သူဌေးလေးကို ဘယ်လိုမြင်လဲ
Vol. 24 Ch. 328
“ဝေ့ဝူယင် သူ့ကို တစ်ခုခု လုပ်လိုက်တာလား...”
အခြားတစ်ဖက်၌ ဝူပိုင်ကျိုးမှာ မထိန်းချုပ်နိုင်ပဲ တွေးလိုက်မိ၏။ ဝေ့ဝူယင်မှာ အမြဲတမ်းလိုလို လျှို့ဝှက် ဆန်းကြယ်ကာ ဝှက်ဖဲများစွာဖြင့် လုပ်ကိုင်တတ်သူ ဖြစ်သည်။ ထို့အပြင်... သူ ကြံစည်လိုက်သမျှ အရာတိုင်းက တစ်ခါမှ မအောင်မြင်တာမျိုး မရှိချေ။
ချင်ချူးမူ သေဒဏ်ကျခဲ့ရသည့် နေ့က အဖြစ်အပျက်ကိုပင် သူမ ပြန်လည် သတိရလိုက်မိ၏။
...
“ဪ... လင်းကျိရန်... လင်းကျိရန်...”
ဝေ့ဝူယင်က လင်းကျိရန်အား ကြည့်ရင်း စိတ်မကောင်းဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။
“မင်းသိရဲ့လား... လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ငါတို့ နှစ်ယောက် လက်ထပ်ဖို့ တစ်ချိန်လုံး နီးကပ်နေခဲ့တယ် ဆိုတာ... စိတ်မကောင်းစရာပဲ... ခုလို ဘဝမျိုးနဲ့ အဆုံးသတ်ရလိမ့်မယ် လို့...”
"ပါးစပ်ပိတ်ထားစမ်း... ကျိရန်က မင်းကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး”
လုံချန်က ကြားဖြတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ ဝေ့ဝူယင်က အေးဆေးစွာပင် ပခုံးတွန့်လိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် သူ နေသွေးနီနီဂိုဏ်းကို ရောက်လာခဲ့တုန်းကပေါ့... ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အဆင့်ငါးထိ ရောက်အောင် ကျင့်ကြံနိုင်တဲ့ ဘယ်သူမဆို သူနဲ့ လက်ထပ်နိုင်တယ် ဆိုပြီး ကတိပေးခဲ့တာ မှတ်မိနေသေးတယ်...”
ဝေ့ဝူယင်က လက်ဝါးအား ဖြန့်လိုက်ရာ ဆေဘာနှင့် ဒြပ်စင်ချီတို့မှာ စီးဆင်း နေရာယူလာသည်။ ယင်းတို့က လေပွေပုံသဏ္ဌာန်ဖြင့် လှည့်ပတ် ကခုန်ပြီးနောက် ဖြည်းညင်းစွာပင် ပြန်လည် ပျောက်ကွယ်သွား၏။
“ဪ... မေ့လို့ အဲဒီ ကတိကို မင်းလည်း ရခဲ့မှာပဲနော်... ကြည့်ရတာ သူက တွေ့တဲ့လူတိုင်းကို လိုက်ပြီး ကတိပေးတတ်တယ်နဲ့ တူပါတယ်... ငါ အသက် နှစ်ဆယ့်ခြောက် မပြည့်ခင်မှာ သူပြောတဲ့ အဆင့်ထိ အောင်မြင်ခဲ့တယ်လေ... အဲဒီတုန်းက မင်းက ဘယ်အသက်အရွယ် လောက်ရှိမလဲ... နှစ်ဆယ့် တစ်နှစ်ပေါ့ ဟုတ်တယ်မလား”
...
အသေးစိတ် မှတ်ဉာဏ်များကို ပြီးပြည့်စုံစွာ ဝူပိုင်ကျိုး ပြန်လည် မြင်ယောင်နေမိ၏။ သူမ၏ မျက်နှာက သိသာစွာ ဖြူရော်သွားသည်။ ဝေ့ဝူယင် ပြောခဲ့သည့် စကားများက အမှန်တကယ်ဖြစ်နေခဲ့သည်လား။
ဝူပိုင်ကျိုး အတွေးထဲ နစ်မြုပ်နေချိန်မှာပင် လင်းကျိရန်မှာ ဟုန်ယုနှင့် ရှောင်ပင်းတို့ဆီ လျှောက်သွားလိုက်သည်။ ထို့နောက် သူမက သုံးရက်အတွင်း ပထမဆုံး အကြိမ် အဖြစ် စကားပြောလိုက်၏။
“မမပင်းနဲ့ မမဟုန်... မမတို့ နှစ်ယောက်ကို ဝေ့ဝူယင်ရဲ့ ကောင်းကင်နန်းတော်မှာ ကျင့်ကြံဖို့ သမီး ပြောပေးမယ်နော်... အဲဒါမှပဲ မမဟုန် မြန်မြန် တိုးတက်လာပြီး အရင်က ကျင့်ကြံခြင်း အခြေခံကို ပြန်ရမှာ... နောက်ပြီး မမပင်း... အဲဒါက မမပင်း အတွက်လည်း တကယ် ကောင်းတဲ့ အခွင့်အရေးနော်”
“ ... “
ရုတ်တရက်... နာ့ရှင်းရီနှင့် လျဲ့ယုတို့ အပါအဝင် လူတိုင်းမှာ ပါးစပ် အဟောင်းသား ဖြစ်ကာ ဆွံ့အ သွားကြ၏။ လင်းကျိရန်၊ လုံချန်ကို အလွန် မြတ်နိုးခဲ့သည့် လင်းကျိရန်၊ လုံချန်မှ လွဲ၍ ဘယ်ယောက်ျားကိုမှ စောင်း၍ပင် မကြည့်ခဲ့သည့် လင်းကျိရန်... ထိုမိန်းကလေး၏ နှုတ်မှ သည်စကားလုံးများ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မိခဲ့မည်နည်း။
“ဒါဆို ငါထင်တာ မှန်နေပြီပေါ့...”
ဝူပိုင်ကျိုး တစ်ယောက်တည်း၏ အမူအရာသာလျှင် ထိုရလဒ်ကို ကြိုတင် သိမြင်နေသည့် အလား မဆိုသလောက်လေး ပြောင်းလဲသွား၏။ သူမက ချက်ချင်းဆိုသလိုပင် အခြားတစ်ဖက်ရှိ လုံချန်ကို အကဲခတ်လိုက်လေရာ လက်သီးများ တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်ကိုသာ တွေ့မြင်လိုက်ရလေတော့သည်။
...
အချိန်များက လျှင်မြန်စွာ စီးဆင်းနေ၏။ ထာဝရ နတ်မိမယ်လေးနှင့် ရောင်နီဦး အာဏာရှင် ဧကရာဇ်တို့ အကြားမှ အဂ္ဂိရတ် တိုက်ပွဲ နေ့ရက်မှာလည်း ရောက်ရှိလို့လာခဲ့ပြီ ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ ရင်ခုန် စိတ်လှုပ်ရှားမှုများနှင့် အတူ အုတ်အုတ်ကြွက်ကြွက် ဖြစ်နေ၏။
ထာဝရ ဧကရာဇ်မှာ နတ်ဘုရားများကိုပင် ဖန်တီးနိုင်သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သည်။ ဤတိုက်ပွဲတွင် အနိုင်ရရှိမည့် ပုဂ္ဂိုလ်မှာ အမှန်တကယ် ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာကာ သမိုင်းတစ်ကြော့ကို ထပ်မံ ဖန်တီးပေလိမ့်မည်။ ထိုဖြစ်စဥ်တစ်ခုလုံးကို သုံးလွှာ ကြယ်တာရာ နယ်မြေအတွင်းရှိ နေရာ အားလုံးတွင် တိုက်ရိုက် ပြသမည် ဖြစ်သည်။ အစွန်အဖျား ဒေသများမှ လူများပင်လျှင် ၎င်းကို တိုက်ရိုက် ကြည့်ရှုနိုင်လိမ့်မည် ဖြစ်သည်။
ထာဝရ ဧကရာဇ်၏ ဆက်ခံသူ၊ အဂ္ဂိရတ် အစည်းအရုံး မဟာ သခင် မျိုးဆက် ချင်ကူးယင်နှင့် အဆင့်ရှစ် ဆေးလုံးကို အသက်ငါးဆယ် မပြည့်ခင် ဖော်စပ်နိုင်ခဲ့သည့် ဝေ့ဝူယင်... ခေတ်သစ်တစ်ခုကို ဦးဆောင်မည့် ပုဂ္ဂိုလ် နှစ်ဦးကြားမှ တိုက်ပွဲ...
သည်တိုက်ပွဲမှာ ဝေ့ဝူယင်က သူ့ အောင်မြင်မှုများကို ဆက်ထိန်းထားနိုင်မည်လား။ သို့တည်းမဟုတ်... ထာဝရ နတ်မိမယ်လေးကပဲ သရဖူ ဆောင်းနိုင်မည်လား။
ယနေ့က ထိုမေးခွန်းများကို အဖြေပေးမည့်နေ့ ဖြစ်သည်။ ထာဝရ ဧကရာဇ်ဂိုဏ်းသည် ထိုတိုက်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ကာ အဓိကဂြိုဟ်ပေါ်တွင် ကျင်းပမည် ဖြစ်သည်။ လောကသခင် ထို့ပိဟန်၏ ကြီးကြပ်မှုနှင့် အတူ အခြား မဟာဂိုဏ်းကြီး သုံးဂိုဏ်းမှာလည်း ပွဲတက်ရောက်မည် ဖြစ်သည်။ ထို့အပြင် အထွတ်အမြတ် အလင်းနန်းတော်၊ အသူရာ နတ်ဆိုး တောင်တန်းနှင့် ကောင်းကင်ဒြပ်စင် နန်းတော်တို့မှ ခေါင်းဆောင်များနှင့် တစ်ကိုယ်တော် အဂ္ဂိရတ် အင်ပါယာ နှစ်ပါးမှာ အကဲဖြတ် အဖွဲ့တွင် ပါဝင်မည် ဖြစ်သည်။
အကယ်၍ လူငယ်များ အကြားမှ ပြိုင်ပွဲများကို အဆင့်သတ်မှတ်မည် ဆိုပါက သည်အဂ္ဂိရတ် တိုက်ပွဲကို နံပတ်တစ် နေရာ ထားရလိမ့်မည် ဖြစ်သည်။ ထို့အပြင်... တိုက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်မှာလည်း သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အနာဂတ်ကို ကြီးကျယ်စွာ သက်ရောက်ပေလိမ့်မည်။ များစွာသော လူများမှာ တိုက်ပွဲကို အမြင်အမျိုးမျိုးဖြင့် သုံးသပ်နေကြ၏။
အချို့က သည်တိုက်ပွဲမှာ ဝေ့ဝူယင် အတွက် မမျှတဟု သုံးသပ်ကြသည်။ ထိုလူငယ်လေးမှာ အသက်ငါးဆယ် မပြည့်သေးချိန်တွင် ချင်ကူးယင်မှာ အသက်တစ်ရာခန့် ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ လေ့ကျင့်ချိန်က ထာဝရ နတ်မိမယ်လေးထက် များစွာ နည်းသည်။ ထို့အပြင်... ချင်ကူးယင်မှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အကျော်ကြားဆုံး အဂ္ဂိရတ် အစည်းအရုံး၏ အနီးကပ် လေ့ကျင့် ပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။
တိုက်ပွဲ ကျင်းပမည့်နေ့ မတိုင်ခင်မှာပင် အနန္တဧကရာဇ်ဂြိုဟ် တစ်ခုလုံးမှာ မရေမတွက်နိုင်သော ဧည့်သည်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ သူတို့မှာ မိုင်ထောင်ပေါင်းများစွာ ကြီးမားပြီး လူသန်းရာနှင့်ချီ ဝင်ဆံ့နိုင်သည့် အလွန့်အလွန် ကြီးမားလှသော ကွင်းကြီးတစ်ခုတည်းတွင် စုဝေးနေကြ၏။ ထိုကွင်းပြင်ကြီး၏ အထက်တွင်တော့ မဟာ ဝိညာဥ် စမ်းသပ်ပွဲ စင်မြင့်နှင့် သဏ္ဌာန်တူသည့် အလင်းဖောက် ကျောက်ဖြာကြီး တစ်ချပ် ရှိနေခဲ့၏။ အဂ္ဂိရတ် တိုက်ပွဲကို ထိုနေရာတွင် ကျင်းပလိမ့်မည် ဖြစ်သည်။
လောကကြီး တစ်ခုလုံး ဆူညံ့ပွက်လောရိုက် နေကြချိန်တွင် လူနှစ်ယောက်ကတော့ အဋ္ဌမမြောက် ကောင်းကင်အလွှာထက်၌ တစ်စုံတစ်ရာကို ဆွေးနွေး နေခဲ့လေ၏။
“မဟာ သူတော်စင်ထို့... ကျွန်မ အမှန်တရားကို သိချင်တယ်...”
သာယာသော အသံတစ်ခုက သိချင်စိတ် ပြင်းပြစွာ ထွက်ပေါ်လာ၏။ ချင်းရိုင်သည် ကောင်းကင်ထက်တွင် မြောလွင့်ရင်း မီးခိုးရောင် မုတ်ဆိတ်များနှင့် လူအိုကြီးကို စူးစူးရဲရဲ ကြည့်နေခဲ့သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ကျင့်ကြံခြင်း အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည့်တိုင် ထို့ပိဟန်မှာ ချင်ရိုင်း၏ ရှေ့တွင် အကူအညီ ကင်းမဲ့စွာ ပြုံးနေရသည်။
“ညဥ်းက ဘာသိချင်လို့လဲ...”
ထို့ပိဟန်က မေးလိုက်၏။ ချင်းရိုင် သိချင်နေသည့် အမှန်တရား ဆိုတာက ဘာကို ဆိုလိုမှန်း သူ တကယ့်ကို သေချာ မသိချေ။ သူ လောကသခင် အဆင့်ကို တက်လှမ်းသွားသည့် လျှို့ဝှက်ချက်လော။ သို့မဟုတ် ဝေ့ဝူယင် အကြောင်းကိုလော။
ချင်းရိုင်က ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“ကျွန်မ ဟုန်ယုရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက် ပေးပြီးသွားပြီ”
“ဟုတ်လား...”
ထို့ပိဟန်က စကားထောက်လိုက်၏။ သူ၏ မျက်လုံးများက ထိုကိစ္စကို စိတ်ဝင်စားနေဟန် ပေါ်သည်။ မည်သို့ပင် ဆိုစေ... တဖန် ပြန်လည် မွေးဖွားခြင်းမှာ အံ့အားသင့်ဖို့ကောင်းသည့် ကိစ္စ ဖြစ်သည်။ ဝေ့ဝူယင်၏ အဆိုအရဆိုလျှင်... တစ်နေ့ကျရင် သူလည်း ထိုအရာကို ကြိုးစားကြည့်နိုင်ပေလိမ့်မည်။
ချင်းရိုင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ရလဒ်က ထင်မှတ်မထားလောက်အောင်ကို အောင်မြင်ခဲ့တယ်... ဒါပေမဲ့ အောင်မြင်ခဲ့တဲ့ အကြောင်းရင်းက ကျွန်မကြောင့်တောင့် မဟုတ်ခဲ့ဘူး... ဝေ့ဝူယင် ပေးခဲ့တဲ့ အဆင့်ရှစ် အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်တွေကြောင့်ပဲ”
“အဆင့်ရှစ်... အဆင့်မြင့်...”
ထို့ပိဟန်မှာ အနည်းငယ် အံ့အားသင့်သွား၏။ သို့သော်လည်း သူက ချက်ချင်းပင် နားလည်ဟန်ဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ့မျက်လုံးများကတော့ အကူအညီ ကင်းမဲ့နေလေဟန် ရလေ၏။
ချင်းရိုင်မှာ ထို့ပိဟန်၏ အမူအရာကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်သွားသည်။
“အဲဒါတွေကို ရှင်လုပ်ခဲ့တာလား...”
သူမက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ လူအိုကြီး ထို့ပိဟန် အဂ္ဂိရတ် အင်ပါယာ ဖြစ်ကြောင်းကား လူတိုင်း သိရှိထားသော အရာ ဖြစ်သည်။ သူက သူမနှင့် ယောင်ကျန်းကိုပင် လက်ရှိ အဆင့်ထိ ရောက်အောင် ထောက်ပံ့ပေးခဲ့ဖူးသည်။
ထို့ပိဟန်က ခေါင်းအား ခါယမ်းလိုက်၏။ သူ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်အချို့ ဖန်တီးနိုင်တာကတော့ ဟုတ်သည်။ သို့သော်လည်း အမျိုးအစား တစ်ခု ရရှိရန် အတွက်ပင် ဆယ်စုနှစ် အချို့ ကြာအောင် အချိန်ယူရလိမ့်မည် ဖြစ်သည်။ လက်ရှိအသက်အရွယ်ဖြင့် သူ ထိုမျှလောက် မရင်းနှီးနိုင်ချေ။
“ဒါဆို ဝေ့ဝူယင် လုပ်ခဲ့တာလား...”
ချင်းရိုင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှု လှိုင်းများဖြင့် တဖျပ်ဖျပ် တောက်ပလာ၏။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
ထို့ပိဟန်က ချင်းရိုင်ကို ကလေးပေါက်စ တစ်ယောက်လို ကြည့်ရင်း အသာအယာ ပြုံးလိုက်၏။
“သူဌေးလေး ဝေ့ဝူယင်ကို နင် ဘယ်လိုမြင်လဲ...”
အမှန်အတိုင်း ဝန်ခံရပါက သူ ချင်းရိုင်ကို ဝေ့ဝူယင်၏ ဒုတိယမြောက် လောကသခင် အဆင့် လက်အောက်ငယ်သား ဖြစ်လာစေရန် ရည်မှန်းထားသည်။ သမီးလေးလို ချစ်မြတ်နိုးရသည့် ချင်းရိုင်ကို သူ အောင်မြင်စေလိုသည်။ ထိုကဲ့သို့ အောင်မြင်စေရန် အတွက် ဝေ့ဝူယင်၏ ပံ့ပိုးမှု မပါပဲ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ချင်းရိုင်မှာ ဘာပြန်ပြောရမှန်း မသိချေ။ ရုတ်တရက် ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများနှင့် ချောမောလှသည့် အသွင်အပြင်ကို သူမ ပြန်လည် မြင်ယောင် လာမိ၏။ သူက သူမကို အာကာသ ဝိညာဥ်ဆေးတစ်လုံး ပေးအပ်ကာ နှစ်သက်သလို ဆုံးဖြတ်ခိုင်းခဲ့သည်။
တစ်စုံတစ်ရာကို တွေးမိသည်နှင့် သူမ၏ အမူအရာက ပြောင်းလဲသွား၏။
“မဟာ သူတော်စင်ထို့က ဘာကို ပြောချင်တာလဲ”
ထို့ပိဟန်က အနည်းငယ် ရယ်မောလိုက်၏။
“သူဌေးလေးရဲ့ သဘောထားကို နင် သိသင့်တယ်... တကယ်လို့ နင်သာ သွားရှာမယ် ဆိုရင် သူက ငြင်းမှာ မဟုတ်ဘူး”
ချင်းရိုင်က မျက်မှောင်ကြုတ် လိုက်သည်။
“ကျွန်မက သူ့ထက် အသက် ဆယ်ဆမက ပိုကြီးတယ်လေ... မနောက်ပါနဲ့”
ထို့ပိဟန်မှာ မိန်းကလေး၏ လှပသော မျက်ဝန်းလေးများကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူက အမှန်တရားကို ပြောပြရန် ဆုံးဖြတ်လိုက်၏။ ဝေ့ဝူယင်က သူ့ကို ထိုအကြောင်း မပြောပြရန် တားမြစ်ထားခြင်း မရှိသလို ဝိညာဥ် ကျိန်ဆိုထားခိုင်းခြင်းလည်း မရှိချေ။ ထို့အပြင် သူက ချင်းရိုင်ကို အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များ မဖုံးမကွယ် ပေးအပ်ခဲ့ရာ ထိုလုပ်ရပ်က စကားများစွာ ပြောသည်။
“သူဌေးလေးကြောင့် ကောင်းကင်မှာ ရောင်စုံ အလင်းတန်းတွေ ပေါ်လာခဲ့တဲ့နေ့ကို နင် မှတ်မိသေးလား”
"အင်း...”
“အဲဒါကို သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်လို့ ခေါ်တယ်... အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ် အောင်မြင်တဲ့ အခါမှာသာ ဖြစ်ပေါ်တတ်တဲ့ ဖြစ်စဥ် တစ်ခုပေါ့”
"ဒါ... ဒါဆို အဲဒါက....”
ချင်းရိုင်မှာ ကြားလိုက်ရသော စကားကြောင့် ဆွံ့အသွား၏။ ထို့ပိဟန်၏ မျက်လုံးများကိုသာ ကြောင်အစွာ စိုက်ကြည့်ရင်း သူမ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
ထို့ပိဟန်က ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... ငါတို့ရဲ့ အာရုဏ်ဦး ဧကရာဇ်လေးဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်နေခဲ့ပြီ...”
“ဒိန်း... ဒိန်း... ဒိန်း...”
ချင်းရိုင်၏ နှလုံးသားမှာ ထို့ပိဟန်၏ စကားလုံး တစ်ခုချင်းစီနှင့် အတူ စီးချက်ညီစွာ ကခုန်နေ၏။ မည်ကဲ့သို့နည်း။ သူမ၏ စိတ်က ဖြစ်နိုင်ချေများကို ငြင်းဆန်ရန် ကြိုးပမ်းနေသည်။ သို့သော်လည်း ထိုဖြစ်စဥ်၊ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် ထိုဆေးလုံးများ... အားလုံးက အမှန်တရား ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။ ဝေ့ဝူယင်မှာ အမှန်တကယ် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေခဲ့လေပြီ။
***