စန်းမျိုးနွယ်
Vol. 24 Ch. 323
“ကျွန်မ ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ရောက်သွားပြီ... ရှင့်ရဲ့ ဝိညာဥ် ပေါင်းစည်းခြင်း သွေးဆေးလုံး အတွက် ကျေးဇူးတင်ပါတယ်”
ရွှယ်ရီဖေးထံမှ စာကို ဖတ်ရင်း ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ထိုမိန်းကလေးမှာ အမြဲတမ်းလိုလို သူ့ထံ ကျင့်ကြံခြင်း အပါအဝင် အကြောင်းအရာ အမျိုးမျိုးကို မရိုးရအောင် စာများ ပေးပို့လေ့ ရှိသည်။ တစ်ခါတစ်ရံ၌လည်း သူ့အတွက် အကြံဉာဏ်ကောင်းများ ပေးတတ်သေးသည်။ ကမ္ဘာများ ခြားနားနေသည့်တိုင် သူမက သူ့နံဘေးတွင် အစဥ်အမြဲ ရှိနေသလိုမျိုးပင်။
သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ ဟင်းလင်းပြင် ဂိတ်တံခါးက ပျက်စီးနေသည် ဆိုသော်လည်း ရင်းမြစ်အချို့ကိုမူ တစ်ဖက်သတ် ပေးပို့နိုင်နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် ယင်နှင့် ရွှယ်ရီဖေးတို့မှာ ကျင့်ကြံခြင်း အတွက် လိုအပ်သည့် အကောင်းဆုံး အထောက်အပံ့ ပစ္စည်းများနှင့် ပြတ်လတ်ခြင်း သိပ်မရှိကြချေ။
ရွှယ်ရီဖေးထံမှ စာကြောင့် ဝေ့ဝူယင်၏ မရေရာသော အတွေးစများမှာ ပြတ်တောက်သွားခဲ့၏။ အဖြေမထွက်နိုင်သော မေးခွန်းများကို အဖြေရှာရန် ကြိုးစားခြင်း အစား လက်တွေ့ လုပ်စရာ ရှိသည်များကို လုပ်လိုက်သည်ကသာ ပိုမို အကျိုးရှိပေသည်။ အခက်အခဲများကို ဖြတ်ကျော်ရာ၌ ယုံကြည်ချက်က အလွန် အရေးကြီးသည်။ လုပ်နိုင်သည်ဟု ယုံကြည်လျှင် အောင်မြင်နိုင်ချေက ကိုးဆယ်ရာနှုန်းလောက်ထိ မြင့်တက်သွား တတ်သည်။ အနန္တကုန်းမြေတိုက်ကြီးတွင် ရှိစဥ်က ညတစ္ဆေသည် အသက်နှင့် ရင်းကာ ထိုသဘောတရားကို သူ့အား သင်ကြားခဲ့ဖူးသည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တလက်လက် ပြန်လည် တောက်ပလာကာ တွေဝေ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွား၏။ အတွေးအားလုံးကို အကုန်အစင် ရိတ်သိမ်းပြီးနောက် သူ ရွှယ်ရီဖေးထံ စာတစ်စောင် ပြန်ပို့လိုက်သည်။ တစ်လအတွင်း သူ ချင်ကူးယင်နှင့် အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲရဦးမည်။ သို့ဖြစ်လေရာ အဂ္ဂိရတ် ဖော်စပ်ခြင်း စွမ်းရည်ကို နည်းနည်းလေး ပြန်နွှေးသင့်သည်။
...
သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အလွန် ကျော်ကြားသော ဂြိုဟ်တစ်ခု တည်ရှိ၏။ ၎င်း၏ နာမည်က ထာဝရဂြိုဟ် ဟူ၏။
ထာဝရဂြိုဟ်သည် ခေတ်အဆက်ဆက် သမိုင်းကြောင်း စဥ်လာ ကြီးကျယ်ခမ်းနားခဲ့သည့် နေရာဖြစ်ကာ ဒဏ္ဍာရီများထဲမှ ထာဝရ ဧကရာဇ် နေထိုင်ခဲ့သော၊ ကျက်စားခဲ့သော၊ တိုးတက်လာခဲ့သော နေရာ ဖြစ်ပေသည်။ သူ လျှို့ဝှက် ဆန်းကြယ်စွာ ပျောက်ဆုံးသွားပြီး နောက်တွင် သူ့အစေခံများက ထိုနေရာကို ဆက်ခံကာ ဆက်လက် နေထိုင်ခဲ့သည်။ ယနေ့ခေတ်၌ ထာဝရဂြိုဟ်ကို အင်ပါယာ မြို့တော် ပြုလုပ်ကာ စိုးစံနေသည့် စန်းမျိုးနွယ်သည် ထာဝရ ဧကရာဇ်၏ အစေခံမျိုးနွယ်များထဲမှ တစ်ခုပင် ဖြစ်သည်။
ထာဝရဂြိုဟ်...
ထာဝရဂြိုဟ်ကို မဟာဂိုဏ်းကြီး ငါးဂိုဏ်း အုပ်စိုးရာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ပဋိပက္ခ အကင်းစင်ဆုံး နေရာဟု ပြောလျှင် လွန်မည် မထင်ချေ။ ခေတ်အဆက်ဆက်၌ သူတို့က စစ်ပွဲများကို ရှောင်ရှားကာ မဟာ အင်အားစု တစ်ခုချင်းစီ၏ လေးစားမှုကို ရယူနိုင်ခဲ့သည်။
မဟာ စစ်ပွဲကြီး အပြီးတွင် ဂိုဏ်းအားလုံးနီးပါး ကျဆင်းလာခဲ့သော်လည်း စန်းမျိုးနွယ်ကမူ လောကသခင် နှစ်ပါးကို မွေးထုတ်ကာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို စိုးမိုးနိုင်ခဲ့သည်။ စန်းမျိုးနွယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ရာချီ ကြာခဲ့ပြီ ဖြစ်သည်။ တစ်ခေတ်တစ်ခါက အလွန် အင်အားကြီးလှပါသည် ဆိုသော အခြား အင်အားစုများမှာ ယခုအချိန်တွင် သူတို့ကို မော့ကြည့်ရုံသာ တတ်နိုင်ကြတော့သည်။
ထာဝရဂြိုဟ်ထက်ရှိ အလွန် ကြီးကျယ် ခမ်းနားသော တော်ဝင် နန်းတော်ကြီး တစ်ခုထဲ၌...
ကောင်းမွန် ထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဒါဇင်နှင့်ချီသော အကြီးအကဲများမှာ စုဝေး နေကြ၏။ လေထု၏ အခြေအနေက အတော်လေး ထူထဲနေကာ စိုးရိမ်ပူပန်မှုများက မြူထုတစ်ခု သဖွယ် နန်းတော်ကြီးထဲ ပျံ့လွင့်နေသည်။
ထိုအုပ်စု၏ ခေါင်းဆောင်နေရာတွင် မြူခိုးများ ဝန်းရံထားသော ပုံရိပ်တစ်ခုမှာ တည်ငြိမ်စွာ ရပ်နေခဲ့၏။ သေချာကျနစွာ မမြင်ရသည့်တိုင် ပတ်ဝန်းကျင်ရှိ လေဟာနယ် တုန်ရီမှုက ထိုပုဂ္ဂိုလ်မှာ လောကသခင် တစ်ပါး ဖြစ်ကြောင်း ဖော်ပြနေသည်။
သူတို့အားလုံးကား စန်းမျိုးနွယ်၏ အကြီးအကဲများ၊ ထိပ်တန်း ခေါင်းဆောင်များပင် ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များထဲ၌ စန်းမျိုးနွယ်၏ သွေးများ စီးဆင်းနေကာ ထာဝရ ဧကရာဇ်ခေတ်တည်းက ဆင်းသက်လာသည့် တိုက်ရိုက် မြေးမြစ်များပင် ဖြစ်သည်။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်ပင်လျှင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိကြပုံ မပေါ်ချေ။
သူတို့ အားလုံးမှာ ထိတ်လန့်မှု၊ မရေရာမှုများစွာဖြင့် ခေါင်းစဥ် တစ်ခုကို အော်ဟစ် ဆွေးနွေး နေကြသည်။ အချိန်တိုင်း၌ ဆွေးနွေးမှု ရေချိန်မှာ ကြောက်မက်ဖွယ် ကောင်းအောင် မြင့်တက်လာနေခဲ့လေ၏။
“နှစ်တစ်ထောင်ကျော်လောက် ငါတို့ ဒီကြယ်တာရာ နယ်မြေကို အုပ်စိုးခဲ့တယ်... ဒါက ထာဝရ ဧကရာဇ် ချန်ရစ်ခဲ့တဲ့ အမွေအနှစ်ပဲ... ငါတို့ ဖျက်ဆီးလို့ မရဘူး... ထာဝရ မင်းသား လို့ ခေါ်တဲ့ ကောင်နဲ့ မဟာ သူတော်စင် ထို့ပိဟန်တို့ကို ဒူးထောက်စေဖို့ မျိုးနွယ်စုရဲ့ အင်အား အကုန်အစင် သုံးဖို့ ငါ အကြံပြုတယ်”
ရန်လိုဟန် ရသည့် မီးခိုးရောင် ဆံပင်များနှင့် လူအိုကြီး တစ်ခုက မခံမရပ်နိုင်စွာ အော်ဟစ်လိုက်၏။
"သောက်အဓိပ္ပာယ် မရှိတာ... အနန္တဧကရာဇ်ဂိုဏ်းက မဟာ ဧကရာဇ် ဝူယု ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ဂြိုဟ်ဝင်္ကပါကို ခုထိ ပိုင်ဆိုင်နေတုန်းပဲ... သူတို့ကို အနိုင်တိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... မင်းက ငါတို့ကို သေခိုင်းနေတာလား”
အခြား အကြီးအဲ တစ်ဦးက ပြန်လည် ငေါက်လိုက်သည်။
“ဟမ့်... ဘာတွေ ကြောက်နေတာလဲ... ငါတို့မှာ လောကသခင် နှစ်ပါး ရှိတယ်... သူတို့မှာ တစ်ပါးတည်း... သေချာ ဗျူဟာချမှတ်ပြီး မျှားဖမ်းမယ်ဆို သူတို့ ဘာတတ်နိုင်မှာလဲ”
မီးခိုးရောင် ဆံပင်နှင့် လူအိုကြီးက စားပွဲကို ဒေါသတကြီး ရိုက်လိုက်ရာ ငြင်းခုန်မှုမှာ ပိုမို၍ပင် အုံကြွလာလေ၏။ လောကသခင် အသစ်တစ်ပါး ပေါ်ပေါက်လာခြင်းက သူတို့၏ နေရာကို ခြိမ်းခြောက်လာခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူတို့သည် နှစ်ပေါင်းများစွာ ကြယ်တာရာ နယ်မြေ၏ အုပ်စိုးသူ အနေဖြင့် ရပ်တည်ခဲ့ပြီး အင်ပါယာ မျိုးနွယ်၏ အကျိုးအမြတ်များကို ခံစားနိုင်ခဲ့သည်။ ထိုအခွင့်အရေးမျိုးအား ခြိမ်းခြောက် ခံရမည်ကို သူတို့ မည်ကဲ့သို့ မစိုးရိမ်ပဲ နေပါမည်နည်း။
အမျိုးသမီး အကြီးအကဲ တစ်ဦးက စဥ်းစဥ်းစားစား ပုံစံဖြင့် ဝင်ရောက် ပြောလိုက်၏။
“ငါတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်... ငါတို့ အရင်က စုဆောင်းထားခဲ့တဲ့ အချက်အလက်တွေ အရဆို ထို့ပိဟန် အဆင့်တက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... သူက အထွတ်အမြတ် အလင်း နန်းတော်က အယ်ဗန် မှင်စာထက်တောင် အခြေခံ ခိုင်မာတာ မဟုတ်ဘူး... ငါ့အထင် ပြောရရင် အဲဒါက ကြယ်တာရာ နယ်မြေကို ခြိမ်းခြောက်ဖို့ ကြိုးစားတဲ့ အနန္တဧကရာဇ်ဂိုဏ်းရဲ့ အလိမ်အညာ လှည့်ကွက် သက်သက်ပဲ”
သူမ၏ စကားလုံးများက ခန်းမ တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ သူတို့ ကိုယ်တိုင်လည်း ထိုမေးခွန်းကို အစောတည်းက တွေးနေမိခဲ့ခြင်း ဖြစ်သည်။ ထာဝရ ဧကရာဇ်၏ အဆိုအရ ဆိုလျှင်... ကြယ်တာရာ အမြုတေ အဆင့်ခုနစ်ကို တက်လှမ်းရန် အတွက် အနည်းဆုံး အဆင့်ကိုး သေမျိုးအဆင့် ကြယ်တာရာ ဝိညာဥ်၊ ရည်ရွယ်ချက် တစ်ခု၊ ကွင်းခုနစ်ကွင်း ဝိညာဥ် ဆင်းတု၊ အာကာသ ပဲ့တင်သံ ခုနစ်ခုနှင့် အနည်းဆုံး တစ်စင်တီမီတာ အရွယ်အားရှိ ကြယ်တာရာ အမြုတေတို့ လိုအပ်သည်။
ထိုအထဲမှ တစ်ခု ချွတ်ယွင်းသည်နှင့် အဆင့်တက်မှုမှာ ကျဆင်းလိမ့်မည် ဖြစ်သည်။ ၎င်းတို့က လျှို့ဝှက်ချက်များ မဟုတ်ပ ကြယ်တာရာ နယ်မြေတစ်ခုလုံး ပြန့်ကျဲနေသည့် အချက်အလက်များ ဖြစ်သည်။ ကြယ်တာရာ ကပ်ဘေးကို ကျော်လွန်ရန် အခြား နည်းလမ်းပေါင်းများစွာ ရှိနိုင်သေးသော်လည်း ထာဝရ ဧကရာဇ်က ပြောပြသွားခဲ့ခြင်း မရှိခဲ့ချေ။
ထာဝရ ဧကရာဇ်မှာ အပေါ်တွင် ပြောခဲ့သည့် လိုအပ်ချက်များနှင့် ပြည့်စုံစွာ ကိုက်ညီသူ မဟုတ်ချေ။ ထို့ကြောင့်ပင် သူ အဆင့်တက်နိုင်ရန် ဖြစ်နိုင်ချေက အလွန့်ကို နည်းပါးလွန်းသည်။
“ဖြစ်နိုင်တယ်...”
ခပ်ရေးရေး မျှော်လင့်ချက်မှာ စန်းမျိုးနွယ် အကြီးအကဲ အားလုံး၏ စိတ်နှလုံးနှင့် အတွေးများထဲတွင် ပြန်လည် ပေါ်လာခဲ့၏။ သို့သော်လည်း...
“အဲဒါက လှည့်ကွက် မဟုတ်ဘူး”
အသံတစ်ခု ထွက်ပေါ်လာ၏။ အကြီးအကဲ အားလုံး၏ မျက်လုံးများက ခေါင်းဆောင် နေရာတွင် ထိုင်နေသည့် မြူများ ဝန်းရံနေသော ပုဂ္ဂိုလ်ထံ ရွေ့လျားသွားကြ၏။ သူကား စန်းမျိုးနွယ် လောကသခင် နှစ်ပါးထဲမှ တစ်ပါးလည်း ဖြစ်ပေသည်။
အကြီးအကဲများမှာ နှလုံးသားထဲမှ မနာလိုမှု၊ အားကျမှုတို့ကို ခံစားလိုက်ရ၏။ ထိုပုဂ္ဂိုလ် လောကသခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အကြောင်းပြချက်ကို သူတို့ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ အရာအားလုံးက ကံကောင်းမှု တစ်ခုတည်းကြောင့်ပင်။
“သူ တကယ် အဆင့်တက်သွားတာလို့ ငါ ခံစားမိတယ်...”
အသံက ဒုတိယ အကြိမ်မြောက် အဖြစ် မြူထူများကြားမှ တိုးထွက်လာ၏။
“ ... “
အားလုံးမှာ တိတ်ဆိတ် ငြိမ်သက်သွားကြသည်။ အစစ်အမှန် လောကသခင် တစ်ပါး မည်မျှ အစွမ်းထက်ကြောင်း သူတို့ မသိသော်လည်း အတုအယောင် တစ်ယောက်၏ စွမ်းအားကိုတော့ သူတို့ နားလည်ထားပေသည်။ ထို့အပြင် မှတ်တမ်းများ အရဆိုလျှင် အတုအယောင် လောကသခင် တစ်ယောက်မှာ သဘာဝအတိုင်း အဆင့် တက်လှမ်းလာသူကို တိုက်ခိုက်ရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်သည်။
မြူကန့်လန့်ကာ နောက်ရှိ လောကသခင် တစ်ဖြစ်လည်း စန်းမျိုးနွယ် အင်ပါယာက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
“ခေတ်က ပြောင်းသွားပြီ... စန်းမျိုးနွယ် ကြီးစိုးတဲ့ ကာလတွေ ကုန်သွားပြီ”
သူ့စကားက စန်းမျိုးနွယ် အကြီးအကဲ အားလုံး၏ မျှော်လင့်ချက် ခပ်ရေးရေးလေးကို အပြီးတိုင် ကြေကွဲ သွားစေခဲ့၏။ လောကသခင် အသစ်တစ်ပါး ထွက်ပေါ်လာခြင်းနှင့် အတူ သူတို့ နေရာကို အနှေးနှင့် အမြန် ဆုံးရှုံးရတော့မည် ဖြစ်သည်။ သူတို့ နှစ်ပေါင်းတစ်ထောင်ခန့် အထိ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ကိစ္စကြီးများကို ဆုံးဖြတ်နိုင်ခဲ့သည်။ မရေမတွက်နိုင်သော လူများ၏ ကိုးကွယ်လေးစားမှုတို့ကို သိမ်းပိုက် နိုင်ခဲ့သည်။ ထိုအရာ အားလုံးက ယခုကဲ့သို့ အဆုံးသတ် သွားတော့မည်လော။
ပထမဆုံး ထာဝရ မင်းသားလေး၊ ထို့နောက်တွင် ထာဝရ နတ်မိမယ်... ယခုတစ်ဖန် လောကသခင် တစ်ပါး မွေးဖွား လာပြန်ပြီ ဖြစ်သည်။
ထိုအရာအားလုံးမှာ ဆယ်စုနှစ် တစ်ခုခန့် အချိန်အတွင်း မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့တွင် ပြင်ဆင်ရန်၊ တုန့်ပြန်ရန် အချိန်ပင် မရလိုက်။
“ကျုပ်တော့ လုံးဝ လက်မခံနိုင်ဘူး”
လူငယ် အကြီးအကဲ တစ်ဦးက ခံပြင်းစွာ အော်ဟစ်လိုက်သည်။ အတွေးနက်၍ အားလုံး ငြိမ်သက်နေကြချိန်တွင် ရုတ်တရက် အော်ကြီးဟစ်ကျယ် ထွက်ပေါ်လာသော သူ့အသံက အကြီးအကဲ အားလုံးကို တုန်ရီသွားစေခဲ့၏။
“ဘာလို့ ထအော်ရတာလဲ... ငါတို့ကို လာခြောက်နေတာလား... မင်း လက်မခံချင်တာ ငါတို့ နားလည်တယ်... ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ”
အသက်အရွယ် အိုမင်းရင့်ရော်နေသည့် အကြီးအကဲ တစ်ယောက်က ဆူလိုက်သည်။ ရင်းနှီးပုံ ရသည့် ပြောဆိုပုံအရ လူငယ် အကြီးအကဲမှာ ထိုလူအိုကြီးမှ ဆင်းသက်လာသည့် မျိုးဆက်တစ်ယောက် ဖြစ်မှန်း ခန့်မှန်းနိုင်ပေသည်။
လူငယ် အကြီးအကဲက သူ့အား ဆူသည့် လူအိုကြီးကို တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
“ကျုပ်တို့ စန်းတွေက ထာဝရ ဧကရာဇ်ထံပါးမှာ အမှုထမ်းခဲ့တဲ့ မြင့်မြတ်တဲ့ တော်ဝင် မျိုးနွယ်တွေ... ခေတ်အဆက်ဆက် သူကောင်းပြု ခံလာရတဲ့ လူတွေ... ဒီအခက်အခဲလောက်ကို ကျုပ်တို့ ကျော်လွှားနိုင်တယ်... ကျုပ်မှာ အစီအစဥ် ရှိတယ်”
သူ၏ အသံက ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက်နေသည်။ အခြား အကြီးအကဲများမှာ ခံစားချက်များ ကူးစက်လာသည့် အလား ရင်ဘတ်ထဲတွင် အပူလှိုင်းများ ထကြွလာကြ၏။ မှန်သည်။ သူတို့က ထာဝရ ဧကရာဇ် ထံပါးတွင် အမှုထမ်းခဲ့သည့် တော်ဝင် မျိုးနွယ်များ ဖြစ်သည်။ ခေတ်တိုင်းကို စိုးမိုးနိုင်သူများ ဖြစ်သည်။ အဘယ်ကြောင့် မိမိပိုင်ဆိုင်ထားသည့် သြဇာအာဏာကို အခြား တစ်ယောက်ထံ လွှဲပြောင်းပေးရမည်နည်း။
“မင်းရဲ့ အကြံက ဘာလဲ...”
စန်းအင်ပါယာက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ လူငယ် အကြီးအကဲက သူ့အား စိတ်အား ထက်သန်မှု အပြည့်ဖြင့် ပြန်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထက်တွင်မူ ယုံကြည်ချက် တစ်ခု ရှိနေခဲ့၏။
“ဂိတ်တံခါး...”
***