ချစ်စရာကောင်းသည့် ကြက်ပေါက်လေး
Vol. 18 Ch. 191
ခုန်မင် ရွေးချယ်စရာမရှိဘဲ သူ့ဦးခေါင်းထက်မှအရာကို လက်ဖြင့်စမ်းသပ်ကြည့်လိုက်သည်။
နူးညံ့အိစက်သော အမွေးပွပွ အရာတစ်ခုကို စမ်းသပ်မိသည့်အတွက် ခုန်မင် ဆတ်ခနဲပင် တုန်သွားရသည်။
ဘယ်လိုအရာက သူ့ခေါင်းပေါ်ရောက်နေသည်လဲ...။
သူထိတွေ့မိသည့်အရာက လုံးလုံးဝန်းဝန်း ဖောင်းဖောင်းကားကားဖြစ်ပြီး သခွားမွှေးသီး အရွယ်အစားခန့်ရှိကာ အလွန်ချောမွေ့နူးညံ့သည့် အမွှေးနုနုအိအိလေးများဖြင့် ဖုံးလွှမ်းထားသည်။
ခုန်မင် ထိုအရာကို လက်ဖြင့်ဖြစ်ညှစ်ကြည့်လိုက်ရာ အမွှေးပွများနောက်ကွယ်သွင် အသွေးအသားနှင့် အရိုးတည်ရှိမှုများကို အာရုံခံလိုက်မိသည်။
ဤအရာက သက်ရှိတစ်ကောင်သာပင်။
ဤသီးခြားကမ္ဘာငယ်ထဲသို့ မည်သည့်သတ္တဝါက ရောက်ရှိလာရပါသနည်း။
“နေဦး... မဟုတ်သေးဘူး...”
ခုန်မင် ရေရွတ်လိုက်သည်
ရုတ်တရက်ပင် သူ့စိတ်ထဲ သံသယဝင်သွားပြီး ထိုအမွေးပွပွအရာကို ဆုပ်ကိုင်ကာ သူ့မျက်စိရှေ့သို့ဆွဲယူလိုက်သည်။
သို့သော် ထိုသတ္တဝါလေးက လက်သည်းများဖြင့် သူ့ဆံပင်များကို ဆွဲကုပ်ထားသည်ဖြစ်ရာ ခုန်မင်မှာ ဆံပင်များကျွတ်ထွက်ပြီး စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရသည်။
ခုန်မင် အံ့အားသင့်သွားသလို ရယ်လည်းရယ်ချင်သွားပြီး အားအနည်းငယ်သုံးက ထိုအမွေးလုံးလေးကို ဖြစ်ညှစ်ပစ်လိုက်၏။
“ကျွိ ကျွိ ကျွိ...”
ခုန်မင်၏ ဦးခေါင်းထက်မှ အော်သံသေးသေးလေး ထွက်ပေါ်လာသည်။
အမွေးပွလုံးလေးမှာ ဖြစ်ညှစ်ခံလိုက်ရသဖြင့် နာကျင်သွားပုံရပြီး မကျေမနပ်ဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
ထိုသတ္တဝါလေး နာကျင်သွားသဖြင့် ခုန်မင်၏ဆံပင်များကို ကုပ်ထားသည့် လက်သည်းလေးများမှာလည်း အလိုလိုပြေလျော့သွားသည်။
ထိုအချိန်မှာပင် ခုန်မင်က ထိုအရာလေးကို ခေါင်းပေါ်မှ အသာဆွဲချလိုက်လေသည်။
သူ့မျက်စိရှေ့ရောက်လာသည့် သတ္တဝါလေးက တစ်ကိုယ်လုံး နူးညံ့သည့် ရွှေဝါရောင်အမွှေးများဖြင့် ဖုံးလွှမ်းထားကာ သိုးမွှေးလုံးလေးပမာ လုံးဝန်းလို့နေသည်။
သူ့ပုံစံက အခြားသားရဲများကဲ့သို့ ခန့်ညားထည်ဝါမှု မရှိသော်လည်း အရောင်အသွေးက ငြင်းမရအောင် လှပလွန်းသည်။
ပို၍ ချစ်စရာကောင်းသည်မှာ ထိုအကောင်လေး၏ မျက်လုံးလေးများပင်ဖြစ်သည်။
မျက်လုံးလေးများကဆန်စေ့ခန့်သာရှိသော်လည်း သွေးထားသည့် မဟူရာကျောက်ပမာ နက်မှောင်တောက်ပလို့နေသည်။
သူက ခုန်မင်အား စူးစမ်းလိုစိတ်ဖြင့် အားမနာတမ်း ပြန်လည်စိုက်ကြည့်နေလေသည်။
ချစ်စရာကောင်းသောမျက်လုံးလေးများအောက်တွင် သေးငယ်ချွန်ထက်သည့် အဝါရောင်နှုတ်သီးလေး ရှိနေသည်။
“ကျွိ ကျွိ...”
အဝါရောင်နှုတ်သီးလေးက ဖွင့်ချည်ပိတ်ချည်ဖြင့် မနားတမ်းအော်မည်နေလေရာ လူတစ်ယောက် စကားပြောနေသည့်အလား ထင်မှတ်ရသည်။
ထိုသတ္တဝါလေး၏ နံဘေးတစ်ဖက်စီတွင် သေးငယ်သော ရွှေရောင်အတောင်ပံလေးတစ်စုံ ရှိနေသည်။ ထိုအတောင်လေးများက ကောင်းစွာမဖွံ့ဖြိုးသေးသဖြင့် ပျံသန်းရန်မဆိုထားနှင့် ဖြန့်ကားရန်ပင် မတတ်နိုင်သေးပေ။
ပြောရလျှင် ဤအမွေးပွအကောင်လေးမှာ ဥခွံမှထွက်လာသည့် ကြက်ပေါက်လေးတစ်ကောင်နှင့်ပင် ဆင်တူသည်။ သူ၏ခန္ဓာကိုယ်ကတော့ ကြက်ပေါက်လေးများထက် ပိုမိုလုံးဝန်းကြီးမားကာ ဘောလုံးလေးတစ်လုံးနှင့် ပိုတူနေသည်။
ခုန်မင် ကြက်ပါက်လေးကို မအီမလည်ဖြင့် ကြည့်လိုက်ပြီး သစ်ခေါင်းထဲမှ ဖီးနစ်ငှက်ဥအပိုင်းအစများကို ပြန်ငုံ့ကြည့်လိုက်သည်။
ယခု သူ သဘောပေါက်သွားပေပြီ။
ဒဏ္ဍာရီလာ နတ်သားရဲကြီးတစ်ကောင်ဖြစ်သော “မီးလျှံဖီးနစ်” မှာ အကောင်ပေါက်စအချိန်တွင် ဤမျှ ချစ်စရာကောင်းနေမည်ဟု ထင်မထားခဲ့ပေ။
ဤချစ်စဖွယ် အမွေးလုံးလေးမှာ မီးလျှံဖီးနစ်ဖြစ်နေသည်ဆိုသောအချက်က စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ဟုတ်ပေ၏။
သာမန်အခြေအနေဆိုလျှင် ဥခွံမှခွဲထွက်လာသည့် ဖီးနစ်ငှက်တစ်ကောင်က ဤသို့သောပုံစံမျိုး လုံးဝ ရှိနေမည် မဟုတ်ပေ။
ယခု မီးလျှံဖီးနစ်ငှက်ဥက အသက်ဓာတ်စွမ်းအား ပြတ်လပ်မှုနှင့် ရင်ဆိုင်ရပြီး ဖီးနစ်သစ်ပင်ကြီးတွင်ကျန်ရှိသည့် အသက်ဓာတ်စွမ်းအားများကို အတင်းအကျပ်စုပ်ယူကာ အချိန်မတိုင်ခင် ပြန်လည်မွေးဖွားခဲ့ရသည်။
ထို့ကြောင့် မီးလျှံဖီးနစ်ငှက်မှာ အသက်ဓာတ်စွမ်းအားများ လိုအပ်သလောက်မရရှိသဖြင့် ခန္ဓာကိုယ်သည်လည်း ဖွံ့ဖြိုးခြင်းမရှိဘဲ ကြက်ပေါက်လေးတစ်ကောင်ပမာ ဖြစ်နေရသည်။
ပုံမှန်အတိုင်းသာ အကောင်ပေါက်ခဲ့မည်ဆိုပါက ဥခွံမှထွက်ထွက်ချင်းတွင် အရွယ်ရောက်ပြီး ဖီးနစ်ငှက်ကြီးကဲ့သို့ မကြီးမားစေဦးတော့ အမွှေးအတောင်စုံလင်စွာဖြင့် ချက်ချင်းပျံသန်းနိုင်စွမ်းရှိမည် ဖြစ်သည်။
ပြီးတာ့ ယခုပြန်လည်မွေးဖွားလာသည့် ဖီးနစ်ငှက်က သာမန်ဖီးနစ်ငှက်များနှင့်မတူဘဲ အလွန်ထူးခြားသည့် သွေးမျိုးဆက်မှဆင်းသက်လာခြင်း ဖြစ်နိုင်သည်။
မဟုတ်ပါက နိဗ္ဗာနမီးတောက်ဖြင့် ပြန်လည်မွေးဖွားခြင်းတွင် ဤမျှကြောက်မက်ဖွယ်ရာ များပြားလှသော အသက်ဓာတ်စွမ်းအားများ လိုအပ်မည် မဟုတ်ပေ။
သာမန်ဖီးနစ်ဆိုလျှင် ဤသီးခြားကမ္ဘာငယ်ထဲတွင် နဂိုရှိနေပြီးသား အသက်ဓာတ်စွမ်းအားပမာဏက ပြန်လည်မွေးဖွားလာရန် လုံလောက်နေပေပြီ။
ယခုကဲ့သို့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြီးပြည့်စုံခြင်းမရှိသည့် ကြက်ပေါက်လေးပမာ မွေးဖွားလာမည် မဟုတ်ပေ။
မီးလျှံဖီးနစ်ငှက်ဆိုသည်က မွေးကင်းစအချိန်မှာပင် နတ်သားရဲတို့၏ ပင်ကိုယ်မာန်မာနကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ခုန်မင်၏ဦးခေါင်းထက်တွင်လာနားသည့် သိက္ခာမဲ့သည့်လုပ်ရပ်မျိုး လုပ်ဆောင်မည် မဟုတ်ပေ။
ယခုတော့ ဖီးနစ်ပေါက်စက ခုန်မင်အပေါ်တွင် ကလေးဆိုးဆိုးနေသည်မှာ ထင်ရှားလှသည်။ သူက သာမန်ငှက်ငယ်လေးများပမာ ခုန်မင်ကို သူ့အမေဟုသတ်မှတ်ကာ တွယ်ကပ်နေခြင်း ဖြစ်ပေ၏။
ဖီးနစ်ပေါက်လေးက ခုန်မင်ကို တွယ်ကပ်နေရသည့် အကြောင်းရင်းတစ်ခုတော့ ရှိပေသည်။
ဤအကောင်ပေါက်လေး၏ အဓိကရည်ရွယ်ချက်မှာ အသက်ဓာတ်စွမ်းအား ရှာဖွေရန်ဖြစ်၏။
ခုန်မင်က ပုံရိပ်ယောင်ဖီးနစ်နှင့်တိုက်ခိုက်စဉ်တွင် ဆူးခက်သရဖူကိုအသုံးပြုပြီး များပြားလှသော အသက်ဓာတ်စွမ်းအားများကို ခန္ဓာကိုယ်တွင်းသို့ စုပ်ယူခဲ့သည်။
ထိုအသက်ဓာတ်စွမ်းအားများကို မီးလျှံပင်လယ်ကြီးကြောင့် ရရှိသည့်ဒဏ်ရာများအားကုသရာတွင် အသုံးပြုလိုက်သော်လည်း သူ့ခန္ဓာကိုယ်တွင် အသက်ဓာတ်စွမ်းအား အငွေ့အသက်များ ကျန်ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ဖီးနစ်ပေါက်စလေးက ခုန်မင်ထံမှ အသက်ဓာတ်စွမ်းအားကို အာရုံခံမိပြီး ဥခွံမှထွက်လာလာချင်း ခုန်မင်၏ ဦးခေါင်းထက်သို့ တန်းတန်းမတ်မတ် တက်လာခြင်း ဖြစ်သည်။
သူက ခုန်မင်ထံမှ အသက်ဓာတ်စွမ်းအားများကို မျှဝေခံစားရင်း ဆံပင်များကို အသိုက်လုပ်ကာ နားခိုချင်ဟန် ရှိသည်ပင်။
ဖီးနစ်ပေါက်လေးကို အထင်သေး၍ မရပေ။
သူက ပြီးပြည့်စုံသည့် ဖီးနစ်တစ်ကောင်မဟုတ်သေးသည့်တိုင် သူ၏ခန္ဓာကိုယ်ထဲတွင် နတ်သားရဲတို့၏ ပင်ကိုယ်ပါရမီများ ကိန်းအောင်းနေသည်။
အသံတစ်ချက်မထွက်ဘဲ ခုန်မင်မသိအောင် ခေါင်းပေါ်တက်လာသည်ကိုကြည့်ခြင်းအားဖြင့် ဤမိတ်ဆွေလေးက မည်မျှထူးခြားကြောင်း သက်သေပြနေသည်။
ဤအကောင်ငယ်လေး ကြီးထွားဖွံ့ဖြိုးလာရန်အတွက် အချိန်နှင့်အခွင့်အရေးသာရမည်ဆိုပါက တစ်ကမ္ဘာလုံးကိုအုပ်စိုးမည့် အထွတ်ထိပ်နတ်သားရဲကြီးတစ်ကောင် ဖြစ်လာနိုင်သည်။
ယခုတော့ ခုန်မင်က သူ့ကို လက်ဖြင့်ညှစ်ထားသဖြင့် ထိုသတ္တဝါလေးက စိတ်မသက်မသာဖြစ်စွာ မကျေမနပ် အော်ဟစ်နေသည်။
“ကျွိ ကျွိ ကျွိ...”
ခုန်မင် သက်ပြင်းဖွဖွ ချလိုက်မိသည်။
သူက လက်ကို အသာလွှတ်ပေးလိုက်ပြီး ဖီးနစ်ပေါက်လေး လက်ဖဝါးထက် အေးအေးဆေးဆေးနားခိုနိုင်ရန် ပြင်ဆင်ပေးလိုက်၏။
ဖီးနစ်လေးမှာ ယခုမှ သက်သောင့်သက်သာဖြစ်သွားဟန်ဖြင့် ခုန်မင်၏လက်ဖဝါးထက်တွင် ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေတော့သည်။
“ကျွိ ကျွိ...”
ခုန်မင်မှာ ကြက်ပေါက်နှင့်တူသည့် ဖီးနစ်ပေါက်ကိုကြည့်ရင်း ရယ်ရမလို ငိုရမလိုဖြစ်နေမိသည်။ မီးလျှံဖီးနစ်က ဤမျှချစ်စရာကောင်းစွာ ပြန်လည်မွေးဖွားလာသည်ကို ယုံကြည်ရန်လည်း ခက်ခဲနေသေး၏။
မည်သို့ပင်ဖြစ်စေ မီးလျှံဖီးနစ်က ငှက်ပေါက်လေးပမာ မွေးဖွားလာပြီး ခုန်မင်အပေါ် တွယ်တာနေသည်ကလည်း ကောင်းသည့်အချက်သာပင်။
ထိုသို့မဟုတ်ဘဲ အရွယ်ရောက်ပြီးသား ဖီးနစ်ကြီးတစ်ကောင် ပြန်လည်မွေးဖွားလာပြီး ခုန်မင်ကို ရန်လိုတိုက်ခိုက်ပါက ပို၍အခက်တွေ့ရပေမည်။
ယခုတော့ ဖီးနစ်လေးက ခုန်မင်၏လက်ဖဝါးထက်တွင် မြူးတူးစွာခုန်ပေါက်ရင်း ဦးခေါင်းထက်သို့ ပြန်ခုန်တက်ရန် အားယူနေတော့သည်။
ခုန်မင် : “.......”
သူ့အနေဖြင့် မီးလျှံဖီးနစ်ပေါက်စလေးကို ခေါင်းပေါ်တင်ပြီး အရူးပမာ လျှောက်သွားနေ၍ မဖြစ်ပေ။ ရှိသမျှသိက္ခာကျဆင်းပြီး လူရယ်စရာ ဖြစ်သွားပေမည်။
ထို့ကြောင့် ခုန်မင်က လက်ညှိုးတစ်ချောင်းဆန့်ထုတ်ပြီး ပခုံးကိုပုတ်ပြလိုက်ရင်း...
“ကောင်လေး... မင်း နားချင်ရင် ငါ့ပခုံးပေါ်နားလို့ရတယ် ၊ ဒါပေမဲ့ ငါ့ခေါင်းပေါ်ဆိုရင်တော့ မေ့လိုက်တော့... မင်း ငါ့ခေါင်းပေါ် လုံးဝ နေလို့မဖြစ်ဘူးနော်”
ဖီးနစ်လေးက သေးငယ်တောက်ပသည့်မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခုန်မင်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းလေးကို တွင်တွင်ခါယမ်းလိုက်၏။
ဤသတ္တဝါလေးက ပခုံးထက်သို့တက်ရန်ငြင်းဆန်ပြီး ခေါင်းပေါ်သာ တက်ချင်နေပေသည်။
ဖီးနစ်ပေါက်စက စကားနားမထောင်သော ကလေးဆိုးပမာ ပြုမူနေလေရာ ခုန်မင်က မျက်နှာထားတင်းတင်းဖြင့်...
“မင်း စကားနားမထောင်ရင် ငါ မင်းကို မချစ်တော့ဘူး”
ထိုသို့ပြောလိုက်သည်နှင့် ဖီးနစ်လေးမှာ ဝမ်းနည်းသည့်အမူအရာဖြင့် ခေါင်းငိုက်စိုက်ကျသွားလေသည်။
နောက်ဆုံးမှာတော့ စိတ်ပျက်လက်ပျက်ဖြင့်ပင် သေးငယ်သည့်ခြေထောက်လေးများဖြင့် အသာအားယူပြီး ခုန်မင်၏ပခုံးထက်သို့ တိတ်ဆိတ်စွာတက်သွားတော့သည်။
ဖီးနစ်လေးက ခုန်မင်ကို အမှန်တကယ် တွယ်တာနေဟန်ပင်။
သူက ခုန်မင်၏ဆံပင်များကို အသိုက်လုပ်ချင်သော်လည်း ယခုတော့ စကားနားထောင်ကာ ပခုံးထက်တွင်သာနေရန် ရွေးချယ်လိုက်သည်။
ဖီးနစ်ပေါက်စလေးအား အထင်မသေးသင့်ပေ။
သူက ခုန်မင်၏ပခုံးထက်သို့ ရိပ်ခနဲ ခုန်တက်သွားသည်ဖြစ်ရာ ခုန်မင်မှာ ရှောင်တိမ်းရန်ကြိုးစားလျှင်ပင် အောင်မြင်မည် မဟုတ်ပေ။
ဖီးနစ်က ဖီးနစ်ပင် ဖြစ်သည်။
လျှပ်စီးလင်းယုန်ထက်ပင် ပိုမိုလျှင်မြန်ပြီး ဒဏ္ဍာရီလာ နတ်သားရဲတစ်ကောင်၏ ကျော်ကြားမှုနှင့် အမှန်ပင် ထိုက်တန်သည်။
ထို့ကြောင့်လည်း ဥခွံမှထွက်လာလာချင်း ခုန်မင့်ခေါင်းပေါ်သို့ လှစ်ခနဲ ရောက်ရှိသွားခြင်း ဖြစ်သည်။
ခုန်မင်က သူ့ပခုံးထက်တွင်နားနေသည့် ဖီးနစ်ပေါက်စကို စောင်းငဲ့ကြည့်လိုက်ရင်း...
“ဒီကောင်လေး... ငါ့ကို ဒီလောက်ကပ်နေတာ... ငါ့ရဲ့ ဝိညာဉ်သားရဲအဖြစ် မွေးထားလို့ရမလား မသိဘူး”
ဟု တွေးလိုက်မိသည်။
အဘိုးအို’ယူဂျီးန်’ ဖီးနစ်ငှက်ဥကို အသည်းအသည်လိုချင်သည်မှာ အကောင်ဖောက်ပြီး ကိုယ်ပိုင်သားရဲအဖြစ် မွေးမြူရန် ဖြစ်သည်။
ယခု မီးလျှံဖီးနစ်က ဥမှပေါက်လာပြီး ခုန်မင်မွေးဖားသည့် သားရဲပမာ သူ့ကိုခင်တွယ်နေလေပြီ။
ဤသည်က ရေစက်ပင် ဖြစ်သည်။
ယူဂျီးန် အသည်းအသန် ရှာဖွေနေသည့်အရာကို ခုန်မင်က အလွယ်တကူ ကြားချောင်ရရှိသွားသည်ပင်။
ဖီနးစ်လေးက ခုန်မင်၏ပခုံးထက်သို့ခုန်တက်ပြီး အသားကျမကျ စမ်းသပ်သည့်အနေဖြင့် အကြိမ်းအနည်းငယ် ခုန်ပေါက်ကြည့်လိုက်သည်။
နောက်မှ ခေါင်းပေါ်တွင်မနေရဘဲ ပခုံးပေါ်တွင်နေရလျှင်လည်း မဆိုးလှဟု ဆုံးဖြတ်လိုက်ပြီး ခုန်မင်၏ ပခုံးတစ်လျှောက် ဘယ်ညာကူးလူးကာ လမ်းလျှောက်နေတော့သည်။
ကြည့်ရသည်မှာ နယ်မြေသစ်ကိုစစ်ဆေးနေသည့် စစ်ဗိုလ်ချုပ်လေးတစ်ယောက်အလားပင်။
နှစ်ပတ်သုံးပတ်ခန့် လမ်းလျှောက်ပြီးနောက် ဖီးနစ်လေးက ရုတ်တရက်ရပ်တန့်လိုက်ပြီး သူ၏သေးငယ်သော ရွှေတောင်ပံလေးများကို အားစိုက်ဖြန့်ကားလျှက် စောစောက ဥခွံများကြေမွသွားသည့် သစ်ခေါင်းဆီသို့ ညွှန်ပြလိုက်သည်။
ခုန်မင်က သစ်ခေါင်းထဲသို့ လှမ်းကြည့်လိုက်ပြီး...
“မင်းက အဲဒီ ဥခွံအပိုင်းအစတွေကို လိုချင်တာလား”
“ကျွိ ကျွိ...”
ခုန်မင်၏စကားကိုကြာသည်နှင့် ဖီးနစ်ပေါက်စက ဝမ်းသာအားရနှင့် အော်မြည်လိုက်ပြီး ခေါင်းတွင်တွင်ညိတ်ပြလိုက်သည်။
သတ္တဝါငယ်လေး၏ တောက်ပသောမျက်လုံးလေးများက မျှော်လင့်ချက်အပြည့်ဖြင့် ပိုမိုလင်းလက်လာသည်။
ဤမျှချစ်စရာကောင်းသော ဖီးနစ်ပေါက်စကိုကြည့်ရင်း ခုန်မင် မရယ်ဘဲမနေနိုင်တော့ပေ။
သူက သစ်ခေါင်းထဲသို့ ခုန်ဆင်းလိုက်ပြီး ပြန့်ကျဲနေသည့် မီးလျှံဖီးနစ်ဥခွံအပိုင်းအစများကို လိုက်လံကောက်ယူလိုက်သည်။
“ကျွိ ကျွိ ကျွိ...”
ခုန်မင် ဥခွံကိုကောက်ယူနေသည်ကိုကြည့်ရင်း ဖီးနစ်လေးက အလွန်စိတ်လှုပ်ရှားဟန်ဖြင့် အော်ဟစ်ရင်း ဟိုခုန်ဒီခုန် လုပ်နေတော့၏။