မိတ်ဆွေဟောင်းကို နှုတ်ဆက်ခြင်း
Vol. 52 Ch. 541
သူ ကျောက်တုံးကြီးပေါ်တွင် ခေတ္တမျှ ထိုင်နေပြီးနောက် ရှင်းဟယ် အင်မော်တယ်ဧကရာဇ် ပြန်ထွက်လာခဲ့သည်။
ထန်ထျန်းက သူနှင့် လုမင်တို့ အထဲတွင် ဘာတွေပြောခဲ့သည်ကို မသိသော်လည်း အပြင်ပန်းကြည့်ရုံနှင့်ပင် ရှင်းဟယ်မှာ ပို၍ စိတ်လက်ပေါ့ပါးသွားပုံရသည်။
နှစ်ရှည်လများ ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ချပစ်လိုက်သကဲ့သို့ပင်။
"ပြောလို့ ပြီးပြီလား"
ထန်ထျန်း မတ်တပ်ရပ်ကာ မေးလိုက်သည်။
ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က ခပ်ဖွဖွ ခေါင်းညိတ်ကာ ပြောသည်ယ "အထဲဝင်ရအောင်၊ သူ မကြာခင် ထွက်သွားတော့မယ်"
ထန်ထျန်းက "အင်း" ဟု တစ်ချက်ဆိုကာ ရှင်းဟယ် အင်မော်တယ်ဧကရာဇ် နောက်မှ လိုက်၍ ခရမ်းဝါးခြံဝင်းထဲသို့ ဝင်ခဲ့သည်။
လုချန်းကျီက ရှေးဟောင်းမိုးမခပင်အောက်တွင် ထိုင်နေဆဲ ဖြစ်သော်လည်း ယခုအခါ သူ၏ မျက်နှာမှာ ခြောက်ကပ်နေပြီး အရင်ကကဲ့သို့ ရဲရင့်စွမ်းအားရှိသော အရှိန်အဝါမျိုး မရှိတော့ပေ။
သူ၏ အနောက်က မိုးမခပင်ကြီးနှင့်ပင် ပို၍ တူနေတော့သည်။
ထန်ထျန်းနှင့် ရှင်းဟယ်အင်မော်တယ်ဧကရာဇ် တို့ကို ကြည့်ရင်း သူက အားယူကာ ပြုံးလိုက်ပြီး "မင်းတို့ နှစ်ယောက်က ငါ့ဘဝမှာ တကယ်တမ်း အရေးအထားဆုံး ပြိုင်ဘက်နှစ်ယောက်ပဲ"
"ငါ သေခါနီးအချိန်မှာ မင်းတို့နှစ်ယောက်က ငါ့ကို လာပို့ပေးကြတာ တကယ်ကို ကံကောင်းလွန်းပါတယ်..."
"ကောင်းကင်က ငါ့အပေါ် မရက်စက်ဘူး..."
ထန်ထျန်းက သူ့ကို ငြိမ်သက်စွာ ကြည့်ရင်း ဖြေးညှင်းစွာ မေးလိုက်သည်။ "မင်းမှာ တခြား ဘာဆန္ဒရှိသေးလဲ"
" ငါ လုပ်ပေးနိုင်တာဆိုရင် ကူညီပေးပါ့မယ်"
လုချန်းကျီ ခဏမျှ တိတ်ဆိတ်သွားပြီးမှ "ငါ့ရဲ့ ကတိကို ငါ ဖြည့်ဆည်းပေးခဲ့ပြီးပြီ၊ ဘာမှ နောင်တရစရာ မရှိတော့ဘူး"
"တစ်ခုတည်းသော ဆန္ဒကတော့ ငါ့ကို ဒီမှာပဲ သေခွင့်ပေးကြပါ"
"မျက်လုံးမပိတ်ခင်မှာ ဒီခြံဝင်းလေးကို နောက်ဆုံးအကြိမ် ထပ်ကြည့်ချင်သေးလို့ပါ"
ထန်ထျန်းနှင့် ရှင်းဟယ်အင်မော်တယ်ဧကရာဇ် တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူတို့က လုချန်းကျီ (လုမင် ) ကို နောက်ဆုံးအကြိမ် ကြည့်ကာ ခရမ်းဝါးခြံဝင်းထဲမှ ထွက်လာခဲ့ကြသည်။
ဤနောက်ဆုံး အချိန်လေးကို သူ့အတွက်သာ သီးသန့် ချန်ထားပေးခဲ့လိုက်ခြင်း ဖြစ်သည်။
ခြံဝင်းထဲမှ ထွက်လာပြီးနောက် ထန်ထျန်း သက်ပြင်း အသာအယာ ချ လိုက်သည်။
"စီနီယာ ရှင်းဟယ်..."
"စီနီယာ့အနေနဲ့... သူ့ကို ထျန်းဖူနန်းတော်ဆီ ပြန်ခေါ်သွားဖို့ လိုအပ်သေးတယ်လို့ ထင်လား"
ထန်ထျန်းက မေးလိုက်သည်။
ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က ခပ်အေးအေး ပြုံးကာ ပြန်ဖြေသည်။ "ဒါက ငါ မင်းကို မေးမလို့ပဲ"
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံလိုက်ကြကာ တစ်ဦးကိုတစ်ဦး နားလည်သွားကြသည်။
လုချန်းကျီ သေသွားပြီဖြစ်ရာ ထျန်းဖူနန်းတော်သို့ ပြန်ခေါ်သွားခြင်းမှာ ဘာအဓိပ္ပာယ် ရှိဦးမည်နည်း
ဤပျော်ရွှင်စရာ မှတ်ဉာဏ်များ ရှိခဲ့သည့် နေရာလေးမှာပင် ထားခဲ့လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
"မင်း နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
"သူ ပြောပြတာတော့ မင်းက လောကကြီးတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်ရဦးမယ်ဆိုပဲ"
" ငါ့ကိုလည်း မင်းကို အတတ်နိုင်ဆုံး ကူညီပေးဖို့ သူ မှာသွားတယ်"
ထန်ထျန်းက ရယ်မောလိုက်ကာ မေးသည်။ "စီနီယာက သူ့ကို အဲဒီလောက်အထိ ယုံတာလား"
ရှင်းဟယ် အင်မော်တယ်ဧကရာဇ် က ခေါင်းခါပြသည်။ "ငါက မင်းကို ယုံတာပါ"
"လုမင်ရဲ့ ကိစ္စက သံသယဖြစ်စရာတွေ အများကြီး ရှိနေသေးပေမဲ့ ငါကတော့ အဲဒါတွေကို မဖြေရှင်းနိုင်ဘူး"
" ဒီပဟေဠိ အားလုံးကို ဖြေရှင်းနိုင်မယ့်သူ ရှိရင် အဲဒါ မင်းပဲ ဖြစ်ရမယ်"
"နောက်ပြီး လုမင် မရှိရင်တောင် ငါက မင်းဘက်မှာ အမြဲ ရှိနေမှာပါ"
ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က သံယောဇဉ်ကို အလေးထားသူ ဖြစ်သည်။ ထန်ထျန်းက ကြယ်တာရာစင်မြင့် မှ သူ၏ ဝိညာဉ်အကြွင်းအကျန်ကို ပြန်ယူပေးခဲ့ပြီး ဝေဒနာများမှ လွတ်မြောက်စေခဲ့သည်ကို သူ အမြဲ နှလုံးသွင်းထားသူ ဖြစ်သည်။
ထန်ထျန်းက ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် ခဏစဉ်းစားပြီး "နောက်ထပ်ကတော့ ပုံရိပ်ယောင်ကမ္ဘာ ကို ဆက်ပြီး တိုးချဲ့တာကလွဲလို့ တခြား ထူးထူးခြားခြား မရှိသေးပါဘူး"
"ကျန်တဲ့ ကိစ္စတွေကတော့ ကောင်းကင်ထိပ်ဆုံးကို တက်ပြီးမှ ဆက်လုပ်လို့ ရမှာ"
ရှင်းဟယ် အင်မော်တယ်ဧကရာဇ် က စဉ်းစားပြီးမှ ပြောသည်။ "ဒါဆို ဒီလိုလုပ်ရအောင်"
"ငါ့မှာရှိတဲ့ အင်အားအားလုံးကို သုံးပြီး မင်းရဲ့ ဟင်းလင်းပြင် နယ်မြေ ကို ပိုကျယ်ပြန့်အောင် ကူညီပေးမယ်"
"ပြီးတော့ မင်း အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ငါ 'နတ်ဘုရားသားတော် စမ်းသပ်ပွဲ' ကို စတင်ပေးမယ်"
"နတ်ဘုရားသားတော် ဖြစ်လာတာက ကောင်းကင်ထိပ်ဆုံးကို သွားနိုင်မယ့် တစ်ခုတည်းသော လမ်းပဲ"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
"ဒါကတော့ သိပ်မလောပါဘူး။ ကျွန်တော် အင်မော်တယ်ဧကရာဇ် အဆင့်ကို ချိုးဖျက်ပြီးမှပဲ လုပ်ကြတာပေါ့"
ကောင်းကင်ထိပ်ဆုံးကို မတက်ခင်မှာ သူ အလုံအလောက် ပြင်ဆင်ထားဖို့ လိုသည်။
ဝူကျိတာအိုအဆင့် ရှိသည်ဟု ယူဆရသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက သူ၏ တက်လှမ်းခြင်းလမ်းတွင် စောင့်ကြိုနေနိုင်သည်ကို မေ့ထား၍ မရပေ။
အခြေအနေက အရေးကြီးနေသော်လည်း ထန်ထျန်းကတော့ အမှားအယွင်း မလုပ်ချင်ပေ။
ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က နားလည်ကြောင်း ပြသကာ အဆင်သင့်ဖြစ်ပါက အသိပေးရန် ပြောလိုက်သည်။
ထန်ထျန်းကတော့ အာဏာရှိသူနှင့် သိရခြင်းမှာ အလွန်အဆင်ပြေသည်ဟု တွေးကာ သဘောကျနေမိသည်။ အရင်ကလည်း မြင့်မြတ် သားတော် စမ်းသပ်ပွဲ၊ အခုလည်း နတ်ဘုရားသားတော် စမ်းသပ်ပွဲ... အရာအားလုံးက သူ့အစီအစဉ်အတိုင်းပင်။
ဤအရာက အခက်အခဲများစွာကို သက်သာစေသည်။
ခေတ္တမျှ စကားပြောဆိုပြီးနောက် ခရမ်းဝါးခြံဝင်းအတွင်းမှ လွင့်ပျံနေသော အသက်စွမ်းအား အငွေ့အသက်လေးမှာ လုံးဝ ကွယ်ပျောက်သွားသည်ကို သူတို့နှစ်ယောက်လုံး ခံစားလိုက်ရသည်။
ထန်ထျန်းနှင့် ရှင်းဟယ်အင်မော်တယ်ဧကရာဇ် တို့ သက်ပြင်းတစ်ချက်စီ ချလိုက်ကြသည်။
ထို့နောက် သူတို့က ခရမ်းဝါးခြံဝင်းကို ထာဝရ ချိပ်ပိတ်ရန် တိုင်ပင်လိုက်ကြသည်။
ခြံဝင်း၏ အပြင်ဘက်တွင် အစီအရင်များစွာကို ထပ်ဆင့် ချထားလိုက်ကြသည်။
ထန်ထျန်းက သူ၏ ကောင်းကင်တာအိုနိယာမ အချို့ကိုပါ ထည့်သွင်းထားသဖြင့် အထက်လောကမှ အစွမ်းထက် ပုဂ္ဂိုလ်များ ကိုယ်တိုင် ဆင်းမလာပါက မည်သူမျှ ဤနေရာကို နှောင့်ယှက်နိုင်မည် မဟုတ်တော့ပေ။
ထျန်းဖူနန်းတော်၏ စုံစမ်းမှုများကိုမူ ရှင်းဟယ် အင်မော်တယ်ဧကရာဇ် က ပြန်ရောက်လျှင် ညှိနှိုင်းပေးမည် ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ရှုံးနိမ့်သွားပြီး သေဆုံးသွားသည့် လုချန်းကျီကို ထျန်းဖူနန်းတော်က အထူးတလည် စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။
ထန်ထျန်းက ရှာခိုင်းထား၍သာ အင်အားအလုံးအရင်း သုံးခဲ့ခြင်း ဖြစ်သည်။
ယခု ထန်ထျန်းက လက်လျှော့လိုက်ပြီ ဖြစ်ရာ သူတို့လည်း ဆက်ပြီး အားစိုက်နေမည် မဟုတ်တော့ပေ။
ဤအရာအားလုံး ပြီးဆုံးသွားမှသာ သူတို့က ချင်းယွဲ့ဂိုဏ်း၏ အဓိကတောင်ထိပ်သို့ ပြန်လာခဲ့ကြသည်။
မဟာအကြီးအကဲ လီထျန်းဟွာမှာ တာဝန်ဖြင့် အပြင်ထွက်နေသော်လည်း ချီယွမ်နှင့် ယွင်ခုံးတို့က ထန်ထျန်းကို စောင့်နေကြသည်။
ရှင်းဟယ် အင်မော်တယ်ဧကရာဇ် သည်လည်း ချက်ချင်း ပြန်မသွားဘဲ လေးဦးသား တောင်ထိပ်တွင် စားပွဲဝိုင်းလေး တစ်ခု လုပ်ကာ ပျော်ရွှင်စွာ စကားပြောဖြစ်ခဲ့ကြသည်။
ချီယွမ်က ထန်ထျန်းကို ဆွဲကာ သူ ထွက်သွားပြီးနောက် ချင်းယွဲ့ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သည့် ရယ်စရာ အကြောင်းအရာများကို ပြောပြနေသည်။
သူက ဆဋ္ဌမတောင်ထိပ်တွင် ထန်ထျန်း၏ ရုပ်တုကိုပင် စိုက်ထူထားပြီး တပည့်ငယ်များကို နေ့စဉ် လာရောက် ပူဇော်ခိုင်းနေသည်ဟု ပြောသဖြင့် ထန်ထျန်းမှာ နဖူးကို လက်နှင့်အုပ်ကာ ရယ်ရခက် ငိုရခက် ဖြစ်နေရသည်။
တွက်ကြည့်လျှင် သူက ယခုမှ အသက် ၂၀ သာ ရှိသေးရာ ရုပ်တုစိုက်ထူခံရခြင်းမှာ အနည်းငယ် ထူးဆန်းနေသည်။
သို့သော်... ချီယွမ် ပျော်ရင် ပြီးတာပါပဲ။
သူ၏ မိတ်ဆွေဟောင်းများ၊ သူငယ်ချင်းများ အားလုံး အဆင်ပြေနေကြသည်ကို မြင်ရသဖြင့် ထန်ထျန်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိသည်။
သူနှင့် ပတ်သက်မိ၍ ဒုက္ခရောက်ကြသည်ထက် သူက သူတို့ဘဝကို ပို၍ ကောင်းမွန်အောင်၊ ပိုမိုတောက်ပသော အနာဂတ် ရရှိအောင် ကူညီပေးနိုင်ခြင်းကိုသာ သူ ပိုလိုလားသည်။
နှမြောစရာကောင်းသည်မှာ မည်သည့် စားပွဲ မဆို ပြီးဆုံးချိန် ရှိစမြဲပင်။
ဤတစ်ကြိမ် တွေ့ဆုံပြီးလျှင် နောက်ထပ် ဆုံနိုင်ခဲပေလိမ့်မည်။
ချီယွမ်သည်လည်း ဤရလဒ်ကို သိပုံရကာ ထူးထူးခြားခြားပင် မူးအောင် သောက်လိုက်သည်။
ထန်ထျန်း ပြန်ဖို့ ပြင်သည့်တိုင် သူက စားပွဲပေါ်တွင် မှောက်ကာ ဘာမှမသိတော့သည့် ပုံစံဖြင့် ကျန်နေခဲ့သည်။
ထန်ထျန်းက ယွင်ခုံးကို နှုတ်ဆက်ပြီးနောက် နောက်ဆုံးအနေဖြင့် ကောင်းကင်တာအိုနိယာမနှင့် ကမ္ဘာ့မူလ ကို သုံးကာ သေးငယ်သော ယင်ယန်ကျောက်စိမ်းပြားလေး တစ်ခုကို ဖန်တီးလိုက်သည်။ ထိုကျောက်စိမ်းပြားထဲတွင် ကမ္ဘာ့မူလ အချို့ကို ထည့်သွင်းကာ ချီယွမ်၏ လက်ထဲသို့ ထည့်ပေးခဲ့သည်။
ဤကျောက်စိမ်းပြားက ချီယွမ်၏ မျိုးဆက် ၁၀ ဆက်တိုင်တိုင် စည်ပင်ဝပြောအောင် စောင့်ရှောက်ပေးနိုင်လိမ့်မည်။
ဤအရာအားလုံး ပြီးဆုံးသောအခါ ထန်ထျန်းက ချင်းယွဲ့ဂိုဏ်းကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး ရှင်းဟယ် အင်မော်တယ်ဧကရာဇ်နှင့်အတူ နယ်မြေကူးပြောင်း အစီအရင်ထဲသို့ လှမ်းဝင်လိုက်တော့သည်။
ထန်ထျန်း၏ ပုံရိပ်က နယ်မြေကူးပြောင်း အစီအရင်ထဲတွင် ပျောက်ကွယ်သွားသည့်တိုင်အောင်...
ချီယွမ်မှာမူ...
လုံးဝ နိုးမလာခဲ့ပေ။