← Chapters

ဖီးနစ်ကျဆုံးတောင်ကြားမှ ထူးဆန်းသည့်ပြောင်းလဲမှု

Vol. 18 Ch. 195

ဖီးနစ်ကျဆုံးတောင်ကြားမှ ထူးဆန်းသည့်ပြောင်းလဲမှု

Vol. 18 Ch. 195

ဖီးနစ်ငှက်၏တွန်ကျူးသံက ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးအတောင်များက ကြီးမားသောစွမ်းအားတစ်ခုကို စုစည်းနေသည့်ပမာ ထောင်မတ်လျှက်ရှိ၏။

မကြာခင်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှ မိုးမြေအနှစ်သာရစွမ်းအားများက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဖီးနစ်ငှက်ထံသို့ တိုးဝှေ့စီးဝင်လာကြသည်။

ဖီးနစ်ငှက်မှထွက်ပေါ်လာသည့်စွမ်းအားရောင်ဝါက သာမန် အဆင့် (၆) မှော်ဝင်သားရဲတစ်ကောင်နှင့်ယှဉ်လျှင် နိမ့်ကျခြင်း မရှိပေ။

ခဏအကြာမှာတော့ ဖီးနစ်ငှက်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းတွင် လေအိတ်တစ်ခုထည့်သွင်းထားသည့်ပမာ ဖောင်းကားလာသည်။

သူ၏ခန္ဓာကိုယ်ထဲတွင် မီးလျှံဖီးနစ်၏ဝိညာဉ်နိုးထလာသည့်ပမာ ခမ်းနားသော စွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်။

ဖီးနစ်ငှက်၏ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်မီးလျှံများပမာ ရဲရဲနီနေသော်လည်း ထက်ရှနှုတ်သီးကတော့ ရွှေရောင်တောက်ပနေသည်။

ဖီးနစ်ငှက်က နှုတ်သီးကိုဟလိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်ရာ ထိုအလင်းတန်းက ဗလာနယ်ကို ထိုးခွင်းဖောက်ထွက်သွားသည်။

ခုန်မင်ကို အံ့အားသင့်သွားစေသည်မှာ ဖီးနစ်ငှက်၏ပါးစပ်မှထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းထဲတွင် ကြောက်မက်ဖွယ်ရာ လောနယ်စွမ်းအားများ ပါဝင်နေခြင်းဖြစ်သည်။

ရွှေရောင်အလင်းတန်းနှင့်ထိတွေ့မိသည်နှင့် လေထုစုတ်ပြဲသွားပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဖီးနစ်ငှက်က ဦးခေါင်းကိုအထက်အောက်လှုပ်ရှားပြီး ရွှေရောင်အလင်းတန်းကိုထိန်းချုပ်ကာ ဗလာနယ်အက်ကွဲကြောင်း ပိုမိုကြီးမားလာအောင် လုပ်ဆောင်လိုက်သည်။

မကြာမီ ဗလာနယ်အက်ကွဲကြောင်းက (၁၀)ပေခန့် ရှည်လျားသွားပြီး လူတစ်ကိုယ်စာဖြတ်သန်းသွားနိုင်သည်အထိ ကျယ်ဝန်းသွားသည်။

“ဒါ... ဒါက ဗလာနယ်စွမ်းအားပဲ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ခုန်မင် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

ဖီးနစ်လေးက ဥမှပေါက်ဖွားသည်မှာ မကြာသေးပေ။

အရွယ်‌ရောက်ပြီးသော မီးလျှံဖီးနစ်တစ်ကောင်ဖြစ်လာရန် အလှမ်းဝေးသေးသည်။

သို့သော် ဤမျှနုနယ်သောအချိန်မှာပင် ဗလာနယ်စွမ်းအားကိုအသုံးပြနိုင်ခြင်းက မယုံကြည်နိုင်စရာပင် ဖြစ်သည်။

ဒဏ္ဍာရီများအရ ဗလာနယ်စွမ်းအားဆိုသည်မှာ အဆင့်မြင့်ဆုံး နတ်ဘုရားစွမ်းရည်များထဲမှတစ်ခု ဖြစ်သည်။ ထိုသို့သော တန်ခိုးစွမ်းအားမျိုးက သာမန်လူများနားလည်နိုင်ရန် ခက်ခဲလှ၏။

ဖီးနစ်ကျဆုံးတောင်ကြားကဲ့သို့ ထူးခြားဆန်းပြားသည့်နေရာမျိုးကို ရှေးဟောင်းခေတ်မှ တန်ခိုးစွမ်းအားရှင်တစ်ယောက်က အလွန်အစွမ်းထက်သော ဗလာနယ်စွမ်းအားကိုအသုံးပြုကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့သောပုဂ္ဂိုလ်မျိုးက ခုန်မင်သည်ပင် လိုက်မမီနိုင်လောက်အောင် အဆင့်အတန့် မြင့်မားလှသည်။

မီးလျှံဖီးနစ်ဆိုသည်က အလွန်နာမည်ကျော်ကြားသော နတ်သားရဲဖြစ်သည်။

သို့တိုင် သူတို့က ဗလာနယ်စွမ်းအားကို အသုံးပြုနိုင်သည်ဟု ဒဏ္ဍာရီလာမှတ်တမ်းများတွင် ဖော်ပြထားခြင်း မရှိပေ။ ယခုတော့ ဖီးနစ်ငှက်လေးက စစ်မှန်သော ဗလာနယ်စွမ်းအားကို ခုန်မင်၏မျက်စိရှေ့မှာပင် အထင်အရှား ပြသနေပေပြီ။

“ဖီးနစ်ဆိုတာ မီးဒြပ်စင်သားရဲပဲလေ... ဘာလို့ ဒီကောင်လေးက ဗလာနယ်စွမ်းအားကို ထုတ်ဖော်နိုင်ရတာလဲ”

ခုန်မင် စဉ်းစားမရအောင် ဖြစ်သွားရသည်။

ထို့ထက်ပိုပြီးထူးဆန်းသည်မှာ ထိုကောင်လေးပါးစပ်မှ မှုတ်ထုတ်လိုက်သည့် ရွှေရောင်အလင်းတန်း ဖြစ်၏။

ထိုအလင်းတန်းတွင် ဗလာနယ်စွမ်းအားပါဝင်ရုံသာမက အလွန်သန့်စင်သည့် သတ္တုဒြပ်စင်စွမ်းအားလည်း ပါဝင်နေသည်။

ဗလာနယ်ကို ထိုးခွင်းနိုင်သည့် သတ္တုဒြပ်စင် ဗလာနယ်စွမ်းအား...။

ဤသည်က အလွန်မှ ထူးဆန်းလှ၏။

ပေတစ်ထောင်နီးပါးရှည်လျားသော ရေနဂါးကြီးအားဖန်တီးနိုင်သည့် ရေခဲမြူနဂါး ၊ လျှပ်စီးကျားသစ်ကို ဖန်ဆင်းနိုင်သည့် လေမိုးကြိုးကျားသစ်... ၊ ထိုသားရဲကြီးများသည်ပင် ဖီးနစ်ငှက်လေးပါးစပ်မှထွက်လာသည့် ရွှေရောင်အလင်းတန်းကို ကြောက်ရွံ့ကြပေလိမ့်မည်။

ဖီးနစ်ငှက်က ငယ်ရွယ်သေးသည်ဖြစ်ရာ တိုက်ခိုက်စွမ်းရည်တွင် ထိုသားရဲကြီးများကို မယှဉ်နိုင်သေးပေ။

သို့သော် ဗလာနယ်ကိုပင် ထိုးဖောက်နိုင်စွမ်းရှိသော ရွှေရောင်အလင်းတန်းကတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ထိုအလင်းတန်းဖြင့်ဆိုလျှင် ဤလောကတွင် မပိုင်းဖြတ်နိုင်သည့်အရာ ဘာများကျန်ရှိပါဦးမည်နည်း။

“ဒီကောင်လေးက သာမန်ဖီးနစ်ငှက် မဟုတ်ဘူးပဲ ၊ သူ့နောက်ခံက အတော်လေး လျှို့ဝှက်ဆန်းကြယ်ပုံရတယ်”

ခုန်မင် တွေးလိုက်သည်။

တစ်ဆက်တည်းပင် ခုန်မင့်စိတ်ထဲ စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာသည်။

ဗလာနယ်စွမ်းအားကို ထုတ်ဖော်အသုံးပြုခြင်းက အံ့အားသင်စရာကေင်းသည်မှန်သော်လည်း ဖီးနစ်ငှက်လေးက ဥခွံမှပေါက်လာသည်မှာ မကြာသေးပေ။

ဤသို့ ကြီးမားသောစွမ်းအားကို ထုတ်သုံးလိုက်ခြင်းက သူ၏ခန္ဓာကိုယ်အား ဝန်ပိသွားစေနိုင်သည်။

ခုန်မင့်အတွေး မှန်ကန်ပေသည်။

ဗလာနယ်အက်ကွဲကြောင်းကို အမြင့်ဆုံးအဆင့်ထိ ဆွဲဖြဲပြီးသည်နှင့် ဖီးနစ်ငှက်လေး၏ခန္ဓာကိုယ်မှ စွမ်းအားရောင်ဝါများ ရုတ်ချည်းပင် ပျောက်ကွယ်သွားကာ အားအင်ကုန်ခမ်းသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာတော့သည်။

ဗလာနယ်အက်ကွဲကြောင်းတစ်ခု ထိုးဖောက်ရန်အတွက် ဖီးနစ်လေးက သူ့ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအား အကုန်လုံးကို အသုံးပြုလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် သူ့တွင် ပျံသန်းရန်ပင် ခွန်အားမကျန်တော့ပေ။

ခုန်မင်က ရိပ်ခနဲလှုပ်ရှားလိုက်ပြီး အောက်သို့ပြုတ်ကျလာသည့် ဖီးနစ်ငှက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။

လူတစ်ယောက်၏ခန္ဓာကိုယ်တစ်ဝက်ခန့် ရှိနေပြီဖြစ်သော ဖီးနစ်လေးမှာ ခုန်မင်၏လက်ထဲသို့ ပျော့ခွေစွာဖြင့် ကျရောက်လာသည်။

သို့သော် သူ၏မျက်ဝန်းများကတော့ ဂုဏ်ယူဝင့်ကြွားမှုများ ၊ မာန်မာနများဖြင့် ပြည့်နက်နေပေသည်။

ဖီးနစ်လေးက အားအင်ကုန်ခမ်းနေသည့်ကြားမှပင် သူထိုးဖောက်ထားသည့် ဗလာနယ်အက်ကွဲကြောင်းကို စူးရှသောမျက်ဝန်းများဖြင့် ကြည့်ရှုနေသည်။

ထိုအက်ကွဲကြောင်းက (၁၀)ပေခန့်ရှည်လျားပြီး လူတစ်ကိုယ်စာဝင်ရောက်ရန် ကျယ်ဝန်းသည်။

အက်ကွဲကြောင်းအပြင်ဘက်မှာတော့ မှောင်အတိကျသော ဟင်းလင်းပြင်ကိုသာတွေ့မြင်ရသည်။ ထိုအက်ကွဲကြောင်းမှ ဖြတ်သန်းသွားပါက မည်သည့်နေရာသို့ ရောက်ရှိမည်ကို မခန့်မှန်းနိုင်ပေ။

သို့သော် ဤအက်ကွဲကြောင်းမှ ဖြတ်သန်းထွက်ခွာသွားပါက နံရံဆေးရေးပန်းချီကားထဲမှ သီးခြားကမ္ဘာ၏အပြင်ဘက်သို့ သေချာပေါက် ရောက်ရှိသွားမည်ဟု ခုန်မင် ယုံကြည်လိုက်သည်။

မဟုတ်ပါက ဖီးနစ်ငှက်လေး၏မျက်ဝန်းများထဲတွင် ဤမျှဂုဏ်ယူဝင့်ကြွားမှုများကို သူတွေ့မြင်ရမည် မဟုတ်ပေ။

ခုန်မင်က ဖီးနစ်လေး၏ဦးခေါင်းကို အသာပုတ်လိုက်ရင်း...

“ကောင်လေး... မင်း တကယ်ပင်ပန်းသွားရပြီ ၊ ကဲ... ငါတို့တွေ ဒီနေရာက အတူထွက်သွားပြီး ကျယ်ပြောတဲ့လောကကြီးကို အတူတူသွားကြည့်ရအောင်”

ပြောပြီးသည်နှင့် ခုန်မင်က ဖီးနစ်လေးကိုပွေ့ချီလျှက် လေထုထဲရှိ ဗလာနယ်အက်ကွဲကြောင်းဆီသို့ ခုန်ဝင်လိုက်သည်။

ဖီးနစ်လေးက အပြည့်အဝ အရွယ်ရောက်ခြင်း မရှိသေးပေ။

ထို့ကြောင့် သူ၏စွမ်းအားကိုအသုံးပြုပြီး ဗလာနယ်ကိုထိုးခွဲထားသောအက်ကွဲကြောင်းက အချိန်ကြာရှည် ထိန်းမထားနိုင်ပေ။

ခုန်မင် အက်ကွဲကြောင်းအတွင်း ဝင်ရောက်ပြီးသည်နှင့် စက္ကန့်ပိုင်းအတွင်းမှာပင် အက်ကွဲကြောင်းက ပြန်လည်သေးငယ်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။

သူတို့နှစ်ယောက်ထွက်ခွာသွားသည်နှင့် နံရံဆေးရေးပန်းချီကားထဲမှ သီးခြားကမ္ဘာငယ်မှာ သက်ရှိများ၏အရိပ်အယောင် မတွေ့ရတော့ဘဲ တဖန်ပြန်လည် တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။

သုံးပြည်ထောင်ခေတ်မှ ကူးပြောင်းလာသော ခုန်မင်အတွက်တော့ ဗလာနယ်ကိုဖြတ်သန်းရသည့်ခံစားချက်က ရင်းနှီးကျွမ်းဝင်ပြီးသားပင်။

သူက ခရမ်းရောင်လျှပ်စီးနှင့်အတူ အာကာသအလွှာပေါင်းများစွာ ၊ စကြာဝဠာပေါင်းများစွာကို ဖြတ်ကျော်ခဲ့သည် မဟုတ်လား။

ထိုစဉ်က အတွေ့အကြုံနှင့်ယှဉ်လျှင် ယခု ဗလာနယ်အက်ကွဲကြောင်းက ကလေးကစားစရာမျှသာ။

အက်ကွဲကြောင်းကိုဖြတ်သန်းသွားစဉ် ခုန်မင်ရင်ထဲ ဟာခနဲ ခံစားလိုက်ရပြီး စက္ကန့်ပိုင်းအတွင်း ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ သူ့ခြေထောက်များက ခိုင်မာသောမြေသားကို ပြန်လည်ထိတွေ့သွားသည်။

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ မြေအောက်နန်းတော် ၊ ခန်းမကြီးအတွင်း ပြန်လည်ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

သူ့ရှေ့ မနီးမဝေးတွင် ဧရာမ ဖီးနစ်သစ်ပင်ကြီးကို သရုပ်ဖော်ထားသည့် နံရံဆေးရေးပန်းချီကားကြီးပင် ရှိနေသေးသည်။

ဖီးနစ်လေး၏ ဗလာနယ်စွမ်းအားက အမှန်တကယ်ပင် အံ့သြစရာကောင်းလှသည်။ ယခုတော့ သူတို့နှစ်ယောက်လုံး ဘေးကင်းစွာဖြင့် ပန်းချီကားထဲမှ ထွက်လာနိုင်ပေပြီ။

ခုန်မင်က ပန်းချီကားကို လက်ညှိုးထိုးပြရင်း...

“ကောင်လေး... စောစောက ငါတို့တွေ ဒီနံရံဆေးရေးပန်းချီကားထဲမှာ ရှိနေခဲ့တာ ၊ အဲဒီနေရာက အစစ်အမှန်လို့ထင်ရပေမယ့် တကယ်တော့ အတုအယောင်သက်သက်ပဲ...”

ဖီးနစ်ငှက်က မျက်လုံးအဝိုင်းသားဖြင့် နံရံဆေးရေးပန်းချီကားကို အံ့အားသင့်စွာ စူးစိုက်ကြည့်လိုက်သည်။

ခဏအကြာမှာတော့ သူက တစ်စုံတစ်ခု သတိရသွားသည့်အလား ပန်းချီကားကို မျက်နှာလွှဲလိုက်ပြီး စိတ်လှုပ်ရှားသည့်အမူအရာဖြင့် ပတ်ဝန်းကျင်အသစ်ကို အကဲခတ်လိုက်သည်။

မြေအောက်နန်းတော်ပတ်ဝန်းကျင်က သာယာလှပသည်ဟု မဆိုသာပေ။

သို့သော် နံရံဆေးရေးပန်းချီထဲမှ သီးခြားကမ္ဘာငယ်ထဲတွင်သာ နေထိုင်ခဲ့ရသော ဖီးနစ်ငှက်လေးအတွက်တော့ ဤနေရာက စိတ်လှုပ်ရှားစရာကောင်းနေသည်ပင်။

သူ၏ခန္ဓာကိုယ်သာ အားအင်ကုန်ခမ်းနေခြင်းမရှိပါက ဤလောကကြီးကိုစူးစမ်းရန် ချက်ချင်းပင် အတောင်ခတ်ကာ ပျံသန်းသွားပေမည်။

ခုန်မင်က ဖီးနစ်ငှက်ကို ပွေ့ချီထားရင်း မြေအောက်နန်းတော် ခန်းမကြီးကို အကဲခတ်လိုက်သည်။

သူနှင့် လေမိုးကြိုးကျားသစ် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲသဲလွန်စများက မပြောင်းမလဲ ကျန်ရစ်နေဆဲပင်။

အချိန်(၁)လကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ လေမိုးကြိုးကျားသစ်အနေဖြင့် ဤနေရာတွင် ဆက်လက်စောင့်ဆိုင်းနေမည် မဟုတ်တော့ပေ။

ထိုကျားသစ် စောင့်နေသေးလျှင်လည်း ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ကြောက်ရွံ့နေစရာ မလိုတော့ပေ။

ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူ၏တန်ခိုးစွမ်းအားက အဆမတန် တိုးတက်လာခဲ့သည်။

သို့ဖြစ်ရာ လေမိုးကြိုးကျားသစ်ကို အနိုင်မတိုက်နိုင်လျှင်တောင်မှ မိမိကိုယ်ကို အပြည့်အဝ ကာကွယ်နိုင်စွမ်း ရှိနေပေပြီ။

ထို့ပြင် ဗလာနယ်စွမ်းအားကိုပိုင်ဆိုင်ထားသည့် ဖီးနစ်ငှက်လည်းရှိနေပြီဖြစ်ရာ မည်သည့်အရာကိုမှ ကြောက်စရာ မလိုတော့ပေ။

သို့ပေသိ ယခု ဖီးနစ်ငှက်က အလွန်အားအင်ကုန်ခမ်းနေသည်ဖြစ်ရာ တိုက်ခိုက်ရန် မသင့်တော်သေးပေ။ မလိုလားအပ်သောပြဿနာများကို ရှောင်ရှားသည်က အကောင်းဆုံး ဖြစ်သည်။

ဖီးနစ်လေးမှာ နံရံဆေးရေးပန်းချီထဲမှ ထွက်ခွာလာရသဖြင့် စိတ်လှုပ်ရှားနေပုံရသော်လည်း တစ်ကိုယ်လုံး အားအင်ကုန်ခမ်းချိနဲ့လို့နေသည်။

ထို့ကြောင့် ခုန်မင်က မီးလျှံဖီးနစ်ဥခွံအပိုင်းအစတစ်ခု အမြန်ထုတ်ယူပြီး ဖီးနစ်ငှက်၏နှုတ်သီးနားသို့ တေ့ပေးလိုက်သည်။

ဖီးနစ်ငှက်က ချက်ချင်းပင် ပျော်ရွှင်သွားဟန်ဖြင့် ဥခွံအပိုင်းအစကို ဝါးမျိုစားသောက်ပစ်လိုက်သည်။

ခုန်မင်က ဖီးနစ်ငှက်၏ ဦးခေါင်းကို တစ်ချက်ပွတ်သပ်လိုက်ပြီး နောက်ထပ် ဥခွံအပိုင်းအစများကိုပါ ထပ်မံကျွေးမွေးလိုက်၏။

ဖီးနစ်ငှက်ကလည်း အားမနာတမ်းပင် ခပ်မြန်မြန် စားသောက်ပစ်လိုက်သည်။

ယခုတစ်ကြိမ်မှာတော့ အစာစားပြီးသည်နှင့် အိပ်ပျော်သွားခြင်း မရှိပေ။

သူက ချက်ချင်းပင် ခုန်မင်၏ပခုံးပေါ်သို့ လှမ်းတက်လိုက်ပြီး အလွန်စိတ်ဓာတ်တက်ကြွဟန်ဖြင့် ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ ကြည့်နေသည်။

ဟုတ်ပေ၏။

ဖီးနစ်ငှက် အသုံးပြုလိုက်သည့် ဒြပ်စင်စွမ်းအားများက အချိန်တိုအတွင်း ပြန်လည်ပြည့်ဝလာဦးမည် မဟုတ်ပေ။

လောလောဆယ်တွင် လှုပ်ရှားနိုင်သလောက်သာရှိသေးသည်။ အပြည့်အဝ ပြန်ကောင်းလာရန် (၁၀)ရက်မှ တစ်လခွဲအထိ ကြာမြင့်နိုင်သည်။

ခုန်မင်က သူ့ပခုံးထက်တွင်နားခိုနေသည့် ဖီးနစ်ငှက်ကိုတစ်ချက်လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး ခန်းမအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။

နံရံဆေးရေးပန်းချီကားအတွင်း ဝင်ရောက်စဉ်က ဖီးနစ်ကျဆုံးတောင်ကြားမြေပုံက မီးလျှံဖီးနစ်ငှက်မွှေးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ထို့ကြောင့် ခုန်မင့်လက်ထဲတွင် မြေပုံအပြည့်အစုံ ရှိမနေတော့ပေ။

သို့ပေသိ ခုန်မင်က မြေပုံကိုအလွတ်ရနေသည်ဖြစ်ရာ မြေအောက်နန်းတော် ဥမင်များထဲတွင် လမ်းပျောက်မည်ကို စိတ်ပူစရာမလိုဘဲ ချောမွေ့စွာသွားလာနိုင်သည်။

သို့သော် မြေအောက်နန်းတော် ခန်းမကြီးထဲမှထွက်လိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခုန်မင် အာရုံခံလိုက်မိသည်။

ဖီးနစ်ကျဆုံးတောင်ကြားက မိုးမြေဒြပ်စင်စွမ်းအားများ ပေါကြွယ်ဝသည့်နေရာတစ်ခု ဖြစ်သည်။ သို့သော် ယခုတော့ ထိုစွမ်းအားများကြားတွင် ပုံမှန်မဟုတ်သော အေးစက်ညစ်နွမ်းသည့် မိစ္ဆာချီများ ရောနှောနေသည်။

ပုံမှန်ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်သည့်အချိန်တွင် မိစ္ဆာချီများ အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားရမည် ဖြစ်သည်။

ထို့ကြောင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများအပေါ် ကြီးကြီးမားမာ သက်ရောက်မှု မရှိပေ။

သို့သော် ယခု ခုန်မင်ခံစားနေရသည့် မိစ္ဆာချီများက သူ တေင်ကြားသို့ စတင်ဝင်ရောက်လာစဉ်ကထက် အဆ‌ပေါင်းများစွာ ပိုမိုသိပ်သည်းနေသည်။

ဤမျှပြင်းထန်သော မိစ္ဆာချီများနှင့်ဆိုလျှင် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် စမ်းသပ်ပွဲပါဝင်သည်များ၏ စိတ်ဝိညာဉ်သည်ပင် လုံးဝပျက်ဆီးသွားနိုင်သည်။

“ငါ အချိန်တွက်တာများ မှားသွားတာလား ၊ ဖီးနစ်ကျဆုံးတောင်ကြားဖွင့်တဲ့အချိန် ကုန်များသွားပြီလား ၊ ဒါဆို အပြင်ကိုပြန်ပို့ပေးမယ့် စွမ်းအားလမ်းကြောင်းတွေလည်း ပိတ်သွားပြီပေါ့”

ထိုသို့တွေးမိသည်နှင့် ခုန်မင့်စိတ်ထဲ အေးစိမ့်သွားပြီး ချက်ချင်းပင် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။

ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက် ခုန်မင်၏စွမ်းအားက အဆမတန် တိုးတက်လာခဲ့သည်။

သူက အရှိန်မြှင့်ပြီး မြေအောက်နန်းတော်ထဲမှထွက်ခွာသွားလေရာ နေ့ဝက်ခန့်အကြာတွင် အပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာသည်။

မြေအောက်နန်းတော် အပြင်ဘက်သို့ရောက်သည်နှင့် မိစ္ဆာချီများ ပိုမိုထူထပ်လာကြောင်း အာရုံခံလိုက်မိသည်။

ညအချိန်မဟုတ်သည့်တိုင် ပတ်ဝန်းကျင်လေထုတစ်ခုလုံးက မှိုင်းညို့အေးစိမ့်လို့နေသည်။ ဤခံစားချက်က အလွန်ပင် စိတ်မသက်မသာဖြစ်စရာကောင်းလှသည်။

ခုန်မင်က အခြေအနေကို အကဲဖြတ်နိုင်ရန်အတွက် စွမ်းအားလမ်းကြောင်း ထွက်ပေါက်တစ်ခုခုဆီသို့ အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း သိလိုက်သည်။

သူက ဖီးနစ်ငှက်လေးကို အသာပုတ်လိုက်ရင်း...

“ကောင်လေး... ငါတို့ အရှိန်မြှင့်မှဖြစ်မယ် ၊ မင်း သေချာကိုင်ထားနော်”

စကားဆုံးသည်နှင့် ခုန်မင်က လင်းယုန်တောင်ပံဝတ်ရုံကို အသက်သွင်းလိုက်ပြီး လေးညှို့မှလွှတ်သည့် မြားတစ်စင်းပမာ အလွန်လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။

သူက လျှပ်စီးကဲ့သို့ လျှင်မြန်သောအဟုန်ဖြင့် တောင်ကြားထွက်ပေါက်တစ်ခုဆီသို့ ဦးတည်ပြေးလွှားနေသည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ထွက်ရာတွင် အသုံးပြုလေ့ရှိသည့် စွမ်းအားလမ်းကြောင်း အခု(၂၀)လုံးက ချောက်နက်ကြီးထဲတွင် ရှိမနေပေ။

ထို့ကြောင့် ခုန်မင်က ရှန်ရှင်းယွင်နှင့် ပြန်ဆုံရန်ချိန်းဆိုထားသည့် တောင်ကြားထဲမှ ထွက်ပေါက်ဆီသို့သာ ဦးတည်ထွက်ခွာလာခဲ့သည်။

ထို့ပြင် တောင်ကြားထဲတွင် ဖြစ်ပေါ်နေသော ထူးဆန်းသည့်အပြောင်းအလဲများကြောင့် ခုန်မင်က ရှန်ရှင်းယွင်နှင့် ထူယာ့တို့အတွက်လည်း စိုးရိမ်နေမိသည်။

All Chapters