ဝမ်ကျိယွီ၏ ပုန်ကန်ချင်သောအရွယ်
Vol. 52 Ch. 547
တိမ်တိုက်ထျန်းဖူနန်းတော်၊ ထုန်းရှန့်တောင်
ဤနေရာမှာ ထုန်းရှန့်တောင်၏ ဈေးမြို့ ဖြစ်ပြီး လမ်းမကြီးပေါင်း ဆယ်ဂဏန်းခန့် ရှိကာ မြို့ငယ်လေးတစ်မြို့နှင့်ပင် တူလှသည်။
ထျန်းဖူနန်းတော်လူများမှာလည်း ဟိုဟိုဒီဒီ သွားလာနေကြပြီး လမ်းဘေးတစ်လျှောက် ဆိုင်ခန်းများဖြင့် အလွန်စည်ကားလှသည်။
ရုတ်တရက် ဝတ်စုံဖြူဝတ်ထားသည့် ကိုယ်လုံးသေးသေးလေးတစ်ခု လမ်းပေါ်တွင် အလျင်အမြန် ပြေးလွှားနေသည်။ ဆိုင်တစ်ဆိုင်ထဲသို့ ပြေးဝင်သွားလိုက်၊ ပြန်ထွက်လာပြီး နောက်တစ်ဆိုင်သို့ ကူးလိုက်နှင့် အလွန်အမင်း အလျင်လိုနေသည့် ပုံစံမျိုးပင်။
ထိုစဉ် တပည့်တစ်ဦးက သူမကို သတိပြုမိသွားပြီး မေးလိုက်သည်။ "မိန်းကလေး ရှောင်းရွှယ်... ဘာဖြစ်လို့လဲ"
ဝတ်စုံဖြူနှင့် ပုံရိပ်မှာ ရပ်တန့်သွားသည်။ ၎င်းမှာ ကုရှောင်းရွှယ် ပင် ဖြစ်သည်။
သူမ၏မျက်နှာမှာ ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး"ဝမ်ကျိယွီ ကို တွေ့မိသေးလား"
"သူ နောက်တစ်ခါ ပျောက်သွားပြန်ပြီ"
ထိုတပည့်မှာ ကြောင်သွားပြီး ခေါင်းခါပြကာ ဖြေသည်။ "မ... မတွေ့မိပါဘူး"
ကုရှောင်းရွှယ်က "ဪ" ဟု တစ်ချက်ဆိုကာ ဆိုင်ခန်းများကို တစ်ခုပြီးတစ်ခု ဆက်လက် ရှာဖွေနေပြန်သည်။
ထိုတပည့်မှာ ခဏမျှ ကြောင်အသွားပြီးနောက် ရုတ်တရက် အသံကုန် အော်ဟစ်လိုက်တော့သည်။ "ဟေ့... အားလုံး သတိထားကြ"
"ဝမ်ကျိယွီ နောက်တစ်ခါ ပျောက်သွားပြန်ပြီဟေ့"
ဟိန်းထွက်နေသော ထိုအသံမှာ လမ်းမတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
လမ်းပေါ်ရှိ လူများမှာ ထိုအသံကို ကြားလျှင်ကြားချင်း ခဏမျှ ဆွံ့အသွားကြပြီးနောက် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကာ ဈေးတန်းအပြင်ဘက်သို့ အလုအယက် ပြေးထွက်သွားကြတော့သည်။
ဆိုင်ခန်းများစွာမှာလည်း ဆိုင်တံခါးများကို ဝုန်းခနဲ ပိတ်လိုက်ကြပြီး ဧည့်သည်များကိုပင် လက်မခံတော့ပေ။
ဤမြင်ကွင်းကို မြင်ရသောအခါ ကုရှောင်းရွှယ်မှာ အားကိုးရာမဲ့စွာဖြင့် ရှာဖွေသည့် အရှိန်ကို မြှင့်လိုက်ရသည်။
သို့သော် ထိုစဉ်မှာပင် အဝေးမှ ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး မြင့်မားသော အဆောက်အအုံကြီးတစ်ခုမှာ ပြိုကျသွားခဲ့သည်။
၎င်းမှာ ဈေးတန်းထဲတွင် အကြီးဆုံးဖြစ်သည့် ဝိုင်ဆိုင်ကြီးပင် ဖြစ်သည်။
ကုရှောင်းရွှယ်က ပခုံးနှစ်ဖက် တွန့်ကျသွားကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိပြီး ထိုနေရာသို့ ပျံသန်းသွားခဲ့သည်။
သူမ ဝိုင်ဆိုင်သို့ ရောက်သောအခါ ထိုနေရာမှာ ဖရိုဖရဲ ဖြစ်နေပြီး လူအများအပြားမှာ အပျက်အစီးများကြားမှ ပြန် ထွက်လာနေကြသည်။
အပျက်အစီးပုံများကြားတွင် ရှပ်အင်္ကျီတို ဝတ်ထားသော လူငယ်တစ်ဦးမှာ နောက်ထပ် လူငယ်တစ်ဦးကို ဖိထားပြီး သူ၏ ဦးခေါင်းနောက်စေ့ကို လက်ဖြင့် ဖိကာ မြေပြင်နှင့် ကပ်ထားသည်။ ဖိခံထားရသူမှာ လုံးဝ မလှုပ်နိုင်တော့ပေ။
ကုရှောင်းရွှယ်၏ သွေးများမှာ ချက်ချင်း ဆူပွက်လာပြီး အော်လိုက်သည်။ "ဝမ်ကျိယွီ... သူ့ကို အခုချက်ချင်း လွှတ်လိုက်စမ်း"
အော်ပြီးသည်နှင့် သူမက အတင်းပြေးဝင်သွားကာ ဝမ်ကျိယွီ၏ လက်မောင်းကို ဆွဲပြီး အတင်း ဖယ်ထုတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
"ငါ မင်းကို မျက်စိအောက်က တစ်ခဏလေး ပျောက်လိုက်တာနဲ့ ဒီလောက်ကြီးတဲ့ ပြဿနာကို နောက်တစ်ခါ ရှာပြန်ပြီ"
"ငါ့ကို စိတ် အေးအေးလေး ထားခွင့် မပေးနိုင်ဘူးလား"
ကုရှောင်းရွှယ်က ဒေါသတကြီး ဆူလိုက်သည်။
သို့သော် ဝမ်ကျိယွီကမူ မကျေမနပ် ဖြစ်နေပုံရသည်။
"မမရှောင်းရွှယ်... ကျွန်တော့်ကို မတားနဲ့"
"သူက တခြား မမတစ်ယောက်ကို အနိုင်ကျင့်နေတာ ကျွန်တော် ကိုယ်တိုင် မြင်တာ။ ကျွန်တော် သွားတားတော့ သူက ကျွန်တော့်ကို ဆဲသေးတယ်"
"သူ့ကို ကျွန်တော် သေချာပေါက် သင်ခန်းစာ ပေးရမယ်"
ဝမ်ကျိယွီက အကျယ်ကြီး ပြောလိုက်သည်။
ကုရှောင်းရွှယ်မှာ ကြောင်သွားပြီးနောက် ခေါင်းလှည့်ကြည့်လိုက်သည်။
ကြည့်လိုက်လျှင်ပင် သူမ၏ မျက်နှာမှာ အိုးမည်းသုတ်ထားသကဲ့သို့ မည်းနက်သွားတော့သည်။
ဝမ်ကျိယွီ ဖိထားသည့် အမျိုးသားမှာ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသည်။
သူ၏ ဘေးတွင်တော့ ဆံပင်အနည်းငယ် ရှုပ်ပွနေပြီး မျက်နှာတွင် ရှက်ရွံ့ဒေါသထွက်နေသည့် ပုံစံရှိသော အမျိုးသမီး တပည့်တစ်ဦးက သူ့ကို ထူပေးနေသည်။
ဒါက ဘယ်နေရာလဲ
ဒါက ဝိုင် ဆိုင်လေ
ဒီလူနှစ်ယောက် ဘာလုပ်နေလဲဆိုတာက ရှင်းနေပြီ မဟုတ်လား
မင်းက ရုတ်တရက်ကြီး ပြေးဝင်ပြီး သွားတားတော့ ဆဲတာပဲ ရှိသေးတာ ကံကောင်းတယ်၊ သူတို့ မင်းကို သတ်မပစ်တာက မင်းကို မနိုင်လို့ပဲ ရှိမှာ
"အခုထိ ဆင်ခြေ ပြန်ပြောနေသေးတယ်"
ကုရှောင်းရွှယ်က ဝမ်ကျိယွီ၏ ခေါင်းနောက်စေ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အားပြင်းလွန်းသဖြင့် သူက ဘေးသို့ လွင့်ထွက်သွားသည်။
ထို့နောက် သူမက ပြုံးရွှင်သော မျက်နှာဖြင့် ထိုစုံတွဲကို တစ်တွတ်တွတ် တောင်းပန်တော့သည်။ "စိတ်မရှိပါနဲ့နော်၊ တကယ်ကို တောင်းပန်ပါတယ်။"
"ရှင်တို့လည်း သိတဲ့အတိုင်း မောင်လေး က နည်းနည်း အရူးလို ဖြစ်နေတာ။ ဦးနှောက်က သိပ်မကောင်းဘူး။ ပြန်ရောက်ရင် သူ့ကို ကျွန်မ သေချာ ပညာပေးလိုက်ပါ့မယ်။"
"ဒါလေးကတော့ အားနာလို့ လက်ဆောင်အဖြစ် လက်ခံပေးပါ"
သူမက ကောင်းကင်နှင့် မြေကြီး ရတနာ အချို့ကို ထုတ်ယူကာ ဦးညွှတ်တောင်းပန်ရင်း ပေးလိုက်သည်။
ထိုအမျိုးသား တပည့်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာမှာ ဖြူဖျော့နေသော်လည်း ကုရှောင်းရွှယ်က ဒီလောက်အထိ တောင်းပန်နေသဖြင့် ဘာမှ ဆက်မပြောတော့ပေ။
"မိန်းကလေး ရှောင်းရွှယ်... ကျွန်တော်က မိန်းကလေးကို အရမ်း လေးစားပါတယ်"
"ဒါပေမဲ့ နောက်ဆိုရင် ဒီလိုကိစ္စမျိုး... ထပ်မဖြစ်စေချင်တော့ဘူး"
သူက ရတနာကို ယူကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကုရှောင်းရွှယ်က ခေါင်းကို တရစပ် ညိတ်လိုက်သည်။ "သေချာပေါက် မဖြစ်စေရပါဘူး "
သို့သော် ထိုစဉ်မှာပင် ဝမ်ကျိယွီက အပျက်အစီးပုံထဲမှ ပြန်ထွက်လာပြီး နားမလည်နိုင်ပဲ မေးလိုက်သည်။ "ဘာလို့ ကျွန်တော်တို့က တောင်းပန်ရမှာလဲ"
"အဲဒီမမကို သူ အနိုင်ကျင့်နေလို့ အော်နေတာကို ကျွန်တော် သေချာ ကြားလိုက်ရတာ..."
"ပါးစပ်ပိတ်ထားစမ်း"
ကုရှောင်းရွှယ်က ဝမ်ကျိယွီကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ရာ သူက ဆယ် မီတာ ကျော် လွင့်ထွက်သွားပြီး အပျက်အစီးပုံထဲသို့ နောက်တစ်ကြိမ် ပြန်ကျသွားသည်။
သူ ဆက်ပြောနေလျှင် ဒီနေ့ကိစ္စမှာ ဘယ်လိုမှ ပြေလည်တော့မည် မဟုတ်ပေ။
ထိုစုံတွဲသည်လည်း ရှက်လွန်းသဖြင့် ဤနေရာတွင် ဆက်မနေလိုတော့ဘဲ အဝတ်အစားများကို ကမန်းကတန်း ပြန်ပြင်ကာ လျင်မြန်စွာ ထွက်သွားကြတော့သည်။
ကုရှောင်းရွှယ်က လှည့်ကြည့်လိုက်ပြီး အပျက်အစီးပုံထဲမှ ထွက်လာသည့် ဝမ်ကျိယွီကို နောက်တစ်ခါ ထပ်မံ ပညာပေးရန် ဒေါသတကြီး လျှောက်သွားလိုက်သည်။
သို့သော် ထိုစဉ် ဘေးမှ လူလတ်ပိုင်း တစ်ဦး ရောက်လာသည်။
"မိန်းကလေး ရှောင်းရွှယ်... ကျွန်တော့်ရဲ့ ဝိုင်ဆိုင်ကြီးကတော့..."
သူက ထိုဝိုင်ဆိုင်၏ ပိုင်ရှင်ပင် ဖြစ်သည်။
ကုရှောင်းရွှယ်က ပတ်ဝန်းကျင်ရှိ အပျက်အစီးများနှင့် ထိတ်လန့်နေကြသော လူများကို ကြည့်ကာ ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
.....
ခဏအကြာတွင် ကုရှောင်းရွှယ်က ဝမ်ကျိယွီ၏ နားရွက်ကို ဆွဲကာ ချင်းရွှီခြံဝင်းအတွင်းသို့ ပျံဝင်လာခဲ့သည်။
ဝင်လာသည်နှင့် သူမက အော်လိုက်သည်။ "ထန်ထျန်း"
"ဝမ်ကျိယွီကို တခြားတစ်ယောက်ယောက်နဲ့ပဲ လွှဲပေးလိုက်တော့။ ကျွန်မ သူ့ကို တကယ် မထိန်းနိုင်တော့ဘူး။"
"ဒီအတိုင်း ဆက်သွားရင် ကျွန်မတော့ အသက်မကြီးခင် သေရတော့မှာပဲ..."
သူမက ညည်းညူရင်း ဝမ်ကျိယွီကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထိုစဉ် ထန်ထျန်းက ရေကန်ဘေးရှိ ကျောက်စားပွဲတွင် ထိုင်ကာ အေးအေးလူလူ ဝိုင်သောက်နေသည်။
ဒီလူနှစ်ယောက် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်သော်လည်း ထန်ထျန်း၏ စိတ်ထဲတွင် ဘာမှ မဖြစ်ပေ။
အဘယ်ကြောင့်ဆိုသော် ဒါက အကြိမ်ပေါင်း မည်မျှ ရှိနေပြီလဲဆိုတာ သူပင် မမှတ်မိတော့သောကြောင့် ဖြစ်သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း ဤကဲ့သို့သော ကိစ္စများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေခြင်း ဖြစ်သည်။
ကုရှောင်းရွှယ်၏ အားပျက်နေသော ပုံစံကို ကြည့်ကာ ထန်ထျန်းက စနောက်လိုက်သည်။ "ငါ မှတ်မိသလောက်တော့ အစတုန်းက မင်းပဲ ဒီတာဝန်ကို အားတက်သရော ယူခဲ့တာ မဟုတ်လား"
ကုရှောင်းရွှယ်က သက်ပြင်းချကာ "သူ အခုလိုမျိုး ဖြစ်လာမယ်လို့ ကျွန်မ ဘယ်တုန်းက ထင်ခဲ့မိလို့လဲ..."
"စကားလည်း နားမထောင်ဘူး၊ တစ်နေ့ကုန် ပြဿနာရှာတယ်၊ ထိန်းလို့လည်း မရဘူး။ ကျွန်မ နည်းနည်းလေး မျက်စိလွှဲလိုက်တာနဲ့ အပြင်ကို ထွက်ပြေးတာပဲ။"
"ပြီးတော့ သူက မပင်ပန်းဘူးလား မသိဘူး၊ ခွန်အားတွေကလည်း အရမ်းကောင်းတယ်။ နေ့ရော ညရော မအိပ်ဘူး။ ကျွန်မတော့ အာရုံကြောတွေတောင် ပျက်စီးတော့မယ်"
ထန်ထျန်းက ပြုံးလျက် ပြောသည်။ "ပုန်ကန်ချင်တဲ့ အရွယ် ကလေးတွေက ဒီလိုပဲလေ"
"နားလည်ပေးလိုက်ပါ"
ကုရှောင်းရွှယ်က မျက်လုံးပြူးကြည့်ကာ "ရှင်ကတော့ ပြောရတာ လွယ်တာပေါ့"
"ရှင်ကတော့ တစ်နေ့ကုန် အခန်းထဲမှာပဲ အောင်းနေတယ်၊ ဆယ်ရက် တစ်လနေမှ လူချင်းတွေ့ရတယ်။ ထွက်လာရင်လည်း ဝိုင်သောက်တယ်၊ နေပူစာလှုံတယ်၊ ဘယ်လောက်တောင် သာယာလိုက်လဲ"
"ကျွန်မကျတော့ ရော နေ့တိုင်း သူ့နောက်ကလိုက်ပြီး ပြဿနာတွေ ရှင်းပေးနေရတယ်၊ သူများကို တောင်းပန်နေရတယ်။ ကျွန်မ ဒီခြောက်လအတွင်း တောင်းပန်ခဲ့တဲ့ အကြိမ်ရေက ကျွန်မတစ်သက်လုံး စားခဲ့တဲ့ ထမင်းလုတ်ထက်တောင် များနေပြီ"
"ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဆက်မလုပ်တော့ဘူး၊ တခြားတစ်ယောက် ရှာလိုက်တော့"
ပြောပြီးသည်နှင့် သူမက ဒေါသတကြီး လှည့်ထွက်သွားခဲ့သည်။
ထန်ထျန်းက နှာခေါင်းကို ပွတ်လိုက်မိသည်။
တစ်နှစ်ခွဲအတွင်းမှာပဲ ယဉ်ကျေးလှတဲ့ ကုရှောင်းရွယ် လေးကနေ နှုတ်သီးကောင်းလျှာပါးတဲ့ မိန်းမကြီးတစ်ယောက်လို ဖြစ်သွားရှာပြီပင်။
ကလေးထိန်းရတဲ့ ကိစ္စက တကယ်ပဲ လူကို ရူးအောင် လုပ်နိုင်သည့်ပုံပင်။
သို့သော် ထန်ထျန်း သိသည်မှာ သူမ စိတ်တိုပြီး ပြောလိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ ဝမ်ကျိယွီကို တခြားတစ်ယောက်ထံ အပ်လိုက်လျှင် သူမကိုယ်တိုင် စိတ်မချနိုင်ဆုံး ဖြစ်နေလိမ့်မည်။
မြေပြင်ပေါ်တွင် ထိုင်ကာ မြက်ပင်များကို နုတ်နေသည့် ဝမ်ကျိယွီကို ကြည့်ပြီး ထန်ထျန်းက မေးလိုက်သည်။ "မင်း ဒီနေ့ ဘာလုပ်ခဲ့တာလဲ"
ဝမ်ကျိယွီက ခေါင်းမော့ကာ "ဘာမှ မဟုတ်ပါဘူး၊ အပျော်သွားကြည့်တာပါ"
" ပြီးတော့ မတရားတာကို ဝင်တားပေးတာ"
ထန်ထျန်းက စိတ်ထဲမှ ခေါင်းခါလိုက်သည်။ အခြေအနေကို သူ ခန့်မှန်းမိသွားပြီ ဖြစ်သဖြင့် လက်ကို ဝေ့ယမ်းကာ "မင်းရဲ့ မမရှောင်းရွှယ်ကို သွားတောင်းပန်လိုက်ဦး"
"နောက်တစ်ခါ ပြဿနာရှာရင်တော့ ဒီခြံဝင်း ထဲကနေ ဘယ်တော့မှ မထွက်ရအောင် ပိတ်ထားလိုက်တော့မယ်"
ဝမ်ကျိယွီက "ဪ" ဟု ဆိုကာ မတ်တပ်ရပ်ပြီး သူ၏ တင်ပါးမှ မြက်စအချို့ကို ခါထုတ်ကာ ကုရှောင်းရွှယ်နောက်သို့ ပြေးလိုက်သွားခဲ့သည်။
သူ၏ ကျောပြင်ကို ကြည့်ကာ ထန်ထျန်းက အားမလိုအားမရဖြင့် ခေါင်းခါလိုက်မိသည်။
ဝမ်ကျိယွီမှာ သူ၏ မှတ်ဉာဏ် အားလုံး ဖျက်ဆီးခံလိုက်ရသဖြင့် ယခုအခါ မွေးကင်းစ ကလေးတစ်ယောက်ကဲ့သို့ ကမ္ဘာကြီးကို အစကနေ ပြန်လည် သင်ယူနေရခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ သူ၏ ကြီးထွားမှုနှုန်းမှာ အလွန်မြန်ဆန်လှပြီး ယခုအခါ အသက် ၁၁၊ ၁၂ နှစ်အရွယ် ပုန်ကန်ချင်သော လူငယ်တစ်ဦးနှင့် တူနေပြီဖြစ်သည်။
ဤနှုန်းအတိုင်း ဆက်သွားလျှင် နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း ပုံမှန် စိတ် အခြေအနေသို့ ပြန်ရောက်လာနိုင်ဖွယ် ရှိသည်။
သို့သော် သူ၏ မှတ်ဉာဏ်များ အကုန်အစင် ပြန်ရနိုင်မလား ဆိုသည်မှာမူ... ပဟေဠိတစ်ခုသာ ဖြစ်ပေတော့သည်။