← Chapters

ထျန်းဖူ နန်းတော် ကိုးခု စုစည်း ခြင်း

Vol. 52 Ch. 545

ထျန်းဖူ နန်းတော် ကိုးခု စုစည်း ခြင်း

Vol. 52 Ch. 545

နောက်ပိုင်းအချိန်များတွင် ထန်ထျန်းနှင့် မိုရှောင်းရှောင်းတို့က အတော်အတန်ကြာအောင် စကားပြောဖြစ်ခဲ့ကြသည်။

သူမက တစ်ခုခုကို ခံစားမိနေပုံရပြီး သူတို့နှစ်ဦး ချင်းယွဲ့ဂိုဏ်းတွင် ပထမဆုံး စတင်ဆုံတွေ့ခဲ့စဉ်ကတည်းက ယခုအချိန်အထိ အကြောင်းအရာများကို တစိမ့်စိမ့် ပြန်ပြောနေခဲ့သည်။

နောက်ဆုံးတွင် သူမက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

"အခုတော့ လူတိုင်းက ပြောနေကြတယ်၊ ကျွန်မရဲ့ ဆုံးဖြတ်ချက်က အရမ်းမှန်ကန်တယ်၊ အမြင်စူးရှတယ်တဲ့။ ရှင့်နဲ့ စောစောစီးစီး မဟာမိတ်ဖွဲ့ခဲ့လို့သာ မိုမိသားစုက ဒီကပ်ဘေးကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်ခဲ့တာလို့ ပြောကြတယ်။"

"ဆုံးရှုံးမှု မရှိခဲ့ရုံတင်မကဘဲ ပိုပြီးတော့တောင် စည်ပင်လာခဲ့သေးတယ်။"

"ဒါပေမဲ့ တကယ်တော့ ကျွန်မက ကျွန်မရဲ့ စည်းမျဉ်း အတိုင်း ကျွန်မလုပ်သင့်တာကို လုပ်ခဲ့တာပဲ ရှိတာပါ"

မိုရှောင်းရှောင်းက ပြော၏။

ထန်ထျန်းက ပြုံးလျက် "စကားပုံတစ်ခု ရှိတယ်လေ၊ 'မျိုးတူတာချင်း အဖော်ညှိတယ်' တဲ့"

"ငါက မင်းလို စည်းမျဉ်း ရှိတဲ့သူမျိုးနဲ့ သူငယ်ချင်းဖြစ်ရတာကို သဘောကျတယ်။"

"ခြောက်သွေ့လှတဲ့ ဒီကျင့်ကြံခြင်းလမ်းခရီးမှာ မင်းလို ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရတာ ငါ တကယ်ဝမ်းသာတယ်"

မိုရှောင်းရှောင်းက ချက်ချင်းပင် ပြုံးလိုက်ကာ "ရှင်သုံးလိုက်တဲ့ စကားပုံက သိပ်တော့ အဆင်မပြေပေမဲ့ ရှင့်ဆီက ဒီလိုစကားမျိုး ကြားရတာ ကျွန်မ တကယ်ကို ဝမ်းသာမိ ပါတယ်။"

"ကျွန်မရဲ့ ဘဝမှာ ရှင့်ကို ဆုံတွေ့ခဲ့ရတာကလည်း ကျွန်မအတွက် ကံကောင်းခြင်းတစ်ခုပါပဲ"

သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။ အထူးတလည် ပြောနေစရာ မလိုတော့ဘဲ တစ်ဦး၏ စိတ်ကို တစ်ဦးက နားလည်နေကြပြီ ဖြစ်သည်။

အတန်ကြာပြီးနောက် မိုရှောင်းရှောင်းက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အသက်ကို ဝဝရှူကာ "ကဲ... ကျွန်မ သွားတော့မယ်။"

"ရှင့်ရဲ့ ရှေ့ဆက်မယ့် ဘဝခရီးလမ်းမှာ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်"

ထန်ထျန်းလည်း မတ်တပ်ရပ်လိုက်ပြီး လနတ်သမီးဝိုင် တစ်ခွက်ကို ငှဲ့ကာ သူမ၏ ရှေ့သို့ ကမ်းပေးလိုက်သည်။

"မင်းလည်း အတူတူပါပဲ"

မိုရှောင်းရှောင်းက ဝိုင်ခွက်ကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် တစ်ငုံတည်းဖြင့် မော့သောက်လိုက်သည်။

"ဒီအရသာမရှိတဲ့ ဝိုင်ကို ဒုတိယအကြိမ် မြည်းစမ်းရတာကလည်း တစ်မျိုး အရသာရှိသားပဲ။"

"ဒါဆိုရင်..."

"အစ်ကိုထန် နှုတ်ဆက်ခဲ့ပါတယ်"

ထန်ထျန်းက လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

"နှုတ်ဆက်ပါတယ်"

....

ခဏအကြာတွင် မိုရှောင်းရှောင်းက ချင်းရွှီခြံဝင်းမှ ထွက်ခွာသွားခဲ့သည်။

ထန်ထျန်းက ဝေးလွင့်နေသော မိုးကုပ်စက်ဝိုင်းဆီသို့ သူမ၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ လှည့်ပြန်လာခဲ့သည်။

ဒါက မိုရှောင်းရှောင်းကို နောက်ဆုံးအကြိမ် တွေ့ ရခြင်း ဖြစ်နိုင်ကြောင်း သူ နားလည်သည်။

ဤအမျိုးသမီးမှာ အလွန်ပင် တည်ငြိမ်လွန်းသလို အမှန်တရားကိုလည်း လက်ခံနိုင်လွန်းသည်။

ထန်ထျန်းက ဤကမ္ဘာမှ သေချာပေါက် ထွက်ခွာသွားမည်ကို သူမ သိသလို သူတို့နှစ်ဦးမှာ ကမ္ဘာခြားနေသူများ ဖြစ်ကြောင်းလည်း သူမ နားလည်သည်။

ယနေ့ သူမ လာခြင်းမှာ ကြိုတင်၍ နှုတ်ဆက်ခြင်းသာ ဖြစ်သည်။

သို့မဟုတ်လျှင် နောက်ထပ် အချိန်အနည်းငယ် ကြာသွားပါက လူချင်းတွေ့ပြီး နှုတ်ဆက်ခွင့်တောင် ရတော့မည် မဟုတ်ပေ။

'သူတော်ကောင်းတို့၏ မိတ်ဆွေဖွဲ့မှုမှာ ရေကဲ့သို့ အေးမြကြည်လင်သည်' ဆိုသည့်အတိုင်းပင်။

ထန်ထျန်းက ပြုံးလျက် လနတ်သမီးဝိုင် တစ်ခွက်ကို သောက်လိုက်သည်။

မိုရှောင်းရှောင်း ထွက်သွားချိန်တွင် သူမ၏ ကိုယ်ပေါ်သို့ ကမ္ဘာ့ကံကြမ္မာ အချို့ကို သူ တိတ်တဆိတ် ပို့ပေးခဲ့သည်။

သူမအတွက် လှပသော အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်ပါစေဟု သူ မျှော်လင့်မိသည်။

နှစ်ရက်တာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

သုံးရက်မြောက်နေ့ မတိုင်မီ တစ်နာရီအလိုတွင် ထန်ထျန်း၏ ပုံရိပ်က ဖန်ဆင်းသူမျှော်စင်၏ ထိပ်ဆုံး၌ ပေါ်လာခဲ့သည်။

ဝမ်ကန်းလည်း အတူပါလာသည်။ အကယ်၍ ယနေ့ တစ်စုံတစ်ယောက် ရောက်လာခဲ့လျှင် ထန်ထျန်းက ကြိုဆိုရန်သာ တာဝန်ယူမည်ဖြစ်ပြီး အသေးစိတ် ကိစ္စများကိုမူ ဝမ်ကန်းကသာ ဆွေးနွေးစီစဉ်ရမည် ဖြစ်သည်။

ထန်ထျန်း၏ ဘေးတွင် ထိုင်နေသော ဝမ်ကန်းမှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။

"သခင်လေး... ကျွန်တော်တို့ အခု တကယ်ပဲ တခြားကမ္ဘာတွေနဲ့ ချိတ်ဆက်နိုင်ပြီလား"

"ဒီနေ့ တကယ်ပဲ တခြားကမ္ဘာက လူတွေ ဟင်းလင်းပြင် နယ်မြေထဲကို ရောက်လာမှာလား"

သူက မေးသည်။

ထန်ထျန်းက အားမလိုအားမရဖြင့် ပြောလိုက်သည်။ "မင်း ဒါကို မေးတာ တစ်ခါမကတော့ဘူး"

ဝမ်ကန်းက "ဪ..." ဟု ဆိုကာ ချက်ချင်းပင် တောင်းပန်သည်။

သူက စိတ်လှုပ်ရှားလွန်း၍ ဖြစ်သည်။

ကျင့်ကြံသူလေး တစ်ဦးအနေဖြင့် ယခင်က ထျန်းဖူနန်းတော်ထဲ ဝင်ခွင့်ရဖို့တောင် မစဉ်းစားဝံ့ခဲ့ရာ ယခုအခါ ကမ္ဘာ့ပြင်ပသို့ မျက်စိဖွင့်ကြည့်နိုင်ပြီး တခြားကမ္ဘာက လူများကို တွေ့ရတော့မည် ဆိုသည်မှာ ထန်ထျန်း၏ ဇာတိမြေမှ လူများ ဂြိုဟ်သားနှင့် တွေ့ရသကဲ့သို့ စိတ်လှုပ်ရှားစရာပင်။

"ဒါနဲ့ သူတို့က... ကျွန်တော်တို့လိုမျိုးပဲ လား"

ဝမ်ကန်းက မေးပြန်သည်။

ထန်ထျန်း ရယ်ရခက်၊ ငိုရခက် ဖြစ်သွားကာ "သူတို့ကလည်း ငါ့လိုပဲ လူတွေပဲ၊ ကျင့်ကြံသူတွေပဲလေ"

" ဘာလို့ မတူရမှာလဲ"

"သူတို့ရဲ့ ကမ္ဘာကလည်း ငါတို့ကမ္ဘာနဲ့ အတူတူပါပဲ၊ ပြီးတော့ တိမ်တိုက်ထျန်းဖူနန်းတော် နဲ့ အထက်ပုဂ္ဂိုလ် တစ်ယောက်တည်းအောက်မှာ ရှိနေတာ"

" စိတ်ကို အေးအေးထားပါ၊ ဟိုဘက်က အခြေအနေကလည်း ငါတို့ဆီကနဲ့ သိပ်မကွာပါဘူး"

ဝမ်ကန်းက ခေါင်းကို ကုတ်ကာ တဟီးဟီးရယ်နေသည်။ အိမ်နီးနားချင်းက အူကြောင်ကြောင် ကောင်လေးတစ်ယောက်လိုပင်။

သို့သော် စကားအနည်းငယ် ပြောလိုက်ပြီးနောက် ယခင်ကလောက် မတင်းမာတော့ပေ။

မကြာမီမှာပင် တစ်နာရီ အချိန်မှာ ကုန်ဆုံးသွားပြီး ချိန်းဆိုထားသည့် အချိန်သို့ ရောက်ရှိလာသည်။

ခေတ္တ စောင့်ဆိုင်းပြီးနောက် ထန်ထျန်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။

"လာကြပြီ"

ဝမ်ကန်း ချက်ချင်းပင် ကိုယ်ကို မတ်လိုက်သည်။

ခဏအကြာတွင် လူရိပ်တစ်ခု သူတို့ရှေ့၌ ပေါ်လာသည်။

ထန်ထျန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ပထမဆုံး ရောက်လာသူမှာ မင်ယွမ် ထျန်းဖူနန်းတော် မှ မြင့်မြတ်သားတော်လောင်းလျာ ဝေ့ယုံ ပင် ဖြစ်သည်။

ယခုအချိန်တွင် သူက တရားဝင် မြင့်မြတ်သားတော် ဖြစ်နေလောက်ပြီပင်။

ဝေ့ယုံက သူ၏ ရုပ်သွင်ကို မပြောင်းလဲဘဲ ယခင်အတိုင်းပင် ဖြစ်သော်လည်း အဝတ်အစားသစ် လဲလှယ်ထားသည်။

ရောက်လာစတွင် သူက အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေပုံရပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။

ထန်ထျန်း၏ အသံ သူ၏ အနောက်မှ ထွက်ပေါ်လာသည့် အချိန်အထိပင်။

"တာအိုမိတ်ဆွေ ဝေ့ယုံ... ဟင်းလင်းပြင် နယ်မြေကနေ ကြိုဆိုပါတယ်"

ထန်ထျန်းက မတ်တပ်ရပ်ကာ ပြုံးလျက် ပြောလိုက်သည်။

ဝေ့ယုံ ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ ထန်ထျန်းကို မြင်သောအခါ အံ့အားသင့်သွားသည်။

"သခင်လေး ထန်... ဒီနေရာက... ထျန်းဖူကမ္ဘာလား"

ထန်ထျန်းက ခေါင်းခါပြကာ "မဟုတ်ဘူး၊ ဒါက ငါ အရင်က မင်းကို ပြောပြခဲ့တဲ့ ဟင်းလင်းပြင် နယ်မြေပဲ"

" မင်းဝင်လာတုန်းက သတိထားမိမှာပါ၊ ဒါက ကမ္ဘာအစစ်တစ်ခု မဟုတ်ဘူးဆိုတာကိုပေါ့"

ဝေ့ယုံက ခေါင်းညိတ်ကာ "ဒါပေမဲ့ ကမ္ဘာအစစ်နဲ့ ဘာမှ မကွာခြားသလိုပဲ"

" ငါက ကမ္ဘာ့အတားအဆီးကို ကျော်ဖြတ်ပြီး ထျန်းဖူကမ္ဘာကို ရောက်လာတာလို့တောင် ထင်မိတာ"

ထန်ထျန်းက ပြုံး လျက် "ကမ္ဘာ့အတားအဆီးကို ကျော်ဖို့ကတော့ ခက်ပါသေးတယ်"

" ဒါပေမဲ့... မင်း ဒီမှာ တွေ့ရတဲ့ လူအားလုံးက လောလောဆယ် တိမ်တိုက်ကမ္ဘာက လူတွေပဲ"

သူ ပြောရင်း ဝေ့ယုံကို ပြတင်းပေါက်ဆီ ခေါ်သွားသည်။

အောက်ဘက်ရှိ စည်ကားနေသော မြို့ကြီးကို ကြည့်ပြီး ဝေ့ယုံမှာ အကြာကြီး ငေးနေမိသည်။ နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချကာ လက်သီးဆုပ် လျက် ပြော၏။ "သခင်လေး ထန်ရဲ့ နည်းလမ်းတွေက... ငါ တကယ်ကို လေးစား မိပါတယ်"

ထန်ထျန်းက လက်ကို ဝေ့ယမ်းကာ "ပြင်ပပစ္စည်းတွေကို အသုံးချရုံပါပဲ"

" တာအိုမိတ်ဆွေ ဒီကို ရောက်လာပြီဆိုတော့... ငါတို့ အရင်က ပြောထားတဲ့ ကိစ္စတွေကော အတည်ပဲလား"

ဝေ့ယုံက ချက်ချင်း တည်ကြည်သွားကာ အလေးအနက်ပြောသည်။ "ကတိဆိုတာ မတည်ဘဲ နေပါ့မလား"

"သခင်လေး ထန်သာ ပြောပါ၊ ငါ တတ်နိုင်တဲ့ ကိစ္စမှန်သမျှ သေချာပေါက် လုပ်ပေးပါ့မယ်"

ထန်ထျန်းက ပြုံးလျက် ပြော၏။ "မင်းဆီက ဒီစကား ကြားရရင် ငါ စိတ်အေးရပါပြီ"

" ခဏ ထိုင်စောင့်ကြတာပေါ့၊ တခြားလူတွေလည်း ရောက်လာဦးမလား ကြည့်ရအောင်"

ဝေ့ယုံက ခေါင်းညိတ်သည်။ ထို့နောက် သူတို့ ထိုင်လိုက်ကြရာ ထန်ထျန်းက ရှောင်ကျိကို အဆန်းတကြယ် အစားအစာများနှင့် ဝိညာဉ်အသီးများ ဖန်တီးခိုင်းလိုက်ရာ ဝေ့ယုံမှာ ကြည့်ရင်း ကြောင်နေတော့သည်။

သို့သော် သူ အံ့သြလို့ မဆုံးသေးမီမှာပင် ဒုတိယမြောက် မြင့်မြတ်သားတော်မှာ ခန်းမအတွင်း ပေါ်လာခဲ့သည်။

၎င်းမှာ ပေဟန် ထျန်းဖူနန်းတော် မှ လျိုယွီလင် ပင် ဖြစ်သည်။

တိမ်တိုက်ထျန်းဖူနန်းတော် ၏ မဟာမိတ် နှစ်ဖွဲ့မှာ တကယ်ပင် အတက်ကြွဆုံး ဖြစ်နေသည်။

သို့သော် တတိယမြောက် ရောက်လာသူမှာမူ ထန်ထျန်းကို အံ့အားသင့်စေခဲ့သည်။

၎င်းမှာ ကျန်းယွီ ထျန်းဖူနန်းတော် မှ ကျန်းဖုန်း ပင် ဖြစ်သည်။

ဤကောင်မှာ ထန်ထျန်း၏ တစ်ချက်တည်းဖြင့် အဝေးသို့ လွင့်ထွက်သွားခဲ့သူဖြစ်ပြီး ကယ်တင်ခံရချိန်တွင်လည်း စကားတစ်ခွန်းမှ မပြောခဲ့သူ ဖြစ်သော်လည်း ယခုအခါ တတိယမြောက် ရောက်လာသူ ဖြစ်နေသည်။

"ငါကတော့ အာဃာတနဲ့ ကျေးဇူးကို သေချာ ခွဲခြားတတ်တဲ့သူပါ"

" သခင်လေး ထန့်ရဲ့ အသက်ကယ်ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

" အကယ်၍ သခင်လေး ထန်က ငါ့ကို လက်မခံချင်ဘူးဆိုရင် ငါ အခုပဲ ချက်ချင်း ထွက်သွားပါ့မယ်"

ကျန်းဖုန်းက ပြော၏။

ထန်ထျန်းက ပြုံးလျက် ကြိုဆိုလိုက်သည်။

ထိုအငြိုးအတေးလေးမှာ ဘာမှ မဟုတ်ပေ။

ကျန်းဖုန်း ရောက်လာပြီးနောက် စတုတ္ထမြောက် လူလည်း ရောက်လာသည်။

ထိုက်ယိ ထျန်းဖူနန်းတော် မှ ချန်းဟွမ် ပင် ဖြစ်သည်။

ထို့နောက် ကျိရှောင်းထျန်းဖူနန်းတော် ၊ ဟုန်းယွမ်ထျန်းဖူနန်းတော် ၊ ကျိုးရွှမ် ထျန်းဖူနန်းတော် နှင့် ချီလျန့် ထျန်းဖူနန်းတော် တို့မှ မြင့်မြတ်သားတော်များမှာလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။

ထျန်းဖူနန်းတော် ကိုးခု ၏ မြင့်မြတ်သားတော်များမှာ နောက်တစ်ကြိမ် ပြန်လည် စုစည်း သွားကြပြီ ဖြစ်သည်။

All Chapters