← Chapters

မင်း ဘယ်လိုလုပ်ခဲ့တာလဲ

Vol. 32 Ch. 313

မင်း ဘယ်လိုလုပ်ခဲ့တာလဲ

Vol. 32 Ch. 313

သက်ဆိုင်မှုမရှိသော လူအုပ်ကြီးကို မောင်းထုတ်ပြီးနောက်တွင် ကျောက်တံခါးကြီး၏ အောက်ခြေ၌ နတ်ဆိုးနန်းတော်မှ လူများသာ အသင့်အနေအထားဖြင့် ကျန်ရစ်ခဲ့သည်။

ပိုင်လင်းသည် ကြက်ပေါက်စတစ်နှင့် တခြားသူများကို ကြည့်လိုက်ကာ သူမ၏မျက်လုံးများထဲတွင် မေးခွန်းထုတ်လိုမှုများဖြင့် ပြည့်နှက်နေသည်။

သူမသည် ထိုသူများကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြောင်း သေချာသော်လည်း ထိုလူများက သူမကို သိနေပုံရပြီး အကြိမ်ကြိမ် ကူညီပေးခဲ့ကာ ကြင်နာမှုများကို ပြသခဲ့ကြသည်။

သူမက အကြောင်းအရင်းကို မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ကြက်ပေါက်စတစ်သည် နတ်ဆိုးနန်းတော် တပ်ဖွဲ့တစ်ခုလုံးကို ဦးဆောင်ကာ ပိုင်လင်းထံသို့ ရောက်လာခဲ့ပေ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက ရိုသေလေးစားစွာဖြင့် အော်ဟစ်လိုက်သည်။

"သခင်မလေး ပိုင်လင်း... ရန်သူတွေကို သတ်ဖြတ်ပြီး လက်စားချေနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်..."

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏နောက်တွင် နတ်ဆိုးနန်းတော်မှ လူသောင်းနှင့်ချီ၍ တပြိုင်နက်တည်း ဒူးထောက်လိုက်ကြပြီး သံပြိုင်ဟစ်ကြွေးလိုက်ကြ၏။

"သခင်မလေး ပိုင်လင်း... ရန်သူတွေကို သတ်ဖြတ်ပြီး လက်စားချေနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်..."

သူတို့၏အသံများသည် မိုးခြိမ်းသံအလား ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး မြေပြင်ကိုပင် တုန်ခါသွားစေကာ ပိုင်လင်း၏စိတ်ထဲရှိ ဇဝေဇဝါ ဖြစ်မှုများကို ပို၍ပြင်းထန်လာစေခဲ့သည်။

သူမသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို မသိသော်လည်း နတ်ဆိုးနန်းတော်နှင့် ပူးပေါင်းထားသော ထိပ်သီးအင်အားစုကြီးတစ်စုဖြစ်သည့် ကောင်းကင်နတ်ဘုရားတောင်ကို မှတ်မိနေပေ၏။

အထူးသဖြင့် ကောင်းကင်နတ်ဘုရားတောင်၏ ဂိုဏ်းချုပ်ဖြစ်သော လင်းထျန်းသည် သူမ ငယ်စဉ်ကတည်းက ကြားဖူးခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးပင်။

အတိတ်က သူမအတွက်ဆိုလျှင် လင်းထျန်းသည် ကောင်းကင်ကြီးအလား ကျယ်ပြန့်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ ထိုလူက သူမ၏ ခြေရင်း၌ ဒူးထောက်နေခဲ့သည်။

အချိန်တခဏအတွင်း၌ သူမ၏စိတ်နှလုံးသားထဲတွင် အဆုံးမဲ့ လှိုင်းဂယက်များ ရိုက်ခတ်သွားပြီး မူးဝေသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

မည်သည်ကြောင့် ထိုလူများက သူမအပေါ် ဤမျှထိ ရိုသေလေးစားနေသည်ကို သူမ လုံးဝနားမလည်နိုင်အောင် ဖြစ်နေခဲ့ပေ၏။

ထိုအချိန်မှာပင် သူမ၏မျက်လုံးထောင့်မှနေ၍ အဝေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် မတ်တတ်ရပ်နေသော ကျုံးချင်ကို မြင်တွေ့လိုက်ရသည်။

အတင့်ရဲသော အတွေးတစ်ခုက သူမ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ဆရာများ ဖြစ်နေမလား..."

သို့သော် ထိုအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူမက ချက်ချင်းဆိုသလိုပင် ဖျောက်ဖျက်လိုက်သည်။

ဆရာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...

သူမ၏အမြင်အရ ကျုံးချင်သည် အရှေ့ပိုင်းဒေသရှိ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ရှန်ကျန်းဂိုဏ်းမှ မူဖူတောင်၏တောင်သခင်သာ ဖြစ်နေဆဲပင်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤနေရာရှိ မည်သူမဆို အရှေ့ပိုင်းဒေသမှ ဒုတိယတန်းစား ဂိုဏ်းတစ်ခုမှ လူတစ်ယောက်ကို တစ်နေ့တည်းဖြင့် အကြိမ်တစ်ထောင်မက ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

ထိုလူများကို အမိန့်ပေးနိုင်သော မည်သူမဆို အံ့အားသင့်ဖွယ်စွမ်းအားများနှင့် ထူးကဲသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် ထိတ်လန့်ဖွယ် တည်ရှိမှုတစ်ခုကြီးတစ်ခု ဖြစ်မည်မှာ သေချာပေါက်ပင်။

ဆင်းရဲပြီး ခေတ်နောက်ကျသော အရှေ့ပိုင်းဒေသကဲ့သို့ နေရာမျိုးတွင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် မည်သည်ကြောင့် ပုန်းအောင်းနေနိုင်မည်နည်း။

ထို့ပြင် ထင်ရှားမှုမရှိသော ဂိုဏ်းတစ်ဂိုဏ်း၏ တောင်သခင် မည်သို့ ဖြစ်နေနိုင်မည်နည်း...

အမှန်တိုင်းပြောရလျှင် ပိုင်လင်း၏မျက်လုံးထဲတွင် အရှေ့ပိုင်းဒေသ၌ နာမည်အနည်းငယ် ရထားသော ရှန်ကျန်းဂိုဏ်းမှာ အမှန်တကယ်ကို အနည်းငယ်မျှ ထင်ရှားမှု မရှိလှချေ။

သို့သော် ဆရာကြောင့် မဟုတ်လျှင် ဘာကြောင့် နတ်ဆိုးနန်းတော်မှ ထိုလူများက သူမအပေါ် ဤမျှ ရိုသေလေးစားနေရသနည်း။

သူမ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေခဲ့ပေ၏။

သူမ လုံးဝစဉ်းစား၍ မရနိုင်ခဲ့ချေ။

သူမ၏စိတ်ထဲရှိ ဇဝေဇဝါဖြစ်မှုများက လျှံကျလာပြီး သူမ၏မျက်နှာပေါ်တွင် အပြည့်အဝ ပေါ်လွင်နေခဲ့သည်။

သို့သော် ပြောရမည်ဆိုလျှင် သူမ၏ဆရာသည် အမှန်တကယ်ပင် အမြဲတစေ လောကီနှင့် သီးခြားကင်းကွာသောပုံစံ ရှိနေဆဲပင်။

သူ၏အပြစ်အနာအဆာ ကင်းမဲ့သော မျက်နှာပေါ်တွင် အမြဲတစေ တည်ငြိမ်အေးချမ်းသော အမူအယာ ရှိနေတတ်သည်။

မည်သည့်အချိန်တွင်မဆို သူသည် အမြဲတစေ တည်ငြိမ်နေပေ၏။

သူမဆရာ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်လေး ထင်ဟပ်လာစေရန် မည်သည့်အရာက လုပ်ဆောင်နိုင်မည်နည်း ဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

ပိုင်လင်း စဉ်းစားနေစဉ် သူမ၏မျက်နှာပေါ်တွင် ဝမ်းသာဝမ်းနည်း အရိပ်အယောင်များ တလှည့်စီ ဖြစ်နေပြီး သူမ၏မျက်လုံးများ တောက်ပနေကာ အတွေးများက လွင့်မျောနေသည်။

သူမသည် အစောပိုင်းက မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူ မှ လူများကို သတ်ဖြတ်စဉ် ပြသခဲ့သော အေးစက်ပြီး ပြိုင်ဘက်ကင်းသည့် အရှိန်အဝါမျိုး လုံးဝ မရှိတော့ဘဲ အိမ်နီးချင်း မိန်းကလေးငယ်တစ်ယောက်အလား ဖြစ်နေသည်။

ဖြစ်နိုင်သည်မှာ ကျုံးချင်ကို မြင်မိချိန် သို့မဟုတ် တွေးမိချိန်မှသာ သူမ ဤကဲ့သို့သော အမူအရာမျိုးကို ပြသနိုင်ခြင်း ဖြစ်ပေမည်။

ရုတ်တရက်...

ပိုင်လင်း၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ရွေ့လျားသွားခဲ့၏။

သူမ၏အကြည့်အောက်တွင် ကျုံးချင်က လှုပ်ရှားလိုက်သည်။

သူက ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် သူမထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။

"ဆရာက ငါ့ကို ဂုဏ်ပြုဖို့ လာတာလား..."

သူမ တွေးတောလိုက်သည်။

"ဒါပေမဲ့ ဆရာနဲ့ ဘာအကြောင်း ပြောရမလဲ..."

"ဆရာက ခုဏက ငါ့ရဲ့ တိုက်ပွဲကို မြင်ခဲ့တယ်..ငါ အရမ်းသန်မာတယ်ဆိုတာ သူ သိလောက်တယ်ဆိုတော့ သူ ရှက်နေမလား..."

"သူ မရှက်အောင် ငါ ဘာပြောရမလဲ..."

မိန်းမငယ်လေးတစ်ယောက်၏ နှလုံးသားမှာ အမှန်တကယ်ကို နူးညံ့သိမ်မွေ့လှသည်။

အချိန်တခဏအကြာတွင် သူမသည် တစ်ခုကိုတွေးလိုက်ပြီး နောက်ထပ်တခဏတွင် တခြားတစ်ခုကို တွေးနေတတ်ပေ၏။

သို့သော် ဤအချိန်အခိုက်အတန့်တွင် သူမ၏ မျက်လုံးထဲ၌ ကျုံးချင်မှလွဲ၍ တခြားမည်သူမျှ မရှိတော့ချေ။

ထိုဖရိုဖရဲအတွေးများကြားတွင် ကျုံးချင်သည် သူမ၏အနီးသို့ ရောက်ရှိလာခဲ့လေပြီ။

"အရှင့်ကို ဂါရဝပြုပါတယ်..."

ရုတ်ချည်းဆိုသလိုပင် ယခင်က ပိုင်လင်းအား အလွန်အမင်း အရိုအသေပေးကာ နံဘေးတွင် ရပ်နေခဲ့သော နတ်ဆိုးနန်းတော်မှ လူများသည် ကျုံးချင်အား နောက်တစ်ကြိမ် အရိုအသေ ပေးလိုက်ကြသည်။

လူအမြောက်အများသည် စိတ်လှုပ်ရှားနေကြပြီး သူတို့၏မျက်နှာများပေါ်တွင် ဝမ်းမြောက်မှုများကို မဖုံးကွယ်နိုင်ကြဘဲ သူတို့၏မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေခဲ့ကြသည်။

မူလက ကျုံးချင်သည် သူတို့အတွက် လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်၍ မရနိုင်သော တည်ရှိမှု တစ်ခုဖြစ်ကာ အမြင့်ဆုံးသော ဒဏ္ဍာရီတစ်ခုပင်။

နတ်ဆိုးသခင်ဆိုသည့် သူ၏ဂုဏ်ပုဒ်မှာ တစ်ချိန်က မြောက်ပိုင်းဒေသ၏ အမြင့်ဆုံးဘုရင် တစ်ပါး ဖြစ်ခဲ့သည်။

ယနေ့ ပိုင်လင်း ပြသခဲ့သော အင်မော်တယ် တစ်ပါးအလား စွမ်းရည်များနှင့် ပေါင်းစပ်လိုက်ချိန်၌ သူတို့၏စိတ်နှလုံးသားထဲရှိ ကျုံးချင်၏ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်မှာ ပို၍ပင် ကြီးကျယ်ခမ်းနားလာခဲ့သည်။

အတွင်းရေးကို သိရှိသော လူများအားလုံးသည် ပိုင်လင်း၏လက်ရှိအောင်မြင်မှုများမှာ ကျုံးချင်ကြောင့်သာဖြစ်သည်ဟု အပြည့်အဝ ယုံကြည်ထားကြသည်။

နတ်ဆိုးသခင်အဖြစ် ကျုံးချင် ချန်ထားခဲ့သော အမွေအနှစ်ကြောင့်သာ ပိုင်လင်းသည် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် အလယ်အလတ်အဆင့်မှ ယန်သုံးပါးနယ်ပယ် တတိယအဆင့် အရှင်သခင်တစ်ဦးအဖြစ်သို့ တစ်ရက်တည်းဖြင့် တက်လှမ်းသွားနိုင်ခဲ့ခြင်း ဖြစ်ပေ၏။

သူမသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတစ်ဂူလုံးကိုလည်း တစ်ကိုယ်တော် ချေမှုန်းနိုင်ခဲ့ရာ ထိုစွမ်းဆောင်ရည်မှာ ဒဏ္ဍာရီလာ ပုံပြင်တစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။

ယခုချိန်၌ အင်မော်တယ်အရှင်ကို ပြန်လည်၍မြင်တွေ့ရချိန်တွင် မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် တခြားသူများထံတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့ကြ၏။

အရှင်၏နည်းလမ်းများမှာ အမှန်တကယ်ကို အစွန်းရောက်လောက်အောင် နားလည်၍ မရနိုင်ချေ။

နတ်ဆိုးသခင်၏ ဝါအရင့်ဆုံး နောက်လိုက်များ ဖြစ်ကြသော သူတို့ပင်လျှင် လူတစ်ယောက်ကို အင်မော်တယ်နီးပါး ဖြစ်စေနိုင်သော ဤကဲ့သို့ နည်းလမ်းမျိုးကို သူ ပိုင်ဆိုင်ထားကြောင်း မသိခဲ့ကြပေ။

လူများအားလုံးက ကျုံးချင်ကို အရှင်ဟု ခေါ်လိုက်သည်အား ကြားချိန်၌ ပိုင်လင်း၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူမ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သူမ လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်သွားပေ၏။

ကျုံးချင်သည် အရှေ့ပိုင်းဒေသရှိ ဒုတိယတန်းစား အင်အားစုတစ်စု၏ တောင်သခင်တစ်ဦး ဖြစ်သည်မှာ သိသာထင်ရှားနေသည့်တိုင် မည်သည်ကြောင့်... သူတို့၏အရှင်သခင် ဖြစ်နေရသနည်း...

ဤအရာက သူမ မည်သို့ပင် ကြည့်စေကာမူ သို့မဟုတ် မည်သို့ပင် တွေးစေကာမူ အဓိပ္ပာယ်မဲ့ပြီး ယုံကြည်နိုင်စရာ မရှိချေ။

မည်သို့ပင်ဆိုစေကာမူ အရှေ့ပိုင်းဒေသရှိ ဒုတိယတန်းစား အင်အားစုမှ တောင်သခင် တစ်ဦး၏ အဆင့်အတန်းနှင့် နတ်ဆိုးနန်းတော်၏အရှင်သခင်ဆိုသည့် အဆင့်အတန်းတို့မှာ လွန်စွာကွာခြားလှသည်။

ထိုကွာခြားချက်မှာ ကောင်းကင်နှင့်မြေပြင်အလား ဖြစ်သည်ဟုဆိုလျှင် ပုံကြီးချဲ့ရာ မရောက်ချေ။

ယခင်က ဤကဲ့သို့ ဆက်စပ်မှုကို သူမ တွေးမိခဲ့သော်လည်း ယုံကြည်နိုင်စရာ မရှိလွန်းသဖြင့် အလိုအလျောက် ပယ်ချခဲ့မိခြင်း ဖြစ်ပေ၏။

သို့သော် ယခုအချိန်တွင်မူ...

သူမကို အံ့အားသင့်မှင်တက်သွားစေခဲ့သည်မှာ သူမ၏ဆရာသည် အမှန်တကယ်ကိုပင် နတ်ဆိုးနန်းတော်နှင့် ရှုပ်ထွေးသော ဆက်နွယ်မှုများ ရှိနေခြင်းပင်။

သူမကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည်မှာ ဆရာသည် နတ်ဆိုးနန်းတော်နှင့် နက်ရှိုင်းစွာ ဆက်နွယ်နေရုံသာမက သူတို့၏အရှင်သခင်လည်း ဖြစ်နေခြင်းပင်။

"ဟူး..."

ပိုင်လင်း၏ရင်ဘတ် နိမ့်ချည်မြင့်ချည်ဖြစ်သွားပြီး သူမ၏မျက်နှာလေးပေါ်တွင် မှင်တက်နေကာ အနည်းငယ် ချစ်စရာကောင်းသော အမူအရာလေး ပေါ်လွင်နေခဲ့သည်။

"ဘာလဲ... ဆရာ့ကို မမှတ်မိတော့ဘူးလား..."

ကျုံးချင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရယ်မောရင်း သူမအား နောက်ပြောင်လိုက်သည်။

"မဟုတ်ပါဘူး..."

ပိုင်လင်းက သူမ၏ခေါင်းကို ခေါက်ယပ်တောင်အလား ခါယမ်းလိုက်ပြီးနောက် အံ့အားတသင့် ပြောဆိုလိုက်သည်။

"ဒီအဖြစ်အပျက်က... ဒါက... ယုံနိုင်စရာ မရှိလွန်းလို့ပါ...ဆရာ... ဆရာက ဒီလောက်ထိ အစွမ်းထက်တဲ့ အင်အားစုတစ်စုကို တည်ထောင်ထားလိမ့်မယ်လို့ တပည့် လုံးဝ ထင်မထားခဲ့ဘူး..."

"ဆရာ ဘယ်လိုလုပ်ခဲ့တာလဲ..."

သူမသည် ကျုံးချင်အနီးသို့ တိုးကပ်သွားမိသည်ကိုပင် မထိန်းချုပ်နိုင်ခဲ့ဘဲ သူမ၏ရတနာတစ်ပွင့်အလား စူးရှတောက်ပသော မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျုံးချင်သည် သူ၏ရှေ့ရှိ တပည့်ဖြစ်သူအား ကြည့်လိုက်ပြီး လေထဲတွင် ကျန်ရစ်နေသေးသော မိန်းမငယ်လေးတစ်ဦး၏ မွှေးပျံ့သော ရနံ့သင်းသင်းလေးကို ရှူရှိုက်လိုက်သည်။

သူသည် နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ခါးသီးစွာပြုံးလိုက်မိတော့သည်။

All Chapters