ငရဲဘုံ ကို စောင့်ကြပ်ခြင်း
Vol. 52 Ch. 546
ထျန်းဖူနန်းတော် ကိုးခုမှ မြင့်မြတ်သားတော်များ ပြန်လည်စုံစည်းခြင်းမှာ ရှေးဟောင်းစစ်မြေပြင်မှလွဲ၍ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်နိုင်ပေသည်။
ထန်ထျန်းကိုယ်တိုင်လည်း သူတို့အားလုံး ရောက်လာကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အလွန်မာနကြီးလှသည့် ဤလူငယ်ပါရမီရှင်များက သူတို့၏ ကတိစကားအပေါ်တွင် အလွန်ပင် တန်ဖိုးထားကြသည်။
လူအားလုံး စုံညီသွားသောအခါ ထန်ထျန်းက သူတို့ကို ကြိုဆိုနှုတ်ဆက်ပြီးနောက် သူ၏ ရှေ့ဆက်မည့် အစီအစဉ်များကို အကုန်အစင် ပြောပြလိုက်သည်။
မြင့်မြတ်သားတော်အားလုံးက ဘာပြဿနာမှမရှိကြောင်းနှင့် ဟင်းလင်းပြင် နယ်မြေကို တခြားကမ္ဘာများဆီသို့ အတတ်နိုင်ဆုံး ပြန့်နှံ့သွားအောင် ကူညီပေးမည်ဟု ပြောကြသည်။
ထန်ထျန်းသည်လည်း သူတို့ကို ခေါင်းပုံဖြတ်ရန် အစီအစဉ်မရှိပေ။ တခြားကမ္ဘာများ၏ ဟင်းလင်းပြင် နယ်မြေ ကိုယ်စားလှယ်များအနေဖြင့် ဝိညာဉ်ကျောက်စိမ်းကိစ္စအတွက် သူတို့ စိတ်ပူစရာမလိုသလို နောင်တွင် အမြတ်အစွန်းများလာပါကလည်း သူတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။
ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ရွေးချယ်မှုပင်။
ထန်ထျန်းက ထိုကဲ့သို့ အခြေအနေမျိုးကို သဘောကျသည်။
အရာအားလုံး အတည်ပြုပြီးနောက် ထန်ထျန်းက အသေးစိတ်ကိစ္စများကို ဝမ်ကန်းကိုသာ လွှဲအပ်လိုက်သည်။
သူကိုယ်တိုင်ကမူ ဟင်းလင်းပြင် နယ်မြေမှ ထွက်ခွာပြီး ချင်းရွှီခြံဝင်းသို့ ပြန်လာခဲ့သည်။
ဟင်းလင်းပြင် နယ်မြေကို နယ်ပယ်ချဲ့ထွင်မည့် ပြဿနာမှာ လုံးဝပြေလည်သွားပြီဟု ဆိုနိုင်သည်။ ကြီးကြီးမားမား အမှားအယွင်းမရှိခဲ့လျှင် ဘီလီယံ ငါးထောင်ဟူသော ရည်မှန်းချက်မှာ အေးဆေးပင်။
ကမ္ဘာကိုးခုက ထန်ထျန်းအတွက် အလုပ်လုပ်ပေးနေသည်ဟု ဆိုရမည်ဖြစ်ရာ ဖြစ်ပေါ်လာမည့် စွမ်းအားမှာ မှန်းဆ၍မရနိုင်ပေ။
သူသာ ကောင်းကင်ထိပ်ဆုံးသို့ ရောက်သွားပြီး ကမ္ဘာများစွာကို ထပ်မံချိတ်ဆက်နိုင်ခဲ့လျှင် သုံးစွဲမှုအမှတ် ကိစ္စအတွက် စိတ်ပူစရာ လုံးဝရှိတော့မည်မဟုတ်။
သုံးလို့ကို မကုန်နိုင်တော့ပေ။
ဟင်းလင်းပြင် နယ်မြေကိစ္စကို စီစဉ်ပြီးနောက် ထန်ထျန်းသည်လည်း တရားဝင် တံခါးပိတ်ကျင့်ကြံရန် ပြင်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူက အရာရာကို အသင့်ပြင်ဆင်ပြီးမှသာ ပြန်ထွက်လာတော့မည်ဖြစ်သည်။
"ကောင်းကင်ထိပ်ဆုံး..."
"ငါ့ကို စောင့်နေစမ်းပါ..."
......
လူသူကင်းမဲ့သော သဲကန္တာရတစ်ခု
သဲဝါများ လွင့်ပျံနေပြီး လေပြင်းများ တိုက်ခတ်နေသည်။ ဤနေရာတွင် မည်သည့် သက်ရှိအငွေ့အသက်မှ မရှိဘဲ သေမင်းတမျှ တိတ်ဆိတ်နေသည်။
ပို၍ကြောက်စရာကောင်းသည်မှာ ဤနေရာ၏ ဟင်းလင်းပြင်မှာ မတည်ငြိမ်သကဲ့သို့ ဖြစ်နေပြီး ရုတ်တရက် သဲခုံများမှာ ဘာအစအနမှ မကျန်ဘဲ အငွေ့ပျံ ပျောက်ကွယ်သွားတတ်ခြင်းပင်။
ထိုစဉ် ရုတ်တရက် ယင်ယန်တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု အဝေးမှ လျင်မြန်စွာ ပျံသန်းလာသည်။
အကယ်၍ ထန်ထျန်းသာ ဤနေရာမှာ ရှိနေခဲ့လျှင် ထိုသူမှာ သူနှင့်အတူ မြင့်မြတ်သားတော် ဖြစ်လာခဲ့သည့် ရွှမ်းကျန်း ဖြစ်ကြောင်း မှတ်မိလိမ့်မည်။
မြင့်မြတ်သားတော် စမ်းသပ်ပွဲတွင် ထန်ထျန်းက ပထမနေရာကို ရရှိခဲ့ပြီး ရွှမ်ကျန်းမှာ ဒုတိယနေရာ ရရှိခဲ့သူဖြစ်သည်။
ထန်ထျန်းက ဤလူ၏ စရိုက်ကို သိပ်မကြိုက်သော်လည်း ရွှမ်ကျန်းတွင် ထူးကဲသော ခွန်အားရှိသည်ကိုမူ ငြင်းဆို၍မရပေ။
ယခုအခါ ရွှမ်းကျန်း၏ ကိုယ်ပေါ်တွင် ယခင်ကထက် ပိုမိုတည်ငြိမ်သော အော်ရာ များ ရှိနေသည်။
ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အော်ရာ မှာ ကောင်းကင်နှင့် မြေကြီး ကိုပင် တုန်လှုပ်စေနိုင်သည့် ဧကရာဇ်အရှိန်အဝါ ပင် ဖြစ်သည်။
ရွှမ်းကျန်းက သဲပြင်ပေါ်တွင် ရပ်ကာ လမ်းကြောင်းကို စစ်ဆေးပြီးနောက် ရှေ့ဘက်ရှိ ပိုမိုပြင်းထန်သော သဲမုန်တိုင်းများထဲသို့ ပျံဝင်သွားခဲ့သည်။
ရှေ့သို့ တိုးလာလေလေ သဲမုန်တိုင်းမှာ ပိုပြင်းထန်လာလေ ဖြစ်သော်လည်း ရွှမ်းကျန်းအတွက်မူ ဒါက ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။
အတန်ကြာပြီးနောက် သူက သဲမုန်တိုင်းနယ်မြေ ကို ဖြတ်ကျော်လာခဲ့ရာ အနက်ရောင် ကမ္ဘာမြေပြင်ကြီးတစ်ခု သူ၏ရှေ့၌ ပေါ်လာသည်။
မြေပြင်မှာ မီးလောင်ထားသည့် မြေရိုင်းကြီးကဲ့သို့ မည်းနက်နေပြီး နက်ရှိုင်းလှသော မြေအက်ကြောင်းကြီးများဖြင့် ပြည့်နှက်နေသည်။
ဤမြင်ကွင်းမှာ ရှေးဟောင်းစစ်မြေပြင်တွင် သူမြင်တွေ့ခဲ့ရသည်များနှင့် ဆင်တူလှသည်။
အကြည့်တစ်ဆုံးတွင်တော့ ကြီးမားသော အနက်ရောင် တောင်တန်းကြီးတစ်ခုမှာ ငြိမ်သက်စွာ တည်ရှိနေသည်။
ရွှမ်းကျန်းက အသက်ကို အသာအယာရှူကာ ထိုဆီသို့ ပျံသန်းသွားခဲ့သည်။
ခဏအကြာတွင် သူက တောင်တန်းကြီး၏ ရှေ့သို့ ရောက်ရှိလာပြီး မှောင်မည်းနေသော လိုဏ်ဂူလမ်းကြောင်းတစ်ခုကို တွေ့ရှိကာ အတွင်းသို့ လျှောက်ဝင်သွားခဲ့သည်။
ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားရာ နောက်ဆုံးတွင် သူ၏ ရည်မှန်းချက်ကို တွေ့လိုက်ရသည်။
၎င်းမှာ ခရမ်းနုရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုဖြစ်ပြီး ကျောပေးကာ ထိုင်နေသည်။
ရွှမ်းကျန်းက ခြေလှမ်းများကို ရပ်တန့်လိုက်ကာ လက်သီးဆုပ် နှုတ်ဆက်လျက်
"စီနီယာအစ်ကို ရွှမ်"
"ဂျူနီယာညီလေး ရွှမ်းကျန်း... ဒီနေရာကို စောင့်ကြပ်ဖို့ အစားထိုးလဲလှယ်ဖို့ ရောက်လာပါပြီ"
ထိုအသံကို ကြားရသောအခါ ပုံရိပ်မှာ ခေတ္တမျှ ငြိမ်နေပြီးမှ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။
ထို့နောက် လှည့်ကြည့်လာသည်။
ထိုမျက်နှာမှာ ဓားဖြင့် ထွင်းထုထားသကဲ့သို့ ထက်မြက်လှသည်။
သူ၏ မျက်ဝန်းများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေပြီး ရွှမ်းကျန်းကို ဖိအားများစွာ ပေးနေသည်။
"ရှစ်နှစ်တောင် ရှိသွားပြီလား... မြင့်မြတ်သားတော် စမ်းသပ်ပွဲတွေက တစ်ကြိမ်နဲ့ တစ်ကြိမ် ပိုပိုပြီး ကြာလာသလိုပဲ"
စီနီယာအစ်ကို ရွှမ်က အေးစက်စွာ ပြောလိုက်သည်။
ရွှမ်းကျန်းက "စီနီယာအစ်ကို ရွှမ်... မြင့်မြတ်သားတော် စမ်းသပ်ပွဲက လွန်ခဲ့တဲ့ တစ်နှစ်ခွဲကတည်းက ပြီးသွားတာပါ။ ဒါပေမဲ့ နန်းတော်မှာ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲအချို့ကြောင့် အခုမှ နောက်ကျပြီး ရောက်လာရတာပါ"
"အစ်ကို အရင်ပြန်နားပါတော့။ နန်းတော်သခင်က စီနီယာအစ်ကိုတို့အတွက် ဂုဏ်ပြုစားပွဲ ပြင်ဆင်ထားပါတယ်"
"ဒီနေရာကိုတော့ နောက်ပိုင်း ကျွန်တော်ပဲ တာဝန်ယူ စောင့်ကြပ်ပါ့မယ်"
စီနီယာအစ်ကို ရွှမ်က စကားမပြောဘဲ ရွှမ်းကျန်း၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
သူက ရွှမ်းကျန်းကို စိုက်ကြည့်ကာ"မင်းနာမည်က ရွှမ်းကျန်းလား"
"ငါ့နေရာကို အစားထိုးဖို့ ထျန်းဖူနန်းတော်က မင်းကို လွှတ်လိုက်တယ်ဆိုတော့ မင်းက ဒီတစ်ကြိမ် စမ်းသပ်ပွဲမှာ ပထမရခဲ့တဲ့သူ ဖြစ်မှာပေါ့"
"တစ်နှစ်ခွဲအတွင်းမှာ အင်မော်တယ်ဧကရာဇ် အဆင့်ကို ချိုးဖျက်နိုင်တယ်ဆိုတော့ တော်တော်လေးတော့ မဆိုးပါဘူး"
ရွှမ်းကျန်း ခေတ္တမျှ တန့်သွားပြီးမှ ပြန်ဖြေသည်။ "စီနီယာအစ်ကို နားလည်မှု လွဲနေပါပြီ။ ကျွန်တော်က ဒုတိယ မြင့်မြတ်သားတော် နေရာကိုပဲ ရခဲ့တာပါ"
စီနီယာအစ်ကို ရွှမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
"ဒုတိယ မြင့်မြတ်သားတော် ဟုတ်လား"
"ဒါဆို ပထမ ရတဲ့သူကော ဘယ်မှာလဲ"
"ဒီနေရာက ထျန်းဖူကမ္ဘာရဲ့ အန္တရာယ်အရှိဆုံးနဲ့ အရေးအကြီးဆုံး စခန်းတစ်ခုပဲ။ ဘာလို့ သူ့ကို မလွှတ်တာလဲ"
သူ၏ လေသံမှာ မကျေနပ်မှုများ ပါဝင်နေသည်။
ရွှမ်းကျန်းက ရှင်းပြသည်။ "ပထမ မြင့်မြတ်သားတော်က စမ်းသပ်ပွဲကနေ ပြန်လာကတည်းက အခုထိ တံခါးပိတ် ကျင့်ကြံနေတာပါ"
" ဒါကြောင့် ထျန်းဖူနန်းတော်က ကျွန်တော့်ကိုပဲ လွှတ်လိုက်တာပါ"
စီနီယာအစ်ကို ရွှမ်၏ မျက်နှာမှာ ပျက်သွားကာ "ငရဲဘုံ ကို စောင့်ကြပ်တာက တံခါးပိတ် ကျင့်ကြံတာနဲ့ ဘာမှမခြားဘူး။ ဒါက မြင့်မြတ်သားတော်တွေရဲ့ တာဝန်ပဲ"
" တံခါးပိတ် ကျင့်ကြံနေလို့ မလာဘူးဆိုတာ ထျန်းဖူနန်းတော် သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိခဲ့ဘူး"
"သူက ဘာမို့လို့ ဒီလို ခြွင်းချက် ရနေတာလဲ"
သူက ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လိုက်သည်။
ရွှမ်းကျန်း၏ စိတ်ထဲတွင် စိတ်မရှည်မှုအချို့ ဖြစ်လာသည်။ ဤစီနီယာမှာ မေးခွန်းတွေ များလွန်းသည်ဟု သူ ထင်မိသည်။
သို့သော် နောက်ဆုံးတွင် သူက ပြန်ရှင်းပြလိုက်သည်။"ပထမ မြင့်မြတ်သားတော်က အရမ်းကို ထူးချွန်တဲ့သူပါ။ သူက ထျန်းဖူနန်းတော်အတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ဆောင်ကြဉ်းပေးခဲ့ရုံတင်မကဘူး၊ ခုနက ပြောတဲ့ အပြောင်းအလဲတွေမှာလည်း အကြီးမားဆုံး ကူညီပေးခဲ့တဲ့သူ ဖြစ်ပါတယ်"
" ဒါကြောင့် ထျန်းဖူနန်းတော်က သူရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့တာပါ"
"အကယ်၍ စီနီယာအစ်ကို တကယ်ပဲ မကျေနပ်ဘူးဆိုရင် ပြန်ရောက်တဲ့အခါ နန်းတော်သခင်ဆီမှာ သွားပြောနိုင်ပါတယ်"
စီနီယာအစ်ကို ရွှမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "ထူးချွန်တယ် ဟုတ်လား ဘယ်လောက်တောင် ထူးချွန်လို့လဲ"
"ငါ့တုန်းကလည်း မြင့်မြတ်သားတော် စမ်းသပ်ပွဲမှာ လူတိုင်းကို အနိုင်ယူခဲ့တာပဲ။ ဘာလို့ ဒီလို အထူးအခွင့်အရေးမျိုး မရခဲ့တာလဲ"
"မင်းတို့က သူ့ကို ထူးချွန်တယ်လို့ ထင်နေတာက မင်းတို့တစ်သုတ်လုံးက မြင့်မြတ်သားတော်လောင်းလျာတွေက အရမ်းညံ့နေလို့ ဖြစ်မှာပေါ့"
ရွှမ်းကျန်းက ဤစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး "စီနီယာအစ်ကို ကုရွှမ် မြင့်မြတ်သားတော် စမ်းသပ်ပွဲတိုင်းက တူတာမဟုတ်ဘူး"
"ကျွန်တော်တို့ တစ်သုတ်က ရှေးဟောင်းစစ်မြေပြင်ထဲအထိ ဆင်းခဲ့ရတာ။ တခြား ထျန်းဖူနန်းတော် ရှစ်ခုက ပြိုင်ဘက်တွေနဲ့ ကမ္ဘာ့မူလကို လုခဲ့ရတာ"
" ပထမ မြင့်မြတ်သားတော်ကြောင့်သာ ကျွန်တော်တို့ တိမ်တိုက်ထျန်းဖူနန်းတော် က ပထမနေရာကို အပြတ်အသတ် ရခဲ့သလို တခြား နန်းတော်သခင် ရှစ်ယောက်လုံးကပါ လူကိုယ်တိုင် လာကျေးဇူးတင်ခဲ့ကြတာ။"
"ဒါမျိုးကို ရှေးယခင်ကတည်းက ဘယ်သူလုပ်နိုင်ခဲ့လို့လဲ သူက ဘာလို့ ဒီအခွင့်အရေးကို မရထိုက်ရမှာလဲ"
"အခုဆို ပထမ မြင့်မြတ်သားတော်က ထျန်းဖူနန်းတော်တစ်ခုလုံးရဲ့ ထောက်ခံမှုကို ရထားသလို သူ့ရဲ့ အဆင့်အတန်းက နန်းတော်သခင်နဲ့တောင် တန်းတူညီနေပါပြီ။ ကျွန်တော့်အကြံပေးချက်ကတော့... အစ်ကို ပြန်ရောက်ရင် စကားကို ဆင်ဆင်ခြင်ခြင် ပြောတာ ပိုကောင်းပါလိမ့်မယ်"
သူက မယဉ်မကျေး ပြောလိုက်သည်။
ကုရွှမ်က မျက်လုံးကို မှေးလိုက်ရာ သူ၏ကိုယ်ပေါ်မှ အန္တရာယ်ရှိသော အော်ရာ များ ထွက်ပေါ်လာသည်။
သို့သော် ခဏအကြာတွင် သူက ရုတ်တရက် ရယ်မောလိုက်ကာ "ရှေးယခင်ကတည်းက ပထမ မြင့်မြတ်သားတော်နဲ့ ဒုတိယ မြင့်မြတ်သားတော်ဆိုတာ ရေနဲ့မီးလိုပဲ"
"အခုတော့ မင်းက သူ့ဘက်ကနေ ဒီလောက်တောင် ခုခံပြောပေးနေပါလား"
"ကြည့်ရတာ အဲဒီ ပထမ မြင့်မြတ်သားတော်က တကယ်ပဲ သာမန်မဟုတ်တဲ့ပုံပဲ"
" သူ့နာမည်က ဘယ်သူလဲ"
ရွှမ်းကျန်းက တည်ငြိမ်စွာ ပြောသည်။ "ထန်ထျန်း"
ကုရွှမ်က ခေါင်းညိတ်လိုက်သည်။ "ထန်ထျန်း... ကောင်းပြီ၊ ငါ မှတ်ထားလိုက်မယ်"
"ကဲ... ဒါဆိုရင် ဒီနေရာကို မင်းပဲ တာဝန်ယူတော့"
" သတိထားဦး၊ ဝါးမြိုမခံရစေ နဲ"
ပြောပြီးသည်နှင့် သူက ရွှမ်းကျန်းကို ကျော်ကာ လိုဏ်ဂူအပြင်ဘက်သို့ လျှောက်ထွက်သွားခဲ့သည်။
ရွှမ်းကျန်းက ကုရွှမ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ ယခင် ကုရွှမ်ရှိခဲ့သည့် နေရာသို့ သွားလိုက်သည်။
အဝေးသို့ လှမ်းကြည့်လိုက်သောအခါ သူ ကြောင်သွားမိသည်။
ထိုနေရာမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသော ကောင်းကင်ကြီးတစ်ခုဖြစ်ပြီး မည်သည့် အလင်းရောင်မှ မရှိပေ။ ကြယ်အလင်းဖျော့ဖျော့လေးတောင် မတွေ့ရဘဲ အေးစက်ခြင်း၊ အထီးကျန်ခြင်းနှင့် ကြောက်စရာကောင်းခြင်းများဖြင့် ပြည့်နှက်နေသည်။
၎င်းမှာ... ကြီးမားလှသော အနက်ရောင်တွင်းနက် ကြီးတစ်ခုနှင့် တူလှပေတော့သည်။