ပုံရိပ်ယောင်ဖီးနစ်
Vol. 18 Ch. 188
ခုန်မင်တစ်ဘောက် သစ်ပင်ပေါ်တက်သွားသည်မှာ ပုစဉ်းရင်ကွဲလေးတစ်ကောင်နှင့်ပင် တူတော့သည်။
သူက လျှင်မြန်လွန်းသောကြောင့်သာ ထိုမျှမြန်မြန် သစ်ပင်ထိပ်သို့ ရောက်လာခြင်း ဖြစ်၏။
သစ်ပင်ထိပ်ဖျားသို့ရောက်လာသည့်တိုင် ပင်စည်က လူအယောက်(၂၀)ခန့် လက်ချင်းချိတ် ဝိုင်းပတ်၍ရသော အနေအထား ရှိနေသေးသည်။
သစ်ပင်ထိပ်မှ သစ်ရွက်များနှင့် ပိုမိုနီးကပ်လာသည်နှင့် အသက်ဓာတ်စွမ်းအားများလည်း ပိုမိုသိပ်သည်းလာကြောင်း ခံစားရသည်။
ဤနေရာလေးကို “နတ်တို့စံပျော်ရာဘုံ” ဟုပင် တင်စားနိုင်သည်။
မီးလျှံဖီးနစ်သာ သေခြင်းမှတစ်ဖန် ပြန်လည်မွေးဖွားလာမည်ဆိုပါက ဤမျှများပြားသော အသက်ဓာတ်စွမ်းအားများအောက်တွင် မွေးဖွားလာရန် ဖြစ်နိုင်ခြေ ရှိသည်။
ခုန်မင် စွမ်းအားကုန်သုံးပြီး နောက်ဆုံးတစ်ကြိမ် ခုန်တက်လိုက်ချိန်မှာတော့ ဖီးနစ်သစ်ပင်ကြီး၏ ထိပ်ဖျားသို့ ရောက်ရှိသွားသည်။
သစ်ပင်ထိပ်ရှိသစ်ရွက်များက လူတစ်ရပ်ခန့်ကြီးမားပြီး အုံ့ဆိုင်းလျှက်ရှိသည်။
သစ်ပင်ထိပ်ဖျားသို့ ကိုယ်တိုင်ခြေချမကြည့်ဘဲ ဤနေရာ မည်မျှကျယ်ပြန့်ကြောင်း ပြောပြရန် ခက်ခဲသည်။
မြင်သာအောင်ပြောရမည်ဆိုလျှင် ဤနေရာက ချီတိမျိုးနွယ်စု၏ သစ်ပင်တံတိုင်းမြို့တော်နှင့် အနည်းငယ် ဆင်တူသည်။
သို့သော် သစ်ပင်တံတိုင်းမြို့တော်က မြင့်မားလှသည့် သစ်ပင်ပေါင်းများစွာ စုစည်းထားခြင်းဖြစ်ပြီး ဖီးနစ်သစ်ပင်ကြီးက တစ်ပင်တည်းဖြစ်လေရာ ပို၍ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု ဆိုရမည်။
သစ်ပင်ထိပ်ဖျားတွင် မတ်တတ်ရပ်နေရသည့်ခံစားချက်က ကမ္ဘာ့အမြင့်ဆုံးတောင်ထွတ်တွင် မတ်တတ်ရပ်ရင်း တိမ်စိုင်အထပ်ထပ်ကို ငေးမျှော်ကြည့်ရသည့်ပမာ စိတ်ရောလူပါ လန်းဆန်းသွားစေသည်။
ခုန်မင် သစ်ပင်ထိပ်ဖျားတွင် မတ်တတ်ရပ်ရင်း အဝေးသို့ လှမ်းမျှော်ကြည့်လိုက်၏။
ကောင်းကင်ယံက ပြာလွင်နေပြီး မြေပြင်က မြစိမ်းရောင်မြက်ခင်းများဖြင့် ဖုံးလွှမ်းနေကာ အရပ်ရှစ်မျက်နှာလုံး မြူခိုးမြူမှုန်များဖြင့် ပြည့်နက်နေသဖြင့် အဆုံးအစမရှိသည့် ကမ္ဘာတစ်ခုပမာထင်မှတ်ရသည်။
ဤသီးခြားကမ္ဘာငယ်၏အလှတရားက အလွန်မှ အံ့သြဖွယ်ရာပင်။
သို့သော် ဤမျှလှပသော ကမ္ဘာငယ်လေးတွင် သက်ရှိဆို၍ ခုန်မင်မှလွဲပြီး အခြားသူ ရှိမနေပေ။
ကျေးငှက်နှင့် သားရဲများကိုမပြောနှင့် ၊ ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သော အင်းဆက်လေးတစ်ကောင်တလေပင် တွေ့မြင်ရခြင်း မရှိပေ။
အဆုံးအစမရှိသော မြက်ခင်းပြင်ကြီးရှိနေသည့်တိုင်...
ကောင်းကင်ကို ထောက်မပေးထားသည့် ဧရာမဖီးနစ်သစ်ပင်ကြီး ရှိနေသည့်တိုင်...
ကျေးငှက်တို့၏ ကျီကျီကျာကျာအော်သံနှင့် အင်းဆက်တို့၏ တစီစီမြည်သံ ၊ မျောက်ဝံတို့၏ကျုံးဝါးသံ ၊ ကျား ၊ ကျားသစ်တို့၏ ဟိန်းဟောက်သံများ လုံးဝမရှိလေရာ နေရာတစ်ခုလုံးက ချောက်ချားဖွယ်ရာ တိတ်ဆိတ်လျှက် ရှိသည်။
ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ပါက တိတ်ဆိတ်မှုက စိတ်ဖိစီးမှုအဖြစ်ပြောင်းလဲသွားပြီး ရူးသွပ်သွားနိုင်ပေသည်။
ခုန်မင်က သစ်ပင်ထိပ်ဖျားရှိ အကိုင်းအခက်များထက်တွင် မတ်တတ်ရပ်ရင်း အရပ်ရှစ်မျက်နှာသို့ ဝေခွဲမရစွာ ငေးမောကြည့်နေပြီး သူ၏စိတ်အစဉ်တွင် အတွေးပေါင်းစုံက ဒီရေအလား တရိပ်ရိပ်တက်လာနေသည်။
ရှုခင်းများ ခမ်းနားလွန်းသည့်တိုင် သက်ရှိဆို၍ သူမလွဲပြီး အခြားတစ်ယောက်မှ မရှိပေ။
ဤသည်က နံရံဆေးရေးပန်းချီကားထဲမှ သီးခြားကမ္ဘာငယ်တစ်ခု မလွဲမသွေရင်ဆိုင်ရမည့် အကန့်အသတ်ဖြစ်နိုင်သည်။
ဤသို့သော နယ်မြေတစ်ခုကို မည်သည့်နည်းလမ်းဖြင့်ဖန်တီးထားမှန်း မသိရသော်လည်း မည်မျှစစ်မှန်သည့်ပုံစံပေါက်ပါစေ တကယ့် ပြင်ပလောကကြီးနှင့်တော့ လုံးဝ ယှဉ်မရနိုင်ပေ။
ဤနေရာသည် ‘ကြေးမုံပြင်ထက်မှပန်းပွင့်’ ၊ ‘ရေထဲမှလရိပ်’ ပမာ အစစ်အမှန်ကမ္ဘာကို ထင်ဟပ်ထားသည့် စိတ်ကူးယဉ် အရိပ်တစ်ခုမျှသာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဗလာနယ်စွမ်းအားကိုအသုံးပြုပြီး ဤသို့သော နယ်မြေတစ်ခု ဖန်တီးနိုင်သူမှာ သေချာပေါက် တန်ခိုးစွမ်းအားမြင့်မားသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရပေမည်။
ခုန်မင်အနေဖြင့် ထိုသို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လာရန်အတွက် အခြေခံအုတ်မြစ်ခိုင်မာအောင် ကြိုးစားပြီး စိတ်ရှည်လက်ရှည် တစ်လှမ်းချင်းတည်ဆောက်သွားရပေမည်။
စွမ်းအားကြီးမားလာချိန်တွင်လည်း စိတ်ဓာတ်ယိမ်းယိုင်ခြင်းမရှိစေရန် လိုအပ်သည်။
ထိုသို့ အသိနှင့်သတိ ရှိနေမည်ဆိုလျှင် နောင်တစ်ချိန် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် သို့မဟုတ် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်သို့ ရောက်ရှိသည့်တိုင် အားနည်းချက်ကြောင့် ဆိုးရွားစွာ ကျရှုံးခြင်းနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
ပန်းချီကားထဲမှ သီးခြားကမ္ဘာငယ်ကို ကြည့်ခြင်းအားဖြင့် ဤလောကတွင် သူမတူအောင် အစွမ်းထက်သည့်ပုဂ္ဂိုလ်များ ရှိနေကြောင်း သက်သေပြနေသည်။
ခုန်မင်အနေဖြင့် ထိုသို့သော အထွတ်ထိပ်အဆင့်သို့ ရောက်ရှိလိုပါက ကျင့်စဉ်လမ်းထက်ရှိ ဒြပ်စင်စွမ်းအားအရှင်သခင် သို့မဟုတ် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်ဆိုသည်က အရေးမပါလှတော့ပေ။
ထိုအဆင့်များထက် ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် သူ၏နောက်ဆုံးပန်းတိုင်ဖြစ်သော “လောက၏အထွတ်ထိပ်” ဆိုသည့်နေရာကို ရောက်ရှိနိုင်ပေမည်။
ခုန်မင်၏ စိတ်အခြေအနေ တစ်ဆင့်မြင့်သွားသည်နှင့် လောက၏ ထူးခြားဆန်းပြားမှုများတွင် စိတ်အာရုံ ယိမ်းယိုင်ခြင်း မရှိတော့ပေ။
သူက ချက်ချင်းပင် မီးလျှံဖီးနစ်ငှက်ဥနှင့် ပတ်သက်သည့် သဲလွန်စများရှာဖွေရန် ပတ်ဝန်းကျင်ကို အသေးစိတ် စတင်စစ်ဆေးလိုက်သည်။
ယခုအချိန်ထိ ခုန်မင်က အဘိုးကြီးယူဂျီးန်၏ ရည်ရွယ်ချက်အမှန်ကို ရေရေရာရာ မခန့်မှန်းနိုင်သေးပေ။
သူက ဖီးနစ်ငှက်ဥကို အဘယ့်ကြောင့် လိုချင်ရပါသနည်း။
သူက ရိုးရှင်းစွာပင် ဖီးနစ်ငှက်ဥကို လိုချင်သည်လား ၊ သို့မဟုတ် အခြားလျှို့ဝှက်ချက်များ ရှိနေသေးသလား။
အဘိုးကြီးပြောခဲ့သည့် စကားတိုင်းကရော အမှန်ဟု ယုံကြည်နိုင်ပါမည်လား။
မည်သို့ပင်ဖြစ်စေ ယူဂျီးန်၏ကိစ္စများက ခုန်မင်၏ခရီးစဉ်ကို အနှောက်အယှက် မဖြစ်စေခဲ့ပေ။
ဖီးနစ်ကျဆုံးတောင်ကြားသို့ လာရောက်ခဲ့သည့် ခရီးစဉ်က ယူဂျီးန်အတွက် မဟုတ်ဘဲ မိမိကိုယ်တိုင်အတွက်သာ ဖြစ်ကြောင်း ခုန်မင် ရှင်းရှင်းလင်းလင်း နားလည်ထားသည်။
ဖီးနစ်ကျဆုံးတောင်ကြား၏ စမ်းသပ်မှုများက ကျင့်ကြံသူတိုင်းအတွက် အဖိုးတန်သည်ပင် မဟုတ်ပါလား။
ခုန်မင်က လောက၏အထွတ်ထိပ်တွင် ရပ်တည်လိုသူဖြစ်ရာ တတ်နိုင်သမျှ အတွေ့အကြုံသစ်များ ရှာဖွေချင်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် ဤသို့သော စမ်းသပ်ပွဲမျိုးကို လက်လွှတ်ခံမည် မဟုတ်ပေ။
သူနှင့် ယူဂျီးန် ပြုလုပ်ခဲ့သည့် သဘောတူညီချက်မှာလည်း အခြေအနေအရ ရေလိုက်ငါးလိုက် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ပြီးတော့ ခုန်မင့်လက်ထဲ မီးလျှံဖီးနစ်ငှက်ဥ ရောက်ရှိလာပါက ထိုငှက်ဥကို ယူဂျီးန် သေချာပေါက် ရရှိသွားမည်ဟု အပိုင်တွက်၍ မရပေ။
“မိုးကောင်းကင်မှ ပေးသနားသည့် ရတနာဆိုသည်က ထိုက်တန်သူ၏လက်ထဲသို့သာ ရောက်လေ့ရှိသည်” ဆိုသော ရှေးဆိုရိုးစကားရှိသည် မဟုတ်လား။
သို့သော် ခုန်မင်ကတော့ ကတိပျက်မည့်သူမဟုတ်ပေ။
သူက ယူဂျီးန်နှင့် သဘောတူညီမှု ရယူထားပြီး အကျိုးအမြတ်အချို့ကိုလည်း လက်ခံထားသည်ဖြစ်ရာ သူ့အနေဖြင့် အဘိုးအိုအတွက် အစွမ်းကုန်ကြိုးစားပေးရန် တာဝန်ရှိသည်။
ခုန်မင် သစ်ပင်ထိပ်ဖျားတစ်ခွင်လုံးတွင် စေ့စေ့စပ်စပ် ရှာဖွေကြည့်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ ဤသစ်ပင်ကြီးနှင့် မီးလျှံဖီးနစ်ငှက်ဥတို့ ဆက်စပ်နေသည့်သဲလွန်စဟူ၍ တစ်ခုမှ ရှိမနေပေ။
ထိုအချိန် ခုန်မင်၏စိတ်ထဲ ယူဂျီးန် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်သတိရလိုက်မိသည်။
“အဲဒီအပင်ကိုရှာတွေ့တဲ့အချိန် ဒီလျှို့ဝှက်မြေပုံလည်း လက်ထဲမှာရှိနေမယ်ဆိုရင် လုံးဝ ထူးခြားတဲ့အခွင့်အရေးတစ်ခု ရလာနိုင်ပါတယ်...”
ထိုသို့တွေးမိသည်နှင့် ခုန်မင်က လက်ကောက်ဝတ်ကိုတစ်ချက်ခါလိုက်ပြီး ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံကို ထုတ်ယူလိုက်သည်။
အပေါ်ယံကြည့်မည်ဆိုလျှင် ထိုမြေပုံက ဆိတ်သားရေတစ်ချပ်နှင့် တူပေသည်။
သို့သော် တကယ်တမ်းမှာတော့ ထိုမြေပုံက မီးလျှံဖီးနစ်ငှက်၏ အမွှေးအတောင်မှ အသွင်ပြောင်းသွားခြင်း ဖြစ်သည်။
ခုန်မင် ထိုမြေပုံကို ထုတ်ယူလိုက်သည်နှင့် မထင်မှတ်သည့် ပြောင်းလဲမှုတစ်ခု စတင်ဖြစ်ပေါ်လာသည်။
ဖီးနစ်သစ်ပင်ကြီး၏ထိပ်ဖျားက အလွန်ပင် ကြီးမားကျယ်ပြန့်ပြီး အသက်ဓာတ်စွမ်းအားများ သိပ်သည်းပြည့်နက်လျှက် ရှိသည်။
အသက်ဓာတ်စွမ်းအားများက လူသားတို့၏ခန္ဓာကိုယ်အတွက် အလွန်ပင် အကျိုးရှိသည်ဖြစ်ရာ သစ်ပင်ထိပ်ဖျားတွင် ရပ်နေသည့် ခုန်မင်သည်ပင် ကိုယ်တွင်းမှ သွေးစွမ်းအားနှင့် အသက်ဓာတ်စွမ်းအားများ တက်ကြွနိုးကြားလာသည်ကို ခံစားရသည်။
ယခု ခုန်မင်က ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံကို ထုတ်ယူလိုက်ည့်အခါ သစ်ပင်ထိပ်ဖျားတွင် သိပ်သည်းစွာ စုစည်းနေသည့် အသက်ဓာတ်စွမ်းအားများက ထွက်ပေါက်ရှာတွေ့သွားသည့်အလား သူ့လက်ထဲမှ မြေပုံရှိရာသို့ အရူးအမူး လှိမ့်ဝင်လာတော့သည်။
ထိုခံစားချက်က အလွန်ပင် ကြမ်းတမ်းသည်ဖြစ်ရာ ခုန်မင်မှာ မုန်တိုင်းထန်နေသည့်ပင်လယ်ပြင်ထဲတွင် လွင့်မျောနေသည့် လှေငယ်ပမာ ခံစားလိုက်ရသည်။
တခါတရံ လှိုင်းလုံးများထက်သို့ မြှောက်တင်ခံရပြီး တစ်ခါတရံ ပင်လယ်အနက်ရှိုင်းဆုံးသို့ နစ်မြုပ်သွားပြန်လေရာ ခုန်မင်မှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
အသက်ဓာတ်စွမ်းအားများ အဆက်မပြတ်စီးဝင်လာသည်နှင့်အမျှ မူလက သာမန်သားရေပြားတစ်ချပ်ပမာဖြစ်သော မြေပုံမှာလည်း တဖြည်းဖြည်း ပုံသဏ္ဌန်ပြောင်းလဲကာ ပိုမိုရှည်လျားလာသည်။
ထို့နောက် ရုတ်တရက်ပင် မြေပုံမှ စူးရှတောက်ပသော သွေးနီရောင်အလင်းတန်းများ ဖြာထွက်လာလေရာ ခုန်မင်မှာ မျက်စိကျိန်းသွားသဖြင့် ခဏမျှပင် မျက်လုံးမှိတ်ထားလိုက်ရ၏။
သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် ခုန်မင်၏လက်ထဲမှမြေပုံကလည်း တစ်စတစ်စ ပိုမိုပူပြင်းလာသည်။
ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံအပြည့်အစုံမှာ သက်မဲ့မြေပုံတစ်ခုဖြစ်သည့်တိုင် အသက်ဓာတ်စွမ်းအားများ စီးဆင်းဝင်ရောက်လာမှုကြောင့် ပြန်လည်အသက်ဝင်လာသည့်ပမာ ထူးဆန်းသော အသွင်းပြောင်းမှုများ စတင်ပြသလာသည်။
နောက်ဆုံးမှာတော့ သားရေပြားတစ်ချပ်နှင့်ဆင်တူသော မြေပုံမှာ မီးလျှံအလင်းတန်းများဖြာထွက်နေသည့် (၉)ပေခန့်ရှည်လျားသော ငှက်မွှေးအရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ငှက်မွှေးပုံစံက ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်ဖြစ်သော “မီးလျှံဖီးနစ်ငှက်မွှေး” နှင့် အလွန်ဆင်တူသော်လည်း အလျားက သိသိသာသာ ပိုမိုရှည်လျားသည်။
ဤမြေပုံက မီးလျှံဖီးနစ်ငှက်မွှေးဖြင့် ဖန်တီးထားခြင်းဖြစ်ရာ ယခု သူ၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
မူလပုံစံ ပြန်လည်ထွက်ပေါ်လာသည်နှင့် မီးလျှံဖီးနစ်ငှက်မွှေးက အလင်းတန်းများ ဖြာထွက်လာရုံသာမက ကြောက်မက်ဖွယ်ရာ အပူရှိန်ကိုလည်း ထုတ်လွှတ်လာသည်။
အပူရှိန်ပြင်းလွန်းသဖြင့် ခုန်မင်မှာ ငှက်မွှေးကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ဘဲ လွှတ်ချလိုက်ရသည်။
ငှက်မွှေးက ခုန်မင့်လက်ထဲမှ လွတ်ထွက်သွားသော်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျခြင်းမရှိဘဲ စီးဆင်းဝင်ရောက်လာသော အသက်ဓာတ်စွမ်းအားများ၏ အရှိန်အဟုန်ဖြင့် လေထဲတွင်တန့်လျှက် ရပ်တည်နေသည်။
အသက်ဓာတ်စွမ်းအားများ အရှိန်မပျက် ဆက်လက်စီးဝင်နေလေရာ ငှက်မွှေးမှာလည်း နောက်ထပ်အသွင်ပြောင်းမှုတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
ငှက်မွှေးမှ ဖြာထွက်နေသည့် သွေးနီရောင်အလင်းတန်းများက ပိုမိုတောက်ပလာပြီး ပတ်ဝန်းကျင်တစ်ခွင်သို့ ကျယ်ပြန့်စွာ လွှမ်းခြုံသွားသည်။
သွေးနီရောင်အလင်းတန်းများက ပေပေါင်းများစွာအထိ ကျယ်ပြန့်လာပြီး အလင်းတန်းများထဲတွင် အသက်ဝင်လှသော မီးလျှံဖီးနစ်တစ်ကောင်၏ ပုံရိပ်ကြီးထွက်ပေါ်လာသည်။
ထိုပုံရိပ်ကြီးက အလင်းတန်းများဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည့်တိုင် မီးလျှံဖီးနစ်အစစ်တွင်သာ ရှိနိုင်သည့် ထူးခြားနက်နဲသော နတ်ဘုရားရောင်ဝါများကို အပြည့်အဝ ပိုင်ဆိုင်ထားရုံသာမက နတ်သားရဲတို့၏ အတုမရှိ မာန်မာနတို့သည်လည်း ကိန်းအောင်းနေသည်။
ဖီးနစ်ငှက်၏ နီရဲတောက်ပသော မျက်ဝန်းအစုံသည်ပင် ခုန်မင်ကို ငေးစိုက်ကြည့်နေသယောင် ထင်မှတ်ရသည်။
အသက်ဓာတ်စွမ်းအားများစွာကို စုပ်ယူပြီးနောက် ဖီးနစ်ငှက်မွှေးတစ်ချောင်းသည်ပင် ဤသို့သော အံ့သြဖွယ်ရာပုံရိပ်ကို ဖန်တီးနိုင်စွမ်းရှိခဲ့သည်။
သို့ဖြစ်ရာ ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာမည့် မီးလျှံဖီးနစ်ငှက်ဥသာ ဤမျှများပြားသော အသက်ဓာတ်စွမ်းအားများကို စုပ်ယူမိလျှင် ဤကမ္ဘာပေါ်သို့ မီးလျှံဖီးနစ် တဖန်ပြန်လည် ဆင်းသက်လာနိုင်မည်လား မဆိုနိုင်ပေ။
သို့သော် ယခုကဲ့သို့ မီးလျှံဖီးနစ်ပုံရိပ်ကြီး ထွက်ပေါ်လာရသည့် ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မည်နည်း။
ဤပုံရိပ်ကြီးက မီးလျှံဖီးနစ်ငှက်ဥရှိရာသို့ တစ်နည်းနည်းဖြင့် လမ်းညွှန်ပေးနိုင်မည်လားဟု ခုန်မင် တွေးလိုက်မိသည်။
မီးလျှံဖီးနစ်ပုံရိပ် အပြည့်အဝ ရုပ်လုံးပေါ်လာချိန်မှာတော့ အပြင်းအထန်စီးဝင်နေသည့် အသက်ဓာတ်စွမ်းအားများ ရပ်တန့်သွားသည်။
ထို့နောက် ဖီးနစ်ပုံရိပ်ကြီးက တောင်ပံတစ်ချက်ခတ်လိုက်ရာ ဗလာနယ်ထဲတွင် မီးလျှံများ ပေါက်ကွဲထွက်သွားပြီး ဖီးနစ်ငှက်၏ခန္ဓာကိုယ်ထက်တွင် မီးလျှံဝတ်ရုံတစ်ခု ခြုံလွှမ်းသွားသည်။
ဖီးနစ်ငှက်ပုံရိပ်ကြီးက ပတ်ဝန်းကျင်မှ မီးဒြပ်စင်စွမ်းအားများကိုစုစည်းပြီး မီးလျှံဝတ်ရုံတစ်ခု ဖန်တီးလိုက်ခြင်းပင် ဖြစ်၏။
ကြည့်ရသည်မှာ ဤမီးလျှံဖီးနစ်ပုံရိပ်ယောင်က အလှပြသက်သက်မဟုတ်ဘဲ ဒြပ်စင်စွမ်းအားများကို အသုံးချပြီး တိုက်ပွဲဝင်နိုင်စွမ်း ရှိဟန်တူသည်။
မီးလျှံဖီးနစ်က မီးလျှံဝတ်ရုံကို ခြုံလွှမ်းလိုက်သည်နှင့် ဘာကြောင့်မှန်းမသိ ခုန်မင့်စိတ်ထဲ တင်းကျပ်သွားရသည်။
သူက ချက်ချင်းပင် သတိထားလိုက်ပြီး ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားများကို အရှိန်အဟုန်ဖြင့် လှည့်ပတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
မီးလျှံဖီးနစ်က သက်မဲ့ပုံရိပ်တစ်ခုဖြစ်သည့်တိုင် ခုန်မင်ထံမှထွက်ပေါ်နေသည့် ရန်လိုသောအငွေ့အသက်ကို အာရုံခံမိဟန် ရှိသည်။
ထို့ကြောင့် ခုန်မင်ကလည်း မပေါ့ဆဝံ့ဘဲ သတိကြီးကြီး ထားလိုက်၏။
ရုတ်တရက်ပင် ပုံရိပ်ယောင်ဖီးနစ်က စူးရှကျယ်လောင်စွာ အော်မြည်လိုက်ရာ လေထုထဲတွင် မီးလျှံများပေါက်ကွဲထွက်သွားပြီး ခုန်မင်ရှိရာနေရာတစ်ခုလုံးအား ဝန်းရံပိတ်ဆို့လိုက်သည်။
မီးတောက်မီးလျှံများက မီးလျှံဥက္ကာခဲများအဖြစ် ပြောင်းလဲသွားပြီး ခုန်မင်ထံသို့ တန်းတန်းမတ်မတ် ကြွေကျလာသည်။
ပုံရိပ်ယောင်ဖီးနစ်က အမှန်တကယ်ပင် စတင်တိုက်ခိုက်လိုက်ပေပြီ။
ခုန်မင်ကလည်း ကြိုတင်ပြင်ဆင်ထားသည်ဖြစ်ရာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။
သူက နက်ရှိုင်းသစ်သားဒိုင်းကို ဆင့်ခေါ်ကာ ဒိုင်းကို ထီးအသွင်အသုံးပြုပြီး ကျဆင်းလာသည့် မီးလျှံဥက္ကာခဲများကို ခုခံလိုက်လေသည်။