း ဟိုးအရင်ကတည်းက ထွက်လာခဲ့သင့်၏။
သို့သော် သူသည် သူ့အဖေ၏ ရည်ရွယ်ချက်ကိုနားလည်နေခဲ့သည်။ သူ့အေဖပံုစံအရ ဤခရီးတွင် မင်္ဂလာကိစ္စများလည်း ပါ၀င်ပတ်သက်နေပုံပင်။
ကုန်းရှို့ပင်းက ထိုကဲ့သို့သော မင်္ဂလာကိစ္စမျိုးကိုအလိုမရှိသောကြောင့် တမင်တကာအချိန်ဆွဲ၍နေခဲ့သောကြောင့်သာ အခုမှ ရောက်လာခဲ့ရခြင်းဖြစ်သည်။
သို့သော် အဇူရာတိမ်ဂိုဏ်း၏ တိုးတက်မှုများကိုသိရှိပြီးနောက်တွင်တော့ သူဆက်ပြီး အချိန်ဆွဲနေ၍ မရတော့ပေ။
အဇူရာတိမ်မြို့မှ ထွက်ပြေးသွားသော နတ်ဝိညာဉ်အဆင့်က သူမြင်ခဲ့ရသမျှကို လန်ကျားအထွတ်အမြတ်မြေမှ အထက်လူကြီးုများကို အားလုံး ပြန်ပြောပြခဲ့၏။
အေချာင်းတစ်ေချာင်းကို ကိုင်ဆောင်ထားသော ထောင်ချီသည့်အခြေခံတည်ဆောက်ခြင်းအဆင့်များက နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်း…
ထိုကိစ္စက လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်များပင် ထိုမျှစွမ်းအားကြီးနေလျှင် ဝိညာဉ်အခြေတည်အဆင့်များကရော။
ကုန်းမြေတိုက်ကြီးတစ်ခုတွင် ဘီလီယံနှင့်ချီသောသူများ နေထိုင်ကြပေသည်။
ထိုလူများထဲမှ သန်းနှင့်ချီသော အခြေခံတည်ဆောက်ခြင်းအဆင့်များ ထွက်လာဖို့က မခက်ပေ။
အကယ်၍ ထိုအချောင်းကိုင်ဆောင်ထားသော အခြေခံတည်ဆောက်ခြင်း ၁၀၀၀၀က နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့လျှင် သန်းနှင့်ချီသော အခြေခံတည်ဆောက်ခြင်းအဆင့်များဆိုလျှင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်ပါမည်လော။
ထို့ကြောင့် ထိုမီးချောင်းများက ဘာလဲဆိုတာ အဖြေရှာဖို့ သူတို့အရေးပေါ် လိုအပ်လာခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လန်ကျားအထွတ်အမြတ်မြေသည် သူတို့ဂိတ်တံခါးများကို ကျယ်ကျယ်ဖွင့်ကာ တပည့်များ ပိုလက်ခံဖို့ ဆုံးဖြတ်ခဲ့ကြ၏။
အကယ်၍ သူတို့သာ ထိုမီးချောင်းများ၏ လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ခဲ့လျှင် သူတို့တွင်လည်းအဇူရာတိမ်ဂိုဏ်းလိုပင် သောင်းနှင့်ချီသောစစ်သည်များ ရှိလာမည် မဟုတ်ပါလော။
ထိုတာ၀န်က ကုန်းရှို့ပင်းပေါ်ကျရောက်လာခဲ့သည်။
သူတော်စင်သခင် သူ့ကိုလေးလေးနက်နက်ကြည့်ကာ ပြောလိုက်၏။
“မင်းကျန်းယန်ဆီအလည်သွားဖို့ အခုချက်ချင်း ထွက်ခွာရမယ်
မင်းရဲ့အရေးအကြီးဆုံးတာ၀န်က အဲ့ဒီမီးချောင်းတွေက ဘာလဲဆိုတာ သိအောင်လုပ်ဖို့ပဲ ဖြစ်နိုင်ရင် တစ်ချောင်းလောက် ပြန်ယူလာခဲ့
ဒုတိယတာ၀န်ကတော့ ငါပြောခဲ့သလိုပဲ မင်းတာအိုလက်တွဲဖော်တစ်ယောက် ရှာသင့်တယ်
တတိယတာ၀န်က အဇူရာတိမ်ဂိုဏ်းဘာတွေကြံစည်နေသလဲဆိုတာ စုံစမ်းခဲ့
အဲ့ဒီကိစ္စတွေအကုန်လုံးက လန်ကျားအထွတ်အမြတ်မြေအတွက် အရမ်းအရေးကြီးတယ် မင်းအလေလိုက်နေလို့ မရဘူး
ပြီးတော့ ငါပြောထားတဲ့ အမျိုးသမီးကျင့်ကြံသူတွေကို ခေါ်သွား သူတို့အရေအတွက်ကနည်းနေသေးတယ် နှစ်ဆတိုးလိုက် ပြီးရင် ပုံမှန်အတိုင်းလေးပဲ အဇူရာတိမ်ဂိုဏ်းဆီ သွားဂါရ၀ပြုပေတော့”
ကုန်းရှို့ပင်းမသွားချင်သော်လည်း သူ့တွင်ရွေးချယ်စရာမရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့အဖေအမိန့်က ဂိုဏ်းကောင်းကျိုးအတွက်ဖြစ်နေသောကြောင့် ဖြစ်သည်။
မကြာခင်တွင် လန်ကျားအထွတ်အမြတ်မြေကအဖွဲ့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ တရား၀င် ထွက်ခွာသွားခဲ့၏။
ထိုအဖွဲ့တွင် ကုန်းရှို့ပင်းကိုအဖော်ပြုပြီးလိုက်လာသော ဝိညာဉ်အခြေတည်အဆင့် ၇ယောက် ၈ယောက်လည်း ပါပေသည်။
ထို့အပြင် အဖွဲ့ထဲတွင် အလွန်ကျက်သရေရှိကာ လှပကြသော အမျိုးသမီးကျင့်ကြံသူများလည်း ပါ၀င်နေခဲ့၏။ ထိုအလှလေးတစ်ယောက်ချင်းစီတိုင်းသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဘက်သို့ အသည်းအသန်ကြည့်ရှုနေခဲ့ကြသည်။
သူတို့ပုံစံမှာ ထိုနေရာသို့ အရင်ကတည်းက အလွန်သွားချင်နေခဲ့ကြပုံပင်။