အခန်း (၃၉-၄၀)
Vol. 3 Ch. 39-40
စူပါ-ဖမ်း(SFS)
အခန်း ၃၉ ။ လမ်းလျှောက်ထွက်ရုံနဲ့တင် ပရိသတ်တွေ ဝိုင်းခံရတယ်
အဘိုးစူးသည် လင်းယန်ကို မနှစ်သက်ပါ။ ဒါဟာ သူ့ဗီဇအရပင် ဖြစ်ပေလိမ့်မည်။
သူ့မြေးမလေးက ထိုကောင်လေးနှင့် အလွန်နီးကပ်လွန်းနေသည်။ သူသည် ဘယ်အချိန်ကစပြီး ထိုလူကို မုန်းလာခဲ့တာများလဲ။ မြေးမလေးက "မုန်ညင်း တစ်ဧကစိုက်ရင် ခြောက်ဧကစာ ဆီထွက်တယ်" ဟု ပြောသည့်အချိန်က စခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
နားထောင်လိုက်ရုံနှင့်ပင် လိမ်ညာသူမှန်း သိသာလှသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက "ဝက်တစ်ကောင်က ဆင်တစ်ကောင်လောက် ကြီးတယ်" ဟု ကြွားလုံးထုတ်ခဲ့သည့် ခေတ်တုန်းကတည်းက သူ မယုံခဲ့ပါ။ အခုမှ လာပြောနေသည်ကို သူ ယုံပါ့မည်လော။ ဤသည်မှာ သေချာပေါက် လိမ်လည်လှည့်ဖြားမှုသာ ဖြစ်ကြောင်း အဘိုးစူး အပိုင်တွက်ထားသည်။
စူးရို့ရို့ကတော့ သူ့မျက်လုံးထဲတွင် ကလေးတစ်ယောက်သာ ဖြစ်သေး၏။
"ခဏနေရင် ငါ့သူငယ်ချင်းဟောင်းတွေ လာကြလိမ့်မယ်။ သူတို့က စိုက်ပျိုးရေးပညာရပ်မှာ ဝါရင့်ပါမောက္ခကြီးတွေပဲ၊ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်တံဆိပ်တွေတောင် ရထားကြတာ။ အဲ့ဒီအချိန်ကျရင် မင်းယူလာတဲ့ မုန်ညင်းစေ့တွေက ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာ သိရမှာပေါ့"
အဘိုးစူးသည် စူးရို့ရို့၏ ခေါင်းကို ချစ်စနိုး ပွတ်သပ်ပေးလိုက်သည်။ သိသာလှသည်မှာ ပညာရှင်ကြီးများ၏ ဩဇာအာဏာကို အသုံးပြု၍ ဤမျိုးစေ့များမှာ အတုအယောင်ဖြစ်ကြောင်း သက်သေပြလိုခြင်းပင်။ သူ့မြေးမလေးကို ဤကိစ္စထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မွန်းမသွားစေချင်တော့ပေ။
"သမီးကိုယ်တိုင် မြင်ခဲ့တာပါဆို၊ လုံးဝ အတုမဟုတ်ဘူး!" စူးရို့ရို့သည် စိတ်ကောက်ကာ ဆိုဖာပေါ်တွင် ထိုင်နေတော့သည်။
အဘိုးစူးကတော့ ခေါင်းယမ်းလိုက်မိ၏။ သူ၏ သူငယ်ချင်းကြီးများ ရောက်လာပြီး သက်သေပြလိုက်လျှင် ဤမြေးမလေးလည်း လိမ္မာသွားလိမ့်မည်ဟု သူ ယူဆထားသည်။
….
ထိုအချိန်တွင် လင်းယန်သည် ချင်စုစုနှင့်အတူ ကျန်းချန်မြို့၏ စားသောက်တန်းတွင် လျှောက်လည်နေသည်။ ဤလမ်းသည် ရှေးဟောင်းစတိုင် အဆောက်အအုံများနှင့် နာမည်ကြီး ဆိုင်ဟောင်းများ ရှိသဖြင့် ခရီးသွားများဖြင့် အလွန်စည်ကားလှသည်။ ရွာထဲတွင် အေးအေးဆေးဆေး နေသားကျနေသော လင်းယန်အတွက်မူ ဤမျှ လူရှုပ်နေခြင်းကို အနည်းငယ် အသားမကျ ဖြစ်နေမိသည်။
ချင်စုစု၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ရသည်မှာလည်း လမ်းလျှောက်ရသည်ကို မပင်ပန်းသည့်အလား။
"ကိုယ့်လူကို အဖော်ပြုပေးရမှာပေါ့လေ"
လူတွေ အရမ်းတိုးနေသဖြင့် လင်းယန်နှင့် ချင်စုစုတို့မှာ ပူးကပ်နေကြရသည်။ ချင်စုစုသည် လူအုပ်ကြားတွင် လူချင်းကွဲသွားမှာ စိုးသဖြင့် လင်းယန်၏လက်မောင်းကို မြဲမြဲဖက်ထား၏။ တစ်စုံတစ်ယောက်က ချင်စုစုကို တွန်းလိုက်သဖြင့် သူမသည် လင်းယန်၏ရင်ခွင်ထဲသို့ တန်းခနဲ ရောက်သွားရသည်။ လင်းယန်လည်း ဘာမှ မတတ်နိုင်ဘဲ မတော်တဆမှု မဖြစ်စေရန် သူမကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်ရတော့သည်။
"ခဏလောက်ပဲ ဆော့ပြီးရင် ပြန်ကြမယ်နော်"
"ဟုတ်ကဲ့... ဟုတ်ကဲ့"
ချင်စုစုက ပါးစပ်ကသာ ပြန်ဖြေနေသော်လည်း အဝေးက ရေခဲမုန့်ဆိုင်ကို မြင်သွားပြန်သည်။ "ကျွန်မ အဲ့ဒါ စားချင်တယ်!"
လင်းယန် သက်ပြင်းချလိုက်သော်လည်း နောက်ဆုံးတွင်တော့ သဘောတူလိုက်ရသည်။ ဘာလို့များ အမျိုးသမီး ယာဉ်မောင်းတစ်ယောက်ကို ငှားခဲ့မိပါလိမ့်ဟုပင် နောင်တရမိတော့သည်။ သို့သော် လုပ်စရာရှိသည်ကိုတော့ လုပ်ရမည် မဟုတ်လား။
သို့သော်... ဖုန်းကိုယ်စီကိုင်ထားသည့် မိန်းကလေးများက ဘာလို့ သူ့ကိုပဲ ဝိုင်းရိုက်နေကြတာလဲ။
သူ့အရပ်မှာ မြင့်မားပြီး ကိုယ်ဟန်မှာလည်း အလွန်တောင့်တင်းသဖြင့် လူအုပ်ကြားတွင် သိသိသာသာ ပေါ်လွင်နေခြင်း ဖြစ်သည်။ သူက အရပ်ရှည်လွန်းနေတာ မဟုတ်ဘဲ ဘေးက လူတွေက ပုနေကြတာပါ။ ထို့ပြင် သူ၏ ချောမောပြီး ရိုင်းစိုင်းသည့် အရှိန်အဝါရှိသော ရုပ်ရည်ကြောင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ သူ၏ ထူးခြားလှသော အငွေ့အသက်မှာ လူတွေ သတိမထားမိဘဲ နေရန်မှာ တကယ်ကို ခက်ခဲလှပေသည်။
"ဖရဲသီးကိုကို!"
"ဖရဲသီးကိုကို... ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်ရအောင်"
နောက်ဆုံးတော့ လူချင်း အမှတ်မိခံလိုက်ရလေပြီ။ Hot Search ဇယားမှာ အချိန်အတော်ကြာ နေရာယူခဲ့သူ မဟုတ်လား။ ဤရုပ်ရည်နှင့်တင် အမျိုးသမီး ပရိသတ်ပေါင်းများစွာကို ရရှိထားခြင်း ဖြစ်သည်။ သူ၏ ဘေးပတ်ပတ်လည်တွင် မိန်းကလေးများ ဝိုင်းလာကြပြီး ဖုန်းများဖြင့် ဝိုင်းရိုက်နေကြတော့သည်။
အများပြည်သူ စိတ်ဝင်စားခံရသူတစ်ဦးဖြစ်ရသည်မှာ မည်မျှအထိ အာရုံစိုက်ခံရသည်ကို လင်းယန် ကောင်းကောင်းကြီး သိလိုက်ရပြီ။ ဘယ်နေရာ ရို့ရို့ အကြည့်ခံနေရသည်။ ဤသည်မှာ သူ့အတွက် ဘာမှမထူးခြားသည့်အပြင် ခရီးစဉ်ကိုပါ နှောင့်နှေးစေသည်။ လူအုပ်ကြီး တိုးဝှေ့လာသဖြင့် လမ်းပင်ပိတ်ကုန်တော့သည်။
ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကို သူ ဘယ်လိုမှ တားဆီး၍ မရနိုင်တော့ချေ။ တောရွာမှာ နေရတာကမှ တကယ် အေးချမ်းတာပဲ။
"အားလုံး ကျွန်တော့်ကို ချစ်ကြတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အနုပညာရှင်လည်း မဟုတ်ဘူး၊ နာမည်ကြီး ဆယ်လီလည်း မဟုတ်ပါဘူး။ ကျွန်တော်က လယ်စိုက်တဲ့ တောင်သူတစ်ယောက်ပါ"
"လမ်းတွေကို မပိတ်ကြပါနဲ့ဦး၊ ဒါက လူတွေအတွက် အဆင်မပြေဖြစ်စေလို့ပါ"
လင်းယန်မှာ ဘာမှမတတ်နိုင်တော့ဘဲ ချင်စုစုကို ဖက်ကာ ဘေးက လူရှင်းသည့် ကွင်းပြင်တစ်ခုဆီသို့ ပြေးထွက်ခဲ့ရသည်။ ဤအမျိုးသမီး ပရိသတ်များမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ပြေးနေရင်းနှင့်ပင် သူ့ကိုယ်ပေါ်သို့ လက်များစွာက လာထိနေကြသေးသည်။ ယောကျ်ားတစ်ယောက်ဖြစ်ပါလျက်နှင့် ဤမျှအထိ အနှောင့်အယှက် ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
တကယ်ကို ရူးသွပ်လွန်းကြသည်။ အထူးသဖြင့် သူ့ကို ထိပြီးမှ ပါးစပ်ကို ပိတ်ကာ ရှက်ပြနေကြသည့် သူများမှာတော့ အလွန်ပင် လွန်လွန်းလှသည်။ ကြွက်သားတွေ နည်းနည်း ပိုရှိတာနဲ့ပဲ ဒီလောက်တောင်လား။ လင်းယန်၏ ကြွက်သားများမှာ နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ရာမှ ရရှိလာသည့် သဘာဝကြွက်သားများဖြစ်သဖြင့် အချိုးအစား ပြေပြစ်လှသလို၊ အားကစားသမားများထက်ပင် ပိုမို ခွန်အားကြီးလှပေသည်။
ကွင်းပြင်သို့ ရောက်သော်လည်း လူအုပ်ကြီးက လူစုမခွဲကြသေးပေ။
"ဖရဲသီးကိုကို... ရှင့်ရဲ့ ဖရဲသီးတွေက နာမည်ကြီးအောင် လုပ်ကြံထားတာလို့ ပြောနေကြတယ်၊ အဲ့ဒါ တကယ်လားဟင်"
"ရှင့်ရဲ့ အနက်ရောင်ဖရဲသီးတွေကို ကျွန်မတို့ ဘယ်တော့ စားရမှာလဲ"
ပရိသတ်များက မေးခွန်းပေါင်းစုံကို ဝိုင်းမေးကြတော့သည်။ လင်းယန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"လုပ်ကြံတာ မဟုတ်ပါဘူး"
"စားချင်ရင်တော့ နောက်နှစ်မှ ရပါလိမ့်မယ်"
"ရန်ကျင်းလီနဲ့က သူငယ်ချင်း သာမန်ပါပဲ"
"ဒါက ကျွန်တော့်ရဲ့ ယာဉ်မောင်းပါ"
"နတ်သမီးလေးရို့ရို့ကတော့ အိမ်ပြန်သွားပါပြီ"
"ကျောင်းမနေဖူးပေမဲ့ စာတော့ ဖတ်ပါတယ်"
"အားလုံးကို တောင်းပန်ပါတယ်၊ ကျွန်တော် အိမ်ပြန်ဖို့ ကိစ္စရှိလို့ပါ"
လင်းယန်မှာ အသံတွေကြောင့် ခေါင်းပင် ကိုက်လာရသည်။ တကယ်ကို ကြောက်စရာကောင်းလှပေသည်။ အချို့က "ကြည့်စမ်း... အပြင်က ဖရဲသီးကိုကို အစစ်ကြီးဟ" ဟုပင် အော်နေကြသေးသည်။ တကယ်ပဲ... ငါ့ကို သေသွားတဲ့သူ တစ်ယောက်လို လာပြောနေကြတာလား။
ထိုသူများထဲတွင် သူ့နာမည်ကို အသုံးချကာ နာမည်ကြီးချင်သူများလည်း ပါဝင်နေသည်ကို သူ သတိထားမိလိုက်သည်။ သူ့ဗီဒီယိုကို အွန်လိုင်းတင်ရုံနှင့် လူကြည့်များမည်ဖြစ်ရာ အမြတ်ထုတ်လိုသူများ ရှိနေခြင်းပင်။
…….
သူ လူအုပ်ကြားမှ မနည်း တိုးထွက်လာချိန်တွင်တော့ မှောင်နေလေပြီ။
"ပြန်လို့ မရတော့ဘူး" လင်းယန် ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ခရီးစဉ်တစ်ခုလုံး နှောင့်နှေးသွားခဲ့လေပြီ။
"ကျွန်မ ဗိုက်ဆာတယ်" ချင်စုစုလည်း စိတ်ညစ်နေရှာသည်။
"တည်းခိုဖို့ နေရာတစ်ခု အရင်ရှာရအောင်၊ ပြီးရင် Delivery ပဲ မှာစားကြမယ်" လင်းယန် ပြောလိုက်သည်။
ချင်စုစုမှာ အံ့ဩတကြီး ကြည့်လာကာ - "ရှင်က Delivery မှာစားတတ်တယ် ဟုတ်လား"
"ဘာလို့ အဲ့လိုမေးတာလဲ။ ငါက ရွာမှာ နေတာပဲရှိတာ၊ အရူးမှ မဟုတ်တာ"
ချင်စုစု ရှက်ပြုံးလေး ပြုံးလိုက်မိသည်။
"ရှင့်ရွာက လမ်းမပေါက်တာ တကယ်ကို ကံကောင်းတာပဲ။ မဟုတ်ရင် ရှင့်နာမည်ကို အသုံးချချင်တဲ့သူတွေ ရွာထဲမှာ ပြည့်နေမှာပဲ။ အရင်တုန်းက Ramen ဆိုင်က လူတစ်ယောက် နာမည်ကြီးတုန်းကဆိုရင် အဲ့ဒီလူ အိမ်တောင် ပြန်မကပ်နိုင်တော့ဘူးလေ"
ထိုစကားကို ကြားသောအခါ လင်းယန်၏မျက်နှာမှာ တည်ကြည်သွားရသည်။ အကယ်၍ ရွာလမ်းသာ ဖောက်ပြီးသွားလျှင် ထိုကဲ့သို့သော လူထူးလူဆန်းတွေ ရွာထဲရောက်လာပြီး ဘိုးဘွားတွေကို နှောင့်ယှက်ကြမည်လား။
"မဖြစ်ဘူး... ဒီလူတွေ ရွာထဲဝင်မလာအောင် တားဆီးဖို့ နည်းလမ်းရှာရမယ်"
အတော်ကြာ စဉ်းစားပြီးနောက် လင်းယန်သည် လမ်းတွင် ဂိတ်တားရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လမ်းကို သူကိုယ်တိုင် ပိုက်ဆံစိုက်ထုတ်ပြီး ဖောက်ထားခြင်း ဖြစ်သည်။ ဂိတ်တားပြီး လူဝင်မခံခြင်းမှာ ပြဿနာမရှိနိုင်ပေ။ သို့သော် ခရိုင်အဆင့် တာဝန်ရှိသူများက သဘောတူမည်လားတော့ မသိချေ။
သူသည် ချင်စုစုကို လှည့်မေးလိုက်သည်။
"ငါ အဲ့ဒီလမ်းမှာ ဂိတ်တားပြီး လမ်းပြင်ဆင်ခအဖြစ် အခကြေးငွေ ကောက်ချင်တယ်။ မင်းအဖေ ဒါကို ဖြေရှင်းပေးနိုင်မလား"
"ကျွန်မ မေးကြည့်ပေးမယ်" ချင်စုစု ဖုန်းဆက်လိုက်သည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင်မှ အဖြေရတော့သည်။
"ရတယ်တဲ့။ ဒါပေမဲ့ ခရိုင်မှာ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်ရမယ်၊ ပြီးတော့ အခွန်လည်း ဆောင်ရမယ်တဲ့"
"ရတယ်၊ ပြဿနာမရှိဘူး"
လင်းယန်မှာ ဘာမှ ကန့်ကွက်စရာ မရှိပါ။ ဂိတ်တားခြင်း၏ အဓိကရည်ရွယ်ချက်မှာ မရိုးသားသော ရည်ရွယ်ချက်နှင့် လာသူများကို ဟန့်တားရန်နှင့် ချင်းရှန်းရွာ၏ အေးချမ်းမှုကို ကာကွယ်ရန်သာ ဖြစ်သည်။ သူက လယ်စိုက်ရမည့်သူ ဖြစ်ရာ ဤလူများ၏ ဝိုင်းဝန်းခြင်းကို ခံနေရန် အချိန်မရှိပေ။
ထို့ပြင်... မရိုးသားသူများ လယ်ထဲလာပြီး ဖရဲသီး ခိုးသွားမည်လား ဘယ်သူ သိနိုင်ပါ့မလဲ။ ထိုအခါကျလျှင် တောသားရဲတွေထက် ထိုလူတွေက ပို၍ အန္တရာယ်ကြီးပေလိမ့်မည်။ လူမှုပတ်ဝန်းကျင် တိုးတက်လာသည်ဟု ဆိုသော်လည်း မယဉ်ကျေးသော လူအချို့မှာတော့ ရှိနေမြဲ ဖြစ်သည်။
"သူတစ်ပါးကို ဒုက္ခမပေးရဘူး၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တော့ လိုတယ်"
သူ အနားယူရန် ပြင်ဆင်နေချိန်တွင် အဘိုးစူး၏အိမ်တွင်ထားခဲ့သော မုန်ညင်းစေ့များမှာ အကြီးအကျယ် ဟိုးလေးတကျော် ဖြစ်နေပြီ ဖြစ်ကြောင်း သူ မသိလိုက်ပေ။
***
စူပါ-ဖမ်း(SFS)
အခန်း ၄၀ ။ လောင်ဝမ်၏ တုန်လှုပ်ချောက်ချားမှု
လောင်ဝမ်သည် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်ပြီး စိုက်ပျိုးရေးပညာရပ်နယ်ပယ်တွင် အလွန်ဩဇာညောင်းသူဖြစ်သည်။ သူသည် မျိုးစေ့သစ်များစွာကို ထုတ်လုပ်ပေးခဲ့သဖြင့် နိုင်ငံတော်၏ အားကိုးအားထားပြုခြင်းကို ခံရသူဖြစ်ပြီး သိပ္ပံနှင့်နည်းပညာ တိုးတက်ရေးဆုများကိုလည်း လက်မတင်နိုင်အောင် ရရှိထားသူဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်လျှင်ပင် သူ၏ဂုဏ်သိက္ခာမှာ စပါးလောက၏ ဖခင်ကြီး လောင်ယွမ်ထက် အနည်းငယ်သာ နိမ့်ကျပေလိမ့်မည်။ အင်း... အနည်းငယ်လေးသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပေါင်းစပ်စပါးဆိုသည်မှာ ပြည်သူလူထု၏ စားဝတ်နေရေးပြဿနာကို အကြီးမားဆုံး ဖြေရှင်းပေးနိုင်ခဲ့သည် မဟုတ်လား။ အခြားသော သီးနှံမျိုးစိတ်များမှာမူ ဆန်စပါးလောက် ဩဇာမကြီးမားနိုင်ချေ။
ဥပမာအားဖြင့် သူနှင့် သူ့တပည့်များ သုတေသနပြုလုပ်ထားသည့် ‘အသားတု’ ဆိုလျှင်လည်း အနာဂတ်အတွက် အလားအလာရှိသော်လည်း ထွက်နှုန်းမြင့်မားသော ဆန်စပါးလောက်တော့ လူထုအပေါ် လွှမ်းမိုးမှု မရှိသေးပေ။
"လောင်စူး... မင်းက နှစ်ပေါင်းနှစ်ရာသက်တမ်းရှိတဲ့ အရက်ကောင်းတွေကိုတောင် ထုတ်ပြီး ငါ့ကိုဖိတ်တယ်ဆိုတော့ တစ်ခုခုတော့ ရှိမှာပဲ"
"ဒီမှာ ဝမ်ရှန်း... ငါက အကြောင်းမရှိဘဲ မင်းကို အရက်မတိုက်ရဘူးလား"
လောင်ဝမ် ထိုစကားကြားသည်နှင့် ဒေါသထွက်သွားကာ - "စူးတာ့ချန်... ငါက ဒီမှာ ကလေးတွေရှိနေလို့ မင်းကို မျက်နှာနာပေးနေတာနော်"
"ဟားဟား... မနောက်တော့ပါဘူး၊ ဒါက ငါ့မြေးမလေး စူးရို့ရို့လေ"
အဘိုးစူးက အကြည့်တစ်ချက်ပေးလိုက်ရာ စူးရို့ရို့သည် ယဉ်ကျေးစွာ မတ်တတ်ရပ်လိုက်သည်။ "အဘိုးဝမ်... နေကောင်းပါရဲ့လား"
"ကောင်းပါတယ်... ကောင်းပါတယ်၊ အတော်ပဲ ငါ သုတေသနလုပ်ထားတဲ့ အသားတုတွေ ပါလာတယ်၊ အတူတူ မြည်းကြည့်ကြတာပေါ့"
"..."
စူးရို့ရို့သည် အစားပုတ်မလေး ဖြစ်သော်လည်း ဤ "အသားတု" ဆိုသည်ကိုတော့ စိတ်ထဲမှ အနည်းငယ် တွန့်ဆုတ်နေမိသည်။ အသားတုက ဘာအရသာ ရှိမှာမို့လို့လဲ။ သို့သော် တွေးကြည့်ပြန်တော့လည်း အရသာ ဘယ်လိုရှိမလဲဆိုသည်ကို စပ်စုချင်စိတ် ပေါ်လာပြန်သည်။
ထိုစဉ် အဘိုးစူးက စကားစလိုက်၏။
"ငါ ဒီနှစ် မင်းကို ဖိတ်ရတဲ့အကြောင်းရင်းက ငါ့မြေးမလေးအတွက်ပဲ။ သူမက ကောင်လေးတစ်ယောက်ရဲ့ လိမ်ညာတာကို ခံလိုက်ရတယ်လေ။ အဲ့ဒီကောင်လေးက ပြောတယ်... သူ့မှာ မျိုးစေ့အသစ်ရှိတယ်၊ တစ်ဧကစိုက်ရင် ခြောက်ဧကစာ ဆီထွက်တယ်တဲ့။ မင်းက ပညာရှင်ဆိုတော့ သူမကို ဗဟုသုတလေးတွေ ဝေမျှပေးပါဦး"
လောင်ဝမ်သည် မျက်ခုံးများ ပင့်တက်သွားကာ -
"ဒါက လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဒါတွေက ဓာတ်ခွဲခန်းထဲမှာပဲ လုပ်လို့ရတာလေ။ စိုက်ပျိုးရမယ့် အခြေအနေတွေက အရမ်းခက်ခဲတော့ လူတိုင်းစိုက်ဖို့က မဖြစ်နိုင်ဘူး။ ဟိုဘက်က ပုံထားတဲ့ မုန်ညင်းစေ့တွေက အဲ့ဒါတွေလား၊ ငါ တစ်ချက် ကြည့်ကြည့်မယ်"
လောင်ဝမ်သည် အားနာမနေပေ။ သူတို့ခေတ်က လူများမှာ ပွင့်ပွင့်လင်းလင်းနှင့် ပြတ်ပြတ်သားသား လုပ်ကိုင်တတ်ကြသဖြင့် အားနာစကားများ ပြောမနေတော့ဘဲ မျက်မှန်ကို တပ်ကာ မုန်ညင်းစေ့များကို လက်ဖြင့်ဆွဲယူ၍ သေချာကြည့်လိုက်သည်။
"အစေ့တွေက တော်တော်ကြီးတာပဲ၊ အဆံလည်း တော်တော်ပြည့်တယ်၊ ဒီလိုမျိုးစိတ်က တွေ့ရခဲတယ်"
ထို့နောက် သူက အနံ့ခံကြည့်ပြန်သည်။ "အနံ့က တကယ့်ကို စစ်မှန်တယ်၊ အရည်အသွေးက အထူးတန်းပဲ"
နောက်ဆုံးတွင် သူသည် အစေ့အချို့ကို ပါးစပ်ထဲထည့်ကာ မြည်းစမ်းကြည့်လိုက်၏။
"ဟင်? မြေနံ့စိမ်းစိမ်းလေး ပါနေပါလား၊ ဒါက ဓာတ်ခွဲခန်းထဲက ထွက်လာတာ မဟုတ်ဘူး"
သူသည် ပါးစပ်ထဲမှ အစေ့များကို ပြန်ထွေးထုတ်လိုက်ပြီး ထပ်မံ၍ သေချာစွာ စူးစမ်းပြန်သည်။
"အခုကြည့်ရသလောက်တော့ ဒီမုန်ညင်းစေ့ထဲမှာ ဆီပါဝင်မှုက အရမ်းများတယ်၊ ဆီထွက်နှုန်းကတော့ သာမန်ထက် သေချာပေါက် ပိုမြင့်မှာပဲ"
စူးရို့ရို့က ဂုဏ်ယူစွာဖြင့် - "ဒါပေါ့... သမီးကိုယ်တိုင် မြင်ခဲ့တာနော်၊ မုန်ညင်းစေ့ ပေါင် ၁၀၀ ဆိုရင် ဆီ ၅၈ ပေါင်တောင် ထွက်တာ"
လောင်ဝမ် အသက်ကို ပြင်းပြင်းရှူလိုက်မိကာ - "ကောင်မလေး... ဒီအဘိုးကြီးကို လာမလိမ်နဲ့နော်"
"မုန်ညင်းစေ့တွေ ဒီလောက်အများကြီး ရှိနေတာပဲ၊ အဘိုးဝမ် ကိုယ်တိုင် စမ်းကြည့်လို့ ရတာပဲလေ!"
အဘိုးစူးသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားရသည်။
အဲ့ဒီကောင်လေးက တကယ်ပဲ မလိမ်တာလား?
"လောင်ဝမ်... မင်း သေသေချာချာ ကြည့်ပါဦး" ဟု အဘိုးစူးက ထပ်မံ မှာကြားလိုက်သည်။
လောင်ဝမ်၏ မျက်နှာမှာ တည်ကြည်သွားကာ -
"ငါ့တပည့်တွေကို ဖုန်းဆက်လိုက်မယ်၊ ဒါတွေကို ဓာတ်ခွဲခန်းယူသွားပြီး အစီရင်ခံစာ ထုတ်ခိုင်းရမယ်။ အကယ်၍ ဒီမျိုးစေ့က တကယ်ပဲ လူတိုင်းစိုက်လို့ရမယ်ဆိုရင်တော့ မုန်ညင်းစိုက်တောင်သူတွေအတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်လာတော့မှာပဲ"
အဘိုးစူးလည်း အနည်းငယ် ထိတ်လန့်သွားရသည်။ သူ ကောင်းကောင်းသိသည်မှာ သူတို့ခေတ်က လူကြီးများမှာ လက်တွေ့ကျကျနှင့် အမှန်အတိုင်းသာ ပြောဆိုသူများ ဖြစ်ကြသည်။ လောင်ဝမ်ကတော့ ဤကိစ္စတွင် သူ့ကို လိမ်မည်မဟုတ်ပေ။
ငါ တကယ်ပဲ လူမှားကြည့်မိတာလား?
မကြာမီမှာပင် အသက် ၅၀ ကျော် ပါမောက္ခတစ်ဦး ရောက်လာကာ လူကြီးနှစ်ဦးကို နှုတ်ဆက်ပြီးနောက် မုန်ညင်းစေ့တစ်အိတ်ကို ထမ်းကာ ထွက်ခွာသွားတော့သည်။
နှစ်နာရီခန့် ကြာပြီးနောက်တွင် ဓာတ်ခွဲခန်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့သည်။
"ဆီထွက်နှုန်း ၆၂ ရာခိုင်နှုန်းအထိ ရှိတယ်!"
လောင်ဝမ်၏ မျက်မှန်မှာ မြေပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရပြီး သူ၏ လက်နှစ်ဖက်မှာလည်း တုန်ယင်နေတော့သည်။
"ဒါတင်မကဘူး... ဒါက သဘာဝအတိုင်း ထွက်လာတဲ့ သီးနှံပဲ၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အရိပ်အယောင် လုံးဝမရှိဘူး!"
လောင်ဝမ် လုံးဝ တုန်လှုပ်ချောက်ချားသွားရသည်။ "တစ်ဧက ထွက်နှုန်းက ဘယ်လောက်လဲ"
"ပေါင် တစ်ထောင်ကျော်ပါ" စူးရို့ရို့က အပြတ်ပြောလိုက်သည်။
"ဒါက သာမန်ထွက်နှုန်းထက် သုံးဆကျော် ပိုများနေတာပဲ၊ အကယ်၍ ဒါက တကယ်သာဆိုရင် ဒီကိန်းဂဏန်းက အဓိပ္ပာယ်ရှိတယ်"
နောက်ဆုံးတွင် လောင်ဝမ်သည် မယုံနိုင်သေးဟန်ဖြင့် ထပ်မံ မေးမြန်းပြန်သည်။
"ဒါက တကယ်ပဲ လယ်ထဲမှာ စိုက်လို့ ရတာလား"
"သမီးကိုယ်တိုင် ရိတ်သိမ်းတာကို ဝိုင်းကူခဲ့တာပါဆို"
"နိုင်ငံတော်အတွက် ကံကောင်းခြင်းပဲ! ဒီသီးနှံသာ ပျံ့နှံ့သွားမယ်ဆိုရင် ငါတို့နိုင်ငံက ဆီထွက်သီးနှံတွေအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရုံတင်မကဘူး၊ ပြည်ပကိုတောင် တင်ပို့နိုင်ဦးမှာပဲ! တောင်သူတွေအတွက်လည်း ဒါက သတင်းကောင်းပဲ၊ ငါတို့ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေက နိုင်ငံခြားက သီးနှံတွေကို ယှဉ်ပြိုင်နိုင်တော့မှာပေါ့"
လောင်ဝမ်သည် အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်နေတော့သည်။
"မြန်မြန်... ငါ အဲ့ဒီလယ်ကွင်းကို သွားကြည့်ချင်တယ်"
အဘိုးစူး နှုတ်ခမ်းလေး တွန့်သွားမိသည်။ သူ သိလိုက်ပြီ... သူ တကယ် လူမှားကြည့်ခဲ့လေပြီ။ ထိုကောင်လေး၏စကားမှာ အနည်းငယ် ပိုကောင်း ပိုနိုင်သော်လည်း သူက လိမ်ညာသူတော့ မဟုတ်ပေ။ ဤမုန်ညင်းစေ့များမှာ အစစ်အမှန်များ မဟုတ်လား။
သို့သော် အဘိုးစူးက ဇွတ်တင်းနေဆဲ ဖြစ်၏။
"လောင်ဝမ်... ရောက်တုန်းရောက်ခိုက် အရက်လေး ဘာလေး အရင်သောက်ကြရအောင်ပါ"
"မင်းနဲ့ အရက်သောက်ဖို့ အချိန်မရှိဘူး၊ ဒီကိစ္စက ပိုအရေးကြီးတယ်"
"နှစ်ပေါင်းနှစ်ရာသက်တမ်းရှိတဲ့ အရက်နော်..."
"မင်း အဲ့ဒါကို သိမ်းထားလိုက်ဦး၊ ဒီကိစ္စ အောင်မြင်သွားမှ ငါတို့ အောင်ပွဲခံကြတာပေါ့"
လောင်ဝမ်သည် အဘိုးစူးကို ပစ်ထားခဲ့ကာ စူးရို့ရို့ကို အားကိုးတကြီး ကြည့်လိုက်သည်။
"အဘိုးကြီးကို လိုက်ပို့ပေးနိုင်မလား"
"ရတာပေါ့"
သို့သော် စူးရို့ရို့ အိမ်ပြင်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားကာ မျက်နှာလေး ရှုံ့မဲ့သွားရသည်။
"သမီး... သွားရမယ့် လမ်းကို မေ့သွားပြီ"
အဘိုးစူး နဖူးကို လက်ဖြင့် ပွတ်လိုက်ကာ - "ဖုန်းနံပါတ် မရှိဘူးလား"
"ဪ... ဟုတ်သားပဲ"
စူးရို့ရို့သည် လင်းယန်၏ ဖုန်းကို အမြန်ခေါ်လိုက်ပြီး Speaker ဖွင့်လိုက်သည်။
တူ... တူ...
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ပြန်လည်ဖြေကြားခြင်း မရှိပါ။ ခနစောင့်ပြီးမှ ပြန်လည်ခေါ်ဆိုပါ..."
"ဖုန်းမကိုင်ဘူး"
"လိပ်စာရှိလား" လောင်ဝမ်က မနေနိုင်ဘဲ မေးလိုက်သည်။
"နောင်ခရိုင်ထဲက ချင်းရှန်းရွာတဲ့"
"အခုပဲ သွားကြမယ်!"
"မရဘူး အဘိုး၊ သူ လမ်းမပြရင် အဲ့ဒီရွာကို ဘယ်သူမှ ရှာမတွေ့နိုင်ဘူး"
"ငါ နောင်ခရိုင်က လူကြီးတွေကို ဖုန်းဆက်လိုက်မယ်၊ သူတို့ကို လိုက်ပို့ခိုင်းမယ်"
"သူတို့လည်း ချင်းရှန်းရွာ ဘယ်မှာရှိမှန်း မသိကြဘူး..."
စူးရို့ရို့၏စကားကြောင့် လောင်ဝမ်မှာ ပို၍ပင် စပ်စုချင်စိတ် ပြင်းပြလာတော့သည်။ ဒီလိုနေရာမျိုး ရှိသေးတာလား။ နာမည်သိရက်နဲ့ ရှာမတွေ့ဘူးတဲ့လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။
"အရင်ဆုံး နောင်ခရိုင်ကို သွားကြရအောင်၊ ရောက်မှပဲ ဘယ်လိုသွားမလဲဆိုတာ ဆက်စဉ်းစားတာပေါ့"
လောင်ဝမ်သည် သွားရန် ဇွတ်ဆုံးဖြတ်လိုက်ပြီး သူ၏တပည့်များကိုပါ ခေါ်လိုက်သည်။ အဘိုးစူးသည်လည်း နောက်မှ လိုက်လာခဲ့၏။
"ငါလည်း လိုက်ခဲ့မယ်၊ ရို့ရို့လေးကို စိတ်မချဘူး။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း အဲ့ဒီ တောခေါင်ခေါင်မှာ လမ်းပျောက်ပြီး သေမလို ဖြစ်ခဲ့တာလေ"
သူတို့အားလုံး ကားအထူးဖြင့် ညတွင်းချင်းပင် နောင်ခရိုင်သို့ အပြေးအလွှား သွားကြရာ၊ အိပ်ပျော်နေသော ခရိုင်လူကြီးများမှာလည်း လန့်နိုးကုန်ကြရသည်။ လူအများအပြား၏ လိုက်ပါမှုဖြင့် နောက်ဆုံးတွင် လမ်းဖောက်နေသော ဆောက်လုပ်ရေးဆိုဒ်သို့ ရောက်ရှိလာခဲ့ကြသည်။
သို့သော် သူတို့မသိသည်မှာ လင်းယန်သည် ထိုအချိန်တွင် ရွာသို့ ပြန်မရောက်သေးဘဲ ဟန်ကျိုးမြို့ရှိ ဟိုတယ်တစ်ခုတွင် အိပ်မောကျနေခြင်း ဖြစ်သည်။ ဟိုတယ်၏ပတ်ဝန်းကျင်မှာ တကယ်ကို ကောင်းမွန်လှသော်လည်း ကုတင်ကတော့ အနည်းငယ် ပျော့လွန်းနေသည်။ သူ့အိမ်က ကုတင်မာမာကိုပဲ သူ လွမ်းနေမိသည်။
လင်းယန်သည် နောက်တစ်နေ့ မနက်စောစော ရွာသို့ ပြန်ရန်အတွက် စောစောအိပ်ရာဝင်ခဲ့သည်။ ရှောင်ဝူတစ်ယောက်တည်း အိမ်မှာရှိနေသည်ကို သူ စိတ်မချနိုင်ပေ။
…
မနက်လင်းသောအခါ သူသည် ချင်စုစု၏ အခန်းတံခါးကို အကြာကြီး ခေါက်သော်လည်း ထိုကလေးမလေးမှာ နိုးမလာပေ။
"၇ နာရီတောင် ထိုးနေပြီ! ဒီလောက်အထိ အိပ်ပုတ်ကြီးနေတာလား"
လင်းယန်သည် ဧည့်ကြိုထံမှ အပိုကတ်တစ်ခု တောင်းယူကာ ချင်စုစု၏အခန်းကို ဖွင့်ဝင်လိုက်သည်။ ရွာမှာတုန်းကလည်း သူ ဤကဲ့သို့ နှိုးနေကျ မဟုတ်လား။ သို့သော် သူ အခန်းထဲသို့ ဝင်လိုက်ပြီး ကုတင်ပေါ်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါတွင်မူ ရှေ့ဆက်ရခက်၊ နောက်ဆုတ်ရခက် ဖြစ်သွားရတော့သည်။
ဒီကလေးမလေးက... ဘာလို့ အဝတ်အစားမပါဘဲ အိပ်နေရတာလဲ!?
***