လုံချန်
Vol. 24 Ch. 329
ဝေ့ဝူယင် တစ်ယောက် ရောင်စုံအလင်းတန်းများကို ဝန်းရံရင်း အဂ္ဂိရတ် ခန်းမထဲတွင် အလုပ်လုပ် နေခဲ့၏။ သင်းပျံ့သော ဆေးရနံ့များမှာ မွေးပျံ့ကြိုင်လှိုင်စွာဖြင့် အခန်းတစ်ခုလုံးတွင် ပြည့်နှက်နေသည်။ ၎င်းတို့က ကျင့်ကြံသူများအား အလွန် ဆွဲဆောင်နိုင်ကာ အာရုံများကိုပင် နှိုးဆွပေးနိုင်စွမ်း ရှိသည်။
အဂ္ဂိရတ် ခန်းမထဲမှ အပြင်သို့ ထွက်လာသော အခိုက်၌ စုမေ့ တစ်ယောက် စောင့်နေသည်ကို ဝေ့ဝူယင် တွေ့ရှိ လိုက်ရသည်။ သူမသည် ခါတိုင်းကဲ့သို့ပင် အနက်ရောင် တိုက်ပွဲဝင် ဝတ်စုံကို ဆင်မြန်းထား၏။ ထိုမိန်းကလေးက အတော်လေး စိုးရိမ်တတ်သည်ဟုပင် ဝေ့ဝူယင် တွေးလိုက်မိသည်။
ဤသည်က အဂ္ဂိရတ် ပညာချင်း ပြိုင်ကြမည့် တိုက်ပွဲ တစ်ခုသာ ဖြစ်သည်။ စစ်ပွဲ မဟုတ်ချေ။ ဝေ့ဝူယင်အား တွေ့သည်နှင့် စုမေ့က ဦးညွှတ်လိုက်၏။
“အရှင်ဝေ့... ပြိုင်ပွဲက နောက်တစ်နာရီ အတွင်း စတော့မယ်”
“ငါ တစ်ပတ်လောက် နောက်ကျမယ် ဆိုရင်တောင် သူတို့ စောင့်ကြမှာပါ...”
ဝေ့ဝူယင် အေးဆေးစွာပင် ပြုံးလိုက်သည်။ ထို့နောက် သူက အနက်ရောင် အဂ္ဂိရတ် ကောင်းကင် ဧကရာဇ် ဝတ်စုံကို ဝတ်ဆင်ကာ အပေါ်မှ အဖြူရောင် အဂ္ဂိရတ် ဝတ်ရုံကိုပါ ထပ်မံ ဆင်မြန်းလိုက်၏။ မတူကွဲပြားသော အငွေ့အသက်နှစ်မျိုးက တစ်ပြိုင်နက်တည်းပင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
စုမေ့နှင့် အတူ ကောင်းကင် နန်းတော်မှ အပြင်သို့ ထွက်လာသော အခိုက်၌ လောကတစ်ခုလုံး ဝိညာဥ် အာရုံများဖြင့် ပြည့်နှက်နေသည်ကို ဝေ့ဝူယင် သတိထားမိလိုက်သည်။ မကြာခဏ ဆိုသလိုပင် အာကာလွှာပြင် မသိမသာ လှုပ်ရှားသွားနေသည်ကိုလည်း သူ ခံစားရသည်။ ကြည့်ရသည်က မရေမတွက်နိုင်သော လူများမှာ အာကာသ ဂိတ်တံခါးများကို အသုံးပြု၍ အဆက်မပြတ် ရောက်ရှိလာနေကြပုံ ပေါ်သည်။
သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ကျင်းပခဲ့သည့် ပထမဆုံး အဂ္ဂိရတ် တိုက်ပွဲ အကြောင်း ပြန်လည် တွေးရင်း ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ထိုစဥ်က ပြိုင်ဘက်ကို ငှက်ပျောသီး အခွံနွှာ သလို လွယ်ကူစွာ အနိုင်ရရှိခဲ့ရာ ပြိုင်ပွဲက အတော်လေး ပျင်းစရာ ကောင်းခဲ့သည်ဟု ဆိုနိုင်ပေသည်။
"ထာဝရ နတ်မိမယ်လေးမှာ အံ့ဩစရာ ကောင်းလောက်တဲ့ အရည်အချင်းတွေ ရှိဖို့ မျှော်လင့်တယ်… ငါ့အရည်အသွေးကို အကောင်းဆုံး ဆိုတဲ့ လူနဲ့ပဲ စမ်းသပ်ချင်တယ်… ရှုံးရမယ် ဆိုရင်တောင် နောင်တ မရဘူး"
ဝေ့ဝူယင် အနေဖြင့် အဂ္ဂိရတ် နယ်ပယ်တွင် ပြိုင်ဘက်ကင်းသလို ဖြစ်နေခဲ့သည်မှာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် စိန်ခေါ်လိုသော ဆန္ဒတစ်ခုမှာ သူ့နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာ၌ ဖြစ်တည်နေသည်။
အနန္တ ဧကရာဇ်ဂိုဏ်းဝင် မဖြစ်ခင်တည်းကပင် သူသည် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ထိပ်ဆုံး အဂ္ဂိရတ် ပညာရှင် ငါးထောင်ထဲတွင် ပါဝင်ခဲ့သည်။ ထို့နောက် နှစ်အနည်းငယ် အတွင်းမှာပင် အဂ္ဂိရတ် အင်ပါယာ အဆင့်ကို တက်လှမ်းခဲ့သည်။ မကြာခင်မှာပင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာခဲ့ပြန်သည်။ ထိုမျှ မြန်ဆန်လှသည့် တိုးတက်မှုမျိုးကို တစ်ချိန်တစ်ခါက လျှမ်းလျှမ်းတောက်ခဲ့သည့် ထာဝရ ဧကရာဇ် ပင်လျှင် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
သူ၏ တိုးတက်မှုက အဘယ်ကြောင့် ထိုမျှလောက် မြန်ဆန်ခဲ့သနည်း။ ဝေ့ဝူယင် ကိုယ်တိုင်ပင် အကြောင်းရင်းကို သေချာ မပြောပြနိုင်ချေ။ သို့သော်လည်း အဖြစ်နိုင်ဆုံးကတော့ သူ ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံ နတ်မျက်လုံး၊ ကြယ်တာရာ ဝိညာဉ် လေးခု၊ ဧဒင်… သို့မဟုတ် အဂ္ဂိရတ် ပါရမီကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
အဂ္ဂိရတ် ပါရမီ အကြောင်း တွေးတောရင်း ထိုနေ့တွင် ချင်ကူးယွင် မေးမြန်းခဲ့သည့် မေးခွန်းကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိ၏။ ထိုအဂ္ဂိရတ် ပါရမီကြောင့်သာလျှင် အဂ္ဂိရတ် အစည်းအရုံးမှာ သူ့အား ငမ်းငမ်းတက် လိုချင်နေခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက် အပြီးတွင် အဂ္ဂိရတ် ပါရမီ၏ အရေးပါမှုနှင့် အဓိပ္ပာယ်ကို ဝေ့ဝူယင် ရှာဖွေရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း အရိပ်အမြွက်လောက်သာ သူ သိရှိခဲ့ရသည်။ ၎င်းနှင့် ပတ်သက်နေသည့် အဆင့်များ အကြောင်း အသေးစိတ် အချက်အလက်များပင် မပါဝင်ချေ။
ပြောရလျှင် သူ ရရှိထားသည့် အချက်အလက်များက အတော့်ကို ရိုးရှင်းလှသည်။ လမ်းစဉ် တစ်ခုလုံးကိုမှ အဆင့်နိမ့် ပါရမီ၊ အလယ်အလတ် ပါရမီနှင့် အဆင့်မြင့် ပါရမီဟုသာ ခွဲခြားထား၏။ ချင်ကူးယွင် ငမ်းငမ်းတက် လိုချင်နေရအောင် သူ၏ ပါရမီက မည်သည့် အဆင့်၌ ရှိနေလို့နည်း။
"ဘာပဲဖြစ်ဖြစ်… မကြာခင် ငါ သိလာရမှာပါ"
ဝေ့ဝူယင် တွေးလိုက်မိ၏။ အဂ္ဂိရတ် တိုက်ပွဲတွင် နိုင်သည် ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ… ချင်ကူးယွင်က ပါရမီ၏ အရေးပါပုံ အကြောင်း ပြောပြမည်ဟု ကတိပေးထားသည်။ သူ အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲရန် ဆုံးဖြတ်လိုက်ရခြင်းတွင် ၎င်းမှာ အရေး အကြီးဆုံး အစိတ်အပိုင်း တစ်ရပ် အနေဖြင့် ပါဝင်နေသည်။
အတွေးများကို ရုတ်သိမ်း လိုက်ရင်း ဝေ့ဝူယင် အောက်ကို ငုံ့ကြည့်လိုက်၏။ တိမ်တိုက် တိမ်စိုင်များက ဝင်္ကပါများလို မြောလွင့်ရင်း ကုန်းမြေကို တံတားတစ်စင်း သဖွယ် သွယ်ဆက်နေသည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့်ပင် သူ့ခန္ဓာကိုယ်မှာ ငှက်တစ်ကောင် အလား အောက်သို့ ထိုးစိုက် ပြုတ်ကျသွားတော့၏။
စုမေ့မှာ တွေဝေ တုန့်ဆိုင်းခြင်း မရှိပဲ နောက်မှ ထပ်ချက် မကွာ လိုက်ပါလာသည်။
"ဟူး… ဟူး…"
စုမေ့နှင့် ဝေ့ဝူယင်တို့မှာ ကြယ်တံခွန်များ အလား ကောင်းကင်မှ မြေပြင်ဆီ ပြုတ်ကျ လာနေခဲ့၏။ လေသည် တဟုန်းဟုန်း တိုက်ခတ် နေလေရာ ဆံပင်နှင့် အဝတ်အစားများမှာ တဖျပ်ဖျပ် လွင့်မြောနေကြသည်။ ဝေ့ဝူယင် ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ရင်း အပေါ်မှ ထပ်ချပ်မကွာ ပါလာသည့် စုမေ့နှင့် မျက်နှာချင်းဆိုင် လိုက်၏။
သူက သူမအား နွေးထွေးစွာ ပြုံးပြလိုက်သည်။ စုမေ့ကလည်း အပြုံးကလေးနှင့် တုန့်ပြန်၏။ အလွန် မြင့်မား ခေါင်ဖျားလှသည့် တစ်နေရာမှ ခြေလွတ်လက်လွတ် ပြုတ်ကျရသည့် လွတ်လပ်မှုမျိုးကား လောကတွင် ပြိုင်ဘက်ကင်း လှသည်။
ဘုန်း… ဘုန်း…
ဝေ့ဝူယင်နှင့် စုမေ့တို့မှာ ကောင်းကင် အလွှာများကို ကျောက်တုံးများလို ထိုးဖောက် လိုက်ကြ၏။ မကြာခင်မှာပင် ဆဋ္ဌမ အလွာထိ ရောက်ရှိလာကာ မြူထူ ကင်းလွတ်သည့် ဖန်တီးခြင်း တောင်ထွတ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူတို့ နှစ်ယောက်မှာ မန်နာတို့ကို ဝန်းရံလိုက်ရင်း ခန္ဓာကိုယ် အရှိန်ကို လျှော့ကာ စတင် ပျံသန်းလိုက်ကြ၏။
ဝှစ်… ဝှစ်…
ပျံသန်းခြင်း၏ အရသာကို အပြည့်အဝ ခံစားရင်း ဝေ့ဝူယင် ပြုံးလိုက်၏။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်က သူကား ခွန်အား ကင်းမဲ့ခဲ့သည့် ချီပျစ်ခဲခြင်း အဆင့် တစ်ယောက်သာ ဖြစ်ခဲ့သည်။ ကောင်းကင်တွင် နတ်ဘုရား တစ်ပါးကို ပျံသန်းနေသည့် ဝူကျိုးအား ကြည့်ကာ အားကျခဲ့ရသည်။ ကြယ်တာရာ မျှော်စင်ကို ငေးမောရင်း ကောင်းကင်ထက်၌ နန်းတော်တစ်ခု ပိုင်ဆိုင်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော်လည်း ယခုတွင်မူ စိတ်ကူးပင် မယဉ်နိုင်လောက်သည့် အောင်မြင်မှုများကို သူ ရရှိနေခဲ့ပြီ ဖြစ်သည်။
"ကျင့်ကြံခြင်းက တကယ် အံ့အားသင့်ဖို့ ကောင်းလွန်းတယ်"
ဝေ့ဝူယင် စုမေ့ဘက်ကို လှည့်ကာ ပြောလိုက်ရင်း ပျံသန်းနေသည့် အရှိန်ကို တိုးမြှင့် လိုက်၏။
ဘုန်း…
လွယ်ကူစွာပင် သူ၏ အရှိန်က အသံ၏ အမြန်နှုန်းထက် ကျော်လွန်သွားသည်။ စုမေ့မှာ လျှင်မြန်စွာ ဝေးကွာသွားသည့် ဝေ့ဝူယင်၏ ပုံရိပ်ကို ကြည့်ရင်း ပြုံးလိုက်မိ၏။ ထိုလူငယ်မှာ စိုးရိမ်မှု၊ ပူပန်မှု သိပ်မရှိလှပဲ လွတ်လပ်စွာ ပြုမူတတ်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ မကြာခင် အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲရတော့မှာ ဖြစ်သည့်တိုင် အနည်းငယ်မှ စိုးရိမ် ပူပန်ပုံ မရချေ။ စုမေ့ ခေါင်းကို ခါလိုက်ရင်း ပျံသန်းနေသည့် အရှိန်ကို မြှင့်တင်လိုက်တော့၏။
ဟူး… ဟူး…
ဝေ့ဝူယင်မှာ စုမေ့ တဖြည်းဖြည်းနှင့် သူ့အား မှီလာသည်ကို တွေ့လိုက်ရသည်။ သူ ပြုံးရင်း နောက်ကို လှည့်ကြည့်လိုက်၏။
"အရင်ရောက်တဲ့သူ အနိုင်ပဲ"
စုမေ့၏ မျက်ခုံးများမှာ ခုန်ပေါက် သွား၏။ ပြိုင်ဆိုင်လိုသည့် အလင်းတစ်ခုက သူမ၏ မျက်ဝန်းနက်များတွင် ဖြစ်ပေါ်လာသည်။
"ကောင်းပြီလေ…"
ခေါင်းတစ်ချက် ညိတ်လိုက်ရင်း သူမ ကြယ်တာရာ ဝိညာဉ်နှင့် ချိတ်ဆက်လိုက်၏။ ချက်ချင်းပင် သူမ၏ မန်နာထိန်းချုပ်မှုများမှာ ယခင်ကထက် အဆပေါင်း များစွာ မြင့်တက် လာ၏။
ဘုန်း…
အလွန် ပြင်းထန်လှသော အရှိန်အဟုန် ပေါက်ကွဲမှုနှင့် အတူ သူမ၏ ခန္ဓာကိုယ်က ဝေ့ဝူယင်ကို ရိပ်ခနဲ ကျော်လွန် သွားတော့၏။ သူမအား တစ်ချက် လှမ်းကြည့်လိုက်ရင်း ဝေ့ဝူယင်က ပျော်ရွှင်စွာ ရယ်မော လိုက်သည်။
ကြည့်ရသည်က ထိုမိန်းကလေးမှာ သူ မည်သူ ဖြစ်သည်ကို မေ့လျော့နေဟန် ရသည်။ ဤသည်က သူမအား သတိပေးရမည့် အချိန်ပင် ဖြစ်သည်။ စိတ်အား တက်ကြွမှုနှင့် အတူ သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ ခုန်ပေါက်လာ၏။
ဘုန်း…
ဤသို့နှင့် သူတို့ နှစ်ယောက်မှာ ကြယ်ပျံများလို မိုးကုပ်စက်ဝိုင်း အတွင်း ပျောက်ကွယ် သွားကြလေတော့သည်။
…
"ဒါက တကယ် မိုက်ရူးရဲ ဆန်တာပဲ…"
ဖိအားများ ပြည့်နှက်နေသည့် အင်အားကြီး အသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက ပတ်ဝန်းကျင် တစ်ခုလုံးကို လှိုင်းလုံးများလို ပျံ့နှံ့သွားကာ လူသန်းပေါင်း ရာချီ၏ နားများထဲ ရောက်ရှိသွားသည်။
"ဒါက သူ့ရဲ့ အခွင့်အရေးပဲလေ…"
အခြား အသံတစ်ခုက ဆန့်ကျင်ဘက် အသွင်ဖြင့် ထွက်ပေါ်လာသည်။ ထိုအရာကို လေ့လာနေသည့် မရေမတွက်နိုင်သော လူများ၏ အမူအရာများက ပြောင်းလဲသွားကာ စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်သွားကြ၏။
ထိုအသံနှစ်ခုမှာ အဂ္ဂိရတ် တိုက်ပွဲ ကွင်းပြင် အထက်ရှိ တိုက်ပွဲစင်မြင့် ထက်မှ လာခြင်းပင် ဖြစ်လေသည်။ ပထမ အသံပိုင်ရှင်မှာ လိပ်ခွံ တစ်ခုကို ကျောထက်၌ သယ်ပိုးထားသည့် ဉာဏ်ပညာ ရင့်ကျက်ဟန်ရသော ပုံရိပ် တစ်ခု ဖြစ်၏။ သူမကား ဗဟို အင်ပါယာ တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ဇင်ပင် ဖြစ်လေသည်။ ဒုတိယ အသံပိုင်ရှင်မှာမူ စစ်တောင်ထွတ်မှ အင်ပါယာ သူတော်စင် ကျိချန်းကောင်း ဖြစ်၏။
ဇင်၏ မျက်လုံးများမှာ ဒေါသအလင်းဖြင့် တဖျပ်ဖျပ် တောက်ပနေကာ ကျိချန်ကောင်းကို စိုက်ကြည့်နေ၏။ ကျိချန်းကောင်းမှာ ဓားနှင့် ဆေဘာ ရည်ရွယ်ချက်တို့ကို ထုတ်ဖော်ထား၏။ အလွန်တရာ လှပလှသည့် ထက်ရှသော အလင်းတန်းများမှာ သူ့ခန္ဓာကိုယ် တစ်ဝိုက်ကို နတ်မိမယ်လေးများ ကဲ့သို့ ဝန်းရံနေသည်။
သူတို့ နှစ်ယောက်နှင့် မလှမ်းမကမ်းတွင်မူ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများနှင့် အလွန် ချောမောလှသော လူငယ်လေး တစ်ယောက် ရှိ၏။ သူသည် အဖြူ၊ အနီ၊ ရွှေရောင် တို့ဖြင့် ရောစပ် ချုပ်လုပ်ထား သည့် ဓားသမား ဝတ်စုံကို ဝတ်ဆင်ထားသည်။ တော်ဝင် အင်ပါယာ အရှိန်အဝါများမှာ သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။ သူ့ကို မသိသူများ ပင်လျှင် ထိုအရှိန်အဝါကို မြင်သည်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း တန်းကာ သိရှိကြလိမ့်မည် ဖြစ်သည်။
လုံချန်…
ထိုအခိုက်အတန့်၌.. လုံချန်၏ အမူအရာက နက်မှောင် လေးလံကာ အုံ့မှိုင်းမှု တစ်ခုကို သယ်ဆောင်ထား၏။ စူးရဲသော မျက်လုံးများကမူ လေးစားမှု အရိပ်အယောင် တစ်ခုတစ်လေကိုမှ ပြသခြင်း မရှိပဲ ဇင်ကို စိုက်ကြည့်နေခဲ့သည်။
***