ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်
Vol. 18 Ch. 193
ခုန်မင်က စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို အခြေခံအဖြစ်အသုံးပြုပြီး ကိုယ်တွင်းမှ သစ်သားဒြပ်စင်စွမ်းအားများကို စွမ်းအင်ဗဟိုချက်ချီပင်လယ်ထဲမှ ထိုက်ကျိယင်ယန်သင်္ကေတဆီ စီးဝင်စေလိုက်သည်။
ခုန်မင် ကျင့်ကြံခြင်းမပြုလုပ်လျှင်ပင် ထိုက်ကျိယင်ယန်သင်္ကေတက အလိုအလျောက်လည်ပတ်ပြီး ကျင့်ကြံပေးနေခဲ့သည်။
ယခု ခုန်မင်ကိုယ်တိုင် ကျင့်ကြံခြင်းပြုလုပ်သည့်အခါ ထိုသင်္ကေတ၏စွမ်းအားက အဆပေါင်းများစွာ မြင့်တက်လာသည်။
ပျစ်နှစ်ထူထဲနေသည့် သစ်သားဒြပ်စင်စွမ်းအားများက ခုန်မင်၏သွေးကြောများတစ်လျှောက် စီးဆင်းသွားပြီး ချီပင်လယ်ထဲသို့ စုစည်းဝင်ရောက်သွားသည်။
ထိုက်ကျိယင်ယန်သင်္ကေတ လည်ပတ်နှုန်းမြင့်တက်သွားပြီး သစ်သားဒြပ်စင်စွမ်းအားများကို မနားတမ်း ဖိနှိပ်သန့်စင်လိုက်သည်။
သင်္ကေတထဲမှ သစ်သားဒြပ်စင်စွမ်းအားများ ပိုမိုသိပ်သည်းလာသည်နှင့် မူလကရှိနေသည့် ဒြပ်စင်စွမ်းအားနှစ်မျိုးနှင့် နတ်ဘုရားစွမ်းအားနှစ်မျိုးက ဟန်ချက်ပျက်ယွင်းစပြုလာသည်။
ထိုက်ကျိယင်ယန်သင်္ကေထဲမှ အစိမ်းရောင်ဒြပ်စင်စွမ်းအား၏နယ်ပယ်က တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာပြီး အခြားသော ဒြပ်စင်စွမ်းအားများနှင့် နတ်ဘုရားစွမ်းအားများကို ဝါးမျိုလုနီးပါး ဖြစ်လာသည်။
ရလဒ်အနေဖြင့် ခုန်မင်က တမင်သက်သက် လှည့်ပတ်ပေးရန်ပင်မလိုဘဲ သူ၏ခန္ဓာကိုယ်တွင်းမှ မီးဒြပ်စင်စွမ်းအားနှင့် မြေဒြပ်စင်စွမ်းအားများမှာလည်း ထိုက်ကျိယင်ယန်သင်္ကေတအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကြသည်။
ထူးဆန်းသည့် ကြယ်စင်စွမ်းအားများကလည်း ရှုံးနိမ့်မည်ကို လက်မခံနိုင်ဘဲ နတ်ဘုရားစွမ်းအားအဖြစ်သို့ တိုက်ရိုက်ကူးပြောင်းကာ ထိုက်ကျိယင်ယန်သင်္ကေတအတွင်းသို့ အဆက်မပြတ် စီးဝင်သွားကြသည်။
ဒြပ်စင်စွမ်းအား(၃)မျိုးနှင့်အတူ ခရမ်းရောင်နှင့် အပြာရောင် နတ်ဘုရားစွမ်းအားများ တပြိုင်တည်းဝင်ရောက်လာသည့်တိုင် ထိုက်ကျိယင်ယန်သင်္ကေတက အနည်းငယ်ပင် မူပျက်ထစ်ငေါ့သွားခြင်းမရှိဘဲ စည်းချက်ကျကျ တိကျသေချာစွာဖြင့် အလိုအလျောက် လည်ပတ်နေဆဲ ဖြစ်သည်။
သူ၏ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားများက ထိုက်ကျိယင်ယန်သင်္ကေတအတွင်းသို့ စီးဆင်းဝင်ရောက်သွားပြီး သွေးကြောဆုံချက်များထဲမှ စွမ်းအားများက နည်းပါးသွားသည်။
ထိုအချိန်မှာပင် ပန်းချီကားထဲမှ သီးခြားကမ္ဘာငယ်ထဲရှိ မိုးမြေစွမ်းအားများက ဆင့်ခေါ်ခံလိုက်ရသည့်ပမာ အရှိန်အဟုန်ပြင်းစွာဖြင့် ခုန်မင်ထံသို့ ဝင်ရောက်လာကြသည်။
ထိုဒြပ်စင်စွမ်းအားများက ခုန်မင်၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်စီးဝင်လာပြီး လစ်ဟာသွားသည့် သွေးကြောဆုံချက်နေရာများကို ဖြည့်ဆည်းပေးလိုက်သည်။
သို့သော် ကိုယ်တွင်းသို့ ဝင်ရောက်လာသည့် စွမ်းအားများမှာလည်း သွေးကြောများတစ်လျှောက်စီးဆင်းသွားပြီး ထိုက်ကျိယင်ယန်သင်္ကေတဆီသို့ ရောက်ရှိသွားကြသည်။
ခုန်မင်သာ ဝင်ရောက်လာသည့်ဒြပ်စင်စွမ်းအားများကို သတ္တုရည်များကဲ့သို့ ပျစ်ခဲလာသည်အထိ သန့်စင်နိုင်မည်ဆိုပါက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ ကျိန်းသေတက်လှမ်းနိုင်ပေမည်။
ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်မှ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန်အတွက် ခန္ဓာကိုယ်ထဲတွင် ဒြပ်စင်စွမ်းအားပမာဏ သုံးဆမှလေးဆအထိ ပိုမိုများပြားလာရန် လိုအပ်သည်။
ခုန်မင်က ထိုက်ကျိယင်ယန်သင်္ကေတနှင့် ထူးခြားသောရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်တိုင် ဤမျှပမာဏရှိသော ဒြပ်စင်စွမ်းအားများကို စုပ်ယူသန့်စင်ရန် အချိန်တစ်ခု လိုအပ်နေသေးသည်။
ထို့ကြောင့် ခုန်မင်အနေဖြင့် ပတ်ဝန်းကျင်ကို မေ့လျော့ထားပြီး ကျင့်ကြံခြင်းတွင် အပြည့်အဝ အာရုံစိုက်ရပေမည်။
ထိုအချိန် သူ့ပခုံးထက်တွင် အိပ်ပျော်နေသော ဖီးနစ်ပေါက်စလေးမှာလည်း ထူးခြားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။
မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအားများက ခုန်မင်ရှိရာသို့ စုပြုံဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အစိမ်း ၊ အနီနှင့် အဝါ စွမ်းအားရောင်ဝါများ လှည့်ပတ်နေသည်။
ထို့အတူ ဖီးနစ်ငှက်လေး၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း ဒြပ်စင်စွမ်းအားရောင်ဝါနှစ်ခု လှည့်ပတ်လျှက် ရှိသည်။
တစ်ခုက မီးလျှံဖီးနစ်၏စွမ်းအားရင်းမြစ်ဖြစ်သော မီးဒြပ်စင်စွမ်းအားကို ကိုယ်စားပြုသည့် အနီရောင် စွမ်းအားရောင်ဝါ ဖြစ်သည်။
မီးလျှံဖီးနစ်တစ်ကောင်၏ခန္ဓာကိုယ်တွင် ထိုသို့သောစွမ်းအားထွက်ပေါ်လာသည်က ပုံမှန်ပင် ဖြစ်၏။
သို့သော် အလွန်တရာတောက်ပပြီး သန့်စင်လွန်းသည့် သတ္တုဒြပ်စင်ဖြင့်ဖွဲ့စည်းထားသော ရွှေရောင်အလင်းတန်းတစ်ခုလည်း လှည့်ပတ်နေသေးသည်။
မီးလျှံဖီးနစ်ငှက်တစ်ကောင်တွင် အဘယ့်ကြောင့် ဤမျှသန့်စင်သော သတ္တုစွမ်းအားများ စုစည်းနေရပါသနည်း။
မီးလျှံဖီးနစ်ငှက်ဆိုသည်က ရှေးအကျဆုံးနှင့် အသန့်စင်ဆုံး မီးဒြပ်စင်စွမ်းအားကိုပိုင်ဆိုင်သည့် မှော်ဝင်သားရဲတစ်ကောင် ဖြစ်သည်။
လူသားကျင့်ကြံသူများ၏စံနှုန်းဖြင့်ပြောရလျှင် မီးလျှံဖီးနစ်ငှက်က မီးဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသူနှင့်တူညီပြီး မီးလျှံစွမ်းအားကို အဆုံးစွန်အထိ အသုံးချနိုင်စွမ်း ရှိသည်။
ဤသည်က လူသားကျင့်ကြံသူများထဲမှ ရှားပါးလှသော ဝိညာဉ်ခန္ဓာပိုင်ရှင်များနှင့် ဆင်တူသည်။
ထို့ကြောင့် မီးလျှံဖီးနစ်ဆိုသည်က မီးဒြပ်စင်စွမ်းအားကိုသာ ထိန်းချုပ်အသုံးပြုနိုင်ပြီး ကျန်ရှိသော ဒြပ်စင်စွမ်းအားများကို တွန်းလှန်လေ့ ရှိသည်။
သို့ဆိုလျှင် ယခု ဖီးနစ်ပေါက်စလေး၏ခန္ဓာကိုယ်ပတ်လည်တွင် အဘယ့်ကြောင့် သတ္တုဒြပ်စင်စွမ်းအားများ စုစည်းလာရပါသနည်း။
ထို့ပြင်သတ္တုဒြပ်စင်စွမ်းအားက ဖီးနစ်ငှက်၏ ပင်ကိုယ်စွမ်းအားဖြစ်သည့် မီးဒြပ်စင်စွမ်းအားကဲ့သို့ပင် သန့်စင်လွန်းသည်။
ဤသည်ကိုကြည့်လျှင် ဖီးနစ်ပေါက်စလေး၏ခန္ဓာကိုယ်က မီးဒြပ်စင်စွမ်းအားကိုသာမက သတ္တုဒြပ်စင်စွမ်းအားကိုပါ မူလစွမ်းအားအဖြစ် လက်ခံထားခြင်း ဖြစ်နိုင်၏။
ဤသည်က သာမန်အသိဉာဏ်ဖြင့် တွေးကြည့်၍ပင်မရနိုင်သော ကိစ္စမျိုးပင်။
သို့ပေသိ ဤလောကတွင် ခုန်မင်ကဲ့သို့ "ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ" ပိုင်ရှင်မျိုးသည်ပင် ရှိနေသေးသည်ဖြစ်ရာ မူလဒြပ်စင်စွမ်းအားနှစ်မျိုးကိုပိုင်ဆိုင်သော ဖီးနစ်တစ်ကောင်ရှိနေခြင်းမှာလည်း မဖြစ်နိုင်သည့်ကိစ္စတော့ မဟုတ်ပေ။
အမှန်တော့ နံရံဆေးရေးပန်းချီကားထဲရှိ သီးခြားကမ္ဘာထဲတွင်ရှိသော ဖီးနစ်သစ်ပင်ကြီးက အသက်ဓာတ်စွမ်းအားများစွာ စုစည်းထားသည့်တိုင် ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာရန်အတွက် မလုံလောက်ခဲ့ပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဖီးနစ်ငှက်လေး ပြန်လည်မွေးဖွားလာရန် လိုအပ်သော အသက်ဓာတ်စွမ်းအားမှာ သာမန်ဖီးနစ်ငှက်များထက် အဆပေါင်းများစွာ ပိုမိုများပြားနေခဲ့သည်။
ဤသည်မျာ ဖီးနစ်ငှက်ပေါက်လေးက သာမန်မီးလျှံဖီးနစ်များထက် ပိုမိုထူးခြားသည်ဆိုသော အဓိပ္ပါယ်သာပင်။
ဤသည်က ကံကြမ္မာ၏ မမြင်ရသော လက်တစ်ဖက်လည်း ဖြစ်နိုင်သည်။
ဤမျှထူးခြားသည့် မီးလျှံဖီးနစ်မဟုတ်လျှင် ခုန်မင်လိုလူတစ်ယောက်၏ဘေးတွင် အဖော်ပြုပေးရန် မည်သို့ထိုက်တန်ပါမည်နည်း။
ခုန်မင်ကတော့ ဖီးနစ်ငယ်လေး၏ ထူးခြားမှုကို သတိထားမိခြင်း မရှိသေးပေ။
သူက ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန် အပြင်းအထန် ကျင့်ကြံနေသည်။
အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး ထိုက်ကျိယင်ယန်သင်္ကေတက ဒြပ်စင်စွမ်းအား အမြောက်အမြားကို စုပ်ယူလျှက် ဖြည်းဖြည်းချင်း ဖိနှိပ်သန့်စင်ပေးနေသည်။
ခုန်မင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်ထဲတွင် သတ္တုရည်များပမာ ပျစ်ခဲနေသည့် သစ်သားဒြပ်စင်စီးကြောင်းတစ်ခု ထုတ်လွှတ်ရန် ပြင်ဆင်လျှက် ရှိသည်။
အဆုံးစွန်အထိသန့်စင်ထားသော သစ်သားဒြပ်စင်စွမ်းအားက ချီပင်လယ်မှတစ်ဆင့် သွေးကြောဆုံချက်များထဲသို့ ရောက်ရှိသွားသည်နှင့် ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပေမည်။
သို့သော် မည်သည့်အရာမဆို အခက်အခဲကတော့ ရှိစမြဲပင်။
သန့်စင်ထားသော သစ်သားဒြပ်စင်စွမ်းအားများမှာ ထိုက်ကျိယင်ယန်သင်္ကေတမှ သွေးကြောဆုံချက်များထဲသို့ မထွက်ခွာနိုင်ဘဲ အရှိန်ယူလိုက် နောက်ပြန်ဆုတ်လိုက်ဖြင့် တုံ့ဆိုင်းလျှက် ရှိနေသည်။
အရေးကြီးနေပြီဖြစ်ရာ ခုန်မင်အနေဖြင့် နောက်ဆုတ်၍မဖြစ်တော့ပေ။
သူက စိတ်ကိုတည်ငြိမ်စေပြီး အသက်ရှူသံကိုထိန်းညှိကာ နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်ရန် ကြိုးစားလိုက်သည်။
အာရုံစူးစိုက်မှုကို အစွမ်းကုန်မြှင့်တင်လျှက် အားကောင်းသော ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ ထိုက်ကျိယင်ယန်သင်္ကေတ၏လည်ပတ်မှုကို တွန်းအားပေးရန် ကြိုးစားလိုက်သည်။
ဤသို့သော်စမ်းသပ်မှုကို ခုန်မင် ပထမဆုံးအကြိမ် ပြုလုပ်လိုက်ခြင်း ဖြစ်၏။
ခုန်မင်က ထျန်းယွမ်ကုန်းမြေတွင် ယှဉ်နိုင်သူမရှိလောက်အောင် ဝိညာဉ်စွမ်းအား ကောင်းမွန်သူ ဖြစ်သည်။ သို့သော် ထိုစွမ်းအားကို အသုံးချနိုင်သည့်အခွင့်အရေးကတော့ နည်းပါးလှသည်။
ကျင့်ကြံရာတွင် ကိုယ်တွင်းမျက်စိအသုံးပြုသည့်အခြေအနေသို့ လွယ်ကူစွာဝင်ရောက်နိုင်ခြင်းနှင့် တိုရီယာလက်စွပ် အသုံးပြုခြင်းတို့တွင်သာ ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သည်။
ထိုက်ကျိယင်ယန်သင်္ကေတက ခုန်မင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်တွင် ရှိနေသော်လည်း ထိုသင်္ကေတ အလိုအလျောက်လည်ပတ်နေခြင်းကို ခုန်မင် ထိန်းချုပ်နိုင်ခြင်း မရှိပေ။
ယခု သူက ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီး ထိုသင်္ကေတကို တွန်းအားပေးရန် ကြိုးစားကြည့်လိုက်သည်။
အလွန်ပင် ကံကောင်းသည်ဟု ဆိုရမည်။
ခုန်မင်၏စမ်းသပ်မှု အောင်မြင်သွားခဲ့လေသည်။
ခုန်မင် ဝိညာဉ်စွမ်းအားအသုံးပြုပြီး တွန်းအားပေးလိုက်သည်နှင့် ထိုက်ကျိယင်ယန်သင်္ကေတ၏လည်ပတ်နှုန်းက ပိုမိုမြန်ဆန်လာသည်။
ရလဒ်အနေဖြင့် သွေးကြောဆုံချက်များထဲစီးဝင်ရန် ခြေတစ်လှမ်းသာလိုတော့သည့် သစ်သားဒြပ်စင်စွမ်းအားများ ပွင့်ထွက်သွားပြီး သွေးကြောဆုံချက်များဆီသို့ အရှိန်အဟုနဖြင့် စီးဆင်းသွားတော့သည်။
သစ်သားက မီးကိုဖြစ်စေပြီး မီးက မြေကိုဖြစ်စေသည်ဆိုသော အပြန်အလှန်နိယာမအတိုင်း တစ်ခဏအတွင်းမှာပင် မီးနှင့် မြေဒြပ်စင်စွမ်းအားများသည်လည်း အဆုံးစွန်အထိ သန့်စင်သွားသည်။
ထိုဒြပ်စင်စွမ်းအားများ တစ်ခုပြီးတစ်ခု ထိုက်ကျိယင်ယန်သင်္ကေတအတွင်းမှ လျှံထွက်လာပြီး သွေးကြောများအတွင်း ဝင်ရောက်သွားကြသည်။
နောက်ဆုံး သစ်သား ၊ မီး ၊ မြေ ဟူသော ဒြပ်စင်စွမ်းအား (၃)မျိုး ခုန်မင်၏ သွေးကြောများထဲ ရောယှက်သွားပြီး ခန္ဓာကိုယ်အနှံ့သို့ လှည့်ပတ်စီးဆင်းသွားသည်။
ယခု ဒြပ်စင်စွမ်းအား(၃)မျိုးလုံးက သတ္တုရည်များပမာ ပျစ်ခဲသိပ်သည်းသည့် အနေအထားသို့ ရောက်ရှိနေပေပြီ။ ဒြပ်စင်စွမ်းအားများ၏ မူလအရောင်များအပြင် ထူးခြားသော သတ္တုရောင်များလည်း တောက်ပနေသည်။
စွမ်းအားစီးကြောင်း(၃)ခု ကိုယ်တွင်းသို့ ဝင်ရောက်လာသည်နှင့် ခုန်မင်၏သွေးကြောများမှာလည်း ပြန်လည်ကျယ်ပြန့်လာသည်။
ဤသည်က သူ၏ခန္ဓာကိုယ်တွင် သိုလှောင်နိုင်မည့် စုစုပေါင်းဒြပ်စင်စွမ်းအားပမာဏ အဆမတန် မြင့်တက်လာတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သတ္တုရည်အဖြစ်ပြောင်းလဲသွားသည့် ဒြပ်စင်စွမ်းအား(၃)မျိုး သွေးကြောအနှံ့လှည့်ပတ်သွားသည်နှင့် ခုန်မင့်စိတ်ထဲ အလင်းပွင့်သလို ခံစားလိုက်ရသည်။
ဟုတ်ပေ၏။
အတားအဆီးကို အောင်မြင်စွာချိုးဖျက်ပြီး ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တက်သွားပြီဖြစ်ရာ ခုန်မင်၏ သွေးကြောများ ကျယ်ပြန့်လာပြီး လစ်ဟာသွားသည့် နေရာလွတ်များစွာ ဖြစ်တည်လာသည်။
ထိုသွေးကြောနေရာလွတ်များကိုဖြည့်ဆည်းရန် မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအားများကို စုပ်ယူရန် လိုအပ်သည်။
ထို့ကြောင့် ပတ်ဝန်းကျင်ဗလာနယ်ထဲမှ ဒြပ်စင်စွမ်းအားများက ခုန်မင်၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သည့်အရှိန်အဟုန်ဖြင့် အလုအယက် တိုးဝင်လာကြသည်။
ခုန်မင်က ဝိညာဉ်စွမ်းအားဖြင့် တွန်းအားပေးထားသဖြင့် ချီပင်လယ်ထဲမှ ထိုက်ကျိယင်ယန်သင်္ကေတက အသစ်ဝင်ရောက်လာသော ဒြပ်စင်စွမ်းအားများကို လျှင်မြန်စွာသန့်စင်ပြီး သွေးကြောများဆီသို့ ဆက်တိုက် ဖြည့်တင်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ကြယ်စင်များကလည်း ခုန်မင်၏ခန္ဓာကိုယ်ထဲသို့ ကြယ်စင်စွမ်းအားများ အဆက်မပြတ် ပို့လွှတ်ပေးနေသည်။
ထိုက်ကျိယင်ယန်သင်္ကေတက ခရမ်းရောင်နှင့် အပြာရောင်နတ်ဘုရားစွမ်းအားများကို ပိုမိုအားကောင်းလာစေရန် ချက်ချင်းသန့်စင်ပစ်လိုက်သည်။
ထိုသို့ဖြင့် ရောင်စဉ်နှစ်မျိုးရှိသော နတ်ဘုရားစွမ်းအားများနှင့် ဒြပ်စင်စွမ်းအား(၃)မျိုးကြား ဟန်ချက်ညီမှုကိုထိန်းထားပြီး ထိုက်ကျိယင်ယန်သင်္ကေအား တည်ငြိမ်စွာဖြင့် ဆက်လက်လည်ပတ်နေစေသည်။
ထိုသို့ဖြင့်...
အချိန် (၅)ရက်တိတိ ကုန်လွန်သွားခဲ့သည်။
နံရံဆေးရေးပန်းချီကားထဲမှ သီးခြားကမ္ဘာငယ်ထဲတွင်ရှိသော မိုးထိအောင်မြင့်မားသည့် ဖီးနစ်သစ်ပင်ကြီး၏ ထိပ်ဖျားတွင် ကျယ်လောင်သည့် နဂါးဟိန်းသံကြီးတစ်သံထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအားလှိုင်းလုံးကြီးတစ်ခုက ပတ်ဝန်းကျင်သို့ ရိုက်ခတ်ပျံ့နှံ့သွားသည်။
ခုန်မင် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့တက်ရောက်ပြီးနောက် (၅)ရက်အတွင်းမှာပင် လိုအပ်သည့် ဒြပ်စင်စွမ်းအားများကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
နောက်ဆုံးတော့ ကျင့်ကြံခြင်းအဆင့်တက်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့ပေပြီ။
ခုန်မင် ကျင့်ကြံခြင်းအဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအားပေါက်ကွဲမှုကြီးက သူ၏ပခုံးထက်မှ ငှက်ပေါက်လေးကိုတော့ အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။
ဖီးနစ်ငှက်လေး အိပ်ယာမှလန့်နိုးသွားပြီး ခုန်မင်၏ပခုံးကို မြဲမြံအောင်ကုပ်မထားနိုင်တော့ဘဲ အောက်သို့ပြုတ်ကျသွားသည်။
ငှက်လေးက ဟန်ချက်ထိန်းရန်အတွက် သေးငယ်သည့်အတောင်ပံများကို တဖျတ်ဖျတ်ခတ်ရန် ကြိုးစားလိုက်သော်လည်း အရွယ်မရောက်သေးသည့်အတွက် အတောင်ဖြန့်ရုံသာဖြန့်နိုင်ပြီး ပျံသန်းနိုင်ခြင်း မရှိခဲ့ပေ။
“ကျိ... ကျိ... ကျိ...”
အကောင်ငယ်လေးမှာ သနားစဖွယ် အော်မြည်ရင်း မြေပြင်ထက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့သည်။
ခုန်မင်က အချိန်မီ သတိပြုမိသွားသဖြင့် ကံကောင်းသည်ဆိုရမည်။
သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ထိုသတ္တဝါလေးကို သူ၏လက်ဖဝါးထက်သို့ ပြန်လည်ဆွဲယူလိုက်သည်။
ဖီးနစ်လေးက အောက်သို့ပြုတ်ကျမည့်အန္တရယ်မှ လွတ်မြောက်သွားသည့်တိုင် ခုန်မင်ကို ကျေးဇူးတင်ခြင်းမရှိဘဲ ဒေါသတကြီးဖြင့် ခုန်မင်၏လက်ကို နှုတ်သီးဖြင့်ဆိတ်လေသည်။
သို့သော် ဖီးနစ်လေးက စိတ်ဆိုးနေခြင်းသာဖြစ်ပြီး အားကုန်သုံးတိုက်ခိုက်ခြင်းမဟုတ်ပေ။
ဤအကောင်ပေါက်လေး အားကုန်သုံးပြီး နှုတ်သီးဖြင့်ဆိတ်ပါက အဆင့်(၅) မှော်ဝင်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုနှင့်ပင် ဆင်တူပေမည်။