← Chapters

စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှု

Vol. 32 Ch. 311

စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှု

Vol. 32 Ch. 311

ကြေးနီရောင် ကျောက်တံခါးကြီး၏ အောက်ခြေတွင်...

ပတ်ဝန်းကျင်တစ်ခုလုံး၌ ဆွေးနွေးငြင်းခုံသံများ ဆူညံစွာ ပေါ်ထွက်နေပေ၏။

လူအများ၏ ဆူညံသံများကြားတွင် တိုက်ပွဲမြေပြင်သည် အပြန်အလှန် အခြေအနေကို စောင့်ကြည့်ရသော အဆင့်သစ်တစ်ခုသို့ သိသိသာသာ ရောက်ရှိသွားခဲ့လေပြီ။

ပိုင်လင်းက သူမ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။

သူမသည် ပွင့်လန်းနေသော သွေးနီရောင် နှင်းဆီတစ်ပွင့်အလား လွန်စွာတောက်ပကာ ဆွဲဆောင်မှု ရှိလှသည်။

သူမ၏ နုနယ်သော ခန္ဓာကိုယ်အောက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော စွမ်းအားများ ကိန်းအောင်းနေပေ၏။

သူမ၏ခြေဖဝါးအောက်၌ အလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေခဲ့လေပြီ။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်လေးဦး၏ ခန္ဓာကိုယ်များတွင်လည်း ဒဏ်ရာပေါင်းများစွာဖြင့် ဖုံးလွှမ်းနေပြီး ပြင်းထန်သော ထိခိုက်မှုများကို ရရှိထားကြသည်။

သူတို့၏နောက်ကွယ်ရှိ မျိုးနွယ်စုဝင် အရေအတွက်မှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။

ဤတိုက်ခိုက်မှု လှိုင်းအတွင်း နတ်ဆိုးမြို့တော်သို့ ဝင်ရောက်လာသော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူအဖွဲ့ဝင်များ၏ အနည်းဆုံး သုံးပုံနှစ်ပုံမှာ ချေမှုန်းခြင်း ခံလိုက်ရလေပြီ။

ယခုအချိန်တွင် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ တစ်ခုလုံးမှလူများ၏ တိုက်ခိုက်လိုစိတ်များ လုံးလုံးလျားလျား ပျောက်ဆုံးနေခဲ့သည်။

အနီရောင်နတ်ဆိုးမျိုးဆက်၏ ခေါင်းဆောင် ချီဖန်း၏မျက်နှာ အလွန်အမင်း သုန်မှုန်နေသည်။

သူသည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များ၏ရှေ့တွင် မတ်တတ်ရပ်နေရင်း ပိုင်လင်းအားကြည့်ကာ ခက်ထန်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။

"ငါတို့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူက မင်းအပေါ် နှစ်ပေါင်းများစွာ ရက်စက်ခဲ့တာတောင်... မင်းက ဒီလောက်အထိ အစွမ်းထက်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး..."

သူ့အနေဖြင့် ဝန်ခံရန် လွန်စွာဝန်လေးနေသော်လည်း လက်တွေ့တွင်မူ သူတို့ထံ၌ ပိုင်လင်းကို ရင်ဆိုင်နိုင်စွမ်း လုံးဝမရှိတော့ချေ။

သူမ၏တိုးတက်မှုနှုန်းမှာ လွန်စွာမြန်ဆန်လွန်းပေ၏။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ခုလုံး၏ အင်အားကို စုစည်းလိုက်လျှင်ပင် သူမအား ဖိနှိပ်နိုင်စွမ်း မရှိတော့ချေ။

ဤတိုက်ပွဲတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ ရှုံးနိမ့်သွားခဲ့ပြီ။

ထိုအရာမှာ လုံးလုံးလျားလျား ရှုံးနိမ့်သွားခြင်းပင်။

ပိုင်လင်း၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။

သူမ၏အသံသည် စူးရှကာ အလွန်အေးစက်နေပေ၏။

"ကံတရားက လည်ပတ်နေတာပဲ.... ဝဋ်ဆိုတာလည်း လည်တတ်တယ်..."

"နင်တို့က ငါ့ရဲ့အဖြူရောင်နတ်ဆိုးမျိုးဆက်ကို စတင်တိုက်ခိုက်ခဲ့တဲ့ အချိန်ကတည်းက ဒီနေ့လို ဘေးဒုက္ခနဲ့ နင်တို့ ကြုံတွေ့ရဖို့ ကံကြမ္မာက သတ်မှတ်ပြီးသားပဲ..."

ဤအခိုက်အတန့်တွင် သူမ၏စိတ်နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုများ လှိုင်းတံပိုးအလား ထကြွနေခဲ့သည်။

အဖြူရောင်နတ်ဆိုးသွေးမျိုးဆက်၏သွေးကြွေးမှာ သူမ၏ပခုံးပေါ်၌ တောင်ကြီးတစ်လုံးအလား ဖိစီးနေခဲ့ပြီး သူမကို အသက်ရှူမဝနိုင်အောင် ဖြစ်စေခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော နာကြည်းမှုများက သူမ၏စိတ်ထဲတွင် အမြဲတစေ ပိတ်ဆို့နေခဲ့ပြီး ယခုအချိန်တွင်မူ ထိုအရာများကို ထုတ်ဖော်ရန် အချိန်တန်လေပြီ။

ယခုအချိန်၌ သူမ၏ကြီးမားလှသော လက်စားချေမှုမှာ အောင်မြင်ပြီးမြောက်တော့ပေမည်။

သူမ၏ နှစ်ရှည်လများ တောင့်တခဲ့သော ဆန္ဒမှာလည်း နောက်ဆုံးတွင် ပြည့်ဝတော့ပေမည်။

ချီဖန်း၏မျက်နှာ ပို၍ပင် တင်းမာခက်ထန်သွားပေ၏။

"ပိုင်လင်း... မင်းက တကယ်ပဲ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကို ဒီအကြပ်အတည်းထဲ ပိတ်မိနေပြီလို့ ထင်နေတာလား..."

သူ၏အမူအယာကို မြင်တွေ့ချိန်၌ ပိုင်လင်းက အေးစက်စွာ ရယ်မောလိုက်သည်။

"နင်တို့ဆီမှာ နောက်ထပ် ဘယ်လိုလှည့်ကွက်တွေ ကျန်နေသေးလဲဆိုတာ ငါ သိချင်မိသားပဲ..."

သူမသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပိတ်ဆို့ထားသည့် ကောင်းကင်နတ်ဘုရားတောင်မှ အဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်၏။

မည်သည်ကြောင့် သူတို့သည် သူမကို ကူညီနေသည်ကို သူမ မသိသော်လည်း ထိုကြီးမားသောဝင်္ကပါသည် အရပ်မျက်နှာအဘက်ဘက်ကို ချိတ်ဆက်ကာ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားသည်။

ထိုကြောင့် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများ ထွက်ပြေးနိုင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။

နှစ်ဖက်လုံး သေကြေပျက်စီးသည်အထိ တိုက်ခိုက်ကြမည်ဆိုလျှင် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ အဖွဲ့ဝင် အားလုံးကို ဤနေရာ၌ အမြစ်ပြတ်သုတ်သင်နိုင်မည်ဟု သူမ ယုံကြည်မှု ရှိနေခဲ့သည်။

မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ အဖွဲ့ဝင်များသည်လည်း ဤဝင်္ကပါမှာ မည်မျှအထိ ဒုက္ခပေးနိုင်သည်ကို ခံစားမိကြပေ၏။

ဤသည်က သူတို့ကို နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

တခြားအဖွဲ့မှာ ယခင်က သူတို့၏ မဟာမိတ် မဟုတ်လော...

ထိုမဟာမိတ်များသည် အကူအညီ မပေးသည့်အပြင် ယခုအချိန်တွင်မူ လက်နက်များကို သူတို့ဘက်သို့ပင် ပြန်လှည့်လာခဲ့ကြလေပြီ။

သို့သော် ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များသည် မျှော်လင့်ချက် လုံးလုံးလျားလျား ကင်းမဲ့မသွားသေးချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့ထံ၌ ဝှက်ဖဲတစ်ခု ကျန်ရှိနေသေးသည် မဟုတ်လော...

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် နတ်ဆိုးမြို့တော်၏ အပြင်ဘက်တွင် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတစ်ခုကို ထားရှိခဲ့သည်။

ဤသည်မှာ သူတို့၏ နောက်ဆုံးဆုတ်ခွာရာ လမ်းကြောင်းပင်။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ ကျင့်ကြံသူများသည် သူတို့ ခေါင်းဆောင်၏ ကြိုတင်မျှော်မြင်တတ်မှုကို မချီးမွမ်းဘဲ မနေနိုင်ကြချေ။

မူလကမူ သူတို့အားလုံး သူ့ကို အနည်းငယ် အထင်သေးမိခဲ့ကြ၏။

သူတို့၏အမြင်အရ ထိပ်သီးအင်အားစုကြီး လေးစုအနက်မှ တစ်စု ဖြစ်သည့်အပြင် ခေါင်းဆောင်အားလုံး စုဝေးလာခဲ့သည့်အတွက် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူသည် ရန်သူ အားလုံးကို လွယ်လင့်တကူ ခြေမှုန်းနိုင်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။

သို့သော် ယခုကြည့်ရသည်မှာ သူ မည်သည်ကြောင့် ခေါင်းဆောင်ဖြစ်သည်မှာ သိသာလှသည်။

ဤကဲ့သို့ ကြိုတင်ပြင်ဆင်မှုမျိုးမှာ အမှန်တကယ်ကို လေးစားဖွယ် ကောင်းလှ၏။

အနီရောင် နတ်ဆိုးမျိုးဆက် ခေါင်းဆောင်သည် ပို၍တည်ငြိမ်သွားခဲ့ပြီး သူ၏မျက်လုံးများ တည်ကြည်လေးနက်သွားကာ ပြောဆိုလိုက်သည်။

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူရဲ့ အခြေခံ အုတ်မြစ်ဆိုတာက မင်းလို မိန်းကလေးတစ်ယောက် စိတ်ကူးယဉ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး..."

သူ၏ အကြည့်မှာ ရွေ့လျားသွားခဲ့ပေ၏။

သူသည် ပိုင်လင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေဟာနယ်ကို ပိတ်ဆို့ထားသည့် ကောင်းကင်နတ်ဘုရားတောင်မှ အဖွဲ့ဝင်များကို ကြည့်လိုက်သည်။

"ဒီအချက်ကို မှတ်ထားကြစို့..."

"ယာယီ အနိုင်အရှုံးက နောက်ဆုံးအောင်မြင်မှုကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး..."

"ဒီတိုက်ပွဲက မပြီးသေးဘူး..."

"ဘယ်သူ နိုင်မလဲဆိုတာ မသိရသေးဘူး..."

"တစ်နေ့ကျရင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ငါတို့ တစ်ခုချင်းစီ ပြန်ယူမယ်..."

သူ စကားပြောနေရင်းဖြင့် နေရာရွှေ့ပြောင်းခြင်း စာလိပ်တစ်ခုကို တိုက်ရိုက်ဆွဲထုတ်လိုက်၏။

ထို့နောက် သူသည် မည်သည့်တွန့်ဆုတ်မှုမျှ မရှိဘဲ ထိုစာလိပ်ကို ဆွဲဖြဲလိုက်သည်။

အစိမ်းရောင်အလင်းတန်းတစ်တန်းသည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များကို လွှမ်းခြုံသွားခဲ့သည်။

ချီဖန်းက ပြုံးလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည် ပိုင်လင်းကို နှုတ်ဆက်ရန်ပင် မမေ့ခဲ့ချေ။

"နှုတ်ဆက်ခဲ့ပါတယ်..."

"ငါတို့ နောက်မှ မင်းကို ပြန်လာရှာမယ်..."

သို့သော် သူ လက်ဝှေ့ယမ်းလိုက်စဉ် သူ၏ အပြုံး တဖြည်းဖြည်း တောင့်တင်းအေးခဲသွားပေ၏။

အမှန်အားဖြင့် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှတစ်ဆင့် ကူးပြောင်းခြင်းသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်လာသင့်သည်။

သို့သော် အစိမ်းရောင်အလင်းတန်းများ လက်ခနဲ ထွက်ပေါ်လာပြီးနောက် သူတို့သည် မူလနေရာ၌ ရှိနေဆဲပင်။

အစိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်တွင်လည်း နတ်ဆိုးမြို့တော်မှ ထွက်ခွာသွားရန် နေနေသာသာ တစ်လက်မပင် ရွေ့လျားမသွားခဲ့ချေ။

အချိန်တခဏအတွင်းတွင် အရှက်ရဖွယ် ကောင်းသော အခြေအနေတစ်ခုက မြင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

အစောပိုင်းက ချီဖန်းသည် မည်မျှပင် ကြုံးဝါးခဲ့ပါစေ ယခုအချိန်တွင်မူ သူ၏မျက်နှာကို ရိုက်နှက်ခံလိုက်ရသည့်အလား ရှုံမဲ့နေခဲ့လေပြီ။

တစ်စုံတစ်ယောက်က လှောင်ပြောင်ရယ်မောလိုက်၏။

"သူ တစ်ခုခုများ လုပ်တော့မလားလို့ ငါ ထင်နေတာ....တကယ်တော့ ဒါပဲလား..."

"သူက လူတွေကို ရယ်အောင် လုပ်ပြီးမှ ထွက်ပြေးဖို့ ကြံစည်နေတာလား..."

"စိတ်မကောင်းပါဘူး... ငါတော့ ဆက်တောင်မရယ်နိုင်တော့ဘူး..."

"နောက်တစ်ယောက် ဆက်ပြောပေးပါအုံး..."

ဆွေးနွေးသံများ ကြားတွင် တစ်စုံတစ်ယောက်က အားရပါးရ ရယ်မောနေခဲ့သည်။

ထိုရယ်သံသည် ချီဖန်း၏နားထဲသို့ ဝင်ရောက်သွားကာ သူ၏မျက်နှာကို မျောက်ဖင်အလား နီမြန်းသွားစေခဲ့သည်။

ထိုအဖြစ်အပျက်မှာ လွန်စွာအရှက်ရဖွယ် ကောင်းလှသည်။

အစောပိုင်းက သူသည် ယုံကြည်မှုအပြည့်ဖြင့် ခြိမ်းခြောက်စကားများ ပြောကာ နှုတ်ဆက်ခဲ့သော်လည်း နောက်ထပ်အခိုက်အတန့်တွင်မူ သူတို့အားလုံးသည် မူလနေရာ၌ မတ်တတ်ရပ်နေဆဲပင်။

သူသာ တတ်နိုင်မည်ဆိုလျှင် ထိုနေရာ၌ပင် မြေလျှိုးကာ တွားသွား၍ တိုးဝင်သွားချင်မိသည်။

သို့သော် သူ၏အရှက်ရမှုနှင့်အတူ ဇဝေဇဝါ ဖြစ်ခြင်းနှင့်တုန်လှုပ်မှုများလည်း ရောက်ရှိလာပေ၏။

"နေရာရွှေ့ပြောင်းခြင်းစာလိပ်က ဘာလို့ အလုပ်မလုပ်တာလဲ..."

သူ နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူသည် လွန်စွာဇဝေဇဝါ ဖြစ်ကာ လမ်းပျောက်နေပေ၏။

သူ၏ စိတ်ထဲတွင် မည်သည့်နေရာ၌ ပြဿနာ တက်သွားသည်ကို အသည်းအသန် စဉ်းစားနေခဲ့သည်။

"ပထမဆုံး အချက်အနေနဲ့ ဒီနေရာရွှေ့ပြောင်းခြင်း စာလိပ်မှာ ပြဿနာ ရှိမှာ မဟုတ်ဘူးဆိုတာ ငါ အာမခံနိုင်တယ်...ငါကိုယ်တိုင် သိမ်းထားတာဆိုတော့ ပျက်စီးနေဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

"စာလိပ်မှာ ပြဿနာ မရှိဘူးဆိုရင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှာ ပြဿနာ ရှိနေတာလား..."

"ဒါပေမဲ့ ဒီနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှာ ဘယ်လိုလုပ်ပြီးတော့ ပြဿနာ ရှိနိုင်မှာလဲ..."

"ဒါက မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူရဲ့ နောက်ဆုံး ဆုတ်ခွာရာ လမ်းကြောင်းပဲ.... မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ တစ်ခုလုံးရဲ့ အသက်နဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတာ..."

"လုံခြုံမှု ရှိစေဖို့အတွက် ငါတို့က အစောင့်အရှောက်တွေနဲ့ ခင်းကျင်းဖို့ မျိုးနွယ်စု တစ်ခုကိုတောင် စေလွှတ်ခဲ့တာ..."

"သူတို့ရဲ့စွမ်းအားနဲ့ဆိုရင် တကယ်လို့ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးနဲ့ ကြုံရရင်တောင် ကိုင်တွယ်နိုင်ရမှာပဲ..."

မည်သည်ကြောင့်ဆိုသည့် အဖြေကို ရှာမရ ဖြစ်နေစဉ် ချီဖန်းသည် လွန်စွာစိုးရိမ်ပူပန်နေပေ၏။

လူ့လောကတွင် တိုက်ဆိုင်မှုဆိုသည်မှာ မရှိဟု ဆိုကြသည့်အတိုင်း...

ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှ အလင်းတန်းတစ်တန်း ပျံသန်းလာခဲ့သည်။

ထိုလူသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို စစ်ဆေးရန် အစောပိုင်းက သွားခဲ့သော အနီရောင်နတ်ဆိုးမျိုးဆက်၏ ခေါင်းဆောင်ငယ်တစ်ဦးပင်။

ထိုလူ ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ ချီဖန်းက အလျင်အမြန် မေးမြန်းလိုက်သည်။

"နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပျက်စီးသွားပြီလား..."

"မင်း ဘယ်လို သိတာလဲ..."

အနီရောင်နတ်ဆိုးမျိုးဆက် ခေါင်းဆောင်ငယ်က ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူက နာကြည်းစွာ ပြောဆိုလိုက်၏။

"အစိမ်းရောင်နတ်ဆိုးခေါင်းဆောင်က နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို မခင်းကျင်းခဲ့ဘူး..."

"ငါက နတ်ဆိုးမြို့တော် အပြင်ဘက်မှာ ရှာကြည့်ပေမဲ့ နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို မတွေ့ရတဲ့အပြင် အစိမ်းရောင်နတ်ဆိုးအဖွဲ့ဝင် တစ်ယောက်ကိုတောင် မတွေ့ခဲ့ရဘူး..."

သိသာသည်မှာ သူသည် လမ်းတစ်လျှောက်လုံး နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ အကြောင်းကိုသာ တွေးတောနေခဲ့ခြင်းဖြစ်သည်။

စကားပြောပြီးမှသာ ပတ်ဝန်းကျင် အခြေအနေပုံမှန်မဟုတ်သည်ကို သူ သတိထားမိသွားပေ၏။

အနီးကပ်ကြည့်လိုက်ချိန်၌ ပိုင်လင်းသည် လေဟာနယ်ထဲတွင် မတ်တတ်ရပ်နေခဲ့သည်။

သူမ၏အောက်တွင်မူ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ အဆင့်မြင့် အဖွဲ့ဝင်များ၏ အလောင်းများစွာ ရှိနေသည်။

"ဘာတွေ ဖြစ်နေတာလဲ..."

အစိမ်းရောင်နတ်ဆိုးမျိုးဆက် မည်သည်ကြောင့် ထွက်ပြေးသွားသည်ကို ဇဝေဇဝါ ဖြစ်နေခဲ့သည့် သူသည် ယခုအချိန်တွင် ပို၍ပင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

သို့သော် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ အဖွဲ့ဝင်များကမူ သူ၏မေးခွန်းကို ဖြေနိုင်သော အခြေအနေတွင် မရှိကြတော့ချေ။

ယခုအချိန်၌ သူတို့၏မျက်နှာများ ဖြူဖျော့ကာ ပြာနှမ်းနေခဲ့လေပြီ။

ချီဖန်းပင်လျှင် ယိမ်းယိုင်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် လေဟာနယ်ထဲတွင် တည်ငြိမ်အောင် မရပ်နိုင်တော့ဘဲ မည်သည့်အချိန်တွင်မဆို ပြုတ်ကျသွားတော့မည့်အလား ဖြစ်နေပေ၏။

ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ သုံးဦးလုံးသည် သူတို့၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။

ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်းမှာ ချီဖန်း၏စိတ်ဓာတ်သည် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခြင်းကို ပြသနေသည်။

ဤှအချိန်အခိုက်အတန့်တွင် သူ၏စိတ် လုံးလုံးလျားလျား ဗလာဟင်းလင်း ဖြစ်နေပေ၏။

ယနေ့သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အတွက် ကံဆိုးမှုများ ဆက်တိုက်ကြုံတွေ့ရသော နေ့တစ်နေ့ပင်။

ပထမဆုံးအချက်မှာ ပိုင်လင်း၏ထူးဆန်းသော အခြေအနေပင်။

သူမကို သတ်လိုက်တိုင်း ပြန်လည်ရှင်သန်လာပြီး ရှင်သန်လာတိုင်း သူမ၏စွမ်းအားမှာ လွန်စွာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် တိုးတက်လာခဲ့သည်။

ထို့နောက်တွင်မူ ကောင်းကင်နတ်ဘုရားတောင်မှ သူတို့၏နောက်ကျောကို ဓားဖြင့်ထိုးခြင်းပင်။

ကူညီရမည့် မဟာမိတ်များမှာ ရုတ်တရက် သူတို့ကို သေစေနိုင်သော ဒဏ်ရာအား ပေးအပ်ခဲ့ကြသည်။

ယခုအချိန်တွင်မူ သူတို့၏ နောက်ဆုံး ဝှက်ဖဲနှင့် ယုံကြည်ကိုးစားမှု ဖြစ်သော နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၌ပင် ပြဿနာတက်သွားခဲ့လေပြီ။

အရေးကြီးဆုံး အချက်မှာ...

သူသည် ဖြစ်နိုင်ခြေပေါင်း ထောင်သောင်းချီ၍ စဉ်းစားခဲ့သော်လည်း နေရာရွှေ့ပြောင်းခြင်း စာလိပ် မည်သည်ကြောင့် အလုပ်မလုပ်ရသည့် အကြောင်းရင်းမှာ ဝင်္ကပါကို လုံးဝမခင်းကျင်းခဲ့သောကြောင့် ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ခြင်းပင်။

"ဘာလို့လဲ..."

"ဘာလို့လဲ..."

"ဘာလို့ ဒီလို ဖြစ်ရတာလဲ..."

မေးခွန်း သုံးခုကို တိုးညင်းရာမှ မြင့်တက်လာသောအသံဖြင့် မေးလိုက်ပြီးနောက် ချီဖန်းသည် ကောင်းကင်သို့မော့ကြည့်ကာ အော်ဟစ်လိုက်၏။

ထိုလုပ်ရပ်သည် သူ၏ လွန်စွာဆိုးရွားလှသော စိတ်အခြေအနေကို ဖော်ပြနေသည်။

ဤနေရာရွှေ့ပြောင်းခြင်း ဝင်္ကပါသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ နောက်ဆုံး ဆုတ်ခွာရာ လမ်းကြောင်းပင်။

ထိုအရာသည် သူတို့၏ ရှင်သန်ရန် မျှော်လင့်ချက် ဖြစ်ပေ၏။

သို့သော် ယခုအချိန်တွင်မူ အနီရောင်နတ်ဆိုးခေါင်းဆောင်ငယ်မှ အစိမ်းရောင်နတ်ဆိုးခေါင်းဆောင်သည် မည်သည့်ဝင်္ကပါကိုမျှ မတည်ဆောက်ခဲ့ကြောင်း ပြောလာခဲ့လေပြီ။

အစိမ်းရောင်နတ်ဆိုးအဖွဲ့ဝင်များ အားလုံးကိုလည်း မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။

"အစိမ်းရောင်နတ်ဆိုးမျိုးဆက်က ငါတို့ကို သစ္စာဖောက်သွားတာ ဖြစ်နိုင်မလား..."

သစ္စာဖောက်ခြင်းမှလွဲ၍ ဤအခြေအနေကို ရှင်းပြနိုင်သော တခြားအကြောင်းပြချက်ကို သူ ရှာမတွေ့တော့ချေ။

"ဒါပေမဲ့ အစိမ်းရောင်နတ်ဆိုးမျိုးဆက် က ငါတို့ကို ဘာလို့ သစ္စာဖောက်ရတာလဲ..."

ချီဖန်းသည် ပို၍စဉ်းစားလေလေ ပို၍ ဒေါသထွက်လေ ဖြစ်ကာ ပို၍လည်း စိတ်ပျက်အားငယ်လာပေ၏။

ပြင်းထန်သော ဒေါသများကြောင့်...

"ဖူး..."

သူသည် သွေးစိမ်းရှင်ရှင်များကို အန်ထုတ်လိုက်ရသည်။

သူသည် အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် သွေးအန်သွားခဲ့ခြင်း ဖြစ်ပေ၏။

သူ၏စိတ်ဓာတ်သည် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အချိန်တခဏအတွင်းမှာပင် သူသည် ဆယ်နှစ်ခန့် အိုမင်းသွားသည့်အလား ထင်ရသည်။

ထပ်ခါတလဲလဲ သစ္စာဖောက်ခံရခြင်း တစ်ခါပြီးတစ်ခါ မျှော်လင့်ချက်များ ပေါ်လာလိုက် ပျက်စီးသွားလိုက် ဖြစ်နေခြင်းက သူ၏စိတ်ကို လွန်စွာနှိပ်စက်ညှဉ်းပန်းနေခဲ့သည်။

အဖြေမရှိသော မေးခွန်းပေါင်းများစွာက သူ့ကို ခြောက်လှန့်နေခဲ့ပြီး သူ့အား အကြိမ်ကြိမ် ပြိုလဲလုနီးပါး ဖြစ်စေခဲ့သည်။

တခြားမြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များ၏ အခြေအနေသည်လည်း ချီဖန်းထက် မသာချေ။

သူတို့ လွန်စွာယုံကြည်ကိုးစားခဲ့သော အစိမ်းရောင်နတ်ဆိုးမျိုးဆက်က သူတို့ကို စကားတစ်လုံးမျှ မပြောဘဲ ထားရစ်ကာ သစ္စာဖောက်သွားလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ကြချေ။

တစ်နည်းအားဖြင့်ဆိုရလျှင် ဤသည်မှာ သူတို့၏ နောက်ဆုံး ရှင်သန်ခွင့်နှင့် ဆုတ်ခွာရာ လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းပင်။

ဤအခြေအနေမှာ ကောင်းကင်နတ်ဘုရားတောင်၏သစ္စာဖောက်မှုထက် ဆယ်ဆမျှပို၍ သူတို့ကို နာကျင်စေသည်။

သူတို့၏စကားများမှတဆင့် ပိုင်လင်းသည် အခြေအနေ အရပ်ရပ်ကို ချက်ချင်းဆိုသလိုပင် ခန့်မှန်းမိသွားပေ၏။

သူမသည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များထံသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

သူမ၏မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပွင့်လန်းလာသည်။

သို့သော် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များအတွက်မူ ထိုအပြုံးသည် သေမင်း၏ အပြုံးအလား သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

သူမသည် လျှောက်လှမ်းလာရင်း ပြောဆိုလိုက်၏။

"ချီဖန်း... ဒီအဖြစ်က ကိုယ်စိုက်တာကို ကိုယ်ရိတ်သိမ်းရတယ်လို့ ခေါ်တာပဲ..."

"နင် ပြောတာ မှန်တယ်... ဒီတိုက်ပွဲက တကယ် မပြီးသေးဘူး..."

"ဘာလို့လဲဆိုတော့ အခုမှ အမှန်တကယ် အစပြုတာ ဖြစ်နေလို့ပဲ..."

ထိုစကားများကြောင့် ချီဖန်း၏မျက်နှာ အလွန်အမင်း သုန်မှုန်သွားတော့သည်။

All Chapters