← Chapters

အလုံးစုံ ကာကွယ်ခြင်း

Vol. 32 Ch. 320

အလုံးစုံ ကာကွယ်ခြင်း

Vol. 32 Ch. 320

တုဟောက်သည် သူတို့၏အကဲခတ်ခြင်းကို ခံရချိန်၌ အနည်းငယ် ရှက်ရွံ့သွားပေ၏။

အတင်းအဖျင်း စကားများက လူကို သတ်နိုင်သည်ဟု ဆိုကြသည် မဟုတ်လော....

သို့သော် မကြာမီမှာပင် သူ၏ စိတ်ကူး ပြောင်းလဲသွားခဲ့သည်။

သူတို့သည် သူ့ကို သတ်ဖြတ်ရန် ကြံရွယ်နေကြခြင်းဖြစ်သည်။

ဤအချိန်တွင် တခြားသူများ သူ့ကို မည်သို့မြင်သည်အား မည်သည်ကြောင့် ဂရုစိုက်နေရမည်နည်း...

အသက်ကယ်စွမ်းရည်တစ်ခုသည် မည်သို့ ရှက်စရာ ရှိမည်နည်း....

တခြားသူများသည် ဤစွမ်းရည်ကို သုံးချင်လျှင်ပင် သူတို့ထံတွင် သုံးနိုင်သော အရည်အချင်းမျိုး မရှိကြချေ။

ထိုသို့ တွေးလိုက်မိချိန်၌ သူသည် နောက်တစ်ကြိမ် စိတ်သက်သာရာ ရသွားခဲ့ပေ၏။

ထို့နောက် သူ အလျင်အမြန် စတင်၍ ထွက်ပြေးတော့သည်။

တုဟောက်က ရှေ့မှ ပြေးပြီး ကောင်းကင်တာအိုဂိုဏ်းက နောက်မှ လိုက်နေကြ၏။

ဤလိုက်လံဖမ်းဆီးမှုနှင့် ထွက်ပြေးမှုအတွင်း....

နှစ်ဖက်လုံးသည် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

ထိပ်တိုက်တွေ့ဆုံမှုဟု ဆိုခြင်းမှာ သိပ်မမှန်ကန်လှချေ။ တုဟောက်သည် ပြေးရန်သာ သိပေ၏။

တခြားသူများက လှုပ်ရှားလာတိုင်း သူက ရှောင်တိမ်းရန် သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုခဲ့သည်။

သူ ရှောင်တိမ်းလိုက်တိုင်း သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာတတ်သည်။

အကယ်၍ သူ၏အရေပြားကို အနည်းငယ် ကုတ်ခြစ်မိလျှင်ပင် ပြန်လည်ကောင်းမွန်လာစေရန် ထိုင်ထဟု အော်ဟစ်လိုက်ပေမည်။

သူသည် အသက်ရှင်ခြင်းကို တွယ်တာပြီး သေဆုံးခြင်းကို ကြောက်ရွံ့ကြောင်းကို အစွန်းရောက်သည်အထိ အမှန်တကယ် ပြသနေခဲ့သည်။

နှစ်ဖက်လုံး ဤသို့ လိုက်တမ်းပြေးတမ်း ကစားနေစဉ် နေ့တစ်ဝက်ခန့် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပေ၏။

ထိုအချိန်အတောအတွင်း တုဟောက်သည် အမျိုးမျိုးသော ထွက်ပြေးခြင်း စွမ်းရည်များကို အသုံးပြုခဲ့သည်။

သို့သော် ကောင်းကင်တာအိုဂိုဏ်း၏ခြေရာခံနည်းစနစ်မှာ လွန်စွာအစွမ်းထက်လှ၏။

သူတို့က သူ၏ခြေရာကို အမြဲတစေ ရှာတွေ့နိုင်ခဲ့သည်။

နောက်ဆုံးတွင် တုဟောက်သည် လိုက်လံ ဖမ်းဆီးခံရလွန်းသဖြင့် စိတ်အနှောင့်အယှက် ဖြစ်လာပြီး တန်ပြန်တိုက်ခိုက်ရန် အကြိမ်ကြိမ် ဆန္ဒရှိခဲ့သော်လည်း သူ့ကိုယ်သူ အတင်းအကြပ် ထိန်းချုပ်ထားခဲ့သည်။

သူက စိတ်ထဲမှ တွေးတောလိုက်သည်။

"တကယ်လို့ ငါ့ကို လိုက်ဖမ်းနေတဲ့ ဒီလူတွေကို ငါ့ရဲ့ အစွမ်းအစ အပြည့်အဝ ထုတ်သုံးပြီး တိုက်ခိုက်မယ်ဆိုရင် သူတို့ကို သတ်ဖို့ ကိုးဆယ့်ကိုးဒသမကိုးကိုးကိုးရာခိုင်နှုန်း သေချာတယ်..."

"ဒါပေမဲ့ တကယ်လို့ ငါ့ရဲ့စွမ်းအား အပြည့်အဝကို ထုတ်ဖော်ပြသလိုက်လို့ တခြားသူတွေရဲ့ ပစ်မှတ်ထားတာကို ခံရရင်ရော..."

"အဲ့ဒီလိုဆိုရင် အခြား အကျပ်အတည်းတွေနဲ့ ကြုံတွေ့ရဖို့ သုညဒသမတစ်ရာခိုင်နှုန်း ဖြစ်နိုင်ချေ ရှိနေလိမ့်မယ်..."

"ဟူး....ဒီဖြစ်နိုင်ခြေက မြင့်လွန်းတယ်... ငါ စွန့်စားလို့ မဖြစ်ဘူး..."

"ဒါ့ပြင် တကယ်လို့ ငါ ဒီလူစုကို သတ်လိုက်ရင်တောင် သူတို့မှာ အဘိုးတွေ ဘေးတွေ ဘီတွေ ရှိနေသေးတယ်လေ..."

"တကယ်လို့ ဒီလူတွေထဲမှာ ပုန်းကွယ်နေတဲ့ ထိပ်သီးကျင့်ကြံသူ တစ်ယောက် ပါလာခဲ့ရင် ငါ အရမ်းအန္တရာယ် မများသွားဘူးလား..."

"သူတို့ရဲ့ ဘိုးဘေးတွေက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ရင်တောင် သူတို့ရဲ့ မျိုးဆက်တွေထဲမှာ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ထွက်ပေါ်မလာဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ... တကယ်လို့ သူတို့က မြင့်မားတဲ့ ကျင့်ကြံမှုတွေ ရရှိပြီး လက်စားချေဖို့ လာခဲ့ရင် ငါ ဘယ်လို ခုခံနိုင်မှာလဲ..."

"ဒါကြောင့် ငါ လှုပ်ရှားလို့ မဖြစ်ဘူး..."

"ငါ ပြေးဖို့ပဲ တတ်နိုင်တယ်..."

သူသည် တီးတိုးရေရွတ်နေရင်းဖြင့် လှုပ်ရှားမှုနည်းစနစ်ကို နောက်တစ်ကြိမ် အသုံးပြုကာ ထွက်ပြေးလိုက်၏။

ဤမြင်ကွင်းကို မိုးကောင်းကင်ယံမှနေ၍ ပိုင်လင်းက အစမှအဆုံးတိုင်အောင် မြင်တွေ့နေခဲ့သည်။

သူမ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

အသက်ရှင်ခြင်းကို တွယ်တာပြီး သေဆုံးခြင်းကို ဤမျှလောက် ကြောက်ရွံ့သော လူမျိုး ဤလောကတွင် အမှန်တကယ် ရှိနေခဲ့သလော...

အမှန်အားဖြင့် ပိုင်လင်းသည် တုဟောက်ကို ကြာမြင့်စွာကတည်းက သတိထားမိခဲ့ခြင်း ဖြစ်ပေ၏။

အစောပိုင်းက မိုးကောင်းကင်ယံမှ တုဟောက်၏ လက်ထဲသို့ ကျဆင်းလာခဲ့သော သိုလှောင်အိတ်မှာ သူမ ပစ်ချလိုက်ခြင်းပင်။

မူလက သူမ၏စီနီယာ အန္တရာယ် ကျရောက်နေသည်ကို မြင်တွေ့ချိန်၌ သူမ ကူညီချင်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် သူမ၏ စိတ်ကူး ပြောင်းလဲသွားခဲ့သည်။

အကယ်၍ ဆရာသည် စိုးရိမ်ပူပန်ခြင်းမရှိလျှင် သူမ မည်သည်ကြောင့် ဝင်ရောက်စွက်ဖက်ရမည်နည်း....

ထို့ပြင် တစ်ဖက်လူသည် ဆရာ၏တပည့်အဖြစ် လက်ခံခြင်း ခံရသဖြင့် သူ့ထံတွင် ထူးခြားသော အရာတစ်ခုခု ရှိနေသင့်သည်။

ထို့ကြောင့် သူမသည် ပြပွဲတစ်ခုကို စတင်၍ ကြည့်ရှုလိုက်၏။

ထို့နောက် ပိုင်လင်းသည် သူမ၏လောကအမြင်ကြီး ပြိုကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။

ဤဇာတ်လမ်း၏အစကို သူမ ခန့်မှန်းမိခဲ့သော်လည်း အဆုံးသတ်ကိုမူ လုံးဝခန့်မှန်း၍ မရနိုင်ခဲ့ချေ။

သူမ၏စီနီယာသည် အထူးအဆန်း ဖြစ်သော်လည်း ဤကဲ့သို့ နည်းလမ်းဖြင့် အထူးအဆန်း ဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

လိုက်လံ ဖမ်းဆီးမှုနှင့် ထွက်ပြေးမှုအတွင်း သူသည် ကြည့်ရသည်မှာ အလွန်ကို့ရိုးကားယားဆန်သော ထိုင်ထလေ့ကျင့်ခန်းများကို နေရာ၌ပင် ပြုလုပ်လေ၏။

ထို့အပြင် လူများကို ဖော်ပြ၍ မရနိုင်အောင် ရှက်ရွံ့သွားစေသည့် ထိုင်ထဟုလည်း အော်ဟစ်လိုက်သေးသည်။

ထိုအရာမှာ အစွမ်းထက်သော လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်ကြောင်း သူမ ပြောနိုင်သည်။

ဤသည်က ဒဏ်ရာများကို ကုသရာတွင် အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုများ ရှိနေပေ၏။

ပိုင်လင်းသည် အခြေခံသဘောတရားကို မသိသော်လည်း ထိုအရာ၏ကုသနိုင်စွမ်းကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

တစ်စုံတစ်ယောက်သည် သေလုနီးပါးအထိ ရိုက်နှက်ခံရလျှင်ပင် ဤလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုလိုက်ပါက ချက်ချင်းပင် စွမ်းအားများ ပြန်ပြည့်ဝလာမည်ဟု သူမ ခန့်မှန်းမိသည်။

သို့သော်....

သူမ၏အမြင်အရ ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သော ကျင့်စဉ်မျိုးကို အသက်လု တိုက်ပွဲများတွင် ပြင်းထန်စွာ ဒဏ်ရာရရှိချိန်၌သာ အသုံးပြုသင့်သည်။

သို့သော် သူမ၏စီနီယာကမူ မည်သို့နည်း..

သူသည် လက်သန်းလေးပေါ်ရှိ သေးငယ်သော ပြတ်ရှဒဏ်ရာလေးအတွက် အသုံးပြုခဲ့ပေ၏။

ထိုပြတ်ရှဒဏ်ရာမှာ သေးငယ်လွန်းလှသဖြင့် မကုသဘဲ ထားမည်ဆိုလျှင်ပင် နာရီဝက်အတွင်း အလိုအလျောက် ပြန်ကောင်းသွားနိုင်သည်။

မူလက ဤအရာမှာ လုံလောက်အောင် အဓိပ္ပာယ်မဲ့နေပြီဟု သူမ ထင်မှတ်ထားခဲ့သည်။

သို့ရာတွင် အဓိပ္ပာယ် ပိုမဲ့သည်များသာ ရှိပြီး အဓိပ္ပာယ် အမဲ့ဆုံးဆိုသည်မှာ မရှိကြောင်းကို သူမ မျှော်လင့်မထားမိချေ။

သူသည် ဤကောင်းကင်ကို ဆန့်ကျင်သော လျှို့ဝှက်ကျင့်စဉ်ကို သေးငယ်သော ခြစ်မိသည့် ဒဏ်ရာလေးတစ်ခုအား ပြန်လည်သက်သာလာစေရန် အသုံးပြုခဲ့ပေ၏။

ဤအရာမှာ ရိုးရှင်းစွာပင် အဓိပ္ပာယ်မဲ့လွန်းလှသည်။

ပိုင်လင်းတွင် မကျေမနပ် ပြောဆိုချင်သော အရာများစွာ ရှိနေသော်လည်း နောက်ဆုံးတွင် မည်သည့်နေရာမှ စပြောရမည်ကိုပင် မသိတော့ချေ။

ထို့နောက် သူမ၏မျက်လုံးအကြည့်သည် သူမ၏ ဆရာထံသို့ ရွေ့လျားသွားကာ မေးမြန်းလိုက်၏။

"ဆရာ... ဒါက တကယ်ပဲ တတိယစီနီယာအစ်ကို ဟုတ်ရဲ့လား..."

သူမ၏နံဘေးရှိ ကျုံးချင်သည်လည်း သူ၏ တပည့်ကြောင့် ပြောစရာစကားမဲ့သွားခဲ့သည်။

သူ၏တပည့်သည် အသက်ရှင်ခြင်းကို တွယ်တာပြီး သေဆုံးခြင်းကို ကြောက်ရွံ့ကြောင်း သူ သိထားသော်လည်း ဤမျှထိ အဓိပ္ပာယ်မဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

အချိန်အတော်ကြာပြီးနောက် ရုတ်တရက် သူက အရက်တစ်ငုံ သောက်လိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"ဟုတ်တယ်..."

ပိုင်လင်းက အတင်းအကြပ် အားယူပြုံးလိုက်ပြီး ပြောဆိုလိုက်၏။

"ဆရာက တတိယစီနီယာဟာ တော်တော်လေး ထူးဆန်းတယ်လို့ ပြောခဲ့တာ... သူက တကယ့်ကို ထူးဆန်းနေတာပဲ... တော်တော်လေးကို ထူးခြားတယ်..."

ကျုံးချင်က သူ၏ခေါင်းကို ပွတ်သပ်ပြီး ပြောဆိုသည်။

"ကောင်းပြီ... ပြပွဲကို ဆက်မကြည့်နဲ့တော့... အဲ့ဒီ လူတွေကိုရှင်းဖို့ သူ့ကို ကူညီလိုက်ပါအုံး..."

ခေါင်းကိုက်လိုက်တာ...

ဤကဲ့သို့ တပည့်မျိုး ရှိနေခြင်းက သူသည်လည်း အလွန်ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

ပိုင်လင်းက ပြောဆိုလိုက်၏။

"ဟုတ်ကဲ့ပါ..."

"ဆရာ... ခဏလောက် စောင့်ပေးအုံး... စီနီယာ့ကို အခု သွားခေါ်လာခဲ့ပါ့မယ်..."

…

တစ်ဖက်တွင် တုဟောက်သည် ကောင်းကင်တာအိုဂိုဏ်းမှအဖွဲ့ဝင်များ၏ ရက်စက်စွာ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရပေ၏။

ထိုအချိန်မှာပင်....

ပိုင်လင်းက ရှေ့သို့ခြေတစ်လှမ်း တက်လှမ်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သူမသည် တုဟောက်၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

ရုတ်တရက် ထွက်ပေါ်လာသော စိမ်းသက်သက် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့ချိန်၌ တုဟောက်၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း သတိထားလိုက်သည်။

သူ့ကို လိုက်ဖမ်းနေသူများကလည်း ပိုင်လင်းကို မြင်တွေ့ချိန်၌ သူတို့၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

သူတို့သည် ပိုင်လင်းကို မှတ်မိနေကြ၏။

မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို သတ်ဖြတ်စဉ်က ပိုင်လင်း၏ ပြိုင်ဘက်ကင်းသောဟန်ပန်မှာ သူတို့၏စိတ်နှလုံးသားများထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့လေပြီ။

သူက ဘာလို့ ဒီကို ရောက်နေတာလဲ....

လူများအားလုံး ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ပိုင်လင်းက လှုပ်ရှားလိုက်သည်။

သူမ၏သွယ်လျသောလက်လေး မြင့်တက်လာပြီး ထိတ်လန့်ဖွယ် ဥပဒေသစွမ်းအားများက သူမ၏လက်ထဲတွင် လူးလွန့်နေပေ၏။

ကောင်းကင်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က တစ်စုံတစ်ရာကို ရှင်းလင်းစွာ ကြိုတင်ခံစားလိုက်ရသည်။

သူ ကြောက်ရွံ့သွားပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူ၏မျက်နှာ ဖြူရော်သွားပြီး ပြောဆိုလိုက်သည်။

"ချမ်းသာ..."

"ပေးပါ" ဟူသော စကားလုံး သူ၏ပါးစပ်မှ ထွက်မလာမီ ပိုင်လင်းက လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြီးဖြစ်သည်။

အဖြူရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မျက်စိတမှိတ်အတွင်း အလွန်မြင့်မားသော တောင်ကြီးတစ်လုံးအလား ကျရောက်လာခဲ့သည်။

အချိန်တခဏအတွင်း ကောင်းကင်ကြီး တုန်လှုပ်သွားပြီး မြေပြင်လည်း တုန်ခါသွားခဲ့သည်။

သူတို့၏ရှေ့ရှိ တောင်ကြီးမှာ လက်ဝါး တစ်ချက်တည်းဖြင့် တိုက်ရိုက်ပြန့်ပြူးသွားပေ၏။

ကောင်းကင်တာအိုဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည် ဤလက်ဝါးရိုက်ချက်ဖြင့် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

"ရှီး..."

တုဟောက်က ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

သူ၏စိတ်နှလုံးသား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုတိုင်းက အန္တရာယ် ရှိသည်ဟု အော်ဟစ်နေကြ၏။

အကယ်၍ သူသာ ဤအမျိုးသမီးကို ရင်ဆိုင်ရမည်ဆိုလျှင် သူ၏အသက်ရှင်သန်နိုင်စွမ်းက မည်မျှရှိမည်နည်း....

"သုညဒသမတစ် ရာခိုင်နှုန်းထက် နည်းတယ်..."

ရုတ်ချည်းဆိုသလိုပင် တုဟောက်၏ဦးရေပြား ကြောက်ရွံ့မှုကြောင့် ထုံကျင်သွားသည်။

သူ တံတွေးမြိုချလိုက်ကာ ဖျစ်ညှစ်၍ပြုံးလိုက်ပြီး ဖားယားသော အမူအယာဖြင့် မေးမြန်းလိုက်၏။

"ဒီ... ဒီ အင်မော်တယ် မိန်းမပျိုလေး... မင်း... မင်းက ငါ့ကို သတ်ဖို့ လာတာ မဟုတ်ဘူးမလား..."

တစ်ချိန်တည်းမှာပင် သူ၏စိတ် ရူးသွပ်စွာ အလုပ်လုပ်နေခဲ့သည်။

တစ်ဖက်လူနှင့် သူ့ကြားတွင် ရန်ငြိုးတစ်ခုခု ရှိခဲ့ဖူးသလော ဟူသည်ကို သူ တွေးတောနေခဲ့သည်။

သူ၏ စိတ်ထဲတွင် အနိုင်မယူနိုင်သော သခင် တစ်ဦးကို ရင်ဆိုင်ရန် နည်းလမ်းတစ်ရာ့ရှစ်သွယ် ထွက်ပေါ်လာခဲ့သည်။

ပိုင်လင်းက တုဟောက်၏မျက်နှာသည် ကြောက်ရွံ့မှုကြောင့် သေလူတစ်ယောက်အလား ဖြူရော်သွားသည်ကို မြင်လိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် သူမသည် ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့သည့်အပြင် ပြောစရာစကားမဲ့သွားခဲ့သည်။

သူမ၏စီနီယာသည် အမှန်တကယ်ပင်...

သူ့ကို မည်ကဲ့သို့ ဖော်ပြရမည်မှန်း သူမ မသိတော့ချေ။

နောက်ဆုံးတွင် သူမက သူမ၏စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

သူမက တုဟောက်အား လက်ပူးဆုပ်ကာ ဦးညွှတ်ပြီး ပြောဆိုလိုက်သည်။

"ပိုင်လင်းက စီနီယာ့ကို ဂါရဝပြုပါတယ်..."

ပိုင်လင်း၏အမူအယာက တုဟောက်၏မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

သူ၏စိတ် မျက်စိတစ်မှိတ်အတွင်း ဗလာဟင်းလင်း ဖြစ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူက အံ့အားသင့်တုန်လှုပ်နေသော အမူအရာဖြင့် မေးမြန်းလိုက်၏။

"မင်း... မင်းက ပိုင်လင်းလား..."

ပိုင်လင်းက ခေါင်းညိတ်ပြလိုက်သည်။

တုဟောက်က ထပ်မံ၍ မေးမြန်းသည်။

"အစစ်အမှန်နတ်ဆိုးအမွေအနှစ်ကို ရခဲ့တဲ့ ပိုင်လင်းလား..."

ပိုင်လင်းက ထပ်မံ၍ ခေါင်းညိတ်ပြလေသည်။

တုဟောက်က ဆက်လက်၍ မေးမြန်းလိုက်၏။

"မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ချေမှုန်းခဲ့တဲ့ ပိုင်လင်းလား..."

ပိုင်လင်းက နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။

နောက်ထပ်အချိန်တခဏတွင် တုဟောက်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြောဆိုသည်။

"မင်းက ငါ့ရဲ့ ဂျူနီယာလေး ဖြစ်နေမှတော့ စောစောကတည်းက ပြောသင့်တာပေါ့...တကယ် ပြောတာ...စောစောက ငါတကယ်ကို ကြောက်သွားတာ...မင်းက ငါ့ကို လက်စားချေဖို့လာတဲ့ လူများလားလို့..."

ပိုင်လင်း ပြောစရာစကား မဲ့သွားခဲ့၏။

"..."

သူမစီနီယာ၏ တွေးခေါ်ပုံများကြောင့် သူမ ဒေါသထွက်မိတော့လုမတတ် ဖြစ်သွားခဲ့သည်။

…

Thank For Reading.

All Chapters