← Chapters

ပြန်လည် မွေးဖွားခြင်း (၃)

Vol. 24 Ch. 327

ပြန်လည် မွေးဖွားခြင်း (၃)

Vol. 24 Ch. 327

အသက်ဓာတ်များ ပြင်းထန်စွာ လောင်ကြွမ်းနေသည့် ဟုန်ယု၏ လှပလှသည့် သွေးရောင် မျက်ဝန်းလေးများမှာ ဖြည်းညင်းစွာ ပွင့်ဟလာ၏။ ၎င်းတို့က လတ်ဆတ်သော ဉဏ်ရည်ဉာဏ်သွေးတို့ဖြင့် ပြည့်ဝနေကာ သူမကို သူမ မှတ်မိအောင် ကြိုးစားနေဟန် ရသည်။

“ငါ... ငါ ဘယ်ရောက်...”

သူမ စကားပြောရန် ကြိုးစားလိုက်သော်လည်း အသံက အနည်းငယ် ထူးဆန်းနေ၏။ ၎င်းက စကားစပြောခါစ ကလေးငယ်တစ်ယောက်၏ အသံ ကဲ့သို့ မပီကလာ ဖြစ်နေသည်။

ချင်းရိုင်မှာ သက်ပြင်းတစ်ချက် ရှိုက်ရင်း ပြုံးလိုက်မိ၏။ နောက်ဆုံး၌ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ စိတ်နှင့် ဝိညာဥ်မှာ ပြီးပြည့်စုံစွာ ချိတ်ဆက်မိချေပြီ။

“အောင်မြင်သွားပြီ...”

ချင်းရိုင်က ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့ရင်း ကြေညာလိုက်၏။ ကြည့်စင်ထက်ရှိ ရှောင်ပင်း၏ လက်ကလေးများကတော့ တဆတ်ဆတ် တုန်ရီနေသည်။ မျက်ရည်များမှာ သူမ၏ မျက်ဝန်းတို့မှ တတွေတွေ စီးကျနေ၏။ နောက်ဆုံး၌ ဟုန်ယုမှာ အသက်ပြန်ရှင်လာခဲ့ချေပြီ။

“အောင်မြင်သွားပြီ... အောင်မြင်သွားပြီ...”

ချင်းရိုင်၏ စကားကို သူမ အထပ်ထပ် လိုက်လံ ရေရွတ်နေမိ၏။ ဝေဝါးနေသော မျက်ရည်များ အကြားမှာပင် ပျော်ရွှင်စွာ ပြုံးရင်း ဘေးနားရှိ ချင်ချူးမူကို သူမ လှည့်ကြည့်လိုက်မိသည်။

“အခြားလူ တစ်ယောက်သာ ဆိုရင် ငါလည်း သေချာ မပြောရဲဘူး... ဒါပေမဲ့ ဝေ့ဝူယင်က ဘယ်တော့မှ မသေချာတာကို ပြောတဲ့လူ မဟုတ်ဘူး... သူ တစ်ခုခုကို လုပ်ပေးမယ်လို့ ပြောရင် သေချာတယ်... အဲဒီကိစ္စ ဖြစ်ကို ဖြစ်လာတယ်”

ချင်ချူးမူက သူမကို ထိုအတိုင်း ပြောခဲ့သည်။ ယခုတွင် ထိုအတိုင်း ဖြစ်လာခဲ့သည်။

“ဝေ့ဝူယင်... ဝေ့ဝူယင်...”

စကားလုံးများဖြင့် ဖော်ပြရန်ပင် မဖြစ်နိုင်သည့် ယုံကြည်မှု တစ်ခုမှာ သူမ နှလုံးသားတွင် ပေါက်ဖွားလာခဲ့၏။ အကယ်၍ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင်၊ နေသုံးစင်း ပေါက်ကွဲထွက်သွားလျှင်ပင်... ဝေ့ဝူယင်က အဆင်ပြေသည်ဟု ပြောလျှင် သူမ မျက်လုံးမှိတ်ကာ မဆိုင်းမတွ ယုံမိတော့မည် ဖြစ်သည်။ ကြောက်ရွံ့မှု တစ်ခုတစ်လေပင် သူမ နှလုံးသားတွင် ပေါက်ဖွားလာမှာ မဟုတ်တော့။

အခြားတစ်ဖက်၌ လုံချန်၏ မျက်လုံးများမှာ ‌ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ့အတွက်တော့ ဟုန်ယု ပြန်လည် မွေးဖွားလာခြင်းမှာ ပခုံးထက်ရှိ ဝန်ထုပ်ဝန်ပိုး တစ်ခု ကျဆင်းသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။

သူ သူ့ဘေးနားရှိ မိန်းမများကို ချစ်သည်။ သူတို့ကို အပြည့်အဝ ကာကွယ်ပေးချင်သည်။ သူတို့ နာကျင်တိုင်း သူပါ ခံစားရသည်။ ဟုန်ယု သေဆုံးချိန်က စလို့ သူ့နှလုံးသားတွင် သံမှိုတစ်ခု စူးနစ်နေခဲ့သည်။ ယခုတွင်တော့ ထိုသံမှိုမှာ ကျွတ်ထွက်သွားချေပြီ။

ယခုရက်ပိုင်းကား မင်္ဂလာကို မင်္ဂလာဆင့်သော နေ့ရက်များပင်။ ပထမဆုံး လင်းကျိရန် ပြန်ကောင်းလာသည်။ ထို့နောက်တွင် ဟုန်ယု ပြန်ရှင်လာသည်။ မကြာခင် ဂိတ်တံခါး ဖွင့်ပေတော့မည်။ ဝူယုပြောသည့် အတိုင်းဆိုပါက ဂိတ်တံခါးက သူ့အတွက် အခွင့်အရေး ဖြစ်သည်။ ဝေ့ဝူယင် ဆိုသည့် တစ်နေ့တွင် သူ သည်ကြယ်တာရာ နယ်မြေကို ကျော်လွန်ကာ မိုးကောင်းကင် အဆုံးသတ်ထိ ခရီးထွက်နိုင်ရမည်။

အခန်းတစ်ခုလုံး အပျော်များ ကူးစက် ပျံ့ပွားနေခဲ့ချိန်၌ မပျော်နိုင်သူ တစ်ယောက်တော့ ရှိနေခဲ့ပေသည်။ သူမကား ဝူပိုင်ကျိုးပင်။

ဝူပိုင်ကျိုးသည် တစ်ချိန်လုံး လင်းကျိရန်ကိုသာ အကဲခတ်နေခဲ့၏။ သေချာ မပြောတတ်သော်လည်း လင်းကျိရန် တစ်ယောက် လုံချန် အပေါ် ဘာခံစားချက်မှ မရှိတော့ဟု သူမ ခံစားရသည်။ ပြောရလျှင် ထိုခံစားချက်က အတော်လေးကို သေချာလှသည်။ သူမ လင်းကျိရန်ကို တစ်လှည့်၊ လုံချန်ကို တစ်လှည့် ကြည့်လိုက်မိ၏။

ထိုအချိန် အခြားတစ်ဖက်၌... ဟုန်ယုမှာ ပတ်ဝန်းကျင်ကို အသစ်အဆန်းလို လိုက်ကြည့်နေ၏။ ခပ်မှိန်မှိန် အလင်းရောင်၊ လှပသော မိန်းကလေးများနှင့် ခမ်းနားသော ခန်းမတစ်ခု... အရာရာတိုင်းက သူမ အတွက်တော့ ဆန်းကြယ်နေသည်။

ဟုန်ယု ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ရန် ကြိုးစားလိုက်၏။ လက်ချောင်းလေးများ၊ ထို့နောက် လက်မောင်း၊ ခြေထောက်... အရာအားလုံးကတော့ အဆင်ပြေပြေပင်။

“ငါ ဘာဖြစ်သွားတာလဲ... ငါ ဘယ်နေရာကို ရောက်နေတာလဲ...”

ထိုအကြောင်းအရာများကို စဥ်းစားကြည့်လိုက်တော့ သူမ ခေါင်းက ထိုးကိုက်လာသည်။ မကြာခင်မှာပင်... ခပ်ရေးရေးပင် ပုံရိပ်အချို့ကို သူမ မြင်တွေ့လိုက်ရ၏။

ငါးနှစ်ပြည့် မွေးနေ့... သူမ မိသားစုနှင့် အတူ မွေးနေ့ပွဲ ကျင်းပခဲ့သည်။

ထို့နောက်... သူမ အသက် ဆယ့်ငါးနှစ်တွင် အချစ်ရဆုံး ဝမ်းကွဲအမ သေဆုံးခဲ့သည်။ နေ့ရက်ပေါင်းများစွာ ကြာအောင် သူမ ငိုကြွေးခဲ့ရသည်။

အသက် ဆယ့်ခြောက်နှစ်... မျိုးနွယ်စုပေါင်းစုံ ပြိုင်ပွဲတွင် ရွယ်တူ မိန်းကလေး တစ်ယောက်နှင့် သူမ ဆုံတွေ့ခဲ့သည်။ အကြိတ်အနယ် တိုက်ခိုက်ကြရင်း ထိုမိန်းကလေးက စိတ်ဝင်စားစရာ ကောင်းကြောင်း သူမ တွေ့ရှိခဲ့ရသည်။

ထို့နောက် သူတို့ နှစ်ယောက်အတူ အနန္တ ဧကရာဇ်ဂိုဏ်းထဲ ဝင်ရောက်ခဲ့သည်။ တစ်နေ့တည်းတွင်ပင် ကြယ်တာရာ အမြုတေ အဆင့်ကို ပြိုင်တူ တက်လှမ်းခဲ့သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်‌ယောက် ပြိုင်ဆိုင်ခဲ့သည်။

ရက်ကို လစား... လကို နှစ်စား... ထိုမှတစ်ဆင့် ဆယ်စုနှစ်များစွာ...

သူမ ပိုင်ဆိုင်ခဲ့သည့် အမှတ်တရများတွင် ထိုဆံပင်ဖြူနှင့် မိန်းကလေးက အမြဲပါသည်။ နေ့ညများကို သူတို့ အတူ ကုန်ဆုံးခဲ့သည်။ မိုးကောင်းကင်အောက်တွင် ဘယ်တော့မှ မခွဲဟု သူတို့ သစ္စာ ပြုခဲ့ကြသည်။

ဟုန်ယု၏ နှုတ်ခမ်းလေးများက တဆတ်ဆတ် တုန်ရီလာ၏။

“ရှောင်... ရှောင်ပင်း...”

ထိုနာမည်ကို ရေရွတ်လိုက်သော အခိုက်၌ မျက်ရည်များက သူမ၏ မျက်ဝန်းတွင် စို့လာ၏။ အရာရာကို သူမ မှတ်မိသွားခဲ့ပြီ ဖြစ်သည်။

မဟာဝိညာဥ် စမ်းသပ်ပွဲကို သူမ ဝင်ရောက် ယှဥ်ပြိုင်ခဲ့သည်။ ထို့နောက် ဟုန်ဖူကျင်းဝေ့ကို ရင်ဆိုင်ခဲ့ရသည်။ ထို့နောက်... ထို့နောက်...

နာကျင်စရာ မှတ်ဉာဏ်များကြောင့် သူမ၏ ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်ရီသွား၏။ မည်သည့် အရာများ ဖြစ်ပျက်ခဲ့မှန်း သူမ မှတ်မိခဲ့ပြီ ဖြစ်သည်။ သို့သော် ဘာကိုမှ သူမ မမှတ်မိချင်တော့။

“ဟုန်ယု... ငါဒီမှာ ရှိတယ်...”

ကြားလိုက်ရသည့် အသံလေးကြောင့် ဟုန်ယု၏ ပျံ့လွင့်နေသော စိတ်များမှာ ပြန်လည် စုစည်းလာ၏။ သူမ မျက်လုံးများကို ပင့်တင်ရင်း ကြည့်လိုက်ရာ အရင်းနှီးဆုံးသော မျက်နှာလေးကို ဝေဝေဝါးဝါး တွေ့မြင်လိုက်ရသည်။

“ဘာမဖြစ်တော့ဘူး... ငါ ဒီမှာ ရှိတယ်”

ရှောင်ပင်းက ဟုန်ယု၏ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။ ဟုန်ယုက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော်... မျက်ရည်များကတော့ သူမ မျက်ဝန်းမှ အဆက်မပြတ် စီးကျနေဆဲပင်။

“ငါသေခဲ့တယ်... ဒါပေမဲ့ ငါ အသက်ရှင်နေတယ်...”

စိတ်လှုပ်ရှားမှုလှိုင်းများက ဟုန်ယု၏ ရင်ဘတ်အတွင်း ဆူနာမီ မုန်တိုင်း တစ်ခုလို အရှိန်အဟုန်ဖြင့် ပေါက်ဖွားလာသည်။ ထိုနေ့... ထိုနေ့တွင် သူမ၏ ခန္ဓာကိုယ်က ဝံပုလွေ တစ်ကောင်၏ ပါးစပ်အတွင်း အပိုင်းပိုင်း အစစ ပြတ်တောက်သွားခဲ့သည်။ ချွန်ထက်လှသော သွားများကိုပင် သူမ ခံစားနိုင်ခဲ့သည်။ ထို့နောက်... သူမ၏ အရာရာက အမှောင်အတိ ကျသွားခဲ့သည်။

ဟုန်ယု လက်များကို ဆန့်ထုတ်ရင်း ရှောင်ပင်းကို ထိတွေ့လိုက်၏။ ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာဖြင့် ပွေ့ဖက်လိုက်မိတော့၏။

အခြားတစ်ဖက်ရှိ ချင်ချူးမူတို့မှာလည်း မိန်းကလေး နှစ်ယောက်၏ ပျော်ရွှင်ဖွယ် ပြန်လည် ဆုံစည်းမှုလေးကို မျက်ရည်များပင် ဝဲနေကြပြီ ဖြစ်သည်။ လူတိုင်းက အချစ်မြတ်နိုးရဆုံးသော လူများကို ဆုံးရှုံးခဲ့ကြဖူးသည်။ ထိုလူများကို ပြန်လည် ပိုင်ဆိုင်ရန် နောက်နောင် ဘဝတစ်လျှောက်လုံး အကြိမ်ကြိမ် စိတ်ကူးယဥ်ဖူးကြပေလိမ့်မည်။ အိပ်မက်ခဲ့ကြဖူးပေလိမ့်မည်။ ယခုတွင်တော့ ရှောင်ပင်း၏ အိပ်မက် ကလေးမှာ အမှန်တကယ် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

အချိန်အတန်ကြာမှ ဟုန်ယုတို့မှာ အခြားလူများ ရှိနေသေးသည်ကို သတိပြုမိသွား၏။ သူမက လက်များကို ဆန့်ထုတ်ရင်း အခြားလူများကိုပါ လိုက်လံ ပွေ့ဖက်လိုက်သည်။ မည်သို့ပင် ဆိုစေ... ထိုမိန်းကလေးများမှာ ရှောင်ပင်း ပြီးလျှင် သူမ အချစ်ရဆုံး မိတ်ဆွေများ ဖြစ်သည် မဟုတ်ပါလား။

...

နာရီ အနည်းငယ် ကြာပြီးနောက်၌ ဟုန်ယုမှာ ခန္ဓာကိုယ် အသစ်နှင့် အသားကျသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ရှောင်ပင်းတို့ထံမှ သူမ သေဆုံးပြီးနောက် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကိုပါ ကြားသိခဲ့ရပြီး ဖြစ်၏။ ဟုန်ဖူကျင်းဝေ့၏ ကံကြမ္မာ၊ မဟာ သူတော်စင်ထို့၏ အဆင့်တက်လှမ်းမှု... အားလုံးကို ကြားရသည်က နာဝင်ချိုလှသည်။ မဟာ ဝိညာဥ်စမ်းသပ်ပွဲ၏ အဆုံးသတ် တစ်ခုသာလျှင်  နည်းနည်း ကသိကအောက် နိုင်လှသည်။

ထိုစမ်းသပ်ပွဲမှာ ဝေ့ဝူယင်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဆုံးသတ်၌ သူက အရာအားလုံးကို သိမ်းပိုက်သွားခဲ့သည်။ ကသိကအောက် အနိုင်ဆုံး ကိစ္စက ထိုလူငယ်မှာ စိန်ခေါ်သူပင် မရှိပဲ ပြိုင်ပွဲကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းများ အပြင် လုံချန် မဟာ မင်းသား ဖြစ်လာသည့် အကြောင်းကိုလည်း သူမ ကြားသိရသည်။ ထို့နောက်တွင် သူက မဟာ မင်းအား၏ အခွင့်အာဏာကို သုံးကာ သူမအား ပြန်လည် အသက်သွင်းပေးရန် အမိန့်ပေးခဲ့သည်။

ခံစားချက် ပြည့်ဝေနေသော မျက်လုံးတို့ဖြင့် ဟုန်ယု လုံချန်ကို ကြည့်လိုက်မိသည်။

“လုံချန်... ကျေးဇူးတင်ပါတယ်...”

အလိုအလျောက်ပင် ထိုစကားလုံးများက နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး တစ်နေရာမှ နေ၍ ထွက်ကျလာသည်။

“မလိုပါဘူး... ငါ လုပ်သင့်တာကို လုပ်ခဲ့တာပါ”

လုံချန်က ပြုံးရုံသာ ပြုံးလိုက်၏။ သို့သော်လည်း စိတ်ထဲတွင်တော့ သူ ဂုဏ်ယူမှုကို ခံစားနေရသည်။ ဒုက္ခသုက္ခများ အကြားမှပင်... နောက်ဆုံး၌ သူ သူမတို့ကို ကာကွယ်နိုင်ခဲ့သည်။ မိမိချစ်ရသော မိန်းမများကို ကာကွယ်နိုင်ခြင်းမှာ ယောက်ျားတို့ ပိုင်ဆိုင်နိုင်သည့် အမြင့်မားဆုံး ဂုဏ်သိက္ခာများထဲမှ တစ်ခုပင် ဖြစ်သည် မဟုတ်ပါလား။

အခြားတစ်ဖက်၌ နာ့ရှင်းရီမှာ လင်းကျိရန်ကို လှမ်းကြည့်လိုက်မိ၏။ ဝေ့ဝူယင်ထံမှ ပြန်လာကတည်းက ထိုမိန်းကလေး အတော်လေး ထူးဆန်းနေသည်ဟု သူမ ခံစားရသည်။ ခါတိုင်းဆိုလျှင် သူမမှာ အပြင်မှ ပြန်ရောက်သည်နှင့် လုံချန်ထံ အပြေးကလေး သွားကာ သူမ၏ အတွေများကို ပြောပြတတ်သည်။ သို့သော်လည်း ယခုတွင်တော့...

ချင်ချူးမူ စိတ်ထဲမှ တိုးတိုးတိတ်တိတ် သက်ပြင်းချ လိုက်မိ၏။ ပျော်ရွှင်ရမည်လား၊ ဝမ်းနည်းရမည်လား သေချာ မသိသော်လည်း လေးပင်မှု တစ်ခုကတော့ သူ့စိတ်ထဲ နေရာယူနေသည်။ သံသယတို့ကို စိတ်ထဲတွင် သိမ်းဆည်းရင်း ရှုပ်ထွေးသည့် အတွေးအချို့ကို သူမ မောင်းထုတ်လိုက်၏။ မည်သို့ပင် ဆိုစေ... ဤနေ့က ဟုန်ယု ပြန်လည် မွေးဖွားလာသည့် မင်္ဂလာရှိသောနေ့ ဖြစ်သည်။ သို့ဖြစ်လေရာ သူတို့အနေဖြင့် ပျော်ရွှင်စရာများကိုသာ တွေးသင့်ပေသည်။

***

All Chapters