ကူညီပေးလိုက်မယ်
Vol. 18 Ch. 196
ခုန်မင်က အရှိန်အဟုန်ဖြင့် ပြေးလွှားနေရင်း ပတ်ဝန်းကျင်ကိုလည်း သတိရှိရှိဖြင့် အကဲခတ်နေသည်။
လမ်းတစ်လျှောက် စမ်းသပ်ပွဲပါဝင်သူတစ်ယောက်ကိုမှ မတွေ့ရသလို မှော်ဝင်သားရဲများ၏ အရိပ်အယောင်ကိုလည်း မတွေ့ရှိရပေ။
မိစ္ဆာချီဆိုသည်က လူသားတို့အားဒုက္ခပေးနိုင်သော်လည်း မှော်ဝင်သားရဲများအတွက်တော့ အလွန်အကျိုးရှိသည်။
မိစ္ဆာချီများက သူတို့၏ အသွေးအသားနှင့် တန်ခိုးစွမ်းအားကို အထွတ်ထိပ်ရောက်ရှိသွားစေပြီး တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်ပေးသည်။
သို့ဖြစ်ရာ ဤသို့သောအခြေအနေတွင် မှော်ဝင်သားရဲများအနေဖြင့် ပိုမိုတက်ကြွနေသင့်သည်။
သို့သော် ယခုတော့ သူတို့အားလုံး ဘယ်ရောက်ကုန်ကြပါသနည်း။
ခုန်မင့်စိတ်ထဲ မတင်မကျဖြစ်လာပြီး စိုးရိမ်စိတ်များလည်း ပိုမိုကြီးထွားလာသည်။
ဖီးနစ်ကျဆုံးတောင်ကြားတွင် ကြီးမားသော အပြောင်းအလဲတစ်ခု သေချာပေါက် ဖြစ်ပေါ်နေပေပြီ။
သူက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ရှန်ရှင်းယွင်နှင့် ပြန်ဆုံရန် ချိန်းဆိုထားသည့် တောင်ကြားထွက်ပေါက်ရှိရာသို့ ထွက်ခွာလာသည်။
နောက်ထပ် နေ့တစ်ဝက်ခန့်ခရီးနှင်ပြီးနောက် ခုန်မင် ချောက်နက်ထဲမှထွက်လာနိုင်ခဲ့သည်။ သူရောက်ရှိသည့်နေရာက ရှန်ရှင်းယွင် တံခါးပိတ်ကျင့်ကြံနေရာ နေရာနှင့်လည်း သိပ်မဝေးတော့ပေ။
သို့သော် ချောက်နက်ထဲမှထွက်လိုက်သည်နှင့် ခုန်မင် မျက်ခုံးများတွန့်ချိုးလိုက်မိသည်။
လေထုထဲတွင် သွေးရနံ့များ ရရှိလိုက်သည် မဟုတ်ပါလား။
သူ့ပခုံးထက်မှ ဖီးနစ်ငှက်သည်ပင် ရုတ်တရက်နိုးကြားသွားပြီး လေထဲမှသွေးရနံ့ကိုရှူရှိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
ဤရနံ့က ဖီးနစ်ငှက်လေးဘဝတွင် ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရသည့် သွေးရနံ့ဖြစ်ပေမည်။
ထိုသွေးရနံ့က သူ၏အတွင်းသဏ္ဍန်တွင်ကိန်းအောင်းနေသော သားရဲဗီဇာကို နိုးထာလေစပြီး မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်များ လက်ခနဲ တောက်ပသွားသည်။
ဖီးနစ်ငှက်လေး၏မျက်ဝန်းတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ယှက်သန်းသွားချိန် သူ၏ခန္ဓာကိုယ်မှ ရက်စက်ကြမ်းတမ်းသည့် စွမ်းအားရောင်ဝါများ သဘာဝအလျောက် ထွက်ပေါ်လာသည်။
ခုန်မင်က ထိုအချက်ကို အာရုံခံလိုက်မိသည်နှင့် ချက်ချင်းပင် စကားဆိုလိုက်သည်။
“စိတ်အေးအေးထား ကောင်လေး ၊ မင်းက နံရံဆေးရေးပန်းချီကမ္ဘာထဲက အခုမှထွက်လာတာဆိုတော့ အပြင်လောကရဲ့ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကို အတွေ့အကြုံ မရှိသေးဘူး ၊ ဒါကြောင့် စိတ်မသက်မသာ ခံစားရမှာပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်း တစ်ခုတော့မှတ်ထားရမယ် ၊ ထစ်ကနဲရှိ သတ်ဖြတ်မယ်ဆိုတဲ့စိတ်ကူးက အောက်တန်းကျတဲ့လမ်းစဉ်တစ်ခုပဲ ၊ မိုးနဲ့မြေကြားမှာ လွတ်လပ်စွာပျံသန်းချင်တယ်ဆိုရင် ဘယ်တော့မှ သွေးညှီနံ့ရတာနဲ့ မသတ်ဖြတ်မိစေနဲ့ ၊ စစ်မှန်တဲ့ တန်ခိုးစွမ်းအားရှင်ဆိုတာ ဂုဏ်သိက္ခာအတွက် ဘယ်တော့မှ လူမသတ်ဘူး”
ခုန်မင်၏စကားကိုကြားသည်နှင့် ဖီးနစ်ငှက်လေး၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များ တဖြည်းဖြည်းလွင့်ပြယ်သွားပြီး မျက်ဝန်းများကလည်း ပြန်လည်ကြည်လင်လာသည်။
ထို့နောက် သူ၏ စံပြပုဂ္ဂိုလ်ဖြစ်သော ခုန်မင်ကိုအတုယူပြီး အေးဆေးသည့်အမူအရာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်။
သူတို့နှစ်ယောက်လုံးက အမြင်အာရုံထက်မြက်သူများဖြစ်ကြရာ ချက်ချင်းပင် သွေးရနံ့ထွက်ပေါ်လာရာကို ရှာဖွေတွေ့ရှိသွားကြသည်။
ချောက်နက်အပြင်ဘက် အနီးဆုံး စွမ်းအားလမ်းကြောင်းဆီသို့ ဦးတည်သည့်လမ်းတစ်လျှောက် သွေးချောင်းစီးနေသည်ဟုပင် ဆိုရမည်။
ခြေပြတ်လက်ပြတ်များနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်းများက နေရာအနှံ့ ပျံ့ကျဲနေသည်။
သေဆုံးသူများထဲတွင် အလယ်ဆင့်နှင့် ကနဦးအဆင့် မှော်ဝင်သားရဲများပါဝင်သလို လူသားကျင့်ကြံသူ ရုပ်အလောင်းများလည်း ရောနှောနေသည်။
ကြည့်ရသည်မှာ လူသားများနှင့် မှော်ဝင်သားရဲများ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ကြဟန်ပင်။
ဖီးနစ်ကျဆုံးတောင်ကြားရှိ မှော်ဝင်သားရဲအများစုက လှည့်လည်သွားလာတတ်သည့် အမျိုးအစားအနည်းငယ်မှလွဲပြီး ကိုယ်ပိုင်သတ်မှတ်နယ်မြေတွင်သာ နေထိုင်လေ့ရှိကြသည်။
သို့သော် ယခုတော့ မှော်ဝင်သားရဲများစွာ သေဆုံးနေသည်ကို တွေ့ရသည်။
ကြည့်ရသည်မှာ ဤတောင်ကြားအတွင်းမှ မှော်ဝင်သားရဲများအားလုံး လှုံ့ဆော်မှုတစ်ခုကြောင့် အလုံးအရင်းနှင့် စုရုံးထွက်ပေါ်လာခြင်း ဖြစ်နိုင်၏။
တောင်ကြားထဲသို့ဝင်လာသည့် နတ်သူငယ် (၅)ယောက်အပါအဝင် လူသားကျင့်ကြံသူများက အရေအတွက် (၂၀၀)ပင် မပြည့်ပေ။
သူတို့အနေဖြင့် ဤမျှကြီးမားသော သားရဲလှိုင်းလုံးကြီးနှင့်ရင်ဆိုင်ရပါက အနိုင်ရရန် အခွင့်အရေးမရှိပေ။
ထို့ပြင် စမ်းသပ်ပွဲက အဆုံးသတ်ခါနီးပြီဖြစ်ရာ အသက်ရှင်ကျန်ရစ်သူမျးလည်း သိပ်ရှိတော့မည် မဟုတ်ပေ။
ဤတောင်ကြားထဲတွင် အထူးချွန်ဆုံးပါရမီရှင်များသည်ပင် ဆိုးရွားသောကံကြမ္မာနှင့်ရင်ဆိုင်ကြရကြောင်း ခုန်မင်ကိုယ်တိုင် တွေ့မြင်ခဲ့ပြီးဖြစ်သည်။
ဤသို့သောအခြေအနေတွင် မှော်ဝင်သားရဲအုပ်စုကြီးနှင့်သာ ထိပ်တိုက်တွေ့ပါက လူသားကျင့်ကြံသူများအားလုံး သုတ်သင်ခံရပေမည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသူများထဲတွင် ခုန်မင်က ရှန်ရှင်းယွင်နှင့် ထူယာ့မှလွဲပြီး အခြားသူများကို အရေးမစိုက်ပေ။
သားရဲများနှင့် လူသားများ၏တိုက်ပွဲက တောင်ကြားထွက်ပေါက်ဖြစ်သော စွမ်းအားလမ်းကြောင်းဆီသို့ ဦးတည်နေသည်။ ထို့ကြောင့် ခုန်မင်လည်း ထွက်ပေါက်သို့ရောက်ရှိရန် တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းအတိုင်း ထွက်ခွာလာရသည်။
လမ်းတစ်လျှောက် လူသားများနှင့် သားရဲများ၏ ရုပ်အလောင်းများကိုတွေ့မြင်ရပြီး လူသားများ၏သေဆုံးမှုက ပိုမိုများပြားနေသည်။
တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ လူသားများဘက်မှ ပိုမိုအထိနာလာသည်မှာ သိသာလှသည်။
သိပ်မကြာခင်မှာပင် ခုန်မင်က စွမ်းအားလမ်းကြောင်း တည်ရှိရာနေရာသို့ ရောက်ရှိလာသည်။
စွမ်းအားလမ်းကြောင်း ထွက်ပေါက်အား အမျိုးအစားစုံလင်သော မှော်ဝင်သားရဲများက ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရ၏။
ကံကောင်းသည်မှာ သားရဲများက အရေအတွက်များပြားသော်လည်း အဆင့်(၅)နှင့် အဆင့်(၆) ရှိသော ထိပ်တန်းမှော်ဝင်သားရဲများ ပါဝင်နေခြင်း မရှိပေ။
ထို့ကြောင့် အသက်ရှင်နေသေးသည့် လူသားအနည်းငယ်က တစ်ယောက်နှင့်တစ်ယောက် ကျောချင်းကပ်ပြီး သားရဲများကို တောင့်ခံကာကွယ်နေကြသည်။
ခုန်မင် တိုက်ပွဲကိုကြည့်ရင်း အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော အသက်ရှင်ကျန်ရစ်သော လူသားအများစုမှာ သူနှင့်ရင်းနှီးပြီးသားလူများ ဖြစ်နေသောကြောင့်ပင်။
မြေအောက်နန်းတော် ဆေးပင်ဥယျာဉ်တွင် ရေခဲမြူနဂါးနှင့် တိုက်ခိုက်ခဲ့ကြသည့် တစ်အုပ်စုလုံး သူ့မျက်စိရှေ့တွင် ရှိနေကြသည်။
“ရေစက်ပဲ...”
ဟု ခုန်မင် တွေးလိုက်မိသည်။
ရေခဲမြူနဂါးနှင့် တိုက်ခိုက်စဉ်က သူတို့အားလုံး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး နောက်ပိုင်းတွင်လည်း ကျားခြင်္သေ့သားရဲဖြင့် ရင်ဆိုင်ခဲ့ရသေးသည်။
သို့တိုင်အောင် ထိုအုပ်စု အသက်မသေဘဲ လွတ်မြောက်လာသည်မှာ အံ့ဖွယ်ဖြစ်ရပ်သာပင်။
လက်ရှိတိုက်ပွဲအခြေအနေကိုကြည့်မည်ဆိုလျှင့် နာ့ယီရှို့တို့အုပ်စုက ပူးပေါင်းဆောင်ရွက်ရာတွင် အတော်လေး ကျွမ်းကျင်ပိုင်နိုင်လာပုံရသည်။
နာ့ယီရှို့၊ လွန်ခါ၊ ချောင်တတိယသခင်လေးနှင့် ချောင်ညီအစ်ကို(၃)ယောက်က ကျင့်ကြံသူများကိုဦးဆောင်ကာ အဲလစ်နှင့် နတ်သူငယ်များကို ကာကွယ်ပေးထားကြသည်။
ထို့ကြောင့် အဲလစ်တို့အုပ်စုက မှော်စွမ်းအားထုတ်ဖော်ရန် အချိန်အလုံအလောက်ရရှိပြီး သားရဲအုပ်စုကြီး အထိနာစေရန် တိုက်စစ်ဆင်နိုင်ခဲ့သည်။
သို့သော် မှော်ဝင်သားရဲများကလည်း မကုန်နိုင် မခမ်းနိုင်အောင်ပင် များပြားလှသည်။
ဤအတိုင်း ဆက်လက်တိုက်ခိုက်နေပါက မည်မျှပင် ပူးပေါင်းတိုက်ခိုက်မှု အားကောင်းပါစေ နာ့ယီရှို့တို့အုပ်စု ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။
နာ့ယီရှို့တို့အုပ်စုနှင့်အတူ သားရဲများကိုတိုက်ခိုက်နေသည့် ကျင့်ကြံသူများကြားတွင် ရှန်ရှင်းယွင်နှင့် ထူယာ့ကို တွေ့လိုက်ရသဖြင့် ခုန်မင် စိတ်သက်သာရာ ရသွားမိသည်။
သူတို့ကိုကြည့်ရသည်မှာ ဒဏ်ရာရထားခြင်းမရှိဘဲ အားအင်အပြည့်ဖြင့် တိုက်ခိုက်နိုင်နေသေး၏။
ရှန်ရှင်းယွင်နှင့် ထူယာ့အပြင် မြစ်သုံးသွယ်မျိုးနွယ်စုမှ ရစ်ကျားကိုလည်း တွေ့လိုက်ရသည်။
ရစ်ကျားက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်ဖြစ်ပြီး သူ၏စွမ်းအားက သာမန်မျှသာဖြစ်လေရာ ယခုအချိန်ထိ ကြံ့ကြံ့ခံအသက်ရှင်ရန် မလွယ်လှပေ။
ကြည့်ရသည်မှာ သူက ဖီးနစ်ကျဆုံးတောင်ကြားမှ မြေအောက်မြစ်များကိုအသုံးပြုပြီး အသက်ဘေးမှ ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။
ယခုတော့ သူက သားရဲများကို အပြင်းအထန်ခုခံရင်း အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေပေပြီ။
အသက်ရှင်ကျန်ရစ်သူများထဲတွင် လူတစ်ယောက်ကို ထပ်မံတွေ့ရှိလိုက်ရသဖြင့် ခုန်မင် မျက်မှောင်ကျုံ့လိုက်မိသည်။
အခြားသူမဟုတ် ၊ အဆိပ်ပြင်းသောအစွယ်ပိုင်ရှင် ‘လော့ခ်’ ပင် ဖြစ်သည်။
လော့ခ်၏မျက်နှာက လူသေတစ်ယောက်ပမာ သွေးဆုတ်ဖြူလျော်လျှက်ရှိသည်။
သူ၏ဒဏ်ရာများ မပျောက်ကင်းသေးသည်လား သို့မဟုတ် ဟန်ဆောင်နေသည်လား မပြောနိုင်ပေ။
သို့ပေသိ သူ၏တိုက်ခိုက်မှုများက အလွန်တရာအားပျော့နေပြီး လူအုပ်ကြားတွင် ထူးခြားသည့်စွမ်းဆောင်ရည် လုံးဝ ပြသနိုင်ခြင်း မရှိပေ။
မှော်ဝင်သားရဲများ၏ထိုးစစ်က ပြင်းထန်သော်လည်း အသက်ရှင်ကျန်ရစ်နေသည့်လူသားများကလည်း ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
ထို့ကြောင့်ပင် သားရဲအုပ်စုက အရေအတွက်များပြားသည့်တိုင် သူတို့အုပ်စုကို သုတ်သင်နိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲကိုကြည့်ရင်း ခုန်မင့်စိတ်ထဲ ထူးဆန်းသွားမိသည်။
ကျင့်ကြံသူအားလုံးက စွမ်းအားလမ်းကြောင်းထွက်ပေါက်နားတွင် ရှိနေကြသည်။
သူတို့က စွမ်းအားလမ်းကြောင်းကို အသုံးပြုပြီး ထွက်မပြေးဘဲ အဘယ့်ကြောင့် သားရဲများကို အသည်းအသန် တိုက်ခိုက်နေကြပါသနည်း။
“စွမ်းအားလမ်းကြောင်းထွက်ပေါက်မှာ ပြဿနာတစ်ခုခုရှိနေတာလား... ဒီလမ်းကြောင်းက လူတွေကို အပြင်ကိုပြန်ပို့မပေးနိုင်တော့ဘူးလား”
ထိုသို့သာဖြစ်ခဲ့လျှင် လူသားကျင့်ကြံသူများအတွက် အလွန်ပင်အန္တရယ်များလှသည်။
တိုက်ပွဲကိုကြည့်ရင်း ခုန်မင် နှုတ်ခမ်းများတွန့်ကွေးသွားသည်။
အသက်ရှင်ကျန်ရစ်သူများထဲတွင် သူခင်မင်ရသူများထက် သူသဘောမကျသည့်သူများက ပိုမိုများပြားနေသည် မဟုတ်လား။
သို့သော် ထိုသူများအားလုံးကို မှော်ဝင်သားရဲများသတ်ဖြတ်သွားမည်ကို ခုန်မင် ဤအတိုင်းကြည့်မနေနိုင်ပေ။
သူက ပခုံးထက်မှ ဖီးနစ်လေးကို လှည့်ကြည့်လိုက်ပြီး...
“ကောင်လေး... မင်း အေးအေးဆေးဆေး အနားယူနေပါ ၊ ဒီကိစ္စမှာ ဝင်မပါနဲ့”
ပြောပြီးသည်နှင့် ခုန်မင်က လေးညှို့မှလွှတ်လိုက်သော မြားတစ်စင်းပမာ တိုက်ပွဲအလယ်သို့ အရှိန်အဟုန်ဖြင့် ခုန်ဝင်သွားတော့သည်။
ဖီးနစ်လေးက ခုန်မင်၏ပခုံးထက်တွင် နားခိုရင်း မှော်ဝင်သားရဲအုပ်ကြီးကို အထင်အမြင်သေးသော မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်သည်။
သူ့အမြင်မှာတော့ ထိုသားရဲများက အရေအတွက်များပြားသည့်တိုင် ပုရွက်ဆိတ်များနှင့်မခြားပေ။
ဤသို့သော အဆင့်နိမ့်သားရဲလေးများကို သူလိုဖီးနစ်ငှက်က အဖက်လုပ်ပြီး အာရုံစိုက်ရန် စိတ်မကူးမရှိပေ။
ခုန်မင်က တိုက်ပွဲအတွင်း ခုန်ဝင်လိုက်သည်နှင့် တစ်ချက်ပင်သက်ညှာခြင်းမရှိဘဲ သားရဲအုပ်ကြီးကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
သူ၏လက်ဖဝါးဆီမှ ဒြပ်စင်သုံးမျိုးရောယှက်နေသည့် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး မှော်ဝင်သားရဲ(၁၀)ကောင်ခန့် အငွေ့ပျံကာ လွင့်စင်သွားသည်။
ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းပြီးသည့်နောက် ခုန်မင်၏ ဒြပ်စင်သုံးမျိုး ပေါင်းစပ်စွမ်းအားမှာလည်း အဆမတန် မြင့်မားလာခဲ့သည်။
သူ၏ သာမန်လက်ဝါးရိုက်ချက်တစ်ချက်ကပင် ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။
ခုန်မင်၏ အဖွင့်တိုက်ကွက်က စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။
နာ့ယီရှို့နှင့် အခြားသူများမှာလည်း အံ့အားသင့်သွားသွားပြီး တိုက်ပွဲအတွင်းဝင်ရောက်လာသူကို လှမ်းကြည့်လိုက်ကြ၏။
လေမင် ၊ ထူယာ့နှင့် ရစ်ကျားတို့ကတော့ ခုန်မင်ကိုတွေ့သည်နှင့် ဝမ်းသာပျော်ရွှင်သွားကြသည်။
မည်သို့ပင်ဖြစ်စေ ခုန်မင် ဝင်ရောက်ကူညီလိုက်သည့်အတွက် လူတိုင်း စိတ်ဓာတ်တက်ကြွသွားကြသည်။
တစ်ခဏအတွင်းမှာပင် စစ်မြေပြင်တစ်ခုလုံး ဒြပ်စင်စွမ်းအားအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး မှော်ဝင်သားရဲများစွာ သေဆုံးကုန်တော့သည်။
သားရဲများသာ အလွန်များပြားခြင်းမရှိပါက ခုန်မင် လက်ဝါးတစ်ချက်ရိုက်ရုံမျှဖြင့် လမ်းကြောင်းတစ်ခု ဖောက်ထွက်ပြီး ရှန်ရှင်းယွင်တို့အုပ်စုနှင့် သွားရောက်ပူးပေါင်းနိုင်ပေမည်။
သားရဲများကလည်း လျှော့တွက်၍မရပေ။
ခုန်မင် တိုက်ပွဲအတွင်း ဝင်ရောက်လာသည်နှင့် အန္တရယ်ရှိသောရန်သူအဖြစ် သတ်မှတ်လိုက်ပြီး သီးခြားအုပ်စုတစ်ခုခွဲထွက်ကာ တိုက်ခိုက်လိုက်ကြသည်။
သူတို့က ခုန်မင်နှင့် နာ့ယီရှို့တို့အုပ်စု ပူးပေါင်းနိုင်ခြင်းမရှိစေရန် ဟန့်တားလိုက်ခြင်းပင်။