← Chapters

မီးလျှံဖီးနစ်ပြန်လည်မွေးဖွားခြင်း

Vol. 18 Ch. 190

မီးလျှံဖီးနစ်ပြန်လည်မွေးဖွားခြင်း

Vol. 18 Ch. 190

ခုန်မင်က မီးလျှံစွမ်းအားနှင့် အသက်ဓာတ်စွမ်းအားတို့၏ အားပြိုင်မှုအလယ်တွင် ရောက်ရှိနေသည်။

ပုံရိပ်ယောင်ဖီးနစ်မှ ထုတ်လွှတ်လိုက်သော မီးလျှံပင်လယ်၏ အဖျက်စွမ်းအားက အလွန်ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။

ဆူးခက်သရဖူသာ မရှိပါက ခုန်မင် ပြာမှုန့်ဖြစ်သွားပေမည်။

ဆူးခက်သရဖူကြောင့်သာ ခုန်မင်က ဖီးနစ်သစ်ပင်ကြီးမှ အသက်ဓာတ်စွမ်းအားကို မျှဝေခံစားနိုင်ပြီး အထိအခိုက်မရှိ ဘေးကင်းနေခြင်း ဖြစ်သည်။

ဟုတ်ပေ၏။

ဆူးခက်သရဖူက ပုံရိပ်ယောင်ဖီးနစ်၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးထားခြင်း မဟုတ်ပေ။

ပုံရိပ်ယောင်ဖီးနစ်၏တိုက်ခိုက်မှုက ခုန်မင်၏ ခန္ဓာကိုယ်အား တိုက်စားပျက်ဆီးသွားစေသည်။ သို့သော် ပျက်ဆီးမှုတိုင်းကို ဆူးခက်သရဖူက အသက်ဓာတ်စွမ်းအားမျှဝေပြီး မျက်စိတစ်မှိတ်အတွင်း ပြန်လည်ပြုပြင်ပေးနေခြင်းဖြစ်သည်။

ဤသည်က သေမင်းတံခါးဝတွင် ရှင်သန်ခြင်းကို ရှာဖွေခြင်းဟု ဆိုနိုင်သည်။

ခုန်မင်၏ ရုပ်ခန္ဓာမှာ “ဖျက်ဆီးခံရလိုက် ၊ ပြန်လည်ပြုပြင်လိုက်” ဖြင့် သံသရာလည်နေပြီး ၊ ဤသို့ဖြစ်နေခြင်းက ခုန်မင်၏ရုပ်ခန္ဓာအား ပိုမိုသန်မာလာစေရန် အားဖြည့်ပေးနေသည်။

သေခြင်းရှင်ခြင်း တစ်လှည့်စီ ကူးပြောင်းနေသည်ဖြစ်ရာ ခုန်မင်၏ခန္ဓာကိုယ်အား ပန်းပဲဆရာတစ်ဦးက အကြိမ်ကြိမ်ထုနှက် ပုံသွင်းနေသည့်ပမာ ဖြစ်၏။

ခုန်မင်က တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ဆိုသော နတ်မျိုးနွယ်ကျင့်စဉ်ကို ကျင့်ကြံထားပြီး ပထမအဆင့်ဖြစ်သော ရိုးတွင်းခြင်ဆီသန့်စင်ခြင်းနှင့် သွေးကြောဆုံချက်ပြောင်းလဲခြင်း တို့ကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် နဂိုကတည်းကပင် သူ၏ရုပ်ခန္ဓာက သာမန်လူများ၏ကန့်သတ်ချက်ကို ကျော်လွန်နေခဲ့သည်။

ယခု ပြင်းထန်သော မီးလျှံစွမ်းအားနှင့် သိမ်မွေ့သော အသက်ဓာတ်စွမ်းအားတို့ တစ်လှည့်စီသွန်းလောင်းမှုအောက်တွင် သူ၏ရုပ်ခန္ဓာကျင့်ကြံခြင်းမှာ နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။

ဤအဆင့်တွင် ခုန်မင်၏ရုပ်ခန္ဓာက အသန်မာဆုံး မှော်ဝင်သားရဲများထက်ပင် အဆပေါင်းများစွာ သာလွန်သွားနိုင်သည်။

လက်ရှိမှာတော့ ခုန်မင်၏ခန္ဓာကိုယ်က အပူအအေး တစ်လှည့်စီရိုက်ခတ်သည့်ဒဏ်ကို တောင့်ခံနေရသည်။ သို့သော် ထိုသို့ အပူအအေး ကူးပြောင်းမှု တစ်ခါဖြစ်တိုင်း သူ၏ရုပ်ခန္ဓာက ပိုမိုကျစ်လျစ် ခိုင်မာလာသည်။

သို့ဖြစ်ရာ သူကိုယ်တိုင် သတိမထားမိခင်မှာပင် ရုပ်ခန္ဓာသန့်စင်ခြင်းပညာအထွတ်ထိပ်အဆင့်ဖြစ်သော “ပြီးပြည့်စုံခြင်းအဆင့်” သို့ ရောက်ရှိသွားသည်။

ပုံရိပ်ယောင်ဖီးနစ်ငှက်ကြီးမှာ ခုန်မင်ကို မနိုင်သည့်အဆုံး စွမ်းအားနှစ်ဆတိုးပြီး တိုက်ခိုက်လိုက်ရာ မီးလျှံပင်လယ်များ၏စွမ်းအားက ပိုပြီး ကြောက်မက်ဖွယ်ကောင်းလာသည်။

သို့သော် ဤသို့ စွမ်းအားတိုးမြှင့်တိုက်ခိုက်လိုက်ခြင်းက ဧရာမ ဖီးနစ်သစ်ပင်ကြီး၏ အသက်ဓာတ်စွမ်းအားကို ပိုမိုမြန်ဆန်စွာ ကုန်ခမ်းလာစေသည်။

နောက်ဆုံး ခုန်မင်နှင့်အနီးဆုံးတွင်ရှိသော သစ်ကိုင်းနှင့်သစ်ရွက်များသည်ပင် ဝါကြင်ကြင်အရောင်သမ်းကာ ညှိုးနွမ်းခြောက်သွေ့လာသည်။

နံရံဆေးရေးပန်းချီကားအတွင်းမှ ကမ္ဘာငယ်က နှစ်ပေါင်းသောင်းနှင့်ချီ တည်ရှိခဲ့ပြီး အသက်ဓာတ်စွမ်းအားများကို ဖြည်းဖြည်းမှန်မှန် စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။

ယခုတော့ အချိန်တိုအတွင်းမှာပင် အသက်ဓာတ်စွမ်းအား အမြောက်အမြားဆုံးရှုံးသွားပြီး ဖီးနစ်သစ်ပင်ကြီးပင် ညှိုးနွမ်းစပြုလာပေပြီ။

အသက်ဓာတ်စွမ်းအားများ ဤအတိုင်း ဆက်လက်ဆုံးရှုံးနေပါက နောက်ဆုံး ထိခိုက်ပျက်ဆီးသွားမည့်အရာမှာ အသက်ဓာတ်စွမ်းအားများဖြင့် ပြုစုပျိုးထောင်မှုကိုခံယူရင်း အကောင်ပေါက်ရန်စောင့်ဆိုင်းနေသည့် မီးလျှံဖီးနစ်ငှက်ဥသာ ဖြစ်ပေမည်။

ခုန်မင်နှင့် ပုံရိပ်ယောင်ဖီးနစ်တို့၏ အားပြိုင်မှုက အချိန်သိပ်မကြာခဲ့ပေ။

သို့သော် အသက်ဓာတ်စွမ်းအားများစွာ ဆုံးရှုံးသွားသည်ဖြစ်ရာ ပြန်လည်ဖြည့်တင်းရန်အတွက် အနည်းဆုံး နှစ်ပေါင်းတစ်ထောင်ခန့် အချိန်ယူရပေမည်။

ဤသည်က မီးလျှံဖီးနစ်ငှက်ဥ လုံးဝ ခံနိုင်ရည်မရှိသည့် ဆုံးရှုံးမှုကြီးသာပင်။

ဖီးနစ်ငှက်ဥက အကောင်မပေါက်သေးသဖြင့် အသိဉာဏ်မရှိသော်လည်း ရှင်သန်လိုသည့် ဗီဇစိတ်က အလွန်ထက်သန်သည်။

ခုန်မင်က ဖီးနစ်သစ်ပင်ကြီးမှ အသက်ဓာတ်စွမ်းအားများကို အလုံးအရင်းနှင့် စုပ်ယူနေလေရာ ဖီးနစ်ငှက်ဥမှာ မိမိအသက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်သော အနှစ်သာရများ ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် ပျောက်ကွယ်နေကြောင်း အာရုံခံလိုက်မိသည်။

ဤအတိုင်းသာ ဆက်သွားပါက သူ့အနေဖြင့် အောင်မြင်စွာ ပြန်လည်မွေးဖွားနိုင်မည် မဟုတ်တော့ပေ။

ထိုအကျပ်အတည်းကို အာရုံခံမိသည်နှင့် ဖီးနစ်ငှက်ဥ၏ ပင်ကိုယ်ဗီဇထွက်ပေါ်လာပြီး ဖီးနစ်သစ်ပင်ကြီးတွင် ကျန်ရှိနေသော အသက်ဓာတ်စွမ်းအားမှန်သမျှကို အငမ်းမရ လျှင်မြန်စွာ စတင်စုပ်ယူတော့သည်။

ပုံမှန်ဆိုလျှင် ဖီးနစ်ငှက်ဥမှ အကောင်ပေါက်ချိန်ရောက်မှသာ ဥခွံအက်ကွဲပြီး ပြန်လည်မွေးဖွားရန်အတွက် အသက်ဓာတ်စွမ်းအားများစွာကို အလုံးအရင်းနှင့် စုပ်ယူရမည် ဖြစ်သည်။

ယခုတော့ ခုန်မင်ကြောင့် အသက်ဓာတ်စွမ်းအားများ ခမ်းခြောက်လာသည်ဖြစ်ရာ ဤအတိုင်းဆက်သွားပါက ဖီးနစ်ငှက် ပြန်လည်မွေးဖွားရန်အတွက် နောက်ထပ် နှစ်ပေါင်းတစ်သောင်း ထပ်မံစောင့်ဆိုင်းရပေမည်။

အသက်ဓာတ်စွမ်းအားများ ကုန်ခမ်းလာကြောင်း အာရုံခံမိသည်နှင့် ဖီးနစ်ငှက်ဥ၏ ရှင်သန်လိုသည့် ပင်ကိုယ်ဗီဇ ထွက်ပေါ်လာသည်။

ထိုဗီဇ၏တိုက်တွန်းမှုဖြင့် ငှက်ဥက အသက်ဓာတ်စွမ်းအားများကို အငမ်းမရ စုပ်ယူတော့သည်။

ဖီးနစ်သစ်ပင်ကြီး၏ အကိုင်းအခက် အရွက်များအားလုံးတွင် ပျံ့နှံ့နေသော အသက်ဓာတ်စွမ်းအားများမှာ တာတံမကျိုးပေါက်သည့်အလား ပင်စည်အတွင်းပိုင်းသို့ တဟုန်ထိုး စုပြုံဝင်ရောက်သွားကြသည်။

တစ်ချိန်တည်းမှာပင် သစ်ပင်ထိပ်ဖျားတွင် အပေါက်တစ်ခု အလိုအလျောက်ပွင့်လာပြီး ထိုအပေါက်ထဲမှ မှိန်ဖျော့သည့် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအပေါက်မှ အောက်သို့ငုံ့ကြည့်မည်ဆိုလျှင် သစ်ပင်ကြီး၏ပင်စည်အတွင်းပိုင်း အောက်ဘက် ပေပေါင်းများစွာအဝေးတွင် ကြိတ်ဆုံကျောက် အရွယ်ရှိသည့် မီးလျှံဖီးနစ်ငှက်ဥကို တွေ့ရပေမည်။

ယခု ထိုငှက်ဥက အသက်ဓာတ်စွမ်းအားများကို အငမ်းမရ စုပ်ယူနေပြီး ၊ ထိုငှက်ဥ စုပ်ယူနေသည့်ပမာဏက ခုန်မင်၏ ဆူးခက်သရဖူ စုပ်ယူသည့်ပမာဏထက် အဆပေါင်းများစွာ ပိုမိုကြီးမားသည်။

အသက်ဓာတ်စွမ်းအားများကို အငမ်းမရ စုပ်ယူနေရင်း မီးလျှံဖီးနစ်ငှက်ဥက ကြည်လင်သည့်သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ဧရာမနှလုံးသားကြီးတစ်ခု ခုန်လှုပ်သည့်ပမာ စတင်ခုန်လှုပ်လာ၏။

ကြည့်ရသည်မှာ ဥအတွင်းမှ သတ္တဝါတစ်ကောင် ထိုးဖောက်ထွက်လာတော့မည့်အလား ဖြစ်သည်။

ခုန်မင်နှင့် တိုက်ခိုက်နေသည့် ပုံရိပ်ယောင်ဖီးနစ်မှာ မြေပုံအပြည့်အစုံနှင့် အသက်ဓာတ်စွမ်းအားပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် အရံအတားအစီအရင်တစ်ခု ဖြစ်သည်။

ယခု မီးလျှံဖီးနစ်ငှက်ဥက အသက်ဓာတ်စွမ်းအားများအားလုံးကို စုပ်ယူလိုက်ရာ ပုံရိပ်ယောင်ဖီးနစ်အတွက်ပင် စွမ်းအားများ မကျန်ရှိတော့ပေ။

အသက်ဓာတ်စွမ်းအားကုန်ခမ်းသွားသည်နှင့် ပုံရိပ်ယောင်ဖီးနစ်က မှိန်ဖျော့သွားပြီး မီးလျှံဖီးနစ်ငှက်မွှေးအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ခုန်မင်ရှေ့သို့ ပျံဝဲကျဆင်းလာသည်။

ပုံရိပ်ယောင်ဖီးနစ် ပျောက်ကွယ်သွားသည်နှင့် ခုန်မင်ကိုတိုက်ခိုက်နေသည့် မီးလျှံပင်လယ်ကြီးများမှာလည်း တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။

ငရဲမီးလျှံများ မရှိတော့သဖြင့် ခုန်မင်သည်လည်း ဆက်လက်ခုခံစရာ မလိုတော့လေရာ ဆူးခက်သရဖူက အသက်ဓာတ်စွမ်းအားများကို စုပ်ယူခြင်း ရပ်တန့်လိုက်သည်။

နောက်ဆုံး သီးခြားကမ္ဘာငယ်လေးထဲမှ အသက်ဓာတ်စွမ်းအားများအားလုံး ဖီးနစ်ငှက်ဥဆီသို့သာ ဦးတည်စီးဆင်းသွားကြတော့၏။

ထူးဆန်းသောအပြောင်းအလဲများကြောင့် ခုန်မင် အံ့အားသင့်သွားပြီး ရုတ်တရက် ဖြစ်ပေါ်လာသော သစ်ပင်ထိပ်ဖျားမှ အခေါင်းပေါက်ထံသို့ လှမ်းကြည့်လိုက်မိသည်။

ထိုအခေါင်းပေါက်အတွင်းမှ သွေးနီရောင်အလင်းတန်းများ ဖြာထွက်လျှက် ရှိလေသည်။

ခုန်မင် ချက်ချင်းပင် ထိုနေရာသို့ အရောက်သွားပြီး သစ်ခေါင်းအတွင်းဘက်သို့ ငုံ့ကြည့်လိုက်သည်။

မြင်ရသည့်မြင်ကွင်းက အလွန်ပင် အံ့သြမှင်တက်စရာကောင်းသည်။

ထို့ပြင် ဖီးနစ်ငှက်ဥကို အဘယ့်ကြောင့် ရှာမတွေ့ရသည်ကိုလည်း ခုန်မင် သဘောပေါက်သွားရသည်။ ဤငှက်ဥက ဧရာမသစ်ပင်ကြီး၏ ပင်စည်ထဲတွင် ကွယ်ဝှက်ပုန်းအောင်းနေသည် မဟုတ်ပါလား။

သီးခြားကမ္ဘာငယ်လေးထဲမှ အသက်ဓာတ်စွမ်းအားများအားလုံးကို စုပ်ယူပြီးနောက် ဥခွံက ဖန်သားပမာကြည်လင်လာပြီး ငှက်ဥထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ကူးခတ်နေသည်ကို တွေ့မြင်ရသည်။

ထိုရွှေရောင်အလင်းတန်းက သက်ရှိသတ္တဝါတစ်ကောင်အလား တုန်ခါနေလေရာ ဥခွံသည်လည်း စည်းချက်ကျကျ ခုန်လှုပ်နေတော့သည်။

ခုန်မင် ကြည့်နေစဉ်မှာပင် ဖီးနစ်ငှက်ဥက အသက်ဓာတ်စွမ်းအားများကို ပိုမိုမြန်ဆန်စွာ စုပ်ယူလိုက်ရာ ငှက်ဥက ဘောလုံးတစ်လုံးပမာ ခုန်ပေါက်သွားပြီး ဥခွံထက်တွင် ပင့်ကူအိမ်သဏ္ဌန် အက်ကြောင်းများထင်လာသည်။

ထို့နောက် ငှက်ဥတစ်ခုလုံး အပိုင်းပိုင်းအက်ကွဲသွားပြီး အထဲတွင်ကူးခတ်နေသည့် ရွှေရောင်အလင်းတန်းလေး အပြင်ဘက်သို့ ထိုးထွက်လာလေရာ ခုန်မင်သည်ပင် မျက်စိကျိန်းလုမတတ် ဖြစ်သွားရသည်။

သီးခြားကမ္ဘာငယ်ထဲမှ အသက်ဓာတ်စွမ်းအားများကို တစ်စက်မကျန်စုပ်ယူပြီးနောက် မီးလျှံဖီးနစ်ငှက်ဥ နိဗ္ဗာနမီးတောက်ဖြင့် ပြန်လည်မွေးဖွားလာခဲ့ပေပြီ။

မီးလျှံဖီးနစ် ပြန်လည်မွေးဖွားခြင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရမည်ဟု ခုန်မင် ထင်မထားခဲ့မိပေ။

တိုက်တိုက်ဆိုင်ဆိုင် ဖီးနစ်ငှက်က အဘယ့်ကြောင့် ဤအချိန်ကျမှ ပြန်လည်မွေးဖွားလာသည်ကိုလည်း နားမလည်နိုင်ဖြစ်နေရသည်။

မည်သို့ပင်ဖြစ်စေ ဤဖီးနစ်ငှက်က ရန်သူလား မိတ်ဆွေလား မသိနိုင်သေးသဖြင့် ခုန်မင် သတိထားနေရန် ဆုံးဖြတ်လိုက်သည်။

ပြန်လည်မွေးဖွားလာသော ဖီးနစ်ငှက်သည်လည်း ပုံရိပ်ယောင်ဖီးနစ်ငှက်ကဲ့သို့ပင် အချိန်မရွေး တိုက်ခိုက်လာနိုင်သည် မဟုတ်လား။

ခုန်မင်မှာ ပုံရိပ်ယောင်ဖီးနစ်ငှက်ကိုပင် အနိုင်မယူနိုင်လေရာ ဖီးနစ်ငှက်အစစ်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

“ဒီကောင် ငါ့ကိုလာတိုက်ရင်တော့ ဆူးခက်သရဖူကိုပဲ ထပ်ပြီးအားကိုးရဦးမှာပဲ”

ခုန်မင် သက်ပြင်းချရင်း တွေးလိုက်သည်။

“ပြန်လည်မွေးဖွားလာတဲ့ ဖီးနစ်ကတော့ ကျိုးကြောင်းဆီလျော်တဲ့ငှက် ဖြစ်ပါစေလို့ ဆုတောင်းရတော့မှာပဲ”

သို့သော် ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာခြင်းက လူအများစိတ်ကူးထားသလို ဟိန်းဟောက်ကြုံးဝါးသံများဖြင့် ပြည့်နက်မနေခဲ့ပေ။

ဥခွံကွဲအက်သွားချိန် စူးရှသည့် ရွှေရောင်အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည်မှလွဲပြီး မည်သည့်အသံမှ မကြားရပေ။

ဒဏ္ဍာရီအရဆိုလျှင် မီးလျှံဖီးနစ်ငှက်ဆိုသည်က ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများဖြင့် ဝန်းရံလျှက် သွေးနီရောင်အလင်းတန်းများတောက်ပကာ ကောင်းကင်ထက် ခမ်းနားစွာ ပျံသန်းနေရမည် ဖြစ်သည်။

ယခု အဘယ့်ကြောင့် ငှက်ဥထဲမှ ရွှေရောင်အလင်းတန်းတစ်ခုသာ ထွက်ပေါ်လာရပါသနည်း။

ပြန်လည်မွေးဖွားလာသော မီးလျှံဖီးနစ်၏ပုံစံကို သိချင်လွန်းသဖြင့် ခုန်မင် စိတ်အားထက်သန်စွာပင် သစ်ခေါင်းထဲသို့ စူးစိုက်ကြည့်လိုက်သည်။

သို့သော် ခုန်မင် အလွန်အမင်း အံ့အားသင့်သွားရသည်မှာ သစ်ခေါင်းထဲတွင် ကြေမွနေသော ဥခွံအပိုင်းအစများမှလွဲပြီး မည်သည့်အရာမှ ရှိမနေခြင်းပင်။

မီးလျှံဖီးနစ်ငှက်ကို မည်သည့်နေရာတွင်မှ တွေ့ရှိရခြင်း မရှိပေ။

ခုန်မင် : “........”

ခုန်မင် အူကြောင်ကြောင် ဖြစ်သွားရသည်။

ရွှေရောင်အလင်းတန်း ထိုးထွက်လာချိန် မျက်စိတ်ကျိန်းလွန်းသဖြင့် မည်သည့်အရာကိုမှ သေချာမမြင်နိုင်ခဲ့ပေ။

သို့သော် ထိုအလင်းတန်းအလယ်တွင် တစ်စုံတစ်ခုရှိနေကြောင်း မရေမရာဖြင့် တွေ့မြင်လိုက်သည်မှာ သေချာသည်။ အဘယ့်ကြောင့် အလင်းတန်းပျောက်ကွယ်သွားသည်နှင့် ဘာမှမကျန်ရှိတော့ပါသနည်း။

ပြန်လည်မွေးဖွားလာသော ဖီးနစ်ငှက်က ခုန်မင်ကဲ့သို့ အပြင်လူတစ်ယောက်ဖြင့် မတွေ့ဆုံချင်သောကြောင့် ပျံသန်းထွက်ခွာသွားခဲ့ပြီလား။

ထိုအချိန်မှာပင်...

သူ၏ဦးခေါင်းထက်သို့ တစ်စုံတစ်ခု ကျရောက်လာကြောင်း အာရုံခံလိုက်မိသည်။

ပြန်လည်မွေးဖွားလာသည့် မီးလျှံဖီးနစ်ငှက်က သူ၏ ဆူးခက်သရဖူကို လုယူရန် ချက်ချင်းပင် ပစ်မှတ်ထားလိုက်ပြီလား။

ခုန်မင် ရင်ထိတ်သွားရသည်။

ဖီးနစ်ငှက်သာ ရန်ပြုလာပါက ခုန်မင် အသက်ရှင်ရန်အတွက် တစ်ခုတည်းသောဝှက်ဖဲမှာ ဆူးခက်သရဖူသာလျှင် ဖြစ်သည်။

ဖီးနစ်ငှက်သာ ထိုရတနာပစ္စည်းကို လုယူမည်ဆိုလျှင် သူ့အသက်ကို နှုတ်ယူသည်နှင့် အတူတူပင် ဖြစ်ပေမည်။

ခုန်မင် ထိတ်လန့်သွားပြီး သရဖူကျွတ်ထွက်မသွားစေရန် ချက်ချင်းပင် လက်ဖြင့်အုပ်ကိုင်လိုက်သည်။

အမှန်တော့ ခုန်မင် ဆူးခက်သရဖူကို ဆောင်းလိုက်ကတည်းက သရဖူမှဆူးချွန်များက ဦးရေခွံထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီဖြစ်ရာ ၊ ထိုရတနာပစ္စည်းက သူနှင့် တသားတည်းပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

ဖီးနစ်ငှက် မည်မျှပင် စွမ်းအားကြီးမားပါစေ ထိုသရဖူကို လွယ်လွယ်နှင့် ဆွဲကုပ်ယူသွားရန် မဖြစ်နိုင်ပေ။

ဆူးခက်သရဖူက ခုန်မင်၏ သွေးအနှစ်သာရဖြင့် နိုးထလာသဖြင့် သူနှင့် ထိုရတနာပစ္စည်းကို ခွဲခွာစေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူ့အသက်ကို အဆုံးစီရင်ခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဦးခေါင်းထက်သို့ တစ်စုံတစ်ခု ကျရောက်လာသည့်အထိအတွေ့က အလွန်ထူးဆန်းသဖြင့် ခုန်မင်မှာ စိုးရိမ်စိတ်ဖြင့် သရဖူကို လက်ဖြင့်ဖိထားလိုက်မိသည်။

သူ့ဦးခေါင်းထက်မှအရာက အဘယ်နည်း။

တကယ်ပဲ ဖီးနစ်ငှက် ဆင်းသက်လာခြင်းများလား။

ဖီးနစ်ငှက်ဆိုသည်က ဧရာမသတ္တဝါကြီးဖြစ်လေရာ တကယ်တမ်း ထိုငှက်သာဆင်းသက်လာပါက သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖီးနစ်ငှက်မွှေးများဖြင့် ဖုံးလွှမ်းသွားပေမည်။

ယခုတော့ ထိုသို့မဟုတ်ခဲ့ပေ။

သူ၏ဦးခေါင်းထက်တွင် သေးငယ်ပြီး‌ လေးလံသည့်အရာတစ်ခု ရှိနေခြင်းသာ ဖြစ်၏။

All Chapters