တပည့်မှာ ဘယ်လိုအရည်အချင်းနဲ့ ကုသိုလ်ကံတွေ ရှိလို့လဲ
Vol. 32 Ch. 315
သို့သော် ဤအရာများက သူမ၏ဆရာက သူမအတွက် လုပ်ပေးခဲ့သမျှ အရာအားလုံး မဟုတ်သေးချေ။
ကြက်ပေါက်စတစ်က နတ်ဆိုးနန်းတော် တည်ထောင်ခဲ့သည့်အကြောင်းကို ပြောပြချိန်၌ ဤအင်အားစုမှာ ဆရာက သူမအတွက် အတားအဆီးများကို ရှင်းလင်းပေးပြီးနောက် စုစည်းထားခဲ့သော အင်အားစုတစ်ခုဖြစ်ကြောင်း ဖွင့်ဟပြောဆိုလာခဲ့သည်။
ဤအချက်က ပိုင်လင်းကို စိတ်လှုပ်ရှားကာ ဝမ်းနည်းသွားစေခဲ့သည်။
သူမ၏မျက်လုံးများ နီရဲလာကာ ငိုရှိုက်ရင်း ပြောဆိုလိုက်၏။
"ဆရာ... တပည့်မှာ ဘယ်လို အရည်အချင်းနဲ့ ကုသိုလ်ကံတွေ ရှိလို့ ဆရာ့ဆီက ဒီလောက် နက်ရှိုင်းတဲ့ မေတ္တာတွေကို ရရတာလဲ..."
ပြတ်တောက်သွားသော ပုလဲလုံးလေးများအလား မျက်ရည်များက သူမ၏မျက်နှာပေါ်သို့ စီးကျလာပြီး သူမသည် အထိန်းအကွပ်မဲ့စွာ ငိုကြွေးနေတော့သည်။
ကျုံးချင်သည် ဤကိစ္စများကို ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်မထားခဲ့သော်လည်း ကြက်ပေါက်စတစ်က စကားလွန်သွားခဲ့သည်။ သူသည် ကြက်ပေါက်စတစ်အား မျက်စောင်းတစ်ချက် မထိုးဘဲ မနေနိုင်ခဲ့ချေ။ ထို့နောက် သူ၏ အကြည့်ကို ပိုင်လင်းထံသို့ ပြန်လှည့်လိုက်၏။
ကျုံးချင်က သူမအား နှစ်သိမ့်လိုက်သည်။
"တပည့်... မင်းနဲ့ငါ့ကြားမှာ ဆရာတပည့် ရေစက် ပါလာတယ်ဆိုတာကို ဆရာက အစောကြီးကတည်းက မြင်ခဲ့ပြီးသားပါ... ဒီကိစ္စတွေက သေးငယ်တဲ့ ကိစ္စလေးတွေလေ... ဘာလို့ ကလေးမလေးတစ်ယောက်လို ငိုယိုနေတာလဲ..."
သူသည် ပိုင်လင်းအတွက် ကြီးကြီးမားမား လုပ်ပေးခဲ့သည်ဟု အမှန်တကယ်ကို မခံစားရချေ။
ထိုအရာများမှာ ပြောပရန်ပင် မထိုက်တန်သော သေးငယ်သည့် ကိစ္စလေးများသာ ဖြစ်ပေ၏။
သို့သော် ကျုံးချင်က ထိုသို့ ပြုမူလေလေ ပိုင်လင်းသည် ပို၍နက်ရှိုင်းစွာ ခံစားရလေလေပင်။
ဤလောကတွင် သေဆုံးသွားခဲ့ပြီဖြစ်သော သူမ၏ မိသားစုဝင်များမှလွဲ၍ ဆရာ တစ်ယောက်တည်းကသာ သူမအပေါ် ဤမျှထိ စစ်မှန်သော မေတ္တာဖြင့် ဆက်ဆံခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့သော မေတ္တာတရားမျိုးကို သူမ မည်သို့ ပြန်လည်ပေးဆပ်နိုင်မည်နည်း။
အချိန်တခဏအတွင်း သူမကို စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားပြီး အထိန်းအကွပ်မဲ့စွာ ငိုကြွေးနေတော့သည်။
ကျုံးချင်မှာ အနေရခက်သွားပေ၏။
မိန်းမများကို ရေဖြင့် ဖန်ဆင်းထားသည်ဟု သူ ကြားဖူးခဲ့သော်လည်း ယခုမှသာ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရခြင်း ဖြစ်သည်။
သေချာသည်မှာ ကျုံးချင်သည် ဤအသိတရားမျိုးကို မရလိုခဲ့ချေ။
သူ့ထံတွင် အမျိုးသမီးများကို ချော့မော့ရာ၌ အတွေ့အကြုံ လုံးဝမရှိခဲ့ပေ။
နောက်ဆုံးတွင် သူသည် အချိုးမကျစွာဖြင့် နှစ်သိမ့်စကား အနည်းငယ်မျှသာ ပြောနိုင်ခဲ့ပြီး သူမ၏ထိန်းချုပ်မရသော စိတ်ခံစားမှုများကို ဖြည်းညင်းစွာ ငြိမ်သက်သွားစေခဲ့သည်။
နေမင်းကြီးက အနောက်ဘက်သို့ ဝင်ရောက်သွားခဲ့လေပြီ။
ကြွင်းကျန်နေသော နေရောင်ခြည်များက မိုးကောင်းကင်ယံတစ်ခြမ်းကို လင်းထိန်နေစေသည်။
ရွှေရောင်နေဝင်ဆည်းဆာ အလင်းတန်းများက ပိုင်လင်းပေါ်သို့ ကျဆင်းနေပေ၏။
ဤသည်က သူမ၏ဆွဲဆောင်မှုရှိသော နူးညံ့သိမ်မွေ့မှုကို ပို၍ပေါ်လွင်စေခဲ့သည်။
သူမက စိတ်ကို ပြန်လည်၍ တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ထို့နောက် သူမက နီရဲနေသော မျက်လုံးများဖြင့် ကျုံးချင်အား ကြည့်ကာ မေးမြန်းလိုက်သည်။
"ဆရာ... ဆရာက ကျွန်မရဲ့ အဆိုးဆုံး အခြေအနေကို မြင်ပြီးသွားပြီ... ကျွန်မနဲ့အတူ လမ်းလျှောက်ပေးဖို့ စိတ်မရှိဘူးမလား..."
ယခုအချိန်၌ ပိုင်လင်းသည် ကျုံးချင်၏ တန်ဖိုးထားရသော တပည့်လေးတစ်ဦး ဖြစ်နေလေပြီ။
ထိုကြောင့် သူသည် ဤကဲ့သို့ တောင်းဆိုမှုကို ငြင်းဆန်မည် မဟုတ်ချေ။
ထို့အပြင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည်။
သူတို့အကြားတွင် အမှန်တကယ်ကို စကားကောင်းကောင်းပြောရန်နှင့် ဆရာတပည့် သံယောဇဉ်ကို ပို၍နက်ရှိုင်းစေရန် လိုအပ်နေခဲ့သည်။
ပိုင်လင်းက ရှေ့မှလျှောက်သွားပြီး ကျုံးချင်က နောက်မှ လိုက်သွားခဲ့သည်။
သူတို့ နှစ်ဦးသည် နတ်ဆိုးနန်းတော်မှ လူများကို နှုတ်ဆက်ကာ တောင်ပေါ်သစ်တောများထဲသို့ လျှောက်လှမ်းလာခဲ့ကြ၏။
အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး...
အမျိုးသားသည် နူးညံ့သိမ်မွေ့ပြီး ခန့်ညားလှကာ သူ၏အဖြူရောင်ဝတ်ရုံက လေထဲတွင် လွင့်မျောနေပြီး လောကီလောကသို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးအလား သာမန်ထက်သာလွန်ထူးကဲကာ သန့်စင်နေခဲ့သည်။
အမျိုးသမီးကမူ သွယ်လျပြီး လှပကာ ကျက်သရေရှိပြီး ဆွဲဆောင်မှု ရှိလှ၍ သနားစရာ ကောင်းလောက်အောင် နုနယ်သော ခန္ဓာကိုယ်လေး ရှိနေသည်။
ချောမောသော အမျိုးသားနှင့် လှပသော အမျိုးသမီးတို့၏ပေါင်းစပ်မှုမှာ ဆရာတပည့်ပုံစံနှင့် သိပ်မတူလှချေ။
ထိုအစား သူတို့သည် စုံတွဲတစ်တွဲနှင့် ပို၍တူညီနေသည်။
သူတို့၏ပုံရိပ်များသည် နတ်ဆိုးမြို့တော်တွင် လှပသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့ပေ၏။
...
သူတို့နှစ်ယောက်သား စကားပြောဆိုနေစဉ်တွင် နတ်ဆိုးမြို့တော်သို့ ဝင်ရောက်လာခဲ့ကြသော ဂိုဏ်းများ လေလွင့်ကျင့်ကြံသူများနှင့် ထိပ်သီးမိသားစုများ ထွက်ခွာသွားခဲ့သည်။ ဤကိစ္စနှင့်အတူ နတ်ဆိုးမြို့တော်ရှိ ဖြစ်ရပ်များက ပျံ့နှံ့သွားခဲ့ပြီး မြောက်ပိုင်းဒေသတစ်ခုလုံး ဆူညံပွက်လောရိုက်သွားမည်ကို သူတို့ မသိခဲ့ကြချေ။
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း....
မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုကြီး လေးစုအနက်မှတစ်စု ဖြစ်သဖြင့်...
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းသည် အမြဲတစေ သီးသန့်နေထိုင်လေ့ရှိသည်။
သူတို့ကို လှုပ်ရှားစေနိုင်သော လူများ သို့မဟုတ် ဖြစ်ရပ်များမှာ အလွန်ရှားပါးလှသည်။
သို့သော် ယနေ့တွင်မူ ဂိုဏ်းတစ်ဂိုဏ်းလုံး ဆူညံပွက်လောရိုက်နေလေပြီ။
လူများအားလုံး ထိတ်လန့်တုန်လှုပ်နေခဲ့ကြ၏။
အကြောင်းအရင်းမှာ ဂိုဏ်းအတွင်းရှိ နတ်ဘုရားဓားတောင်ထိပ်၏ တောင်သခင်ဖြစ်သော ဟောက်ချန်၏ အသက်ဝိညာဉ်တံဆိပ်ပြား ပြိုကွဲသွားသောကြောင့်ပင်။
ဟောက်ချန်တစ်ယောက်တည်းသာမက သူနှင့်အတူ နတ်ဆိုးမြို့တော်သို့ လိုက်ပါသွားခဲ့သော အကြီးအကဲများနှင့် အဆင့်မြင့် အရာရှိများ အားလုံးလည်း သေဆုံးသွားခဲ့လေပြီ။
ဟောက်ချန်သည် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အရေးကြီးသော နေရာတစ်ခု၌ ရှိနေသည့် ယန်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။
သူနှင့် အဆင့်မြင့်အဖွဲ့ဝင်များ၏ သေဆုံးမှုမှာ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း အတွက် အကြီးအကျယ် ပျက်စီးသွားစေသော သို့မဟုတ် ခံနိုင်ရည် မရှိသော ထိုးနှက်ချက်မျိုး မဟုတ်သော်လည်း သူတို့၏စိတ်နှလုံးသားကို နာကျင်စေခဲ့သည်မှာ အမှန်ပင်။
ဂိုဏ်းချုပ်က ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များ အစည်းအဝေးကို ချက်ချင်းခေါ်ယူလိုက်သည်။
ပျံသန်းခြင်းအင်မော်တယ် ခန်းမ..
နောက်ဆုံး ဂိုဏ်းအစည်းအဝေးကို လွန်ခဲ့သော တစ်လကျော်ခန့်က ကျင်းပခဲ့ခြင်း ဖြစ်ပေ၏။
ထိုအချိန်က နတ်ဆိုးမြို့တော် ပေါ်ထွက်လာမှုကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
လူအများသည် အစစ်အမှန်နတ်ဆိုးအမွေအနှစ်အတွက် နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ရန် ဂိုဏ်းတစ်ဂိုဏ်းလုံး၏အင်အားကို စုစည်းမည်ဟု ဆွေးနွေးခဲ့ကြသည်။
သို့သော် မဟာအကြီးအကဲယွဲ့ကျီ၏ ဝင်ရောက် စွက်ဖက်မှုကြောင့် အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ယှဉ်ပြိုင်လုယူရန် တောင်းဆိုမှုများကို ဖိနှိပ်ထားနိုင်ခဲ့သည်။
နတ်ဘုရားဓားတောင်ထိပ်၏ တောင်သခင် ဖြစ်သော ဟောက်ချန်တစ်ဦးတည်းကသာ ကံကြမ္မာကို မယုံကြည်ဘဲ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ယှဉ်ပြိုင်လုယူရန် သူ၏နတ်ဘုရားဓားတောင်ထိပ်တစ်ခုလုံးကို ဦးဆောင်သွားခဲ့ခြင်း ဖြစ်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ခန်းမကြီးထဲ၌ ဆွေးနွေးငြင်းခုံသံများဖြင့် ပြည့်နှက်နေခဲ့သည်။
တရားစီရင်ရေးခန်းမမှ အကြီးအကဲ တစ်ဦးက ခက်ထန်သောမျက်နှာ သြဇာပါသော အသံဖြင့် ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်... ဟောက်ချန်က ငါတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းရဲ့ နတ်ဘုရားဓားတောင်သခင်ပါ... သူ အလကား သေသွားလို့ မဖြစ်ဘူး... တကယ်လို့ ငါတို့ ဘာမှ မလုပ်ဘူးဆိုရင် လူတွေက ငါတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းကို အားနည်းပြီး အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်သွားကြမှာပေါ့... စုံစမ်းစစ်ဆေးပြီး တရားခံအစစ်ကို သေချာပေါက် ရှာဖွေရမယ်... တရားခံအစစ်ကို ဖမ်းဆီးပါ... တောင်သခင် ဟောက်ချန်ရဲ့ ကောင်းကင်ဘုံက ဝိညာဉ်ကို နှစ်သိမ့်ပေးဖို့နဲ့ ငါတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းရဲ့ စိန်ခေါ်လို့ မရတဲ့ ဂုဏ်သိက္ခာကို ပြသရတယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူအများ၏ထောက်ခံသံများကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့သည်။
နေ့စဉ်ဘဝတွင် ဂိုဏ်းအတွင်း၌ ဟောက်ချန်၏ နာမည်ကောင်း မရှိခဲ့သော်လည်း သူသည် အသက်ရှင်စဉ်က ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏လူတစ်ယောက် ဖြစ်သလို သေဆုံးသွားသောအချိန်တွင်လည်း ဂိုဏ်း၏သရဲတစ္ဆေ တစ်ကောင်ဖြစ်သည်။
တစ်စုံတစ်ယောက်က ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ လူတစ်ယောက်ကို အနိုင်ကျင့်ခဲ့မည်ဆိုလျှင် လူတိုင်းက သဘောတူမည် မဟုတ်ချေ။ သူ့ကို သတ်ဖြတ်ခြင်းမှာမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူတို့၏အမြင်အရ ဤသည်မှာ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းကို ပေါ်ပေါ်ထင်ထင် ရန်စခြင်းနှင့် ပို၍တူညီနေပေ၏။
သူတို့၏ဂိုဏ်းမှ တောင်သခင်တစ်ယောက်ကို တစ်စုံတစ်ယောက်က သတ်ဖြတ်သွားခဲ့သည်။
ထိုကိစ္စကို သူတို့ မစုံစမ်းဘဲ နေမည်ဆိုလျှင် ထိပ်သီးအင်အားစုကြီးတစ်စု၏ ဂုဏ်သတင်းနှင့်ဂုဏ်သိက္ခာကို အမှန်တကယ် အရှက်ရစေပေမည်။
ထို့ကြောင့် သူတို့ အားလုံး ဒေါသထွက်ကာ စိတ်လှုပ်ရှားနေကြသည်။
ခန်းမကြီးထဲရှိ ပလ္လင်ပေါ်တွင် ထိုင်နေသော ဂိုဏ်းချုပ်ယွဲ့နန်ထျန်းသည် လူတိုင်း၏စကားများကို ကြားပြီးနောက် ပတ်ဝန်းကျင်ကို သတိထားကာ ကြည့်လိုက်၏။
သူသည် ဂဏာမငြိမ် ဖြစ်နေသော လူအုပ်ကြီးကို အလျင်အမြန် ဖျောင်းဖျပြီး ပြောဆိုလိုက်သည်။
"အားလုံးပဲ... ဆုံးဖြတ်ချက် မချခင် ငါ ပြောတာကို နားထောင်ကြပါဦး... အခု အချိန်မနှောင်းသေးပါဘူး..."
ယွဲ့နန်ထျန်းသည် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းအတွင်းတွင် အလွန် မြင့်မားသော နေရာတစ်ခု၌ ရှိနေသည်။
သူ၏အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ယခင်က ဆူညံနေသော ပတ်ဝန်းကျင်သည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားပေ၏။
ထို့နောက် သူက သူ၏ရင်ဘတ်ကြားမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
ဤသည်မှာ ပုံရိပ်ယောင်ကျောက်တုံးတစ်ခုပင်။
ပုံရိပ်ယောင်ကျောက်တုံးတစ်ခုတွင် အသံနှင့် ရုပ်ပုံများကို ထုတ်လွှင့်ခြင်းနှင့် အသံကို ထိန်းသိမ်းထားနိုင်သော လုပ်ဆောင်ချက် ရှိသည်။
ထိုအရာမှာ သာမန် ပုံရိပ်ယောင်ကျောက်တုံးတစ်ခု၏ အဆင့်မြှင့်တင်ထားသော ပုံစံတစ်ခု ဖြစ်ပေ၏။
နတ်ဆိုးမြို့တော်၏ဖြစ်ရပ်များ ထွက်ပေါ်လာသည်နှင့်အမျှ ယခုအချိန်၌ မြောက်ပိုင်းဒေသရှိ ပုံရိပ်ယောင်ကျောက်တုံးများမှာ ရူးသွပ်လုမတတ် ရောင်းကောင်းနေခဲ့လေပြီ။
ဤပုံရိပ်ယောင်ကျောက်တုံးသည် ပိုင်လင်း ကျင့်ကြံခြင်းမှ ထွက်ပေါ်လာကာ အရပ်လေးမျက်နှာမှ လူများ၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံရပြီး နောက်ဆုံးတွင် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ ဖျက်ဆီးခံရချိန် အထိ လုပ်ငန်းစဉ် တစ်ခုလုံးကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပေ၏။
ယွဲ့နန်ထျန်းက သူ၏လက်ထဲရှိ ပုံရိပ်ယောင်ကျောက်တုံးကို အထက်သို့ ပစ်တင်လိုက်သည်။
ထို့နောက် သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် ထိုအရာကို အသက်သွင်းလိုက်၏။
နတ်ဆိုးမြို့တော်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဖုံးကွယ်ထားခြင်း မရှိဘဲ လူသူအများရှေ့တွင် ပြသလိုက်သည်။
ပိုင်လင်းက အစစ်အမှန်နတ်ဆိုးအမွေအနှစ် ကို ရရှိသွားကြောင်း သတင်းကို မြင်ကွင်းမှတစ်ဆင့် မြင်တွေ့ရချိန်၌ လူများအားလုံး အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒီမိန်းကလေး ပိုင်လင်းမှာ ဘိုးဘေးတွေဆီ ဦးလှည့်တဲ့ သွေးကြော ရှိပြီးတော့ နတ်ဆိုးသွေးမျိုးဆက်ကို နိုးကြားစေခဲ့တယ်လို့ ကောလာဟလတွေ ထွက်ခဲ့တယ်... သူမှာ ဒီလို အခွင့်အရေးမျိုး ရှိနေပြီးတော့ လူထောင်ပေါင်းများစွာထဲကနေ ထင်ပေါ်လာပြီး အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရရှိသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ကံမကောင်းစွာနဲ့ သူ့ရဲ့စွမ်းအားနဲ့ဆိုရင် ဒီလောက် တန်ဖိုးကြီးတဲ့ ရတနာကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
တစ်ချိန်တည်းမှာပင် လူများအားလုံးသည် နောက်ဆက်တွဲ ဖြစ်ရပ်များကို မျှော်လင့်နေကြ၏။
အစစ်အမှန်နတ်ဆိုးအမွေအနှစ်...
ယခင်က မြောက်ပိုင်းဒေသ၏ အစွမ်းထက်ဆုံး နတ်ဆိုးသခင် ချန်ထားရစ်ခဲ့သော အမွေအနှစ်ကို မည်သူက စိတ်မဝင်စားဘဲ နေမည်နည်း...
သို့သော် သူတို့သည် ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သော အခွင့်အရေးမျိုးကို ရရှိရန် ကံမပါကြောင်း သိထားကြသည်။
မည်သို့ပင်ဆိုစေကာမူ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့လေပြီ။
ဤကဲ့သို့ အထွတ်အထိပ်ရတနာမျိုးတွင် ပိုင်ရှင် ရှိနေပြီး ဖြစ်ပေမည်။
ဤအထွတ်အထိတ်ရတနာကို နောက်ဆုံးတွင် မည်သူ ရရှိသွားသနည်း ဆိုသည်မှာ သူတို့နှင့် သိပ်မသက်ဆိုင်လှချေ။
သူတို့အားလုံး အသိချင်ဆုံး အရာမှာ သူတို့၏ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ လူများကို မည်သူက သတ်ဖြတ်သွားသနည်း ဆိုသည့်အချက်ပင်။
အချိန်တခဏအတွင်း သူတို့အားလုံးသည် စိတ်ရှည်သည်းခံကာ စူးစမ်းလိုစိတ်များဖြင့် ဆက်လက်၍ ကြည့်ရှုနေကြသည်။
မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူမှလူများ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ လူများအားလုံး၏မျက်နှာအမူအယာများ အနည်းငယ် ပြောင်းလဲသွားပေ၏။
တစ်စုံတစ်ယောက်က သူ၏စိတ်ထဲမှ တွေးတောလိုက်သည်။
"ဒီမြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက နောက်ဆုံး အနိုင်ရရှိသူ ဖြစ်သွားတာများလား..."
သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်များက သူတို့ကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
ထို့နောက် ပိုင်လင်းနှင့် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူတို့ ရင်ဆိုင်တွေ့ဆုံသည်ကို လူများအားလုံး မြင်တွေ့လိုက်ရသည်
နှစ်ဖက်လုံး စကားတစ်ခွန်းမျှ မဆိုဘဲ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ခဲ့ကြသည်။
ပိုင်လင်းသည် ပထမအကြိမ် သတ်ဖြတ်ခြင်းခံလိုက်ရပေ၏။
ဤအချိန်အခိုက်အတန့်တွင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ လူများမှာ ထိုအချိန်က နံဘေးမှ ကြည့်နေခဲ့သူများနှင့် များစွာတူညီသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
ကြီးကျယ်ခမ်းနားသော အစစ်အမှန်နတ်ဆိုးအမွေအနှစ် လက်ခံရရှိသူမှာ ဤမျှထိ လွယ်ကူစွာ သေဆုံးသွားလိမ့်မည်ဟု...
သို့သော် ပိုင်လင်းသည် တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည်ရှင်သန်လာကာ သူမ၏စွမ်းအားများ မြင့်တက်လာချိန်၌ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းရှိ လူများအားလုံး ဂဏာငြိမ် ဖြစ်လာကြတော့သည်။