ကမ္ဘာ့သစ်ပင် အပင်ပေါက်လေး
Vol. 52 Ch. 549
ဖျော့တော့တော့ အစိမ်းရောင် အပင်ပေါက်လေးမှာ ကြည့်ရသည်မှာ အလွန်ပင် သာမန်ကာလျှံကာနိုင်လှသည်။
သို့သော် ထိုအရာက ထန်ထျန်း၏ မျက်ဝန်းထဲတွင် ထင်ဟပ်သွားသောအခါ သူ၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထသကဲ့သို့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်အောင် ဖြစ်သွားရသည်။
ဤနေရာသို့ မဝင်ခင်ကတည်းက စိတ်ကြိုပြင်ထားသော်လည်း ယခုအခါတွင်မူ စိတ်လှုပ်ရှားမှုများကို လုံးဝ မချုပ်တည်းနိုင်တော့ပေ။
ဤဖျော့တော့တော့ အစိမ်းရောင်လေးမှာ သူ၏ ကမ္ဘာကြီး နောက်ဆုံးတော့ ပြည့်စုံသွားပြီဖြစ်ကြောင်း ကိုယ်စားပြုနေသည်။
"ဟားဟား... လူအိုကြီး ထန်၊ ငါ တော်တယ်မလား"
ကြောင်ကလေးက ထန်ထျန်း၏ ပခုံးပေါ်သို့ ခုန်တက်ကာ အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
ထန်ထျန်းက အလေးအနက် ခေါင်းညိတ်ပြကာ ချီးကျူးလိုက်သည်။ "တကယ်ကို တော်တယ်"
"မင်းက ငါမြင်ဖူးသမျှ၊ ကြားဖူးသမျှထဲမှာ အတော်ဆုံး 'ကမ္ဘာ့ဝိညာဉ်' ပဲ။"
ဤစကားမှာ စိတ်ရင်းအမှန်ပင် ဖြစ်သည်။
ထန်ထျန်း စာအုပ် များစွာ ဖတ်ခဲ့စဉ်က "ကမ္ဘာ့ဝိညာဉ်" များအကြောင်း မှတ်တမ်းအချို့ တွေ့ခဲ့ဖူးသည်။
အများစုမှာ အထက်ပုဂ္ဂိုလ် များ၏ "ကောင်းကင်နှင့် မြေကြီး ရတနာ" အဖြစ် အသုံးချခြင်းကိုသာ ခံကြရသည်။
အချို့သော ရက်စက်သည့်လူများဆိုလျှင် ၎င်းတို့ကို အရသာရှိသော ဟင်းလျာများအဖြစ်ပင် ပြုလုပ်စားသောက်တတ်ကြသေးသည်။
သို့သော် ကြောင်ကလေးကတော့ မတူပေ။ သူက အသိဉာဏ်အရှိဆုံးဖြစ်သလို အစွမ်းအထက်ဆုံးလည်း ဖြစ်သည်။
ဤအချက်မှာ ကြောင်လေး၏ မူလဇစ်မြစ်နှင့်လည်း သက်ဆိုင်နေပေလိမ့်မည်။ သူက သာမန် ကမ္ဘာ့ဝိညာဉ်မျိုး မဟုတ်သည်မှာ သေချာသည်။
ထန်ထျန်း၏ ချီးကျူးမှုကို ကြားရသောအခါ ကြောင်ကလေးမှာ ချက်ချင်းပင် အသံကုန် ရယ်တော့သည်။
"ဟားဟားဟား..."
"အမလေး... မဟုတ်တာ၊ မင်းပြောသလောက်လည်း ငါက မတော်ပါဘူး"
"ငါ့ရဲ့ ခွန်အား တစ်သောင်းပုံ တစ်ပုံလောက်ပဲ သုံးပြီး လက်တည့်စမ်းကြည့်လိုက်တာပါ၊ အဲလောက်ကြီး အံ့သြမနေပါနဲ့"
"ဒါပေမဲ့ မင်းလို လောကကြီးကို အမြင်ကျဉ်းတဲ့လူအတွက်တော့ အံ့သြဖို့ကောင်းမှာကို ငါ နားလည်ပေးနိုင်ပါတယ်လေ"
"ဟားဟားဟားဟား..."
ကြောင်ကလေးမှာ ပါးစပ်ကြီး ဖြဲကာ အသားကုန် ကြွားဝါနေတော့သည်။
ထန်ထျန်းလည်း သူ့ကို မတားတော့ပေ။ ကြောင်လေးမှာ ဤကမ္ဘာကြီးကို ပြည့်စုံအောင် တည်ဆောက်ရန် ဤနှစ်များအတွင်း အချိန်တိုင်း ကြိုးစားခဲ့ရသည်။ စွမ်းအင်နှင့် သွေး၊ ချွေးများစွာ ရင်းနှီးခဲ့ရသဖြင့် ဤအချိန်မှာ သူ ပျော်မြူးရမည့် အချိန်ပင် ဖြစ်သည်။
သို့သော် ထန်ထျန်းက အပင်ပေါက်လေးကို သေချာစွာ လေ့လာကြည့်ပြီးနောက် ပုံမှန်မဟုတ်သော အချက်အချို့ကို သတိပြုမိသွားသည်။
ဤအပင်ပေါက်လေးမှာ အမှန်တကယ်တော့ ပြည့်စုံသော သက်ရှိတစ်ခုဟု မခေါ်နိုင်သေးပေ။
၎င်းမှာ ကမ္ဘာ့နိယာမများ၏ အစပြုရာ အချက်အချာတွင် တည်ရှိနေပြီး တစ်ပင်လုံးကို နိယာမများဖြင့်သာ တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ၎င်း၌ သက်ရှိတို့၏ မူလ အချို့လည်း ရှိနေသဖြင့် အခြေအနေမှာ အလွန်ပင် ထူးဆန်းလှသည်။
ထို့ကြောင့် ထန်ထျန်းက သူ၏ သံသယကို မေးလိုက်သည်။
ကြောင်ကလေး၏ အပြုံးမှာ ပျောက်မသွားသေးဘဲ သူ၏ ခြေသည်းလေးဖြင့် ထန်ထျန်း၏ ပခုံးကို ပုတ်ကာ ပြောသည်။ "ညီကို... ဒါကို မင်း နားမလည်သေးဘူးပဲ"
"ဒီအပင်ပေါက်လေးကို 'မူလသက်ရှိ' လို့ ခေါ်တယ်"
"သူ့မှာ အများသဘောတူထားတဲ့ နာမည်တစ်ခုလည်း ရှိသေးတယ်လေ"
"ကမ္ဘာ့သစ်ပင် တဲ့"
ထန်ထျန်းမှာ ခဏမျှ ကြောင်အသွားပြီး "ကမ္ဘာ့သစ်ပင် ဟုတ်လား"
ကြောင်လေးက ခေါင်းညိတ်ကာ "ဟုတ်တယ်၊ သူက ကမ္ဘာ့သစ်ပင်ပဲ"
"ဒီလောကမှာရှိတဲ့ သက်ရှိအားလုံးရဲ့ မူလဇစ်မြစ်ကို လိုက်ရှာမယ်ဆိုရင် ကမ္ဘာ့သစ်ပင်ဆီမှာပဲ သွားဆုံလိမ့်မယ်"
"ကမ္ဘာ့သစ်ပင်က ပြည့်စုံတဲ့ သက်ရှိတစ်ခု မဟုတ်သေးဘူး။ ဒါပေမဲ့ သူ ဆက်ပြီး ကြီးထွားလာလို့ 'အသက်တာအိုအသီး' တွေ သီးလာပြီး မျိုးစေ့တွေ မြေပြင်ပေါ်ကို ပြန့်ကျဲသွားတဲ့အခါ..."
"အဲဒီ မျိုးစေ့တွေကနေ ဒီကမ္ဘာပေါ်မှာ ပထမဆုံးသော တကယ့် သက်ရှိတွေ ဖြစ်လာလိမ့်မယ်"
"သူတို့ကို 'မူလဝိညာဉ်' လို့လည်း ခေါ်ကြတယ်"
ထန်ထျန်း နားလည်သွားသည်။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်နေသည်ကိုး။
ထို့နောက် သူက ခဏစဉ်းစားပြီး မေးလိုက်သည်။ "ဒါဆို ကမ္ဘာ့သစ်ပင်က ဘယ်လို ကြီးထွားတာလဲ"
"သူ့ဘာသာ သဘာဝအတိုင်း ကြီးဖို့ဆိုရင် အချိန်အကြာကြီး ပေးရမှာ မဟုတ်လား"
ကြောင်လေးက ခေါင်းညိတ်ကာ "သေချာတာပေါ့၊ ဒါက ကမ္ဘာ့ သစ်ပင်လေ"
"အခု သူက 'ဟင်းလင်းပြင်' ထဲမှာ အမြစ်တွယ်နေပြီဖြစ်လို့ အဆုံးမဲ့ ဟင်းလင်းပြင်ထဲကနေ အာဟာရတွေကို စုပ်ယူနိုင်ပေမဲ့ အချိန်ကတော့ တော်တော်လေး ကြာဦးမှာပဲ"
"ဒါပေမဲ့ မင်းက သူ့ကို အစာကျွေးပြီး ပြုစုပေးမယ်ဆိုရင်တော့ ကြီးထွားမှုကို မြန်အောင် လုပ်လို့ရတယ်"
ထန်ထျန်းက မေးသည်။ "ဘာနဲ့ ကျွေးရမှာလဲ"
ကြောင်လေးက ပြန်ဖြေသည်။ "ကမ္ဘာ့သစ်ပင်ဆိုတာ သူကိုယ်တိုင်က နိယာမတွေရဲ့ ရလဒ်ပဲ။ ဒါကြောင့် ကမ္ဘာကြီးကို တည်ဆောက်တုန်းကလိုပဲ 'မူလစွမ်းအား' တွေကို သုံးရမှာပဲ"
"ဒါပေမဲ့ သူက အစာ နည်းနည်း ပိုရွေးတတ်တယ်"
"အဲဒါတွေကတော့ ဟင်းလင်းပြင် နိယာမ၊ ဟင်းလင်းပြင် မူလ နဲ့ ဟင်းလင်းပြင် ကံကြမ္မာ တို့ပဲ"
ထန်ထျန်း ဤအချက်ကို ကြားသောအခါ စိတ်အနည်းငယ် အေးသွားသည်။
အနည်းဆုံးတော့ ဒီနာမည် သုံးခုစလုံးက သူနှင့် ရင်းနှီးနေသည်။
၎င်းတို့မှာ "အကန့်အသတ်မဲ့ သုံးစွဲမှုစနစ်" ၏ အမြင့်ဆုံး အဆင့်တွင်ရှိသော လဲလှယ်နိုင်သည့် အရာများ ဖြစ်သည်။
အခြားလူများအတွက်မူ ဤမူလစွမ်းအား သုံးမျိုးကို ရရှိရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် သူ၏ အတွက်မူ... သုံးစွဲမှုအမှတ် ကိစ္စသာ ဖြစ်သည်။
ဒါကို တွေးမိရင်း ထန်ထျန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ကမ္ဘာကြီး ပြည့်စုံသွားပြီဆိုလျှင် သုံးစွဲမှုအမှတ် ကိစ္စကို ခေါင်းထဲက ထုတ်ထားနိုင်ပြီဟု ထင်ခဲ့သော်လည်း အခုတော့ ဆက်ပြီး ရှာနေရဦးမည် ဖြစ်သည်။
ကမ္ဘာ့သစ်ပင်ကို ပြုစုပျိုးထောင် ရမည်ဆိုသည်မှာ မတွေးဝံ့စရာ ကောင်းလောက်အောင် အောက်ခြေမရှိသည့် တွင်းကြီးတစ်ခု ဖြစ်နေမည်မှာ သေချာသည်။
"ကောင်းပါပြီ... ငါတော့ အလုပ် ပြန်လုပ်ရဦးမှာပဲ"
ထန်ထျန်းက လက်ဝါးနှစ်ဖက် ဖြန့်ကာ အားကိုးရာမဲ့သည့် ပုံစံဖြင့် ပြောလိုက်သည်။
ကြောင်လေးက နှုတ်ခမ်းဆူကာ "မင်းကတော့ ကျေနပ်လိုက်စမ်းပါ"
"တခြားဟာ မပြောနဲ့ဦး၊ ဟို 'ကျိကျွင်း ' တွေတောင် တကယ့် ကမ္ဘာ့သစ်ပင်ကို မြင်ရင် သွားရည်တမြားမြား ကျကြမှာ"
"အကယ်၍ သူတို့သာ တစ်ပင် ပိုင်ဆိုင်ရမယ်ဆိုရင် သူတို့မှာ ရှိသမျှ အရာအားလုံးကို စွန့်လွှတ်ပြီး ဒီအပင် ကြီးထွားဖို့အတွက် ပုံအောပြီး ကျွေးကြမှာပဲ"
ထန်ထျန်းက ခပ်ပြုံးပြုံးပင်၊ သူက အမှတ်မထင် ညည်းတွားလိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ကြောင်လေး ပြောသည်ကို ကြားသောအခါ ထန်ထျန်းက သံသယဖြင့် မေးလိုက်သည်။ "မင်းပြောပုံအရဆိုရင် ကျိကျွင်း အများစုမှာ ကမ္ဘာ့သစ်ပင် မရှိကြဘူးလား"
"ဒါဆို ပြည့်စုံတဲ့ ကမ္ဘာတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ ကျိကျွင်း ဖြစ်လာဖို့အတွက် မရှိမဖြစ် လိုအပ်ချက် မဟုတ်ဘူးလား"
ကြောင်လေးက ခေါင်းခါကာ ပြောသည်။ "ပြည့်စုံတဲ့ ကမ္ဘာတစ်ခု ပိုင်ဆိုင်တာနဲ့ ကမ္ဘာ့သစ်ပင် ပိုင်ဆိုင်တာက အယူအဆ နှစ်ခုပဲ"
"တကယ်တော့ ကျိကျွင်း အများစုက ကောင်းမွန်တဲ့ 'ကမ္ဘာအပိုင်းအစ' အချို့ကို ရှာပြီး တစ်စစီ ပြန်စုကာ ပြုစုပျိုးထောင်လာကြတာ"
"ဒါကြောင့် သူတို့မှာ ပြည့်စုံတဲ့ ကမ္ဘာတစ်ခု ရှိပေမဲ့ ကမ္ဘာ့သစ်ပင် မရှိကြဘူး"
"ကျိကျွင်း တစ်ယောက် ဖြစ်လာဖို့ သော့ချက်က ကမ္ဘာကြီး ပြည့်စုံတာ တစ်ခုတည်း မဟုတ်ဘူး၊ အရေးကြီးဆုံးက အဲဒီကမ္ဘာနဲ့ ကိုယ်နဲ့ 'တစ်သားတည်း' ဖြစ်ဖို့ပဲ"
"အဲဒီလို တစ်သားတည်း ဖြစ်ဖို့အတွက် သူတို့တွေက နှစ်ပေါင်း သန်းချီပြီး အချိန်ပေး ကြိုးစားကြရတာ"
"ဒါပေမဲ့ မင်းကတော့ မတူဘူး၊ ဒီကမ္ဘာက မူလကတည်းက မင်းပိုင်တာ၊ မင်းနဲ့လည်း တစ်သားတည်း ဖြစ်ပြီးသား။ ဒါကြောင့် ကမ္ဘာကြီး ပြည့်စုံသွားတာနဲ့ ကျိကျွင်း ဖြစ်လာဖို့ လိုအပ်ချက်က တိုက်ရိုက် ပြည့်စုံသွားပြီ"
"ဒီ 'ဥ' ကြောင့် မင်းက တခြားလူတွေထက် နှစ်ပေါင်း သန်းချီတဲ့ အချိန်ကို သက်သာသွားစေတာ"
ထန်ထျန်း နားလည်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။
ပြောရသည်မှာ အနည်းငယ် ရှုပ်သော်လည်း နားလည်ရန် မခက်ပေ။
အတိုချုပ်ရလျှင် သူက မူလ အခွင့်ထူးကို ရရှိထားခြင်း ဖြစ်သည်။
ဒါက တော်တော်လေး ကောင်းမွန်လှသည်။ ရှေ့ဆက်ပြီး ကမ္ဘာ့သစ်ပင်ကို ဆက်လက် ပြုစုပျိုးထောင်သွားရုံသာ ဖြစ်သည်။
ကမ္ဘာ့သစ်ပင် သန်စွမ်းလာပြီး ကမ္ဘာကြီး ကြီးထွားလာလျှင် သူက ကျိကျွင်း အဆင့်တွင်လည်း ထိပ်တန်း အဆင့်မှာ ရှိနေမည်မှာ သေချာသည်။
ထန်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ထိုသေးငယ်လှသော ကမ္ဘာ့သစ်ပင် အပင်ပေါက်လေးကို ကြည့်ရင်း ကြည့်ရင်း ပို၍ သဘောကျလာသည်။
သူက ဤကမ္ဘာ၏ အရှင်သခင် ဖြစ်သဖြင့် ဤကမ္ဘာ့သစ်ပင်မှာ တစ်နည်းအားဖြင့် သူ၏ ကလေးနှင့်ပင် တူလှပေသည်။
ခေတ္တမျှ ကြည့်နေပြီးနောက် ထန်ထျန်းက ရုတ်တရက် မေးလိုက်သည်။ "ကြောင်လေး"
"ကမ္ဘာ့သစ်ပင်ရဲ့ 'မျိုးစိတ်' က ဘာလဲ"
ကြောင်လေးမှာ ချက်ချင်း ကြောင်အသွားပြီး "မျိုးစိတ် ဟုတ်လား"
"ဘာကို ဆိုလိုတာလဲ"
"ကမ္ဘာ့သစ်ပင်မှာ မျိုးစိတ်တွေ ရှိလို့လား"
ထန်ထျန်းက ရယ်လျက် "သူ ကြီးလာရင် တစ်ခုခုနဲ့တော့ တူရမှာ မဟုတ်လား "
"ကမ္ဘာတိုင်းမှာရှိတဲ့ ကမ္ဘာ့သစ်ပင်တွေက အကုန်လုံး ပုံစံတူကြီးတွေပဲလား"
ကြောင်လေးက မျက်လုံးလှန်ကြည့်ကာ "မင်း စိတ်ဝင်စားတဲ့ အချက်က တကယ်ကို ထူးခြားတာပဲ။"
"ဒါပေမဲ့ ဒီမေးခွန်းကို ငါလည်း မသိဘူး၊ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်လည်း ကမ္ဘာ့သစ်ပင် အများကြီး မမြင်ဖူးလို့ပဲ"
"အရင်က မြင်ဖူးကောင်း မြင်ဖူးလိမ့်မယ်၊ ဒါပေမဲ့ အခု မှတ်ဉာဏ်ထဲမှာတော့ မရှိဘူး"
"ဒါပေမဲ့... ဒီမေးခွန်းကို မင်းကိုယ်မင်းပဲ ပြန်မေးသင့်တယ်"
"မင်းက ဒီကမ္ဘာရဲ့ အရှင်သခင်ပဲလေ။ ကမ္ဘာ့သစ်ပင်ရဲ့ ပုံသဏ္ဌာန်က မင်းရဲ့ စိတ်ဆန္ဒပေါ်မှာပဲ မူတည်ပြီး ဖြစ်လာမှာပေါ့"
ထန်ထျန်းမှာ ခေတ္တမျှ ဆွံ့အသွားသည်။
သူ၏ စိတ်ဆန္ဒလား
သူက မျက်မှောင်ကြုတ်ကာ စဉ်းစားကြည့်သော်လည်း အဖြေကို အသေအချာ မသိနိုင်ပေ။
ဖြစ်နိုင်သည်မှာ ကမ္ဘာ့သစ်ပင် ကြီးထွားလာသည့် အချိန်ရောက်မှသာ အဖြေကို သိနိုင်ပေလိမ့်မည်။