နားလည်ရခက်သော လုပ်ရပ်များ
Vol. 32 Ch. 319
ထို့ကြောင့် ကျုံးချင်အတွက် နတ်ဆိုးမြို့တော်သည် အခွင့်အရေးများ ရရှိခဲ့သော နေရာတစ်ခု ဖြစ်သညိ့အပြင် ဝမ်းနည်းဖွယ် နေရာတစ်ခုလည်း ဖြစ်ပေ၏။
ထို့ကြောင့် သူ နောက်ဆုံးတွင် ထွက်ခွာလာချိန်၌ သူ၏စိတ်ခံစားချက်များကို အတိအကျ ဖော်ပြ၍ မရနိုင်တော့ဘဲ လွန်စွာရှုပ်ထွေးနေခဲ့သည်။
သူတို့အဖွဲ့သည် နတ်ဆိုးမြို့တော်မှ ထွက်ခွာလာခဲ့ကြသည်။
သူတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး မိုးတိမ်များကြားတွင် လျှပ်စီးများအလား ပျံသန်းသွားကြ၏။
အရှေ့ပိုင်းဒေသမှ မြောက်ပိုင်းဒေသသို့ လာရောက်ခဲ့စဉ်က အေးအေးလူလူ ခရီးစဉ်နှင့် နှိုင်းယှဉ်ပါက သူတို့၏အပြန်ခရီး အမြန်နှုန်းမှာ အဆပေါင်းများစွာ ပို၍မြန်ဆန်နေခဲ့ပေသည်။
ထို့ပြင် သူတို့အဖွဲ့သည် ပို၍လည်း စည်ကား သိုက်မြိုက်နေပေ၏။
ပိုင်လင်းနှင့် စာခြောက်ရုပ်တို့ လိုက်ပါလာသည့်အပြင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးမှာလည်း ဂဏာမငြိမ် ဖြစ်နေကြသည်။
သူတို့သည် လမ်းတစ်လျှောက်လုံး စကားတပြောပြောဖြင့် စိတ်အားထက်သန်နေကြပြီး ရှေးခေတ်မှ လက်ရှိအချိန်အထိ အကြောင်းအရာ အစုံအလင်ကို ဆွေးနွေးကာ တက်ကြွနေခဲ့သည်။
မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့ကမူ ဆန့်ကျင်ဘက်အားဖြင့် ပုံရိပ်ငယ်လေးများအလား များစွာပို၍ တိတ်ဆိတ်နေခဲ့ကြသည်။
သူတို့အဖွဲ့သည် တောင်များမြစ်များကို ဖြတ်ကျော်ကာ ကြီးမားသော တောင်ကြောများကို ကျော်လွန်သွားခဲ့ကြ၏။
အောက်ဘက်ရှိ တောင်များ မြစ်များနှင့် ကျယ်ပြန့်သော မြေပြင်ကြီးကို ကြည့်ရင်း ကျုံးချင်၏ စိတ်အခြေအနေမှာလည်း သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
တိမ်တိုက်များအကြားတွင် ပိုင်လင်းက သူမတို့ ခရီးသွားနေသော ဦးတည်ချက်ကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"ဆရာ... ငါတို့က အရှေ့ပိုင်းဒေသက ရှန်ကျန်းဂိုဏ်းကို ပြန်သွားမှာ မဟုတ်ဘူးလား... ဒီဦးတည်ချက်က အရှေ့ပိုင်းဒေသကို သွားတဲ့ လမ်းကြောင်းနဲ့ မတူဘူး..."
ကျုံးချင်က အရက်တစ်ငုံ သောက်လိုက်သည်။ထို့နောက် သူက သက်ပြင်းချရင်း ပြောဆိုသည်။
"ဆရာ မင်းကို အရင်က ပြောခဲ့ဖူးတယ်လေ... မင်း မတိုင်ခင်က ဆရာ တတိယတပည့် တစ်ယောက် လက်ခံခဲ့တယ်လို့..အဲဒီ ကောင်လေးက ဂိုဏ်းကို မရောက်ဖူးသေးဘူး..ဒီခရီးစဉ်မှာ ငါတို့က သူ့ကို ဂိုဏ်းနဲ့ ရင်းနှီးသွားအောင် ခေါ်သွားကြမယ်..."
သူတို့ နှစ်ဦး စကားပြောနေစဉ်မှာပင်...
သူတို့နှင့် မိုင်ပေါင်းများစွာ ကွာဝေးသော နှင်းဖုံးနေသည့် တောင်တန်းတစ်ခုပေါ်တွင်...
အသက်လု ထွက်ပြေးရသော လိုက်လံဖမ်းဆီးမှုကြီး တစ်ခု ဖြစ်ပွားနေပေ၏။
"ရပ်စမ်း... မပြေးနဲ့..."
ကျယ်ပြန့်သော နှင်းတောင်ကြီးများအထက်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေပြီး လောကကြီး တစ်ခုလုံးမှာ ဖြူဖွေးသော နယ်မြေကြီးတစ်ခု ဖြစ်နေခဲ့သည်။
တိုက်ခိုက်သံများနှင့် သတ်ဖြတ်သံများက တိမ်တိုက်များကို ဖြတ်သန်းကာ ပဲ့တင်ထပ်နေသည်။
ကျင့်ကြံသူအုပ်စုတစ်စုသည် လူငယ်တစ်ဦးကို အရပ်မျက်နှာအဘက်ဘက်မှ ဝိုင်းရံထားကြသည်။
ထိုလူငယ်သည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပေ၏။
သူ့ထံတွင် တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက် ဓားကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများ ကြယ်များအလား တောက်ပသော မျက်လုံးများ ရှိပြီး သူ၏ဆံပင်အရှည်များကို အပေါ်သို့ စုထုံးထားသည်။
သူ၏ရုပ်ရည်သွင်ပြင်သည် အလွန်ထူးခြားလှ၏။
သူသည် ငါးရှဉ့်တစ်ကောင်အလား ချောကျိနေပြီး အလုံပိတ် ဝိုင်းရံခံထားရချိန်တွင်ပင် ဘယ်ညာ ရှောင်တိမ်းကာ မည်သူမျှ သူ့ကို ဖမ်းမမိအောင် ပြုလုပ်နိုင်ခဲ့သည်။
ထိုလူမှာ အခြားမဟုတ်ဘဲ ကျုံးချင်၏ တတိယ တပည့် ဖြစ်သော တုဟောက်ပင်။
တုဟောက်က သူ့ကို လိုက်ဖမ်းနေသူများကို နောက်ပြန်ကြည့်လိုက်သည်။
သူ၏မျက်ခုံးများက စိတ်ညစ်ညူးမှုကြောင့် အနည်းငယ် တွန့်ကွေးသွားပေ၏။
သူက ကြည်လင်ပြတ်သားသော အသံဖြင့် ပြောဆိုသည်။
"တာအိုမိတ်ဆွေတို့... ငါတို့ကြားမှာ အတိတ်က ရန်ငြိုးတွေ လက်ရှိ အမုန်းတရားတွေ မရှိဘဲနဲ့ ဘာလို့ ငါ့ကို ဒီလောက်တောင် အသည်းအသန် လိုက်ဖမ်းနေကြတာလဲ..."
သူ၏နောက်မှ ကောင်းကင်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က မုန်းတီးမှုများ အပြည့်ပါသော အသံဖြင့် ပြောဆိုလိုက်၏။
"ကောင်လေး... မင်းရဲ့အဘိုးက နတ်ဆိုးမြို့တော်ကနေ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီး အသက်ရှင်ရက် ပြန်လာနိုင်ခဲ့တာကွ...အဲဒီ နတ်ဆိုးမြို့တော်ထဲမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ရှိပြီးတော့ အဓိက ထိပ်သီးအင်အားစုကြီးတွေတောင် အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်..."
"ငါ့ရဲ့ ကောင်းကင်တာအိုဂိုဏ်းက အခွင့်အရေးတချို့ကို ရခဲ့ပြီးတော လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ပြီး ရတနာတချို့ကို လုယူနိုင်ခဲ့တယ်..."
"ငါတို့ အသက်စွန့်ပြီး ပြန်ယူလာခဲ့ရတဲ့ ဒီရတနာတွေက ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့လက်ထဲကို ရောက်သွားရတာလဲ..."
"လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမယ့် လမ်းကြောင်းကို ပိတ်ပင်တာက သူတို့ရဲ့ မိဘတွေကို သတ်တာနဲ့ တူတယ်လို့ ပြောကြတယ်လေ..."
"ကောင်းကင်တာအိုဂိုဏ်းအတွက် ကျင့်ကြံရေးအရင်းအမြစ်တွေ ရှာဖို့ဆိုတာ မလွယ်ဘူး... ဒါပေမဲ့ မင်းက ငါ့ဆီကနေ ရတနာတွေကို ခိုးယူရဲတယ်ပေါ့..."
"ပြီးတော့ မင်းက ငါတို့ကြားမှာ အတိတ်က ရန်ငြိုးတွေ လက်ရှိ အမုန်းတရားတွေ မရှိဘူးလို့ ပြောရဲသေးတာလား..."
ထိုစကားကို ကြားချိန်၌...
တုဟောက်က ကြီးမားသော မတရားမှုကို ခံစားရသကဲ့သို့ အော်ဟစ်လိုက်သည်။
"တာအိုမိတ်ဆွေ... တကယ်လို့ ဒီနေ့ ငါ တောင်ပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်နေတုန်း ရုတ်တရက် သိုလှောင်အိတ် တစ်လုံးက ကောင်းကင်ကနေ ငါ့ရှေ့ကို ကျလာတယ်လို့ ပြောရင် ယုံမလား..."
"ကောင်းကင်က ကျလာတဲ့ အဲဒီ ရတနာကို ငါ လုံးဝ မထိရဲခဲ့ပါဘူး..."
"ငါက ပြဿနာ တစ်ခုခု တက်လာမှာကို ကြောက်လို့ပါ..."
"ဒါ့ပြင် နောက်ဆုံးတော့ အဲ့ဒီသိုလှောင်အိတ်ကို မင်းတို့ပဲ ပြန်ကောက်သွားတယ် မဟုတ်လား..."
"ဘယ်သူမှ ဘာမှ မဆုံးရှုံးသွားဘူးဆိုတော့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ရင် မကောင်းဘူးလား..."
တုဟောက်က ထွက်ပြေးနေရင်းဖြင့် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
သူ၏ တပည့်များကို ဦးဆောင်ကာ အသည်းအသန် လိုက်လံ ဖမ်းဆီးနေသော ကောင်းကင်တာအိုဂိုဏ်းချုပ်က လှောင်ပြောင်လိုက်၏။
"လျှာသွက်တဲ့ကောင်... အခုထိ ငြင်းနေတုန်းပဲ...မင်းက တစ်နည်းနည်းနဲ့ ငါ့ဆီကနေ သိုလှောင်အိတ်ကို ခိုးယူသွားတာ ထင်ရှားနေတာကို ငါ သိသွားတဲ့အခါကျမှ မင်းရှေ့ကို ကျလာတာပါလို့ လိမ်ပြောနေတယ်ပေါ့..."
"မင်းရဲ့ ကံက တကယ်ပဲ အဲဒီလောက် ကောင်းနေတယ်ဆိုရင် နောက်ထပ် သိုလှောင်အိတ် တစ်လုံးလောက် ကောင်းကင်ကနေ ကျလာအောင် လုပ်ပြစမ်းပါ..."
သူ၏စကားများ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်....
မိုးကောင်းကင်မှ သိုလှောင်အိတ်တစ်လုံး ကျဆင်းလာခဲ့ပေ၏။
ထိုအရာက တုဟောက်၏လက်ထဲသို့ အတိအကျ ကျရောက်သွားခဲ့သည်။
အချိန်တခဏအတွင်းတွင်...
လိုက်လံဖမ်းဆီးသူများနှင့် ထွက်ပြေးနေသူ နှစ်ဖက်လုံး တိတ်ဆိတ်သွားကြသည်။
တုဟောက် အလွန်ဝမ်းသာသွားခဲ့သည်။ သူက တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည့် သူ၏လက်ထဲရှိ သိုလှောင်အိတ်ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။
"တွေ့လား... ငါ လိမ်ပြောနေတာ မဟုတ်ဘူး...ငါက ငယ်ငယ်ကတည်းက ကံကောင်းတတ်တယ်...လမ်းလျှောက်နေရင်းနဲ့တောင် ရတနာတွေကို အမြဲတမ်း ကောက်ရတတ်တယ်..."
"အဲဒီ သိုလှောင်အိတ်ကို ငါ ခိုးတာ မဟုတ်ပါဘူး... ငါ့ရှေ့ကို ကျလာတာပါ...အခုတော့ မင်းတို့ ငါ့ကို ယုံသင့်ပြီမလား..."
ထိုစကားကိုကြားချိနိ၌ အကြောင်းအရင်း တစ်ခုခုကြောင့် ထိုနေရာရှိ လူများအားလုံး အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားကြ၏။
ကောင်းကင်တာအိုဂိုဏ်းကို မြောက်ပိုင်းဒေသတွင် ကြီးမားသော အင်အားစုတစ်စုအဖြစ် မသတ်မှတ်နိုင်ချေ။
သူတို့၏ဂိုဏ်းချုပ်ပင်လျှင် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိနေသည်။
နည်းပါးလှသော ကျင့်ကြံရေးအရင်းအမြစ်များကို ရရှိရန်အတွက်..
သူတို့သည် နတ်ဆိုးမြို့တော်ကဲ့သို့ အန္တရာယ်များသည့် နေရာသို့ပင် သွားရောက်ခဲ့ကြရသည်။
သူတို့သည် အမှန်တကယ်ကို ဆင်းရဲမွဲတေမှုကြောင့် ရူးသွပ်လုမတတ် ဖြစ်နေသူများအား ကိုယ်စားပြုနေပေ၏။
သို့သော် ယခုအချိန်တွင်မူ....
တစ်စုံတစ်ယောက်က သူသည် ကံအလွန်ကောင်းပြီး လမ်းလျှောက်နေရုံဖြင့် ရတနာများကို ကောက်ရနိုင်ကြောင်း သူတို့ကို ပြောလာခဲ့သည်။
ဤအရာက ဘာလဲ....
ကြွားလုံးထုတ်နေခြင်းလော...
ကောင်းကင်တာအိုဂိုဏ်းချုပ်၏ စိတ်ဓာတ်များ ပြိုလဲလုနီးပါး ဖြစ်သွားကာ အော်ဟစ်လိုက်၏။
"သူ့ကို သတ်..."
"ငါ့ထက် အားနည်းတဲ့ အမှိုက်ကောင်တွေက ငါ့ရှေ့မှာ ကြွားဝါနေတာကို ငါ အမုန်းဆုံးပဲ..."
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
တုဟောက်၏စကားများ အမှန်ဖြစ်စေ အမှားဖြစ်စေ သူ ဂရုမစိုက်တော့ချေ။
ရတနာအလင်းရောင်များ လျှံကျလုနီးပါး ဖြစ်နေသော တုဟောက်၏လက်ထဲရှိ သိုလှောင်အိတ်ကို ကြည့်ရုံဖြင့်....
ထိုအရာထဲတွင် တန်ဖိုးကြီးမားသော ရတနာ တစ်ခု သေချာပေါက် ရှိနေမည်ကို သူ သိလိုက်သည်။
ချမ်းသာကြွယ်ဝမှုက နှလုံးသားကို လှုပ်ရှားစေပြီး ရတနာများက စိတ်ဝိညာဉ်ကို ဆွဲဆောင်နိုင်သည်ဟု ဆိုကြသည် မဟုတ်လော...
ဤအချိန်အခိုက်အတန့်တွင် သူ၏သိုလှောင်အိတ်ကို တစ်ဖက်လူက ခိုးယူသွားခြင်း ဟုတ်မဟုတ် ဆိုသည်မှာ အရေးမကြီးတော့ချေ။
သူသည် သူ၏ရှေ့ရှိ ကောင်လေးကို သတ်ပစ်ချင်ရုံသာ ဖြစ်ပေ၏။
ထို့နောက် ထိုကောင်လေး၏ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရပေမည်။
ကောင်းကင်တာအိုဂိုဏ်းချုပ်၏ စကားများ အဆုံးသတ်သွားသည်နှင့်အမျှ...
ကောင်းကင်တာအိုဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး နီရဲနေသော မျက်လုံးများဖြင့် တုဟောက်ထံသို့ ပြေးဝင်သွားကြသည်။
သူတို့၏မျက်လုံးများထဲရှိ လောဘတရားများသည် ပို၍ပြင်းထန်လာပေ၏။
သိသာထင်ရှားစွာပင် သူတို့၏အမြင်တွင် တုဟောက်သည် ဆူဖြိုးသော သိုးတစ်ကောင် ဖြစ်လာခဲ့လေပြီ။
"ဝုန်း..."
အချိန်တခဏအတွင်း ဓားချီအလင်းရောင်များ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများက ပြင်းထန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိတ်လန့်ဖွယ် စိတ်ဝိညာဉ်စွမ်းအားများက တိမ်တိုက်များကို ကွဲထွက်သွားစေပြီး သစ်တောများကို ပျက်စီးသွားစေခဲ့သည်။
တုဟောက်၏မျက်နှာ အနည်းငယ် မည်းမှောင်သွားပေ၏။
သူက ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်ပြီးနောက် ထွက်ပြေးတော့သည်။
"မင်းတို့ နောက်နေတာလား... ဒီသိုလှောင်အိတ်ကို ငါ ခိုးတာ မဟုတ်ပါဘူးလို့ ပြောနေတာကို မင်းတို့က တိုက်ခိုက်ချင်သေးတာလား..."
သူသည် သတ်ဖြတ်မည့် လှုပ်ရှားမှုများကို စတင် ၍ ရှောင်တိမ်းလိုက်သည်။
သို့သော် သူ့ကို တိုက်ခိုက်နေသူများသည် များပြားလွန်းပေ၏။
လူရာပေါင်းများစွာ ရှိနေခဲ့သည့်အပြင် ကောင်းကင်နက်နဲသိမ်မွေ့ နယ်ပယ် ကျင့်ကြံသူ လေးဦးပင် ပါဝင်နေခဲ့သည်။
သူကိုယ်တိုင်သည် အလွန်ထူးကဲနေကာ အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်ကိုပင် ပိုင်ဆိုင်ထားသော်လည်း...
ထိုလူများ၏ချီစွမ်းအားများကြောင့် သူ၏ လက်သန်းလေးပေါ်တွင် ဒဏ်ရာတစ်ခု ရသွားခဲ့သည်။
တုဟောက်သည် ဤလူစုနှင့် လုံလောက်သော အကွာအဝေးတစ်ခု ရရှိရန် သူ၏ထွက်ပြေးခြင်း စွမ်းရည်ကို အသုံးပြုလိုက်၏။
သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
အစောပိုင်းက သူ သေလုနီးပါး ဖြစ်သွားခဲ့ပေ၏။
သူ၏လက်သန်းလေးပေါ်ရှိ ဒဏ်ရာကို မြင်တွေ့ချိန်၌ သူ၏မျက်နှာအမူအယာ ပို၍ပင် ပြောင်းလဲသွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် အံ့ကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်ပြီး ရေရွတ်လိုက်သည်။
"သတိထားရတဲ့ တာအိုလမ်းစဉ်ကို လိုက်နာတဲ့ လူတစ်ယောက်အနေနဲ့ ငါက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး အခြေအနေမှာ ထားရှိသင့်တယ်... ဘယ်လိုလုပ်ပြီး ဒဏ်ရာရနိုင်မှာလဲ..."
"တကယ်လို့ ပြိုင်ဘက်တွေက အင်အားချင်း မျှတနေတဲ့ အသက်လု တိုက်ပွဲမျိုးနဲ့ ကြုံရရင် သေးငယ်တဲ့ ဒဏ်ရာလေး တစ်ခုကတောင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တဲ့ သော့ချက် ဖြစ်လာနိုင်တယ်..."
သူက နေရာတွင်ပင် ထိုင်ထလေ့ကျင့်ခန်းလုပ်ရင်း အော်ဟစ်လိုက်၏။
"ထိုင်ထ..."
မျက်စိတစ်မှိတ်အတွင်း သူ၏ လက်သန်းလေးပေါ်ရှိ တစ်စင်တီမီတာခန့် ရှည်သော ဒဏ်ရာမှာ စတင်သက်သာလာခဲ့သည်။
အသက်တစ်ရှိုက်စာ အချိန်လေး အတွင်းမှာပင်...
သူ၏လက်သန်းလေးသည် ယခင်ကကဲ့သို့ ချောမွေ့သွားပြီး ဒဏ်ရာရထားသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိတော့ချေ။
တုဟောက်က သူ၏လက်ကို ဝှေ့ယမ်းကြည့်ရာ မည်သည့် ပုံမှန်မဟုတ်မှုမျိုးကိုမျှ မခံစားရတော့ပေ။
သူ၏စိတ်နှလုံးသားထဲတွင် အံ့အားသင့်စွာ သက်ပြင်းချလိုက်မိ၏။
"ဆရာ သင်ပေးခဲ့တဲ့ နည်းလမ်းက တကယ်ကို ထိတ်လန့်ဖို့ ကောင်းတာပဲ..."
သို့သော် ဤကဲ့သို့ အချိန်ဆွဲနေမှုကြောင့် ကောင်းကင်တာအိုဂိုဏ်းမှ လူများက သူ့ကို နောက်တစ်ကြိမ် မှီလာကြသည်။
တစ်ချိန်တည်းမှာပင် သူ့အပေါ် ထားရှိသော သူတို့၏အကြည့်များတွင် ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသည်။
သူတို့၏မျက်လုံးများသည် အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေပေ၏။
သူတို့ လုံးဝနားမလည်နိုင်အောင် ဖြစ်နေခဲ့ကြ၏။
ဤလောကတွင် ဤမျှလောက် မိုက်မဲသော လူတစ်ယောက် မည်သို့ ရှိနေနိုင်သနည်း။
အသက်လု ထွက်ပြေးနေရသော အချိန်ကြီးတွင် ရုတ်တရက် ထူးဆန်းသော လှုပ်ရှားမှု တစ်ခုကို လုပ်ပြီး ထူးဆန်းသော ကြွေးကြော်သံတစ်ခုကို အော်ဟစ်လိုက်သေးသည်။
နားလည်ရခက်လိုက်တာ....
သို့သော် ဤသည်က သူတို့အား ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်။