ဖီးနစ်ငှက်လေး မြန်မြန်ကြီးပြင်းလာပါ့မလား
Vol. 18 Ch. 192
ထိုသတ္တဝါလေးက ဥခွံအပိုင်းအစများကို အလွန်ပင်စိတ်ဝင်စားနေလေသည်။
ခုန်မင်က စမ်းသပ်သည့်အနေဖြင့် လက်သန်းဖျားအရွယ် ဥခွံတစ်စကို ဖီးနစ်လေး၏ နှုတ်သီးနားသို့ မြှောက်ပေးလိုက်သည်။
ဖီးနစ်လေးက ဝမ်းသာအားရအော်မြည်လိုက်ပြီး ပါးစပ်လေးဟကာ ဥခွံအပိုင်းအစလေးကို လျှင်မြန်စွာ စားသောက်ပစ်လိုက်သည်။
သို့သော် ငှက်ပေါက်လေးက ဗိုက်ပြည့်ဟန်မတူဘဲ မျက်လုံးလေးများ ဟိုဒီဝေ့ဝဲလျှက် သနားစရာအကြည့်ဖြင့် ခုန်မင်ကို မော့ကြည့်လာပြီး အစာထပ်တောင်းလေသည်။
မွေးကင်းစ မီးလျှံဖီးနစ်လေးအနေဖြင့် အစာလိုအပ်နေမည် အမှန်ပင်။
ဘာပဲဖြစ်ဖြစ် ဖီးနစ်လေးက သူ၏လိုအပ်ချက်ကို ဖော်ပြတတ်ပေသည်။
သူထွက်လာသည့် ဥခွံက သူ့အတွက် အကောင်းဆုံးအစာဖြစ်သည်မှာ ထင်ရှားသည်။
ဤဥခွံက နှစ်ပေါင်းသောင်းချီ စုဆောင်းထားသည့် အသက်ဓာတ်စွမ်းအားများဖြင့် မီးလျှံဖီးနစ်ငှက်ကို ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဥခွံအပိုင်းအစလေးတစ်ခုမှာပင် စိတ်ကူးမရနိုင်အောင်များပြားသည့် အသက်ဓာတ်စွမ်းအားအဆီအနှစ်များ ကိန်းအောင်းနေသည်။
ဖီးနစ်လေးအတွက်တော့ ဥခွံများက အကောင်းဆုံး အာဟာရဖြည့်စွက်စာပင် ဖြစ်သည်။
အသက်ဓာတ်စွမ်းအားမလုံလောက်မှုကြောင့် အချိန်မတိုင်ခင် မွေးဖွားလာရသော ဖီးနစ်လေးမှာ အသက်ဓာတ်စွမ်းအားအဆီအနှစ်ကို အလွန်ပင် တောင့်တလျှက်ရှိသည်။
ထို့ကြောင့် ဥခွံကို စားသုံးလိုက်ခြင်းက ဤသတ္တဝါလေးအတွက် ကြီးမားသည့် စွမ်းအားပြန်လည်ဖြည့်တင်းမှုပင် ဖြစ်၏။
ခုန်မင်က ဥခွံအပိုင်းအစ (၃)ခု ဆက်တိုက်ကျွေးလိုက်သည့်နောက်မှာတော့ ဖီးနစ်လေး ဗိုက်ပြည့်သွားပြီး စိတ်လည်းကျေနပ်သွားပုံရသည်။
သေးငယ်သည့်မျက်လုံးလေးများကို မှေးမှိတ်ကာ ခုန်မင်၏ပခုံးထက်မှာပင် အိပ်ပျော်သွားလေ၏။
ဤသတ္တဝါလေး မွေးကင်းစ ကလေးငယ်တစ်ယောက်အတိုင်းပင် ဖြစ်သည်။
ကလေးဆိုး ဆိုးတတ်ခြင်းနှင့် ဗိုက်ဝအောင်စားပြီး အိပ်ပျော်သွားတတ်ခြင်းမှလွဲပြီး ဘာမှလုပ်တတ်ပုံ မပေါ်သေးပေ။
ခုန်မင်မှာ အေးချမ်းစွာနေထိုင်ရင်း ကလေးအဖေ ဖြစ်သွားသလို ခံစားလိုက်ရသည်။
ဖီးနစ်ငှက်လေးက နှစ်ခြိုက်စွာ အိပ်မောကျသွားသည့်တိုင် သေးငယ်သည့် ခြေသည်းလေးများဖြင့် ခုန်မင်၏ပခုံးကို သံမဏိပမာ ကုပ်ဆွဲထားသဖြင့် ပြုတ်ကျမည်ကို စိုးရိမ်စရာ မရှိပေ။
ဤသတ္တဝါလေးက ပြုစုပျိုးထောင်ရသည်မှာ လွယ်ကူသားပဲ ခုန်မင် တွေးလိုက်မိ၏။
သူက ကျန်ရှိသည့် ဥခွံအပိုင်းအစများကို တိုရီယာလက်စွပ်ထဲ ထည့်သိမ်းထားလိုက်သည်။ ဖီးနစ်ပေါက်စလေးသာ အစားအရမ်းကြီးမလာပါက ဤဥခွံများက (၆)လမှ (၁)နှစ်အထိ ကျွေးမွေးရန် လုံလောက်သည်။
ဖီးနစ်ပေါက်စလေး ဗိုက်ဝပြီး အိပ်ပျော်သွားတော့မှ ခုန်မင်လည်း သက်ပြင်းချနိုင်တော့သည်။
ဖီးနစ်ငှက်ကို ကိုယ်ပိုင်သားရဲအဖြစ် ရရှိလိုက်ခြင်းက ခုန်မင်အတွက် မယုံနိုင်စရာကောင်းလောက်အောင် အကျိုးအမြတ် ရရှိလိုက်ခြင်းသာပင်။
သို့သော် တစ်ခုတည်းသောပြဿနမှာ ဤသီးခြားကမ္ဘာငယ်ထဲမှ မည်သို့ပြန်ထွက်ရမည်ဆိုသောအချက် ဖြစ်သည်။
ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်မှုပြီးဆုံးရန်အတွက် အချိန်(၁)လခန့်သာ ကျန်တော့သည်။
ခုန်မင်သာ ဤနံရံဆေးရေးပန်းချီထဲမှ ပြန်မထွက်နိုင်လျှင် အပြင်လောကသို့ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
ဤနံရံဆေးရေးပန်းချီထဲမှ သီးခြားကမ္ဘာငယ်လေးက မိုးမြေစွမ်းအားများ သန့်စင်လွန်းသလို ကျင့်ကြံသူများအား ကျင့်စဉ်ဖောက်ပြန်စေမည့် မိစ္ဆာချီများလည်း ကင်းစင်သည်ဖြစ်ရာ ရေရှည်ကျင့်ကြံရန်အတွက် နေရာကောင်းတစ်ခု ဖြစ်သည်။
သို့သော် ခုန်မင်အတွက်တော့ အချိန်ကန့်သတ်ချက် ရှိသည်။
ဖီးနစ်ကျဆုံးတောင်ကြားက အနှစ်(၂၀)မှ တစ်ကြိမ်ပွင့်သည်ဖြစ်ရာ ဤနေရာတွင် အနှစ်(၂၀)လုံးလုံး ကျင့်ကြံနေရန် လုံးဝ မဖြစ်နိုင်ပေ။
သူ့အနေဖြင့် အမြန်ဆုံး အပြင်ပြန်ထွက်ရန် ကြိုးစားရပေမည်။
အပြင်းပြန်ထွက်ရန်လမ်းစက ဖီးနစ်လေးအပေါ်တွင် မူတည်နေနိုင်သည်။
သို့သော် ယခု ဖီးနစ်ပေါက်စက အိပ်ပျော်နေသည်ဖြစ်ရာ ၊ ခုန်မင်က သူနိုးလာသည်ကိုစောင့်ရင်း ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။
ဤနေရာတွင် ဒြပ်စင်စွမ်းအားသိပ်သည်းဆက အပြင်လောကထက် အနည်းဆုံး (၁၀)ဆခန့် ပိုမိုများပြားသည်။
ခုန်မင် စတင်ကျင့်ကြံသည်နှင့် သူ့ကိုယ်တွင်းမှ ထူးဆန်းသော ထိုက်ကျိယင်ယန်သင်္ကေတက ပိုမိုမြန်ဆန်စွာ လည်ပတ်လာပြီး ဒြပ်စင်စွမ်းအားများကို အဆက်မပြတ်သန့်စင်ပေးလေသည်။
ပြင်ပမှ ဒြပ်စင်စွမ်းအားများကလည် ခုန်မင့်ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်လာသည်ဖြစ်ရာ ထိုက်ကျိယင်ယန်သင်္ကေတတက ထိုဒြပ်စင်စွမ်းအားများအားလုံးကို ဆက်တိုက်သန့်စင်ပစ်လိုက်သည်။
နောက်ဆုံး ခုန်မင်၏ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားများ ပိုမိုသိပ်သည်းလာပြီး ကျင့်ကြံခြင်းကလည်း ဒီရေအလား မြင့်တက်လာသည်။
ဖီးနစ်ငှက်လေးက ဗိုက်ကားအောင်စားပြီး (၃)ရက်တိုင်တိုင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
ထို(၃)ရက်အတွင်း ခုန်မင်ကလည်း ဒြပ်စင်စွမ်းအားများကို သန့်စင်ရန်သာ အာရုံစိုက်နေခဲ့သည်။
ပန်းချီကားအတွင်းမှ သီးခြားကမ္ဘာငယ်၏ မိုးမြေစွမ်းအားကြွယ်ဝမှုနှင့် သူ၏ကိုယ်တွင်းမှ ထူးဆန်းသော ထိုက်ကျိယင်ယန်သင်္ကေတတို့ ပေါင်းစပ်လိုက်သည့်အခါ ခုန်မင်၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ကိုယ်တွင်းမှ အရည်အသွင်ရှိသော ဒြပ်စင်စွမ်းအားများက သိသိသာသာ ပျစ်ခဲလာခဲ့သည်။
ကိုယ်တွင်းမျက်စိဖြင့် ကြည့်မည်ဆိုပါက ထိုပျစ်ခဲသော ဒြပ်စင်စွမ်းအားအရည်များက သတ္တုရောင် ခပ်မှိန်မှိန် တောက်ပနေသည်ကို တွေ့မြင်ရပေမည်.
ဤသည်က အရည်ပုံစံ ဒြပ်စင်စွမ်းအားကို အဆုံးစွန်အထိ သန့်စင်နိုင်သည့်အခါ ဖြစ်ပေါ်လာတတ်သည့် “သတ္တုပုံစံပြောင်းလဲခြင်း” ဖြစ်သည်။
ဒြပ်စင်စွမ်းအားအရည်များကို ပျစ်ခဲသောသတ္တုရည်များဖြစ်သည်အထိ သန့်စင်နိုင်မည်ဆိုပါက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်ကို ဖြတ်ကျော်ကာ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပေမည်။
ခုန်မင်က ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ပြီးမှ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ မည်မျှထူးခြားသော ရုပ်ခန္ဓာ ပိုင်ဆိုင်ထားပါစေ ဤမျှအချိန်တိုအတွင်း ဒြပ်စင်စွမ်းအားကို သတ္တုရည်အဖြစ် သိပ်သည်းအောင်သန့်စင်ရန်မှာ မလွယ်ကူပေ။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ခြေချပြီးကတည်းက ခုန်မင် တစ်ခုပြီးတစ်ခု ကံကောင်းနေခဲ့သည်ပင်။
အထူးသဖြင့် ပုံရိပ်ယောင်ဖီးနစ်နှင့် တိုက်ခိုက်စဉ် ဆူးခက်သရဖူကို အသုံးပြုခဲ့ရသဖြင့် မီးလျှံစွမ်းအားနှင့် အသက်ဓာတ်စွမ်းအား နှစ်ခုပေါင်းပြီး သန့်စင်ပေးမှုအောက်တွင် သူ၏ရုပ်ခန္ဓာက အဆင့်မြင့်တက်သွားရသည်။
ထို့ကြောင့် ယခု ကျင့်ကြံခြင်းတွင် အာရုံစိုက်လိုက်သည့်အခါ ထူးခြားသည့်အလားအလာကောင်းများကို ပိုင်ဆိုင်လာသည်။
ခုန်မင်က သစ်သား ၊ မီး ၊ မြေ ပေါင်းစပ်ထားသည့် ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်သည်။
နံရံဆေးရေးပန်းချီကားထဲရှိ သီးခြားကမ္ဘာငယ်လေးမှ မိုးမြေစွမ်းအားများနှင့် ပေါင်းစပ်လိုက်သည့်အခါ ကျင့်ကြံခြင်းမြန်နှုန်းက ကြယ်တံခွန်တစ်စင်းပမာ အရှိန်အဟုန် ပြင်းထန်သွားသည်။
လက်ရှိတွင် ခုန်မင်၏ကျင့်ကြံခြင်းက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပေပြီ။ အချိန်မရွေး နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်သည့် အနေအထား ဖြစ်၏။
ခုန်မင် ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိလာသည်မှာ အချိန်(၂)လပင် မပြည့်သေးပေ။
သို့သော် သူ၏ကျင့်ကြံခြင်းက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်မှ အလယ်ဆင့် အထွတ်ထိပ်သို့ မြင့်တက်သွားခဲ့သည်။
ဤသည်က ကျင့်ကြံခြင်းလောက သမိုင်းတစ်လျှောက် အံ့သြဖွယ်ရာတစ်ခုသာပင်။
ယခု ခုန်မင်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းမည်ဆိုပါက ပို၍ပင် ဒဏ္ဍာရီဆန်သွားပေမည်။
ဟုတ်ပေ၏။
ခုန်မင်က အရပ်မြင့်ပြီး လူကောင်ထွားသော်လည်း အသက်(၁၄)နှစ်သာလျှင် ရှိသေးသည်။
ဤမျှငယ်ရွယ်သောအသက်ဖြင့် ဤသို့သောကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေသည်မှာ အမှန်တကယ် အံ့သြဖွယ်ရာ ဖြစ်သည်။
ခုန်မင်က ကိုယ်တွင်းမျက်စိဖြင့် ခန္ဓာကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားအခြေအနေကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
စွမ်းအားအခြေအနေကို သဘောပေါက်သွားပြီးနောက် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန် သင့်မသင့် စတင်စဉ်းစားလိုက်သည်။
သို့သော် ခုန်မင်တွေးတောနေစဉ်မှာပင် သူ့ပခုံးထက်မှ သတ္တဝါလေးက လှုပ်ရှားလာသည်။
အိပ်ပျော်နေသည့် ဖီးနစ်ပေါက်စ နိုးလာခဲ့ပေပြီ။
ခုန်မင်က ထိုအကောင်ပေါက်လေးကို အလွန်ဂရုစိုက်သည်ဖြစ်ရာ ကျင့်ကြံခြင်းကိုရပ်နားပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်မိသည်။
ဗိုက်ကားအောင်စားပြီးနောက် (၃)ရက်ခန့် ကောင်းကောင်အိပ်လိုက်သည်ဖြစ်ရာ ထိုသတ္တဝါလေး၏ခန္ဓာကိုယ်က အနည်းငယ် ပိုမိုကြီးမားလာပြီး ရွှေဝါရောင်အမွှေးနုလေးများမှာလည်း ပိုမိုရှည်လျားလာသည်။
ဤအကောင်ပေါက်လေး၏ ကြီးထွားနှုန်းက လူသားများနှင့်မတူဘဲ အနည်းငယ်ထူးခြားဟန် ရှိသည်။
အိပ်ယာမှနိုးနိုးချင်းပင် ဖီးနစ်ပေါက်စက ခုန်မင်၏ ပခုံးထက် ဟိုဟိုဒီဒီ ခုန်ပေါက်ရင်း...
“ကျိ... ကျိ... ကျိ”
ဟု မနားတမ်း အော်မြည်နေသည်။
ယခုဆိုလျှင် ထိုသတ္တဝါလေးမှာ အတောင်ပံတစ်စုံကို ဖြန့်ကားနိုင်သည်အထိ အားအင်ပြည့်ဝနေပြီဖြစ်ရာ အတောင်ပံကို သူ၏နှုတ်သီးနားသို့ တဖျတ်ဖျတ်ခတ်ပြပြီး ခုန်မင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေတော့၏။
ထိုအကောင်ပေါက်လေး အစာတောင်းနေခြင်းသာပင်။
“စားဖို့သက်သက် နိုးလာတာကိုး... တော်တော်အစားပုတ်တဲ့ကောင်လေး...”
ခုန်မင် ရေရွတ်လိုက်သည်။
ထို့နောက် တိုရီယာလက်စွပ်ထဲမှ မီးလျှံဖီးနစ်ငှက်ဥ အပိုင်းအစလေးတစ်ခု ထုတ်ယူပြီး ငှက်ငယ်လေး၏ နှုတ်သီးနားသို့ ခွံ့ကျွေးလိုက်သည်။
ဖီးနစ်ငှက်လေးက ဝမ်းမြောက်ဝမ်းသာဖြင့် ခုန်မင်၏လက်ကို ချစ်စနိုးခေါင်းဖြင့်ခွေ့လိုက်ပြီး ဥခွံလေးကိုဆွဲယူကာ မနားတမ်းစားသောက်တော့သည်။
ယခုတစ်ကြိမ် ခုန်မင်ကျွေးလိုက်သော ဥခွံပမာဏမှာ ပထမတစ်ကြိမ်ကျွေးစဉ်ကနှင့် ပမာဏအတူတူပင်ဖြစ်သည်။
သို့သော် ဖီးနစ်လေးက ခန္ဓာကိုယ်ထွားကျိုင်းလာသည်ဖြစ်ရာ စားချင်သောက်ချင်စိတ်လည်း ပိုများလာဟန် ရှိသည်။ သူက ဗိုက်မဝသေးဟန်ဖြင့် မျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခုန်မင်ကို သနားစဖွယ် ကြည့်နေပြန်၏။
ငှက်ပေါက်လေး၏ပုံစံက သနားစရာကောင်းလေရာ ခုန်မင်မှာ နောက်ထပ်ဥခွံအပိုင်းအစတစ်ခု ထပ်မံကျွေးမွေးလိုက်ရပြန်သည်။
ဖီးနစ်ငှက်လေးကတော့ ချက်ချင်းပင် ဥခွံအပိုင်းအစကို စားပစ်လိုက်ပြီး ကျေနပ်သွားဟန်ဖြင့် ခန္ဓာကိုယ်ကို တစ်ချက်ခါယမ်းကာ ခုန်မင်၏ပခုံးထက် ပြန်လည်အိပ်မောကျသွားတော့၏။
ခုန်မင် : “.......”
ဤ အကောင်ပေါက်လေးသာ စားလိုက် အိပ်လိုက်နှင့် အချိန်ကုန်နေမည်ဆိုပါက အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရန် မည်မျှစောင့်ရပါမည်နည်း။
သူက ဤပန်းချီကားထဲမှပြန်ထွက်နိုင်ရန် ဖီးနစ်ပေါက်စကိုသာ အားကိုးရမည် ဖြစ်သည်။ ပြီးတော့ ယခုတစ်ကြိမ် အိပ်ယာမှနိုးလာတော့ ထိုငှက်ပေါက်၏ စားနှုန်းကလည်း နှစ်ဆနီးပါး ခုန်တက်သွားသည်။
ဥခွံများက (၆)လမှ (၁)နှစ်ခန့်အထိ အသုံးခံလိမ့်မည်ဟု ခုန်မင် မျှော်လင့်ထားသော်လည်း ယခုအတိုင်းဆိုလျှင်တော့ ဖီးနစ်လေး အရွယ်မရောက်ခင်မှာပင် ရိက္ခာပြတ်သွားနိုင်သည်။
အိပ်မောကျသွားပြီဖြစ်သော ဖီးနစ်ငှက်လေးကိုကြည့်ရင်း ခုန်မင် ခေါင်းခါယမ်းလိုက်မိ၏။
ထို့နောက် သူလည်း ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။
သူက ဖီးနစ်လေး အိပ်ပျော်နေစဉ် ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အတားအဆီးကို ကျော်ဖြတ်ပြီး နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည်လား စမ်းသပ်ကြည့်ချင်နေသည်။
ခုန်မင် စိတ်အာရုံစုစည်းလိုက်ပြီး ကိုယ်တွင်းမျက်စိဖြင့် သူ၏သွေးကြောများထဲမှ ဒြပ်စင်စွမ်းအားအခြေအနေကို သေချာစွာ စစ်ဆေးလိုက်သည်။
ယခု ခုန်မင်၏ သွေးကြောများထဲတွင် ဒြပ်စင်စွမ်းအားများ အလွန်အမင်း ပျစ်ခဲနေပြီး သတ္တုရောင်ဝါတစ်ခုလည်း ဖြာထွက်နေသည်။
ဤသည်က သူ့အတွက် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့တက်ရောက်ရန် အခွင့်အရေး အပြည့်အဝရှိနေကြောင်း ပြသနေသည်။
ခုန်မင်က သူ၏ဒြပ်စင်စွမ်းအားကို လှည့်ပတ်လိုက်ပြီး စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို အခြေခံအဖြစ်အသုံးပြုကာ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန် စတင်ကြိုးစားလိုက်သည်။
ခုန်မင်က သစ်သား ၊ မီး ၊ မြေ ပေါင်းစပ်ထားသော ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအား (၃)မျိုးက တစ်ခုနှင့်တစ်ခု အပြန်အလှန် ထောက်ပံ့ပေးနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဒြပ်စင်စွမ်းအားတစ်ခုက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားသည်နှင့် ကျန်ဒြပ်စင်နှစ်မျိုးကလည်း သေချာပေါက် လိုက်ပါပြောင်းလဲလာပေမည်။
ဤသည်က အပြန်အလှန် အမှီသဟဲပြုနေသော ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ၏ အကျိုးကျေးဇူးပင် ဖြစ်၏။
ခုန်မင်၏ မူလရုပ်ခန္ဓာဖွဲ့စည်းပုံက သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။
မီးနှင့် မြေဒြပ်စင် ဝိညာဉ်ခန္ဓာများက ဒြပ်စင်ငါးပါး အပြန်အလှန်ဖြစ်တည်မှု နိယာမအရ နောက်ပိုင်းမှ ဆင့်ကဲဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထို့ကြောင့် သစ်သားဒြပ်စင်ကျင့်စဉ်ကို အဓိကထားခြင်းအားဖြင့် ကျင့်ကြံခြင်းရလဒ် အထိရောက်ဆုံး ထွက်ပေါ်လာစေနိုင်သည်။
"စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်" က ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိသော ထိပ်တန်းကျင့်စဉ်တစ်ခုဖြစ်သည်။
ခုန်မင်၏ရုပ်ခန္ဓာကလည်း ထူးဆန်းသော ထိုက်ကျိယင်ယန်သင်္ကေ၏ ပံ့ပိုးပေးခြင်းရှိသဖြင့် ထူးခြားဖြစ်စဉ်မရှိပါက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်ရောက်ရန် အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။