လင်းမင်
Vol. 24 Ch. 324
ဒြပ်စင် ကောင်းကင်နန်းတော်၏ ကြယ်တာရာ ပိုင်နက် အတွင်းတွင် ကိုးရောင်ခြယ် အလင်းတန်းများ တောက်ပနေသည့် အလွန်တရာ လှပသော ဂြိုဟ်ကြီး တစ်လုံး ရှိသည်။ ဤကောင်းကင်ဒြပ်စင်ဂြိုဟ်သည် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ မဟာဂိုဏ်းကြီး ငါးဂိုဏ်းအနက် တစ်ဂိုဏ်း ဖြစ်သည့် ကောင်းကင် ဒြပ်စင်နန်းတော် အိမ်ပြုနေထိုင်ရာ နေရာဒေသလည်း ဖြစ်ပေသည်။
မဟာဝိညာဥ် စမ်းသပ်ပွဲ ကျဆုံးမှု အပြီးတွင် ကောင်းကင် ဒြပ်စင် နန်းတော်သည် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စည်းကမ်းကို ပိုမို တင်းကြပ်ကာ ဂိတ်တံခါးအတွင်း ဝင်ရောက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့၏။ သူတို့သည် ဂိတ်တံခါးအတွင်း ဝင်ရောက်ခွင့် ရှိမည့် တပည့်များကို ရွေးချယ်ထားပြီး ဖြစ်ကာ ထိုအထဲမှ တစ်ယောက်မှာ လင်းမင်ပင် ဖြစ်သည်။
လင်းမင်...
နတ်ဆိုးတို့နှင့် နှိုင်းယှဥ်နိုင်သည့် ပါရမီမျိုးကို ပိုင်ဆိုင်ထားသည့် ထိုလူငယ်သည် ဂိုဏ်း၏ အပြည့်အဝ ထောက်ပံ့မှုတို့ကို ရရှိထားသူ ဖြစ်သည်။ မဟာ ဝိညာဥ် စမ်းသပ်ပွဲတွင် လျှို့ဝှက် ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သော်လည်း ယခုအခါတွင်မူ သူ့ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများမှာ အနာရွတ်ပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ယခင်ကထက်ပင် တိုးတက်မှု ရှိလာသေး၏။
ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု...
ဒြပ်စင် မူလ ရည်ရွယ်ချက်...
သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်...
ထိုကဲ့သို့ လူမျိုးကို ပါရမီရှင် အဖြစ် မသတ်မှတ်လျှင် မည်သူ့ကို သတ်မှတ်ရမည်နည်း။ ဤအခိုက်အတန့်၌ လူငယ်သည် ရေကန်ကြီး တစ်ခု၏ အနားတွင် ထိုင်ကာ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ ဒြပ်စင်ကိုးခု၏ စွမ်းအင်များမှာ ထိုအနားတစ်ဝိုက်တွင် အလွန် ထူထပ် သိပ်သည်းစွာ မြောလွင့်နေကာ ကျင့်ကြံခြင်းအား အဆပေါင်းများစွာ မြင့်မားလာအောင် ကူညီပေးနိုင်စွမ်း ရှိသည်။ လေထုထဲရှိ ကြယ်တာရာ အမတေ တစ်ခုတည်း ပင်လျှင် အနန္တ ဧကရာဇ်ဂိုဏ်း၏ အဋ္ဌမမြောက် ကောင်းကင်အလွှာနှင့် နှိုင်းယှဥ်နိုင်သည်။
လင်းမင်သည် ကြာပန်း သဏ္ဌာန်ထိုင်ကာ အသက်ကို တည်ငြိမ်စွာ ရှူရှိုက်နေ၏။ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း၌ ဒြပ်စင်ကိုးခု စွမ်းအင်များနှင့် ကြယ်တာရာ အမတေများမှာ တွင်းပေါက်ကြီးများလို ဒွါရပေါက်များမှ တစ်ဆင့် တိုးဝင်နေကြ၏။ သူ၏ ခန္ဓာကိုယ်ပင်လျှင် အလင်းရောင် ခပ်ဖျော့ဖျော့ တောက်ပနေသည်။
ဆရာတူ အမဖြစ်သူ၏ ထူးခြား ဆန်းကျယ်သော ကုသနည်းများ ကျေးဇူးဖြင့် လင်းမင်၏ ဒဏ်ရာများမှာ ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများထဲ၌ ယုံကြည်မှု အလင်းတန်းမှာမူ ယခင်ကလောက် ပြင်းထန်ခြင်း မရှိတော့။ ကျူးဟိုင်နှင့် ပြင်းထန်သော တိုက်ပွဲ အပြီးတွင် ကျဆင်းနေသော ကြယ်တာရာ နယ်မြေပင်လျှင် အထင်သေး၍ မရနိုင်ကြောင်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ကျူးဟိုင် အကြောင်း ပြန်လည် တွေးတောလိုက်မိသော အခိုက်၌ သူ၏ ကျင့်ကြံလိုသော ဆန္ဒမှာ ပိုမို၍ပင် ပြင်းထန်လာခဲ့၏။ သိုင်းပညာ တာအို၏ အထွတ်အထိပ်ကို သူ ရောက်လိုသည်။ ပါရမီရှင် တကာ့ ပါရမီရှင်များ ကြားတွင် ထိပ်ဆုံး၌ သူ ရပ်တည်လိုသည်။ နည်းနည်းမျှ နောက်ကျ၍ မဖြစ်ချေ။
ဝှစ်...
လင်းမင်နှင့် မလှမ်းမကမ်း တစ်နေရာတွင်မူ ခပ်ဝါးဝါး ပုံရိပ်တစ်ခုမှာ ညင်သာစွာ ပေါ်လာခဲ့၏။ သူမက ကြက်သွေးရောင် ဆံနွယ်ရှည်များကို ပိုင်ဆိုင်ထားကာ မျက်နှာကို ပုဝါပါးတစ်ခုဖြင့် ဖုံးကွယ်ထားသည်။ သို့သော်လည်း ကြည်လင် ရွှန်းမြသည့် မျက်လုံးများကပင်လျှင် သူမ၏ ဖုံးကွယ်ထားသော မျက်နှာမှာ သေမျိုးလောကရှိ အလှအမ စံချိန်စံနှုန်းများကို ကျော်လွန်နေကြောင်း ဖော်ပြနေသည်။
လင်းမင်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်ဟလာ၏။ ခပ်လှမ်းလှမ်းရှိ ပုံရိပ်လေးကို မြင်လိုက်ရသော အခိုက်၌ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက ထိုင်ရာမှ ထရပ်လိုက်ရင်း လက်နှစ်ဖက်ကို ယှက်လိုက်၏။
“ဆရာတူ အမလင်း...”
မိန်းကလေးမှာမူ တည်ငြိမ်စွာ ရှိနေသေးဆဲ ဖြစ်သည်။ သူမ၏ မျက်နှာ အမူအရာကို သေချာစွာ မမြင်ရသည့်တိုင် မျက်လုံးများမှာမူ ခံစားချက် တစ်စုံတစ်ရာ ကင်းမဲ့နေ၏။
“ဂိတ်တံခါးက မကြာခင် ပွင့်တော့မယ်”
သူမက သူ့အား သတိပေးလိုက်သည်။ လင်းမင်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်၏။
“ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ”
“နင် အောင်မြင်မှ ရမယ်... မဟုတ်ရင်...”
မိန်းကလေး၏ အသံက ပြတ်တောက်သွားသည်။ ကျောက်ရိုင်းတုံး ဘဝကတည်းက လင်းမင်မှာ သူမ ရွေးချယ်ခဲ့သော တစ်ယောက် ဖြစ်သည်။ သူ၏ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းက အခက်အခဲများ၊ ကပ်ဘေးများဖြင့် ပြည့်နှက်နေခဲ့ဖူးသည်။ သို့သော်လည်း ဖြည်းညင်းစွာပင် သူက ဖိအားများ အောက်မှ စိန်တုံး တစ်ခုလို တိုးထွက်လာခဲ့သည်။ ကျဆုံးနိုင်မည့် အကျိုးဆက်များကို ထည့်မစဥ်းစားရန် သူမ ဆုံးဖြတ်လိုက်၏။
လင်းမင်၏ နှလုံးသားက နွေးထွေးသွားကာ သူ့အကြည့်များမှာ နူးညံ့သွား၏။
“ကျွန်တော် အောင်မြင်အောင် ကြိုးစားမှာပါ... ကတိပေးပါတယ်”
သူက မွေးကတည်းက မိသားစု အတွက် စိတ်ပျက်စရာကောင် ဖြစ်ခဲ့သည်။ ထိုအခိုက်တွင် ဆရာတူ အမလင်း ပေါ်လာခဲ့သည်။ သူ့ဘဝအား အစစ အရာရာ ပြောင်းလဲပေးခဲ့ကာ ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်လာအောင် ထုဆစ်ပေးခဲ့သည်။ ဘာကိစ္စပဲ ဖြစ်ဖြစ်... ဆရာတူ အမလင်းကိုတော့ သူ စိတ်ပျက်အောင် လုပ်၍ မဖြစ်ချေ။ သူ အောင်မြင်ကို အောင်မြင်ရမည်။ နတ်ဘုရားနှင့် မိစ္ဆာများ လမ်းကြောင်း၌ လာရောက် ပိတ်ဆို့လျှင်ပင် အားလုံးကို သူ ရှင်းထုတ်ပစ်ရမည်။
သည်ခရီးလမ်း၊ သည်ကြယ်တာရာ နယ်မြေသည် ကြီးကျယ်ခမ်းနားသော လောကကြီးဆီ ချီတက်ရာလမ်းတွင် ချနင်းစရာ ကျောက်တုံးတစ်ခုသာ ဖြစ်ရပေမည်။
...
ကံကြမ္မာတစ်ခုလုံး ပြောင်းလဲခဲ့ရသည့် နေ့မှ စတင် ရေတွက်လျှင် တစ်နှစ်ကျော် အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝမ်မင်ယာ၏ နှလုံးသားမှာ ကြယ်တာရာ ကျောက်တုံးတစ်ခုလို ခိုင်မာနေခဲ့၏။
ထိုနေ့မတိုင်ခင်အထိ သူမ တိတ်တဆိတ် ကျင့်ကြံခဲ့ရသည်။ မိန်းမတိုင်း မြတ်နိုးခဲ့ရသည့် အလှတရားကို ကိုယ်တိုင် ဖျက်ဆီးခဲ့ရသည်။ အခြားလူများ အမြင်၌ သနားစရာ မိန်းမ တစ်ယောက် အဖြစ် နှိမ့်ချနေထိုင်ခဲ့ရကာ ဘဝကို အောက်ခြေမှ စတင် ရုန်းကန်ခဲ့ရသည်။
နေ့တိုင်း၌ ကျွန်တစ်ယောက်လို အလုပ်များကို သူမ ကြုံးရုန်း လုပ်ကိုင်ခဲ့သည်။ တစ်ချိန်တစ်ခါက ရွှေပေါ်မြတင် မင်းသမီးလေး တစ်ပါး ဖြစ်ခဲ့ဖူးသည် ဆိုသော အသိပင် သူမ စိတ်ထဲတွင် မှေးမှိန်ပျောက်ကွယ် နေခဲ့ပြီ ဖြစ်၏။ ဘာပဲဖြစ်ဖြစ်... သားရဲ အစာကျွေးခြင်း၊ သန့်ရှင်းရေး လုပ်ပေးခြင်း စသည့် အလုပ်များမှ တစ်ဆင့် သူမ အကျိုးအမြတ် ကောင်းကောင်း ရခဲ့ပါသည်။ ထို့ကြောင့် ကျေနပ်သည်။ တစ်နေ့တွင် အားလုံး မျှော်ကြည့်ရသည့် လူတစ်ယောက် သူမ ဖြစ်လာရမည်။
သို့သော်လည်း... အမှတ်မထင် တွေ့ဆုံမှုလေး တစ်ခုက မဘဝ တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု သူမ မည်ကဲ့သို့ ထင်မိခဲ့လိမ့်မည်နည်း။
ထိုလူငယ်က ရည်ရွယ်ချက် အထွေအထူးမပါပဲ သူမ အတွက် လမ်းကြောင်းသစ် တစ်ခုကို ဖောက်ပေးခဲ့သည်။ ကွဲပြားခြားနားသည့် လောကသစ် တစ်ခုနှင့် မိတ်ဆက်ပေးခဲ့သည်။
သို့သော်လည်း အာဏာရှင်များ အဖွဲ့အတွင်း ဝင်ရောက်ရန် ဝိညာဥ် ကျိန်ဆိုစေခြင်းမှ အပ သူမ ထံမှ လိင်ကိစ္စ အပါအဝင် မည်သည့် အရာကိုမှ သူ ပြန်လည် တောင်းဆိုခြင်း မပြုခဲ့ချေ။ ထိုအရာက သူမအား စိတ်လှုပ်ရှားစေသည်။
ယခုအချိန်အထိ သူ အဘယ်ကြောင့် သူမအား လိုချင်ခဲ့သည်ကို စဥ်းစားမရသေးချေ။ ဘာပဲဖြစ်ဖြစ်... ယခုလို အဖက်ဖက်မှ ဖြည့်ဆည်းပေးထားခြင်းကိုတော့ သူမ ပျော်ရွှင် ကျေနပ်မိပါသည်။ ထိုအရာက မိန်းမ မဆိုထားနှင့် ယောက်ျားများ ပင်လျှင် မငြင်းဆိုနိုင်သည့် အခွင့်အရေးမျိုး ဖြစ်သည်။
ဤတစ်နှစ်ကျော် အတောအတွင်း ဝေ့ဝူယင်နှင့် ပတ်သက်သည့် များစွာသော အရာများ ဖြစ်ပွားသွားခဲ့သည်။ ကောင်းကင် နန်းတော် ပြိုကျခဲ့သည်။ အဆင့်ရှစ် ဆေးလုံးတစ်မျိုး ဖော်စပ်ခဲ့သည်။ အကျိုးဆက် အနေဖြင့် အနန္တ ဝိညာဥ် စမ်းသပ်ပွဲမှသည် ကြယ်တာရာ နယ်မြေတစ်ခုလုံး ပါဝင်သည် မဟာဝိညာဥ် စမ်းသပ်ပွဲကြီးကို ဖြစ်ပေါ်လာစေခဲ့သည်။
ထိုကာလများ အတွင်း သူမ သူနှင့် များများစားစားပင် မတွေ့ခဲ့ရချေ။ သို့သော်လည်း ကျင့်ကြံခြင်း အတွက် လိုအပ်သည့် ရင်းမြစ်များကတော့ သူမထံ အမြဲလိုလို အချိန်မှန်မှန် ရောက်လာတတ်သည်။ ပြောရလျှင် ၎င်းတို့က လိုအပ်သည်ထက်ပင် ပိုလျှံနေသေးသည်။
ထို့အပြင် ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် အနေဖြင့် ဂိုဏ်းထဲတွင် သူမ အမြဲတမ်း မျက်နှာကောင်း ရသည်။ ကောင်းကင်နိုဘယ် အချို့ပင်လျှင် သူမအား ကြင်နာစွာ ဆက်ဆံကာ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် ကြိုးစားလာကြသည်။ အနန္တဧကရာဇ်ဂိုဏ်းတွင် နေရသည်ကိုပင် ပျော်သလိုလို သူမ ခံစားလာရ၏။
ဂိုဏ်းအတွင်း အဆင့်အတန်း မြင့်တက်လာခြင်းနှင့် အတူ ဝမ်မင်ယာမှာ ယခင်ကလို လိပ်ခွံတစ်ခုအောက်၌ ပုန်းကွယ်နေရာစရာ မလိုတော့ချေ။ မျက်နှာထက်၌ အမာရွတ်များအား ကုသပြီးနောက်တွင်ပင် သူမမှာ မင်းသမီးလေး တစ်ပါးလို ပြန်လည် လှပလာခဲ့ပြီ ဖြစ်သည်။
ပတ်တီး အထပ်ထပ် ရစ်ပတ်ခြင်း မခံရတော့သည့် သူမ၏ အသားအရေမှာ ကျောက်စိမ်းလို ချောမွေ့ ကြည်လင်နေခဲ့သလို တစ်ချိန်တစ်ခါက ခပ်တိုတို ဖြတ်တောက်ထားခဲ့သော အညိုရောင် ဆံနွယ်များမှာလည်း ရေတံခွန်တစ်ခုနှယ် ပြန်လည် ရှည်လျား နေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ပြည့်ဖောင်းနေသည့် သူမ၏ ဖူးဖူးရွရွ ပန်းနုရောင် နှုတ်ခမ်းလေးများက ယောက်ျားတကာကို မျက်လုံး ကျွတ်ကျအောင်ပင် ဆွဲဆောင်နိုင်စွမ်း ရှိ၏။
တစ်နေ့၌ ဝမ်မင်ယာသည် အကြောင်းပြချက် တစ်ခုဖြင့် ဝေ့ဝူယင်ထံ အလည်အပတ် သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ လတ်တလောတွင် ထိုလူငယ်မှာ သူ၏ အသစ်တည်ဆောက်ထားသည့် ကောင်းကင် နန်းတော်တွင် နေထိုင်နေကာ အဂ္ဂိရတ် တိုက်ပွဲ အတွက် ပြင်ဆင်နေသည်ဟု ဆိုသည်။
အနန္တဧကရာဇ်ဂိုဏ်းထဲတွင် အချို့ကတော့ အဂ္ဂိရတ် တိုက်ပွဲမှာ ဝေ့ဝူယင် အတွက် မလွယ်ကူနိုင်ဟု ယူဆနေကြသည်။ မည်သို့ပင် ဆိုစေ... သူ ပြိုင်ဆိုင်ရမည့် ပြိုင်ဘက်က ထာဝရ ဧကရာဇ်၏ ခြေရာကို အတိအကျနင်းကာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ဖြင့် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းထားသည့် ချင်ကူးယင် ဖြစ်သည် မဟုတ်ပါလား။
သို့သော်လည်း အသက်အရွယ်၊ ကျင့်ကြံခြင်း အဆင့်တို့နှင့် နှိုင်းယှဥ်လျှင်မူ ဝေ့ဝူယင်မှာ ဤမျိုးဆက်၏ ချွင်းချက် မရှိ အတော်ဆုံးသော ပါရမီရှင် ဖြစ်သည်။ ထာဝရ ဧကရာဇ်ပင်လျှင် သူ့အသက် အရွယ်က ထိုကဲ့သို့ အဆင့်အတန်းမျိုး မပိုင်ဆိုင်ခဲ့ချေ။
ဝမ်မင်ယာသည် ဝေ့ဝူယင်၏ ကောင်းကင် နန်းတော်ဆီသို့ ရောက်ရှိလာခဲ့၏။ တံခါးမှာ အခိုင်အမာ ပိတ်ထားသော်လည်း ကံကောင်းထောက်မစွာပင် ဝေ့ဝူယင် ပေးအပ်ထားသည့် တံဆိပ်ပြားဖြင့် ဖွင့်လှစ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဝမ်မင်ယာမှာ ဂုဏ်ယူသလိုပင် ခံစားလိုက်ရ၏။ ဝေ့ဝူယင်က ထိုကဲ့သို့ အခွင့်အရေးကို လူတိုင်းအား ပေးထားသည် မဟုတ်ပေ။ သူမက သူ့အတွက် တစ်ခုခု ထူးခြား၍လော။ အကယ်၍ ဝေ့ဝူယင်က တောင်းဆိုခဲ့လျှင်တော့ သူမ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပါချေ။ အာရုဏ်ဦး ဧကရာဇ်၏ ဇနီး... ထိုဘွဲ့ထူးက နားဝင်ချိုစရာ ကောင်းလွန်းသည်။ အကယ်၍ ကိုယ်လုပ်တော် ဆိုလျှင်ပင်... ထိုအရာက မဆိုးချေ။
ဝမ်မင်ယာမှာ ကိုယ့်အတွေးကို ပြန်လည် ရယ်စရာ ကောင်းသည်ဟု တွေးမိလိုက်၏။ သူမကို သူမ သတိထားမိချိန်၌ ဆေးအနံ့များ မွေးပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်နေသည့် အခန်းတစ်ခုရှေ့ ရောက်နေသည်ကို သတိထားမိလိုက်သည်။
“ဘာအခန်းလဲ...”
သူမက ဖြည်းညင်းစွာ လျှောက်သွားကာ တံခါးကို ထိရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် တံခါးမှာ ဖြည်းညင်းစွာ ပွင့်ဟသွားကာ သာယာ ကြည်နူးဖွယ် ကောင်းသော အနံ့များ နှာခေါင်းဝဆီ ထောင်းခနဲ တိုးဝင်လာ၏။
“ဝမ်မင်ယာ... ဝင်လာခဲ့လေ...”
***