ဖီးနစ်ငှက်လေးကြီးလာပြီ
Vol. 18 Ch. 194
ဖီးနစ်ပေါက်စလေးကိုကြည့်ပြီး ခုန်မင် ရယ်မောလိုက်မိသည်။
“ကောင်လေး... တောင်းပန်ပါတယ်ကွာ ၊ မင်း လန့်သွားအောင် တမင်လုပ်တာမဟုတ်ပါဘူး ၊ လျော်ကြေးအနေနဲ့ အရသာရှိတာလေး တစ်ခုခုကျွေးမယ်လေ ၊ ဘယ်လိုလဲ”
ပြောပြီးသည်နှင့် ခုန်မင်က တိုရီယာလက်စွပ်ထဲမှ မီးလျှံဖီးနစ်ဥခွံအပိုင်းအစတစ်ခုကိုထုတ်ယူပြီး ငှက်ပေါက်လေး၏နှုတ်သီးနားသို့ ခွံ့ကျွေးလိုက်သည်။
အစားအသောက်ကိုမြင်တော့ ငှက်ပေါက်လေး စိတ်ဆိုးပြေသွားပြီး ဝမ်းသာအားရ အော်မြည်လိုက်သည်။
ဝမ်းသာအားရ ဖြစ်သွားလေသည်။
“ကျိ... ကျိ... ကျိ”
ထို့နောက် ပျော်ရွှင်စွာဖြင့် ဥခွံကိုစားသောက်တော့၏။
ယခု ဖီးနစ်ပေါက်စက ဖရဲသီးတစ်လုံးခန့်အရွယ်အစား ဖြစ်နေပေပြီ။ စတင်မွေးဖွားစဉ်ကနှင့်ယှဉ်လျှင် အဆပေါင်းများစွာ ပိုမိုထွားကျိုင်းလာသည်။
သို့သော် ဤအကောင်လေးက စားလိုက်အိပ်လိုက်ဖြင့်အချိန်ကုန်နေပြီး အရွယ်ရောက်ရန် မည်မျှစောင့်ရမည်မှန်း မသိသေးပေ။
ဖီးနစ်လေးကတော့ ဥခွံအပိုင်းအစကို အကုန်စားပစ်လိုက်ပြီး ခုန်မင်ထံမှ ထပ်စားရဦးမည်လားဟု မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ခုန်မင်က မီးလျှံဖီးနစ်လေး၏ဦးခေါင်းကို အသာပုတ်ရင်း...
“ဒါနဲ့... မင်းကို မေးစရာရှိတယ် ၊ ဒီနေရာကနေ အပြင်ကို ဘယ်လိုထွက်ရမလဲဆိုတာ မင်းသိလား ၊ အပြင်ရောက်ရင် မင်းစိတ်ကြိုက်စားလို့ရတဲ့ အစားအသောက်တွေမှ အများကြီးပဲ”
ထိုစကားကြားတော့ ဖီးနစ်ပေါက်စက ခုန်မင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ခုန်မင်က ငှက်ပေါက် နာမလည်မည်ကိုစိုးရိမ်သဖြင့် ထပ်ရှင်းပြလိုက်သည်။
“ဒီလိုကွာ... အခု ငါတို့ရောက်နေတဲ့နေရာရဲ့ အပြင်ဘက်မှာ ပိုပြီးကျယ်ပြောတဲ့ အစစ်အမှန်လောကကြီးတစ်ခု ရှိနေတယ် ၊ ငါတို့ ဒီနေရာကထွက်ပြီး အဲဒီကိုပြန်ရမယ် ၊ အပြင်လောကရောက်မှ မင်းလည်း လွတ်လွတ်လပ်လပ် ပျံသန်းနိုင်မှာ”
မီးလျှံဖီးနစ်လေးက အနည်းငယ် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက အတောင်များကိုဖြန့်ကာ တဖျတ်ဖျတ်ခတ်လိုက်ပြီး ခန္ဓာကိုယ်ကို စက်ဝိုင်းပုံသဏ္ဌန်လှည့်ပတ်လိုက်သည်။
ထို့နောက် ခုန်မင်၏လက်ဖဝါးထက်မှ ပခုံးပေါ်သို့ ခုန်တက်သွားသည်။
ပခုံးပေါ်ရောက်တော့ ဟိုဟိုဒီဒီ ခုန်ပေါက်နေပြီး အတောင်များကိုဖြန့်ကားကာ ခန္ဓာကိုယ်ကို စက်ဝိုင်းပုံစံ လှည့်ပတ်လိုက်ပြန်သည်။
ငှက်ပေါက်လေး၏အမူအရာကိုကြည့်ပြီး ခုန်မင်က သဘောကျစွာ ရယ်မောလိုက်ရင်း...
“မင်းက ဉာဏ်ကောင်းသားပဲ ၊ ဟုတ်တယ်... အပြင်လောကဆိုတာ အခု မင်းလုပ်ပြတဲ့ စက်ဝိုင်းပုံစံထက် အဆပေါင်းများစွာပိုကြီးတယ် ၊ အဲဒီကမ္ဘာလောကကြီးကို မင်းကိုယ်တိုင် မမြင်ဖူးချင်ဘူးလား”
မီးလျှံဖီးနစ်လေးက သူ၏အတောင်တစ်ဖက်အား ရင်ဘတ်ဆီသို့ရိုက်ခတ်ပြလိုက်ပြီး ခေါင်းကိုလည်း တွင်တွင်ညိတ်လိုက်သည်။
ကျယ်ပြောလှသည့်ကမ္ဘာကြီးကို ကိုယ်တိုင်သွားရောက်ကြည့်ရှုလိုကြောင်း ပြောနေသည့်ပမာပင်။
ခုန်မင်က မီးလျှံဖီးနစ်လေးကို လက်မထောင်ပြလိုက်ပြီး...
“မင်းက မဆိုးဘူးပဲ ၊ ဒါဖြင့် ဒီနေရာကထွက်သွားဖို့ မင်းမှာနည်းလမ်းရှိလား”
ဖီးနစ်ငှက်လေးက ခေါင်းကိုစောင်းကာစဉ်းစားနေပြီးမှ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။
ထို့နောက် အတောင်တစ်ဖက်ဖြင့် သူ့ကိုယ်သူညွှန်ပြလိုက်ပြီး အတောင်များကိုဖြန့်ကားကာ ခန္ဓာကိုယ်အား ကြီးမားသည့်စက်ဝိုင်းအသွင် တစ်ပတ်လှည့်ပြလိုက်သည်။
ခုန်မင် ငှက်လေးကိုကြည့်ပြီး ခဏမျှ စဉ်းစားလိုက်၏။
ပြီးမှ...
“မင်းပြောချင်တာ... အခု မင်းက ငယ်သေးလို့ အပြင်မထွက်နိုင်တာ ၊ ဒီထက်အရွယ်ကြီးလာရင် ထွက်ပေါက်ကိုရှာနိုင်မယ်ဆိုတဲ့သဘောလား”
မီးလျှံဖီးနစ်လေးက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။ ခုန်မင်က သူပြောသည်ကိုနားလည်သဖြင့် ကျေနပ်သွားပုံရသည်။
ခုန်မင် သက်ပြင်းချလိုက်သည်။
ဤနံရံဆေးရေးပန်းချီကားကမ္ဘာထဲမှ ထွက်ခွာရန်အတွက် ဖီးနစ်ငှက်လေး မည်မျှအထိကြီးထွားလာရန် လိုအပ်ကြောင်း မသိရှိပေ။
သို့သော် ထိုငှက်လေး၏ အမူအရာအရဆိုလျှင် ဤနေရာမှလွတ်မြောက်ရန်အတွက် ယခုထက်ပိုပြီး ကြီးထွားလာမှ ဖြစ်နိုင်ပေမည်။
ခုန်မင်က မီးလျှံဖီးနစ်လေး၏ဦးခေါင်းကို ကြင်နာစွာ ပွတ်သပ်လိုက်ရင်း...
“ဟုတ်ပါပြီ... မင်း အမြန်ဆုံးကြီးလာပါစေလို့ ဆုတောင်းပါတယ် ၊ အဲဒီအချိန်ကျမှ ငါတို့ ဒီနေရာက အတူတူထွက်သွားကြတာပေါ့ ၊ အပြင်လောကကိုရောက်ရင် ကမ္ဘာကြီးက ဘယ်လောက်ကျယ်ပြောလဲဆိုတာ ငါ မင်းကိုလိုက်ပြမယ်”
ထိုစကားကြားတော့ မီးလျှံဖီးနစ်လေးက ခုန်မင်၏လက်ကို ခေါင်းဖြင့်ဝှေ့လိုက်သည်။
ခုန်မင်က မီးလျှံဖီးနစ်ဥခွံအပိုင်းအစတစ်ခုကိုထုတ်ယူပြီး ထိုသတ္တဝါလေးကို ဆက်လက်ကျွေးမွေးလိုက်သည်။ ငှက်ပေါက်လေး မြန်မြန်ကြီးထွားလာရန်အတွက် များများကျွေးရမည် မဟုတ်ပါလား။
ဖီးနစ်ပေါက်စက အရင်ကထက်ပိုပြီး အစားကြီးလာသည်။
ယခင်ကထက် နှစ်ဆရှိသော ဥခွံများကိုစားသောက်ပြီးမှသာ ကျေနပ်သွားပြီး ခုန်မင်၏ပခုံးထက် အိပ်မောကျသွားတော့သည်။
ခုန်မင်လည်း လုပ်စရာမရှိသဖြင့် အသက်ရှူနှုန်းကိုထိန်းညှိပြီး ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ထိန်းညှိလိုက်သည်။
အချိန် (၁၀)ရက်တိတိကြာမှ ဖီးနစ်ငှက်လေး ပြန်လည်နိုးထလာသည်။
ယခု ဖီးနစ်ငှက်လေးက ဖရဲသီးတစ်လုံးထက် ပိုမိုကြီးထွားလာပြီး သူ၏ခန္ဓာကိုယ်မှ အမွှေးနုလေးများမှာလည်း ဖီးနစ်ငှက်မွှေးများအဖြစ် စတင်လဲလှယ်တော့မည့်အသွင်ဆောင်နေသည်။
အတောင်ပံများသည်လည်း အတော်လေး ကြီးထွားလာပြီဖြစ်ရာ ဘေးသို့ဖြန့်ကားကာ တဟုန်းဟုန်းရိုက်ခတ်နိုင်လာသည်။
သို့သော် နံရံဆေးရေးပန်းချီကားထဲရှိ သီးခြားကမ္ဘာထဲမှ လွဝ်မြောက်နိုင်အောင်တော့ မစွမ်းဆောင်နိုင်သေးပေ။
ဖီးနစ်လေးက အိပ်ယာမှနိုးသည်နှင့် တစာစာအော်မြည်ကာ အစာထပ်တောင်းလေ၏။
ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်ပွဲပြီးဆုံးရန် ရက် (၂၀) ခန့်သာ လိုတော့သည်။
အချိန်ဖြုန်း၍မဖြစ်တော့သဖြင့် ခုန်မင်က မီးလျှံဖီးနစ်ဥခွံအပိုင်းအစ အကြီးဆုံးများကိုထုတ်ယူကာ ငှက်ငယ်လေးကို ကျွေးလိုက်သည်။
ငှက်ပေါက်စကလည်း အားမနာတမ်း ပြောင်သလင်းခါအောင် စားလေသည်။
ထို့နောက် ခုန်မင်၏ပခုံးပေါ်သို့ပြန်တက်ကာ အိပ်မောကျသွားပြန်၏။
ခုန်မင်အတွက် အချိန်မရှိတော့ပေ။
ဖီးနစ်လေး ပြန်နိုးလာချိန်တွင် နံရံဆေးရေးပန်းချီထဲရှိ သီးခြားကမ္ဘာထဲမှ အပြင်ပြန်ထွက်ခွာနိုင်လောက်သည်အထိ ကြီးထွားလာပါ့မလား မသေချာပေ။
ယခုတစ်ကြိမ် ဖီးနှစ်ငှက်လေး အိပ်ပျော်သွားသည်က အချိန်အတော်ကြာသည်။
ရက်ပေါင်း (၂၀) တိတိအကြာမှာတော့ ဖီးနစ်ငှက်၏နှုတ်ဖျားမှ ကျယ်လောင်စွာတွန်ကျူးသံနှင့်အတူ အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး နိုးထလာလေသည်။
ယခု ဖီးနစ်ငှက်က အကောင်ပေါက်လေး မဟုတ်တော့ပေ။
အစစ်အမှန် မီးလျှံဖီးနစ် နတ်သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပေပြီ။
သူ၏အော်သံမှာလည်း “ကျိ... ကျိ... ကျိ” ဆိုသည့် ငှက်ငယ်လေးအော်သံမဟုတ်တော့ဘဲ ကြည်လင်ပြတ်သားသည့် ဖီးနစ်တွန်ကျူးသံအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဖီးနစ်ပေါက်စလေး၏ ရွှေဝါရောင်အမွှေးနုလေးများ လုံးဝမရှိတော့ဘဲ မီးလျှံကဲ့သို့ တောက်ပသည့် ဖီးနစ်အမွှေးအတောင်များက အစားထိုးဝင်ရောက်လာခဲ့သည်။
သူက ခုန်မင်၏ပခုံးထက်တွင်နားနေသည်ဖြစ်ရာ သူ၏ခန္ဓာကိုယ်က ခုန်မင်၏ ဦးခေါင်းထက်မြင့်မားပြီး အုပ်မိုးထားသည့်ပမာ ဖြစ်နေသည်။
ဖီးနစ်ငှက်၏ အကြည့်နှင့် လှုပ်ရှားမှုတိုင်းက အလွန်တရာ ခမ်းနားထည်ဝါပြီး ဖျတ်လတ်သည့် စွမ်းအားရောင်ဝါများဖြင့် ဖုံးလွှမ်းနေသည်။
မီးလျှံဖီးနစ်ငှက်က ဤမျှကြီးထွားလာပြီဖြစ်ရာ နံရံဆေးရေးပန်းချီကားထဲရှိ သီးခြားကမ္ဘာငယ်ထဲမှ ထွက်ခွာနိုင်စွမ်းရှိပြီလား မပြောတတ်ပေ။
ဖီးနစ်ကျဆုံးတောင်ကြား ပိတ်သိမ်းရန် (၃)ရက်ပင် မလိုတော့ပေ။
အခုအချိန် နံရံဆေးရေးပန်းချီကားထဲမှ သီးခြားကမ္ဘာငယ်ထဲမှ မထွက်ခွာနိုင်ပါက နောက်ထပ် အနှစ်(၂၀)လုံးလုံး ပိတ်မိနေပေလိမ့်မည်။
ခုန်မင်က တည်ငြိမ်သူဖြစ်သည့်တိုင် အနည်းငယ်စိုးရိမ်ပူပန်စွာဖြင့် ဖီးနစ်ငှက်ကို လှမ်းကြည့်လိုက်သည်။
ခုန်မင်၏ပခုံးထက်တွင် နားနေသော မီးလျှံဖီးနစ်ငှက်က အတောင်ပံများကိုဖြန့်ကားလျှက် အကြိမ်အနည်းငယ် ရိုက်ခတ်လိုက်သည်။
အားကောင်းသော လေအဟုန်တစ်ခု ထွက်ပေါ်လာပြီး ဖီးနစ်ငှက်က ပထမဆုံးအကြိမ် ကိုယ်ပိုင်အတောင်များကိုအသုံးပြုကာ ဝေဟင်ထက်သို့ ပျံတက်သွားသည်။
စတင်ပျံသန်းချိန်တွင် သူ၏လှုပ်ရှားမှုက မာတောင့်တောင့်ဖြစ်နေပြီး လေထဲတွင် ယိမ်းထိုးနေသော်လည်း ခဏအကြာမှာတော့ အလွန်ချောမွေ့စွာ ပျံသန်းသွားနိုင်သည်။
သူက ခုန်မင်၏ ဦးခေါင်းထက်တွင် အဆက်မပြတ် ပျံသန်းနေတော့၏။
မီးလျှံဖီးနစ်လေး အတောင်ဖြန့်ပျံသန်းနိုင်သည်ကိုမြင်သည်နှင့် ခုန်မင့်စိတ်ထဲ အလွန်ပျော်ရွှင်သွားရသည်။
သူက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...
“ကောင်လေး... ဘယ်လိုလဲ... အခုလိုပျံသန်းနိုင်ပြီဆိုတော့ မင်းမြင်ရတဲ့လောကကြီးက အရင်ကနဲ့မတူတော့ဘူးမလား”
အမှန်တော့ “ကောင်လေး” ဆိုသည့် အသုံးအနှုန်းကို မသုံးသင့်တော့ပေ။
ယခု မီးလျှံဖီးနစ်က အရွယ်ရောက်ပြီး မီးလျှံဖီးနစ်တစ်ကောင်၏ ကြောက်မက်ဖွယ်ရာ ခန့်ညားထည်ဝါမှုမျိုး အပြည့်အဝ မရရှိသေးသော်လည်း သိမ်းငှက်တစ်ကောင်ထက်ပင် အဆပေါင်းများစွာသာလွန်သည့် သားရဲတစ်ကောင် ဖြစ်နေပေပြီ။
သို့သော် ခုန်မင်ကတော့ မီးလျှံဖီးနစ်ကို သူကျွေးမွေးပြုစုလာသည့် အမွှေးလုံးလုံးလေးနှင့် ငှက်ပေါက်စလေးဟုပင် တွေးထင်ထားသည်။
ထို့ကြောင့် “ကောင်လေး” ဟု နှုတ်ကျိုးလျှက် ခေါ်လိုက်ခြင်းသာပင်။
ခုန်မင်၏ ချီးကျူးစကားကိုကြားသည်နှင့် ဖီးနစ်ငှက်က အလွန်ပျော်ရွှင်သွားပြီး စူးရှစွာတွန်ကျူးလိုက်သည်။ ထို့နောက် အတောင်များကိုဖြန့်ကားပြီး ကောင်းကင်အမြင့်ထက်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့၏။
ဖီးနစ်ငှက်ကိုကြည့်ရင်း ခုန်မင်လည်း ပျော်ရွှင်စွာဖြင့် ဖီးနစ်သစ်ပင်၏ အမြင့်ဆုံးထိပ်ဖျားသို့ ခုန်တက်လိုက်ပြီး ပျံသန်းသွားသည့်ဖီးနစ်ငှက်ကို ခေါင်းမော့ကြည့်လိုက်သည်။
ယခု သူသိချင်သည့် တစ်ခုတည်းသော မေးခွန်းမှာ ဤဖီးနစ်ငှက်က နံရံဆေးရေးပန်းချီအတွင်းရှိ သီးခြားကမ္ဘာငယ်ထဲမှ ထွက်ခွာသွားနိုင်မည့် စွမ်းအားမျိုးရှိနေပြီလားဆိုသည့်အချက်ပင်။
ပြာလွင်သောကောင်းကင်ယံထက်တွင် ဖီးနစ်ငှက်က လွတ်လပ်စွာ ဝဲပျံလျှက်ရှိသည်။
ခုန်မင်က လေချွန်သံပေးလိုက်သည့်အခါ ဖီးနစ်ငှက်က ပြန်လည်တွန်ကျူးသံဖြင့် တုံ့ပြန်လာသည်။
ကောင်းကင်ယံထက် မြင့်မားစွာပျံသန်းသွားပြီးနောက် ဖီးနစ်ငှက်က အတောင်များကိုရုပ်သိမ်းကာ အောက်ဘက်သို့ ပြန်ထိုးဆင်းလာသည်။
ခုန်မင်၏ဦးခေါင်းထက်သို့ ရောက်ခါနီးကျမှ လှပကျော့ရှင်းစွာ ဝေ့ဝဲလိုက်ပြီး ပခုံးထက်သို့ ငြိမ်သက်စွာ ဆင်းသက်လိုက်သည်။
ခုန်မင်က သဘောကျစွာရယ်မောရင်း ဖီးနစ်ငှက်၏ဦးခေါင်းကို ပွတ်သပ်လိုက်ပြီး...
“ဘယ်လိုလဲ... ကောင်းကင်ပေါ်မှာပျံသန်းရတာ ပျော်စရာကောင်းတယ်မလား... ပြီးတော့... ပြင်ပလောကမှာဆိုရင် မင်း ဒီထက်ပိုပြီး ကျယ်ပြောတဲ့ကောင်းကင်ကြီးမှာ ပျံသန်းနိုင်မှာ...”
ထိုစကားကြားတော့ ဖီးနစ်ငှက်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် လည်ပင်းကိုအနည်းငယ်မော့လိုက်သည်။
သူ၏အမူအရာက ပြင်ပလောကကို အလွန်တရာ စိတ်ဝင်စားနေပြီး အခွင့်အရေးရပါက သွားရောက်ကြည့်ရှုမည်ဟု ဆုံးဖြတ်ထားဟန်ပင်။
ခုန်မင်က ဖီးနစ်ငှက်ကို တစ်ချက်အကဲခတ်လိုက်ပြီး တည်ကြည်လေးနက်သောမျက်နှာထားဖြင့်...
“ပြင်ပလောကကိုသွားမယ်ဆိုရင် အရင်ဆုံး ဒီနေရာက ထွက်သွားဖို့လိုတယ် ၊ မင်း အဲဒါကို လုပ်နိုင်မလား”
ဖီးနစ်ငှက်က ခေါင်းညိတ်လိုက်ပြီး ကြည်လင်သောအသံဖြင့် တွန်ကျူးလိုက်သည်။ ထို့နောက် ခုန်မင်၏ပခုံးထက်တွင် နားခိုနေရာမှ ကောင်းကင်ထက်သို့ ပျံတက်သွားပြန်သည်။
သို့သော် သူက အဝေးသို့ ပျံသန်းသွားခြင်းမရှိဘဲ ခုန်မင်၏ ဦးခေါင်းထက် ပေအနည်းငယ်အကွာရှိ လေထုထဲတွင်သာ ရပ်တန့်နေသည်။