← Chapters

ပြန်လည် မွေးဖွားခြင်း

Vol. 24 Ch. 325

ပြန်လည် မွေးဖွားခြင်း

Vol. 24 Ch. 325

မူလတောင်ထွတ်၊ အဋ္ဌမမြောက် ကောင်းကင်အလွှာတွင်...

ချင်းရိုင်၏ ကောင်းကင်နန်းတော်မှာ တိမ်တိုက်တိမ်စိုင်များ အကြား လွင့်မြော တည်ရှိနေ၏။ များစွာသော ကောင်းကင်နန်းတော်များ အကြားတွင် သူမ၏ ကောင်းကင်နန်းတော်မှာ အသန့်စင်ဆုံး၊ အသေးငယ်ဆုံး ဖြစ်ပြီး ထူထပ် သိပ်သည်းလှသော ယင်အခိုးအငွေ့များ အလယ်တွင် တည်ရှိနေသည်။ ထိုနေရာတွင် နေထိုင်သည့် ချင်းရိုင်၏ အစေခံများ၊ လက်အောက်ငယ်သားများနှင့် တပည့် အားလုံးမှာ မိန်းကလေးများသာ ဖြစ်ကြ၏။

ယနေ့မတိုင်ခင် အချိန်အထိ သူမ၏ ကောင်းကင်နန်းတော်ကို ရောက်ဖူးသည့် တစ်ဦးတည်းသော ယောက်ျားက ထို့ပိဟန် ဖြစ်သည်။ သူတို့ အကြားမှ ဆက်ဆံရေးက မရိုးရှင်းချေ။ ထိုအရာကို ဂိုဏ်းထဲမှ လူတိုင်း သိကြသည်။ မည်သို့ပင် ဆိုစေ... ထို့ပိဟန်မှာ သူမအတွက် အခြေခံကောင်း တစ်ခု တည်ဆောက်ပေးရန် အတွက် ဆယ်စုနှစ်နှင့်ချီ အချိန်ဖြုန်းကာ ဆေးတစ်လုံး ဖော်စပ်ပေးခဲ့ဖူးသည် မဟုတ်ပါလား။

ယနေ့တွင်တော့ ဒုတိယမြောက် ယောက်ျားတစ်ယောက်မှာ ချင်းရိုင်၏ ကောင်းကင် နန်းတော်အတွင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အနက်ရောင် ဆံပင်နှင့် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသည့် လူငယ် တစ်ယောက် ဖြစ်ကာ ချော‌မောသည့် အထဲတွင် ပါဝင်ပေသည်။

လုံချန်...

ခါတိုင်း ကဲ့သို့ပင် သူ့ဘေးတွင် လျဲ့ယု၊ ဝူပိုင်ကျိုး၊ ရှောင်ပင်း၊ ချင်ချူးမူ၊ လုံထျန်းယု၊ နာ့ရှင်းရီ စသည့် အချောအလှလေးများ ဝန်းရံနေဆဲ ဖြစ်သည်။ လုံချန်၏ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် ယင်စွမ်းအင် ရောင်ဝါ ခပ်ဖျော့ဖျော့က ခြုံလွှာတစ်ခုနှယ် ဖုံးအုပ်ထား၏။ ၎င်းတို့က သူ့ညာဘက် လက်‌မောင်းတွင် ဝတ်ဆင်ထားသည့် အဖြူရောင် လက်ကောက်လေးထံမှ စီးထွက်လာကြခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ သဘောတူညီမှုနှင့် အတူ ဟုန်ယု ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် လိုအပ်သည့် ရင်းမြစ် အားလုံး ချင်းရိုင်ထံ ပို့ဆောင်ပြီးနောက်တွင် လုံချန်တို့မှာ ထိုအတွက် ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ သူတို့အား ချင်းရိုင် ကိုယ်တိုင်က ခွင့်ပြုထားခြင်း ဖြစ်သည်။

ချင်းရိုင် ကိုယ်တိုင်မှာ အနည်းငယ် စိတ်လှုပ်ရှား နေခဲ့၏။ ထိုအရာက သူမအတွက် ပထမဆုံး ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း အတွေ့အကြုံ ဖြစ်၏။ အစပထမ ဝေ့ဝူယင်ထံမှ တာဝန်ပေးမှုကို ကြားခဲ့ရစဥ်က သာမန် သေမျိုး ခန္ဓာကိုယ် တစ်ခုကိုသာ ပြန်လည် တည်ဆောက်ပေးနိုင်လိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော်လည်း လက်ခံရရှိခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များကို မြင်ပြီးနောက်တွင်မူ သူမ စိတ်တစ်ခုလုံး အေးခဲ သွားခဲ့ရသည်။

ဝေ့ဝူယင်က သူမထံ အဂ္ဂိရတ် ထုတ်ကုန် လေးခုကိုသာ ပို့ပေးခဲ့သည်။ ထိုအထဲမှ နှစ်ခုမှာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ရာတွင် အလွန် အရေးကြီးပြီး မရှိမဖြစ် အ‌ရေးပါသည့် အရာများ ဖြစ်ကာ အခြား နှစ်ခုမှာမူ အပြီးပြည့်စုံဆုံး ရလဒ် ထွက်ပေါ်အောင် ဖန်တီးပေးနိုင်သည့် ထုတ်ကုန်များ ဖြစ်သည်။ ထို့အပြင် ၎င်းတို့ တစ်ခုချင်းစီမှာ အဆင့်ရှစ်တွင် ရှိနေကြပေသည်။

အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်...

ဘဝ တစ်လျှောက်လုံးတွင် သူမ အဆင့်ရှစ် ဆေးလုံးတစ်လုံးကိုသာ အသုံးပြုခဲ့ဖူးသည်။ မရှက်မကြောက် ဝန်ခံရပါက သူမ သုံးခဲ့သည့် ဆေးလုံး၏ အရည်အသွေးက အလွန် နိမ့်သည်။ အလွန့်ကို နိမ့်သည်။ ထို့အပြင် လုံးဝ မသန့်စင်ချေ။

သို့သော်လည်း သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ထိုကဲ့သို့ မသန့်စင်သည့် အဆင့်နိမ့် ဆေးလုံးတစ်လုံး ပင်လျှင် ကြယ်တာရာ ကျောက်တုံး သုံးထောင်တန်သည်။ အမတေ ကျောက်တုံးဖြင့် တွက်လျှင် ၎င်းက သန်းသုံးသောင်း ဖြစ်သည်။ ထိုငွေကြေးဖြင့် ဆိုပါက ကမ္ဘာပြားများစွာကို ဝယ်ယူနိုင်စွမ်း ရှိသည်။

အဘယ်ကြောင့် အဆင့်နိမ့် ဆေးလုံး တစ်ခုမှာ ထိုမျှ အဖိုးတန်ရသနည်း။ အဖြေက ရိုးရှင်းပါသည်။ အကယ်၍ ထိုဆေးလုံးကိုသာ မစားသုံးခဲ့လျှင် မူလ တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ချင်းရိုင် ဟူ၍ ဘယ်တော့မှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပါချေ။

ယခုတွင်မူ ဝေ့ဝူယင်က သူမအား အဆင့်ရှစ် ဆေးလုံး လေးတုံးတိုင်တိုင် ပေးခဲ့သည်။ ချင်းရိုင်မှာ ခေါင်းတစ်ခုလုံး ထူပူသည် အထိ စဥ်းစားခဲ့ရ၏။

ထိုလူငယ်မှာ အဂ္ဂိရတ် အင်ပါယာ တစ်ပါး ဖြစ်နေပြီလော။ ထို့ပိဟန်က သူတို့ကိုပါ ညာခဲ့သည်လော။ လွန်ခဲ့သည့် တစ်နှစ်ကျော်က မြင်တွေ့ခဲ့ရသည့် ဖြစ်စဥ်ကရော အဘယ်နည်း။

ပို၍ တွေးလေလေ ချင်းရိုင်မှာ ပို၍ သေချာလာလေလေ ဖြစ်နေခဲ့သည်။ ထို့ပိဟန်က ညာခဲ့သည်။ ဝေ့ဝူယင်ကလည်း ညာခဲ့သည်။ သူတို့ ထုတ်ဖော်ပြသခဲ့သည့် အဆင့်ရှစ် အာကာသ ဝိညာဥ်ဆေးလုံး ပင်လျှင် အပေါ်ယံ အကာတစ်ခု ဖြစ်နေလောက်သည်။

လက်ထဲရှိ အဆင့်ရှစ် ဆေးလုံး လေးလုံးကို ကြည့်ရင်း ချင်းရိုင် သက်ပြင်းတစ်ချက် ချလိုက်၏။ လတ်တလောတွင်တော့ ထိုအကြောင်းကို သူမ လျှို့ဝှက်ချက် တစ်ခုအနေဖြင့် ထိန်းသိမ်းထားရဦးမည် ဖြစ်သည်။ လက်ရှိ သူမ၏ တာဝန်က ဟုန်ယု၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးရန် ဖြစ်သည်။ သည်တာဝန်ကို ကျဆုံး၍ မဖြစ်ချေ။

လတ်တလော၌ သူမမှာ ခွဲစိတ်ခန်းလိုမျိုး အခန်းတစ်ခုထဲ၌ ရောက်ရှိနေခြင်း ဖြစ်သည်။ အခန်းထဲ၌ အဆင့်နိမ့် စင်မြင့်တစ်ခု ရှိပြီး အပေါ်တွင်တော့ ပွဲကြည့်စင်လို နေရာတစ်ခု ရှိသည်။ လုံချန်နှင့် အခြား မိန်းကလေးများမှာ ထိုကြည့်စင်ပေါ်မှ နေ၍ ကြည့်နေကြခြင်း ဖြစ်သည်။

ရှောင်ပင်းမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေပုံ ရ၏။ သူမ၏ မျက်ဝန်းများက စိုးရိမ် ပူပန်မှုများဖြင့် ပြည့်နှက် နေသည်။ ဟုန်ယုနှင့် သူမမှာ ပြိုင်ဘက်များလို အမြဲတမ်း ပြိုင်ဆိုင်နေခဲ့သော်လည်း တကယ်တမ်းတော့ အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။ ဟုန်ယု သေဆုံးသွားခဲ့သည့် နေ့ကစလို့ ရှောင်ပင်း၏ ဘဝ တစ်ခုလုံးမှာ ခြောက်သွေ့ အက်ကွဲကာ ဗလာထည်လို ဖြစ်သွားခဲ့သည်။ ဘဝအား မည်ကဲ့သို့ ရှေ့ဆက်ရမည်ကိုပင် သူမ မရေရာတော့။

လက်စားချေလိုစိတ် တစ်ခုသာလျှင် သူမ စိတ်တစ်ခုလုံးကို သိမ်းပိုက်နေခဲ့သည်။ ဟုန်ဖူကျင်းဝေ့ကို လုံချန့် လက်မှ ဝေ့ဝူယင် ကယ်တင်သွားကြောင်း ကြားလိုက်ရစဥ် အခါက သူမ အရမ်းကို ဒေါသထွက်ခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဟုန်ဖူကျင်းဝေ့မှာ သေသည်ထက် အဖြစ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း သူမ သိရှိခဲ့ရသည်။

ထိုလူယုတ်မာမှာ လတ်တလောတွင် ငရဲ အလွှာများ၌ ကျခံနေရကာ ကျင့်ကြံခြင်းလည်း ဖျက်ဆီး ခံထားရသည်။ နေ့ရက်တိုင်းကို အဆုံးမဲ့ အေးစက်မှုများ၊ မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ဖြတ်ကျော်နေရသည်။ သူ၏ ရုပ်ရည်ပင်လျှင် လူသား တစ်ယောက်နှင့်ပင် မတူတော့။

ဟုန်ဖူကျင်းဝေ့၏ အခြေအနေကို ကိုယ်တိုင် သွားကြည့်ပြီးနောက် ရှောင်ပင်း တစ်ယောက် စိတ်များ အတော်အတန် ပြေလျော့သွားခဲ့သည်။ ကံကောင်းမှုများ ဆက်တိုက်လာတတ်သည် ဆိုသော စကားက မှန်သည်။ မကြာခင်မှာပင် ဟုန်ယု၏ ဝိညာဥ်မှာ တစ်ပိုင်း တစ်စ ကျန်ရှိနေကာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်၍ ရနိုင်ကြောင်း သူမ သိရှိခဲ့ရသည်။ သူမ အလွန် ပျော်ရွှင်ခဲ့ရကာ ဟုန်ယု ပြန်လည် ရှင်သန်လာမည့်နေ့ကို စောင့်ဆိုင်းခဲ့သည်။

ယခုတွင်တော့ ထိုနေ့မှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရှောင်ပင်းမှာ လက်ဖျားခြေဖျားများ အေးစက်နေကာ အနည်းငယ်ပင် တုန်ရီနေခဲ့၏။ ချင်ချူးမူက ရှောင်ပင်း အနားသို့ တိုးကပ်ရင်း လက်ကလေးများအား ညင်သာစွာ ဆုပ်ကိုင် ပေးလိုက်သည်။

“သူ ပြန်လာမှာပါ... သေချာတယ်”

သူမ၏ စကားလုံးများက နူးညံ့ကာ နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ရှောင်ပင်းက ခေါင်းကို ညိတ်လိုက်၏။ သို့သော်လည်း သံသယနှင့် စိုးရိမ် ပူပန်မှုများကတော့ သူမ၏ မျက်ဝန်းများတွင် ထင်ကျန်နေဆဲ ဖြစ်သည်။

“ဘယ်လို့ သေချာတာလဲ”

အတန်ကြာပြီးနောက် ရှောင်ပင်းက ရုတ်တရက် မေးလိုက်၏။ ချင်ချူးမူမှာ တစ်ခဏမျှ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားသည်။ သိပ်မကြာခင်မှာပင် သူမ မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

“အခြားလူ တစ်ယောက်သာ ဆိုရင် ငါလည်း သေချာ မပြောရဲဘူး... ဒါပေမဲ့ ဝေ့ဝူယင်က ဘယ်တော့မှ မသေချာတာကို ပြောတဲ့လူ မဟုတ်ဘူး... သူ တစ်ခုခုကို လုပ်ပေးမယ်လို့ ပြောရင် သေချာတယ်... အဲဒီကိစ္စ ဖြစ်ကို ဖြစ်လာတယ်”

ချင်ချူးမူ၏ လေသံက သေချာ ရေရာမှု၊ ယုံကြည်ချက် ရှိမှုများဖြင့် ပြည့်နှက်နေသည်။ ရှောင်ပင်း ခေါင်းကို လှည့်ရင်း လှပစွာ ပြုံးနေသည့် အယ်ဗန်မိန်းကလေးကို ကြည့်လိုက်၏။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ဝေ့ဝူယင် ပြုလုပ်ခဲ့သည့် အရာများက သူမ စိတ်တွင် တရေးရေး ပြန်ထင်လာခဲ့သည်။

ထိုလူငယ်လေးက ကောင်းကင်နိုဘယ် တစ်ယောက် အနေဖြင့် ဂိုဏ်းထဲကို ဝင်လာခဲ့သည်။ ထို့နောက် ရက်ပိုင်း အတွင်း ကောင်းကင် ဧကရာဇ် တစ်ပါး ဖြစ်လာကာ ကောင်းကင်နိုဘယ် ဦးစီးသည့် အဖွဲ့ကြီး တစ်ခုကို အမြစ်ဖြတ် ပစ်ခဲ့သည်။ ထို့နောက်... ထို့နောက်... ဘယ်သူမှ ထင်မှတ်မထားခဲ့သည့် အောင်မြင်မှု များစွာ...

လုံချန်မှာ ဘာစကားမှ မဆိုပဲ တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ ချင်းရိုင်မှာ စတင်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ဝေ့ဝူယင် ပေးအပ်ထားခဲ့သည့် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ရန် လမ်းညွှန်ချက်များကို အကြိမ်တစ်ရာ မကအောင်  ဖတ်ရှုခဲ့ပြီး ဖြစ်၏။ ထို့အပြင် သူမ၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံမှာလည်း ဒဏ်ရာ ကင်းစင်မှာ အမြင့်ဆုံး အဆင့်တွင် ရှိနေသည်။

ဟူး... ဟူး...

သန့်စင်သည့် ယင်မီးတောက်များမှာ ချင်းရိုင်၏ ခန္ဓာကိုယ်တွင် စတင် တောက်လောင်လာ၏။ သူမ လုပ်ငန်းစဥ်ကို စတင်တော့မည် ဖြစ်သည်။

သို့သော်လည်း...

ဝမ်...

ရုတ်တရက် ဆက်သွယ်ရေး သလင်းကျောက်မှာ လင်းလက်လာကာ စာတစ်စောင် ဝင်ရောက်လာခဲ့၏။ ထိုအရာက ဝေ့ဝူယင်ထံမှ ဖြစ်ရာ ချင်းရိုင်၏ မျက်လုံးများ တောက်ပသွားသည်။ သူမ ချက်ချင်းပင် ယင်မီးတောက်များကို သိမ်းဆည်းရင်း သလင်းကျောက်ကို ဆွဲယူကာ ဖတ်ရှုလိုက်၏။ အခြားလူများမှာ သူမ၏ အပြုအမူကြောင့် စိတ်ဝင်စားသွားကြသည်။

“ပြဿနာ တစ်ခုခု ရှိလို့လား...”

လုံချန်က မေးလိုက်၏။ ချင်းရိုင်က ခေါင်းခါ ပြလိုက်သည်။

“အခြားတစ်ယောက် လာဦးမယ်... သူလာမှ စကြမယ်”

“ဘယ်သူလဲ...”

လုံချန်တို့မှာ မျက်မှောင်ကြုတ် သွားကြ၏။ မည်သူနည်း။ မဟာ အင်ပါယာ သူတော်စင်ဇင်လော။ သူတို့ တွေးတောနေစဥ်မှာပင် တံခါးဝဆီမှ ခြေသံ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာ၏။ မကြာခင်မှာပင် ပုံရိပ်လေး တစ်ခု အခန်းထဲ ဝင်လာသည်ကို သူတို့ မြင်လိုက်ရလေသည်။

“လင်းကျိရန်...”

အံ့အားသင့်မှု လှိုင်းလုံးတစ်ခုမှာ အခန်းအတွင်း ရိုက်ခတ်သွား၏။ လုံချန်အပါအဝင် အားလုံး၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့််နှက်နေသည်။

***

All Chapters