← Chapters

ဖီးနစ်ငှက်ဥအတွက် အသက်ဓာတ်စွမ်းအားများ

Vol. 18 Ch. 189

ဖီးနစ်ငှက်ဥအတွက် အသက်ဓာတ်စွမ်းအားများ

Vol. 18 Ch. 189

မီးလျှံဖီးနစ်အစစ်နှင့်ရင်ဆိုင်ရပါက ခုန်မင် မည်မျှပင် သတ္တိကောင်းပါစေ နက်ရှိုင်းသစ်သားဒိုင်းကို အားကိုးပြီး ခုခံဝံ့မည် မဟုတ်ပေ။

ယခုက ပုံရိပ်ယောင်ဖီးနစ်မျှသာဖြစ်လေရာ မီးလျှံဖီးနစ်အစစ်၏ တိုက်ခိုက်ရေးစွမ်းရည် အပြည့်အဝ ကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

“ဘုန်း... ဘုန်း... ဘုန်း”

ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မီးလျှံဥက္ကာခဲများက နက်ရှိုင်းသစ်သားဒိုင်းထက်သို့ ကျရောက်လာသည်။

နက်ရှိုင်းသစ်သားဒိုင်းက ခံစစ်အတွက် သီးသန့်ထုတ်လုပ်ထားသည့် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်ရာ မီးလျှံဥက္ကာခဲများမှာ ဒိုင်းကာကို ဖောက်ထွက်နိုင်ခြင်းမရှိသဖြင့် ခုန်မင်မှာ မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။

သို့သော် သူ ဝမ်းမသာနိုင်သည့်အပြင် စိတ်ထဲမှကျိတ်ပြီး ထိတ်လန့်သွားမိသည်။

အဘယ်ကြောင့်ဆိုသော် ပုံရိပ်ယောင်ဖီးနစ်မှ တိုက်ခိုက်လိုက်သော မီးလျှံဥက္ကာခဲများ၏ အဖျက်စွမ်းအားက လေမိုးကြိုးကျားသစ်၏ လျှပ်စီးအလင်းတန်းများထက်ပင် ကြောက်စရာကောင်းနေသောကြောင့် ဖြစ်၏။

သူ့အရှေ့မှ မီးလျှံဖီးနစ်က ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သော်လည်း အဆင့်(၆) မှော်ဝင်သားရဲဖြစ်သည့် လေမိုးကြိုးကျားသစ်ထက်ပင် တိုက်ခိုက်ရေးစွမ်းအား ပိုမိုသာလွန်သည်။

လေမိုးကြိုးကျားသစ်၏စွမ်းအားက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် အထွတ်ထိပ်အဆင့်နှင့် ညီမျှသည်ဆိုလျှင် ဤပုံရိပ်ယောင်ဖီးနစ်က ဒြပ်စင်စွမ်းအား ထိပ်တန်းသခင်အဆင့် ရှိနိုင်ပေသည်။

ဖီးနစ်ငှက်မွှေးတစ်ပင်မှ ဖန်တီးလိုက်သော ပုံရိပ်ယောင်သည်ပင် ဤမျှအစွမ်းထက်နေလျှင် မီးလျှံဖီးနစ်အစစ်ဆိုလျှင် မည်မျှ တန်ခိုးစွမ်းအားမြင့်မားမည်လဲ မခန့်မှန်းနိုင်ပေ။

ထိုသို့တွေးမိတော့ ခုန်မင် မချိပြုံး ပြုံးလိုက်မိသည်။

သူက အလွန်ဆုံးရှိမှ အလယ်ဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကိုသာ ယှဉ်နိုင်သူ ဖြစ်သည်။

လေမိုးကြိုးကျားသစ်နှင့် ရင်ဆိုင်ခဲ့စဉ်ကပင် သူပိုင်ဆိုင်သမျှ ရတနာပစ္စည်းအားလုံး အသုံးပြုခဲ့သည့်တိုင် ခံစစ်အနေအထားတွင်သာ ရှိနေခဲ့သည်။

သို့ဖြစ်ရာ ခုန်မင်က ပါရမီရှင်တစ်ယောက်ဖြစ်သည်ဆိုဦးတော့ ဒြပ်စင်စွမ်းအား ထိပ်တန်းသခင်တစ်ယောက်ကို မည်သို့ယှဉ်နိုင်ပါမည်နည်း။

မီးလျှံဥက္ကာခဲများဖြင့် တိုက်ခိုက်ခြင်း အဆုံးသတ်သွားသည့်တိုင် ပုံရိပ်ယောင်ဖီးနစ်က ကျေနပ်ပုံ မပေါ်သေးပေ။ သူက အတောင်ပံများကိုဖြန့်ကားလိုက်ပြီး တစ်ချက်ပြီးတစ်ချက် စည်းချက်ကျကျ ရိုက်ခတ်လိုက်သည်။

တောင်ပံတစ်ချက်ခတ်လိုက်တိုင်း ဟင်းလင်းပြင်ထဲမှ ပြင်းထန်သော မီးလျှံပင်လယ်ကြီးများ ပေါက်ကွဲထွက်လာပြီး ခုန်မင်ရှိရာသို့ တရကြမ်း ဝင်ရောက်လာကြသည်။

ဤမီးလျှံပင်လယ်ကြီးများ၏ ခမ်းနားထည်ဝါမှုနှင့် တန်ခိုးစွမ်းအားက ခုန်မင် မီးလျှံဖီးနစ်ငှက်မွှေး အသုံးပြုပြီး ဖန်ဆင်းခဲ့သော မီးလျှံပင်လယ်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။

ပိုပြီး မယုံနိုင်စရာကောင်းသည်မှာ ပုံရိပ်ယောင်ဖီးနစ်က တောင်ပံကို (၁၀)ကြိမ်ထက်မနည်း ဆက်တိုက်ရိုက်ခတ်လိုက်လေရာ မီးလျှံပင်လယ်များက တစ်ခုနှင့်တစ်ခုဆင့်သွားပြီး မီးလျှံပင်လယ်(၁၀)ထပ် ဖြစ်ပေါ်လာသည်။

ထိုမီးလျှံပင်လယ်(၁၀)ထပ်၏ အဖျက်စွမ်းအားမှာ သာမန်လူတစ်ယောက် စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေသည်။

ဤမျှပြင်းထန်သော ငရဲမီးလျှံများအောက်တွင် အသွေးအသားနှင့် တည်ဆောက်ထားသော လူသားခန္ဓာ မဆိုထားနှင့် အကြိမ်တစ်ရာခန့် ဖိုထိုးခံထားရသော သံမဏိတုံးပင်လျှင် ခဏအတွင်း အရည်ပျော်သွားပေမည်။

ဤသို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန် အသက်ရှင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အမြန်ဆုံး ထွက်ပြေးရန်ပင် ဖြစ်၏။

သို့သော် ခုန်မင်မှာ ထွက်ပြေးရန်ပင် မတတ်စွမ်းနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ပုံရိပ်ယောင်ဖီးနစ် အတောင်ပံခတ်လိုက်ချိန်တွင် မီးလျှံပင်လယ်နှင့်အတူ ထူးဆန်းနက်နဲပြီး မမြင်နိုင်သော စွမ်းအားတစ်ခုကိုပါ တပြိုင်တည်း ထုတ်လွှတ်လိုက်သောကြောင့် ဖြစ်၏။

ထိုစွမ်းအားက သဏ္ဌန်မဲ့စွမ်းအားတစ်ခုဖြစ်ပြီး ဗလာနယ်ကို ပိတ်လှောင်ထားနိုင်စွမ်းရှိသည်။

ခုန်မင် ထိုစွမ်းအားကို အာရုံခံမိစဉ်မှာပင် သူ၏ပတ်ဝန်းကျင် ဗလာနယ်တစ်ခုလုံးက သံလှောင်အိမ်တစ်ခုပမာ ပိတ်ဆို့သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူ၏လှုပ်ရှားမှုများအားလုံးက ကန့်သတ်ထားသည့် လှောင်အိမ်အတွင်း ချုပ်ချယ်ခံလိုက်ရသည်။

သူ ထွက်ပြေးချင်သည်ဆိုလျှင် ဗလာနယ်အရံအတားကို ချိုးဖျက်ရပေမည်။ သို့ပေသိ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူ့အနေဖြင့် ဗလာနယ်စွမ်းအားကို ဖျက်ဆီးရန် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် ခုန်မင်မှာ သူ့ထံဝင်ရောက်လာသည့် မီးလျှံပင်လယ်ကြီးကို ကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။

သို့သော် ခုန်မင်၏မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။

ဟုတ်ပေ၏။

သူ့တွင် မီးလျှံပင်လယ်ကြီးများကိုရင်ဆိုင်ရန် နည်းလမ်း ရှိနေပေသည်။

သူက တဟုန်ထိုးဝင်ရောက်လာသော မီးလျှံပင်လယ်ကြီးများကို စူးစိုက်ကြည့်ရင်း လက်ကောက်ဝတ်ကိုတစ်ချက်ခါလိုက်ရာ မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းတန်းများ တောက်ပနေသည့် ရှေးကျသော “ဆူးခက်သရဖူ” က သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။

ဆူးခက်သရဖူ၏ ပုံပန်းသွင်ပြင်က သာမန်သစ်ခက်လေးမျှသာဖြစ်ပြီး အထင်ကြီးစရာ မရှိပေ။

သို့သော် ဤရတနာပစ္စည်းက နတ်သူငယ်များ၏ မဟာရတနာပစ္စည်း(၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်သော “ဘုရင်တို့‌ဆောင်းနှင်းသည့် ဆူးခက်သရဖူ” ပင် ဖြစ်သည်။

မြေအောက်နန်းတော်တွင် လေမိုးကြိုးကျားသစ်ဖြင့် တိုက်ခိုက်စဉ်က ပတ်ဝန်းကျင်တွင် သစ်ပင်သစ်တောများ မရှိသဖြင့် ဤသရဖူ၏စွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်စွမ်း မရှိခဲ့ပေ။

ယခု နံရံဆေးရေးပန်းချီထဲမှ သီးခြားကမ္ဘာငယ်လေးတွင်တော့ အသက်ဓာတ်စွမ်းအားများ အလွန်ပင် ပေါများပြည့်လျှံနေသည်ဖြစ်ရာ ဤနတ်လက်နက်ကို ထုတ်ဖော်အသုံးပြုနိုင်တော့မည် ဖြစ်၏။

ဆူးခက်သရဖူ၏ အဓိကလုပ်ဆောင်ချက်က ပတ်ဝန်းကျင်ရှိ သစ်ပင်သစ်တောများမှ အသက်ဓာတ်စွမ်းအားကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးပြီး မျှဝေခံစားစေခြင်း ဖြစ်သည်။

ပြောရမည်ဆိုလျှင် ယခု ခုန်မင်ရောက်ရှိနေသည့် ဖီးနစ်သစ်ပင်ကြီး‌လောက် အသက်ဓာတ်စွမ်းအားကောင်းမွန်သည့်နေရာ ဤလောကတွင် မရှိနိုင်ပေ။

ထို့ပြင် သီးခြားကမ္ဘာငယ်တစ်ခုလုံးမှ သစ်ပင်ပန်းမန်များနှင့် မြက်ခင်းလွင်ပြင်များကိုပါ ပေါင်းစည်းလိုက်မည်ဆိုလျှင် အသက်ဓာတ်စွမ်းအားများက လိုသည်ထက်ပင် ပိုနေပေသေးသည်။

ဤသီးခြားကမ္ဘာငယ်လေးထဲတွင် ဆူးခက်သရဖူကို ဆုပ်ကိုင်ထားသရွေ့ ခုန်မင်က မသေမျိုးတစ်ယောက်ပမာ ဖျက်ဆီး၍မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သွားပေမည်။

ပုံရိပ်ယောင်ဖီးနစ်သာ ဖီးနစ်သစ်ပင်ကြီးကို အမြစ်မှနှုတ်ယူပြီး မြက်ခင်းလွင်ပြင်တစ်ခုလုံး ပြာကျအောင် မီးရှို့မပစ်လျှင် ခုန်မင်အနေဖြင့် မည်သည့်အန္တရယ်မှ မရှိနိုင်ပေ။

သူက ချက်ချင်းပင် ဆူးခက်သရဖူကို ဦးခေါင်းထက်တွင် ဆောင်းလိုက်သည်။

ဆူးခက်သရဖူ ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်နှင့် ဆူးချွန်များက ခုန်မင်၏ဦးရေကိုဖောက်ထွင်းပြီး ဦးခေါင်းခွံထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားသည်။

ဆူးခက်များ စိုက်ဝင်သွားသည်နှင့် ဆူးခက်သရဖူနှင့် ခုန်မင်၏ အသွေးအသား ၊ စိတ်ဝိညာဉ် တသားတည်းကျသွားသည့်ပမာ ခံစားလိုက်ရသည်။

ပုံရိပ်ယောင်ဖီးနစ် ပစ်လွှတ်လိုက်သော မီးလျှံပင်လယ်အထပ်ထပ်က ခုန်မင်ထံသို့ ဝင်ရောက်လာသည်နှင့် ဆူးခက်သရဖူမှ မကုန်ခမ်းနိုင်သော အသက်ဓာတ်စွမ်းအားလှိုင်းလုံးကြီးက သူ၏ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး စီးဝင်လာသည်။

နဂိုက မှိန်ဖျော့ဖျော့ အလင်းရောင်မျှသာ တောက်ပနေသော ဆူးခက်သရဖူက ယခုတော့ တောက်ပသည့် အစိမ်းရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

ထိုအလင်းတန်းများက မီးလျှံပင်လယ်ကြီးများထက်ပင် ပိုမိုစူးရှတောက်ပနေသေးသည်။

ခဏအကြာမှာတော့ မီးလျှံပင်လယ်ကြီးများက ခုန်မင်၏ခန္ဓာကိုယ်တစ်ခုလုံးအား ဝါးမျိုသွားသည်။

သို့သော် ရွှေကိုပင်အရည်ပျော်စေပြီး ကျောက်သားကို အငွေ့ပျံစေနိုင်သည့် ငရဲမီးပင်လယ်ကြီးမှာ ခုန်မင်ကို ထိခိုက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ကြောက်မက်ဖွယ်ရာ မီးလျှံစွမ်းအားများ ဝင်ရောက်လာတိုင်း ဆူးခက်သရဖူမှ အစိမ်းရောင်အလင်းတန်းများ တောက်ပလာပြီး ခုန်မင်၏ခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်စွမ်းအားများ ထည့်သွင်းပေးကာ အပူလှိုင်းများအားလုံးကို အကြွင်းမဲ့ချေဖျက်ပစ်လိုက်သည်။

ခုန်မင်၏ခန္ဓာကိုယ်တွင် အပူနှင့်အအေး တစ်လှည့်စီပြောင်းလဲနေသည်မှလွဲပြီး အခြား မသက်မသာဖြစ်မှုမျိုး မခံစားရပေ။

ဤကဲ့သို့ ထူးခြားသည်ပတ်ဝန်းကျင်မျိုးတွင် ဆူးခက်သရဖူက “နတ်ဘုရားအဆင့် ရတနာပစ္စည်း” ဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှသည်။

ယခုဆိုလျှင် ဧရာမသစ်ပင်ကြီးနှင့် အဆုံးမဲ့မြက်ခင်းလွင်ပြင်မှ အသက်ဓာတ်စွမ်းအားများကြောင့် ခုန်မင်က မည်သို့မှဖျက်ဆီးမရသော တည်ရှိမှုတစ်ခု ဖြစ်နေပေပြီ။

ပုံရိပ်ယောင်ဖီးနစ်က ဒြပ်စင်စွမ်းအား ထိပ်တန်းသခင်အဆင့်ရှိသော ကြောက်မက်ဖွယ်ရာစွမ်းအားမျိုး ပိုင်ဆိုင်ထားသည့်တိုင် လောလောဆယ်မှာတော့ ခုန်မင်ကို ထိခိုက်အောင်လုပ်နိုင်စွမ်း မရှိတော့ပေ။

တကယ်တော့ ဤပုံရိပ်ယောင်ဖီးနစ်ကြီးက မီးလျှံဖီးနစ်၏ ငှက်မွှေးတစ်ချောင်းမှ အသွင်ပြောင်းထားခြင်းဖြစ်ပြီး ပင်ကိုယ်သိစိတ်မရှိဘဲ ဗီဇအရသာ လှုပ်ရှားနေခြင်း ဖြစ်၏။

မီးလျှံပင်လယ် (၁၀)ထပ်ဆင့်ထားခြင်းကပင် ခုန်မင်ကို ပြာကျအောင်မလုပ်နိုင်သည့်အခါ ပုံရိပ်ယောင်ဖီးနစ်မှာ အားမလိုအားမရဖြစ်လာပြီး တောင်ပံများကို မနားတမ်းရိုက်ခတ်လိုက်သည်။

မီးတောက်မီးလျှံများက ခုန်မင်ကို သဲလွန်စမကျန် ဖျက်ဆီးပစ်တော့မည့်အလား အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။

သို့သော် ပုံရိပ်ယောင်ဖီးနစ်၏ မီးလျှံစွမ်းအားထိန်းချုပ်မှုက အလွန်ပင် စေ့စပ်သေချာသည်။

သူက ခုန်မင်တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး ဧရာမသစ်ပင်ကြီးကိုတော့ လုံးဝ ထိခိုက်အောင် မလုပ်ခဲ့ပေ။

သို့ပေသိ ဧရာမသစ်ပင်ကြီးမှ အသက်ဓာတ်စွမ်းအားများက ဆူးခက်သရဖူမှတစ်ဆင့် ခုန်မင်ထံသို့ စီးဆင်းဝင်ရောက်နေသည်ဖြစ်ရာ ခုန်မင်ကို မီးရှို့နေခြင်းက သစ်ပင်ကြီးကို မီးရှို့နေသည်နှင့် အတူတူပင် ဖြစ်၏။

ဤသီးခြားကမ္ဘာငယ်လေး တည်ရှိနေရသည့် တစ်ခုတည်းသောရည်ရွယ်ချက်မှာ ဖီးနစ်သစ်ပင်ကြီးအတွက် ကြောက်မက်ဖွယ်ရာ အသက်ဓာတ်စွမ်းအားများ စုစည်းပေးရန် ဖြစ်သည်။

“ဖီနစ်ငှက်သည် ဖီးနစ်သစ်ပင်မှတပါး အခြားသစ်ပင်၌မနား” ဆိုသော ဒဏ္ဍာရီလာဆိုရိုးက အကြွင်းမဲ့ အမှန်တရားပင် ဖြစ်သည်။

မီးလျှံ‌ဖီးနစ်က နိဗ္ဗာနမီးတောက်ဖြင့် ပြန်လည်မွေးဖွားနိုင်သောစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ၊ ပြန်လည်မွေးဖွားမလာခင် အရင်ဆုံး ဖီးနစ်ငှက်ဥဘဝဖြင့် ပေါက်ဖွားရန် လိုအပ်သည်။

ဖီးနစ်ငှက်ဥပေါက်ဖွားလာခြင်းဆိုသည်က သာမန် ငှက်ဥများပေါက်ဖွားခြင်းနှင့် လုံးဝ မတူပေ။

ဖီးနစ်ငှက်ဥအတွက် ဖီးနစ်သစ်ပင်ကြီးက ကြားခံအဖြစ် အာဟာရနှင့် အနွေးဓာတ်ရစေရန်အတွက် အသက်ဓာတ်စွမ်းအားများ စုစည်းပေးရန် လိုအပ်သည်။

အသက်ဓာတ်စွမ်းအားများ လုံလောက်စွာ စုဆောင်းနိုင်မှသာလျှင် ဖီးနစ်ငှက်ဥမှ အောင်မြင်စွာ အကောင်ပေါက်လာနိုင်ပေမည်။

ထို့ကြောင့် ဤသီးခြားကမ္ဘာငယ်လေးက မီးလျှံဖီးနစ်ငှက်ဥ အကောင်ပေါက်လာစေရန် သီးသန့်ဖန်တီးထားခြင်းဟု ဆိုနိုင်၏။

တကယ်တော့ ဖီးနစ်ငှက်ဥက ဖီးနစ်သစ်ပင်၏ ပင်စည်ထဲတွင် သိုဝှက်ထားခံရပြီး များပြားလှသော အသက်ဓာတ်စွမ်းအားများဖြင့် ပြုစုပျိုးထောင်မှု ခံယူနေရသည်။

ဤနေရာရှိ အသက်ဓာတ်စွမ်းအားတိုင်းက မီးလျှံဖီးနစ်ငှက်ဥအတွက် ရည်ရွယ်ထားခြင်း ဖြစ်၏။

ထို့ကြောင့် ဤနယ်မြေသို့ ကျူးကျော်ဝင်ရောက်လာသည့် မည်သည့်သက်ရှိကိုမဆို ဖီးနစ်ငှက်ဥအတွက် ရည်ရွယ်ထားသော အသက်ဓာတ်စွမ်းအားများကို လုယူစားသုံးမည့် ကပ်ပါးကောင်အဖြစ် ရှုမြင်ခံရသည်။

သို့ဖြစ်ရာ ဤသီးခြားကမ္ဘာငယ်လေးသို့ ကျူးကျော်ဝင်ရောက်လာသည့် သက်ရှိမှန်သမျှ အစဖျောက် ခံရမည်သာပင်။

ခုန်မင် ဤနယ်မြေအတွင်း ခြေချလိုက်စဉ်မှာပင် ဤသီးခြားကမ္ဘာငယ်က သူ့ကို ကျူးကျော်သူအဖြစ် အလိုအလျောက် သတ်မှတ်လိုက်ပြီး ဖြစ်သည်။

ဟုတ်ပေ၏။

ဤသီးခြားကမ္ဘာငယ်ကို ကာကွယ်ပေးထားသည့်အစီအရင်က ခုန်မင် ထုတ်ယူလိုက်သည့် မြေပုံအပြည့်အစုံနှင့် ချိတ်ဆက်နေသည်။

မြေပုံကို ထုတ်ယူလိုက်ခြင်းက ဤနေရာရှိ အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် ခုန်မင်က မြေပုံကိုထုတ်ယူလိုက်သည်နှင့် မြေပုံက မီးလျှံဖီးနစ်ငှက်မွှေးအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်မှ အသက်ဓာတ်စွမ်းအားများကိုစုပ်ယူကာ ပုံရိပ်ယောင်ဖီးနစ် အစီအရင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့နောက် အကာအကွယ်အစီအရင်က ခုန်မင်ကို တစ်ချက်တည်းဖြင့် အမှုန့်ချေရန် ကြိုးစားတော့သည်။

ခုန်မင်ကဲ့သို့ ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်နိုင်မည်ဆိုပါက သူ၏ခန္ဓာကိုယ်မှ များပြားသော အသက်ဓာတ်စွမ်းအားများ ထွက်ပေါ်လာမည်ဖြစ်ရာ ဤသီးခြားကမ္ဘာငယ်အတွက် အသက်ဓာတ်စွမ်းအား ထပ်မံဖြည့်တင်းပေးသကဲ့သို့ ဖြစ်သွားပေမည်။

ထို့ကြောင့်ပင် ပုံရိပ်ယောင်ဖီးနစ်က ခုန်မင်ကို မနားတမ်း အစွမ်းကုန် တိုက်ခိုက်နေခြင်း ဖြစ်၏။

သို့သော် ခုန်မင်က ဆူးခက်သရဖူကိုအသုံးပြုပြီး သူ၏အသက်ဓာတ်စွမ်းအားကို ဖီးနစ်သစ်ပင်ကြီးနှင့် ချိတ်ဆက်ထားသည်ဖြစ်ရာ ၊ ပုံရိပ်ယောင်ဖီးနစ် တိုက်ခိုက်လိုက်တိုင်း ခုန်မင်ကိုမထိခိုက်ဘဲ နှစ်ပေါင်းများစွာ အသက်ဓာတ်စွမ်းအားများ ကြိုးစားစုစည်းထားသည့် သစ်ပင်ကြီးသာလျှင် ဝါးမျို‌လောင်မြိုက်ခံနေရတော့သည်။

ပုံရိပ်ယောင်ဖီးနစ်နှင့် တိုက်ပွဲနောက်ကွယ်တွင် ဤသို့သောလျှို့ဝှက်ချက်များရှိနေကြောင်း ခုန်မင်သည်ပင် သတိမထားခဲ့မိပေ။

All Chapters