← Chapters

ပန်းချီကားထဲမှကမ္ဘာ

Vol. 18 Ch. 187

ပန်းချီကားထဲမှကမ္ဘာ

Vol. 18 Ch. 187

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သည်နှင့် လျှပ်စီးကျားသစ်ကြီးက မရေမတွက်နိုင်သည့် လျှပ်စီးအလင်းတန်းများအဖြစ် ပေါက်ကွဲထွက်သွားသည်။

ထိုလျှပ်စီးအလင်းတန်းများအောက်တွင် ခုန်မင်ရိုက်ထုတ်လိုက်သည့် ဒြပ်စင်စွမ်းအားအလင်းတန်းမှာ တစ်စစီ ပျက်ဆိးသွားရတော့၏။

ခုန်မင် အလွန်အမင်း အံ့အားသင့်သွားသည်။

လေမိုးကြိုးကျားသစ်၏ တန်ခိုးစွမ်းအားက နာမည်နှင့်ညီအောင် ကြောက်စရာကောင်းလွန်းသည်။

ခုန်မင် ရိုက်ထုတ်လိုက်သည့် ဒြပ်စင်စွမ်းအားအလင်းတန်းမှာ ကနဦးအဆင့် ဒြပ်စင်စွမ်းအား အရှင်သခင်တစ်ယောက် အစွမ်းကုန်တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။

သို့သော် လျှပ်စီးကျားသစ်မှအသွင်ပြောင်းသွားသော လျှပ်စီးအလင်းတန်းများက အလွယ်တကူပင် ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။

လျှပ်စီးအလင်းတန်းများက ထိုမျှဖြင့် ရပ်တန့်မသွားပေ။

ခုန်မင်ရှိရာသို့ ဆက်လက်ဝင်ရောက်လာလေရာ ခုန်မင်မှာ မီးလျှံဖီးနစ်ငှက်မွှေးအတွင်းသို့ မီးဒြပ်စင်စွမ်းအား စီးဝင်စေလိုက်ပြီး ရင်ဘတ်ရှေ့တွင် ကိုင်မြှောက်ကာကွယ်လိုက်ရသည်။

ဒုတိယမြောက် မီးလျှံပင်လယ်ကြီးထွက်ပေါ်လာပြီး ဝင်ရောက်လာသည့် လျှပ်စီးအလင်းတန်းများကို တားဆီးလိုက်သည်။

တစ်ချိန်တည်းမှာပင် သံမဏိမြေသားကျင့်စဉ်၊ မီးလျှံနဂါးကျင့်စဉ်နှင့် စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ခံစစ်စွမ်းအား အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

မီးလျှံဖီနးစ်ငှက်မွှေးမှ ထွက်ပေါ်လာသည့် မီးပင်လယ်ကြီးက လျှပ်စီးအလင်းတန်းများကို တားဆီးထားသော်လည်း လျှပ်စီးအလင်းတန်းများက ခုန်မင်နှင့် အလွန်နီးကပ်နေပေပြီ။

“ဝုန်း...”

လျှပ်စီးအလင်းတန်းများနှင့် မီးပင်လယ် ထိပ်တိုက်တွေ့သည်နှင့် ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းလုံးများ ပေါက်ကွဲထွက်လာသည်။

ခုန်မင်က ခံစစ်စွမ်းအားကို အမြင့်ဆုံး မြှင့်တင်လိုက်သည်သာမက နက်ရှိုင်းသစ်သားဒိုင်းကိုပါဆင့်ခေါ်ပြီး အကာအကွယ် ယူလိုက်သည်။

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ပြီးသည်နှင့် မီးလျှံပင်လယ်ကြီးက လျှပ်စီးအလင်းတန်း တစ်ဝက်ခန့်ကို ချေဖျက်ပစ်လိုက်သည်။

သို့သော် ခုန်မင်က လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် မီးလျှံဖီးနစ်ငှက်မွှေး၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးရာ လျှပ်စီးအလင်းတန်းများအားလုံးကို တားဆီးနိုင်ခြင်းမရှိဘဲ လျှပ်စီးအလင်းတန်းအချို့က ခုန်မင်ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

ခုန်မင်က သူ့ထံဝင်ရောက်လာသည့် လျှပ်စီးအလင်းတန်းများကို နက်ရှိုင်းသစ်သားဒိုင်းဖြင့် ကာကွယ်လိုက်သည်။

နက်ရှိုင်းသစ်သားဒိုင်းအတွင်းသို့ မြေဒြပ်စင်စွမ်းအား ထည့်သွင်းလိုက်သည်နှင့် ဒိုင်းကာမျက်နှာပြင်ထက် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ဒိုင်းဝိညာဉ်ထွက်ပေါ်လာကာ ဝင်ရောက်လာသည့် လျှပ်စီးအလင်းတန်းများကို ဝါးမျိုပစ်လိုက်၏။

သို့သော် ဝင်ရောက်လာသည့်လျှပ်စီးအလင်းတန်းများက အလွန်တရာများပြားသည်ဖြစ်ရာ ဒိုင်းဝိညာဉ်ဝါးမျိုနိုင်သည့်ပမာဏထက် ကျော်လွန်သွားသည်။

“ဖောင်း... ဖောင်း... ဖောင်း...”

အချိန်ခဏအတွင်းမှာပင် လျှပ်စီးအလင်းတန်းများက ဒိုင်းကာအားရိုက်ခတ်မိသွားပြီး နက်ရှိုင်းသစ်သားဒိုင်းမှာ မီးပွားများပွင့်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် လက်ကျန်လျှပ်စီးအလင်းတန်းများက နက်ရှိုင်းသစ်သားဒိုင်းကိုကျော်လွန်ပြီး ခုန်မင်ထံသို့ တဟုန်ထိုး ဝင်ရောက်လာတော့သည်။

ခုန်မင်က မည်သို့မှ မတတ်နိုင်တော့ပေ။

သူက လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်ပြီး ရောင်စဉ်သုံးမျိုး စွမ်းအားအလင်းတန်းကို ထပ်မံထုတ်ဖော်ကာ ဝင်ရောက်လာသည့် လျှပ်စီးအလင်းတန်းများကို တားဆီးလိုက်သည်။

သူ၏ ဒြပ်စင်စွမ်းအားအလင်းတန်းက လျှပ်စီးကျားသစ်ကြီးကို တားဆီးနိုင်ခြင်းမရှိသော်လည်း လက်ကျန်လျှပ်စီးများကိုတော့ တားဆီးနိုင်ကောင်းမည်ဟု ခုန်မင် မျှော်လင့်ခဲ့သည်။

သို့သော် ကံဆိုးစွာပင် သူမျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။

ခုန်မင် ပစ်လွှတ်လိုက်သည့် ဒြပ်စင်စွမ်းအားအလင်းတန်းနှင့် များပြားလှစွာသော လျှပ်စီးအလင်းတန်းများ ထိပ်တိုက်တွေ့သည်နှင့် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ရောင်စဉ်သုံးမျိုး ဒြပ်စင်စွမ်းအားများရော လျှပ်စီးစွမ်းအားများပါ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။

ထိုပေါက်ကွဲမှုက ခုန်မင်နှင့် အလွန်နီးကပ်သည်ဖြစ်ရာ သူသာ ခံစစ်စွမ်းအားကို အစွမ်းကုန်ထုတ်‌ဖော်ထားခြင်းမရှိပါက ချက်ချင်းပင် အသက်ပျောက်သွားနိုင်သည်။

ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ခုန်မင်၏ခံစစ်စွမ်းအားက လုံးဝ ပျက်ဆီးမသွားသည့်တိုင် သူ၏ခန္ဓာကိုယ်ကတော့ အမြောက်စံတစ်ခုပမာ အနောက်သို့လွင့်စင်ထွက်သွားသည်။

သာမန်နေရာတစ်ခုဆိုလျှင် ဤသို့လွင့်ထွက်သွားခြင်းက ပြဿနာမရှိပေ။

ယခုတော့ ခုန်မင်၏နောက်ဘက်တွင် ထူးဆန်းသော နံရံဆေးရေးပန်းချီကားကြီး ရှိနေသည်။

ခုန်မင်မှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကူရာကယ်ရာမဲ့စွာဖြင့် ပန်းချီကားကြီးဆီသို့ တည့်တည့်မတ်မတ် လွင့်ထွက်သွားတော့သည်။

ထိုပန်းချီကားဖြင့်ရိုက်ခတ်မိပါက သူသည်လည်း အခြားအရာများကဲ့သို့ပင် သဲလွန်စမကျန် ပျောက်ကွယ်သွားလေမည်လား။

ခုန်မင် တွေးလိုက်မိသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်က ပန်းချီကားကြီးနှင့် ထိမိသွားပြီး ၊ ပန်းချီကားထက်မှ အဖြူရောင်အလင်းလှိုင်းတစ်ခု ထွက်ပေါ်လာကာ ခုန်မင်သည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားတော့၏။

အဝေးတွင်ရှိနေသည့် လေမိုးကြိုးကျားသစ်မှာလည်း တားဆီးရန် အချိန်မမီတော့ပေ။

သူက မကျေမနပ်ဖြင့် ခြေတစ်ချက်ဆောင့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တောက်... နှမျောစရာကြီးကွာ... ဒီကောင်လေးက ဘာလို့ ဒီအတိုင်းပျောက်သွားရတာလဲ ၊ သူ့ဆီမှာ ရတနာပစ္စည်းတွေ အများကြီးရှိတဲ့ဟာကို ... နှမျောစရာကောင်းလိုက်တာ”

လေမိုးကြိုးကျားသစ်က ခန္ဓာကိုယ်အား ရိပ်ခနဲလှုပ်ရှားလိုက်ရာ ချက်ချင်းပင် နံရံဆေးရေးပန်းချီ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။

သူက ဝေခွဲမရသည့်အမူအရာဖြင့် ပန်းချီကားချပ်ကို အတန်ကြာ စူးစိုက်ကြည့်နေလေသည်။

ခုန်မင်ထံမှ ရတနာပစ္စည်းများကို ရယူလိုသည့်တိုင် ဤပန်းချီကားက သူ့ကိုဝါးမျိုသွားမည်ကိုတော့ အဖြစ်မခံနိုင်ပေ။

တကယ်တော့ ခုန်မင် ဤသို့ဖြစ်သွားမည်ဟု သူလည်း ထင်မထားခဲ့ပေ။

ဤကောင်လေး လျှပ်စီးအလင်းတန်းထိမှန်ပြီး တစ်ကိုယ်လုံးထုံကျဉ်သွားချိန် သူက အလွယ်တကူပင် ဖမ်းဆီးနိုင်မည်ဟု တွေးထားခဲ့သည်။

“ဂါး...”

လေမိုးကြိုးကျားသစ်၏အော်ဟစ်သံကြီးက ခန်းမဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ထိုအသံကြီးထဲတွင် မကျေနပ်မှုနှင့် နှမျောတသမှုများ ပါဝင်နေလေတော့၏။

***

ခုန်မင်၏ကျောပြင်နှင့် နံရံဆေးရေးပန်းချီ ထိတွေ့မိသည်နှင့် အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ နံရံတစ်ခုအား ရိုက်ခတ်မိသည်နှင့်မတူဘဲ ရေကန်တစ်ခုအတွင်းကျသွားသည့်ပမာ ဖြစ်၏။

အထူးသဖြင့် အဖြူရောင်အလင်းလှိုင်း တောက်ပလာချိန်တွင် ရေထဲသို့နစ်မြုပ်သွားသည့်ပမာ ခံစားလိုက်ရပြီး နူးညံ့ပျော့ပြောင်းသည့် အထိအတွေ့တစ်ခုက သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။

သို့သော် ထိုခံစားချက်က ကြာရှည်မခံခဲ့ပေ။

ခဏအကြာမှာတော့ ခုန်မင်၏ခြေထောက်များက အလွန်ခိုင်မာသည့် မြေပြင်တစ်ခုထက် နင်းမိသွားသည်။

“ငါ... နံရံဆေးရေးပန်းချီကားထဲ စုပ်ယူခံလိုက်ရတာ မဟုတ်ဘူးလား ၊ ဘာလို့ မြေပြင်ပေါ် ရောက်လာရတာလဲ”

သံသယများနှင့်အတူ ခုန်မင် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သည်။

သူ့ခြေထောက်အောက်တွင် မြားသားပမာ စိမ်းလန်းသည့် မြက်ခင်းပြင်ကြီးတစ်ခု ရှိနေပြီး မြက်ခင်းပြင်၏အထိအတွေ့က အဖိုးတန်ကော်ဇောတစ်ချပ်ပမာ နူးညံ့လွန်းသည်။

ခေါင်းမော့ကြည့်လိုက်တော့ တိမ်မြူကင်းစင်ကာ ပြာလွင်နေသည့် မိုးကောင်းကင်ကြီးကို တွေ့လိုက်ရသည်။

လေပြေအေးက တိုးဝှေ့တိုက်ခတ်သွားလေရာ ခုန်မင်၏စိတ်များပင် မသိမသာ လန်းဆန်းသွားရသည်။

မြေအောက်နန်းတော်ထဲတွင် ဤကဲ့သို့ သီးခြားကမ္ဘာတစ်ခုရှိနေမည်ဟု သူ ထင်မထားခဲ့မိပေ။

ဟုတ်ပေ၏။

ဤနေရာက နံရံဆေးရေးပန်းချီအတွင်းမှ သီးခြားကမ္ဘာတစ်ခု ဖြစ်နိုင်ပေသည်။

နံရံဆေးရေးပန်းချီကားထဲမှ ဧရာမသစ်ပင်ကြီးအကြောင်း စဉ်းစားမိသည်နှင့် ခုန်မင် စိတ်လှုပ်ရှားသွားရသည်။

သူ၏ပင်ကိုယ်သိစိတ်က တစ်စုံတစ်ခုကိုအာရုံခံမိပြီး အ‌ဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်တော့ မိုးနှင့်မြေကြားတွင် ဂုဏ်ယူဝင့်ကြွားစွာ မားမားမတ်မတ်ရပ်တည်နေသည့် စိမ်းလန်းသော အရိပ်သဏ္ဌန်တစ်ခုကို တွေ့လိုက်ရသည်။

ထိုအရိပ်သဏ္ဌန်က မိုးကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားလောက်အောင် ခမ်းနားထည်ဝါသည့် ဧရာမသစ်ပင်ကြီးတစ်ပင် ဖြစ်သည်။

“ဒီသစ်ပင်ကြီးက ဖီးနစ်ကျဆုံးတောင်ကြားရဲ့ မြေပုံအပြည့်အစုံ အဆုံးသတ်မှာမြင်ရာတဲ့ ဧရာမသစ်ပင်ကြီးပဲ”

မြေအောက်နန်းတော်ထဲတွင် ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေသည်ဟု မြေပုံတွင်ဖော်ပြထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သစ်ပင်ကြီးက ပန်းချီကားထဲမှ ကမ္ဘာတွင် တည်ရှိနေခြင်း ဖြစ်၏။

နံရံဆေးရေးပန်းချီက လူသားများနှင့် အရာဝတ္ထုများကို ဝါးမျိုပစ်သည့် တွင်းနက်ကြီးတစ်ခုမဟုတ်ဘဲ နယ်မြေကူးပြောင်းအစီအရင်တစ်ခု ဖြစ်ဟန်တူသည်။

ပန်းချီကားကိုထိတွေ့မိသည့် မည်သည့်အရာမဆို ဧရာမသစ်ပင်ကြီးတည်ရှိရာ သီးခြားကမ္ဘာအတွင်းသို့ ပို့ဆောင်ခံရပေမည်။

ဤသို့သော သီးခြားကမ္ဘာကိုဖန်တီးရန်အတွက် ဗလာနယ်စွမ်းအားကို အသုံးပြုရမည်ဖြစ်ပြီး ဤသည်က သာမန်လူသားများ တတ်စွမ်းနိုင်သည့်ကိစ္စ မဟုတ်ပေ။

ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းဖြင့်ဆိုလျှင် ဤသို့သော အဆင့်မျိုးရောက်ရှိရန် အလွန်ပင် အလှမ်းဝေးသေးသည်။

မည်သို့ပင်ဖြစ်စေ ဤနေရာသို့ ရောက်ရှိလာပြီဖြစ်ရာ ထိုဧရာမသစ်ပင်ကြီးတွင် မီးလျှံဖီးနစ်ငှက်ဥ တကယ်ရှိမရှိ သွားရောက်ကြည့်ရှုရပေမည်။

ခုန်မင်က ချက်ချင်းပင် လျှင်မြန်သောအရှိန်အဟုန်ဖြင့် သစ်ပင်ကြီးရှိရာသို့ ထွက်ခွာသွားသည်။

သစ်ပင်ကြီးက အမြင်တွင် သိမ်မဝေးသည့်တိုင် ခုန်မင်၏အရှိန်အဟုန်ဖြင့်ပင် ထိုနေရာသို့ရောက်ရန် နာရီဝက်ခန့်သွားလိုက်ရသည်။

ဟုတ်ပေ၏။

သူ့အရှေ့မှသစ်ပင်ကြီးက စိတ်ကူး၍ပင်မရနိုင်အောင် ကြီးမားလှသည်။

သစ်ပင်ကြီး၏ပင်စည်က လူအယောက်(၄၀)ခန့် လက်ချင်းချိတ် ဝိုင်းပတ်နိုင်သည်အထိ ကျယ်ပြန့်သည်။ မြေပြင်ထက်တွင် ထွက်ပေါ်နေသည့် သစ်မြစ်များကပင် ကျား ၊ ခြင်္သေ့ စသည့်သားရဲများ၏ခန္ဓာကိုယ်လောက် ရှိလေသည်။

ခေါင်းမော့ကြည့်လိုက်တော့ သစ်ပင်ထိပ်ဖျားကို မမြင်ရလောက်သည်အထိ မြင့်မားလှသည်။

ဤမျှထူးခြားကြီးမားသော သစ်ပင်ကြီးက မီးလျှံဖီးနစ်နားခိုရာနေရာအဖြစ် ထိုက်တန်သည် အမှန်ပင်။

ဤသီးခြားကမ္ဘာထဲရှိ ဒြပ်စင်စွမ်းအားကြယ်ဝမှုက ဖီးနစ်ကျဆုံးတောင်ကြားနှင့် သိပ်မကွာသော်လည်း ပတ်ဝန်းကျင်အနေအထားကတော့ အဆပေါင်းများစွာ သာလွန်ကောင်းမွန်သည်။

ပိုပြီးထူးခြားသည်မှာ ဤနေရာတွင် မိစ္ဆာချီများကင်းစင်နေခြင်းဖြစ်၏။

ထို့ကြောင့် ကျင့်ကြံမည်ဆိုပါက မိစ္ဆာချီများ၏တိုက်ခိုက်မှုခံရပြီး စိတ်ဖောက်ပြန်သွားမည်ကို စိုးရိမ်စရာမရှိပေ။

သို့သော် ခုန်မင်ကတော့ ကျင့်ကြံရန် မစဉ်းစားနိုင်သေးပေ။

ဤနေရာတွင် မီးလျှံဖီးနစ်ငှက်ဥ တကယ်ရှိမရှိကိုသာ အလွန်သိချင်နေမိသည်။

ခုန်မင် သစ်ပင်ကြီးအား ခေါင်းမော့ကြည့်လိုက်သည်။

ငှက်ဥကိုရှာဖွေလိုပါက သစ်ပင်ထိပ်ဖျားအထိ တက်ရပေမည်။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် လေပေါ်ပျံသန်းရန် မဖြစ်နိုင်လေရာ ခုန်မင်က ကိုယ်ဖော့ပညာအသုံးပြုပြီး သစ်ပင်ထက်သို့ ခုန်တက်လိုက်သည်။

ကိုယ်ဖော့ပညာသုံးလိုက်သော်လည်း သစ်ပင်ထိပ်ဖျားအထိခုန်နိုင်ခြင်းမရှိဘဲ ပင်စည်တစ်နေရာသို့သာရောက်ရှိသွားပြီး တွယ်ကပ်ထားနိုင်ခဲ့သည်။

ထိုသို့ဖြင့် ခုန်မင် ကိုယ်ဖော့ပညာသုံးကာ သစ်ပင်ကြီးထက်သို့ စတင်တွယ်တက်လေသည်။

အမွှေးတိုင်တစ်တိုင်ခန့် ကုန်ဆုံးချိန်ရောက်တော့ ခုန်မင် အတော်မြင့်မားသည့်နေရာသို့ ရောက်ရှိနေပေပြီ။

အောက်ငုံ့ကြည့်လိုက်တော့ မြေပြင်က အတော်လေးဝေးကွာကျန်ရစ်ခဲ့ပြီး ခေါင်းမော့ကြည့်လိုက်တော့ ဖီးနစ်သစ်ပင်ကြီး၏ အကိုင်းအခက်များကို ခပ်ရေးရေးတွေ့မြင်နေရပေပြီ။

သွားရမည့်ခရီးက သိပ်မဝေးလောက်တော့ပေ။

All Chapters