အခန်း (၃၅-၃၆)
Vol. 3 Ch. 35-36
စူပါ-ဖမ်း(SFS)
အခန်း ၃၅ ။ အေးချမ်းသာယာသော နေ့ရက်များ
ရှုချင်နှင့် ချင်အဖေတို့သည် နှစ်ရက်ခန့် နေထိုင်ပြီးနောက် လင်းယန်က သူတို့ကို ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ လောလောဆယ်တွင် တစ်ရွာလုံး၌ သူမှလွဲ၍ ကျန်သူများမှာ သက်ကြီးရွယ်အိုများနှင့် ကလေးများသာဖြစ်သဖြင့် သူတစ်ဦးတည်းသာ ဧည့်သည်များကို လမ်းပြပို့ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။
ချင်စုစုကိုမူ ချင်အဖေက ရွာထဲမှာပင် ချန်ထားရစ်ခဲ့လေသည်။
"မင်းက ညီလေးလင်းရဲ့ ယာဉ်မောင်းလေ၊ ငါ့ကားပေါ် ဘာလာလုပ်တာလဲ"
"အိမ်ပြန်မလို့လေ ဖေဖေရဲ့!"
"ဘာအိမ်ပြန်တာလဲ။ အလုပ်လုပ်ရင် တာဝန်ကျေရမယ်၊ အမြန်ပြန်သွားတော့"
ချင်အဖေသည် လက်ယမ်းကာ မောင်းထုတ်တော့သည်။ ချင်စုစုမှာ ကြောင်အသွားရ၏။ အိမ်ရှိပါလျက်နှင့် ပြန်လို့မရတော့ဘူးတဲ့လား။
"ညကျရင် မင်းမေမေကို ငါပြောပြလိုက်မယ်၊ အိမ်က စိတ်မပူစေရဘူး"
ချင်အဖေ ပြောပြီးသည်နှင့် ကားမောင်းကာ ထွက်ခွာသွားတော့သည်။ ချင်စုစုတစ်ယောက်တည်း လေထဲတွင် ဟာတာတာနှင့် ကျန်ရစ်ခဲ့ရ၏။
"ဒါ... ဒါ ဘယ်လိုအဖေမျိုးလဲ!"
လင်းယန်ကတော့ ဤသားအဖနှစ်ဦးကို ကြည့်ကာ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိသည်။ ချင်စုစုက လင်းယန်ကို အားကိုးတကြီးနှင့် ကြည့်လိုက်ကာ -
"သူဌေး... အခုတော့ ကျွန်မကို လက်ခံပေးဖို့ ရှင်ပဲ ရှိတော့တယ်"
"ရွာထဲက အဆက်အသွယ်ပြတ်တာကို စိတ်မရှိဘူးဆိုရင်တော့ ကျွန်တော်နဲ့ လိုက်ခဲ့လေ"
"ဘယ်လိုလုပ် စိတ်ရှိရမှာလဲ။ သွားမယ်... သွားမယ်"
ချင်စုစု၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှပေသည်။ တစ်ချိန်တည်းမှာပင် သူမသည် ဖခင်ဖြစ်သူ၏ ရည်ရွယ်ချက်ကိုလည်း ရိပ်မိသွားခဲ့သည်။ သို့သော်... လောလောဆယ်တွင် သူမသည် ယာဉ်မောင်းတစ်ဦးအဆင့်မှာပဲ ရှိနေသေးသည်။ ရှေ့တိုးရန်မှာတော့ တကယ်ကို ခက်ခဲလှပါသေးသည်။
ရွာအပြန်လမ်းတွင် လင်းယန်သည် လမ်းဖောက်လုပ်ရေး အခြေအနေကို ကြည့်လိုက်ရာ အံ့ဩသွားရသည်။ အလုပ်လုပ်နှုန်းမှာ အလွန်ပင် မြန်ဆန်လှ၏! လမ်းဆုံရှိ မြေကွက်လပ်တွင်လည်း ကုန်ကြမ်းပစ္စည်းများစွာကို ပုံထားလေပြီ။
"ဒီ ကျန်းချန် အမှတ် ၂ ဆောက်လုပ်ရေးက တကယ်ကို နာမည်ကြီး ကုမ္ပဏီပီသပါပေတယ်" လင်းယန် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
သို့သော် ယခုအရှိန်နှင့်ဆိုလျှင်ပင် လမ်းတစ်ခုလုံး ပြီးစီးရန် အနည်းဆုံး နှစ်လခန့် ကြာဦးမည် ဖြစ်သည်။
"သွားကြစို့၊ အိမ်ပြန်ရအောင်"
လမ်ဘော်ဂီနီ Urus သည် ဗွက်လမ်းထဲတွင် အရှိန်ဖြင့် မောင်းနှင်နေရာ ရေများ စင်ထွက်နေသဖြင့် ချင်စုစုမှာ အော်ဟစ်နေတော့သည်။
"ဖြည်းဖြည်းမောင်းပါ... ဖြည်းဖြည်း!"
လင်းယန်ကတော့ ကျေနပ်စွာ ရယ်မောရင်း အရှိန်ကို ပိုမြှင့်လိုက်သည်။
"အားးး!"
နားစည်ကွဲလုမတတ် အော်ဟစ်သံနှင့်အတူ ကားကိုယ်ထည်မှာ လေထဲသို့ ပျံတက်သွားကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြန်ကျလာသည်။ အားရစရာကြီး! လင်းယန်သည် လမ်းကြမ်းမောင်းနှင်ခြင်း၏ အရသာကို စတင်သိရှိသွားလေပြီ။ နောင်တွင် ဤလမ်းဟောင်းကို မဖျက်ဘဲ အပျော်တမ်း မောင်းနှင်သူများအတွက် စိန်ခေါ်မှုလမ်းအဖြစ် ချန်ထားရန်ပင် သူ စဉ်းစားလိုက်သည်။ လယ်လည်းစိုက်၊ အပျော်အပါးလည်း လုပ်လို့ရတာပေါ့!
….
ကားအရှိန်မြန်သဖြင့် မှောင်ရီမပျိုးမီမှာပင် အိမ်သို့ ပြန်ရောက်လာကြသည်။ စူးရို့ရို့က ရှောင်ဝူကို စာသင်ပေးနေသည်ကို တွေ့လိုက်ရ၏။ အမှန်အတိုင်းဆိုလျှင် ပုံပြင်ဖတ်ပြနေခြင်း ဖြစ်သည်။ ရှောင်ဝူမှာလည်း စိတ်ဝင်တစား နားထောင်နေရှာသည်။
"ဟင်းချက်တတ်လား" လင်းယန်က ချင်စုစုကို မေးလိုက်သည်။
"ရတာပေါ့ သူဌေး၊ ကျွန်မရဲ့လက်ရာကိုသာ စောင့်ကြည့်နေလိုက်"
ချင်စုစုသည် မီးဖိုချောင်ထဲသို့ ချက်ချင်းပင် တိုးဝင်သွားသည်။ အိမ်မှာနေတုန်းက သူမသည် အမျိုးသားတစ်ဦး၏စိတ်ကို ဖမ်းစားရန်အတွက် ဟင်းချက်နည်းများကို သေချာသင်ယူခဲ့ဖူးသည်။ သို့သော် မကြာမီမှာပင် သူမ ငိုချင်စိတ် ပေါက်သွားရ၏။
"ဂတ်စ်မီးဖိုက ဘယ်မှာလဲဟင်"
"ဂတ်စ်မီးဖို မရှိဘူး၊ ဟိုမှာ ထင်းတွေ ရှိတယ်လေ"
ချင်စုစုသည် ပုံထားသော ထင်းများကို ကြည့်ကာ ငိုချင်သွားတော့သည်။ ဒါကို ဘယ်လို ရှို့ရမှာလဲ။ ကံကောင်းသည်မှာ နောက်ဆုံးတွင် ရှောင်ဝူကပဲ ဝင်လုပ်ပေးလိုက်ခြင်းဖြစ်သည်။
လင်းယန်သည် အိမ်နောက်ဖေးသို့ သွားကာ ချင်အဖေ သန့်ရှင်းရေး လုပ်ပေးထားသော အခန်းများကို ကြည့်လိုက်သည်။
"စီးပွားရေးလုပ်ငန်းရှင်ပီသပါပေတယ်၊ ဖုန်သုတ်တာတောင် ဒီလောက်အထိ သေသေချာချာ လုပ်သွားတာပဲ"
"ပရိဘောဂတွေကိုလည်း ဆီသုတ်ပြီး ပြုပြင်ပေးထားတော့ အသစ်အတိုင်းပဲ" လင်းယန် အံ့ဩနေမိသည်။ သစ်သားပရိဘောဂများ၏ အားသာချက်မှာ ကောင်းမွန်စွာ ထိန်းသိမ်းလျှင် နှစ်ပေါင်းများစွာ ခံခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးမှာလည်း ခန့်မှန်း၍ပင် မရနိုင်တော့ချေ။
"ဒီပစ္စည်းတွေကို သေချာထိန်းသိမ်းရမယ်" လင်းယန်သည် ရှောင်ဝူကို ထိုပစ္စည်းများကို ထင်းအဖြစ် မရှို့ရန် သေချာမှာကြားရမည်ဟု တွေးလိုက်သည်။
လင်းယန်သည် ပျက်စီးနေသော အိမ်အချို့ကို စတင် ဖျက်ဆီးတော့သည်။ "ဒီ စန္ဒကူးနီသားတွေက အရည်အသွေး ကောင်းပေမဲ့ တော်တော်လေး လေးတာပဲ"
"ဒါပေမဲ့ ငါ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး"
စူးရို့ရို့၏ အံ့ဩနေသော အကြည့်များအောက်တွင် သူသည် ပေါင်ချိန် တစ်ထောင်ကျော် လေးသော သစ်သားတိုင်ကြီးများကို ထမ်းကာ ဟိုဟိုဒီဒီ ပြေးလွှားနေတော့သည်။ တစ်ချိန်တည်းမှာပင် ပျက်စီးနေသော အခန်းများကို မည်သို့ ပြန်ပြင်မည်ကို သူ စီစဉ်နေ၏။
စူးရို့ရို့သည် သစ်သားတိုင်ကို မ ကြည့်ရန် ကြိုးစားသော်လည်း မျက်နှာလေး နီရဲလာသည်အထိ အားစိုက်သော်လည်း မ တုန်ပေ။
"ဒါက အရမ်းလေးတာပဲ၊ ရှင်က ဘယ်လိုလုပ် ဒီလောက် ပေါ့ပေါ့ပါးပါး ထမ်းနိုင်ရတာလဲ"
"တောသားပဲလေ၊ ခွန်အား နည်းနည်း ပိုကြီးတာပေါ့"
"ဒါက နည်းနည်းကြီးတဲ့အဆင့် မဟုတ်တော့ဘူး၊ ဒီတိုင်ကြီးကို အနည်းဆုံး လူလေးယောက်လောက်မှ ထမ်းနိုင်မှာ!"
"ရှူး... ဒါက ငါတို့ကြားက လျှို့ဝှက်ချက်ပေါ့၊ အပြင်မှာ လျှောက်မပြောနဲ့ဦး"
စူးရို့ရို့ မျက်နှာလေး နီသွားရသည်။ ဒါက ဘယ်လို လျှို့ဝှက်ချက်မျိုးလဲ။
"ကျွန်မ ကူညီပေးရမလား"
"ကိရိယာလေးတွေ ကမ်းပေးရင် ရပါပြီ"
"လွှလား၊ ဒါမှမဟုတ် ပုဆိန်လား"
"ခဲတံ"
စူးရို့ရို့သည် လင်းယန်၏ လက်ထဲသို့ ခဲတံကို အပြေးလေး လာကမ်းပေးသည်။ ဝန်ခံရလျှင် စူးရို့ရို့ အပြေးလေး လာသည့်ပုံစံကို မြင်ပြီးကတည်းက လင်းယန်သည် သူမကို ခဏခဏ ပြေးခိုင်းချင်နေမိသည်။ သူမ၏ ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်မှာ ပြေးနေလျှင် တကယ့်ကို ကြည့်ကောင်းလှသည်။ အထူးသဖြင့် ကိုယ်ကျပ်အဝတ်အစားများက ပေါက်ထွက်တော့မည့်အတိုင်းပင်။
ဤအချက်က လင်းယန်ကို အလုပ်လုပ်ရာတွင် ပိုမို တက်ကြွစေသည်။ ခဲတံဖြင့် မျဉ်းဆွဲခြင်း၊ တိုင်းတာခြင်း စသည့် သစ်သားလုပ်ငန်းများမှာ လင်းယန်အတွက် ဘာမှမဟုတ်ပေ။ ရွာထဲက ဝါရင့် လက်သမားကြီးများက သူတို့၏ ပညာအားလုံးကို သူ့အား လက်ဆင့်ကမ်းခဲ့သည် မဟုတ်လား။
စူးရို့ရို့သည် ကိရိယာများ ကမ်းပေးလိုက်၊ ပစ္စည်းများ ဝိုင်းကိုင်ပေးလိုက်နှင့် ကူညီပေးနေသည်။ လင်းယန် အလုပ်လုပ်နေသည့်ပုံစံမှာ ထူးခြားသော ဟန်ချက်ညီမှုရှိပြီး လှပသော အနုပညာတစ်ခုကို ဖန်တီးနေသကဲ့သို့ သူမ ခံစားရသည်။ လက်ချင်း ထိမိသည့် အခါတိုင်း သူမသည် လျှပ်စစ်စီးသွားသကဲ့သို့ ခံစားရကာ တစ်ကိုယ်လုံး ပျော့ခွေသွားရ၏။ သို့သော် လင်းယန်ကတော့ အလုပ်ကို မရပ်မနား ဆက်လုပ်နေဆဲ ဖြစ်သည်။
မှောင်ရီမပျိုးမီမှာပင် အခန်း၏ အစိတ်အပိုင်း အတော်များများ ပြုပြင်ပြီးသွားခဲ့သည်။
"မြန်လိုက်တာ! ဘာမှ ပြင်ထားတဲ့ပုံတောင် မပေါက်ဘူး။ ဒါကတော့ ပညာပေါ့"
လင်းယန်လည်း အနည်းငယ် ဂုဏ်ယူမိသွားသည်။ ရေကန်ထဲတွင် လက်ကို ဆေးကြောလိုက်ပြီး စူးရို့ရို့၏ပခုံးပေါ်သို့ လက်တင်လိုက်ကာ -
"သွားကြစို့၊ ထမင်းစားရအောင်"
…..
နောက်ရက်များတွင် လင်းယန်သည် နေ့တိုင်း အလုပ်များနေခဲ့သည်။ အိမ်ဝင်းထဲရှိ အကျယ်ဆုံးသော အဆောင်ကြီးမှာ လုံးဝ ပြုပြင်ပြီးစီးသွားပြီ ဖြစ်သည်။ ကျွမ်းယွမ်၏ အိမ်ဟောင်းပီပီ အလယ်ခန်းမှာ ရှစ်မီတာခန့် မြင့်သဖြင့် အလွန်ပင် ကျယ်ဝန်းလှသည်။ ဘေးအခန်းများနှင့်လည်း စင်္ကြံလမ်းများဖြင့် ဆက်သွယ်ထားသော်လည်း စင်္ကြံလမ်းများကိုမူ ပြုပြင်ရန် ကျန်သေးသည်။
"ဒီအဆောင်ကြီး ပြီးသွားရင် ကျွန်တော် ဒီမှာ ပြောင်းနေလို့ ရပြီ"
အိမ်ဝင်း၏ ပြောင်းလဲမှုများကို ကြည့်ရင်း လင်းယန်မှာ ကျေနပ်မှုများ ပြည့်နှက်နေသည်။ စူးရို့ရို့နှင့်လည်း ပိုမို ရင်းနှီးလာကာ အချို့သော နီးကပ်သည့် အမူအရာများကို ကြည့်ရင်း ချင်စုစုမှာ အလွန်ပင် မနာလိုဖြစ်နေရရှာသည်။ ချင်စုစုမှာ သူမကိုယ်သူမ အိမ်က အစေခံမလေး တစ်ယောက်လို ခံစားနေရ၏။
…..
တစ်လခန့် ပြုပြင်ပြီးနောက် အလယ်အိမ်ဝင်းရှိ အဆောက်အအုံများအားလုံး ပြီးစီးသွားခဲ့သည်။ ရှေ့အိမ်ဝင်းနှင့် နောက်အိမ်ဝင်းမှ ပျက်စီးနေသော အခန်းများကိုမူ အုတ်မြစ်သာ ချန်ပြီး အကုန်ဖျက်ဆီးလိုက်သည်။
"လမ်းပေါက်သွားမှပဲ တစ်အိမ်လုံးကို အပြီးသတ် ပြန်ပြင်တော့မယ်။ အခုတော့ မုန်ညင်းတွေ ရိတ်သိမ်းရမယ့် ရာသီ ရောက်လာပြီ"
လင်းယန် မျှော်လင့်တကြီး စောင့်စားနေမိသည်။ ထိုအချိန်မှာပင် ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော စနစ်ထံမှ တာဝန်အသစ် ထွက်ပေါ်လာလေတော့သည်။
***
စူပါ-ဖမ်း(SFS)
အခန်း ၃၆ ။ ဘဏ်ဓားပြတိုက်တာထက် ပိုမြန်တဲ့ ငွေရှာနှုန်း
[Host အနေဖြင့် မုန်ညင်းခင်းကို တစ်ရက်အတွင်း အပြီးသတ်ရိတ်သိမ်းပါ။ အောင်မြင်ပါက ဆုကြေးငွေ ၁,၀၀၀,၀၀၀ ပေးအပ်မည်ဖြစ်ပြီး၊ ပြီးမြောက်မှုအဆင့်အတန်းအပေါ် မူတည်၍ အထူးဆုကြေး ပေးပါမည်။]
"အထူးဆုကြေး!"
လင်းယန်၏ မျက်လုံးများ သိသိသာသာ တောက်ပသွားသည်။ အထူးဆုကြေးဆိုသည်မှာ ကြုံတောင့်ကြုံခဲရရှိနိုင်သည့် အရာမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် တစ်စုံတစ်ရာသော အခြေအနေနှင့် ကိုက်ညီမှသာ ရရှိတတ်ပြီး ၎င်း၏တန်ဖိုးမှာ ပေးအပ်မည့် ငွေကြေးပမာဏထက်ပင် အဆပေါင်းများစွာ သာလွန်တတ်သည်။
တစ်ချိန်တည်းမှာပင် တာဝန်၏အနောက်၌ အချိန်မှတ်နာရီ တစ်ခုရှိနေသော်လည်း လောလောဆယ်တွင် အလုပ်မလုပ်သေးပေ။ လင်းယန်သည် တုံ့ဆိုင်းမနေဘဲ လယ်ယာသုံးကိရိယာများကို ပြင်ဆင်ပြီး ရွာလူကြီးအိမ်မှ နွားလှည်းကို သွားရောက်ငှားရမ်းလိုက်သည်။ မနက်ဖြန် မိုးမလင်းမီမှာပင် စတင်ရိတ်သိမ်းရန် သူ ဆုံးဖြတ်လိုက်၏။ အဓိက ရိတ်သိမ်းရမည်မှာ မုန်ညင်းစေ့များပင် ဖြစ်သည်။
နောက်တစ်နေ့ မနက် အစောကြီး ၃ နာရီမှာပင် လင်းယန်သည် လယ်ထဲသို့ ဆင်းကာ စတင်ရိတ်သိမ်းတော့သည်။
"ဒီအချိန်မှာ နှင်းရည်တွေရှိနေတော့ မုန်ညင်းစေ့တွေက မြေပေါ်ကို အလွယ်တကူ မကြွေကျနိုင်ဘူး။ မွန်းတည့်ချိန်ကျလို့ မုန်ညင်းပင်တွေ ခြောက်သွားရင်တော့ အစေ့တွေ အများကြီး လွင့်ကုန်လိမ့်မယ်"
လင်းယန်သည် အားတက်သရောနှင့် အပြင်းအထန် ရိတ်သိမ်းနေတော့သည်။
[ဒင်! Host သည် မုန်ညင်းပင် တစ်ပင်ကို ရိတ်သိမ်းပြီးပါပြီ၊ ဆုကြေးငွေ ၁၀,၀၀၀ ရရှိပါသည်။]
[ဒင်! Host သည် မုန်ညင်းပင် တစ်ပင်ကို ရိတ်သိမ်းပြီးပါပြီ၊ ဆုကြေးငွေ ၁၀,၀၀၀ ရရှိပါသည်။]
.....
စိတ်ထဲတွင် ဆက်တိုက်ထွက်ပေါ်နေသော ဆုကြေးသံများက လင်းယန်ကို ပိုမိုတက်ကြွစေသည်။ သိရမည်မှာ စနစ်၏ မူလသတ်မှတ်ထားသော ငွေကြေးမှာ အမေရိကန်ဒေါ်လာ ဖြစ်နေခြင်းပင်! အစကတော့ ဘာလို့ ဒီငွေကြေးကို သုံးတာလဲဆိုတာ သူ ဇဝေဇဝါဖြစ်ခဲ့သော်လည်း ရှုချင်နှင့် တွေ့ပြီးနောက်မှ ဤသတ်မှတ်ချက်က ဤပိုက်ဆံများသည် တရားဝင်ပြီး သန့်ရှင်းကြောင်း သက်သေပြရန် ပိုမိုလွယ်ကူစေသည်ကို သူ သတိထားမိလိုက်သည်။
ပြည်တွင်းက သူ့ပိုင်ဆိုင်မှုကို စစ်ဆေးခဲ့လျှင်ပင် နိုင်ငံတကာငွေကြေးတန်ဖိုးအဖြစ်သာ မြင်တွေ့ရမည်ဖြစ်ပြီး ပြဿနာရှာရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့်လည်း လင်းယန်မှာ ပိုမိုရိတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အားရစရာကြီး!
"ဒီငွေရှာတဲ့ အရှိန်က ဘဏ်ဓားပြတိုက်တာထက်တောင် ပိုမြန်နေပါလား"
လင်းယန် ပို၍ ကြိုးစားလုပ်ကိုင်သည်။ မွန်းတည့်ချိန်ရောက်သောအခါ တစ်ဧကကျော်ရှိသော မုန်ညင်းခင်းကြီးတစ်ခုလုံးကို သူ တစ်ယောက်တည်း အပြီးသတ် ရိတ်သိမ်းနိုင်ခဲ့လေပြီ။ ရှောင်ဝူသည် နွားလှည်းမောင်းကာ စူးရို့ရို့ နှင့် ချင်စုစု တို့ကို တင်ဆောင်ပြီး လယ်ထဲသို့ ရောက်လာသည်။
"ကိုကို... ဒါတွေအကုန် ရိတ်ပြီးသွားပြီလား။ မြန်လိုက်တာ!"
ရှောင်ဝူမှာ အံ့ဩလွန်း၍ မျက်လုံးပြူးသွားရသည်။ သူမသည် ငယ်သေးသော်လည်း ဤမျှမြန်ဆန်သောနှုန်းဖြင့် ရိတ်သိမ်းရန် မည်မျှ ခွန်အားစိုက်ရမည်ကို သိရှိသည်။ ဗဟုသုတကြွယ်ဝသော စူးရို့ရို့ပင်လျှင် မုန်ညင်းရိတ်သိမ်းသည့် မြင်ကွင်းများကို မြင်ဖူးသော်လည်း ဤမျှမြန်ဆန်သည်ကိုတော့ တစ်ခါမှ မကြုံဖူးချေ။
"တစ်မနက်တည်းနဲ့ ပြီးသွားတာလား" စူးရို့ရို့ မယုံနိုင်ဘဲ ဖြစ်နေသည်။
"ဒါက ဘာမှမဟုတ်ပါဘူး၊ ထမင်းစားပြီးရင် လှည်းပေါ်တင်ကြရအောင်။ ဒါနဲ့ စုစု... မင်းက ငါ့ရဲ့ ယာဉ်မောင်းဆိုတော့ နွားလှည်းလည်း မောင်းတတ်အောင် သင်ထားဦး!"
ချင်စုစုမှာ ငိုအားထက် ရယ်အားသန် ဖြစ်သွားရသည်။ "ယာဉ်မောင်းဆိုတာ နွားလှည်းမောင်းဖို့အတွက်လားဟင်။ ကျွန်မ တကယ် မသင်ဖူးဘူးလေ!"
"ကိစ္စမရှိဘူး၊ ရှောင်ဝူကို သင်ခိုင်းလိုက်မယ်။ ကြိုးကို မြဲမြဲကိုင်ထားရုံပဲ၊ ကားမောင်းတာထက် ပိုလွယ်တယ်"
လင်းယန်က ရယ်မောကာ ပြောလိုက်သည်။ လမ်ဘော်ဂီနီပဲဖြစ်ဖြစ်၊ နွားရှောင်ဟွမ်ပဲဖြစ်ဖြစ် နှစ်ခုစလုံးက "နွား" တံဆိပ်တွေပဲ မဟုတ်လား။ လမ်ဘော်ဂီနီတောင် မောင်းနိုင်တာ နွားလှည်းမောင်းဖို့ကတော့ ဘာမှ ပြဿနာမရှိနိုင်ပေ။
ချင်စုစုကတော့ သူမ၏ အသက်မွေးဝမ်းကျောင်းဘဝမှာ ယနေ့မှစ၍ အမှောင်ကျသွားပြီဟု ခံစားလိုက်ရသည်။ သူမ၏ ဖခင်မှာ သူမကို လင်းယန်ဆီ ရောင်းစားလိုက်ပြီလားဟုပင် တွေးမိတော့သည်။ လင်းယန်အိမ်က ရှေးဟောင်းပစ္စည်းတွေအတွက်လား။ ထိုသို့တွေးမိတိုင်း သူမ စိတ်တိုလွန်း၍ သွားကြိတ်နေမိသည်။
သို့သော် နွားကြီး၏ နှာသီးဝကို ပွတ်သပ်ကြည့်ပြီးနောက်တွင်မူ ချင်စုစုမှာ ဤအလုပ်ကို ချက်ချင်းပင် သဘောကျသွားတော့သည်။ နွားမောင်းရတာက ကားမောင်းတာထက် ပိုပျော်ဖို့ကောင်းသားပဲ။
"သူဌေး... နောက်ကျရင် နွားတွေ အများကြီး ထပ်ဝယ်ကြရအောင်နော်"
"မင်း အစာကျွေးမှာလား"
"ကျွေးမှာပေါ့!"
"ကောင်းပြီလေ၊ နောင်တမရဖို့ပဲ ဆုတောင်းလိုက်"
နွားဝယ်မည့်ကိစ္စကို လင်းယန် စိတ်ဝင်စားနေသည်မှာ ကြာလှပြီ။ လယ်စိုက်ရာတွင် အထောက်အကူဖြစ်သလို နောက်ပိုင်း အမဲသားစားချင်လျှင်လည်း အလွန်လွယ်ကူသွားမည် မဟုတ်လား။ ဘယ်နွားက ပိုကောင်းလဲ ကြည့်ပြီးမှ ရွေးသတ်စားရုံပဲ!
စနစ်ထဲတွင် မြက်မျိုးစေ့အချို့လည်း ရှိနေသေးသဖြင့် ၎င်းတို့ကို စိုက်ပျိုးကာ နွားကျွေးရန် သူ စဉ်းစားထားသည်။ နွားများ၏မျိုးရိုးဗီဇကို ပြောင်းလဲစေနိုင်မလားဆိုသည်မှာလည်း စိတ်လှုပ်ရှားစရာပင်။ "ဝါဂယူး" (Wagyu - ဂျပန်အမဲသား) ထက်ပင် ကျော်ကြားသော မျိုးစိတ်သစ်တစ်ခုကို ဖန်တီးနိုင်မလားပေါ့။ ထို့ပြင် နို့စားနွား နှစ်ကောင်လောက်လည်း ဝယ်ရဦးမည်။ ရှောင်ဝူ အမြဲတမ်း နို့လတ်လတ်ဆတ်ဆတ် သောက်ရမှ သူမ၏ ပိန်လှီသော ကိုယ်လုံးလေးမှာ ကျန်းမာသန်စွမ်းလာပေလိမ့်မည်။
ဗိုက်ဝအောင် စားပြီးနောက် ခနနားကာ အလုပ်ပြန်စကြသည်။
"ဒီမုန်ညင်းစေ့တွေကို အိမ်ဝင်းထဲမှာ နေလှန်းပြီး ခြောက်အောင် လုပ်ရမယ်။ ဒီရက်ပိုင်း မိုးမရွာဘူးဆိုတော့ နေလှန်းဖို့ အကောင်းဆုံးပဲ"
…….
လင်းယန်သည် အမျိုးသမီး သုံးဦးကိုခေါ်ကာ အားတက်သရော အလုပ်လုပ်ကြတော့သည်။ မုန်ညင်းစေ့အားလုံး အိမ်သို့ ရောက်မှသာ တာဝန်အောင်မြင်မည် မဟုတ်လား။ ကံကောင်းသည်မှာ မိုးမချုပ်မီမှာပင် နောက်ဆုံးတစ်လှည်းကို အိမ်ဝင်းထဲသို့ ချနိုင်ခဲ့သည်။ အိမ်ဝင်းက ကျယ်ဝန်းသဖြင့် အကုန်လုံး ဆံ့ပေသည်။
ထိုစဉ် စနစ်၏အသံ ထွက်ပေါ်လာ၏။
[ဂုဏ်ယူပါတယ် Host၊ မုန်ညင်းခင်းကို အပြည့်အဝ ရိတ်သိမ်းနိုင်ခဲ့သဖြင့် ဆုကြေးငွေ ၁,၀၀၀,၀၀၀ ရရှိပါသည်။]
[အထူးဆုကြေးကို ပေးအပ်ပြီးပါပြီ၊ စစ်ဆေးကြည့်ရှုနိုင်ပါပြီ။]
စိတ်လှုပ်ရှားနေသော လင်းယန်သည် နားနေစဉ်အတွင်း စနစ်ထဲရှိ ဆုကြေးအသစ်ကို ကြည့်လိုက်သည်။
"စကြဝဠာအဆင့် စိုက်ပျိုးရေးနည်းပညာ?"
"ဟင်... ဒါက ဘာကြီးလဲ"
လင်းယန် ကြောင်အသွားရသည်။ သို့သော် သူ ၎င်းကို အသုံးပြုလိုက်သောအခါတွင်မူ စိုက်ပျိုးရေးနှင့် ပတ်သက်သော ဗဟုသုတများစွာမှာ သူ၏ ဦးနှောက်ထဲသို့ တိုးဝင်လာတော့သည်။ ထိုအခိုက်အတန့်တွင် သူသည် နှစ်ပေါင်းသောင်းချီ၍ လယ်စိုက်ခဲ့သော တောင်သူကြီးတစ်ဦးကဲ့သို့ပင် သီးနှံတိုင်း၏ စိုက်ပျိုးနည်းများကို အကုန်အကျွမ်းကျင်ဆုံး ဖြစ်သွားခဲ့သည်။
ထို့ပြင်...
"ဒီနည်းပညာက စိုက်ပျိုးရေးတင်မကဘူး၊ စက်မှုနယ်ပယ်ပါ ပါဝင်နေတာလား။ စိုက်ပျိုးရေးနဲ့ ရိတ်သိမ်းရေးသုံး စက်ပစ္စည်းတွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်တယ်ပေါ့"
လင်းယန် တကယ်ပင် အံ့ဩသွားရသည်။ သူသည် ဂျာမနီနိုင်ငံမှ တောင်သူများကို သတိရသွားသည်။ စက်ပစ္စည်းသုံးနိုင်လျှင် လူအား လုံးဝမသုံးသော ထိုနိုင်ငံတွင် တောင်သူတိုင်းမှာ မြင့်မားသော ဘွဲ့ဒီဂရီများ ရှိကြသည်။ "တက္ကသိုလ်တက်နိုင်တိုင်း တောင်သူမဖြစ်နိုင်ဘူး" ဟုပင် ပြောစမှတ်ရှိကြ၏။ တောင်သူတစ်ဦးဖြစ်ရန် စိုက်ပျိုးရေးနှင့် အင်ဂျင်နီယာဘွဲ့ နှစ်ခုစလုံး ရှိမှသာ လယ်စိုက်ခွင့်ရခြင်း ဖြစ်သည်။ သူတို့မောင်းသော ထွန်စက်များမှာ Porsche ကဲ့သို့သော ဇိမ်ခံကားများထက်ပင် ပိုမို ဈေးကြီးလှပေသည်။
"အခု ငါ့ရဲ့ စိုက်ပျိုးရေး အသိဉာဏ်ကတော့ ကမ္ဘာ့အဆင့်မြင့်ဆုံး စိုက်ပျိုးရေးတက္ကသိုလ်တွေရဲ့ ဗဟုသုတထက်တောင် ကျော်လွန်နေပြီ။ ပြီးတော့ ဒီဗဟုသုတတွေထဲမှာ အာကာသထဲမှာ ဘယ်လိုစိုက်ရမလဲဆိုတဲ့ အပိုင်းတွေလည်း ပါနေပါလား... မြေမဲ့စိုက်ပျိုးနည်း၊ သမုဒ္ဒရာထဲမှာ စိုက်ပျိုးနည်း စသဖြင့် နယ်ပယ်ပေါင်းစုံပဲ"
တောင်သူတစ်ဦးဖြစ်ရန် ဤမျှအထိ များပြားသော ဗဟုသုတများ လိုအပ်သည်ကို သူ ယခုမှ သိလိုက်ရသည်။ အရင်က သူ လယ်စိုက်ခဲ့သည်မှာ တကယ်ကို ကလေးကစားသကဲ့သို့ပင်။
"အခုဆိုရင် ငါ့ကို လပေါ်မှာဖြစ်ဖြစ်၊ အင်္ဂါဂြိုဟ်ပေါ်မှာဖြစ်ဖြစ် လယ်သွားစိုက်ခိုင်းရင်တောင် ပြဿနာမရှိတော့ဘူး။ သိပ္ပံပညာရှင်တွေက လပေါ်က မြေကြီးမှာ ဟင်းရွက်စိုက်လို့ မရဘူးလို့ ပြောကြတယ်။ အဲ့ဒါ သူတို့ စိုက်နည်းမှားလို့ပဲ ဖြစ်ရမယ်။ ငါ့ကိုသာ ပေးစိုက်ကြည့်... သေချာပေါက် ပေါက်လာစေရမယ်!"
လင်းယန်တွင် အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။ အကယ်၍ သူ့ကို အာကာသထဲတွင် ပစ်ထားခဲ့မည်ဆိုလျှင်ပင် မျိုးစေ့သာရှိပါက သူ ဆာသေမည် မဟုတ်ပေ။ (အောက်ဆီဂျင်ပြတ်ပြီး သေမှာကတော့ တစ်ပိုင်းပေါ့လေ)
"စကြဝဠာအဆင့် စိုက်ပျိုးရေးနည်းပညာ" ဆိုသည်မှာ လင်းယန်အတွက်တော့ ကြီးကျယ်လွန်းလှသော်လည်း၊ ဤတောင်ကြားရွာလေးထဲမှ မြေကွက်များကို ကောင်းကောင်းစိုက်နိုင်လျှင်ပင် သူ ကျေနပ်လှပါပြီ။
နောက်ရက်များတွင် လင်းယန်သည် မုန်ညင်းစေ့များ ခြောက်အောင် စောင့်ဆိုင်းရင်း အကုန်လုံးကို သိမ်းဆည်းလိုက်သည်။ မုန်ညင်းစေ့များကို ဒီအတိုင်းသိမ်းထားရန် ခက်ခဲသဖြင့် သူသည် ဆီကြိတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် ပိုမိုကြာရှည်စွာ သိမ်းဆည်းနိုင်မည် မဟုတ်လား။
သို့သော် သူသည် ပြဿနာတစ်ခုကို ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။
"စနစ်က ထွက်လာတဲ့ မုန်ညင်းစေ့တွေက ထွက်နှုန်း တော်တော်လေး ကြောက်စရာကောင်းတာပဲ...။ တစ်ဧကကို မုန်ညင်းစေ့ ပေါင် ၁,၂၀၀ တောင် ထွက်တယ်ပေါ့။ ပုံမှန်ထွက်နှုန်းထက် သုံးဆ၊ လေးဆလောက် ပိုများနေပါလား..."
***