← Chapters

အခန်း (၄၅-၄၆)

Vol. 3 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 3 Ch. 45-46

စူပါ-ဖမ်း(SFS)

အခန်း ၄၅ ။ အထူးဖိတ်ကြားခံပါမောက္ခနှင့် စမ်းသပ်စိုက်ကွင်း

"ဝန်ခံလိုက်မယ်၊ ဟန်မဆောင်တော့ဘူး။

တကယ်တော့ ကျွန်တော်က စိုက်ပျိုးရေး ပါရမီရှင်တစ်ယောက်ပါ။ ဒီမုန်ညင်းစေ့တွေက ကျွန်တော်ကိုယ်တိုင် စိုက်ထုတ်ထားတာပါ။ ကျန်တဲ့ကိစ္စတွေကိုတော့ မမေးပါနဲ့။ မေးလည်း ကျွန်တော် မသိဘူး။"

အဘိုးစူးက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သော်လည်း လောင်ဝမ်၏ အကြည့်များကမူ တည်ကြည်နေသည်။ သူသည် လင်းယန်၏ မျက်ဝန်းများကို ကြည့်ကာ ဤလူငယ်မှာ မရိုးရှင်းကြောင်း ရိပ်မိလိုက်သည်။ ဤကဲ့သို့သော မုန်ညင်းမျိုးစေ့မျိုးကို ထုတ်ပေးနိုင်သူမှာ သာမန်လူ မဖြစ်နိုင်ပေ။

"ဒီမျိုးစေ့အကြောင်းကို ငါ အထက်ကို တင်ပြပေးမယ်။ နှစ်ကုန်ရင် မင်း သေချာပေါက် နိုင်ငံတော်အဆင့် သိပ္ပံနဲ့ နည်းပညာဆုတွေ ရလိမ့်မယ်။" လောင်ဝမ်က ဤမျိုးစေ့၏ အရေးပါမှုကို ရှင်းပြနေသည်။

လင်းယန်ကတော့ ပေါ့ပေါ့ပါးပါးပင် လက်ခါပြလိုက်၏။ "အဆင်ပြေသလိုသာ လုပ်ပါ။"

"နောက်တစ်ခုက ငါတို့ ချင်းရှန်းရွာနဲ့ စာချုပ်ချုပ်ချင်တယ်။ ဒီမှာ မုန်ညင်းမျိုးစေ့တွေ စိုက်ပျိုးထုတ်လုပ်ဖို့နဲ့ ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ဖို့အတွက်ပေါ့။ အဆင်ပြေပါ့မလား။"

လင်းယန် မျက်မှောင်ကြုတ်သွားသည်။

ငါ့ထမင်းအိုးကို လာလုတာလား?

ချင်းရှန်းရွာ ဘေးပတ်ပတ်လည်မှာ လယ်မြေက အကန့်အသတ်ပဲ ရှိတာလေ။ တခြားလူတွေ လာပြီး လက်ဝါးကြီးအုပ်တာကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။ ဒါတွေက ပိုက်ဆံတွေ မဟုတ်လား။

"မရဘူး။ ချင်းရှန်းရွာက လယ်မြေအားလုံးကို ကျွန်တော်ကိုယ်တိုင်ပဲ ကန်ထရိုက်ယူမှာပါ။ ခင်ဗျားတို့ တကယ်ပဲ သုတေသနလုပ်ချင်ရင် ကျွန်တော့်လယ်ကွက်ထဲမှာပဲ လာလုပ်ကြပါ။ အချက်အလက်အားလုံးကို ခင်ဗျားတို့ ကြည့်လို့ရမယ်၊ မျိုးစေ့တွေကိုလည်း ယူသွားလို့ရတယ်။"

လောင်ဝမ် ခနကြောင်သွားရသည်။

ဘာတွေကွာခြားလို့လဲဆိုတာ သူ နားမလည်နိုင်ချေ။ ဘာလို့ ရွာထဲက မြေတွေကို သူ့လက်ထဲမှာပဲ စုထားချင်ရတာလဲ၊ ဘာလို့ စမ်းသပ်စိုက်ကွင်းအတွက် သီးသန့် ချန်မပေးတာလဲ။

မဟုတ်မှ... သူတို့က ရွာထဲက လူကြီးတွေရဲ့မြေကို မတရား သိမ်းပိုက်မှာ စိုးရိမ်နေတာလား။

"ဒါဆိုရင်လည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ စမ်းသပ်စိုက်ကွင်းကိုတော့ ငါတို့လူတွေပဲ စီမံခန့်ခွဲရမယ်။"

"ရတယ်လေ။" လင်းယန် ခန စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

ဘာပဲဖြစ်ဖြစ် မြေကွက်က သူ့အမည်ပေါက်အောက်တွင် ရှိနေသရွေ့ မည်သူက လာစိုက်သည်ဖြစ်စေ နောက်ဆုံးတွင် ပိုက်ဆံက သူ့ခေါင်းပေါ်သို့သာ ရောက်လာမည် မဟုတ်လား။

"လောလောဆယ် စမ်းသပ်စိုက်ကွင်းအတွက် ဧက ၅၀ ပေးပါ၊ အဆင်ပြေမလား။ ငါတို့က ဒီမုန်ညင်းမျိုးစေ့တွေကို ပြုစုပျိုးထောင်ပြီး မျိုးစိတ်သစ်အဖြစ် ဖြန့်ဝေဖို့ ပြင်ဆင်ရမှာမို့လို့ပါ။"

သိသာလှသည်မှာ လောင်ဝမ်သည် ဤနေရာကို မျိုးစေ့ဗဟိုဌာနအဖြစ် တည်ဆောက်လိုခြင်းပင်။ မုန်ညင်းပန်းတွေ အကုန်ပွင့်ပြီး မှည့်သွားလျှင် မျိုးစေ့အဖြစ် ပြောင်းလဲကာ ရောင်းချမည်ပေါ့။ ဤသည်မှာ တကယ့်ကို ကောင်းမွန်သော လမ်းစတစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ ထုတ်ကုန်ပိုင်းအရ ကြည့်လျှင် အလွန် ပြည့်စုံလှပေသည်။

"ရပါတယ်၊ ခင်ဗျားတို့ နားမလည်တာရှိရင်လည်း ကျွန်တော့်ကို လာမေးလို့ ရပါတယ်။"

"အဲ့ဒါကတော့ ငါတို့အတွက် အကောင်းဆုံးပေါ့။

ဒါနဲ့... ငါ မင်းကို သါတို့ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ 'အထူးဖိတ်ကြားခံ ပါမောက္ခ' အဖြစ် ခန့်အပ်ချင်တယ်၊ ဒီမုန်ညင်းမျိုးစေ့ စမ်းသပ်မှုကို မင်းပဲ ဦးဆောင်ပေးပါဦး၊ ဘယ်လိုလဲ။ တက္ကသိုလ်ဘက်က သုတေသန စရိတ်တွေ ပေးမှာဖြစ်သလို၊ မင်းအတွက် လစာလည်း သီးသန့် ထုတ်ပေးပါ့မယ်။"

လင်းယန် မေးစေ့ကို ပွတ်ရင်း တွေးနေမိသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုး ရလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သို့သော် သေချာစဉ်းစားကြည့်လျှင် လောင်ဝမ်သည် ဤမျိုးစေ့မှာ နိုင်ငံအတွက် အကျိုးရှိကြောင်း ရိပ်မိသွားပြီး၊ လင်းယန်မှာလည်း ပထမဆုံး ရှာဖွေတွေ့ရှိသူဖြစ်နေသဖြင့် သူ့ကို ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်နှင့် အပိုင်တွဲထားလိုခြင်း ဖြစ်ပေလိမ့်မည်။

လင်းယန် စကားမပြောရသေးခင်မှာပင် စူးရို့ရို့က ဝမ်းသာအားရ ဖြစ်နေလေပြီ။

"အဘိုးဝမ်ကို ကျေးဇူးတင်ပါတယ်။"

လင်းယန် မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် စူးရို့ရို့က သူ့ဘေးသို့ အပြေးလေး လာကာ အသံတိုးတိုးဖြင့် -

"ဒီအထူးပါမောက္ခရာထူးက အကျိုးကျေးဇူးတွေ အများကြီးပဲ၊ ပြီးတော့ ရှင့်ကိုလည်း ဘာမှ ကန့်သတ်မထားဘူး။ အရူးတောင် ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ဘူး။"

"..."

လင်းယန်သည် စူးရို့ရို့ သူ့ကို မလိမ်မှန်းတော့ ယုံကြည်ပါသည်။

"ကောင်းပါပြီ။"

ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲ လယ်စိုက်စိုက် စိုက်နေရတာပဲလေ။ မြေတွေကလည်း အများကြီး ရှိနေသေးတာပဲ။ စနစ်က ပေးတဲ့ မျိုးစေ့တွေ စိုက်စရာမြေ မရှိမှာ စိတ်ပူစရာ မလိုတော့ပေ။

လောင်ဝမ်သည် ချက်ချင်းပင် စစ်တပ်သုံး ဆက်သွယ်ရေးစက်ဖြင့် တက္ကသိုလ်ဘက်သို့ အကြောင်းကြားလိုက်ရာ၊ စတင်လုပ်ဆောင်ရန် ရန်ပုံငွေ ယွမ် ၁၀ သန်း ချက်ချင်း အကောင့်ထဲ ရောက်လာသည့်အပြင် တက္ကသိုလ်ဘက်မှ ထူးခြားသော ကတိကဝတ်များကိုလည်း ပေးအပ်ခဲ့သည်။

"တက္ကသိုလ်က ဒီမှာ ဓာတ်ခွဲခန်း ဆောက်ပေးမယ်၊ ပြီးတော့ လျှပ်စစ်မီးနဲ့ အင်တာနက် လိုင်းတွေကိုပါ အခမဲ့ ဆက်သွယ်ပေးမှာပါ။ ရွာထဲမှာ ဖုန်းလိုင်းတာဝါတိုင်တွေလည်း ဆောက်ပေးမယ်၊ အဲ့ဒီအတွက် ကုန်ကျစရိတ်အားလုံးကို တက္ကသိုလ်ကပဲ ကျခံပါ့မယ်။ ဒါပေမဲ့ ဒီ ယွမ် ၁၀ သန်းက အလကား ပေးတာတော့ မဟုတ်ဘူးနော်။ ပထမနှစ် ထွက်လာသမျှ မုန်ညင်းစေ့အားလုံးကို တို့တက္ကသိုလ်ကပဲ အကုန် ဝယ်ယူပါ့မယ်။"

လင်းယန် တွက်ချက်ကြည့်လိုက်ရာ ဤသည်မှာ မဆိုးလှသော အရောင်းအဝယ်တစ်ခုဟု ယူဆလိုက်သည်။ ဤ ယွမ် ၁၀ သန်းထက်၊ ရွာထဲကို လျှပ်စစ်မီးနှင့် အင်တာနက် ဆက်သွယ်ပေးမည်ဆိုသော ကတိက သူ့ကို ပို၍ ဆွဲဆောင်နေသည်။ သူကိုယ်တိုင် လုပ်မည်ဆိုပါက မည်မျှအထိ အပင်ပန်းခံရမည်ကို သူ မသိနိုင်ပေ။

တစ်ခုပဲ နောင်တရမိသည်မှာ လမ်းကို စောစော ဖောက်ခဲ့မိခြင်းဖြစ်သည်။ မဟုတ်လျှင် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က ဤလမ်းကိုပါ နည်းလမ်းရှာပြီး ဖောက်ပေးလောက်ပေသည်။ သို့သော်လည်း... ဒါဆိုရင် စမ်းသပ်စိုက်ကွင်းကို တခြားနေရာ ပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်တာပေါ့။

ဖောက်ပြီးပြီပဲ ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် အခုတစ်ခေါက်တော့ တကယ်ကို မြတ်လှပေသည်။

အဘိုးစူးကတော့ ဘေးကနေ ကြည့်ရင်း မျက်လုံးတွေ ပြူးနေတော့သည်။

"ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က တကယ် ချမ်းသာတာပဲ၊ ယွမ် ၁၀ သန်းကို မျက်တောင်မခတ်ဘဲ ပေးလိုက်တာလား။"

"မင်းလည်း ကျေးဇူးတင်စကားလေး ဘာလေး ပြောရဦးမယ် မဟုတ်လား။"

လင်းယန် ပြုံးလိုက်ကာ -

"ရွာမှာ ဧည့်ခံစရာတော့ ထွေထွေထူးထူး မရှိပါဘူး။ ခင်ဗျားတို့ အားလုံး ကျွန်တော့်အိမ်မှာပဲ ထမင်းတစ်နပ်လောက် စားသွားကြမလား။"

"အဲ့ဒါကတော့ အကောင်းဆုံးပေါ့။" လောင်ဝမ်မှာ အလွန်ပင် ပျော်ရွှင်နေ၏။ သူသည် လင်းယန်ကို မိမိဘက်ပါအောင် သိမ်းသွင်းနိုင်ခဲ့ပြီဟု ထင်မှတ်နေသည်။ သူသည် အဘိုးစူးကိုပင် ကျေးဇူးတင်မိသေးသည်။ အကယ်၍ အဘိုးစူးက အရက်သောက်ဖို့ မခေါ်ခဲ့လျှင် ဤကဲ့သို့သော သတင်းကောင်းမျိုးနှင့် ဆုံတွေ့ရမည် မဟုတ်လား။

ထွက်နှုန်းကောင်းသော မုန်ညင်းမျိုးစေ့က လင်းယန်အတွက် ကျော်ကြားမှုကို ယူဆောင်လာပေးမည် ဖြစ်သော်လည်း၊ ၎င်းကို ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သဖြင့် သူတို့လည်း ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိကြမည်ဖြစ်သည်။ ဤမျိုးစေ့သာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားလျှင် သမိုင်းတွင်မည့် ကိစ္စကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ လောင်ဝမ် ကိုယ်တိုင်လည်း နာမည်ကျန်ရစ်ခဲ့မည် မဟုတ်လား။

"လောင်စူး... မင်းရဲ့ နှစ်ပေါင်းနှစ်ရာသက်တမ်းရှိတဲ့ အရက်ကို ယူလာခဲ့စမ်းပါ၊ ဒီနေ့တော့ အောင်ပွဲခံရမယ်။"

"နည်းနည်း ဝေးတယ်နော်။"

"ဘာကြောက်စရာ ရှိလဲ၊ ဟိုမှာ ဟယ်လီကော်ပတာ ရှိနေတာပဲ၊ သုံးရမှာပေါ့။"

ထို့ကြောင့် လူတိုင်း အံ့ဩနေသော အကြည့်များကြားမှ ဟယ်လီကော်ပတာကြီးသည် ကောင်းကင်သို့ ပျံတက်သွားကာ ဟန်ကျိုးမြို့သို့ အရက်သွားယူလေတော့သည်။

အဘိုးစူးလည်း နှမြောမနေတော့ဘဲ လင်းယန်၏ဘေးသို့ လျှောက်လာကာ သူ့ပခုံးကို ပုတ်လိုက်သည်။

"တော်တယ် ကောင်လေး၊ ငါ လောင်စူးတောင် လူမှားကြည့်မိသွားတယ်ပေါ့။ ဒီနေ့တော့ မင်းကို တောင်းပန်ပါတယ်ကွာ။"

လင်းယန်သည် အဘိုးစူး၏လက်မောင်းကို ဖမ်းကိုင်လိုက်ရင်း အံ့ဩသွားရသည်။ စူးရို့ရို့၏အဘိုးမှာ ဤမျှအထိ ပွင့်လင်းရိုးသားသူ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လူငယ်တစ်ယောက်ကို လူအများရှေ့တွင် ဝန်ခံတောင်းပန်ခြင်းမှာ တကယ့်ကို ကြီးကျယ်သော စိတ်ထားပင် ဖြစ်သည်။ အရင်က ဖြစ်ခဲ့သည်များမှာလည်း ကိစ္စအသေးအမွှားများသာ ဖြစ်သည်မဟုတ်လား။ ထို့ပြင် သူတို့ကို ဤနေရာတွင် တစ်ရက်နီးပါး စောင့်ခိုင်းထားခဲ့သည်ဆိုတော့ မနေ့က ကိစ္စကို သူ အားနာမိပါသည်။

"အဘိုးက ရို့ရို့ရဲ့အဘိုးပဲလေ၊ ကျွန်တော်လည်း ရှင်းအောင် မပြောခဲ့မိတာပါ။ ဒီလိုလုပ်ဖို့ မလိုပါဘူး။"

"ဟားဟား... မင်း မကျေမနပ် မဖြစ်ရင် ပြီးတာပါပဲ။ နောင်ကျရင် ရို့ရို့က မင်းနဲ့ အတူရှိနေမယ်ဆိုရင်လည်း ငါ အဘိုးကြီးက လုံးဝ မကန့်ကွက်ဘူးနော်။"

အဘိုးစူးက အားရပါးရ ရယ်မောလိုက်ရာ စူးရို့ရို့မှာ မျက်နှာလေး နီရဲသွားပြီး လင်းယန်၏အနောက်သို့ ဝင်ပုန်းနေတော့သည်။

ထို့နောက်တွင် အားလုံး လင်းယန်၏ အိမ်ဝင်းထဲ၌ ထိုင်လိုက်ကြသည်။ ရှောင်ဝူ နှင့် ချင်စုစုတို့မှာ မီးဖိုချောင်ထဲတွင် ဟင်းချက်နေကြ၏။ စူးရို့ရို့လည်း အနောက်မှ လိုက်သွားသည်။ ဟင်းချက်တတ်၊ မတတ်ကတော့ တစ်ပိုင်းပေါ့၊ ဒါပေမဲ့ ဤနေရာမှာ ဆက်နေဖို့တော့ သူမ ရှက်နေရှာသည်။

ရွာလူကြီး ရန်လောင်က ဘေးမှ အဖော်ပြုပေးနေပြီး၊ ထိုအချိန်တွင် ချင်အဖေမှာ ရုတ်တရက် ပေါ်လာကာ ဟိုဘက်ဒီဘက် ဝင်ရောက်နှုတ်ဆက်နေတော့သည်။ သူ၏ မြှောက်ပင့်နေသော မျက်နှာပေးကို ကြည့်ကာ လင်းယန်ပင် အံ့ဩသွားရ၏။ တစ်ခရိုင်လုံးမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါလျက်နှင့် သိက္ခာလေး ဘာလေး မရှိတော့ဘူးလား။

သို့သော် ချင်အဖေသည် လူကြီးနှစ်ဦးနှင့် ရင်းနှီးမှုရရန် ကြိုးစားရင်း လင်းယန်ကိုပါ တိုက်ရိုက် ရောင်းစားလိုက်လေတော့သည်။

"အဘိုးစူးနဲ့ အဘိုးဝမ်တို့ကို ကျွန်တော် ပြောပြမယ်... ဒီကောင်လေးရဲ့ မုန်ညင်းစေ့တွေက ကြည့်ရတာတော့ တော်တော်ဟုတ်နေတယ်ဆိုပေမဲ့ ဒါက ထွက်နှုန်းကောင်းရုံပဲ ရှိတာပါ။

ဒီကောင်လေး စိုက်တဲ့ ဖရဲသီးကမှ တကယ့်ကို ဘဝမှာ တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အဖိုးတန်ပစ္စည်း။ အဲ့ဒီအရသာကတော့ လူ့ပြည်မှာ ရှာရခက်တဲ့ အရာပဲ။"

***

စူပါ-ဖမ်း(SFS)

အခန်း ၄၆ ။ အခမဲ့လုပ်အားရှင်များ

ချင်အဖေ၏ အတင်းအဓမ္မ တိုက်တွန်းမှုကြောင့် လင်းယန်သည် နောက်ဆုံးတွင် လက်ကျန်ဖရဲသီးများကို ထုတ်ကျွေးလိုက်ရတော့သည်။ အိမ်တွင်လည်း ဖရဲသီးက အများကြီး မကျန်တော့ပေ။

လောင်ဝမ်သည် ဤအနက်ရောင်ဖရဲသီးကို မြင်သောအခါ အစကတော့ သိပ်ဂရုမစိုက်ပါ။ အခွံမည်းတာက သာမန်ဖရဲသီးထက် ဈေးနည်းနည်း ပိုတာကလွဲလို့ ထူးခြားမှာမဟုတ်ဘူးဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မြည်းစမ်းကြည့်လိုက်သောအခါတွင်မူ သူ၏မျက်လုံးများ တောက်ပသွားတော့သည်။

"ဟင်! ဘယ်လိုလုပ် ဒီလောက် စားကောင်းနေရတာလဲ"

လောင်ဝမ်သည် အရသာကို အသေသေချာချာ ခံစားနေပြီး ထွေးထုတ်လိုက်သော ဖရဲသီးစေ့များကိုပင် ပစ်ရန် နှမြောနေမိသည်။

"ဒီဖရဲသီးက မရိုးရှင်းဘူး၊ ဒီလိုမျိုးစိတ်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ အရသာက တကယ်ကို ထူးကဲလွန်းတယ်။ ငါ အပိုင်းအစတစ်ခုလောက် ဓာတ်ခွဲစစ်ဆေးကြည့်မှဖြစ်မယ်"

လောင်ဝမ် ပြောပြောဆိုဆိုနှင့်ပင် ဖရဲသီးတစ်စိတ်ကို သူ့တပည့်ဖြစ်သူထံ ကမ်းပေးလိုက်သည်။ အသက် ၅၀ ကျော် ပါမောက္ခကြီးမှာလည်း ချက်ချင်းပင် နမူနာများ ရယူကာ အိတ်ထဲထည့်တော့သည်။

အဘိုးစူးလည်း စားကြည့်ပြီးနောက် မျက်လုံးများ တောက်ပလာကာ -

"ဒီဖရဲသီးက တကယ်ကို မဆိုးဘူးပဲ"

အဘိုးစူးသည် အသက်ကြီးလာသဖြင့် အစားအသောက် သိပ်မဝင်တော့ချေ။ ဤသည်မှာ သက်ကြီးရွယ်အို အများစု၏ ဝေဒနာပင် ဖြစ်သည်။ သို့သော် ဤဖရဲသီးကို တစ်လုပ် မြည်းစမ်းကြည့်ပြီးနောက်တွင်မူ သူ မရပ်နိုင်တော့ပေ။ တကယ်ကို အရသာရှိလွန်းလှသည်။ စားလေ စားချင်လေ ဖြစ်နေသဖြင့် သူ၏ အစားစားချင်စိတ်ပင် ပြန်ပွင့်လာတော့သည်။

ကြီးမားလှသော ဖရဲသီးကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ကြား၌ ပြောင်သလင်းခါသွားတော့သည်။

"ရှိသေးလား"

အဘိုးစူး နှုတ်ခမ်းသုတ်ရင်း အားမရသေးဟန်ဖြင့် မေးလိုက်သည်။

လင်းယန်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ ဘယ်လိုလုပ်ရပါ့မလဲ။ ဒါက အလကားလာစားနေကြတာလေ။ ချင်အဖေကတော့ လူကြီးပီပီ စည်းကမ်းနားလည်သည်။

"စိတ်ချပါ၊ အလကား မစားပါဘူး၊ ငါ ပိုက်ဆံပေးဝယ်မယ်၊ မင်းသာ ထုတ်ခဲ့စမ်းပါ"

လင်းယန် ခေါင်းယမ်းလိုက်သည်။ ဤသည်မှာ ပိုက်ဆံပြဿနာ မဟုတ်ပေ။ အမှန်တကယ်ပင် မရှိတော့ခြင်းဖြစ်သည်။ သူကိုယ်တိုင် စားဖို့တောင် ချန်ထားရဦးမည် မဟုတ်လား။

"နောက်ဆုံးတစ်လုံးပဲ ရှိတော့တယ်"

လင်းယန် ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အလုံးအသေးလေး တစ်လုံးကို ထပ်ထုတ်ပေးလိုက်သည်။

လူကြီးနှစ်ဦးမှာတော့ အားရပါးရ စားနေကြသည်။ ပုံမှန်ဆိုလျှင် ဖရဲသီး အလွန်ကြိုက်သော ချင်အဖေမှာမူ ယခုတစ်ခေါက်တွင် တည်ငြိမ်နေ၏။ သိသာလှသည်မှာ လူကြီးနှစ်ဦး၏ ရှေ့တွင် အမှတ်ကောင်းရရန် ကြိုးစားနေခြင်းပင်။

လောင်ဝမ်က စားရင်းနှင့် မေးလိုက်သည်။

"ဒီဖရဲသီးမျိုးစိတ်က တကယ် ထူးခြားတယ်၊ မျိုးစေ့ရှိလား”

"ဖရဲသီးစေ့ကိုပဲ တိုက်ရိုက် စိုက်လို့ ရပါတယ်"

"မျိုးစေ့တွေကို သေချာ သိမ်းထားပါဦး၊ နောက်နှစ်ကျရင် စမ်းသပ်စိုက်ကွင်းထဲမှာ နှစ်ဧကလောက် စမ်းစိုက်ကြည့်ရအောင်"

လင်းယန် ခေါင်းယမ်းလိုက်ကာ -

"ဒီဖရဲသီးက စိုက်ပျိုးရတဲ့ အခြေအနေတွေ နည်းနည်း ခက်ခဲတယ်"

"ကိစ္စမရှိဘူး၊ တက္ကသိုလ်ကနေ ရန်ပုံငွေ ချပေးခိုင်းလိုက်မယ်၊ ယွမ်ငါးသန်းဆိုရင် လောက်မလား"

လင်းယန် နှုတ်ခမ်းလေး တွန့်သွားမိသည်။ ပညာရေးလောကက လူတွေက တကယ် ချမ်းသာကြတာပဲ! စကားစမြည် ပြောရင်းနှင့်မှ လင်းယန် သိလိုက်ရသည်မှာ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်သည် နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ် သုံးခုစာရင်းဝင်ရုံတင်မကဘဲ၊ ပိုက်ဆံလည်း အရမ်းချမ်းသာသလို မြေယာတွေလည်း အများကြီး ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် စမ်းသပ်စိုက်ကွင်းများစွာ ရှိပြီး မျိုးစိတ်သစ်များ ပြုပြင်ရန်အတွက် နိုင်ငံတော်ကလည်း နှစ်စဉ် ရန်ပုံငွေ အမြောက်အမြား ပေးအပ်နေသည်။

စားသောက်ခြင်းကို အလေးထားသော နိုင်ငံဖြစ်သဖြင့် မြေကြီးက ထွက်လာသမျှ အရာတိုင်းကို အလေးအနက် ထားကြခြင်း ဖြစ်သည်။ လယ်စိုက်ခြင်းဆိုသည်မှာ သူတို့၏ သွေးသားထဲက DNA ပင် ဖြစ်တော့သည်။ မဟုတ်လျှင် လပေါ်က မြေကြီးကို သယ်လာနိုင်သည့်အချိန်မှာ အရင်ဆုံး သုတေသနလုပ်တာက ဟင်းရွက်စိုက်လို့ ရ၊ မရ ဆိုတာမျိုး ဖြစ်ပါ့မလား...။ ကမ္ဘာပေါ်မှာ ဒါမျိုး သုတေသနလုပ်တာ ဒီနိုင်ငံတစ်ခုတည်းပဲ ရှိလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်၏ ထောက်ခံမှုကို ရရှိထားသဖြင့် လင်းယန်အတွက် နောင်တွင် လယ်စိုက်ရသည်မှာ ပို၍ လွယ်ကူသွားတော့မည် ဖြစ်သည်။

အားလုံး စားသောက်ပြီးနောက် လင်းယန်သည် လောင်ဝမ်၊ အဘိုးစူးတို့နှင့် အသက်အရွယ်မရွေး ခင်မင်သွားကြသည့် သူငယ်ချင်းများ ဖြစ်သွားကြသည်။ သို့သော်... နှစ်ပေါင်းနှစ်ရာ သက်တမ်းရှိသည့် အရက်ကတော့ တော်တော်လေး ပြင်းလှသည်။ လင်းယန် နိုးလာသည့်အချိန်တွင် လောင်ဝမ်ကို ဘာတွေ ပြောခဲ့မိမှန်း မမှတ်မိတော့ပေ။

….

သိသာသည်မှာ မနက်စောစော လောင်ဝမ်က သူ့ကို ကြည့်နေသည့် အကြည့်များမှာ အလွန်ပင် စိတ်အားထက်သန်နေခြင်းပင်။ လင်းယန် သေချာ ပြန်စဉ်းစားကြည့်သော်လည်း စိတ်လွတ်နေခဲ့သဖြင့် ဘာမှ မရပေ။ ထို့ကြောင့် ဘေးက စူးရို့ရို့ကို လှမ်းမေးလိုက်ရသည်။

"အဘိုးဝမ်က ငါ့ကို ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ"

စူးရို့ရို့ ပါးစပ်ပိတ်ကာ ရယ်မောလိုက်ပြီး -

"မနေ့က ရှင် အရက်မူးပြီး အဘိုးဝမ်နဲ့ လယ်စိုက်တဲ့ အကြောင်းတွေ အများကြီး ပြောဖြစ်ကြတာလေ။ ရှင်သုံးတဲ့ စကားလုံးတွေကတော့ ကျွန်မ နားမလည်ပါဘူး၊ ဒါပေမဲ့ အဘိုးဝမ်ကတော့ ရှင့်ရဲ့အမြင်တွေက အရမ်းကို ထက်မြက်လွန်းတယ်၊ နှစ်ပေါင်းများစွာ သုေသနလုပ်လာတဲ့ ပါမောက္ခတွေထက်တောင် တော်တယ်လို့ ပြောနေတာ။ မူးနေတဲ့ အဘိုးဝမ်ဆိုရင် ရှင့်ကို ဆရာလို့တောင် ဒူးထောက် ခေါ်မလို ဖြစ်ခဲ့တာနော်..."

ပြောရင်းနှင့် စူးရို့ရို့ပင် ကြက်သီးထသွားရသည်။

"ရှင်က ဘယ်ကနေ ဒီလောက်အထိ စိုက်ပျိုးရေး ဗဟုသုတတွေ ရလာတာလဲ၊ ဒီပါမောက္ခကြီးတွေထက်တောင် တော်နေရတာလဲ"

လင်းယန် ရေအေးအေးကို အဝသောက်လိုက်ပြီးမှ အနည်းငယ် လန်းဆန်းသွားကာ -

"လယ်စိုက်ရင်း ရတာပေါ့"

စနစ်က ပေးထားသည့် စကြဝဠာအဆင့် ဗဟုသုတများအကြောင်းကိုတော့ သူ ဘယ်လိုမှ ရှင်းပြ၍ မရပေ။ ထိုဗဟုသုတထဲက အယူအဆ အများအပြားမှာ ကမ္ဘာပေါ်တွင်ပင် လက်တွေ့ လုပ်ဆောင်၍ မရနိုင်သေးသော အရာများ ဖြစ်သည်။ သို့သော် အာကာသထဲမှာဆိုလျှင်တော့ ဖြစ်နိုင်ခြေရှိနေသည်။ အတိုချုပ်ပြောရလျှင် လူသားတို့သည် အပင်များကို ယဉ်ပါးအောင်လုပ်ဆောင်ရာတွင် အတော်ဆုံး ဖြစ်သည်။ လင်းယန်၏အပင်များကို ယဉ်ပါးအောင် လုပ်နိုင်စွမ်းမှာ ပါမောက္ခများ ဓာတ်ခွဲခန်းထဲတွင် လုပ်နေသည်ထက် အဆပေါင်းများစွာ မြန်ဆန်လှသည်။ သူတို့က ကိရိယာများဖြင့် စမ်းသပ်နေရချိန်တွင် လင်းယန်ကတော့ သူ့ဦးနှောက်ထဲရှိ အတွေ့အကြုံများဖြင့် တစ်ချက်ကြည့်ရုံနှင့် အဖြေထုတ်နိုင်သောကြောင့် ဖြစ်သည်။

သူ၏ ပေါ့ပေါ့ပါးပါး ဖြေဆိုမှုကို စူးရို့ရို့ကတော့ မယုံကြည်ပါ။

"ဟွန့်... မပြောချင်လည်း နေပေါ့၊ ကျွန်မ အဘိုးဆီ သွားကြည့်လိုက်ဦးမယ်"

"အင်း"

လင်းယန် နေကို မော့ကြည့်လိုက်ရာ ၇ နာရီ၊ ၈ နာရီလောက် ရှိနေလေပြီ။ နှစ်ပေါင်းများစွာအတွင်း သူ ဤမျှအထိ အိပ်ရာထ နောက်ကျဖူးခြင်းမှာ ပထမဆုံးပင်။ ထိုအရက်အိုကြီးက တကယ်ကို ပြင်းလှပေသည်။

သို့သော်...

လောင်ဝမ်က သူ့အနားမှာပဲ ကပ်ပြီး လိုက်နေတာကတော့ နည်းနည်း လွန်လွန်းလှသည်။ သူက လယ်အလုပ်တွေ လုပ်ရဦးမှာလေ။

"အဘိုးဝမ်... အဘိုးမှာ တစ်ခုခုပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ"

"မရှိပါဘူး၊ 'လှိုင်းသစ်က လှိုင်းဟောင်းကို ကျော်တက်တယ်' ဆိုသလိုပေါ့၊ ငါတို့လို လှိုင်းဟောင်းတွေကတော့ အိုသွားပါပြီ"

"အဘိုးဝမ်က ကျန်းမာသန်စွမ်းနေတုန်းပဲလေ၊ ရှေ့တန်းမှာလည်း တိုက်ပွဲဝင်နေတုန်းပဲ၊ ကျွန်တော်ကသာ အဘိုးဆီကနေ အများကြီး သင်ယူရဦးမှာပါ"

"ငါက မင်းဆီက သင်ရမှာပါကွာ။ ဒါနဲ့... ငါ ဒီချင်းရှန်းရွာမှာ ခဏလောက် နေချင်တယ်၊ ရမလားမသိဘူး"

လောင်ဝမ်က စမ်းသပ်သည့်အနေနှင့် မေးပြီးနောက် အမြန် ရှင်းပြပြန်သည်။

"စိတ်ချပါ၊ ရွာထဲမှာ နေစရာနေရာ ငါ ရှာထားပြီးသား။ အိမ်လွတ်တွေ ရှိတယ် မဟုတ်လား၊ ငါ လူလွှတ်ပြီး ပြင်ဆင်ခိုင်းလိုက်မယ်။ မင်း လယ်ထဲသွားရင်လည်း ငါ့ကို ခေါ်သွားဦး၊ လယ်အလုပ်ဆိုတာ ငါလည်း ကျွမ်းကျင်ပါတယ်"

"မုန်ညင်းစေ့တွေ သိမ်းဖို့ ကျန်သေးတယ်"

"ငါလုပ်မယ်... ငါလုပ်မယ်၊ ငါ့တပည့်တွေလည်း ရှိတာပဲ"

လင်းယန်သည် လောင်ဝမ်၏အနောက်မှ တပည့်နှစ်ဦးကို လှမ်းကြည့်လိုက်သည်။

ဟမ်...

အသက် ၅၀ ကျော်တွေချည်းပဲ။ လူပုံစံက ရိုးရိုးအေးအေးနှင့် အသားညိုညို၊ လယ်သမားထက်တောင် ပိုပြီး လယ်သမားဆန်နေကြသည်။ သူတို့အားလုံးသည် ပြည်နယ်အတွင်း နာမည်ကျော် စိုက်ပျိုးရေး ပါမောက္ခကြီးများ ဖြစ်သည်ဟု ဘယ်သူမှ ထင်မည်မဟုတ်ပေ။ စိုက်ပျိုးရေးပါရဂူဘွဲ့ မရှိဘဲ လောင်ဝမ်၏ ဘေးတွင် လိုက်ခွင့်မရသည်မှာ အမှန်ပင်။

သို့သော် သူတို့ မုန်ညင်းစေ့ သိမ်းနေသည့် ပုံစံကို ကြည့်ရသည်မှာ... အင်း... တကယ်ကို ကျွမ်းကျင်လှပေသည်။

"ငါ ဆီကြိတ်တုန်းက အလေအလွင့် ရှိခဲ့ပေမဲ့ သူတို့ ကြိတ်တာကတော့ တကယ်ကို ပြည့်စုံပြီး ဆီထွက်နှုန်းက ငါ့ထက်တောင် သာသေးတယ်။ စိုက်ပျိုးရေး ပါရဂူတွေဆိုတာ တကယ် မခေပါလား" လင်းယန် တမြေ့မြေ့ ချီးကျူးနေမိသည်။

သို့သော် ဝေဖန်စရာတစ်ခုတော့ ရှိသည်။ အလုပ်လုပ်တာ နည်းနည်း နှေးခြင်းပင်။ ဒါပေမဲ့ အခမဲ့ရတဲ့ လုပ်အားရှင်တွေပဲ၊ သုံးရမှာပေါ့။ စိုက်ပျိုးရေးတက္ကသိုလ်တွေ ဘယ်လို ပိုက်ဆံရသလဲဆိုတာကိုလည်း သူ ရိပ်မိသွားသည်။ မြေက ကိုယ့်မြေ၊ ကျောင်းသားတွေက အလကား လုပ်ပေးရတဲ့ လုပ်အားရှင်၊ သူတို့ကို ခိုင်းရင် လုပ်ခပေးစရာ မလိုတဲ့အပြင် လက်တွေ့သင်ခန်းစာဆိုပြီး ခိုင်းလို့ ရသေးသည်။

ထို့ပြင်...

ထိုကျောင်းသားများမှာ ကျောင်းတက်ရန် ကျောင်းလစာပါ ပေးရသေးသည် မဟုတ်လား။ လင်းယန် ရုတ်တရက် စိုက်ပျိုးရေးကျောင်းသားများကို သနားမိသွားသည်။ အပင်ပန်းခံ လုပ်ပေးရတဲ့အပြင် ပိုက်ဆံပါ ထပ်ပေးရတယ်ပေါ့...။ သူကိုယ်တိုင်တောင် စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုလောက် တည်ထောင်ချင်စိတ် ပေါက်သွားသည်။ ပိုက်ဆံ သေချာပေါက် ရမှာပဲ! မြေတွေလည်း အလကား စိုက်ပေးမယ့်သူတွေ ရှိတာကိုး။

ဤအချက်ကို တွေးမိရင်း လင်းယန်သည် လောင်ဝမ်ကို ကြည့်ကာ အကြံထုတ်လိုက်သည်။

"အဘိုးဝမ်... ဒီမှာကြည့်ဦး၊ ကျွန်တော့် ချင်းရှန်းရွာမှာ လယ်မြေ ၈၀၀ ကျော် ရှိတယ်..."

လောင်ဝမ် ချက်ချင်း လက်ယမ်းပြကာ -

"မပြောနဲ့တော့... ငါ နားလည်ပြီ။ ဘယ်အချိန် လယ်စိုက်ရမလဲသာ ပြောလိုက်။ ငါ ကျောင်းက ကျောင်းသားတွေကို လက်တွေ့ဆင်းဖို့ လွှတ်ပေးမယ်။ ဒါပေမဲ့ လမ်းအရင် ပေါက်ဖို့တော့ လိုမယ်နော်၊ ပြီးတော့ သူတို့ကို ထမင်းကျွေးရမယ်"

"အိုခေ... ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ရအောင်"

***

All Chapters