အခန်း (၄၇-၄၈)
Vol. 3 Ch. 47-48
စူပါ-ဖမ်း(SFS)
အခန်း ၄၇ ။ ယွမ်ကျင့်ဂရုထံမှ သတင်း
ရွာထဲက ဒီလောက်များပြားတဲ့ လယ်မြေတွေကို ဒီလိုနည်းလမ်းနဲ့ စိုက်ပျိုးဖြစ်သွားလိမ့်မယ်လို့ လင်းယန် တစ်ခါမှ မတွေးမိခဲ့ပါဘူး။
အချုပ်ပြောရရင်တော့... လယ်မြေတွေက နာမည်ခံအားဖြင့် သူ့ပိုင်ဆိုင်မှု ဖြစ်နေသရွေ့ ဘယ်သူကပဲ ကူပြီး စိုက်ပျိုးပေးပေး၊ သူက စနစ်ဆီကနေ ဆုကြေး ရနေမှာပဲလေ။ ကိုယ်တိုင် စိုက်တာထက်စာရင် ဆုကြေး နည်းနည်း လျော့သွားတာပဲ ရှိတာပါ။ ဒါပေမဲ့ အရေအတွက်များလာရင် အရည်အသွေးပါ ပြောင်းလဲလာမယ်ဆိုတဲ့ စကားလိုပေါ့။ ဘာပဲဖြစ်ဖြစ် မြေဧက ၈၀၀ ကျော်တောင် ရှိတာကိုး။
ရွာကလူတွေ သဘောတူမလား၊ မတူဘူးလား ဆိုတာကတော့ တိုင်ပင်နေစရာတောင် မလိုပါဘူး။ ရွာကလူတွေ အကုန်လုံးက အသက်ကြီးနေကြပြီလေ။ လယ်စိုက်တယ်ဆိုတာကလည်း ဝမ်းရေးအတွက်ပါပဲ။ တကယ်လို့ လယ်စိုက်စရာမလိုဘဲ ထမင်းစားရမယ်ဆိုရင် သူတို့ ပိုတောင် ပျော်ကြဦးမှာပါ။
လင်းယန် ဖြေရှင်းဖို့ လိုအပ်တဲ့ တစ်ခုတည်းသော ပြဿနာကတော့ ဒီအဘိုးအဘွားတွေရဲ့ အိုမင်းမစွမ်းအချိန်ကို စောင့်ရှောက်ပေးဖို့ပါပဲ။ ဒါပေမဲ့ ယေဘုယျအားဖြင့် ကြည့်ရင် ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။
"လမ်းတွေ အကုန်ဖောက်ပြီးသွားရင်တော့ ရွာရဲ့ ပတ်ဝန်းကျင်ကို နည်းနည်း ပြုပြင်မွမ်းမံရမယ်။ ဒါပေမဲ့ ပြဿနာက... တိုက်အိမ်တွေ ဆောက်ပေးရမလား၊ ဒါမှမဟုတ် တစ်ရွာလုံးကိုပဲ ပြင်ဆင်မွမ်းမံပေးရမလား? အဘိုးအဘွားတွေက အသက်ကြီးနေပြီဆိုတော့ တစ်ယောက်တည်း နေရတာ တော်တော်လေး အန္တရာယ်ရှိတယ်။ ဒါမှမဟုတ်... ရွာထဲမှာ ဘိုးဘွားရိပ်သာ တစ်ခုလောက် ဖွင့်လိုက်ရင် ကောင်းမလား?"
လင်းယန်က မေးစေ့ကို ပွတ်ရင်း စဉ်းစားခန်း ဝင်နေသည်။
ဘိုးဘွားရိပ်သာရဲ့ ပတ်ဝန်းကျင်က ရွာထဲမှာ သီးခြားနေရတာထက် ပိုကောင်းနိုင်ပါတယ်။ ပြုစုစောင့်ရှောက်ပေးမယ့်သူ ရှိသလို၊ ထမင်းဟင်း ချက်ကျွေးမယ့်သူလည်း ရှိတယ်လေ။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာက ပြုစုပေးမယ့်သူတွေက အဘိုးအဘွားတွေအပေါ် မကောင်းတာမျိုးတွေ လုပ်လာနိုင်တာပါပဲ။ ဘိုးဘွားတွေက အသက်ကြီးနေပြီဆိုတော့ ပြုစုတဲ့သူတွေကသာ မကောင်းကြံရင် သူတို့မှာ ဘာခုခံနိုင်စွမ်းမှ ရှိမှာမဟုတ်ဘူး။ အေးစက်စက် လျစ်လျူရှုတာမျိုးတွေ၊ တခြား အနိုင်ကျင့်တာမျိုးတွေ ဖြစ်လာနိုင်တယ်...။
"ငါ့ရွာမှာတော့ ရွာက အဘိုးအဘွားတွေကို ဘယ်သူမှ မကောင်းမကြံရဲစေရဘူး။
အင်း... ဝန်ထမ်းခေါ်တဲ့ အခါကျရင်လည်း လစာကို နည်းနည်း ပိုပေးလိုက်လို့ ရတာပဲ။"
လမ်းဖောက်နေတဲ့ အမှတ် ၂ ဆောက်လုပ်ရေးအဖွဲ့ကို လမ်းဖောက်ပြီးရင် ဒီအတိုင်း မပြန်ခိုင်းသေးဘဲ ရွာရဲ့ အခြေခံ အဆောက်အအုံတွေကိုပါ တစ်ခါတည်း ပြင်ဆင်ခိုင်းဖို့ လင်းယန် စဉ်းစားလိုက်သည်။ ဒီလို ကျွမ်းကျင်တဲ့ အဖွဲ့ရဲ့ လက်ရာဆိုရင် တော်တော်လေး စိတ်ချရတယ် မဟုတ်လား။
ဒီအကြောင်းတွေကို တွေးမိပြီးနောက် လင်းယန်ရဲ့ စိတ်ခံစားချက်တွေက အများကြီး ပိုကောင်းလာခဲ့သည်။
….
နောက်ရက်တွေမှာတော့ အဘိုးစူးနဲ့ လောင်ဝမ်တို့ဟာ ဒီတောင်ကြားရွာလေးမှာပဲ ဆက်နေဖြစ်သွားကြသည်။ ကံကောင်းတာက လင်းယန်အိမ်မှာ အခန်းတွေ အများကြီး ရှိနေတော့ နောက်ထပ် လူတွေ ထပ်ရောက်လာရင်တောင် အေးဆေး နေလို့ရပါတယ်။
ထို့ပြင် လင်းယန်သည်လည်း ဟယ်လီကော်ပတာ စီးရတဲ့ ခံစားချက်ကို ကိုယ်တိုင် တွေ့ကြုံခံစားလိုက်ရသည်။ အားကျလိုက်တာ! တကယ်ကို အားကျမိတာပါပဲ။
"နောက်ကျရင် ငါလည်း တစ်စီးလောက် ဝယ်ထားရမယ်၊ အမြန်နှုန်းက တကယ်ကို မြန်တာပဲ။"
ပိုက်ဆံရှိတဲ့ သူဌေးတွေက ဘာလို့ ကိုယ်ပိုင် လေယာဉ်တွေ ဝယ်ကြသလဲဆိုတာကို သူ စတင် နားလည်လာခဲ့ပြီ။
ထိုအခါ လောင်ဝမ်က ပြုံးရင်း ပြောလာသည်။ "ဟယ်လီကော်ပတာ လိုချင်လို့လား? ပိုက်ဆံပေးပြီး ဝယ်စရာတောင် မလိုပါဘူးကွာ။ မင်းက မျိုးစေ့ သုတေသနအပိုင်းမှာသာ နိုင်ငံအတွက် ပံ့ပိုးမှုတွေ များများ လုပ်ပေးနိုင်မယ်ဆိုရင်...ကျောင်းကနေ မင်းအတွက် တိုက်ရိုက် စီစဉ်ပေးလိမ့်မယ်!
ပြီးတော့ စစ်တပ်ကလူတွေကိုယ်တိုင် မင်းအတွက် လေယာဉ်မှူးနဲ့ သက်တော်စောင့်အဖြစ် လာလုပ်ပေးလိမ့်မယ်။"
လောင်ဝမ်၏ စကားကို ကြားသောအခါ လင်းယန်က ဒါလည်း မဆိုးဘူးဟု တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် စနစ်ထဲက မျိုးစေ့တော်တော်များများက အများပြည်သူအတွက် ဖြန့်ဝေပေးလို့ ရတာတွေချည်းပါပဲ။ ဒါက နိုင်ငံတော်အတွက်လည်း အလွန်ကောင်းမွန်တဲ့ ကိစ္စကြီးတစ်ခု ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသော ချင်စုစုမှာမူ အလွန် စိုးရိမ်သွားရသည်။ တကယ်လို့ လင်းယန်အတွက် လေယာဉ်မှူး/ယာဉ်မောင်း စီစဉ်ပေးလိုက်ရင် သူမ အလုပ်လက်မဲ့ ဖြစ်သွားပြီ မဟုတ်လား?
အင်း... ငါ သေချာ ကြိုးစားမှ ဖြစ်မယ်။ လက်ထောက်လိုမျိုး ရာထူးပြောင်းလုပ်လို့ ရမလား မသိဘူး။ ဟင်? လယ်သမား တစ်ယောက်ရဲ့ လက်ထောက် လုပ်ရမယ်ဆိုတော့... လယ်ထဲကို အတူတူ ဆင်းရတော့မှာလား? လယ်စိုက်ရတာလည်း မဆိုးပါဘူး။ ဒါပေမဲ့ မနက်အစောကြီး မထရရင် မရဘူးလား? နောက်ကျရင် သူ့ကို သွားညှိနှိုင်းကြည့်ဦးမှပဲ။
လင်းယန်ကတော့ လောင်ဝမ် ပြောတဲ့စကားက တကယ်ကို အဓိပ္ပာယ်ရှိတယ်ဟု တွေးနေမိသည်။ အထွက်နှုန်းကောင်းတဲ့ စူပါမုန်ညင်းစေ့ဆိုတာ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ သူ့ရဲ့ လယ်ထဲမှာ တခြား သီးနှံတွေလည်း ရှိသေးတယ်လေ။ အကုန်လုံးက စနစ်ကနေ ထွက်လာတဲ့ မျိုးစေ့တွေချည်းပဲ။ ဘယ်လို ထူးခြားတဲ့ အစွမ်းတွေ ရှိနေသေးလဲဆိုတာ သူ ကိုယ်တိုင်တောင် မသိသေးဘူး။
ဟယ်လီကော်ပတာပေါ်မှာ ဖုန်းပြောလို့ရနေတာကတော့ လင်းယန်ကို အတော်လေး စိတ်ဝင်စားသွားစေသည်။ "ဒီလို ဖုန်းလိုင်းမိတဲ့ စက်ပစ္စည်းတွေကို ရွာထဲမှာ တပ်ဆင်လို့ ရမလား? ရွာထဲမှာက ဖုန်းလိုင်း လုံးဝမရတော့ ဖုန်းတွေက အသုံးမဝင်သလို ဖြစ်နေလို့။"
ဘေးနားမှ အဘိုးစူးက ခေါင်းယမ်းလိုက်သည်။ "ကောင်လေး... အဲ့ဒီအတွက်တော့ စိတ်ကူးမယဉ်နဲ့တော့။ ဒါက စစ်ဘက်သုံး ဂြိုဟ်တုနဲ့ ဆက်သွယ်ရေး လုပ်ထားတာ။ ဒါပေမဲ့ ခရိုင်ရုံးကို ငါ လှမ်းပြောထားပေးလို့ ရပါတယ်။ လမ်းပေါက်သွားတာနဲ့ ရွာအတွက် ဖုန်းတာဝါတိုင် အမြန်ဆုံး ဆောက်ပေးဖို့ပေါ့။"
လင်းယန်က အမြန် လက်ယမ်းပြလိုက်သည်။ "ဒီလို ကိစ္စသေးသေးလေးအတွက်တော့ အဘိုးကို ဒုက္ခမပေးပါရစေနဲ့တော့။"
ဖုန်းတာဝါတိုင် ဆောက်တယ်ဆိုတာလောက်ကတော့ သူ ရှင်းနိုင်တဲ့ ကိစ္စလေးပါ။ အများပြည်သူကြားမှာ တွင်တွင်ကျယ်ကျယ် မသုံးသေးတဲ့ အဆင့်မြင့် 5G တာဝါတိုင်ကိုတောင် သူ လှမ်းခေါ်လို့ ရပါတယ်။ ပိုက်ဆံ နည်းနည်း ပိုကုန်ရုံ သက်သက်ပါပဲ။
သို့သော် ခရိုင်ရုံးမှ လှမ်းဆက်လာသော ဖုန်းတစ်ကောလ်ကတော့ လင်းယန်ကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။
"ဘာတဲ့? ယွမ်ကျင့်ဂရုက ရွာနဲ့ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း ပရောဂျက် လုပ်ချင်လို့ ဟုတ်လား?
သူတို့ရဲ့ ကိုယ်စားလှယ်တွေက ရွာကို လာကြည့်ကြမယ်ပေါ့?"
ခရိုင်ရုံးက ဖုန်းက ဟယ်လီကော်ပတာပေါ်အထိ ဆက်သွယ်လို့ရလိမ့်မယ်လို့ လင်းယန် မထင်ထားခဲ့ပေ။ တကယ်ကို မိုက်တာပဲ။ ဒါပေမဲ့ ဖုန်းထဲက အသံကို နားထောင်ကြည့်ရတာတော့ တစ်ဆင့်ခံ လွှဲပေးလိုက်တဲ့ ဖုန်းဖြစ်ပုံရသည်။ ခရိုင်ရုံးကနေ ဟယ်လီကော်ပတာပေါ်ကို တိုက်ရိုက် ဆက်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။
ချင်အဖေက လင်းယန်ကို လှမ်းကြည့်လိုက်သည်။ သူ သေချာ သိနေသည်က ရွာလူကြီး ရန်လောင်က နာမည်ခံ ရွာလူကြီးသာ ဖြစ်ပြီး၊ တစ်ရွာလုံးရဲ့ ကိစ္စတွေကို လင်းယန်ကသာ ဆုံးဖြတ်နေခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရွာထဲမှာ သူတစ်ယောက်တည်းသာ လူငယ်ဆိုလို့ ရှိတာကိုး။ ဒီရွာရဲ့ အခြေအနေက နည်းနည်း ထူးဆန်းနေတယ် ဆိုပေမဲ့၊ ဒါက လက်တွေ့ အမှန်တရားပါပဲ။
"ကျွန်တော်တော့ အဲ့ဒီလို ပရောဂျက်တွေ မလုပ်ချင်ပါဘူး။" လင်းယန်က ခေါင်းယမ်းလိုက်သည်။
သူက အလိုအလျောက် ငြင်းဆိုချင်နေတာပါ။ ရွာထဲမှာ စမ်းသပ်လယ်ကွင်းတွေလည်း ရှိနေပြီဆိုတော့ အေးအေးချမ်းချမ်း နေရတာကိုပဲ သူ သဘောကျသည်။
ချင်အဖေကတော့ လက်ကို ဖြန့်ကာ ပြောလိုက်သည်။ "ငြင်းဖို့ အချိန်မမီတော့ဘူး ထင်တယ်။" "ယွမ်ကျင့်ဂရုက လူတွေက ဒီဘက်ကို ထွက်လာနေကြပြီ။ နေ့လယ်လောက်ဆို သူတို့ ရောက်လာကြလိမ့်မယ်။"
"ဒါဆိုလည်း သူတို့ရောက်လာမှပဲ ငြင်းလိုက်တော့မယ်။" ဒီကိစ္စအတွက် လင်းယန် အများကြီး ပြောမနေချင်တော့ပါ။ ယေဘုယျအားဖြင့် ပြောရလျှင် သူက အေးအေးချမ်းချမ်းနေရတာကိုပဲ ပိုကြိုက်သည်။
သို့သော် ချင်အဖေက အနည်းငယ် စိတ်အားထက်သန်စွာဖြင့် ဝင်ပြောသည်။ "ဦးလေး အထင်တော့ မင်း ဒီလောက်စောစော ငြင်းဖို့ မလိုသေးဘူးလို့ ထင်တယ်။ ယွမ်ကျင့်ဂရု ဆိုတာ ပြည်တွင်းမှာ လက်ချိုးရေလို့ရတဲ့ အကြီးဆုံး ကုမ္ပဏီကြီးတွေထဲက တစ်ခုပဲ။ သူတို့ မျက်စိကျခံရပြီး ဒီမှာ ခရီးသွားလုပ်ငန်း ပရောဂျက် လာလုပ်မယ်ဆိုရင်၊ ရွာအတွက် တကယ့်ကို ကောင်းတဲ့ ကိစ္စကြီးပဲ။ ခရိုင်တစ်ခုလုံးရဲ့ ဒေသတွင်း စီးပွားရေးကိုတောင် တိုးတက်လာစေနိုင်တယ်။"
သိသာပါတယ်၊ ချင်အဖေကတော့ ဒီကိစ္စကို တော်တော်လေး သဘောကျနေပြီ ဖြစ်သည်။
အဘိုးစူးကပါ ဝင်ပြောသည်။ "အဲ့ဒီ ယွမ်ကျင့်ဂရုက ဒေသတွင်း အခွန်အများဆုံး ဆောင်တဲ့ ကုမ္ပဏီကြီးပဲ၊ အင်အားက တကယ်ကို တောင့်တင်းတယ်။ ငါ တာဝန်ထမ်းဆောင်နေတုန်းကတောင် သူတို့အကြောင်းကို ခဏခဏ ကြားဖူးခဲ့တယ်။"
လောင်ဝမ်ကတော့ ဒါကို သိပ်ဂရုမစိုက်ပါဘူး။ ယွမ်ကျင့်ဂရုက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုပါပဲ။ ရန်ပုံငွေ အသုံးပြုနိုင်စွမ်းမှာတော့ သူတို့လို တက္ကသိုလ်ကြီးတွေနဲ့ယှဉ်ရင် အများကြီး ကွာပါသေးတယ်။ ပြီးတော့ သူတို့က စိုက်ပျိုးရေး လုပ်နေတာ၊ ယွမ်ကျင့်ဂရုက ခရီးသွားလုပ်ငန်း လုပ်တာဆိုတော့ ဘယ်လိုမှ မပတ်သက်ဘူးလေ။
"ဘာပဲလုပ်လုပ် ကောင်လေးလင်းပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ခင်ဗျားတို့က ဘာလို့ ဝင်ပြီး ပူပန်နေကြတာလဲ။"
"အဘိုးကြီးဝမ်... မင်းက ဘယ်လိုတွေ ပြောနေတာလဲ? ငါက ဘာလို့ ပူပန်ပေးလို့ မရမှာလဲ? သူက ငါ့မြေးမလေးနဲ့ ဆက်ဆံရေး အရမ်းကောင်းတာနော်။ ဆွေမျိုးစပ်ကြည့်မယ်ဆိုရင် သူက ငါ့ကို အဘိုးလို့တောင် ခေါ်ရဦးမှာ!"
"တော်စမ်းပါ၊ မင်းက အသက်သာ ကြီးတာ၊ အရှက်ကို မရှိဘူး!"
"ဟေ့လူ... မင်း ဘာဖြစ်ချင်နေတာလဲ!"
"မင်းကရော ဘာဖြစ်ချင်တာလဲ!"
ဒီအဘိုးကြီးနှစ်ယောက် စကားများရင်းနဲ့ တကယ်ကြီး လက်ပါလာကြလိမ့်မယ်လို့ လင်းယန် လုံးဝ ထင်မထားခဲ့ဘူး။
ပြီးတော့ သူတို့ရဲ့ ဟန်ပန်တွေကို ကြည့်ရတာ အားတွေ အပြည့်ပါနေပြီး၊ လက်သီးလေပြင်းတွေတောင် ထွက်နေသလိုပါပဲ။
အဘိုးစူးက စစ်တပ်သုံး ကိုယ်ခံပညာတွေကို တိုက်ရိုက် ထုတ်သုံးနေပြီး အလွန် ခန့်ညားနေသည်။ လောင်ဝမ်ကလည်း နှစ်ပေါင်းများစွာ လယ်စိုက်လာသူပီပီ ကျန်းမာရေး တော်တော်ကောင်းသလို၊ လက်ဖဝါးပေါ်က အသားမာတွေကလည်း ထူထဲနေသည်။
သို့သော် နောက်ဆုံးတွင်တော့ အဘိုးကြီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖက်လုံးရင်း ရွှံ့ဗွက်ထဲသို့ အကြီးအကျယ် လဲကျသွားကြတော့သည်။ ကံကောင်းတာက မြေကြီးက ပျော့နေတော့ ဘာအန္တရာယ်မှတော့ မဖြစ်သွားပါဘူး။
လင်းယန်နှင့် ချင်အဖေတို့က အဘိုးကြီး နှစ်ယောက်ကို အမြန် သွားဆွဲခွာလိုက်ရသည်။ "ဒီကိစ္စလေးလောက်နဲ့ လူကြီးတွေ ကိုယ်တိုင် လက်ပါစရာ မလိုပါဘူး။"
လင်းယန်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေသည်။ ရွာထဲက အဘိုးအဘွားတွေတောင် ရန်မဖြစ်ကြတော့ပါဘူး။ အပြင်က ရောက်လာတဲ့ ဒီအဘိုးကြီး နှစ်ယောက်က ဒီလောက် ဒေါသကြီးနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ်ကြီး ချကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ မနေ့ညက အရက်သောက်တုန်းကတော့ ပခုံးဖက်ပြီး ရင်းနှီးနေကြတာလေ... အခုတော့ ဒီကိစ္စ သေးသေးလေးနဲ့။
"အဘိုးတို့ နှစ်ယောက် ဒေါသဖြေလိုက်ကြပါနော်၊ ကျွန်တော် အဘိုးတို့ကို ဖရဲသီး ကျွေးမယ်လေ"
"ကောင်းပြီ။"
"အခုပဲ သွားစားမယ်။"
ချက်ချင်း ပြန်တည့်သွားကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး လင်းယန် လုံးဝ ဆွံ့အသွားတော့သည်။ ကဲ... ငါ့မှာ နည်းနည်းလေးပဲ ကျန်တော့တဲ့ လက်ကျန်ထဲကနေ နောက်တစ်လုံး ပြုတ်ပြန်ပြီပေါ့!
***
စူပါ-ဖမ်း(SFS)
အခန်း ၄၈ ။ အရှက်ခွဲခံလိုက်ရသည့် အဘိုးစူး
ကျင်းကျန့်တုန်းသည် ယွမ်ကျင့်ဂရု၏ အမွေဆက်ခံသူဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အရှိန်အဟွာမြင့်မားနေသူ ဖြစ်သည်။ သူ့ကိုသိသူတိုင်းက "သခင်လေးကျင်း" ဟု ရိုသေသမှုဖြင့် ခေါ်ကြရ၏။ ယွမ်ကျင့်ဂရုထဲတွင်လည်း သူသည် အားလုံး၏ မြှောက်ပင့်ခြင်းကို ခံရသူဖြစ်ပြီး လက်အောက်ငယ်သား အမြောက်အမြားရှိသည်။
သို့သော် ယခုအသစ်ဖောက်လုပ်နေသော တောင်လမ်းပေါ်တွင် လမ်းလျှောက်နေရစဉ်မှာတော့ သူသည် အလွန်အမင်း စိတ်တိုနေမိသည်။
"အဲ့ဒီအဘိုးကြီးက ဘာတွေတွေးနေလဲမသိဘူး၊ ငါ့ကို ဒီပရောဂျက်နဲ့ နာမည်ကောင်း ယူခိုင်းနေတယ်။ ရယ်စရာကောင်းလိုက်တာ၊ ငါကိုယ်တိုင် လာဖို့လိုလို့လား။
လာတာက ထားပါဦး၊ ဒီလိုနေရာစုတ်ကြီးက ဘယ်မှာလဲလို့ လူဘယ်နှစ်ယောက်ကို မေးမေး ဘယ်သူမှမသိကြဘူး။ သောက်ချီးပဲ...!
ငါ့အချိန်တွေ အလကား ကုန်တာပဲ"
ကျင်းကျန့်တုန်းသည် ကားပြတင်းပေါက်ကို ဖွင့်ကာ စိတ်ပျက်လက်ပျက် ရေရွတ်နေသည်။ သူ့လက်ကလည်း ဘေးမှ အမျိုးသမီးအဖော်၏ ကိုယ်လုံးကို အားရပါးရ ဆွဲညှစ်လိုက်ရာ ထိုအမျိုးသမီးမှာ နာကျင်သော်လည်း အော်မရဲဘဲ မျက်နှာလေး ပျက်နေရှာသည်။ သခင်လေးကျင်း၏ဘေးတွင် နေခွင့်ရခြင်းမှာ သူမအတွက် ဘဝကံထူးခြင်းပင်။ နည်းနည်းပါးပါး နာကျင်ရရုံနှင့် ဘာဖြစ်မှာလဲ။ သူ့ကို ကောင်းကောင်း ပြုစုနိုင်လျှင် တစ်သက်လုံး စားဝတ်နေရေးအတွက် ပူစရာမလိုတော့ပေ။ ကျင်းကျန့်တုန်းက သူမကို လူလိုသဘောထားသလား၊ မထားဘူးလားဆိုသည်မှာ အရေးမကြီးပါ။ ပိုက်ဆံရှိလျှင် လုံလောက်ပြီ။
"သခင်လေးကျင်း... စိတ်မဆိုးပါနဲ့တော့၊ ဒီလိုနေရာသေးသေးလေးက ရှင့်ကို ဒီလောက်အထိ ဒေါသထွက်စေဖို့ မထိုက်တန်ပါဘူး။ လာပါ... ကျွန်မ ရှင့်ကို စိတ်ပြေအောင် လုပ်ပေးပါ့မယ်"
ရှေ့ခန်းမှ ယာဉ်မောင်းနှင့် ခွဲထားသော မှန်အကာကို ပိတ်လိုက်သည်။ ယာဉ်မောင်းဖြစ်သူမှာ ကားကြီး တစ်သိမ့်သိမ့် တုန်ခါနေသည်ကို ခံစားနေရ၏။
အင်း... လမ်းက ဘယ်လိုခင်းထားတာလဲ။ ကားကောင်းကြီး မောင်းနေတာတောင် ဒီလောက် လှုပ်နေရသလား။
ကံကောင်းသည်မှာ မကြာမီမှာပင် လမ်းအဆုံးသို့ ရောက်ရှိလာခဲ့သည်။ ကျင်းကျန့်တုန်းသည် ထိုင်ခုံတွင် ပျော့ခွေကာ မှီထားရင်း -
"... ဒီလောက် အားရပါးရ မဆော့ရတာ ကြာပြီ"
အမျိုးသမီးလေး၏ မျက်နှာတွင်တော့ အနည်းငယ် စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်လေး ပေါ်နေသည်။ ဆေးလိပ်တစ်သောက် အားပါးတရ ရှူလိုက်ပြီးနောက် ကျင်းကျန့်တုန်းသည် ဝတ်စုံကို ပခုံးပေါ်တင်ကာ အလုပ်လုပ်နေသော ဆောက်လုပ်ရေးအဖွဲ့ကို ကြည့်လိုက်သည်။
"ရောက်ပြီလား"
"ဟင့်အင်း... တောင်လမ်း လျှောက်ရဦးမယ်"
"ကားဝင်လို့ မရဘူးလား"
"ခြေလျင်ပဲ သွားလို့ရတယ်"
"ဒါ ဘယ်လိုနေရာစုတ်လဲ? ဘာဖွံ့ဖြိုးရေး တန်ဖိုးမှ မရှိတာကို အဘိုးကြီးက ဘာတွေကြည့်ပြီး လွှတ်လိုက်တာလဲ"
ကျင်းကျန့်တုန်း၏ ဒေါသမီးက တစ်ဖန် ပြန်တောက်လာပြန်သည်။
"သခင်လေး... ဒီအထိ ရောက်မှတော့ သိပ်မဝေးတော့ပါဘူး"
"လမ်းသိတဲ့သူ ပါလား"
"အမဲလိုက် ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်ကို ရှာထားပါတယ်၊ သူက ချင်းရှန်းရွာ တည်နေရာကို သိတယ်"
"အေး... သွားကြမယ်"
….
သို့သော် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် ကျင်းကျန့်တုန်းသည် ခြေထောက်များ ပျော့ခွေလာသည်။ ဘေးမှ အမျိုးသမီးမှာမူ ကျောက်တုံးပေါ်တွင် ထိုင်ချလိုက်ကာ ဆက်မလျှောက်နိုင်တော့ပေ။
"ဘယ်လောက် လိုသေးလဲ"
"နီးပါပြီ... နီးပါပြီ" လမ်းပြဖြစ်သူက အေးအေးဆေးဆေး ပြန်ဖြေသည်။
ဒီလူတွေက ပိုက်ဆံအများကြီး ပေးလို့သာ သူ လိုက်ပို့ခြင်းဖြစ်သည်။ မဟုတ်လျှင်တော့ လုံးဝ လိုက်မပို့ပေ။ အလုပ်က တကယ်ကို ရှုပ်လွန်းလှသည်! အထူးသဖြင့် ရှေ့ဆုံးက လူငယ်လေးက မျက်နှာကို မိုးပေါ်ထောင်ထားပြီး လူကို လူလိုမမြင်သဖြင့် သူ အလွန်စိတ်မရှည်ဖြစ်နေရသည်။ သို့သော် ပိုက်ဆံအတွက်ကြောင့်သာ သည်းခံနေခြင်းပင်။
မုဆိုးတစ်ယောက်အတွက် နှစ်နာရီခရီးဆိုသည်မှာ ဘာမှမဟုတ်သော်လည်း၊ ကာမရစ်မူးနေသဖြင့် ခန္ဓာကိုယ် ယိုယွင်းနေသော ကျင်းကျန့်တုန်းအတွက်မူ တကယ့် ငရဲပင် ဖြစ်၏။
"မင်း ငါ့ကို ကစားနေတာလား!?" ကျင်းကျန့်တုန်း အကြီးအကျယ် ပေါက်ကွဲတော့သည်။
ငယ်စဉ်ကတည်းက သူ ဤကဲ့သို့ ဒုက္ခမျိုး မကြုံဖူးပေ။ တောထဲ တိုးရလွန်းသဖြင့် ယွမ်သိန်းချီတန်သော ဝတ်စုံကြီးပင် စုတ်ပြတ်ကုန်ပြီ! သူ့စိတ်ထဲတွင် ဆဲဆိုနေမိတော့သည်။ အဘိုးကြီးက ဇွတ်စာချုပ်ချုပ်ခိုင်းသဖြင့်သာ သူ လာရခြင်း ဖြစ်သည်။ ဘယ်လိုလုပ် ဒီလောက်အထိ ဆင်းရဲတဲ့နေရာ ရှိနိုင်ရတာလဲ! ဒီလူတွေက မျောက်တွေလား။ ငှက်ပျောသီးလေး ကျွေးရုံနဲ့ ကခုန်နေမယ့်သူတွေ ဖြစ်မှာပါ။
စိတ်ကို ပြင်ဆင်လာခဲ့သော်လည်း ဤမျှအထိ စုတ်ပြတ်နေမည်ဟု သူ မထင်ထားခဲ့ပေ။ တောင်လမ်းလျှောက်ရသည်မှာ အန်ချင်လာသည်အထိပင်။ ဆက်မလျှောက်ချင်တော့ပေ။ ထိုစဉ် မုဆိုးက ရှေ့ကို လက်ညှိုးထိုးပြကာ -
"ဟိုမှာ လယ်ကွင်းတွေ တွေ့ပြီ၊ ရောက်တော့မယ်"
"မင်းသာ ငါ့ကို ထပ်လိမ်ရင် ဒီတောင်ထဲမှာတင် သတ်ပစ်မယ်"
မုဆိုးက ကျင်းကျန့်တုန်း၏ ပိန်လှီသော ကိုယ်လုံးကို တစ်ချက် ကြည့်လိုက်သည်။ ဒီတောနက်ထဲမှာ ဘယ်သူက ဘယ်သူ့ကို သတ်မှာလဲဆိုတာ မသိနိုင်ဘူးနော်! သူ့ကိုယ်ရံတော် နှစ်ယောက် ပါနေရင်တောင်ပေါ့။ သို့သော် ဤလူက အရမ်းချမ်းသာသဖြင့် တစ်ခုခုဖြစ်လျှင် ကိစ္စကြီးသွားနိုင်သည်။ သည်းခံရုံသာ ရှိတော့သည်။
ကံကောင်းသည်မှာ မကြာမီမှာပင် ထိုရှေးဟောင်းရွာလေးကို မြင်လိုက်ရသည်။ အားလုံး သက်ပြင်းချနိုင်ကြ၏။ အကယ်၍ ထပ်မတွေ့သေးလျှင် ဒီသခင်လေး ဘာတွေ ထပ်သောင်းကျန်းဦးမည်နည်း မသိနိုင်ပေ။ တကယ်တမ်း ဆွေးနွေးရန် လိုက်ပါလာသူများကမူ ယွမ်ကျင့်ဂရုသာ ဤလူငယ်လက်ထဲ ရောက်သွားလျှင် ဘယ်ကုမ္ပဏီကို ပြောင်းရမလဲဟုပင် တွေးနေကြပြီဖြစ်သည်။ အရည်အချင်းရှိသူတိုင်းက "မြေး" အလုပ်တော့ မလုပ်ချင်ကြသည် မဟုတ်လား။
ရွာကို မြင်လိုက်သည်နှင့် ကျင်းကျန့်တုန်း၏မျက်လုံးများ တောက်ပသွားသည်။ ဗိုက်ဆာနေသော တောခွေးတစ်ကောင် အသားတုံးကို မြင်လိုက်ရသကဲ့သို့ပင်။
…..
ဤလူစု ရောက်ရှိလာခြင်းက ရွာသားများ၏ အာရုံကို ဆွဲဆောင်သွားသည်။ လင်းယန်နှင့် အဘိုးစူးတို့မှာ ရယ်မောရင်း ရွာအဝင်သို့ ထွက်လာကြ၏။
"လူတွေက မောမောပန်းပန်းနဲ့ ဒီအထိ လာကြတာ၊ မင်း ကောင်းကောင်း ဧည့်ခံလိုက်ပါဦး" အဘိုးစူးက လင်းယန်ကို လူကြီးပီပီ သတိပေးလိုက်သည်။
"ယွမ်ကျင့်ဂရုနဲ့ အဆင်မပြေရင်တောင် ပုံရိပ်ကောင်းလေးတော့ ချန်ထားခဲ့ရမယ်။ သူတို့က နိုင်ငံမှာ ထိပ်တန်း အုပ်စုကြီးလေ။ ကျင်းယွမ်ဟန်ဆိုတာ ငါ ကိုယ်တိုင် မြင်ဖူးတယ်၊ တကယ့်ကို ထက်မြက်ပြီး ပြတ်သားတဲ့လူပဲ။ သူတို့နဲ့ မိတ်ဖွဲ့ထားနိုင်ရင် အကျိုးကျေးဇူးတွေက အများကြီးပဲ"
အဘိုးစူးက လင်းယန်၏ပခုံးကို ပုတ်ကာ အမြော်အမြင်ရှိရှိ ပြောဆိုနေသည်။ ချင်စုစုမှာ ဘေးမှကြည့်ရင်း အလွန်ပင် လေးစားနေမိသည်။ ဒါမှ တကယ့် စေတနာအစစ်ပေါ့။ သူမ၏ဖခင်နှင့်တော့ လုံးဝ မတူပေ။ သူမဖခင်ကတော့ သစ်သားတိုင်တွေကိုမြင်လျှင် ဘိုးဘေးတွေကို မြင်ရသလိုမျိုး ဖက်အိပ်ချင်နေသူ မဟုတ်လား။
လောင်ဝမ်ကတော့ ဒါတွေကို ဂရုမစိုက်ပါ။ သူသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ချင်းရှန်းရွာ၏ ဂေဟစနစ်ကို လေ့လာနေတော့သည်။ ပညာရှင်ကြီးပီပီ သူ့ဗီဇအတိုင်းပင် ဖြစ်၏။
မကြာမီ လူအုပ်ကြီးမှာ ခွေးမော မောပြီး သူတို့ရှေ့သို့ ရောက်လာသည်။ ရိုးရိုးဝတ်စုံနှင့် လူတစ်ယောက်သာ လန်းလန်းဆန်းဆန်း ရှိနေ၏။
"ရှောင်လျိုဇီ" ရွာလူကြီး ရန်လောင်က ထိုမုဆိုးကို မြင်သောအခါ ဝမ်းသာသွားသည်။
"ဦးလေးရန်... ဦးလေးက ကျန်းမာတုန်းပဲနော်။ ဒီလူတွေက ဒီမှာ ရင်းနှီးမြှုပ်နှံချင်လို့ဆိုလို့ ကျွန်တော် ခေါ်လာပေးတာ"
သို့သော် လင်းယန်တို့ ရှေ့ရောက်သောအခါ မုဆိုးက အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
"သတိထားနော်၊ ဆက်ဆံရခက်မယ့်လူတွေပဲ"
လင်းယန် မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခုမှားနေပြီဟု သူ ခံစားလိုက်ရ၏။ အထူးသဖြင့် ရှေ့ဆုံးမှ မျက်နှာဖြူဖြူနှင့် လူငယ်လေးပင် ဖြစ်သည်။ မျက်လုံးက မိုးပေါ်ထောင်နေပြီး လည်ပင်းကလည်း အရှည်ကြီး ထွက်နေသည့်အလား။ ရွာသားတွေ စကားမပြောရသေးခင်မှာပင် ထိုလူငယ်က ဗျစ်တောက်ဗျစ်ကျည်ဖြင့် ဆဲဆိုတော့သည်။
"ဒီလို ပရောဂျက်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ငါ ဘယ်သွားသွား တစ်ဖက်လူက လေဆိပ်အထိ လာကြိုရတာ။ စီးရတာကလည်း Bentley မဟုတ်ရင် Maybach ပဲ။
မင်းတို့ကတော့ ရွာထိပ်မှာ ဒီအတိုင်း ရပ်ကြည့်နေကြတယ်၊ လက်ဖက်ရည် တစ်ခွက်တောင် ပြင်မထားဘူး။ မင်းအမေလိုး...!"
လင်းယန်သည် အစကတော့ ပြုံးပြရန် ပြင်ထားသော်လည်း ဤစကားကို ကြားလိုက်ရချိန်တွင် မျက်နှာမှာ ချက်ချင်း တည်သွားတော့သည်။ ဒါက လူပြောရမယ့် စကားလား။ မောက်မာတာလည်း အတိုင်းအထက်အလွန်ပဲ! ဘယ်သူက မင်းတို့ကို ဖိတ်လို့လဲ။ ဒီလို စရိုက်နဲ့ လက်ဖက်ရည် သောက်ချင်သေးတယ် ဟုတ်လား? ဟဲဟဲ... ရွာမှာ အဲ့ဒါမျိုး မရှိပါဘူး။
ရွာသားများ၏မျက်နှာမှာလည်း အလွန် ပျက်သွားရသည်။ ဆင်းရဲတာက ဆင်းရဲတာပေါ့၊ ဒါပေမဲ့ သိက္ခာတော့ ရှိကြသည် မဟုတ်လား။ ဘယ်က ရောက်လာတဲ့ အလေအလွင့်ကောင်လဲ။
ကျင်းကျန့်တုန်း၏ ဘေးမှလူက အမြန် ဝင်ချော့ရသည်။ "သခင်လေးကျင်း... စိတ်လျှော့ပါ၊ ဒီလူတွေက ဘာမှ နားမလည်ကြလို့ပါ။ သခင်လေးက စိတ်ထားကြီးပါတယ်၊ သူတို့ကို အပြစ်မယူပါနဲ့"
ကျင်းကျန့်တုန်းက နှာခေါင်းရှုံ့ကာ -
"မင်းတို့ ဘာသိမှာလဲ။ ငါတို့က ဒီမှာ သူတို့ကို ပိုက်ဆံလာပေးတာလေ။ ဟေ့... မင်းတို့ကို ငါ ယွမ် ၁၀ သန်း ပေးမယ်၊ ဒီနေ့ကစပြီး ဒီရွာတစ်ရွာလုံးက ငါတို့ ယွမ်ကျင့်ဂရု ပိုင်တာပဲ"
လင်းယန် တကယ်ကို ဆက်မကြည့်နိုင်တော့ဘဲ အဘိုးစူးကို တစ်ချက် လှည့်ကြည့်လိုက်သည်။
"ဒါလား အဘိုးပြောတဲ့ ယွမ်ကျင့်ဂရုဆိုတာ"
အဘိုးစူး မျက်နှာနီသွားကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။
"ငါ အဘိုးကြီး တစ်ခွန်းလောက် ပြောပါရစေ၊ ဒီနေရာကို ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် ဘယ်လို စီမံကိန်းတွေရှိလဲဆိုတာ အရင်ပြောပြသင့်တာပေါ့"
ကျင်းကျန့်တုန်းကတော့ အဘိုးစူးကို တစ်ချက်ကြည့်ပြီးနောက် အနောက်မှ စူးရို့ရို့ကို မျက်လုံးကစားလိုက်ကာ -
"ခင်ဗျားလို အဘိုးကြီးစုတ်ပြောတာကို ငါက နားထောင်ရမှာလား"
အဘိုးစူး ကြောင်အသွားပြီးနောက် မျက်လုံးများ နီမြန်းလာတော့သည်။
"ကောင်လေး... မင်း ဘာပြောလိုက်တယ်?"
***