အခန်း (၅၁-၅၂)
Vol. 4 Ch. 51-52
စူပါ-ဖမ်း(SFS)
အခန်း ၅၁ ။ စိုက်ပျိုးရေးတက္ကသိုလ်၏ အလှမယ် ဝူယင်း
ယွမ်ကျင့်ဂရုဌာနချုပ်သည် ချန်ကျန်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး၊ ကောင်းကင်ယံသို့ ထိုးထွက်နေသော အဆောက်အအုံကြီးမှာ ဟန်ကျိုးမြို့၏ အမှတ်အသားတစ်ခုပင် ဖြစ်သည်။
ကျင်းယွမ်ဟန်သည် ထိုင်ခုံတွင် ပျော့ခွေစွာ ထိုင်နေရင်း နဖူးကို လက်ဖြင့် ဖိထားမိသည်။
"သူ့ကို ပြန်ထုတ်ပေးဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား။ ငါလည်း ဒီနှစ်တွေမှာ စီးပွားရေးပဲ အာရုံစိုက်နေမိလို့ သူ့ကို သေချာ မဆုံးမခဲ့မိဘူး။ ဒီလောက်အထိ ပြဿနာကြီးအောင် လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဝန်ထမ်းတွေ စုဆောင်းလာတဲ့ သူ့သား ကျူးလွန်ခဲ့သော ပြစ်မှုစာရင်းများကို ကြည့်လိုက်လျှင် တကယ့်ကို ထိတ်လန့်စရာကောင်းလှပေသည်။ အချို့သောကိစ္စများကို သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေရ၏။ ထိုကောင်ကို ထောင်ထဲမှာပဲ တစ်သက်လုံး ပိတ်ထားလိုက်ချင်စိတ်ပင် ပေါက်မိသည်။ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အလေအလွင့်ကောင်မျိုး မွေးလာရတာလဲ!
အကယ်၍ အိမ်က မိန်းမကြီးကသာ သားဖြစ်သူအတွက် သေမတတ် ပူဆွေးနေခြင်းမရှိပါက သူ လုံးဝ ဝင်ပါမည် မဟုတ်ပေ။
"ဟူး..."
ကျင်းယွမ်ဟန် တစ်ယောက် စိတ်တွေ အရမ်းကို ရှုပ်ထွေးနေမိသည်။ အစကတည်းက အတူတူ ရုန်းကန်လာခဲ့တဲ့ ဇနီးသည်ကို အားနာ၍သာ ယခုလို လုပ်ဆောင်နေရခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် အရှက်ကို ဖယ်ကာ အဘိုးစူးဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
"အဲ့ဒီ ဖရဲသီးကိုကိုရဲ့ ဖုန်းနံပါတ်ကို ရှာပေး။ သူ့ကို အဖော်ခေါ်ပြီး အဘိုးစူးဆီ သွားတွေ့မယ်"
နောက်ဆုံးတွင် ကျင်းယွမ်ဟန်သည် အဘိုးစူး၏ ခွင့်လွှတ်မှုကို ရရှိရန် ဤနည်းလမ်းကိုသာ ရွေးချယ်လိုက်ရတော့သည်။ လင်းယန်ကို ဖိတ်ခေါ်ရခြင်းမှာ အဘိုးစူး၏စိတ်ကို ပြေလျော့စေရန်အတွက် ဖြစ်၏။ သူ့အမြင်တွင် လင်းယန်သာ မပါလျှင် အဘိုးစူးသည် ထိုကဲ့သို့သော တောခေါင်ခေါင်နေရာသို့ သွားမည်မဟုတ်ဟု ယူဆထားသည်။ လောင်ဝမ်ပါ ရှိနေခြင်းက ကိစ္စကို ပို၍ လွယ်ကူစေနိုင်သည် မဟုတ်လား။
…….
သို့သော် လင်းယန်သည် ဤကဲ့သို့သော ပြဿနာများကြားထဲ ဝင်ပါချင်စိတ် လုံးဝမရှိသည်ကိုတော့ သူ မသိရှာပေ။ အေးအေးဆေးဆေး လယ်စိုက်နေရတာကမှ ပိုပြီး ဇိမ်ကျသည် မဟုတ်လား။
နွားလှည်းကို ပြင်ဆင်ပြီး မြင်းကလေး ဝူးယာကို နှာခေါင်းစည်းတပ်ပေးလိုက်သည်။ နှာခေါင်းစည်း တပ်ရခြင်းမှာ မြင်းကလေးက သီးနှံများကို လျှောက်မစားစေရန်ဖြစ်သည်။ သို့သော် မြင်းနက်ကလေးမှာတော့ အသားမကျသေးသဖြင့် နှာခေါင်းစည်းကို ခါထုတ်ရန် အတင်း ကြိုးစားနေတော့သည်။
ဝူးယာကို လယ်ထွန်ရန် မခိုင်းသေးသော်လည်း ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် သူ ခေါ်လာခြင်း ဖြစ်သည်။ နောင်ကျလျှင် လယ်ကွင်းများဆီသို့ မြင်းစီးပြီး လာ၍ရသည် မဟုတ်လား။ လမ်းလျှောက်တာထက်စာရင်တော့ ပိုပြီး သက်သောင့်သက်သာ ရှိပေလိမ့်မည်။
"အဘိုးဝမ်... အဘိုးက တကယ် လိုက်ခဲ့မှာလား။ မလိုပါဘူး"
လောင်ဝမ်က ပြုံးကာ -
"ရပါတယ်၊ ငါက မြေပဲတော့ မနှုတ်နိုင်ပါဘူး၊ နွားလှည်းကိုပဲ စောင့်ကြည့်ပေးမယ်လေ"
လင်းယန် ပြုံးလိုက်မိသည်။ လောင်ဝမ်က အသက်ကြီးပြီဆိုတော့ အလုပ်ကြမ်း မလုပ်နိုင်တော့သည်မှာ အမှန်ပင်။ ဒါပေမဲ့ သူခေါ်လာတဲ့ တပည့် သုံးယောက်ကတော့ လူပျိုလူလွင်တွေပဲလေ!
ထိုအထဲတွင် အငယ်ဆုံးဖြစ်သူမှာ အသက် ၂၆ နှစ်ရှိ ပါရဂူတန်း ကျောင်းသူ ဝူယင်းဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ်၏ နာမည်ကြီး အလှမယ်တစ်ဦး ဖြစ်သည်။ လောင်ဝမ်သည် လင်းယန်၏ဘေးသို့ကပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။
"ငါသာ မလာရင် ဒီရှောင်ဝူကလည်း လယ်ထဲ လိုက်လာမှာ မဟုတ်ဘူး။ သူက ဓာတ်ခွဲခန်းထဲမှာပဲ နေနေတာ ကြာတော့ ရည်းစားတောင် မရှိသေးဘူးလေ။ ငါက ဆရာတစ်ယောက်အနေနဲ့ သူ့အတွက် စိတ်ပူပေးရတာပေါ့။
မင်း ဒီရှောင်ဝူကို ဘယ်လိုမြင်လဲ၊ လောင်စူးအိမ်က မြေးမလေးထက်တောင် ပိုတော်မယ်လို့ ငါ ထင်တယ်နော်"
လောင်ဝမ်သည် လင်းယန်ကို မျက်စိတစ်မှိတ်ပြရင်း ပြောနေသော်လည်း သူ တိုးတိုးလေး ပြောသည်ဟု ထင်နေသော အသံမှာ တကယ်တမ်းတွင်မူ အားလုံးကြားနေရသည်။ အနည်းဆုံးတော့ လှည်းပေါ်ကလူတွေ အကုန်လုံး အသေအချာ ကြားလိုက်ရခြင်းဖြစ်သည်။
ကျန်သည့် ပါရဂူကျောင်းသား နှစ်ယောက်မှာတော့ ရယ်ချင်စိတ်ကို အောင့်ထားရင်း ဘာမှမသိသလို ဟန်ဆောင်နေကြရသည်။ ဝူယင်းကတော့ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ခေါင်းထဲကပင် အခိုးအငွေ့တွေ ထွက်တော့မည့်အတိုင်းပင်။ လောင်ဝမ်မှာ အသက်ကြီးသဖြင့် နားလည်း အနည်းငယ် ထိုင်းနေသဖြင့် သူ တိုးတိုးလေး ပြောနေသည်ဟု ထင်သော်လည်း အမှန်တော့ အသံက တော်တော်ကျယ်နေခြင်းဖြစ်သည်။
လင်းယန် အနေခက်စွာဖြင့် ဝူယင်းကို ပြုံးပြလိုက်သည်။
"အဘိုးဝမ်... တော်ပါတော့၊ အကုန်ကြားနေရပြီ"
လောင်ဝမ်က ဝူယင်းကို တစ်ချက် ကြည့်လိုက်ပြီး အသက် ၈၀ နီးပါး အဘိုးကြီးမှာ အနည်းငယ် ရှက်သွားဟန်ဖြင့် -
"အဟမ်း... အဟမ်း... မင်းတို့ အချင်းချင်း ရင်းနှီးအောင်နေကြပေါ့၊ အကျိုးရှိတာပေါ့"
ဝူယင်းက နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ -
"သူက အသက် ၂၀ ပဲ ရှိသေးတာ မဟုတ်လား။ ကျွန်မက သူနဲ့တွဲရင် တခြားလူတွေက နွားအိုမြက်နုကြိုက်တယ်လို့ ပြောကြမှာပေါ့"
လင်းယန် နှုတ်ခမ်းလေး တွန့်သွားမိသည်။ ခုနကတင် ရှက်နေတဲ့ အစ်မကြီးက အခုကျမှ ဘာလို့ ဒီလောက်အထိ ပြတ်သားသွားရတာလဲ။ မြက်နုစားတယ် ဟုတ်လား... စားတောင် မစားရသေးပါဘူး!
ဒါ့အပြင် အသက်ကြီးတဲ့သူတွေက ပိုပြီးတော့ စိတ်ချင်းနီးစပ်ဖို့ ကောင်းတတ်တာပဲလေ။ ရန်ကျင်းလီ၊ စူးရို့ရို့၊ ချင်စုစု တို့ကလည်း သူ့ထက် ကြီးကြတာပါပဲ။ ဒါက ပြဿနာ မဟုတ်ပါဘူး။ တစ်ခုတည်းသော ပြဿနာကတော့ သူ့ဘေးနားမှာ မိန်းကလေးတွေ အရမ်းများနေတာပါပဲ။
ဝူယင်းသည် တကယ်ကို လှပသလို ကိုယ်လုံးကိုယ်ပေါက်လည်း ကောင်းမွန်လှသည်။ အေးအေးဆေးဆေး နေတတ်သည့်ပုံစံ ရှိသော်လည်း စကားပြောလိုက်လျှင်တော့ တကယ့်ကို ရဲရင့်သူတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။
လောင်ဝမ်က ချောင်းနှစ်ချက် ဟန့်လိုက်ကာ -
"အဟမ်း... ရှောင်ဝူက အကုန်ကောင်းတယ်၊ စကားပြောရင် ဦးနှောက်မပါဘဲ တန်းပြောတတ်လို့ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာပဲ ရှိတာ"
ဝူယင်း၏မျက်လုံးများက လင်းယန်၏ကိုယ်ပေါ်တွင် စိုက်ကြည့်နေဆဲ ဖြစ်သည်။
"စကားပြောပြီး အချိန်ဖြုန်းနေမယ့်အစား၊ စမ်းသပ်မှုတွေ ပိုလုပ်တာက မကောင်းဘူးလား။ ဒီလူက ကျွန်မတို့ကျောင်းရဲ့ အထူးဖိတ်ကြားခံ ပါမောက္ခဆိုတဲ့သူပေါ့နော်။ ပါမောက္ခလင်းက နည်းနည်းတော့ ငယ်လွန်းနေသလိုပဲ"
လောင်ဝမ်က မျက်မှောင်ကြုတ်ကာ -
"ပညာမှာ အသက်ကြီးငယ် မခွဲခြားဘူး၊ တတ်တဲ့သူက ဆရာပဲ"
"ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ဟို အစွမ်းထက် မုန်ညင်းမျိုးစေ့ကို သူ စိုက်ထုတ်ခဲ့တာဆိုတာကိုတော့ ကျွန်မ မယုံဘူး၊ သူက အရမ်း... အရမ်း 'ငယ်' သေးတယ်လေ"
လင်းယန် နှုတ်ခမ်းလေး တွန့်သွားရပြန်သည်။ ဘာမှမတွေ့ရသေးဘဲနဲ့ ဘယ်လိုဖြစ်ပြီး သူများရဲ့ 'အရွယ်အစား' ကို ဝေဖန်နိုင်ရတာလဲ။ (မှတ်ချက် - ဝူယင်းက အတွေ့အကြုံ ငယ်သည်ဟု ဆိုလိုခြင်း ဖြစ်သော်လည်း လင်းယန်က နှစ်ခွစကားအဖြစ် တွေးမိခြင်း ဖြစ်သည်)
လောင်ဝမ် ဒေါသထွက်သွားကာ -
"သူ့ကို ငါကိုယ်တိုင် ရှာတွေ့ခဲ့တာလေ၊ မင်းက ငါ့ကို သံသယဝင်နေတာလား"
ဝူယင်း ခေါင်းငုံ့သွားပြီး - "မဝင်ရဲပါဘူး"
"ဟွန့်... ကောင်လေးလင်းနဲ့ ကြာကြာ ပတ်သက်ကြည့်ရင် မင်း သိလာလိမ့်မယ်။ ကျောင်းမှာ သင်တာတွေက အပေါ်ယံတွေပဲ၊ စိုက်ပျိုးရေး ဗဟုသုတဆိုတာ ငါတို့ ထင်ထားတာထက် အများကြီး ပိုကျယ်ဝန်းတယ်။ ဓာတ်ခွဲခန်းထဲမှာပဲ အောင်းမနေနဲ့၊ ကောင်းကျိုး မရှိဘူး"
ဝူယင်း နှုတ်ခမ်းလေး စူလိုက်မိသည်။ ကျောင်းက သင်တာတွေက အပေါ်ယံတဲ့လား။ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ဓာတ်ခွဲခန်းက တစ်ကမ္ဘာလုံးမှာတောင် ထိပ်တန်းစာရင်းဝင်တာလေ။ ဘာလို့ ဓာတ်ခွဲခန်းထဲမှာ တစ်သက်လုံး နေလို့မရရမှာလဲ။
လောင်ဝမ်၏စကားက သူမ၏ အရှုံးမပေးလိုသော စိတ်ဓာတ်ကို နှိုးဆော်လိုက်သည်။ ဤချောမောလွန်းသော လူငယ်လေးမှာ ဘာတွေ တတ်နိုင်သလဲဆိုတာကို သူမ သိချင်လာတော့သည်။
စကားပြောရင်းနှင့် မြေပဲခင်းသို့ ရောက်ရှိလာခဲ့ကြသည်။ ဤမြေကွက်မှာ တစ်ဧကခန့် ကျယ်ဝန်းပြီး မြေပဲပင်၏အရွက်အချို့မှာ ဝါနေလေပြီ။ လောင်ဝမ်က မြေပဲပင်များကို ကြည့်ကာ ကြောင်သွားစဉ် ဝူယင်းက တိုက်ရိုက် ဝေဖန်တော့သည်။
"ဘာလို့ ဒီလောက်အထိ ကျဲနေရတာလဲ။ ဓာတ်ခွဲခန်းမှာဆိုရင် ဒီထက် အများကြီး စိပ်စိပ်စိုက်တာလေ။ ပြီးတော့ ဒီမြေပဲပင်တွေက ဘာလို့ ဒီလောက်အထိ မြင့်နေရတာလဲ။ ဒါက ဘယ်လိုမျိုးစိတ်လဲ"
ပြောပြောဆိုဆိုနှင့် ဝူယင်းသည် မြေပဲတစ်ပင်ကို ဆွဲနှုတ်လိုက်ပြီး အသေအချာ စစ်ဆေးတော့သည်။
"အရမ်းများတာပဲ... အသီးတွေက သာမန်မြေပဲထက် အများကြီး ပိုကြီးတယ်၊ ပြီးတော့ အသီးမပြည့်တဲ့ မအောင်တဲ့ဟာမျိုးလည်း မရှိသလောက်ပဲ"
ဝူယင်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
"ရှင့်ရဲ့ မြေပဲက စားဖို့အတွက် စိုက်တာလား၊ ဒါမှမဟုတ် ဆီကြိတ်ဖို့အတွက်လား"
ဤမေးခွန်းက လင်းယန်ကို အခက်တွေ့သွားစေသည်။ မြေပဲဆိုတာ စားလို့လည်း ရသလို၊ ဆီကြိတ်လို့လည်း ရသည် မဟုတ်လား။ စနစ်က ပေးတဲ့ မျိုးစေ့က ဘယ်ဘက်ကို ဦးစားပေးလဲဆိုတာ သူ ဘယ်လို သိမှာလဲ။
ဒါ့အပြင်... ပုံမှန် လယ်စိုက်တဲ့သူတွေက အဲ့ဒီလောက်အထိ သေသေချာချာ ခွဲခြားနေလို့လား။
သို့သော် ဝူယင်း မြေပဲနှုတ်လိုက်သည့် အခိုက်အတန့်တွင် စနစ်အသံက သူ့ကို ဆွဲဆောင်သွားခဲ့သည်။
[ဒင်! ဂုဏ်ယူပါတယ် Host၊ မြေပဲတစ်ပင် ရိတ်သိမ်းပြီးပါပြီ။ ဆုကြေးငွေ ၈,၀၀၀ ရရှိပါသည်။]
ပုံမှန်ဆိုရင် တစ်သောင်း ရရမှာလေ။ လင်းယန်ကိုယ်တိုင် တစ်ပင် နှုတ်ကြည့်လိုက်သည်။
[ဒင်! ဂုဏ်ယူပါတယ် Host၊ မြေပဲတစ်ပင် ရိတ်သိမ်းပြီးပါပြီ။ ဆုကြေးငွေ ၁၀,၀၀၀ ရရှိပါသည်။]
အတည်ပဲ! တစ်ခြားလူက ဝိုင်းကူပေးရင် ဆုကြေးက ၈၀ ရာခိုင်နှုန်းပဲ ရတော့တာကိုး။ ဒါပေမဲ့ ဒါက အလုပ်အများကြီး သက်သာစေတာတော့ အမှန်ပဲ။
ဝူယင်းက လင်းယန် စဉ်းစားနေသည်ကို မြင်သောအခါ ထပ်မံ မေးမြန်းပြန်သည်။
"ဘယ်အမျိုးအစားလဲလို့လေ"
"အဲ့ဒါက ကွာခြားလို့လား" လင်းယန်က ပြန်မေးလိုက်လေတော့သည်။
***
စူပါ-ဖမ်း(SFS)
အခန်း ၅၂ ။ နောက်ထပ် အထွက်နှုန်းကောင်းသော သီးနှံတစ်မျိုး
မည်သည့် တောင်သူလယ်သမားအတွက်မဆို မြေပဲကို စားသုံးရန်ဖြစ်စေ၊ ဆီကြိတ်ရန်ဖြစ်စေ အသုံးပြုခြင်းမှာ သိပ်ပြီး ကွာခြားမှု မရှိလှပေ။
အထွက်နှုန်းကောင်းပြီး ရောင်းထွက်နေသရွေ့ အဆင်ပြေသည်သာ ဖြစ်သည်။ လယ်သမားများ၏ အမြင်တွင် မြေပဲ၌ အသုံးဝင်မှု နှစ်မျိုးသာ ရှိသည်။ မြေပဲစေ့များကို စားသုံးရန် သို့မဟုတ် ဆီကြိတ်ရန် အသုံးပြုကြပြီး၊ မြေပဲပင် (မြေပဲရိုး) များကိုမူ တိရစ္ဆာန်အစာ (သို့မဟုတ်) ထင်းအဖြစ် အသုံးပြုကြသည်။ နွားဖြစ်စေ၊ မြင်းဖြစ်စေ မြေပဲရိုးကို အလွန်နှစ်သက်ကြသည်။ အဓိကအကြောင်းရင်းမှာ ၎င်းတွင် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်နေသောကြောင့်ပင်။
ဝူယင်း ပြောနေသော ခွဲခြားသတ်မှတ်မှုများနှင့် ပတ်သက်၍မူ... လင်းယန် တကယ်ကို နားမလည်ပေ။ စားသည်ဖြစ်စေ၊ ဆီကြိတ်သည်ဖြစ်စေ အသုံးပြုရသည်မှာ မြေပဲစေ့များကိုသာ မဟုတ်လား။
"မင်း အားရင်လည်း ကိုယ့်ဘာသာဆက်ပြီး သုတေသန လုပ်ကြည့်လိုက်လေ။"
လင်းယန်က ဖြစ်သလိုလေး ပြန်ဖြေလိုက်ပြီး အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ 'ငါ ပိုက်ဆံရှာမယ့် လမ်းကို လာမပိတ်နဲ့!' ဟုသာ တွေးနေမိသည်။
[ဒင်! Host သည် မြေပဲတစ်ပင်ကို အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့သဖြင့် ဆုကြေး 10,000 ရရှိပါသည်။]
[ဒင်! Host သည် မြေပဲတစ်ပင်ကို အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့သဖြင့် ဆုကြေး 10,000 ရရှိပါသည်။]
...
လင်းယန်၏ရိတ်သိမ်းမှုအမြန်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ လောင်ဝမ်၏ ကျောင်းသား သုံးယောက် ပေါင်းလုပ်သည့် အမြန်နှုန်းကပင် လင်းယန် တစ်ယောက်တည်း၏ အမြန်နှုန်းကို မမီနိုင်ပေ။
သို့သော် အလုပ်လုပ်နေသည်ကို ခနရပ်နားလိုက်ချိန်မှသာ လင်းယန် တစ်ခုသတိထားမိသွားသည်။ ဝူယင်းသည် ဘယ်နေရာကနေ ထုတ်ယူလာမှန်းမသိသော စမ်းသပ်ကိရိယာများကို ကိုင်ဆောင်ကာ လယ်ကွင်းထဲတွင် စစ်ဆေးမှုများ ပြုလုပ်နေခြင်းပင်။ တစ်ချိန်တည်းမှာပင် မှတ်စုစာအုပ်ကို လှည်းပေါ်တွင် ဖြန့်တင်ထားပြီး စမ်းသပ်လိုက်၊ မှတ်တမ်းတင်လိုက် လုပ်နေလေသည်။ တကယ့်ကို အံ့မခန်းပါပဲ!
"တကယ်ကို ကွာခြားတာပဲ!"
ဝူယင်းက ရုတ်တရက် အံ့ဩတကြီး အော်ဟစ်လိုက်သည်။
လှည်းမောင်းနေသော လောင်ဝမ်လည်း အနားသို့ ကပ်လာပြီး မေးလိုက်သည်။
"ဘယ်လို ကွာခြားတာလဲ?"
"အာဟာရဓာတ် ပါဝင်မှုက သာမန်မြေပဲတွေထက် လေးဆလောက် ပိုများနေတယ်။ ဆီထွက်နှုန်း ခန့်မှန်းချက်ကလည်း ၅၀ ရာခိုင်နှုန်း ဝန်းကျင်လောက် ရှိတယ်၊ ပုံမှန်မြေပဲထက် နည်းနည်းလေး ပိုများတယ်။"
ထိုစကားကို ကြားသောအခါ လောင်ဝမ်က ခေါင်းညိတ်လိုက်သည်။
"ကောင်လေးလင်း စိုက်ပျိုးထားတဲ့ အရာတွေက အကုန်လုံး ထူးခြားနေတာချည်းပဲ။ ဒီမြေပဲစေ့တွေရဲ့ အာဟာရတန်ဖိုးက အရမ်းကို ကောင်းလွန်းတယ်။ များများစားပေးရင် ရောဂါဘယတွေကိုတောင် ကာကွယ်နိုင်လိမ့်မယ်။"
ဤစကားကို ကြားသောအခါ လင်းယန်သည် မြေပဲစေ့လေးများကို အသာအယာ ညှစ်ကြည့်လိုက်မိသည်။ မြေပဲသည် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပြီး လုံလောက်သော စွမ်းအင်များ ပါဝင်သည့်အပြင် အူလမ်းကြောင်းကို စိုစွတ်စေကာ ဝမ်းမှန်စေသော အာနိသင်လည်း ရှိသည်။ သို့သော် ဤအချက်များမှာ သာမန်မြေပဲတိုင်းတွင်ရှိသော အစွမ်းအာနိသင်များသာ ဖြစ်သည်။ မြေပဲဆိုသည်မှာ အစားအစာတစ်ခုသာဖြစ်ပြီး ဆေးဝါးအဖြစ် အသုံးပြု၍ မရနိုင်ပေ။
စိတ်ထဲမှ တွေးနေသော်လည်း လင်းယန်၏လက်ထဲမှ အလုပ်များကတော့ လုံးဝ ရပ်တန့်မသွားပေ။ မြေတစ်ဧကစာ ကျယ်ဝန်းသော မြေပဲခင်းကို လူအနည်းငယ်ဖြင့် အလုပ်ရှုပ်နေကြခြင်း ဖြစ်သည်။ နေ့လယ်ပိုင်းတွင် စူးရို့ရို့က ထမင်းလာပို့ပေးပြီး၊ ညနေစောင်းရောက်မှသာ အားလုံး ပြီးစီးသွားတော့သည်။
သို့သော်...
"မင်း အဲ့ဒီ မြေကြီးတွေကို တူးပြီး ဘာလုပ်မလို့လဲ?"
လယ်ထဲမှ မြေကြီးများကို တူးဆွနေသော ဝူယင်းကို ကြည့်ပြီး လင်းယန်မှာ ဆွံ့အသွားရသည်။
"ဓာတ်ခွဲခန်း ပြန်ရောက်ရင် ဓာတ်ခွဲစမ်းသပ်ကြည့်မလို့ပါ။ မြေဆီလွှာကြောင့်လား၊ မျိုးစေ့ကြောင့်လား ဆိုတာ သိရအောင်လို့။ တကယ်လို့ မျိုးစေ့ကြောင့်သာ ဆိုရင်တော့ ဒီမြေပဲက စိုက်ပျိုးရေးလောကအတွက် ကြီးမားတဲ့ တိုးတက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ဆီကြိတ်ဖို့ သုံးတာထက် တိုက်ရိုက် စားသုံးဖို့ဆိုရင်တော့ အရသာက တကယ့်ကို အကောင်းဆုံးပဲ။"
ဝူယင်းက ချီးကျူးလိုက်သည်။
လင်းယန် လုံးဝ စကားပြောစရာ စကားမရှိတော့ပေ။ စားလို့ ကောင်းမကောင်း သူမ ပြောနေစရာ လိုသေးလို့လား။ စနစ်က ပေးတဲ့ မျိုးစေ့တွေနဲ့ စိုက်ထားတာ ဘယ်ဟာကများ စားလို့ မကောင်းတာ ရှိလို့လဲ! ဤမြေပဲ၏ရနံ့မှာ တကယ်ကို ထူးခြားလှသည်။ ၎င်း၏ မူလအရသာကပင်လျှင် ပြုပြင်ထုတ်လုပ်ထားသော မြေပဲများ၏ အရသာထက် အများကြီး သာလွန်နေသည်။ သူ ဘယ်လိုသိသလဲဟုတော့ မမေးနှင့်၊ မေးလျှင် မြည်းကြည့်ပြီးသွားပြီ ဟုသာ ဖြေရမည်။
"မြန်မြန်လုပ်၊ ပြီးရင် အမြန်ပြန်ကြမယ်။ ဆေးကြောပြီးမှ နေလှန်းလို့ ရမှာ။"
ဝူယင်းက အမြန် ခေါင်းညိတ်လိုက်ပြီး-
"ဟုတ်ကဲ့ပါ ပါမောက္ခလင်း... ဒီတစ်ခါတော့ ရှင့်ကို ကျွန်မ တကယ် အရှုံးပေးလိုက်ပါပြီ။"
ခဏလေးအတွင်းမှာတင် 'ပါမောက္ခလင်း' ဖြစ်သွားပြီလား? အရင်တုန်းက လှည်းပေါ်မှာတုန်းကတော့ မယုံသင်္ကာ ပုံစံကြီးနဲ့ မဟုတ်ဘူးလား? အခုတော့ ဘယ်လိုဖြစ်ပြီး အပြည့်အဝ အညံ့ခံသွားရတာလဲ? မြေပဲလေး တစ်ချက် စမ်းသပ်ကြည့်လိုက်ရုံနဲ့တင်လေ။ ဦးနှောက်ပဲ ချို့ယွင်းနေသလား မသိဘူး!
လင်းယန်၏အမြင်တွင်မူ မြေပဲဆိုသည်မှာ မြေပဲသာဖြစ်ပြီး စားသုံးရန်အတွက်သာ ဖြစ်သည်။ သို့သော် သုတေသန စမ်းသပ်မှုများကို ရူးသွပ်သူ ဝူယင်းအတွက်မူ စမ်းသပ်ချက် အချက်အလက်များအပေါ် အလွန် အာရုံခံစားမှု မြန်ဆန်လှသည်။ တူညီသော အစားအစာ အမျိုးအစားတစ်ခုတည်းတွင် ဤမျှ ကြီးမားသော အာဟာရဓာတ် တိုးပွားလာမှုကို သူမ အလွန်တွေ့ရခဲလှသည်။ သို့သော် အစားအစာထဲတွင် အာဟာရဓာတ်များ လုံလောက်စွာ ပါဝင်နေပါက စားသုံးပြီးနောက် လူ့ခန္ဓာကိုယ်အတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သည်။
ထို့အပြင်၊ ဤမြေပဲများကို လင်းယန်က သာမန် လယ်ကွင်းထဲတွင်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ လေတိုက်၊ နေပူ၊ မိုးရွာဒဏ်များကို ခံနိုင်ရည်ရှိခဲ့ပြီး၊ သူမ၏ စစ်ဆေးချက်များအရ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များ လုံးဝ မတွေ့ရှိရသဖြင့် ဤမြေပဲမှာ အလွန် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးကင်းကာ သဘာဝစစ်စစ် ဖြစ်ကြောင်း ပြသနေသည်။ ၎င်းအပြင် မြေပဲစေ့များမှာလည်း သာမန်မြေပဲများထက် အများကြီး ပိုကြီးမားသဖြင့် စားရသည်မှာလည်း ပို၍ အရသာရှိလှသည်။
သို့သော်... လောင်ဝမ်နှင့် သူ၏ ကျောင်းသား သုံးယောက်က လင်းယန်ကို ကြည့်နေသည့် အကြည့်များမှာ အနည်းငယ် ထူးဆန်းနေသည်။ စပ်စုချင်စိတ်များနှင့်အတူ ရိုသေလေးစားမှုများလည်း ရောယှက်နေသည်။ သူတို့ အားလုံးက အနည်းဆုံးတော့ ပါရဂူဘွဲ့ရထားသူများ မဟုတ်လား။ ဘာဖြစ်လို့များ လောကကြီး အကြောင်း ဘာမှမသိသေးတဲ့ တောသားတွေလို ပြုမူနေကြတာလဲ?
"ပါမောက္ခလင်း... ရှင့်ရဲ့ မြေပဲ အထွက်နှုန်းက လုံးဝ မနိမ့်ဘူးပဲ။"
ဝူယင်းက နဖူးမှ ချွေးများကို သုတ်ရင်း အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ပုံမှန် မြေပဲ အထွက်နှုန်းဆိုရင် တစ်ဧကကို အနည်းဆုံး ပေါင် ၆၀၀၊ ၇၀၀ လောက်ရှိပြီး အများဆုံးဆိုရင်တောင် ပေါင် ၁၀၀၀ မပြည့်တတ်ဘူး။ ဒါပေမဲ့ ဒီမျိုးစေ့က အပင်အမြင့် ကြီးမားသလို အမြစ်အဖွဲ့အစည်းကလည်း ပိုပြီး သန်စွမ်းနေတယ်။ ကြည့်ရတာ တစ်ဧကကို ပေါင် ၂၀၀၀ နီးပါးလောက်တောင် ထွက်နိုင်ချေ ရှိတယ်။"
အသက် ၇၀ ကျော်နေပြီဖြစ်သော လောင်ဝမ်ပင်လျှင် သူ၏စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ပေ။ ကျန်ရှိနေသော ပါရဂူ နှစ်ဦးမှာလည်း ကလေးလေးများကဲ့သို့ ဝမ်းသာပျော်ရွှင်နေကြသည်။ စိုက်ပျိုးရေးပညာရပ်တွင် နစ်မြုပ်နေကြသော ဤပညာတတ်ကြီးများ၏ စိတ်နေစိတ်ထားမှာ တကယ်ကို ရိုးသားဖြူစင်လွန်းလှသည်ဟု ဆိုရမည်။ လယ်ထဲတွင် ကောက်ရိုးဦးထုပ်များ ဆောင်းထားကြရာ မပြောပြလျှင် သူတို့၏ ပညာအရည်အချင်းများက ဤမျှ မြင့်မားနေလိမ့်မည်ဟု မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။
သေချာသည်ကတော့ ဝူယင်းမှလွဲ၍ပေါ့။ လယ်ထဲဆင်း အလုပ်လုပ်နေတာတောင် စမ်းသပ်ကိရိယာတွေကို တစ်ကိုယ်လုံး ချိတ်ဆွဲထားသေးရာ ဘယ်လိုကြည့်ကြည့် ထူးဆန်းတဲ့ လူတစ်ယောက်လို ဖြစ်နေသည်။ သူမ၏လှပမှုက လယ်သူမတစ်ယောက်နှင့် လုံးဝ မတူသည်ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။ ယနေ့ အလုပ်နည်းနည်းလေး လုပ်ရုံနှင့်တင် သူမ၏လက်ပေါ်တွင် ရေကြည်ဖုများ ထွက်လာခဲ့လေပြီ။
အိမ်သို့ပြန်ရောက်၍ မြေပဲများကို ချပြီးနောက် လင်းယန်သည် ချက်ချင်း မဆေးကြောသေးဘဲ သံအပ်တစ်ချောင်းကို ရှာဖွေကာ ပိုးသတ်ပြီးနောက် ဝူယင်းအနားသို့ လျှောက်သွားလိုက်သည်။ ယခုအချိန်အထိ သူမသည် ဤမြေပဲများကို စိတ်လှုပ်ရှားစွာ တိုင်းတာစစ်ဆေးနေဆဲဖြစ်ပြီး မြေပဲရိုးများကိုပင် အလွတ်မပေးချေ။
လောင်ဝမ်နှင့် ကျန်ရှိနေသော ပါရဂူ နှစ်ဦးမှာလည်း သူမထက် မသာလှပေ။ အားလုံးက ဟယ်လီကော်ပတာဖြင့် သယ်ဆောင်လာသော စမ်းသပ်ကိရိယာများကို အသုံးပြုကာ မြေပဲ၏ အချက်အလက်များကို တိုင်းတာနေကြသည်။
လင်းယန်သည် ဝူယင်း အလုပ်လုပ်နေတာကို ရပ်တန့်ခိုင်းလိုက်သည်။
"လက်ကို ကမ်းပေးပါဦး။"
"ဘာလုပ်မလို့လဲ?"
ဝူယင်းမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း သူမ၏လက်ကိုတော့ ကမ်းပေးလိုက်သည်။ လင်းယန်က သူမ၏လက်ကို ဖမ်းဆုပ်လိုက်ပြီး သံအပ်ဖြင့် ဖောက်ထည့်လိုက်ရာ... ရေကြည်ဖုများ ချက်ချင်းပင် ပေါက်ထွက်သွားတော့သည်။
"ဒါတွေကို ဖောက်ထုတ်ပစ်လိုက်မှ မြန်မြန် ပျောက်မှာ။ မဟုတ်ရင် ပိုးဝင်သွားနိုင်ချေ ရှိတယ်။"
"ကျွန်မ သတိတောင် မထားမိလိုက်ဘူး။"
ဝူယင်း၏မျက်နှာမှာ နားရွက်ဖျားများအထိ ချက်ချင်း နီရဲသွားတော့သည်။ သူမ၏လက်မောင်းမှာလည်း အတော်လေး တောင့်တင်းသွားသည်။ မည်သို့ပင်ဆိုစေ သူမသည် အခြား ယောကျ်ားလေး တစ်ယောက်၏ ဤကဲ့သို့ ဂရုစိုက်မှုကို တစ်ခါမှ မခံခဲ့ရဖူးချေ။ သူမ၏နှလုံးသားလေးမှာလည်း ဒိန်းဒိုင်း ဒိန်းဒိုင်းနှင့် ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။ သူမ၏စိတ်ထဲတွင် 'ကျဲကျဲတော့ ရင်ခုန်လွန်းလို့ သေတော့မယ်...' ဟုသာ တွေးနေမိသည်။ ဝူယင်းသည် လင်းယန်ကိုပင် မကြည့်ရဲတော့ပေ။ ခဏနေရင် ထမင်းကျက်တော့မယ်ဆိုသည့် လင်းယန်၏စကားကိုပင် သူမ မကြားလိုက်တော့ချေ။
လင်းယန် ထွက်သွားပြီးနောက် သူမသည် တွေဝေငေးမောနေဆဲဖြစ်ပြီး စမ်းသပ်မှုလုပ်ရန်ပင် မေ့လျော့သွားတော့သည်။ သို့သော် ထွက်သွားသော လင်းယန်၏မျက်နှာတွင်မူ အလွန်ပေါ့ပါးသွားသော အမူအရာရှိနေသည်ကို သူမ မသိလိုက်ချေ။
သူက စိတ်ထဲတွင် 'အင်း... သူမ လက်ပေါ်က ရေကြည်ဖုတွေ မနက်ဖြန်ဆိုရင် သက်သာသွားလောက်ပါပြီ။ အလုပ်လုပ်တာကိုတော့ အနှောင့်အယှက်ဖြစ်ခံလို့ မရဘူးလေ' ဟုသာ တွေးနေခဲ့ခြင်းဖြစ်သည်။
အကယ်၍ ဝူယင်းသာ လင်းယန်၏စိတ်ကူးကို သိသွားခဲ့မည်ဆိုလျှင်၊ ဓားကိုင်ပြီး မိုင်ပေါင်းများစွာ အနောက်မှ လိုက်ခုတ်မည်မှာ သေချာလှပေသည်။ လူကို ခိုင်းနွားလို သဘောထားနေတာလား? သို့သော် ဤကဲ့သို့သော ကျေးလက်တောရွာမျိုးတွင် အလုပ်မလုပ်ဘဲ ဘယ်လို အသက်ရှင်ရပ်တည်နိုင်မှာလဲ? ထို့ပြင် ရွာထဲရှိ လယ်မြေများအားလုံးကို ရိတ်သိမ်းပြီးသွားပြီဖြစ်ရာ၊ နောက်ထပ် လင်းယန် စိုက်ပျိုးရမည့် မြေနေရာမှာ ဧက ရာချီ၍ ရှိနေသေးသည် မဟုတ်လား။
…..
နောက်ထပ် နှစ်ရက်ခန့်မှာမူ မြေပဲများကို ဆေးကြောခြင်း၊ နေလှန်းခြင်းများ ပြုလုပ်ရသည်။ ထို့နောက်တွင် နောက်ဆုံး အထွက်နှုန်းကို ရရှိသွားခဲ့သည်။ ပေါင် ၂၀၈၆! တကယ့်ကို ပြီးပြည့်စုံသော အထွက်နှုန်းပင် ဖြစ်သည်။
စိတ်လှုပ်ရှားလွန်းသဖြင့် လောင်ဝမ်တို့ တစ်ဖွဲ့လုံး နှစ်ရက်ဆက်တိုက် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။ လင်းယန်ကတော့ သိပ်ပြီး ထူးခြားတဲ့ တုံ့ပြန်မှုမရှိဘဲ၊ စားချိန်တန် စား၊ အိပ်ချိန်တန် အိပ်နေလေသည်။ လောင်ဝမ်မှာမူ စိတ်လှုပ်ရှားလွန်းသဖြင့် သွေးကျဆေးများကိုပင် သောက်နေရတော့သည်။
"ဒီမြေပဲကိုသာ တွင်ကျယ်အောင် ဖြန့်ဖြူးလိုက်နိုင်ရင် ဘယ်လောက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာ မင်း သိရဲ့လား? အထွက်နှုန်းကောင်းတဲ့ သီးနှံ နောက်တစ်မျိုး ထပ်တိုးလာတာပဲ!"
"လယ်သမားတွေရဲ့ ဝင်ငွေတွေလည်း တိုးလာလိမ့်မယ်၊ ဒါက တစ်နည်းအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လိုက်တာပဲ! ညီလေးလင်း... ဒီနှစ်အတွက် သိပ္ပံနဲ့နည်းပညာ တိုးတက်မှုဆုကတော့ မင်းလက်ထဲကနေ လွတ်မှာ မဟုတ်တော့ဘူး။"
လင်းယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ဒီနှစ်ရက်လေးအတွင်းမှာတင် လောင်ဝမ်နဲ့က ညီအစ်ကိုတွေ ဖြစ်သွားပြီလား? လူစဉ်ဆက်တွေ အများကြီးတောင် ကွာဟနေတာကို...။ ပြီးတော့ သူ့စိတ်ထဲတွင် 'အဲ့ဒီ သိပ္ပံနဲ့နည်းပညာ တိုးတက်မှုဆုဆိုတာက ဘာကြီးလဲ?' ဟု တွေးနေမိလေသည်။
***