အမြစ်ပြတ်ချေမှုန်းခြင်း
Vol. 32 Ch. 312
ပိုင်လင်း၏တိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲသည် တဖန်ပြန်၍ စတင်လာပေ၏။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှ လူများကမူ ယခုအချိန်၌ မျှော်လင့်ချက်ကင်းမဲ့ခြင်းများဖြင့် ဖုံးလွှမ်းနေခဲ့လေပြီ။
သို့သော် သူတို့သည် အရှုံးမပေးလိုကြချေ။
မည်သူမျှ မသေချင်ကြပေ။
သူတို့ တစ်ဦးချင်းစီသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများကို နှစ်ဆခန့်အထိ ပွင့်အံ့ထွက်လာစေခဲ့သည်။
အသက်လုရမည့် အခြေအနေတွင် လူတစ်ယောက်မှ ထုတ်လွှတ်နိုင်သော စွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ထိတ်လန့်ဖွယ် ကောင်းသည်ဟု ဆိုရပေမည်။
ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးဖြစ်သော ပိုင်လင်းသည် နောက်တစ်ကြိမ် ထပ်မံ၍ အစိတ်စိတ်အမွှာမွှာ ဖောက်ခွဲခံလိုက်ရသည်။
သို့သော် အံ့အားသင့်စရာ မရှိခဲ့ဘဲ....
ဆယ့်ငါးမိနစ်ခန့်ပင် မကြာလိုက်သော အချိန်အတွင်း သူမသည် အပြည့်အဝ ပြန်လည် ရှင်သန်လာခဲ့ပြီး သူမ၏စွမ်းအားများမှာ တခြားအဆင့်တစ်ခုသို့ ထပ်မံ၍ တက်လှမ်းသွားခဲ့သည်။
သူမသည် ယန်သုံးပါးနယ်ပယ် တတိယအဆင့်ကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိသော်လည်း...
ယန်သုံးပါးနယ်ပယ် တတိယအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီး ဓမ္မသောင်းချီနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
"ဝုန်း..."
ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေသော ထိတ်လန့်ဖွယ် ဖိအားတစ်ရပ်သည် ပိုင်လင်း၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာခဲ့ပေ၏။
ထိုဖိအားက ယန်သုံးပါးနယ်ပယ် တတိယအဆင့်တွင် ရှိနေကြသော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်တချို့ကိုပင် ထိတ်လန့်တုန်လှုပ်ဖွယ် ရင်တလှပ်လှပ်ဖြစ်ခြင်းကို ခံစားရစေသည်။
ချီဖန်းသည် လူများအားလုံး၏ရှေ့တွင် မတ်တတ်ရပ်နေပေ၏။
သူ၏မျက်နှာ အလွန်အမင်း ရှုံ့မဲ့နေခဲ့သည်။
"သူက ဘယ်လိုလုပ်ပြီးတော့ ပြန်ရှင်သန်လာနိုင်ရတာလဲ..."
"အသက်ရှင်တာနဲ့ သေဆုံးတာက သူ့အတွက် တကယ်ပဲ ကန့်သတ်ချက် မရှိတော့ဘူးလား..."
ယခုအချိန်တွင် သူ၏စိတ်ထဲ၌ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် စွမ်းအားမဲ့ခြင်း ခံစားချက်များ ဖြစ်ပေါ်နေပြီဟု ဆိုနိုင်သည်။
ဤကဲ့သို့ ရန်သူမျိုးကို မည်သူရင်ဆိုင်ရပါစေ မျှော်လင့်ချက် ကင်းမဲ့ကာ စွမ်းအားမဲ့သကဲ့သို့ ခံစားရမည်မှာ အမှန်ပင်။
ပိုင်လင်းသည် တစ်ဖက်လူ မည်သည့်အရာအား တွေးတောနေသည်ကို ဂရုမစိုက်ဘဲ သူမ၏ မြင့်တက်လာသော စွမ်းအားများနှင့် အပြည့်အဝ အသားကျသွားပြီးနောက်...
သူမသည် ချီဖန်းအား စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာကာ ပြောဆိုလိုက်သည်။
"ချီဖန်း... နင် ဘယ်လို သေချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလား..."
ယခုအချိန်၌ ယန်သုံးပါးနယ်ပယ် တတိယအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသော ထိပ်သီးကျင့်ကြံသူတစ်ယောက်အနေဖြင့် သူမ၏ အတွင်း၌ နတ်ဆိုးသွေးမျိုးဆက်၏ အပိုဆောင်း စွမ်းအားများလည်း ရှိနေခဲ့သည်။
ယခင် တိုက်ပွဲမှတဆင့် သူမသည် ရန်သူ၏ အကန့်အသတ်ကို ဆုပ်ကိုင်မိပြီး ဖြစ်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ပြိုင်ဘက်အား အမြစ်ပြတ်ချေမှုန်းနိုင်သော စွမ်းအားနှင့် ယုံကြည်မှုမျိုး သူမထံ၌ ရှိနေသည်ဟုဆိုလျှင် ပုံကြီးချဲ့ရာ မရောက်ချေ။
ပိုင်လင်း၏ ဖုံးကွယ်ထားခြင်း မရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို ရင်ဆိုင်ရချိန်တွင် ချီဖန်း၏မျက်နှာမှာ ငရဲပြည်မှ နတ်ဆိုးတစ်ကောင်အလား ခက်ထန်ပြီး ရက်စက်ကြမ်းကြုတ်နေခဲ့သည်။
"ပိုင်လင်း... ငါ့ကို တကယ်ပဲ အနိုင်ရပြီလို့ ထင်နေတာလား..."
"ဒီနေ့ ငါ သေရမယ်ဆိုရင်တောင် မင်းရဲ့အရေခွံ တစ်လွှာကိုတော့ ခွာသွာအုံးမှာပဲ..."
"ဝုန်း..."
ဤအချိန်အခိုက်အတန့်တွင် ထိုးနှက်ချက်များစွာ ခံခဲ့ရသော ချီဖန်းမှာ ရူးသွပ်လုနီးပါး အခြေအနေသို့ ရောက်နေလေပြီ။
စွမ်းအားများ ထပ်မံ၍ကြီးမားစွာ တိုးတက်လာသော ပိုင်လင်းအား ရင်ဆိုင်ရာတွင် သူက အမှန်တကယ်ကို ဦးစွာတိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
"သေစမ်း..."
ဤသည်က အသေမခံမီ ရုန်းကန်နေသော သားရဲတစ်ကောင်၏အသံအလား တိုးညှင်းသော ဟိန်းဟောက်သံကြီး ဖြစ်နေသည်။
ချီဖန်းသည် သူ၏အနှစ်သာရသွေးနှင့် နတ်ဘုရားစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေကာ ဖျက်ဆီးလိုက်တော့သည်။
ဤအခိုက်အတန့်၌ သူသည် သေဆုံးမည်ဟု ဆုံးဖြတ်ချက်ချကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
ဖရိုဖရဲ ဖြစ်နေသော သူ၏အသွင်အပြင်သည် ရူးသွပ်နေသူတစ်ဦးနှင့် တူညီပေ၏။
သူ၏အရှိန်အဝါတစ်ခုလုံးသည်လည်း နားလည်၍ မရနိုင်လောက်အောင်ပင် ခြောက်ဆယ်ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။
ဤသည်မှာ အသက်စွန့်ရမည့် လျှို့ဝှက်နည်းစနစ်တစ်ခုပင်။
ရန်သူ၏ ရူးသွပ်နေသော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ပိုင်လင်းက အေးစက်စက် ပြုံးလိုက်ပြီး သူမ၏သေးသွယ်သောလက်ကို ဝှေ့ယမ်းလိုက်သည်။
သူမသည် ဥပဒေသစွမ်းအားများဖြင့် ဖွဲ့စည်းထားသော မိုးကြိုးလျှပ်စီးကြောင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။
"ဘုန်း..."
မိုးကြိုးလျှပ်စီးများ ကျဆင်းလာပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။
တောင်များအလား တုတ်ခိုင်သော မိုးကြိုးလျှပ်စီးလှိုင်းများက အစုလိုက်အပြုံလိုက် ကျဆင်းလာပေ၏။
ချီဖန်းက ပထမဆုံး အချိန်အခိုက်အတန့်တွင် အသည်းအသန် ခုခံလိုက်သည်။
သူသည် သူ၏ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများအားလုံးကို အသုံးပြုကာ ခုခံခဲ့သည်။
သို့သော် ထိုဥပဒေသ မိုးကြိုးလျှပ်စီးသည် ထိတ်လန့်ဖွယ် ကောင်းလွန်းပေ၏။
ပထမ တစ်ချက် ကျဆင်းလာချိန်တွင် သူ့ကို တိုက်ရိုက်လွင့်စင်သွားစေသည်။
ဒုတိယ တစ်ချက် ကျဆင်းလာချိန်တွင် သူ၏ စိတ်ဝိညာဥ်ချီအကာအကွယ်ကို လုံးလုံးလျားလျား ပျက်စီးသွားစေသည်။
တတိယ တစ်ချက် ကျဆင်းလာချိန်တွင်မူ သူ၏ ခန္ဓာကိုယ်ထက်ဝက်ခန့်မှာ လုံးလုံးလျားလျား ပေါက်ကွဲသွားခဲ့လေပြီ။
"မင်း..."
ချီဖန်းသည် ပိုင်လင်းအား မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
နောက်ထပ် တိုက်ခိုက်မှုတစ်ခု ကျဆင်းလာချိန်တွင်မူ သူ့ထံ၌ ခုခံရန် စွမ်းအား မရှိတော့ဘဲ တိုက်ခိုက်မှုများ ကျဆင်းလာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့ပေ၏။
"မဟုတ်ဘူး..."
စူးရှသော အော်ဟစ်သံနှင့်အတူ ယခင် အုပ်စိုးသူဟောင်း ဖြစ်ခဲ့သော ချီဖန်းသည် နေရာ၌ပင် ကျဆုံးသွားခဲ့လေပြီ။
သူသည် ငိုကြွေးသံများနှင့် မျှော်လင့်ချက် ကင်းမဲ့စွာ သေဆုံးသွားခဲ့သည်။
ထိုမြင်ကွင်းက ကြွင်းကျန်နေသော မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများ၏ ဦးရေပြားကို ထုံကျင်သွားစေပြီး သူတို့ကို အလွန်အမင်း ကြောက်ရွံ့သွားစေခဲ့သည်။
ချီဖန်းသည် မျိုးနွယ်ခေါင်းဆောင်များအနက် အစွမ်းထက်ဆုံးလူပင်။
ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ ပိုင်လင်းသည် သူမ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သော မိုးကြိုးလျှပ်စီးလှိုင်းဖြင့် တိုက်ရိုက်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူချင်း တူညီသော်လည်း သူတို့၏စွမ်းအားများသည် မည်သည်ကြောင့် ဤမျှထိ ယုတ္တိမတန်လောက်အောင် ကွာခြားနေသနည်း။
ဤအချိန်အခိုက်အတန့်တွင် ပိုင်လင်း၏မျက်လုံးအကြည့်က ရွေ့လျားသွားပြီး ခရမ်းရောင်နတ်ဆိုးခေါင်းဆောင်ထံသို့ ကျရောက်သွားပေ၏။
"နင် သေဖို့ အဆင်သင့် ဖြစ်ပြီလား..."
သူမ၏ စူးရှသော အကြည့်ဖြင့် စစ်ဆေးခြင်း ခံလိုက်ရချိန်၌ ခရမ်းရောင်နတ်ဆိုးခေါင်းဆောင်၏မျက်နှာ ချက်ချင်းဆိုသလိုပင် သိသိသာသာ ပြောင်းလဲသွားပြီး သွေးရောင်ကင်းမဲ့ကာ ဖြူရော်သွားခဲ့သည်။
"ပိုင်လင်း... ငါတို့ အားလုံးက မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကပဲ..."
"ငါတို့က အရင်းအမြစ် တစ်ခုတည်းက လာတာလေ.. ဘာလို့ အချင်းချင်း ဖျက်ဆီးပစ်ဖို့ မင်း ဒီလောက်တောင် လောကြီးနေတာလဲ..."
"အရင်က ဖြစ်ခဲ့တာတွေက ငါ့ရဲ့အမှားပါ... ငါ့ကို ချမ်းသာပေးလို့ မရဘူးလား..."
"ငါ့ကို ချမ်းသာပေးပါ... ငါက မင်းရဲ့ခွေးတစ်ကောင် လုပ်ပါ့မယ်..."
"ငါ့ရဲ့ဘဝတလျှောက်လုံး မင်းကို အလုပ်အကျွေး ပြုပါ့မယ်..."
"ငါ့ရဲ့အပြစ်တွေကို ပြန်ပေးဆပ်ခွင့်ပေးပါ..."
"တကယ်လို့ မင်းက ငါ့ရဲ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် အခုကစပြီး မင်း ခိုင်းတာမှန်သမျှ ငါ လုပ်ပါ့မယ်..."
သူ၏ရိုးသားမှုကို ပြသရန်အတွက် သူသည် နေရာ၌ပင် ပိုင်လင်းထံဦးတည်၍ ဒူးထောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် အညံ့ခံကြောင်းကို ပြသရန်အတွက် ဝုတ် ဝုတ် ဟု နှစ်ခါဟောင်ရန်ပင် မမေ့ခဲ့ချေ။
ထိုမြင်ကွင်းက နံဘေးမှ ကြည့်နေသူများကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။
ကြီးကျယ်ခမ်းနားသော ယန်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် အသက်ရှင်သန်ရေးအတွက် သူ၏ဂုဏ်သိက္ခာနှင့် မာနအားလုံးကို စွန့်လွှတ်ကာ ခွေးတစ်ကောင်ကဲ့သို့ပင် ဟောင်နေခဲ့သည်။
ထိုဖြစ်ရပ်မှာ အမှန်တကယ်ကို ဝမ်းနည်းဖွယ် ကောင်းလှ၏။
ဤသည်မှာ အသက်ရှင်သန်ခြင်း၏ တန်ဖိုးကြီးမှုနှင့်ယုတ်ညံ့မှုတို့ကို သူ အပြည့်အဝ ထုတ်ဖော်ပြသလိုက်ခြင်းပင်။
သို့သော် ပိုင်လင်းက မည်သည့်တွန့်ဆုတ်မှုမျှ မရှိဘဲ လှုပ်ရှားလိုက်သည်။
"နင့်လို လူမျိုးက ငါ့ကို ရွံရှာစေတယ်...နင်က ငါ့ရဲ့ ခွေးဖြစ်ဖို့တောင် မတန်ဘူး..."
ထိတ်လန့်ဖွယ် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများက သူမ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း သူမ၏သေးသွယ်သော လက်ကို ဝှေ့ယမ်းလိုက်ရာ အလွန်ထက်ရှသော နတ်ဘုရား ဓားတစ်လက်ကို ခုတ်ပိုင်းလိုက်သည့်အလားပင်။
ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ လွန်ခဲ့သော စက္ကန့်ပိုင်းကမှ ဒူးထောက်ကာ အသနားခံနေခဲ့သော ခရမ်းရောင်နတ်ဆိုးခေါင်းဆောင်သည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားခဲ့လေပြီ။
သူ၏ ကြီးမားသော ခေါင်းကြီးသည် မိုးကောင်းကင်သို့ လွင့်စင်သွားပြီး ရေပန်းတစ်ခုအလား သွေးများပန်းထွက်လာကာ သူ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တိကျသေချာသည်။
ဤအချိန်တွင် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ၏ ခေါင်းဆောင်များအနက်မှ နှစ်ဦးသည် သေဆုံးသွားခဲ့လေပြီ။
ကြွင်းကျန်သော အပြာရောင်နတ်ဆိုး ခေါင်းဆောင်ကမူ ရူးသွပ်သွားတော့သည်။
သူသည် ကျန်ရှိနေသော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များအား ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါတို့အားလုံး အတူတူ သွားကြမယ်... သူ့ကို သေတဲ့အထိ တိုက်ခိုက်ကြစို့..."
သို့သော် ရလဒ်မှာ ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေခဲ့သည်။
ပြန်လည်ရှင်သန်လာပြီးနောက် ပိုင်လင်း ပြသလိုက်သော စွမ်းအားသည် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများအပေါ် လုံးလုံးလျားလျား လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့သည်။
အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်စာမျှ တိုတောင်းသော အချိန်အတွင်းမှာပင်....
ကြွင်းကျန်သော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ အဖွဲ့ဝင်များသည် သူမ၏လက်ချက်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ချေမှုန်းခြင်း ခံလိုက်ရသည်။
တိုက်ပွဲဟု ခေါ်ဆိုရမည့် အရာသည်တစ်ဖက်သတ် သတ်ဖြတ်ပွဲ တစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့လေပြီ။
အနီရောင်နတ်ဆိုးမျိုးဆက်၏ ခေါင်းဆောင်ငယ်သည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်လာခဲ့သည်။
ပိုင်လင်း သေရာမှ ပြန်လည်ရှင်သန်လာပြီးနောက် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူမှ လူများကို လူသူအများရှေ့တွင် သတ်ဖြတ်နေသည်ကို ကြည့်ရင်း သူ၏မျက်ခုံးများ ပြင်းထန်စွာ တုန်ရီသွားပေ၏။
သူ၏စိတ်နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
အသက်ရှင်သန်လိုသော စိတ်ဆန္ဒကြောင့် သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေတော့သည်။
"ထွက်ပြေးရမယ်..."
သို့သော် ပိုင်လင်း၏ လက်ရှိစွမ်းအားနှင့် ဆိုပါက သူ မည်သို့ အောင်မြင်စွာ ထွက်ပြေးနိုင်မည်နည်း။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် အနီရောင်နတ်ဆိုးမျိုးဆက်၏ ခေါင်းဆောင်ငယ်သည် နေရာ၌ပင် သတ်ဖြတ်ခြင်း ခံလိုက်ရလေပြီ။
ဤအချိန်တွင် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ တစ်ခုလုံး အမြစ်ပြတ်ချေမှုန်းခြင်း ခံလိုက်ရကာ နိဂုံးချုပ်သွားခဲ့သည်။
တစ်ချိန်က နာမည်ကျော်ကြားခဲ့သော ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုသည် ဤသို့ဖြင့် ပျောက်ကွယ်သွားခဲ့ပေ၏။
ကောင်းကင်နှင့်မြေပြင်ကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့သည်။
ဤရလဒ်ကို လူများအားလုံးက ကြိုတင်ခန့်မှန်းထားနိုင်ခဲ့သော်လည်း အမှန်တကယ် ဖြစ်ပေါ်လာသောအချိန်တွင်မူ ယုံကြည်နိုင်စရာ မရှိသေးသကဲ့သို့ ခံစားနေရဆဲပင်။
ကြီးကျယ်ခမ်းနားသော ထိပ်သီးအင်အားစုကြီး တစ်ခုသည် အမှန်တကယ်ကိုပင် ကြက်ပေါက်စလေးတစ်ကောင်အလား ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည်။
ယခင်က မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူနှင့် ပူးပေါင်းခဲ့သော အင်အားစုများသည် အလွန်အမင်း ကြောက်ရွံ့ခြင်း စိုးရိမ်ပူပန်ခြင်းများဖြင့် ပြည့်နှက်နေကာ တုန်လှုပ်ချောက်ချားလာခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကဲ့သို့ စွမ်းအားကြီးမားသော အင်အားစုကြီးပင်လျှင် ပျောက်ကွယ်သွားခဲ့သည်။
သူတို့ကို မည်ကဲ့သို့ အဆုံးသတ်မျိုးက စောင့်ကြိုနေမည်နည်း...
ဤကိစ္စအတွက် ကြက်ပေါက်စတစ်က အဖြေတစ်ခု ပေးခဲ့သည်။
သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောဆိုလိုက်၏။
"မကောင်းတဲ့ ကောင်တွေ... မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ ပူးပေါင်းပြီး သခင်မလေး ပိုင်လင်း ကို လုပ်ကြံရဲတယ်ပေါ့..."
"လာကြစမ်း... သူတို့ကို ရှင်းပစ်လိုက်စမ်း..."
ကြက်ပေါက်စတစ်၏အမိန့်နှင့်အတူ သူ၏ လက်အောက်ငယ်သားများက ရှေ့သို့ပြေးဝင်သွားကြသည်။
ဤသို့ဖြင့် သတ်ဖြတ်ပွဲတစ်ခု စတင်သွားခဲ့သည်။
ကျင့်ကြံခြင်းဟူသည်မှာ ညစာစားပွဲတစ်ခု မဟုတ်ပေ။
လူတိုင်းသည် သူတို့၏ရွေးချယ်မှုများအတွက် တန်ဖိုးပြန်ပေးဆပ်ရပေမည်။
ထိုလူများသည် လမ်းမှားကို ရွေးချယ်ခဲ့ကြကြောင်း သိသာထင်ရှားလှ၏။
ယခုအချိန်၌ သူတို့သည် ထိုက်တန်သော ပြစ်ဒဏ်ကို လက်ခံရပေမည်။
ဤသို့ဖြင့် ကြီးမားသော ရှင်းလင်းမှုကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
လက်ရှိချိန်၌ နတ်ဆိုးနန်းတော်၏ လက်အောက်တွင် ထိပ်သီးကျင့်ကြံသူ အမြောက်အများ ရှိနေသည်။
တခြားလူများကို ဘေးဖယ်ထားလိုက်လျှင်ပင် ကောင်းကင်နတ်ဘုရားတောင်မှ အဖွဲ့တစ်ဖွဲ့ကို ထုတ်ယူလိုက်ရုံဖြင့် ထိုလူများအတွက် ခုခံနိုင်စွမ်းမရှိသော အင်အားတစ်ခု ဖြစ်နေပေလိမ့်မည်။
ရလဒ်ကမူ သဘာဝကျစွာပင် အံ့အားသင့်စရာ မရှိခဲ့ချေ။
သို့သော် မမျှော်လင့်ထားသော အခြေအနေလေး တစ်ခု ပေါ်ပေါက်လာခဲ့ပေ၏။
ကြက်ပေါက်စတစ်၏ရိုက်နှက်ခြင်းကို ခံထားရသော ဟောက်ချန်သည်လည်း ရှင်းလင်းခံရမည့် အထဲတွင် ပါဝင်နေခဲ့သည်။
ကြီးမားသော တပ်ဖွဲ့ကြီးက အားမာန်အပြည့်ဖြင့် ပြေးဝင်လာချိန်၌ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ တောင်သခင်သည် သူ၏ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
"မင်းတို့... မင်းတို့ ငါ့ကို သတ်လို့ မရဘူး..."
"ငါက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းရဲ့ တောင်သခင် တစ်ယောက်ပဲ... တကယ်လို့ မင်းတို့ ငါ့ကို သတ်မယ်ဆိုရင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး..."
ယခုအချိန်၌ သူ၏တိုက်ခိုက်ရေး စွမ်းအားများ ပျက်စီးသွားပြီ ဖြစ်သဖြင့် သူသည် အသတ်ခံရမည့် သိုးသူငယ်လေးတစ်ကောင်နှင့် တူညီနေသည်။
ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုဖြစ်သော ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ တောင်သခင်ဆိုသည့် ဂုဏ်ပုဒ်တစ်ခုကသာလျှင် သူ့ကို လုံခြုံမှုနှင့်ယုံကြည်မှု အနည်းငယ် ပေးစွမ်းနိုင်တော့ပေ၏။
သို့သော် သူ့ကို စောင့်ကြိုနေသည်မှာ စူးရှသော ဓားချီအလင်းတန်းတစ်ခုပင်။
လှုပ်ရှားလိုက်သူမှာ တခြားသူမဟုတ်ဘဲ ကြက်ပေါက်စတစ်၏ ထိပ်တန်းတပည့်ဖြစ်သော ရာသီလေးပါးဂိုဏ်း၏ဂိုဏ်းချုပ် ကျီးဝူချန်ပင်။
"ဟမ့်... ဒီလို ထိပ်သီးအင်အားစုကြီး ဆိုတာတွေကို ငါတို့ နတ်ဆိုးနန်းတော်က တစ်ခုမက ချေမှုန်းခဲ့ပြီးပြီ..."
"ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား..."
"အိပ်မက်မက်နေလိုက်..."
ကျီးဝူချန်၏ဓားမှာ သပ်ရပ်မြန်ဆန်စွာ ကျဆင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် လှောင်ပြောင်ရန်လည်း မမေ့လျော့ခဲ့ချေ။
"တကယ်လို့ မင်းတို့ရဲ့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက ဝင်မပါဘူးဆိုရင် ကောင်းတာပေါ့... ဒါပေမဲ့ တကယ်လို့ ဝင်ပါရဲတယ်ဆိုရင်တော့ မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူရဲ့ ကံကြမ္မာက သတိပေးချက်တစ်ခု ဖြစ်လိမ့်မယ်..."
သူ စကားပြောနေစဉ်မှာပင် ဟောက်ချန်၏ ခန္ဓာကိုယ်ထက်တွင် သွေးပန်းပွင့်တစ်ပွင့် ပွင့်လန်းလာခဲ့ပေ၏။
ဤသည်မှာ ဓားတစ်လက်က သူ၏နှလုံးသားကို ဖောက်ထွင်းသွားခဲ့ခြင်းပင်။
တိုက်ခိုက်မှုတစ်ခုအပြီးတွင် ကျီးဝူချန်သည် အချိန်ဆွဲမနေဘဲ တခြားသူများကို တိုက်ရိုက် ရှင်းလင်းရန် စတင်လိုက်တော့သည်။
ယန်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူများတွင် အလွန်ပြင်းထန်သော အသက်ရှင်သန်နိုင်စွမ်းရှိသည်ဟု ဆိုရပေမည်။
နှလုံးသားကို ဓားဖြင့် အထိုးခံရသည့်တိုင် ဟောက်ချန်သည် ချက်ချင်းသေဆုံးမသွားခဲ့ချေ။
သူသည် သွေးအိုင်ထဲတွင် သနားစရာ ကောင်းလောက်အောင် လဲကျနေပြီး သူ၏ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်နေပေ၏။
ဝေဝါးနေသော သူ၏အသိစိတ်တွင် အဆုံးမဲ့ နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏ဂိုဏ်းမှ မဟာအကြီးအကဲဖြစ်သူ အကြီးအကဲယွဲ့ကျီ၏ စကားများက သူ၏စိတ်ထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေခဲ့သည်။
"နင် နတ်ဆိုးမြို့တော်ကို သွားလို့ မရဘူး... အဲဒီကို သွားရင် သေချာပေါက် ကြီးမားတဲ့ ဘေးဒုက္ခကို ယူဆောင်လာလိမ့်မယ်..."
ကံမကောင်းစွာဖြင့် သူမ၏တားဆီးမှုနှင့် ဂိုဏ်းမှ တခြားသူများ၏ စေတနာပါသော အကြံပေးချက်များကို ရင်ဆိုင်ရချိန်တွင် သူ လုံးဝနားမထောင်ခဲ့ချေ။
ထိုအစား သူသည် သူ၏သဘောအတိုင်း ခေါင်းမာစွာ သွားခဲ့ပြီး နတ်ဆိုးမြို့တော်၏ ရွှံ့နွံထဲသို့ ခုန်ဆင်းခဲ့မိသည်။
"ငါ တကယ်ကို နောင်တရမိတယ်..."
ယခု ပြန်လည်တွေးတောကြည့်ချိန်၌ သူ၏ အူများပင် နောင်တကြောင့် လိမ်ကောက်သွားသကဲ့သို့ ခံစားမိသည်။
ထိုစဉ်က သူသာ အကြံပေးစကားတစ်ခွန်းကို နားထောင်ခဲ့မည်ဆိုပါက ယခုလို အဆုံးသတ်မျိုးသို့ ရောက်လာမည် မဟုတ်ချေ။
သို့သော် ဤတိုးညင်းသော ရေရွတ်သံကို တခြား ဓားတစ်ချက်က တုံ့ပြန်လိုက်၏။
ထိုဓား၏ပိုင်ရှင်မှာ ကြက်ပေါက်စတစ်၏ လက်အောက်ရှိ တခြားထိပ်တန်းတပည့်တစ်ဦး ဖြစ်သော ဓားတစ်သောင်းဂိုဏ်း၏ဂိုဏ်းချုပ် ပိုင်ဝူရှားပင်။
ဤှအချိန်အခိုက်အတန့်တွင် ပိုင်ဝူရှား၏ဓားသည် ဟောက်ချန်၏နှလုံးသားထဲသို့ နောက်တစ်ကြိမ် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက ရေရွတ်လိုက်သည်။
"ရောင်းရင်းကျီးက တကယ့်ကို ပေါ့ဆတာပဲ... လူတစ်ယောက်ကိုသတ်ရင် အဆုံးသတ် တိုက်ခိုက်မှုပေးဖို့ မမေ့နဲ့လေ..."
"သူက နှလုံးကို ဖောက်ထွင်းသွားပေမဲ့ ဒီအဘိုးကြီးဆီမှာ အသက်ကယ်စွမ်းရည်တွေ မရှိဘူးလို့ အတပ်ပြောဖို့ ခက်တယ်..."
"တကယ်လို့ သူက တစ်နေ့နေ့မှာ တစ်နည်းနည်းနဲ့ ပြန်ရှင်လာခဲ့ရင် ကြက်သခင်ကြီးရဲ့မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်နေမှာပေါ့..."
သူ စကားပြောနေရင်းဖြင့် ဓားကို ပြန်ဆွဲထုတ်လိုက်ကာ ဆယ်ကြိမ်ထက်မက အဆက်မပြတ် ထိုးစိုက်လိုက်တော့သည်။
မြောက်ပိုင်းဒေသရှိ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဂုဏ်သတင်းကြီးမားသည့် ယန်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် နောင်တများအပြည့်ပါသော နှလုံးသားကို သယ်ဆောင်ရင်း ဤသို့ဖြင့် အရှင်လတ်လတ် ထိုးသတ်ခြင်း ခံလိုက်ရတော့သည်။
သူသည် ကြီးကျယ်ခမ်းနားစွာ နေထိုင်ခဲ့ပြီး သနားစရာ ကောင်းလောက်အောင် သေဆုံးသွားခဲ့ရသည်ဟု ဆိုနိုင်ပေ၏။
ဤသတ်ဖြတ်ပွဲက လေလွင့်ကျင့်ကြံသူများနှင့် ထိပ်သီးဂိုဏ်းတချို့ကိုပင် ကြောက်ရွံ့သွားစေခဲ့သည်။
သတ်ဖြတ်မှုကြောင့် ရူးသွပ်နေသော တစ်ဖက်လူက သူတို့အားလုံးကို ပေါင်းပင်များအလား ရှင်းလင်းပစ်မည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့ကြသည်။
ကံကောင်းစွာဖြင့် နောက်ဆုံးတွင် နတ်ဆိုးနန်းတော်က သူတို့အပေါ် မလှုပ်ရှားခဲ့ချေ။
နတ်ဆိုးနန်းတော်မှ လူများသည် ကြက်ပေါက်စတစ်၏ အမိန့်များကို အကြွင်းမဲ့ လိုက်နာကြသည်။
သူက ကြက်သတ်ဟု ပြောလျှင် သူတို့ ဘယ်သောအခါမျှ ခွေးကို သတ်မည် မဟုတ်ချေ။
ရှင်းလင်းခြင်းကို အလုံးစုံ ပြီးမြောက်သွားပြီးနောက် ကျီးဝူချန်သည် ကြက်ပေါက်စတစ်၏ ရှေ့သို့ ရိုသေလေးစားစွာ ရောက်ရှိလာခဲ့သည်။
သူ၏ မေးခွန်းတစ်ခုက လူများအားလုံး၏ နှလုံးသားများကို လည်ချောင်းဝသို့ ချက်ချင်းရောက်လာစေခဲ့သည်။
"ကြက်သခင်ကြီး...အရင်က မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနဲ့ ပူးပေါင်းထားတဲ့ အင်အားစုတွေကို ရှင်းလင်းပြီးပါပြီ..."
"ကျန်နေတဲ့ သူတွေကိုရော ရှင်းလင်းပစ်ရမယ်လို့ အရှင် ထင်လား..."
ထိုစကားကိုကြားချိန်၌ နံဘေးမှ ကြည့်နေသူများ၏မျက်နှာများ ဖြူဖျော့သွားပေ၏။
နတ်ဆိုးနန်းတော်က ပြသလိုက်သော စွမ်းအားများကြောင့် တစ်ဖက်လူသည် သူတို့ အားလုံးကို ဤနေရာ၌ မြှုပ်နှံပစ်ရန် အမှန်တကယ် စွမ်းဆောင်နိုင်စွမ်းရှိသည်ကို မည်သူမျှ သံသယ မဝင်ကြချေ။
ကြက်ပေါက်စတစ်က လူအုပ်ကြီးအား တစ်ချက်သာ ကြည့်လိုက်သည်။
ထို့နောက် သူက လျစ်လျူရှုသည့်လေသံဖြင့် ပြောဆိုလိုက်၏။
"အမှိုက်ကောင်တွေပဲ... သူတို့အပေါ် အချိန်ဖြုန်းနေစရာ မလိုဘူး... အကုန်လုံးကို လူစုခွဲခိုင်းလိုက်..."
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထဲတွင် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူ အမြောက်အများ ရှိနေသည်ဟု ဆိုရပေမည်။
ထိပ်သီးကျင့်ကြံသူတိုင်းတွင် ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့်မာန်မာန ရှိသည်ဟု လူများအားလုံးက ပြောဆိုကြသည်။
ယခင်ကဆိုလျှင် မည်သူမဆို သူတို့ကို အမှိုက်ဟု ခေါ်ရဲပါက ပန်းများ မည်သည်ကြောင့် ဤမျှထိ နီရဲနေသည်ကို နားလည်သွားအောင် သေချာပေါက် လုပ်ပြကြပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ...
သူတို့၏စိတ်ထဲတွင် အနည်းငယ်ပင် ကံကောင်းသည်ဟု ခံစားနေကြရ၏။
တစ်ဖက်လူ၏အမြင်တွင် သူတို့သည် အမှိုက်များသာ ဖြစ်နေခဲ့ခြင်းအတွက် ကံကောင်းသည်ဟု မှတ်ယူနေကြသည်။
ထိုသို့မဟုတ်ပါက ယနေ့၌ သူတို့သည် ကြီးမားသော အသက်သေဆုံးရမည့် ဘေးဒုက္ခကြီးမှ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
နတ်ဆိုးနန်းတော်မှ လူများမှာ မောင်းထုတ်ရန်ပင် မလိုအပ်ဘဲ ထိုလူများသည် ငှက်များနှင့် သားရဲများအလား အလျင်အမြန်ထွက်ပြေးကာ လူစုကွဲသွားကြတော့သည်။
တစ်ဖက်လူက အချိန်တခဏအကြာတွင် စိတ်ပြောင်းသွားမည်ကို သူတို့ ကြောက်ရွံ့နေကြပြီး ထိုသို့ဖြစ်လာပါက အမှန်တကယ်ကို မတော်မတရား သေဆုံးရပေမည်။
ထိုလူစု ထွက်ခွာသွားခြင်းနှင့်အတူ မြောက်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းခြုံသွားမည့် မုန်တိုင်းတစ်ခု သေချာပေါက် ကျရောက်လာတော့မည်ကို ကြိုတင်မြင်တွေ့နေရတော့သည်။