← Chapters

စိတ်ဝင်စားစရာကောင်းသော တည်ရှိမှု

Vol. 32 Ch. 317

စိတ်ဝင်စားစရာကောင်းသော တည်ရှိမှု

Vol. 32 Ch. 317

မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် အဆုံးမဲ့ လေကြမ်းများနှင့် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်နေချိန်၌ မြောက်ပိုင်းဒေသရှိ ဆူပူအုံကြွမှုများ၏ မြစ်ဖျားခံရာ ဖြစ်သော နတ်ဆိုးမြို့တော်မှာမူ လုံးလုံးလျားလျား တည်ငြိမ်အေးချမ်းကာ တိတ်ဆိတ်နေပေ၏။

တောင်ပေါ်တွင် မီးခိုးငွေ့လေးများ မိုးကောင်းကင်သို့ ပျံ့လွင့်နေခဲ့သည်။

ကျုံးချင်သည် မီးပုံဘေးတွင် ထိုင်ကာ အသားများကို ကင်နေပြီး ရံဖန်ရံခါ ပြင်းရှသော အရက်ကို တစ်ငုံသောက်လိုက်၏။

ပိုင်လင်းကမူ ထင်းများ ထပ်ထည့်ကာ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆီများကို ပြင်ဆင်ပေးရင်း ပြုံးနေသည်။

သူမ အမွေအနှစ်ကို ရရှိခဲ့သည်မှာ နှစ်ရက် ကြာမြင့်ခဲ့လေပြီ။

ထိုနှစ်ရက်အတွင်း ကျင့်ကြံခြင်းမှလွဲ၍ သူမ၏ အချိန်အားလုံးနီးပါးကို ဆရာနှင့်အတူ ဖြတ်သန်းခဲ့သည်။

သူမဆရာ၏ဘဝမှာ ရိုးရှင်းပြီး မြင့်မြတ်လှသော်လည်း သူနှင့် အတူရှိနေခြင်းက ဖော်ပြ၍ မရနိုင်သော ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ခံစားရစေပေ၏။

သူမသည် ထိုကဲ့သို့ နေ့ရက်များကို အမှန်တကယ် နှစ်သက်သဘောကျသည်။

တောင်တန်းများ အတွင်းတွင် အရိပ်များ လှုပ်ရှားနေခဲ့သည်။

ထိုလူများအားလုံး နတ်ဆိုးနန်းတော်မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

လူတချို့က ယခင် တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေး လုပ်နေကြပြီး တစ်ချိန်တည်းမှာပင် စစ်ပွဲမှ ရတနာများကိုလည်း ရှာဖွေနေကြ၏။

တခြားသူများကမူ သုံးယောက်တစ်စု ငါးယောက်တစ်စု စုဝေးကာ စကားပြောခြင်း အရက်သောက်ခြင်း ကြွားလုံးထုတ်ခြင်း နှင့် နောက်ပြောင်ခြင်းများ ပြုလုပ်နေကြသည်။

လူတချို့က သူတို့၏အတိတ်အကြောင်းကို ကြွားလုံးထုတ်ကြပြီး လူတချို့က ကျင့်ကြံခြင်းလမ်းစဉ်ရှိ သူတို့၏ အတွေ့အကြုံများကို ဆွေးနွေးကြကာ လူတချို့ကမူ သူတို့၏ အနာဂတ်ကို စိတ်ကူးယဉ်နေကြ၏။

တောင်ပေါ် လမ်းကျဉ်းလေးထက်တွင်...

နွားတစ်ကောင်နှင့် မြင်းတစ်ကောင်က ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ထိုသားရဲများမှာ တခြားမဟုတ်ဘဲ မိုးပြာနဂါးမြင်းနှင့်မြေကမ္ဘာနွားနတ်ဆိုးတို့ပင်။

စာခြောက်ရုပ်သည် မြင်းတစ်ကောင်ပေါ်ရှိ ရွှေဓားတစ်လက်အလား မြေကမ္ဘာနွားနတ်ဆိုးပေါ်တွင် ထိုင်ကာ တောင်တန်းများအကြား လှည့်လည်သွားလာနေခဲ့သည်။

ပိုင်လင်းက အဝေးမှနေ၍ ထိုအဖွဲ့ကို မြင်တွေ့ချိန်၌ သူတို့အား သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်ပြီး အော်ခေါ်လိုက်၏။

"စာခြောက်ရုပ်... ဒီဘက်မှာ..."

သူမ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပိုင်လင်း၏ခေါ်သံကြောင့် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့ ထိတ်လန့်သွားသည်။

ဤမိန်းကလေးသည် မကြာသေးမီက မည်သို့ သောင်းကျန်းခဲ့ပြီး မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူ တစ်ခုလုံးကို သူမ တစ်ယောက်တည်းဖြင့် မည်သို့ ချေမှုန်းပစ်ခဲ့ကြောင်းကို သူတို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားခဲ့ရပြီး ဖြစ်သည်။

ထိုအရာက သူတို့ကို ထိတ်လန့် တုန်လှုပ်မှုတစ်မျိုးကို ခံစားရစေပေ၏။

ဤမိန်းကလေး၏ တိုးတက်မှုအရှိန်အဟုန်သည် ဤမျှအထိ အံ့အားသင့်ဖွယ်ကောင်းပြီး ယုတ္တိမတန်သောအဆင့်သို့ ရောက်ရှိသွားနိုင်လိမ့်မည်ဟု နွားနှင့်မြင်းတို့က လုံးဝထင်မှတ်မထားခဲ့ကြချေ။

ပိုင်လင်းသည် တစ်နေ့နေ့တွင် မြောက်ပိုင်း နတ်ဆိုးလှိုဏ်ဂူကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့သော်လည်း ထိုနေ့က ဤမျှထိ မြန်ဆန်ကြမ်းတမ်းစွာ ရောက်လာလိမ့်မည်ဟု သူတို့ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြပေ။

တစ်ချိန်တည်းမှာပင် သူတို့ နှစ်ကောင်လုံးသည် ပိုင်လင်းကို အတတ်နိုင်ဆုံး ရှောင်ရှားရန် ကြိုးစားနေခဲ့ကြ၏။

ပိုင်လင်းသည် သူတို့၏မူလပုံရိပ်များကို မှတ်မိသွားပြီး ဒေါသအလျောက် သူတို့ကိုလည်း သုတ်သင်ရှင်းလင်းပစ်မည်ကို ကြောက်ရွံ့နေခဲ့ကြသည်။

ယနေ့တွင် သခင်စာခြောက်ရုပ် က သူတို့ကို ရှာတွေ့သွားပြီး လမ်းလျှောက်ထွက်ရန် မြင်းစီးချိန်၌ သူတို့ မငြင်းရဲခဲ့ကြချေ။

သူတို့ လမ်းလျှောက်ထွက်လာရင်း ဤမိန်းကလေး၏ရှေ့သို့ တိုက်ရိုက်ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြပေ။

နွားနှင့်မြင်းတို့သည် တစ်ကောင်နှင့်တစ်ကောင် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ စိတ်နှလုံးသားများ ဖော်ပြ၍မရနိုင်လောက်အောင် လေးလံသွားခဲ့သည်။

သို့သော် သူတို့သည် အချိန်မဆွဲရဲဘဲ ပိုင်လင်း၏ ရှေ့သို့ အလျင်အမြန် ပြေးသွားခဲ့ကြသည်။

စာခြောက်ရုပ်က နွားပေါ်မှ ဆင်းလာပြီး ကျုံးချင်၏နောက်တွင် တောင့်တင်းစွာ မတ်တတ်ရပ်လိုက်၏။

ပိုင်လင်းကမူ မတ်တတ်ရပ်လိုက်ပြီး စာခြောက်ရုပ်၏ ခန္ဓာကိုယ်ပေါ်ရှိ အမှိုက်စများနှင့် ဖုန်မှုန့်များကို ရှင်းလင်းပေးရင်း ညင်သာသော အသံဖြင့် မေးလိုက်သည်။

"စာခြောက်ရုပ်... နင် ဒီအချိန်အတောအတွင်းမှာ ဘယ်တွေ ရောက်နေတာလဲ..."

ယခုအချိန်တွင် နတ်ဆိုးမြို့တော်သို့ သူမ ချောမွေ့စွာ ရောက်ရှိလာနိုင်ရန်အတွက် စာခြောက်ရုပ်၏ ကာကွယ်မှုမှာ မရှိမဖြစ် လိုအပ်ခဲ့ကြောင်း သူမ သိနေလေပြီ။

ထို့ကြောင့် သူမသည် စာခြောက်ရုပ်အပေါ် လွန်စွာကျေးဇူးတင်နေခဲ့သည်။

သို့သော် ပိုင်လင်း၏မေးခွန်းကို ရင်ဆိုင်ရချိန်တွင် စာခြောက်ရုပ်မှာ သစ်တုံး တစ်တုံးအလား တိတ်ဆိတ်နေခဲ့သည်။

သူသည် နေရာတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေရုံသာ ဖြစ်ပေ၏။

စာခြောက်ရုပ်နှင့် အချိန်အတော်ကြာ အတူနေခဲ့ဖူးသဖြင့် ဤကောင်နှင့် စကားဖြင့် ဆက်သွယ်ရန် လွန်စွာခက်ခဲကြောင်း ပိုင်လင်းလည်း သိထားသည်။

သူမက ကျုံးချင်ဘက်သို့လှည့်ကာ မေးမြန်းလိုက်၏။

"ဆရာ... ဒီစာခြောက်ရုပ်ရဲ့ ဇစ်မြစ်က အတိအကျ ဘာလဲဟင်..."

စာခြောက်ရုပ်၏ဇစ်မြစ်နှင့် ပတ်သက်၍ သူမ လွန်စွာစူးစမ်းချင်နေခဲ့သည်။

သူ ပေးသော ခံစားချက်မှာ သူ့တွင် အသက်ရှိသည်ဟု ဆိုသည့်တိုင် အစမှအဆုံးထိအောင် ခံစားချက်မဲ့နေသော သစ်တုံးတစ်တုံးနှင့် တူညီနေသည်။

သူ့တွင် အသက်မရှိဘူးဟု ဆိုလျှင်လည်း ကျုံးချင်၏အမိန့်များကို လိုက်နာနိုင်ပြီး သူမကို ခရီးစဉ် တစ်လျှောက်လုံး လုံခြုံစွာ လိုက်ပါပို့ဆောင်ပေးနိုင်ခဲ့သည်။

ကျုံးချင်က အရက်ကို ဖြည်းညင်းစွာ တစ်ငုံ သောက်လိုက်၏။

ထို့နောက် သူက တည်ငြိမ်စွာ ပြောဆိုသည်။

"သူ့ရဲ့ဇစ်မြစ်ကို ဆရာလည်း သိပ်မရှင်းဘူး..."

စာခြောက်ရုပ်မှာ စနစ်၏ဆုလာဘ် တစ်ခုပင်။

စနစ်၏ဆုလာဘ်များတွင် ကျုံးချင် ယနေ့တိုင် အပြည့်အဝ နားမလည်သေးသော ထူးဆန်းပြီး ဆန်းကြယ်သည့် အရာများစွာ ပါဝင်နေသည်။

သေချာသည်မှာ ထိုအရာများတွင် စာခြောက်ရုပ်လည်း ပါဝင်နေပေ၏။

ပိုင်လင်းက သူမ၏ခေါင်းလေးကို စောင်းကာ စာခြောက်ရုပ်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်စွာဖြင့် ကြည့်လိုက်သည်။

ဤကောင်သည် အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်လှသည် မဟုတ်ပါလော...

ဆရာပင်လျှင် သူ၏ဇစ်မြစ်အတိအကျကို မသိခဲ့ပေ။

သို့သော် သူမ၏ အာရုံစိုက်မှုက နွားနှင့် မြင်းတို့ထံသို့ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။

"မိုးပြာနဂါးမြင်း... မြေကမ္ဘာနွားနတ်ဆိုး... နင်တို့ နှစ်ကောင်က ငါ့ရှေ့မှာ ရုပ်ဖျက်ထားတာ တော်တော် သပ်ရပ်တာပဲ..."

ယခင်က ပိုင်လင်းသည် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ်တွင်သာ ရှိနေခဲ့ပြီး ကိစ္စများစွာကို နားမလည်နိုင်ခဲ့ချေ။

သို့သော် ယခုအချိန်၌ သူမသည် ယန်သုံးပါးနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤနွားနှင့်မြင်းတို့၏ ကျင့်ကြံမှုကို တိုက်ရိုက် မြင်တွေ့နိုင်ခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ဤနှစ်ကောင်သည် အပြာရောင်နတ်ဆိုးတမန်တော်နှစ်ပါး ဖြစ်ကြောင်းကိုလည်း သူမ သိရှိသွားခဲ့သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နွားနှင့်မြင်းတို့၏စိတ်နှလုံးသားများ တုန်ရီသွားပေ၏။

သူတို့က ချက်ချင်းဆိုသလိုပင် ဒူးထောက်လိုက်ကြသည်။

မြေကမ္ဘာနွားနတ်ဆိုးက ကြောက်ရွံ့စွာဖြင့် ပြောဆိုသည်။

"သခင်မလေး ပိုင်လင်း... ကျွန်တော်တို့ ညီအစ်ကိုတွေက သခင်မလေးကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့တာ မဟုတ်ပါဘူး..."

"အပြာရောင်နတ်ဆိုးတမန်တော်ဆိုတဲ့ ဂုဏ်ပုဒ်က ကျွန်တော်တို့ ညီအစ်ကိုတွေကို အကြီးအကျယ် ရှက်ရွံ့စေလို့ပါ..."

"အခု ကျွန်တော်တို့ ညီအစ်ကိုတွေက အမှောင်ထုကို စွန့်ခွာပြီး အလင်းရောင်ဆီကို ကူးပြောင်းလာခဲ့ပါပြီ... သခင်မလေးအတွက် နွားတစ်ကောင် မြင်းတစ်ကောင်အနေနဲ့ အလုပ်အကျွေး ပြုချင်ရုံ သက်သက်ပါ..."

"သခင်မလေး... ကျွန်တော်တို့ကို အခွင့်အရေးလေး တစ်ခုလောက် ပေးပါ..."

သူတို့၏ ကြောက်ရွံ့ခြင်း ဂဏာမငြိမ်ဖြစ်ခြင်းနှင့် သနားစရာ ကောင်းသော အမူအရာများကို မြင်သောအခါ ပိုင်လင်းမှာ ရယ်ချင်စိတ်ကို အောင့်မထားနိုင်ခဲ့ချေ။

ဤသားရဲနှစ်ကောင်မှာ တစ်ချိန်က နတ်ဆိုးတမန်တော်နှစ်ပါး ဖြစ်ခဲ့သော်လည်း ပိုင်မော့ ကို မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူက ဝိုင်းဝန်း တိုက်ခိုက်ချိန်တွင် သူတို့ အမှန်တကယ် ပါဝင်ခဲ့ခြင်း မရှိပေ။

ထို့ပြင် သူတို့သည် ယခင်က သူမကို တောင်များ မြစ်များကို ဖြတ်ကျော်ကာ သယ်ဆောင်လာခဲ့ကြ၏။ သူတို့ထံတွင် အကျိုးဆောင်မှု မရှိလျှင်ပင် ဒုက္ခခံခဲ့ကြသည်မှာ သေချာပေသည်။

ပိုင်လင်းသည် သူတို့အပေါ် အငြိုးထားမည် မဟုတ်ချေ။

"ကောင်းပြီလေ... နင်တို့ နှစ်ကောင်က ဘယ်လောက်တောင် သတ္တိကြောင်လိုက်လဲ..."

"ငါက နင်တို့ကို အပြစ်မတင်ပါဘူး..."

"နင်တို့က ငါ့အတွက် နွားတစ်ကောင် မြင်းတစ်ကောင်အနေနဲ့ အလုပ်အကျွေး ပြုချင်တယ်ဆိုတော့ အခုကစပြီး ငါ့ရဲ့အမိန့်တွေကို နာခံရမယ်..."

"ဟုတ်ကဲ့ပါ သခင်မလေး...ဒီလို အခွင့်အရေး ပေးတဲ့အတွက် သခင်မလေးကို ကျေးဇူးတင်ပါတယ်..."

ပိုင်လင်းတွင် သူတို့ကို သတ်ရန် ရည်ရွယ်ချက် မရှိကြောင်း ကြားချိန်၌ မိုးပြာနဂါးမြင်းနှင့် မြေကမ္ဘာနွားနတ်ဆိုးတို့သည် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်နိုင်ကြ၏။

သူတို့အပေါ် ဖုံးလွှမ်းနေသော စိုးရိမ်ပူပန်မှုများမှာ နောက်ဆုံးတွင် လွင့်စင်သွားခဲ့လေပြီ။

တစ်စုံတစ်ယောက်၏ စီးတော်ယာဉ် ဖြစ်ရခြင်းဆိုသည့် သေးငယ်သော ကိစ္စနှင့် ပတ်သက်၍မူ နွားနှင့်မြင်းတို့က လုံးဝ ဂရုမစိုက်ကြချေ။

အသက်ရှင်ရခြင်းက လွန်စွာလှပပေ၏။ အသက်ရှင်သန်နိုင်သရွေ့ စီးတော်ယာဉ် ဖြစ်ရခြင်းမှာ ဘာများ မှားနေသနည်း....

ထို့အပြင် ပိုင်လင်း၏လက်ရှိစွမ်အားမှာ လွန်စွာ ကြီးမားနေပြီး သူမ၏ အလားအလာမှာလည်း အလွန် မြင့်မားလှရာ သူမတွင် ကောင်းကင်ဧကရာဇ် တစ်ပါး၏အရှိန်အဝါ ရှိနေသည်ဟု ဆိုလျှင် ပုံကြီးချဲ့ရာ မရောက်ချေ။

အကယ်၍ သူမသာ ကောင်းကင်ဧကရာဇ်၏ တာအိုကို အမှန်တကယ် ရရှိနိုင်မည်ဆိုပါက...

စီးတော်ယာဉ်တစ်ကောင်အနေဖြင့်ပင် သူတို့၏ အဆင့်အတန်းမှာ မယုံနိုင်လောက်အောင် မြင့်မားလာပေမည်။

ဖြစ်နိုင်သည်မှာ ယနေ့ သူတို့၏ဆုံးဖြတ်ချက်က သူတို့၏ အနာဂတ် ကံကြမ္မာပင် ဖြစ်လာနိုင်သည်။

နွားနှင့် မြင်းတို့သည် အလွန်အကျိုးသင့်အကြောင်းသင့် ပြုမူတတ်ကြသည်။

သေချာသည်မှာ သူတို့ ဤကဲ့သို့ ပြုမူရခြင်း၏ အကြောင်းအရင်းမှာ ယခင်က စာခြောက်ရုပ် ထည့်သွင်းထားခဲ့သော ကျေးကျွန်အမှတ်အသား၏ သွယ်ဝိုက်သော လွှမ်းမိုးမှုကြောင့်လည်း ဖြစ်ပေ၏။

နွားနှင့် မြင်းတို့ကို လက်ခံပြီးနောက် ပိုင်လင်း၏ မူလက ကောင်းမွန်နေသော စိတ်အခြေအနေမှာ ပို၍ပင်ပျော်ရွှင်သွားခဲ့သည်။

"ကောင်းပြီ... နင်တို့ အခု ထွက်သွားလို့ ရပြီ...နောက်ပိုင်း ကိစ္စတစ်ခုခု ပေါ်လာရင် နင်တို့ကို ခေါ်လိုက်မယ်..."

"ဟုတ်ကဲ့ပါ သခင်မလေး..."

နွားနှင့်မြင်းတို့သည် ရိုသေလေးစားစွာ ဆုတ်ခွာသွားကြ၏။

စာခြောက်ရုပ်ကလည်း သူတို့နှင့်အတူ ထွက်သွားခဲ့သည်။

မြေကွက်လပ်ထဲတွင် ကျုံးချင်နှင့် ပိုင်လင်းတို့ နှစ်ဦးသာ ထပ်မံ၍ ကျန်ရစ်ခဲ့ပေ၏။

ဤအချိန်အခိုက်အတန့်တွင် မီးပုံမှ အသားကင် ရနံ့များ သင်းပျံ့လာခဲ့သည်။ အသားများသည် ကျက်လုနီးပါး ဖြစ်နေလေပြီ။

ပိုင်လင်းက အသားကင်တစ်ဖဲ့ကို ဖဲ့ယူကာ အချဥ်ရည်နှင့်ဟင်းခတ်အမွှေးအကြိုင်များ သုတ်လိမ်းပြီး ကျုံးချင်အား ရိုသေလေးစားစွာ ပေးလိုက်သည်။

"ဆရာ... သုံးဆောင်ပါအုံး..."

ကျုံးချင်က တပည့်ဖြစ်သူ၏ရိုသေမှုကို အပြုံးဖြင့် လက်ခံလိုက်၏။

သူတို့ နှစ်ဦးသည် အသားကင်စားရင်း အရက်သောက်နေကြသည်။

ထို့နောက် ပိုင်လင်းက မေးမြန်းလိုက်၏။

"ဆရာ... ဆရာ့မှာ နောက်ထပ် ဘာအစီအစဉ်တွေ ရှိသေးလဲ..."

ကျုံးချင်က အရက် တစ်ငုံ သောက်လိုက်ပြီးနောက် သူက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"ဒီတစ်ကြိမ် မြောက်ပိုင်းဒေသကို ဆရာ လာခဲ့တဲ့ ရည်ရွယ်ချက်က မင်းကို စောင့်ရှောက်ပေးဖို့ သက်သက်ပဲ...အခု မင်းရဲ့ ကိစ္စတွေ ပြီးသွားပြီဆိုတော့ ဆရာ ပြန်ရတော့မယ်...လမ်းကြုံရင် မင်းကို လူတချို့နဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမယ်..."

"မင်း မတိုင်ခင်က ဆရာ တပည့်သုံးယောက် လက်ခံခဲ့တယ်..."

"မင်းက ဆရာ့ရဲ့ ပထမဆုံး တပည့် လင်းဖုန်း နဲ့ ဒုတိယ တပည့် စုယဲ့ တို့ကို တွေ့ဖူးပြီးပြီ... ဆရာ့ရဲ့ တတိယ တပည့် တုဟောက်က တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေး တစ်ယောက်ပဲ..."

"သူနဲ့ တွေ့ပြီးရင် သူက မင်းအပေါ် နက်ရှိုင်းတဲ့ အထင်အမြင်တစ်ခု ချန်ထားခဲ့လိမ့်မယ်လို့ ဆရာ ယုံကြည်တယ်..."

ထိုစကားများက ပိုင်လင်း၏ စူးစမ်းလိုစိတ်ကို ဆွပေးလိုက်၏။

"ဆရာ... တတိယစီနီယာအစ်ကိုက ဘယ်လို စိတ်ဝင်စားစရာ ကောင်းတာလဲ... အသေးစိတ် ပြောပြလို့ ရမလား..."

ကျုံးချင်က တုဟောက်၏ ကိုယ်ရည်ကိုယ်သွေးကို တွေးမိချိန်၌ သူ၏အမူအယာသည် ထူးဆန်းမသွားဘဲ မနေနိုင်ခဲ့ချေ။

"ဒါက... စကားလုံး အနည်းငယ်နဲ့ ရှင်းပြဖို့ တော်တော်လေး ခက်တယ်... အချိန်တန်ရင် မင်း သိလာမှာပါ...ဒီတစ်ခေါက် အပြန်လမ်းမှာ မင်းရဲ့ တတိယစီနီယာအစ်ကိုနဲ့ တွေ့ရလောက်တယ်..."

ထိုစကားကို ကြားချိန်၌ ပိုင်လင်းသည် အနည်းငယ် မျှော်လင့်ခြင်းမပြုဘဲ မနေနိုင်ခဲ့ချေ။

တကယ်လို့ ဆရာက သူ့ကို စိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောရင် သူက တော်တော်လေး ထူးခြားတဲ့ တည်ရှိမှုတစ်ခု သေချာပေါက် ဖြစ်ရမယ်...

All Chapters