အမှန်တရားကို သိရှိခြင်း
Vol. 32 Ch. 314
နေရောင်ခြည်သည် သာယာနေခဲ့ကာ မြင်ကွင်း တစ်ခုလုံးတွင် ကြီးမားသော ဖျက်ဆီးမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသော်လည်း လူများအားလုံး၏စိတ်ဓာတ်များ တက်ကြွနေခဲ့ကြသည်။
နတ်ဆိုးနန်းတော်မှ အဖွဲ့ဝင်များအတွက်မူ နတ်ဆိုးနန်းတော်နှင့် ပူးပေါင်းကာ ကျုံးချင်နောက်သို့လိုက်ရန် သူတို့၏ ဆုံးဖြတ်ချက်မှာ အစပိုင်းက မလိုလားမှုမှ နက်ရှိုင်းသော ကျေးဇူးတင်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
အထူးသဖြင့် ကောင်းကင်နတ်ဘုရားတောင်ပင်။
သူတို့၏ အစပိုင်း ရွေးချယ်မှုအတွက် သူတို့ အလွန်အမင်း ကျေးဇူးတင်နေခဲ့ကြသည်။
အကယ်၍ သူတို့သာ နတ်ဆိုးနန်းတော်နှင့် မပူးပေါင်းခဲ့ပါက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ၏ ဆွဲချမှုကြောင့် ပျက်စီးခြင်း ချောက်ကမ်းပါးထဲသို့ ကျရောက်လုနီးပါး ဖြစ်သွားမည်မှာ သေချာပေ၏။
ယခုအချိန်၌ သူတို့သည် အန္တရာယ်မှ လွတ်မြောက်ခဲ့ရုံသာမက နတ်ဆိုးသခင်ကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းသော တည်ရှိမှုတစ်ခု၏ လက်အောက်တွင် အမှုထမ်းခွင့် ရခဲ့ပြီ ဖြစ်ရာ ဤသည်မှာ သူတို့၏အတိတ်ဘဝများမှ ကောင်းချီးတစ်ခုပင် ဖြစ်သည်ဟု ဆိုရပေမည်။
ကောင်းကင်နတ်ဘုရားတောင် အဖွဲ့ငယ်လေးသည် ကောင်းကင်နတ်ဘုရားတောင်၏ အတိတ်က ဂုဏ်ကျက်သရေများ ပျောက်ကွယ်သွားခြင်းကို ကိုယ်စားမပြုတော့ချေ။
ကျုံးချင်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အနာဂတ်၌ သမားရိုးကျ မဟုတ်သော နည်းလမ်းဖြင့် ဖြစ်စေကာမူ ထူးခြားသော ဂုဏ်ကျက်သရေ တစ်ခုကို ဖန်တီးနိုင်မည်ဟု အခိုင်အမာ ယုံကြည်နေခဲ့ကြ၏။
ဖြစ်နိုင်သည်မှာ အတိတ်က သူတို့၏ ဂုဏ်ကျက်သရေကိုပင် ကျော်လွန်သွားနိုင်သည်။
ပိုင်လင်းအတွက်ကမူ...
ယနေ့တွင် သူမ၏ကြီးမားသော လက်စားချေမှုကြီး အောင်မြင်ပြီးမြောက်သွားခဲ့လေပြီ။
ယခုအချိန်၌ ဆရာလည်း နံဘေးတွင် ရှိနေသဖြင့် သူမ ဝမ်းသာလွန်း၍ ခုန်ပေါက်မိလုမတတ် ပျော်ရွှင်နေခဲ့သည်။
သူမသည် ကျုံးချင်ကို တိတ်တဆိတ် အကဲခတ်လိုက်၏။
သူမ မည်သည့်နေရာမှ သတ္တိများရလာမှန်း မသိသော်လည်း အမြဲတစေ သီးသန့်နေတတ်သော သူမသည် အမှန်တကယ်ကို ကျုံးချင်၏နံဘေး၌ အနည်းငယ်နောက်ဆုတ်ကာ ကပ်လျက်မတ်တတ်ရပ်နေခဲ့သည်။ ကျုံးချင် စကားမပြောသည်ကို မြင်တွေ့ချိန်၌ သူမသည် မိန်းကလေးငယ်လေးတစ်ဦးအလား သူမ၏နူးညံသေးသွယ်သောလက်လေးဖြင့် ကျုံးချင်၏ လက်ကို ဆုပ်ကိုင်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည်လည်း ဝမ်းသာပျော်ရွှင်မှုများထဲတွင် နစ်မြောနေခဲ့သည်။ ဤသည်မှာ သူ့အတွက်လည်း ဂုဏ်ပြုထိုက်သော နေ့တစ်နေ့ပင်။
ဤတစ်ကြိမ်တွင် ပိုင်လင်း၏ကျင့်ကြံမှုမှာ များစွာ တိုးတက်လာခဲ့သည်။
ထို့ကြောင့် သူ၏အကျိုးအမြတ်များမှာလည်း လွန်စွာစိတ်ကျေနပ်ဖွယ် ကောင်းလှသည်။
သူ၏ကျင့်ကြံဆင့်သည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်မှ ဓမ္မသောင်းချီနယ်ပယ်သို့ မြင့်တက်သွားခဲ့လေပြီ။
ထိုမျှသာမက ဓမ္မသောင်းချီနယ်ပယ်အတွင်းတွင်လည်း သိသာထင်ရှားသော အတိုင်းအတာတစ်ခုအထိ တက်လှမ်းသွားခဲ့သည်။
ယခုအချိန်၌ သူသည် ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရပ်တည်နေလေပြီ။
ဓမ္မသောင်းချီနယ်ပယ်သို့ ရောက်ရှိပြီးနောက် အဆင့်တစ်ဆင့် တက်လှမ်းရန် လိုအပ်သော စွမ်းအားများမှာ လွန်စွာထိတ်လန့်ဖွယ် ကောင်းလှသည်။
ပိုင်လင်းသည် ယန်သုံးပါးနယ်ပယ်တွင် အဆင့်ငယ်တစ်ခု ချိုးဖျက်တိုင်း အဆတစ်သောင်းနှုန်းဖြင့် ပြန်လည်ရောက်ရှိစေသော စနစ်ကြောင့် ကျုံးချင်သည် ဓမ္မသောင်းချီနယ်ပယ်တွင် အဆင့်တစ်ဆင့်သာ ချိုးဖောက်နိုင်ခဲ့ပေ၏။
ထို့ကြောင့် အဆတစ်သောင်းနှုန်း ပြန်လည် ရရှိမှုဟု ဆိုသော်လည်း သူတို့နှစ်ဦးကြားတွင် အဆင့်ကြီးတစ်ခုသာ ကွာခြားနေသကဲ့သို့ ထင်ရသည်။
သို့သော် သူ၏တိုးတက်မှုသည် ကျင့်ကြံဆင့်နယ်ပယ်များ မြင့်မားလာလေလေ နယ်ပယ်များကြားရှိ ကွာဟချက်မှာ ကြီးမားလာလေလေ ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေခဲ့လေပြီ။
ထို့ကြောင့် ကျုံးချင်အတွက် ယနေ့သည် အမှန်တကယ် ကောင်းမွန်သော နေ့တစ်နေ့ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် စိတ်ပျက်စရာ ပြဿနာ တစ်ခုကိုလည်း သူ ရှာဖွေတွေ့ရှိခဲ့ပေသည်။
ထိုအရာမှာ ပိုင်လင်းမှလွဲ၍ သူ၏တခြားတပည့်များထံမှ အဆတစ်သောင်းနှုန်းဖြင့် ပြန်လည် ရရှိမှုများမှာ ပြောမပနိုင်လောက်အောင် နည်းပါးလွန်းနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့အကြားရှိ နယ်ပယ် ကွာဟချက်မှာ ချောက်ကမ်းပါးကြီး တစ်ခုအလား ဖြစ်နေသည်။
အဆတစ်သောင်းမျှ ကျုံ့သွားပြီးနောက်တွင်ပင် ဤချောက်ကမ်းပါးကြီးသည် ကြီးမားသော ကွာခြားချက်တစ်ခုကို ကိုယ်စားပြုနေဆဲ ဖြစ်ပေ၏။
ဤသည်က ကျုံးချင်ကို ခေါင်းကိုက်သွားစေခဲ့သည်။
သူ့တပည့်များ၏ ကျင့်ကြံမှုတိုးတက်နှုန်းမှာ သက်တုရွယ်တူများထက် များစွာသာလွန်နေပြီ ဖြစ်သော်လည်း သူ၏တိုးတက်မှုနှုန်းကို မမီနိုင်သေးချေ။
ပိုင်လင်းမှလွဲ၍ တခြားတပည့်များ၏ ကျင့်ကြံမှုကို မည်သို့ ထပ်မံ၍ မြှင့်တင်ပေးရမည်နည်း ဆိုသည်မှာလည်း ကျုံးချင် စဉ်းစားနေရသော ကိစ္စတစ်ခု ဖြစ်လာခဲ့ပေ၏။
သေချာသည်မှာ ဤအရာများက နောက်မှ စဉ်းစားရမည့် ကိစ္စများပင်။
ယခုအချိန်တွင် ကျုံးချင် အလုပ်ချင်ဆုံး အရာမှာ ပိုင်လင်း ဆုပ်ကိုင်ထားသော သူ၏လက်ကို မသိမသာ ပြန်ရုတ်သိမ်းရန်ပင်။
သူ ထိုသို့ တွေးလိုက်ပြီး ထိုအတိုင်းသာ လုပ်ဆောင်လိုက်သည်။
ကျုံးချင်က သူ၏လက်ကို ပြန်ရုတ်သိမ်းသွားချိန်၌ ပိုင်လင်း၏စိတ်နှလုံးသားထဲတွင် စိတ်ပျက်မှု အရိပ်အယောင်လေးတစ်ရပ် ဖြတ်ပြေးသွားပေ၏။
သို့သော် သူမက အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ဆရာကဲ့သို့ ထူးချွန်သော အမျိုးသားကို ဆွဲဆောင်မှုရှိသည့် မိန်းကလေးအမြောက်အများက တပ်မက်နေကြပေမည်။
သန့်ရှင်းစင်ကြယ်ပြီး ဆန့်ကျင်ဘက်လိင်များနှင့် အကွာအဝေးတစ်ခု ထားရှိခြင်းသည် သူ၏တပည့်များဖြင့်ပင် ချွင်းချက်မဟုတ်သဖြင့် ဆရာ၏သမာဓိ အလွန်ခိုင်မာသည်ကို သက်သေပြနေခြင်းပင်။
ငါ ဝမ်းသာသင့်တာပေါ့... ဘာလို့ စိတ်ပျက်နေရမှာလဲ...
ထိုသို့ တွေးတောလိုက်ပြီးနောက် ပိုင်လင်းမှာ ပြန်လည်၍ ပျော်ရွှင်လာခဲ့သည်။
သူမက အကြောင်းအရာဟောင်းကို ပြန်စလိုက်၏။
"ဆရာ... ဆရာ ကျွန်မကို မဖြေရသေးဘူးနော်..."
"ဒီအင်အားစုကို ဆရာ ဘယ်လို တည်ထောင်ခဲ့တာလဲ..."
ပိုင်လင်းက စူးစမ်းလိုစိတ် ပြင်းပြနေသော ကလေးငယ်တစ်ယောက်အလား မေးမြန်းလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနန်းတော်မှ အဖွဲ့ဝင်များသည် အံ့အားသင့်ဖွယ် ကောင်းလွန်းသည် မဟုတ်လော....
ဤသည်မှာ မြောက်ပိုင်းဒေသတစ်ခုလုံးကို အုပ်စိုးနိုင်စွမ်း ရှိသော အင်အားစုတစ်စုပင်။
ဤအမာခံအဖွဲ့ဖြင့် မြောက်ပိုင်းဒေသသို့ ဝင်ရောက်ပြီး တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်လာရေးမှာ အချည်းနှီးအိပ်မက်တစ်ခု မဟုတ်တော့ချေ။
ဤမေးခွန်းနှင့် ပတ်သက်၍ လက်ရှိနေရာတွင် ရှိနေသူများအနက် ကြက်ပေါက်စတစ်သည် ပြောပိုင်ခွင့်အရှိဆုံး ပုဂ္ဂိုလ်ပင်။
ကျုံးချင်၏ သစ္စာအရှိဆုံး လက်အောက်ငယ်သားအဖြစ် သူ့ကိုယ်သူ ဂုဏ်ယူနေသူ တစ်ယောက်အနေဖြင့် ဤကြွားလုံးထုတ်ခွင့်ကို သူ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
မျက်စိတစ်မှိတ်အတွင်း ကြက်ပေါက်စတစ်သည် ပိုင်လင်းထံသို့ အပြေးအလွှား ရောက်လာခဲ့ပေ၏။
သူက လျှို့ဝှက်ဆန်းကြယ်သော ဟန်ပန်ဖြင့် ပြောဆိုသည်။
"သခင်မလေး ပိုင်လင်း... ဒီမေးခွန်းနဲ့ ပတ်သက်တဲ့ သခင်မလေးရဲ့ သံသယတွေကို ဒီကြက်ပေါက်စတစ်က ဖြေပေးပါရစေ..."
"အင်း... အင်း..."
ပိုင်လင်းက သဘောတူလိုက်၏။
ထို့နောက် ကြက်ပေါက်စတစ်၏မျက်နှာအမူအယာ တည်ကြည်သွားပြီး သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"သခင်မလေး ပိုင်လင်း... နတ်ဆိုးနန်းတော်က သခင်မလေးအတွက် တည်ရှိနေတာပါ..."
"ငါ့အတွက်..."
ပိုင်လင်း မှင်တက်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ကြက်ပေါက်စတစ်က ရယ်မောလိုက်၏။
"သခင်မလေး ပိုင်လင်းက တော်တော်လေး သိချင်နေပြီမလား..."
"အစက မြောက်ဘက်အစွန်ဆုံးမှာ ရှိတဲ့ နတ်ဆိုးမြို့တော်က နှင်းလွင်ပြင်နေရာမှာ ဘာလို့ ထွက်ပေါ်လာရတာလဲ ဆိုတာကိုပေါ့..."
ထိုမေးခွန်းမှာ အမှန်တကယ်ကို ပိုင်လင်းအား အချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သော မေးခွန်းပင်။
ယခင်က သူမ ထိုကိစ္စကို စဉ်းစား၍ မရနိုင်ခဲ့ချေ။
သို့သော် ယခုအချိန်၌ ကြက်ပေါက်စတစ်သည် အတွင်းရေးကို သိနေပုံရပေ၏။
"ဘာလို့လဲဆိုတာ နင် သိလို့လား..."
သူမက အလျင်စလို မေးမြန်းလိုက်သည်။
"သေချာတာပေါ့..."
ကြက်ပေါက်စတစ်က တောင်ပံတစ်ဖက်ကို ဖြန့်ကာ သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။
"ဒီနတ်ဆိုးမြို့တော်ကို အရှင်က ငါတို့ကို ပြောင်းရွှေ့ဖို့ အမိန့်ပေးခဲ့တာလေ..."
"နတ်ဆိုးမြို့တော်က သခင်မလေးနဲ့ အရမ်းဝေးနေတော့ သခင်မလေး တောင်တွေ ရေတွေကို ဖြတ်ကျော်ပြီး ဒုက္ခခံရမှာကို သူ မကြည့်ရက်လို့တဲ့..."
"ဒါကြောင့် သူက နတ်ဆိုးမြို့တော်ကို မြောက်ဘက်အစွန်ဆုံးကနေ မိုင်ပေါင်းသောင်းချီ ဝေးတဲ့ နှင်းလွင်ပြင်ဆီကို ညတွင်းချင်း ပြောင်းရွှေ့ဖို့ အမိန့်ပေးခဲ့တာ... အဲဒီနေရာက သခင်မလေး ရှိနေတဲ့ နေရာနဲ့ နီးသွားတာပေါ့..."
"ဘာ..."
ဤသတင်းက ပိုင်လင်းအတွက် လွန်စွာထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။
မူလက သူမသည် အတားအဆီး သို့မဟုတ် အန္တရာယ် တစ်စုံတစ်ရာ မရှိဘဲ ရှေ့ဆက်နိုင်ရန်နှင့် အစစ်အမှန်နတ်ဆိုးအမွေအနှစ် ကို ရရှိကာ ရန်သူများကို ကိုယ်တိုင်သတ်ဖြတ်နိုင်ရန် သူမအား ကောင်းကင်ဘုံက မျက်နှာသာပေးခြင်းသာဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် လူ့ဘဝတွင် အရာဆယ်ခု၌ ကိုးခုသည် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာတတ်ချေ။
ငြိမ်းချမ်းသော နှစ်ကာလများ သို့မဟုတ် ကံကြမ္မာ၏ မျက်နှာသာပေးမှု ဆိုသည်မှာ မရှိခဲ့ချေ။ တစ်စုံတစ်ယောက်က သူမအတွက် လမ်းခင်းပေးကာ လမ်းခုလတ်ရှိ အတားအဆီး အားလုံးကို ဖယ်ရှားပေးနေခဲ့ခြင်းမှာ သိသာထင်ရှားလှသည်။
ဤအချိန်အခိုက်အတန့်တွင် အတိတ်က ဖြစ်ရပ်များကို သူမ မတွေးဘဲ မနေနိုင်တော့ချေ။
သူမ၏စိတ်နှလုံးသားထဲတွင် ဖိနှိပ်ထားခဲ့ရသော သံသယများအားလုံး ယခုအချိန်၌အဖြေထွက်ပေါ်လာခဲ့လေပြီ။
ကျုံးချင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း သူမ မည်သည်ကြောင့် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူထံမှ လုပ်ကြံမှုများကို လုံးဝနီးပါး မကြုံတွေ့ရတော့သနည်း....
အကယ်၍ သူမ ကြုံတွေ့ခဲ့ရလျှင်ပင် ယင်ကောင်ငယ်လေး နှစ်ကောင် သုံးကောင်မျှသာ ဖြစ်ခဲ့သည်။
သူမနှင့် အတူလိုက်ပါလာသော စာခြောက်ရုပ်သည် ကျုံးချင်က သူမအဖော်ရစေရန်နှင့် ဖျော်ဖြေပေးရန်အတွက် စီစဉ်ပေးခဲ့ခြင်းမျှသာ ဖြစ်သည်ဟု မူလက သူမ ထင်မှတ်ထားခဲ့ပေ၏။
သို့သော် ယခု သူမ ပြန်လည်၍ တွေးတောကြည့်ချိန်၌ ကိစ္စများသည် ထိုမျှထိ မရိုးရှင်းနိုင်ချေ။
သူမသည် မွေးရာပါ ဉာဏ်ရည်ထက်မြက်ပြီး အကဲခတ်ကောင်းသူတစ်ဦးပင်။
ယခင်က သူမ၏ ကြိုတင်တွေးထင်ထားမှုများကြောင့် ထိုဘက်သို့ မတွေးတောမိခဲ့ခြင်း ဖြစ်ပေ၏။
ယခုအချိန်၌ ကြက်ပေါက်စတစ်၏ ဖွင့်ဟပြောဆိုမှုနှင့် သဲလွန်စများကို ဆက်စပ်ကြည့်ပြီးနောက်တွင်မူ သူမ ချက်ချင်းဆိုသလိုပင် အတည်ပြုနိုင်ခဲ့လေပြီ။
ထိုစာခြောက်ရုပ်မှာ ဆရာက သူမ၏နံဘေးတွင် ထားရှိရန် စီစဉ်ခဲ့သော သက်တော်စောင့်တစ်ဦးပင်။
ထို့ပြင် သူမ အရှေ့ပိုင်းဒေသမှ မြောက်ပိုင်းဒေသသို့ ဘေးကင်းစွာ ခရီးသွားနိုင်ခဲ့ခြင်းနှင့် နောက်ဆုံးတွင် နတ်ဆိုးမြို့တော်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းအားလုံးမှာ ဆရာ၏ လျှို့ဝှက်ကာကွယ်ပေးမှုကြောင့်သာ ဖြစ်ပေ၏။
ဆရာက သူမအတွက် ဤမျှအထိ လုပ်ဆောင်ပေးခဲ့သည်ကို နားလည်သွားချိန်၌ ပိုင်လင်းသည် မျက်ရည်များကို မထိန်းနိုင်တော့ချေ။
"ဆရာ..."
ထိုအခိုက်အတန့်တွင် ကျုံးချင်အပေါ်ထားရှိသော သူမ၏ကျေးဇူးတင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် တစ်စုံတစ်ယောက်ကြောင့် မျက်ရည်ကျရလောက်အောင် ဝမ်းသာကြည်နူးရသည့် ခံစားချက်ကို ပိုင်လင်း ကြုံတွေ့လိုက်ရလေပြီ။