အခန်း (၄၁-၄၂)
Vol. 3 Ch. 41-42
စူပါ-ဖမ်း(SFS)
အခန်း ၄၁ ။ လောင်ဝမ်၏ ဗျစ်တောက်ဗျစ်ကျည်နိုင်မှု
မြင်သင့်တာရော မမြင်သင့်တာရော အကုန်လုံး မြင်လိုက်ရပြီ။
ဤသည်က လင်းယန်ကို ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်သွားစေသည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး ပြန်ထွက်သွားရမလား? ဒါပေမဲ့လည်း အထဲကို ရောက်နေပြီပဲ...။ အင်း... နည်းနည်းလေး သေးတယ်ဆိုပေမဲ့ အသားအရေ ထိန်းသိမ်းထားတာကတော့ တကယ်ကောင်းတယ်၊ အပြစ်အနာအဆာ လုံးဝမရှိသလောက်ပဲ။ စူးရို့ရို့ရဲ့ ဇာနားလေးတွေနဲ့ မတူဘဲ၊ ဒီကလေးမလေးကတော့ ချစ်စရာကောင်းတဲ့ ပီကာချူးပုံစံလေးပါလား...။
သူ ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတုန်းမှာပဲ ချင်စုစုက တစ်ခုခုကို အာရုံခံမိသလိုမျိုး ဝေဝေဝါးဝါးနဲ့ မျက်လုံးပွင့်လာခဲ့သည်။
"ဟင်? ဒီလောက်စောစောကြီး သွားတော့မလို့လား။ ခဏလောက် ထပ်အိပ်ပါရစေဦး"
ပြောပြောဆိုဆိုနဲ့ပဲ သူမဟာ ခေါင်းကို စောင်ထဲ ပြန်တိုးဝင်သွားပြန်သည်။ လင်းယန်ခမျာ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။ ဒီလိုအခြေအနေမျိုးမှာတောင် ဆက်အိပ်ချင်နေသေးတယ်ပေါ့?
ဒါပေမဲ့ မကြာခင်မှာပဲ ချင်စုစု တစ်ခုခုမှားနေပြီဆိုတာ သတိထားမိသွားပြီး ရုတ်တရက် အော်ဟစ်ကာ ထထိုင်လိုက်တော့သည်။ သူမဟာ စောင်ကို ကိုယ်မှာ တင်းတင်းပတ်ထားရင်း -
"ရှင်... ရှင် ဘာလုပ်မလို့လဲ။ ဒီရက်ပိုင်းတော့ မရဘူးနော်!"
လင်းယန်၏ခေါင်းပေါ်တွင် ကျီးကန်းတစ်အုပ် ပျံသန်းသွားသလိုမျိုး ခံစားလိုက်ရသည်။ (အလွန်အရှက်ရပြီး အနေခက်သွားခြင်း)။
"မင်းကို နှိုးတာလေ၊ ဘာလုပ်ရမှာလဲ။ မိန်းကလေးဆိုတာ အပြင်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရတယ်၊ မင်းကတော့ တော်တော်ဟုတ်နေပြီ၊ အကုန်လုံး ဗလာကျင်းနေတာတောင် မသိဘူး"
သူသည် ချင်စုစု၏ အဝတ်အစားများကို ပစ်ပေးလိုက်ပြီး တန်းထွက်လာခဲ့သည်။
"ထလာရင် စားသောက်ခန်းမှာ လာရှာလိုက်"
မနက်စာဆိုသည်မှာ မစားဘဲ မနေသင့်သော အရာဖြစ်သည်။ မဟုတ်လျှင် ကျန်းမာရေး ထိခိုက်ပေလိမ့်မည်။ လင်းယန်မှာ ဗိုက်ဆာနေသဖြင့် အခြားအတွေးများ ဝင်မနေတော့ပေ။ ချင်စုစုကတော့ ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်ခဲ့ပြီး သူထွက်သွားသည့် ကျောပြင်ကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
ဟူး... ဘာလို့များ အခုမှ ရာသီလာတဲ့လက္ခဏာက ပေါ်လာရတာလဲ။
မဟုတ်ရင် ငါ့သူဌေးကို အပိုင်ဖမ်းလို့ ရနေပြီကို။
တကယ်ကို နှမြောစရာကောင်းလိုက်တာ။
အကြည့်ခံလိုက်ရသည့် ကိစ္စကိုတော့ သူမ သိပ်ဂရုမစိုက်ပေ။ အကယ်၍ လင်းယန်သာ ရုပ်ဆိုးလျှင်တော့ ဒါက ကာမနှောင့်ယှက်မှု ဖြစ်ပေလိမ့်မည်။ သို့သော် လင်းယန်၏ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မျိုးကိုတော့ ချင်စုစုကိုယ်တိုင်ကပင် သူ့ကို ပြန်ပြီး နှောင့်ယှက်ချင်နေမိသည် မဟုတ်လား။
အချိန်ဆွဲရင်းနှင့် ၈ နာရီထိုးမှသာ သူတို့နှစ်ဦး ခရီးစတင်နိုင်ခဲ့ကြသည်။ မတတ်နိုင်ပေ၊ ချင်စုစုဆိုသည့် ကလေးမလေးမှာ ယာဉ်မောင်းတစ်ဦးဆိုသည့် အသိစိတ် လုံးဝမရှိပေ။ ဟန်ကျိုးမြို့မှ နောင်ခရိုင်သို့ သိပ်မဝေးလှသလို အမြန်လမ်းရှိသဖြင့် ခရီးက မြန်ဆန်လှသည်။ ချင်စုစုက အမျိုးသမီးယာဉ်မောင်း ဖြစ်သော်လည်း ကားမောင်းသည်မှာ တည်ငြိမ်လှ၏။
"သူဌေး... ကျွန်မ အိမ်ခဏဝင်ချင်လို့၊ လဲမယ့် အဝတ်အစားလေးတွေ ယူချင်လို့ပါ"
"ရပါတယ်"
"သူဌေးကြီး အသက်ရာကျော် ရှည်ပါစေ!"
….
သူတို့နှစ်ဦး လမ်းမှာ ရှိနေစဉ်မှာပင် နောင်ခရိုင်တစ်ခုလုံးမှာတော့ ပွက်လောရိုက်နေလေပြီ။ လောင်ဝမ် နှင့် အဘိုးစူးတို့ ရောက်ရှိလာခြင်းက လူတိုင်းကို လန့်နိုးစေခဲ့သည်။ လူအများအပြားသည် ထိုလူကြီးနှစ်ဦးနှင့် ပတ်သက်ချင်နေကြသည်။ မျက်နှာလေး မြင်ရရုံဆိုလျှင်ပင် နောင်တစ်ချိန်တွင် အနာဂတ်အတွက် လမ်းစကောင်းများ ရနိုင်သည် မဟုတ်လား။ တိုးတက်ချင်စိတ်ရှိသူတိုင်းမှာ လူကြီးနှစ်ဦးရှေ့တွင် အမှတ်ကောင်းရရန် ဝိုင်းအုံလာကြတော့သည်။
အဘိုးစူးကမူ ဖောက်လုပ်နေသော လမ်းကိုကြည့်ကာ အံ့ဩနေမိသည်။
"တောင်ကြားရွာလေး တစ်ရွာအတွက်နဲ့ ဒီလို ဥမင်တူးစက်ကြီးတွေပါ သုံးနေတာလား။ ဒီလမ်းရဲ့ ကုန်ကျစရိတ်က တော်တော်များမှာပဲ၊ ခရိုင်ထဲမှာ ပိုက်ဆံ တော်တော်ရှိတာပဲနော်"
အဘိုးစူး၏ စကားမှာ ရွဲ့ခြင်းသာ ဖြစ်သည်။ မြင်ရုံနှင့်တင် ဤလမ်းမှာ စီးပွားရေးအရ သိပ်တန်ဖိုးမရှိမှန်း သိသာလှသည်။ စူးရို့ရို့ကတော့ နှုတ်ခမ်းလေးစူကာ -
"ဒါတွေ အကုန်လုံး သူကိုယ်တိုင် ပိုက်ဆံစိုက်ထုတ်ပြီး ဖောက်နေတာပါဆို"
အဘိုးစူးသည် မြေးမလေး ပြောသည့် "သူ" မှာ မည်သူဖြစ်ကြောင်း နားလည်သည်။
"ယွမ်သန်းပေါင်း ရာနဲ့ချီတဲ့ ကုန်ကျစရိတ်ကိုလား? အဲ့ဒီကောင်လေးက အဲ့ဒီလောက် ချမ်းသာတာလား၊ ဘာလို့ ဒီတောင်ကြားထဲမှာ လာအောင်းနေရတာလဲ"
ဤအဖြစ်အပျက်များအရ အဘိုးစူးအတွက်တော့ လင်းယန်သည် ပုစ္ဆာတစ်ပုဒ်ကဲ့သို့ပင်။ သူ လင်းယန်ကို စုံစမ်းခိုင်းခဲ့ဖူးသော်လည်း ရရှိသည့် အချက်အလက်က သိပ်မများလှပေ။ ယခုအခါ တန်ဖိုးကြီးကား စီးနိုင်ပြီး လမ်းဖောက်ရန် ပိုက်ဆံပုံအော သုံးနိုင်သည်ဆိုခြင်းက ထိုကောင်လေးမှာ တကယ့်ကို ချမ်းသာသူတစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။ ဒါပေမဲ့ တောင်ထဲမှာ လာနေတာကတော့ ဘာသဘောလဲ? နားမလည်နိုင်စရာပင်။ လယ်စိုက်ချင်ရင် ဘယ်နေရာမှာ စိုက်စိုက် ရသည် မဟုတ်လား။
သို့သော် လောင်ဝမ် တတွတ်တွတ် ချီးကျူးနေသော မုန်ညင်းစေ့များကို တွေးမိသောအခါ၊ ဤကောင်လေးသည် မကြာမီ နာမည်ကျော် သူဌေးကြီး ဖြစ်လာတော့မည်မှာ သေချာကြောင်း အဘိုးစူး ရိပ်မိလိုက်သည်။ ဤကဲ့သို့ ထွက်နှုန်းတိုးစေသည့် သီးနှံမျိုးကို ဖန်တီးနိုင်ခြင်းကပင် နိုင်ငံတော်အဆင့် ပါရမီရှင်တစ်ဦးဟု ခေါ်ဆိုရန် လုံလောက်လှပေသည်။ ဤသည်မှာ ပြည်သူလူထုအတွက် အလွန်ကြီးမားသော ကောင်းကျိုး ဖြစ်သည် မဟုတ်လား။
အင်း... ဒီကောင်လေးရဲ့ စိတ်ဓာတ်ကသာ သိပ်ပြဿနာမရှိရင် ရို့ရို့လေးကို သူ့ဆီ ပေးစားတာလည်း မဆိုးပါဘူး။
အဘိုးစူးသည် ရှေးရိုးစွဲစိတ်ရှိသော်လည်း လင်းယန်ကို စတင် အသိအမှတ်ပြုလာလေပြီ။
လောင်ဝမ်ဘက်ကို ကြည့်ပြန်တော့လည်း မနေ့ညက နှစ်နာရီသာ အိပ်ခဲ့ရပြီး၊ မိုးမလင်းမီကတည်းက နိုးကာ တောင်ထဲဝင်ရန် ဇွတ်ပူဆာနေတော့သည်။
"ကား မရောက်သေးဘူးလား။ လမ်းက ဘာလို့ ဒီလောက်ဆိုးနေရတာလဲ။ လောင်စူး... မင်း စစ်တပ်ကလူတွေ ခေါ်ပြီး လမ်းဖောက်ခိုင်းလို့ မရဘူးလား"
အဘိုးစူး မျက်စောင်းထိုးလိုက်ကာ - "ငါ အငြိမ်းစားယူတာ ကြာပြီလေ! ပြီးတော့ အများပိုင်ပစ္စည်းကို ကိုယ်ကျိုးအတွက် သုံးတာက စည်းကမ်းဖောက်ဖျက်ရာ ရောက်တယ်"
"ငါ မစောင့်နိုင်တော့ဘူးကွာ!" လောင်ဝမ်မှာ အလွန်ပင် စိတ်လှုပ်ရှားနေ၏။
အမှတ် ၂ ဆောက်လုပ်ရေးက အင်ဂျင်နီယာတွေက လမ်းကို သိကြသော်လည်း သိတာနှင့် သွားနိုင်တာက တစ်ခြားစီပင်။ သူတို့က ကိရိယာတွေနဲ့ တိုင်းတာထားတာလေ။ လမ်းကြမ်းမောင်းကားပေါ်မှာ ဒီကိရိယာတွေကို ဘယ်လိုသုံးမလဲ။ ထို့ပြင် မနေ့ညက မိုးရွာထားသဖြင့် ရှေ့တွင် မြေပြိုမှုများ ရှိနိုင်ရာ ဘယ်လောက်တော်သည့် ကားဆရာမှ ဝင်ရဲမည် မဟုတ်ပေ။
မတတ်နိုင်ပါ၊ စောင့်ရုံသာ ရှိသည်။ ဟယ်လီကော်ပတာ ရောက်လာလျှင်တော့ ကိစ္စက ပိုလွယ်သွားပေလိမ့်မည်။ လောင်ဝမ်သည် စိတ်လှုပ်ရှားလွန်းသဖြင့် အဘိုးစူးကို အပြစ်တင်နေတော့သည်။
"မင်းကြောင့်ပေါ့၊ မနေ့ကသာ မင်း အမူအရာ ကောင်းကောင်းပြခဲ့ရင် အဲ့ဒီလူငယ်လေးက ထွက်သွားမှာ မဟုတ်ဘူး။ အခုတော့ ကြည့်စမ်း၊ ငါတို့ နောက်က လိုက်လာတာတောင် လူဘယ်မှာရှိမှန်း ရှာမတွေ့တော့ဘူး"
အဘိုးစူးလည်း သည်းခံနားထောင်နေရုံသာ ရှိတော့သည်။ ပြည်သူလူထု အကျိုးအတွက်ဆိုလျှင် သူလည်း စိတ်ကို လျှော့ထားရပေမည်။ ကံကောင်းသည်မှာ ခရိုင်ဘက်က အလုပ်လုပ်တာသွက်သဖြင့် ဟယ်လီကော်ပတာတစ်စီး စီစဉ်ပေးနိုင်ခဲ့သည်။ လောင်ဝမ်မှာ မစောင့်နိုင်တော့ဘဲ အရင်ဆုံး တက်ထိုင်လိုက်ရာ အားလုံးလည်း လိုက်ပါလာကြတော့သည်။
ခန့်မှန်းခြေ ဦးတည်ချက်အတိုင်း ကောင်းကင်ပေါ်မှနေ၍ ချင်းရှန်းရွာ၏ တည်နေရာကို ရှာဖွေကြသည်။ လမ်းဖောက်နေသော အလုပ်သမားများမှာလည်း မော့ကြည့်ရင်း မှတ်ချက်ပေးနေကြ၏။
"ချင်းရှန်းရွာကတော့ တကယ့် နဂါးတစ်ကောင် ထွက်လာတော့မှာပဲဟေ့"
"ဒီလို တောခေါင်ခေါင်နေရာလေးက ဒီလောက်အထိ ဆူညံသွားမယ်လို့ ဘယ်သူ ထင်မှာလဲ"
"အဲ့ဒါ သတင်းတွေထဲက 'Zhi-20' (Z-20) ဟယ်လီကော်ပတာ မဟုတ်လား၊ မိုက်လိုက်တာကွာ၊ တစ်သက်မှာ ဒီလောက်အနီးကပ် မြင်ရမယ်လို့ မထင်ခဲ့ဘူး"
"တော်ပြီ... အဲ့ဒီလူတွေနဲ့ ငါတို့က ယှဉ်လို့မရဘူး၊ လမ်းအမြန်ပြီးအောင်ပဲ လုပ်ကြရအောင်"
…..
ကောင်းကင်မှာ ပျံတာက မြေပြင်က ပြေးတာထက် ပိုမြန်သည် မဟုတ်လား။ ဟယ်လီကော်ပတာ၏ ဟိန်းဟောက်သံကြီးက ချင်းရှန်းရွာသားများကို ဆွဲဆောင်သွားခဲ့သည်။ အဘိုးအို၊ အဘွားအို အားလုံး ကောင်းကင်ကို မော့ကြည့်နေကြ၏။
"ဟိုမှာ ပျံနေတာက ဘာကြီးလဲ၊ အသံကလည်း တော်တော်ကျယ်တာပဲ"
"မအံ့ဩပါနဲ့အေ၊ အဲ့ဒါ လေယာဉ်ပျံလေ၊ ငါ ငယ်ငယ်က စစ်တပ်ထဲမှာ နှစ်ခါ မြင်ဖူးတယ်၊ ဒါပေမဲ့ ဒါက ငါမြင်ဖူးတာထက် အများကြီး ပိုကြီးတယ်"
"မြေကြီးထဲ ရောက်ခါနီးမှပဲ ဒီပစ္စည်းကို မြင်လိုက်ရတော့တယ်"
ရွာသားများမှာ အလွန်ပင် တုန်လှုပ်နေကြသည်။ ရွာက အရမ်း အဆက်ပြတ်လွန်းသဖြင့် အပြင်လောကနှင့် ယှဉ်လျှင် ကမ္ဘာနှစ်ခုလို ဖြစ်နေသည်။ အဘိုးအိုများမှာ စာပင်မတတ်ကြသဖြင့် ဟယ်လီကော်ပတာဆိုသည်မှာ ဘာလဲဆိုသည်ကိုပင် နားမလည်ကြရှာပေ။
"ကြည့်စမ်း! အဲ့ဒီအရာကြီးက ဒီဘက်ကို ပျံလာပြီ"
"ငါတို့ကို လာတိုက်မှာ မဟုတ်ဘူးလား"
"အိမ်ထဲဝင်ပုန်းကြရင် ကောင်းမလား"
ကောင်းကင်ပေါ်တွင် လောင်ဝမ်သည် ချင်းရှန်းရွာ၏ မြင်ကွင်းတစ်ခုလုံးကို မြင်လိုက်ရသည်။ တောင်နှင့် ရေ ဝန်းရံထားကာ မီးခိုးငွေ့များ ထွက်နေသည့် အေးချမ်းလှပသော နေရာလေး ဖြစ်သည်။
"တကယ့်ကို လူစွမ်းကောင်းတွေ ထွက်ပေါ်နိုင်တဲ့ နေရာကောင်းလေးပဲ၊ ဒီလို ရှေးရိုးဟန်ပန်မျိုး အခုခေတ်မှာ ရှာမရတော့ဘူး"
အဘိုးစူးသည်လည်း ပြတင်းပေါက်မှ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ဝေးလံခေါင်သီတာကလွဲရင် ဒီနေရာရဲ့သဘာဝပတ်ဝန်းကျင်က တကယ်ကို မဆိုးဘူး"
ရွာက သေးလွန်းသဖြင့် ဟယ်လီကော်ပတာမှာ ရိတ်သိမ်းပြီးသား လယ်ကွက်ထဲတွင်သာ ဆင်းသက်လိုက်ရသည်။ အားလုံး လေယာဉ်ပေါ်မှ ဆင်းလာကြရာ ရွာလူကြီး ရန်လောင်သည် တုတ်ကောက်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ထွက်ကြိုသည်။
"အားလုံး သတိထားကြနော်၊ အခုလာတာက လူကြီးမင်းတွေပဲ"
လောင်ဝမ်သည် ရှေ့ဆုံးမှ ရွာလူကြီးကို မြင်သောအခါ အလွန်ပင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ညီလေးလင်းယန် ဘယ်မှာလဲ"
ရွာလူကြီးက ရွာသားများကို လှမ်းကြည့်လိုက်ရာ အဘိုးအိုတစ်ဦးက အော်ပြောလိုက်သည်။
"မနေ့က ထွက်သွားတာ အခုထိ ပြန်မရောက်သေးဘူး!"
"ဘာ???"
***
စူပါ-ဖမ်း(SFS)
အခန်း ၄၂ ။ ဒီမြင်းကကော အတည်ပဲလား?
ချင်းရှန်းရွာမှ ပြန်လာပြီးကတည်းက ရန်ကျင်းလီမှာ အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ သူမသည် အမြဲလိုလို ဖုန်းကိုဖွင့်ကာ လင်းယန်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေနေမိတတ်သည်။ အလုပ်လုပ်နေချိန်မှာပင် စိတ်က လွင့်ပျံသွားတတ်၏။
ဟန်ကျိုးမြို့၏ စားသောက်တန်းတွင် လင်းယန်တစ်ယောက် လူအုပ်ကြား၌ ဝိုင်းခံနေရပြီး၊ သူ့ရင်ခွင်ထဲတွင် မိန်းကလေးတစ်ဦးကို ကာကွယ်ထားသည်ကို ဖုန်းထဲ၌ မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ခါးသက်မှုကို ခံစားလိုက်ရသည်။
ရှင်က အဲ့ဒီကနေ မထွက်ချင်ဘူးဆို...
ဘာလို့ ဟန်ကျိုးကို ရောက်နေရတာလဲ။
ငါ့ဆီကိုတော့ ဖုန်းလေးတစ်ချက်တောင် ဆက်သင့်တာပေါ့။
ရန်ကျင်းလီ စိတ်မကောင်း ဖြစ်နေမိသည်။ သူမသည် ဖုန်းမျက်နှာပြင်ကို ဆက်ကြည့်နေစဉ်မှာပင် ဖုန်းဘေလ်ကုန်နေကြောင်း အသိပေးချက်တစ်ခု ရောက်လာ၏။ သူမသည် အလိုအလျောက်ပင် ဝင်ကြည့်လိုက်ရာ မက်ဆေ့ချ်များထဲတွင် ကြော်ငြာများစွာ ပြည့်နှက်နေသည်ကို တွေ့ရသည်။
"စိတ်ရှုပ်စရာကြီး"
အကုန်ဖျက်ပစ်ရန် ပြင်လိုက်စဉ်မှာပင် ကြော်ငြာများကြားထဲ၌ အမည်မသိ နံပါတ်တစ်ခုမှ ပို့ထားသော မက်ဆေ့ချ်တစ်ခုကို သူမ တွေ့လိုက်ရသည်။
[ငါ လင်းယန်ပါ၊ ဒါ ငါ့နံပါတ်။]
ရက်စွဲကို ပြန်ကြည့်လိုက်ရာ အချိန်အတန်ကြာကတည်းက ပို့ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ရန်ကျင်းလီ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိပြီး စိတ်ထဲတွင်တော့ အနည်းငယ် ပျော်သွားရသည်။ အားလပ်ချိန်လေးတွင် သူမသည် လင်းယန်ဆီသို့ ဖုန်းပြန်ဆက်လိုက်၏။
ကံကောင်းသည်မှာ ဖုန်းလိုင်းမရသည့် အသံ ထွက်မလာခဲ့ပေ။
"ရန်ကျင်းလီလား"
တစ်ဖက်မှ ထွက်လာသော အသံကြောင့် သူမ အလွန်ပင် ဝမ်းသာသွားရသည်။
"ကျွန်မမှန်း ရှင် ဘယ်လိုသိတာလဲ"
"မင်းနံပါတ်ကို ငါ မှတ်ထားတာပေါ့၊ ဘာလို့ ဖုန်းဆက်တာလဲ"
"ဟွန့်... ရှင် ဆက်သွယ်ဖို့ နံပါတ်ရပြီးတာတောင် ကျွန်မဆီ ဘာလို့ ဖုန်းမဆက်တာလဲ"
"ဆက်တယ်လေ၊ မရလို့ မက်ဆေ့ချ် ပို့ထားတာ"
"ဒီခေတ်မှာ WeChat ပဲ သုံးကြတာလေ၊ ဘယ်သူက မက်ဆေ့ချ် သုံးတော့မှာလဲ"
နှစ်ဦးသား မိနစ်နှစ်ဆယ်ခန့် စကားပြောဖြစ်ကြသည်။ နောက်ဆုံးတွင် လက်ထောက်က ရိုက်ကူးရေးစတော့မည်ဟု လာခေါ်မှသာ သူမသည် နှမြောတသစွာဖြင့် ဖုန်းချလိုက်ရတော့သည်။
ထိုအချိန်တွင် ချင်စုစုသည်လည်း အထုတ်အပိုးများ ပြင်ဆင်ပြီး ကားပေါ်သို့ တင်နေလေပြီ။
"အဖေကတော့ ရှင့်ရွာထဲကို တစ်ခါ ထပ်ပြေးသွားပြန်ပြီ ထင်တယ်။ ကြားတာတော့ အထက်က လူကြီးတွေ ရောက်နေလို့ ရှင့်ကို တွေ့ချင်နေကြတယ်တဲ့၊ ခရိုင်ကလူတွေပါ အဲ့ဒီကို အကုန် သွားနေကြတယ်"
လင်းယန် ခနစဉ်းစားကြည့်ပြီး အခြေအနေကို ရိပ်မိလိုက်သည်။
"မုန်ညင်းစေ့ကိစ္စအတွက် ဖြစ်မှာပါ၊ ထားလိုက်ပါ။ မင်း... နွားတို့ မြင်းတို့ ရောင်းတဲ့နေရာ သိလား"
"အဲ့ဒါကို ကျွန်မက ဘယ်လိုလုပ် သိမှာလဲ..."
လင်းယန် အနည်းငယ် နှမြောမိသွားသည်။ ထွန်စက်တွေကတော့ ရောင်းတာ ရှိပေမဲ့၊ ရွာထဲအထိ မောင်းသွားရင်လည်း အသုံးမဝင်ချေ။ လောင်စာဆီက မလောက်ငှပေ! အကယ်၍ နွားတစ်ကောင် သို့မဟုတ် မြင်းတစ်ကောင် မွေးထားနိုင်လျှင် လယ်ထွန်ရသည်မှာ အများကြီး ပိုလွယ်သွားပေလိမ့်မည်။ သူများဆီမှာလည်း ခဏခဏ သွားငှားနေစရာ မလိုတော့ပေ။ ရွာသားများက မငြင်းကြသော်လည်း သူကိုယ်တိုင်ကတော့ အားနာမိသည် မဟုတ်လား။
"မင်းအစ်ကို အားရင်တော့ စုံစမ်းပေးဖို့ ပြောလိုက်ပါဦး"
ချင်မိသားစုမှ ထိုလေလွင့်နေသော သားဖြစ်သူကို လင်းယန်က "ရှိတာ သုံးရမှာပဲ" ဆိုသည့် စိတ်ဖြင့် ချင်စုစုကို အကူအညီ တောင်းလိုက်ခြင်းဖြစ်သည်။ ရ၊ မရကတော့ အရေးမကြီးပါ။ အလုပ်များနေသော ချင်အဖေကိုတော့ နွားဝယ်ခိုင်း၍ မဖြစ်ဘူး မဟုတ်လား။ ၎င်းမှာ မသင့်တော်ပေ။
"ကျွန်မ မေးကြည့်လိုက်မယ်"
ချင်စုစု ချက်ချင်းပင် ဖုန်းဆက်လိုက်ရာ မကြာမီမှာပင် အဖြေရလေသည်။
"နွားရောင်းတဲ့သူကိုတော့ ကိုကိုက မသိဘူးတဲ့၊ ဒါပေမဲ့ မြင်းရောင်းတဲ့နေရာကိုတော့ သူ သိတယ်တဲ့။ လိပ်စာလည်း ပို့ပေးထားတယ်၊ ခရိုင်မြို့နဲ့ သိပ်မဝေးဘူး"
လင်းယန်၏ မျက်လုံးများ တောက်ပသွားကာ -
"သွားကြစို့၊ သွားကြည့်ရအောင်"
"ရွာမှာ လူတွေ ရှင့်ကို စောင့်နေကြမှာ မဟုတ်ဘူးလား"
"ခက်ခက်ခဲခဲ ထွက်လာရတာပဲ၊ လက်ဗလာနဲ့တော့ မပြန်နိုင်ပါဘူး"
လမ်းညွှန်အတိုင်း မောင်းနှင်လာရာ မကြာမီမှာပင် ပြောထားသည့် လိပ်စာသို့ ရောက်ရှိလာခဲ့သည်။ ကြီးမားလှသော မြင်းပြိုင်ကွင်းနှင့် ပြေးလွှားနေသော မြင်းများကြောင့် ထွက်ပေါ်လာသော ဖုန်လုံးကြီးများကို မြင်လိုက်ရသောအခါ လင်းယန် နှုတ်ခမ်းလေး တွန့်သွားရသည်။
"ဒါတွေက ပြိုင်မြင်းတွေပဲ! လယ်ထွန်တတ်မှာ မဟုတ်ဘူး!"
ချင်စုစုက ဇဝေဇဝါဖြင့် - "မြင်းဆိုတာ အတူတူပဲ မဟုတ်ဘူးလား"
လင်းယန်မှာတော့ စကားလုံး ဆွံ့အသွားရသည်။ ဘယ်လိုလုပ် အတူတူဖြစ်မှာလဲ! ပြိုင်မြင်းက အမြန်နှုန်းကို ဦးစားပေးတာလေ။ လယ်ထွန်တဲ့ မြင်းက ခံနိုင်ရည်ကို ဦးစားပေးရတာ။ ထို့ပြင် လယ်ထွန်ခြင်းဆိုသည်မှာ မြင်းကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားရခြင်းဖြစ်သည်။ ဤမြင်းကွင်းမှ မြင်းများမှာ ငယ်ငယ်ကတည်းက ပြေးရန်သာ လေ့ကျင့်ထားသဖြင့် အရွယ်ရောက်လာလျှင် လယ်ထွန်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
"တကယ်ကို အသုံးမဝင်တာပဲ"
လယ်ယာလုပ်ငန်းနှင့် အလှမ်းဝေးသော ချင်မိသားစု မောင်နှမများကို လင်းယန် ဘာမှ မတတ်နိုင်ပါ။ သူတို့က ဒါတွေကို နားလည်မည် မဟုတ်ပေ။
"ရောက်တုန်းရောက်ခိုက် အထဲဝင်ကြည့်ရအောင်လေ။ ဒီမှာ မြင်းတွေ အများကြီးပဲ၊ ရှင့်အတွက် လိုအပ်တာ ရှိနိုင်တာပဲကို"
"ဒါဆိုရင်လည်း သွားကြည့်တာပေါ့" လင်းယန် လက်ခံလိုက်ရသည်။ ဤနေရာသို့ လာရန်အတွက် အချိန်အများကြီး ပေးခဲ့ရသည် မဟုတ်လား။
"ဟာ... အထဲဝင်ဖို့ လက်မှတ်ဝယ်ရဦးမှာလား"
"ကျွန်မ ဝယ်ပေးပါ့မယ်၊ ကျွန်မ ဝယ်ပေးမယ်" ချင်စုစုက အားနာစွာဖြင့် ပြောသော်လည်း နောက်ဆုံးတွင် လင်းယန်ကသာ ပိုက်ဆံပေးလိုက်သည်။ သူ့မှာ ဤမျှလောက်သော ပိုက်ဆံတော့ မရှားပေ။
မြင်းကွင်းထဲသို့ အတန်ကြာ လျှောက်သွားသောအခါ မြင်းများစွာကို ဂရုတစိုက် ပြုစုစောင့်ရှောက်ထားသည်ကို တွေ့ရသည်။ နိုင်ငံခြားမှ တင်သွင်းလာသော အရပ်အမောင်း မြင့်မားသည့် မြင်းများစွာမှာ အလွန်ပင် တန်ဖိုးကြီးလှပုံရသည်။ အကယ်၍ ရှေးခေတ်မှာသာဆိုလျှင် "အနောက်တိုင်း နတ်မြင်း" များဟု ခေါ်ဆိုကာ လူတိုင်း လုယူကြမည့် မြင်းမျိုးများ ဖြစ်၏။ သို့သော် လင်းယန်အတွက်တော့ ဒါတွေက အဓိပ္ပာယ် မရှိပေ။ လယ်ထွန်၍ မရနိုင်သည် မဟုတ်လား!
ထိုစဉ် သူတို့ကို လာရောက် ကြိုဆိုသော အမျိုးသမီး နည်းပြမှာ အလွန်ပင် လှပကာ၊ ကိုယ်ကျပ် အဝတ်အစားများက သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို အထင်အရှား ပေါ်လွင်စေသည်။ သူမသည် ဦးထုပ်ကို ချွတ်ကာ ရွှေရောင်ဆံပင်များကို ခါယမ်းလိုက်သောအခါ တကယ့်ကို ထက်မြက်လှသော အလှလေးတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။
မြင်းစီးရသည်ကို ဝါသနာပါသူများတွင် ထူးခြားသော အရှိန်အဝါရှိတတ်ရာ ၎င်းမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။ မြင်းစီးနည်းပြဖြစ်သူ ကျန်းရွှမ်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် နာမည်ကျော် တစ်ဦးဖြစ်ပြီး၊ ချမ်းသာသော သူဌေးသားများစွာက သူမကို လိုက်နေကြခြင်း ဖြစ်သည်။
အကယ်၍ လင်းယန်သာ အလွန် ချောမောမနေလျှင်၊ သို့မဟုတ် သူ့မျက်ဝန်းထဲမှ ရိုင်းစိုင်းသည့် အရှိန်အဝါက သူမ၏ စပ်စုချင်စိတ်ကို မနှိုးဆော်ခဲ့လျှင် သူမကိုယ်တိုင် လာရောက် ကြိုဆိုမည် မဟုတ်ပေ။ (အင်း... လမ်ဘော်ဂီနီ စီးလာတာနဲ့တော့ လုံးဝ မဆိုင်ပါဘူးနော်!)
"ကြည့်ရတာ မျက်နှာစိမ်းတွေပဲ၊ ပထမဆုံးအကြိမ် လာတာလား"
"ဟုတ်ပါတယ်၊ မြင်းလာကြည့်တာပါ"
"အတော်ပဲ ကျွန်မ အားနေတယ်၊ လိုက်ပြပေးမယ်လေ"
"ဒုက္ခပေးမိပြီ"
"ဒီဘက်ကတော့ ပရော်ဖက်ရှင်နယ် ပြိုင်မြင်းတွေရဲ့ မြင်းဇောင်းပါ၊ ပြိုင်ပွဲတွေမှာ ဆုတွေ အများကြီး ရခဲ့ဖူးတယ်"
မြင်းချစ်သူတစ်ဦးဖြစ်သည့် ကျန်းရွှမ်းသည် အမျိုးသားများ၏ စိတ်ကို ကောင်းကောင်း နားလည်သည်။ ဘယ်သူက မြန်တဲ့အရာကို မကြိုက်ဘဲ နေပါ့မလဲ။ သို့သော် လင်းယန်ကတော့ မတူချေ။ သူက ခံနိုင်ရည်ရှိသည့် အရာကိုသာ ပိုနှစ်သက်သည်။
"ပြိုင်မြင်းတွေတော့ မလိုပါဘူး၊ တခြားဟာပဲ ကြည့်ရအောင်"
"ကျွန်မတို့ဆီမှာ နိုင်ငံခြားက တင်သွင်းတဲ့ သွေးသန့်မြင်းတွေလည်း အများကြီး ရှိပါတယ်"
လင်းယန် ထပ်မံ၍ လက်ယမ်းပြလိုက်ပြန်သည်။ သွေးသန့်မြင်းဆိုသည်မှာ သူ့အမြင်တွင် လူတွေကို လိမ်ညာပြီး နာမည်ကြီးအောင် လုပ်ထားသည့် အရာများသာ ဖြစ်သည်။ သွေးသန့်ဖြစ်ခြင်းက တကယ်ပဲ အဓိပ္ပာယ် ရှိလို့လား။ လူတွေက ခွေးတွေမှာ သွေးသန့်ကို ရှာကြသလိုမျိုးပါပဲ။ အမှန်စင်စစ်တော့ တခြားသူတွေကို ကြွားဖို့အတွက်ပဲ ကောင်းတာပါ။ လက်တွေ့မှာတော့ မျိုးစပ်ထားတဲ့ မြင်းတွေလောက်တောင် ကောင်းချင်မှ ကောင်းမှာပါ။
ကျန်းရွှမ်း စိတ်ထဲတွင် ပို၍ပင် ဇဝေဇဝါ ဖြစ်လာရသည်။
"ရှင် ဘယ်လိုမျိုးကို ရှာနေတာလဲဆိုတာ သိပါရစေ"
"လယ်ထွန်လို့ ရမယ့်ဟာ"
"..."
ဒါ ဆိုင်လာဖျက်တာလား!
"ကိုကိုကလည်း နောက်တာ ဝါသနာပါတာပဲ"
"ကိုကိုလို့ ခေါ်ရင်တော့ ရတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ မငယ်ဘူးနော်" (မှတ်ချက် - လင်းယန်က နှစ်ခွစကားဖြင့် စနောက်ထားခြင်း ဖြစ်သည်)
ကျန်းရွှမ်း နှုတ်ခမ်းလေး တွန့်သွားမိသည်။ လင်းယန်သည် သူမ၏စိတ်ထဲတွင် အမှတ်အသားတစ်ခုကို အသေအချာ ထားခဲ့လေပြီ။ ချင်စုစုကတော့ ဘေးကနေ ပါးစပ်ပိတ်ကာ ရယ်နေတော့သည်။ အင်း... တကယ်တော့ မငယ်တာ မှန်ပါတယ်လေ။ ဘယ်လို သိတာလဲဆိုတာတော့ မမေးပါနဲ့။
"ကျွန်မ ရှင့်ကို ပတ်ကြည့်ဖို့ လိုက်ပို့ပေးမယ်လေ"
"ရတာပေါ့"
လင်းယန်၏အကြည့်များမှာ မြင်းများစွာပေါ်တွင် ဝေ့ဝဲနေသော်လည်း သင့်တော်မည့်အရာကို ရှာမတွေ့သေးပေ။ မြင်းဇောင်းတစ်ခုထဲသို့ ရောက်သောအခါတွင်မှ သူ့အကြည့်မှာ တစ်နှစ်သားအရွယ်ရှိသော မြင်းကလေးတစ်ကောင်ပေါ်တွင် ရပ်တန့်သွားတော့သည်။
ထိုမြင်းကလေးမှာ တစ်ကိုယ်လုံး ညိုမှောင်နေသော်လည်း မြင်းခွာလေးများမှာမူ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေ၏။ ပုံစံမှာ တကယ်ကို ကောင်းမွန်လှပေသည်! အရေးကြီးဆုံးမှာ ထိုမြင်းကလေးမှာ ကြမ်းတမ်းသော အစာများကို စားနေခြင်းပင်။ ဆိုလိုသည်မှာ မွေးရလွယ်ကူမည် ဖြစ်သည်။ ထို့ပြင် အသက်ငယ်သေးသဖြင့် လှည်းဆွဲရန်အတွက် သေချာပေါက် လေ့ကျင့်ပေး၍ ရနိုင်ပေသည်။
"ဒီမြင်းကလေးကို ရောင်းမှာလား"
လင်းယန် စိတ်လှုပ်ရှားသွားလေပြီ။ နွားလောက်တော့ အားမကောင်းသော်လည်း၊ မြည်းတို့ မြင်းတို့ဆိုတာ ထွန်စက်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပေမဲ့၊ ရှိတာ သုံးရမှာပဲ မဟုတ်လား။ ထို့ပြင် ဤမြင်းကလေး၏ပုံစံမှာ တကယ်ကို လှပလွန်းနေသည်။
***