← Chapters

ပြန်လည် မွေးဖွားခြင်း (၂)

Vol. 24 Ch. 326

ပြန်လည် မွေးဖွားခြင်း (၂)

Vol. 24 Ch. 326

“အမလင်း... တကယ် အမလင်းလား...”

လုံထျန်းယုက စိတ်လှုပ်ရှားစွာ အော်လိုက်၏။ လွန်ခဲ့သည့် သုံးရက်ခန့်က လင်းကျိရန်မှာ ဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း လှုပ်ရှားရန်ပင် မတတ်နိုင်သော လူမမာ တစ်ယောက် ဖြစ်ခဲ့သည်။ အိမ်သာနှင့် ရေချိုးခန်းကို ကိုယ်တိုင် သွားရောက်ရန်ပင် မတတ်နိုင်ခဲ့။ လူတိုင်း အားကျခဲ့ရသော လှပမှု၊ နုပျိုမှု... ဘာဆိုဘာတစ်ခုမှ သူမတွင် မကျန်ရှိတော့။ သို့သော်လည်း...

နှစ်ရက်...

ဝေ့ဝူယင် သူမအား ခေါ်ဆောင်သွားသည်မှာ နှစ်ရက်မျှသာ ရှိသေးသည်။ သို့သော်လည်း ထိုနှစ်ရက် အတွင်းမှာပင် ယခုမြင်တွေ့နေရသော သူမ၏ အသွင်သဏ္ဌာန်က နတ်ရေကန်အတွင်း ပြုတ်ကျသွားသလို ပြောင်းလဲသွားခဲ့သည်။

ပျော့ပျောင်း သန်မာလှသော ဆံနွယ်၊ ပင်လယ်ပြာ မျက်ဝန်း တစ်စုံနှင့် ချောမွေ့ ပြေပြစ်လှသော အသားအရည်၊ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ် ကောက်ကြောင်းများ... ၎င်းတို့မှာ လွန်ခဲ့သော နှစ်ရက်ခန့်ကနှင့် လားလားမျှ မဆိုင်တော့။

ရှပ်... ရှပ်...

အားလုံး၏ အကြည့်များ အောက်တွင်ပင် လင်းကျိရန် အခန်းအတွင်း ခြေတစ်လှမ်းချင်း ဝင်ရောက်လာခဲ့၏။ အားလုံးထဲ၌ လုံချန်မှာ အံ့အား အသင့်ရဆုံး တစ်ယောက် ဖြစ်သည်။ သူ လုံးဝကို ဆွံ့အနေ၏။ လင်းကျိရန် ပိုင်ဆိုင်ထားသည့် လက်ရှိ အသွင်အပြင်က သူ့ကိုပင် အသက်ရှူမှားစေသည်။ အဆုံးစွန်သော ပျော်ရွှင်မှုနှင့် ကြည်နူးမှုတို့မှာ သူ့နှလုံးသား အတွင်း မွေးဖွားလာကာ ဗုံးတစ်လုံးလိုပင် ပေါက်ကွဲ ထွက်ပေါ်လာ၏။

“လင်းကျိရန်...”

လုံချန်က ရှေ့သို့ တဟုန်ထိုး ပြေးရင်း လင်းကျိရန်ကို ထွေးပွေ့လိုက်တော့၏။ လင်းကျိရန်၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ရီသွားသည်။ နှစ်ယောက်အတူ ဖြတ်သန်းခဲ့သည့် အမှတ်တရများ၊ စွန်းစားခန်းများက သူမ၏ စိတ်ထဲ ပုံရိပ်များလို ပြန်လည် ပေါ်လာခဲ့၏။

လုံချန်က ထိုတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမ တစ်ဘဝလုံး ယုံကြည်ခဲ့သည်။ သူမ သူ့နောက်ကို မျက်ကန်း တစ်ယောက်လို လိုက်ခဲ့သည်။ အန္တရာယ်နှင့် ကပ်ဘေး အားလုံးကို သတ္တိရှိစွာ ရင်ဆိုင်ခဲ့သည်။ သို့သော်လည်း အကျိုးအမြတ် အနေဖြင့် သူမ မည်သည်ကို ရရှိခဲ့သနည်း။

သူမ စကားလုံးများဖြင့် စော်ကားခံခဲ့ရသည်။ အဆိုးရွားဆုံး ပုံစံများဖြင့် နှိပ်စက်ခံခဲ့ရသည်။  နောက်ဆုံး စိတ်၊ ခန္ဓာနှင့် ဝိညာဥ်တို့ပါ ဆိုးရွားစွာ ပျက်စီးခဲ့သည် အထိ။

ပထမ၌ ထိုပေးဆပ်မှုများက တစ်နေ့တွင် အရာထင်လာကာ အားလုံး အဆင်ပြေသွားလိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့်က ကြောက်မက်ဖွယ် ကောင်းလှသော အမှန်တရားကို သူမ ရှာဖွေ တွေ့ရှိခဲ့သည်။ လုံချန်မှာ သူမ ရှာဖွေနေသည့် ဖူးစာရှင် မဟုတ်ခဲ့။ အခြား တစ်ယောက်သာ ဖြစ်နေခဲ့သည်။

သူမ ပေးဆပ်ခဲ့ရသော ရုန်းကန်မှုများ၊ နာကျင်မှုများ၊ ခံစားခဲ့ရမှုများ... အရာအားလုံးက ဘာဆို ဘာအတွက်မှ မဟုတ်ခဲ့။

လင်းကျိရန် အံကို တင်းတင်းကြိတ်ရင်း လုံချန်ကို တွန်းထုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူမ၏ လက်ရှိ ခန္ဓာကိုယ် အင်အားက အလွန် နည်းပါးလှလေရာ လုံချန်မှာမူ ထိုအရာကိုပင် သတိထားမိဟန် မရချေ။ သူက ပြင်းထန်သော ခံစားချက်များဖြင့် သူမ၏ ခန္ဓာကိုယ်လေးကို သူ့ခန္ဓာကိုယ်ထဲ နစ်ဝင်မတတ် ဖက်ထားဆဲ ဖြစ်သည်။

ချင်ချူးမူ အပါအဝင် အခြားလူများမှာ လုံချန်နှင့် လင်းကျိရန်၏ စိတ်ကူးယဥ် ဆန်ဆန် ပြန်လည် ဆုံစည်းမှုလေးကို ကြည့်ကာ ကြည်နူးနေကြ၏။ လုံထျန်းယုဆိုလျှင် မျက်ရည်များပင် ဝဲနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့နှင့် ခြားနားစွာပင် ဝူပိုင်ကျိုး တစ်ယောက်မှာမူ မျက်မှောင်ကြုတ်နေခဲ့လေသည်။ သူမက ဉာဏ်ရည် ထက်မြက်ကာ မည်သည့် အကြောင်းကြီးငယ်ကို မဆို စေ့စေ့စပ်စပ် လေ့လာတတ်သူ တစ်ယောက် ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၏ မင်းသမီး တစ်ပါး အဖြစ် ကြီးပြင်းခဲ့ရသူ အနေဖြင့် ထိုအရာကို သူမ ငယ်ငယ်လေးတည်းက သင်ယူခဲ့ရသည်။

လင်းကျိရန်၏ နက်မှောင်သော အကြည့်နှင့် ခံစားချက်များကို သူမ သတိထားမိသည်။ လုံချန်၏ ပွေ့ဖက်မှုကို လင်းကျိရန် နှစ်သက်ပုံ မရသည်က ကျိန်းသေသည်။ အမျိုးမျိုးသော အတွေးတို့ဖြင့် ဝူပိုင်ကျိုး၏ မျက်လုံးများက ဖျပ်ခနဲ အရောင်ပြောင်းသွား၏။ သူမက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။

“လုံချန်... သတိထားဦး... သူ နာနေပြီ”

“ဪ... ဟုတ်သား...”

ထိုအခါတွင်မှ လုံချန်က ရှက်ရွံ့သော မျက်နှာဖြင့် လင်းကျိရန်ကို လွှတ်လိုက်၏။ မည်သို့ပင် ဆိုစေ... လင်းကျိရန်မှာ ယခုမှ နလံထခါစ လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမက ကျင့်ကြံခြင်း မပြုရသေးသည့် သာမန် သေမျိုး တစ်ယောက် အခြေအနေတွင်သာ ရှိသည်။ ပြင်းထန်သော ခံစားချက်များကြောင့် သူ ထိုအချက်ကို မေ့သွားခဲ့သည်။

“ငါ တောင်းပန်ပါတယ်...”

လုံချန်က လင်းကျိရန်၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ရင်း ဆိုလိုက်၏။ သို့သော်လည်း လင်းကျိရန်က ထိုအပြုအမူမှာ အနည်းငယ် ရူးနှမ်းနှမ်းနိုင်သည်ဟု တွေးလိုက်မိသည်။ သူမ တစ်စုံတစ်ရာ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝူပိုင်ကျိုးမှာ အနားသို့ ရောက်ရှိလာ၏။

“နောက်ပြီးမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့... မဟာ သူတော်စင်ချင်က စတော့မယ်လေ”

သူမက ‌ပြောလိုက်ရင်း လင်းကျိရန်၏ လက်ကို ဆွဲကာ အခြားတစ်ဖက်ဆီသို့ ခေါ်ဆောင်သွားသည်။ သူမ၏ လှုပ်ရှားမှုတို့က သဘာဝကျနကာ ပြေပြစ်လှ၏။ အခြားလူများမှာ အမှားအယွင်း တစ်စုံတစ်ရာ ရှိကြောင်း နည်းနည်းမျှပင် သံသယ မဖြစ်မိကြချေ။

လုံချန်က ရှောင်ပင်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် ပင့်သက်တစ်ချက် ရှိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ မှန်သည်... လက်ရှိ အရေးအကြီးဆုံးက ဟုန်ယု ပြန်လည် ရှင်သန်လာဖို့ ဖြစ်သည်။

အခြားတစ်ဖက်၌ ချင်းရိုင်မှာ လင်းကျိရန်၏ လက်ရှိ အခြေအနေကို ကြည့်ကာ အနည်းငယ် အံ့သြနေမိသည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်က ထိုမိန်းကလေး၏ အခြေအနေက အလွန့်ကို ဆိုးရွားနေခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း တစ်ခုလုံး ပျက်စီးကာ ဒုက္ခိတ တစ်ပိုင်းလိုပင်။ ပြန်ကြားရသလောက် ဆိုလျှင် ဂိုဏ်းထဲရှိ ဆေးသူတော်စင်ကြီးများ ပင်လျှင် သူမကို လက်လျှော့ထားရသည်။

သို့သော်လည်း ယခုတွင်မူ သူမကား လုံးဝ လူကောင်းလိုကို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမသာ မမှားပါက ဆေးလုံး အနည်းငယ် မှီဝဲရုံဖြင့် ကျင့်ကြံခြင်းကိုပင် ပြန်လည် စတင် နိုင်လောက်သည်။  ပို၍ အံ့အားသင့်စရာ ကောင်းသည်က ထိုအပြောင်းအလဲ အားလုံးမှာ နှစ်ရက်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်၏။

စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိရန် အတွက် ချင်းရိုင် မိနစ် အနည်းငယ် အချိန်ယူလိုက်ရ၏။ ဘာပဲဖြစ်ဖြစ်... သံသယ အားလုံးကို ထို့ပိဟန်ထံတွင် မေးရမည်ဟု သူမ တေးထားလိုက်သည်။

ချင်းရိုင် ပင့်သက်တစ်ချက် ရှိုက်ရင်း လက်ရှိကို ပြန်လည် အာရုံစိုက်လိုက်၏။ သူမက လက်ကို ခါယမ်းလိုက်ရာ ခပ်ဖျော့ဖျော့ မြူအလင်းများမှာ အရှေ့ရှိ ကျောက်စားပွဲထက်၌ ဖြည်းညင်းစွာ နေရာယူလာသည်။ ထူးဆန်းစွာပင် ၎င်းတို့မှာ ကလေးငယ် အသက်ရှူသံမျိုးကို ထုတ်လွှတ်နေ၏။ အကယ်၍ သေချာစွာ ကြည့်မည် ဆိုပါက ထိုမြူအလင်းများ အလယ်တွင် အဝတ်ဗလာ မိန်းကလေး တစ်ယောက်၏ ပုံရိပ် ရှိနေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။

ထိုအရာက ဟုန်ယု၏ ဝိညာဥ်ပင်။

၎င်းအား သေမျိုးတို့၏ ဥပဒေသအတိုင်း တမလွန်သို့ ရောက်ရှိမသွားစေရန် ဝူယုကိုယ်တိုင် အစီအရင် တစ်ခုဖြင့် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ သေမျိုး အကန့်အသတ်ကို ကျော်လွန်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက်၊ ကြယ်နှင့် ဂြိုဟ်များကို ဖန်တီးနိုင်ခဲ့သည့် တန်ခိုးရှင်ကြီး တစ်ယောက် အတွက် ဝိညာဥ်တစ်ခုအား ထိန်းသိမ်းရခြင်းက လွယ်ကူသော ကိစ္စတစ်ရပ် ဖြစ်ပေသည်။

ချင်းရိုင်းက အသက်ကို ညင်သာစွာ ရှူရင်း အဆင့်ရှစ် ဆေးလုံးများကို ထုတ်ယူလိုက်၏။ သူမ၏ လက်များက ရင်သွေးငယ်တို့ကို ထိခိုက်မှာ စိုးသည့် အလား သတိအပြည့်ဖြင့် တည်ငြိမ်နေသည်။

“စမယ်...”

သူမ၏ စွမ်းအားများက ဝေ့ဝူယင်၏ ညွှန်ကြားစာ အတိုင်း တသွေမတိမ်း စတင် လှုပ်ရှားလာ၏။ ဘေးနားရှိ ကြည့်ရှုသူများမှာ အသက်ကိုပင် ရဲရဲ မရှူဝံ့ကြချေ။ ချင်ချူးမူ ပင်လျှင် ကြောက်ရွံ့မှုကြောင့် လက်သီးများကို တင်းတင်း ဆုပ်ထားမိ၏။

ဤကြိုးစားမှု အောင်မြင်မှ ရမည်။ ဟုန်ယု ပြန်လာကို လာရမည်။

…

သုံးရက်နှင့် နှစ်ညတိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ချင်းရိုင် တစ်ယောက် လုပ်ငန်းစဥ် အပေါ် အပြည့်အဝ အာရုံ  စိုက်ရင်း ဆောင်ရွက်နေဆဲ ဖြစ်၏။ ဤသည်က အလွန် လေးပင်သော တာဝန် ဖြစ်သကဲ့သို့ သူမအား အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေခဲ့သည့် လုပ်ငန်းစဥ် တစ်ခုလည်း ဖြစ်သည်။

ပြောရလျှင် သူမသာ မဟုတ်...။ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း ဖြစ်စဥ်ကို လာရောက် ကြည့်ရှုသည့် လုံချန်တို့ပင် လေးနက်သော ဉာဏ်အလင်းများ ရရှိကြသည်။

ဆဲလ်တိုင်း အသစ် ပြန်လည် မွေးဖွားလာကြသည်။ ကလီစာတိုင်း ပြန်လည် ပုံပေါ် လာကြသည်။ အသိစိတ် ပင်လယ်နှင့် စိတ်အာရုံတို့ ဖြစ်ထွန်းလာသည်။ ၎င်းက သေချာ တိကျစွာ ဒီဇိုင်းဆွဲ ဖန်တီးထားသည့် ပဟေဠိတစ်ခုလိုပင်။

ချင်းရိုင်၏ အရှေ့ ကျောက်စားပွဲထက်တွင်မူ ဟုန်ယု၏ အသွေးအသားနှင့် အရိုးတို့မှာ ပြန်လည် ဖြစ်တည်လာနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝိညာဥ်နှင့် ပေါင်းစပ်ခြင်း မရှိသေးရာ ၎င်းက အလောင်းကောင် တစ်ခု သဖွယ်သာ ရှိနေဆဲ ဖြစ်၏။ နှလုံးခုန်သံ မရှိ၊ သွေးလည်ပတ် စီးဆင်းမှု မရှိ၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် မှတ်ဉာဏ်တို့ မရှိ။

ချင်းရိုင် အသက်ကို ပင့်သက်တစ်ချက် ရှိုလိုက်၏။ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းစဥ်ကတော့ ပြီးခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ လမ်းညွှန်ချက်နှင့် အတူ အမှားအယွင်း တစ်ခုမှ မရှိခဲ့။

နောက်ဆုံးကျန်ရစ်သည့် အဂ္ဂိရတ် ထုတ်ကုန် နှစ်ခုကို သူမ ထုတ်ယူလိုက်၏။ ၎င်းတို့က စိတ်ခန္ဓာ ပေါင်းစပ်ခြင်း ဆေးလုံးနှင့် အသက် မီးတောက် လောင်ကြွမ်းခြင်း ဆေးရည်တို့ပင် ဖြစ်သည်။ ၎င်းတို့၏ အာနိသင်က နာမည် အတိုင်းပင် ရိုးရှင်းကာ ခန္ဓာနှင့် ဝိညာဥ်တို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပေးနိုင်သည်။

ဝှစ်...

ချင်းရိုင် စိတ်ခန္ဓာ ပေါင်းစပ်ခြင်း ဆေးလုံးကို ခြေလိုက်ကာ အသက် မီးတောက် လောင်ကြွမ်းခြင်း ဆေးရည်နှင့် ပေါင်းစပ်လိုက်၏။ ထို့နောက် ဟုန်ယု၏ ပါးစပ်ကို ဖြည်းညင်းစွာ ဟရင်း လောင်းထည့်လိုက်သည်။ သူမ၏ လှုပ်ရှားမှုတို့က ပြေပြစ်လှလေရာ တစ်စက်တစ်ပေါက်ပင် လေလွင့်မှု မရှိချေ။

ချင်းရိုင်၏ လက်ချောင်းလေးများက ဟုန်ယု၏ လည်ပင်းဆီ ရွေ့လျားသွားကာ ဆေးရည် ချောမွေ့စွာ ကျဆင်းနိုင်ရန် နှိပ်နယ် လိုက်၏။ သိပ်ကြာကြာ မစောင့်လိုက်ရခင်မှာပင် ဟုန်ယု၏ အသက်မဲ့ ခန္ဓာက မီးခိုးများ စတင် ထုတ်လွှတ်လာ၏။ ထို့နောက်...

အပြာရောင် မီးတောက်များမှာ ရုတ်ချည်းဆိုသလို သူမ၏ ခန္ဓာကိုယ်မှ စတင် တောက်လောင်လာသည်။ ယင်းတို့က အလွန်ပူပြင်းလှရကား ချင်းရိုင်မှာ အကာအကွယ် အလွှာတစ်ခုကိုပင် ဖန်တီးလိုက်ရသည်။

သို့သော်လည်း တစ်ခဏအတွင်းမှာပင် ထိုမီးတောက်တို့က အရှိန်သေသွားကာ ပုံမှန် အတိုင်း ပြန်လည် ပျောက်ကွယ်သွားသည်။ ဟုန်ယု၏ ခန္ဓာကိုယ်ကတော့ စောစောကလို မထိမခိုက်ပင် ရှိနေဆဲ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်က သွေးများ စတင် စီးဆင်းလာကာ နွေးထွေးသော အသက်ရှူသံ တစ်ခု သူမ နှာခေါင်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ဒိတ်... ဒိတ်... ဒိတ်...

နှလုံးခုန်သံများမှာ သူမ၏ ရင်ဘတ်ဆီမှ ထွက်ပေါ်လာ၏။ ပထမ၌ ၎င်းတို့က မွေးကင်းစ ကလေးငယ်လေး တစ်ယောက် ကဲ့သို့ အားနည်းလှသော်လည်း တဖြည်းဖြည်းနှင့် အရွယ်ရောက်ပြီးသား ကျင့်ကြံသူ တစ်ယောက်လို ကျယ်လောင်လာသည်။

တစ်ချိန်တည်း၌ သူမ၏ ရှည်လျားလှသော မျက်တောင်ကော့ကော့များက ပိုးအိမ်ထဲမှ ထွက်ပေါ်လာသည့် လိပ်ပြာလေး တစ်ကောင် အလား တဖျပ်ဖျပ် လှုပ်ရှားလာ၏။ ထိုအခိုက်အတန့်တွင်ပင် အားလုံး၏ နှလုံးသားများထဲမှ စိုးရိမ် ပူပန်မှုများက လေရူးတစ်ခုလို လွင့်မြောသွားကာ ထို့အစား ပျော်ရွှင်ခြင်း လှိုင်းလုံးများသာ ပေါက်ဖွားလာခဲ့လေတော့၏။

***

All Chapters