ဝေ့ဝူယင် ရောက်ရှိလာခြင်း
Vol. 24 Ch. 330
တိုက်ပွဲ ကွင်းပြင်၏ အထက်ရှိ သီးသန့် နေရာတစ်ခုတွင်မူ ပလ္လင် ငါးခု တည်ရှိနေ၏။ မြူအလင်းများ၏ ဝန်းရံမှု အလယ်၌ ရှိနေသည့် ပုဂ္ဂိုလ် ငါးဦးမှာ ထိုပလ္လင်များထက်တွင် ထိုင်ရင်း အဖြစ်အပျက်များကို ငေးမောကြည့်နေကြသည်။
သူတို့မှာ အသူရာ နတ်ဆိုး တောင်တန်းမှ ကောင်းကျိ၊ အထွတ်အမြတ် အလင်းနန်းတော် သခင်မ ကျန်းဖေးလန်နှင့် ဒြပ်စင် ကောင်းကင် နန်းတော်သခင် လင်းယုရန်တို့ အပါအဝင် အဂ္ဂိရတ် တိုက်ပွဲကို အဖြစ် ခုံသမာဓိအဖြစ် တာဝန်ယူထားရသည့် ပုဂ္ဂိုလ်များပင် ဖြစ်လေသည်။
သူတို့ထဲမှ သုံးယောက် အပြင် အခြား နှစ်ယောက်မှာလည်း ခေသူများ မဟုတ်ကြချေ။ တစ်ယောက်မှာ ရွှေဒင်္ဂါး နန်းတော်၏ ယီယွင်ဖြစ်ပြီး အခြား တစ်ယောက်မှာ တစ်ကိုယ်တော် အဂ္ဂိရတ် သမား လီချီး ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ အလွန် ကျော်ကြားသည့် အဂ္ဂိရတ် အင်ပါယာများ ဖြစ်ကြ၏။
တရားသူကြီး ငါးယောက်စလုံး၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ အားလုံး ဝေ့ဝူယင်အား စောင့်ဆိုင်းနေကြချိန်တွင် လူငယ် တစ်ယောက်မှာ တစ်စုံတစ်ရာ ကြေညာခြင်း မရှိပဲ စင်မြင့်ထက်သို့ တက်လှမ်းလားသည်။ ထို့နောက် ဇင် ဒေါသတကြီးဖြင့် ရောက်ရှိလာကာ ထိုလူငယ်ကို အတင်းအကြပ် ဆွဲထုတ်ဖို့ လုပ်သည်။ ကျိချန်းကောင်းက ထိုအရာကို တားဆီးပြန်သည်။ ပွဲကတော့ အတော်လေး ကြည့်ကောင်းနေပြီ ဖြစ်သည်။
...
ထိုအချိန် တိုက်ပွဲ စင်မြင့်ထက်၌...
“ကျုပ် သူ့ကို စိန်ခေါ်မယ်”
လုံချန်က ပြတ်သားစွာ ပြောလိုက်သည်။ ဇင်မှာ ရဲရဲတောက်နေသော မျက်လုံးများဖြင့် ကျိချန်းကောင်းကိုသာ ကြည့်လိုက်၏။
“ကျိချန်းကောင်း... နင် ဘာလုပ်နေတယ် ဆိုတာ ကိုယ့်ကိုယ်ကို သိရဲ့လား... ငါတို့ ခုရောက်နေတာက ဘယ်နေတာလဲ... ဒီနေ့က ဘာနေ့လဲ... နောက်ပြီး ကျိချန်းကောင်း ဒါက ဘာသဘောလဲ... ဂိုဏ်းရဲ့ စည်းမျဥ်းတွေကို နင် မေ့နေတာလား”
သူမ၏ အသံက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သို့သော်... ကျိချန်းကောင်းမှာလည်း ခေါင်းမာသူ ဖြစ်သည်။ သူ မှန်တယ်ထင်လျှင် ဘာမဆို လုပ်ရဲသူ ဖြစ်သည်။
“ဘာဖြစ်လဲ.... ဒီနေ့ သူ ဘာလုပ်လုပ် ငါတားမှာ မဟုတ်ဘူး”
ဇင်၏ အသက်ရှူသံများက ပြင်းထန်လာကာ လုံချန်ကို လှည့်ကြည့်လိုက်၏။ ထိုလူငယ်၏ ပြင်းထန်သော ဆုံးဖြတ်ချက်နှင့် သဘောထားက သူမကိုပင် အနည်းငယ် အံ့ဩ ထိတ်လန့်စေခဲ့သည်။ "ဘာကြောင့်လဲ" ဟု မေးချင်ခဲ့သော်လည်း စကားလုံး တစ်လုံးမှ သူမ နှုတ်မှ ထွက်ပေါ် မလာခဲ့ချေ။ သို့သော်လည်း ထိုမျက်လုံးများမှ တစ်ဆင့် လုံချန် ဘယ်တော့မှ နောက်ဆုတ်တော့မည် မဟုတ်ကြောင်း သိရှိလိုက်သည်။ ဇင် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။
"မဟာ သူတော်စင်ထို့က ဒီကိစ္စကို ခွင့်ပြုမှာ မဟုတ်ဘူး"
" … "
ကျိချန်းကောင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ထို့ပိဟန်မှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ တစ်ဦးတည်းသော လောကသခင် အဆင့် ဖြစ်သည်။ အကယ်၍ သူကသာ ဝင်ရောက်စွက်ဖက်မည် ဆိုပါက မည်သူမှ မေးခွန်းထုတ်ရဲလိမ့်မည် မဟုတ်ပါချေ။
ကျိချန်းကောင်း အံကို တင်းတင်းကြိတ်ကာ လက်သီးကို ဆုပ်လိုက်၏။
"ဒါက သူ့ရဲ့ အခွင့်အရေးပဲ… ငါတို့ ဘာလို့ ဝင်စွက်ဖက်ရမှာလဲ"
"ကျိချန်ကောင်း... နင်…"
ဇင်၏ မျက်လုံးများက အကူအညီ ကင်းမဲ့မှုတို့နှင့် ပြည့်နှက်သွားကာ လုံချန်ဘက်သို့ လှည့်လိုက်သည်။
"ဒီစိန်ခေါ်မှုက ဘာကို ဆိုလိုတယ် ဆိုတာ နင်သိရဲ့လား… တကယ်လို့ နင်ရှုံးသွားမယ် ဆိုရင် ဘာအကျိုးဆက်တွေ ဖြစ်လာမယ် ဆိုတာရော နားလည်ရဲ့လား"
လုံချန်က ဘာမှ ပြန်မဖြေချေ။ သို့သော်လည်း သူ စိတ်ထဲမှ ကောင်းစွာ နားလည်သည်။ မဟာ မင်းသားသည် မျိုးဆက်တစ်ခု၊ ခေတ်တစ်ခုတွင် ပြိုင်ဘက် ကင်းရမည်။ သူ့ထက် ကျော်လွန်သူ တစ်ဦးတစ်ယောက်မှ မရှိစေရ။ အကယ်၍ စိန်ခေါ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ပိုင်ဆိုင်ထားသမျှ အရာ အားလုံး ဆုံးရှုံး သွားရမည့် အပြင် မဟာ မင်းသား ဆိုသော ဘွဲ့နာမည်ကိုပါ စွန့်လွှတ်ရလိမ့်မည် ဖြစ်သည်။
ထိုအရာကို သိသည့်တိုင် လုံချန်က သေချာစွာဖြင့် ခေါင်းကို ညိတ်လိုက်၏။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ခုံသမာဓိငါးဦး အပါအဝင် သန်းပေါင်း ရာချီသည့် လူများကို ဝှေ့ကြည့် လိုက်သည်။
"ကျုပ်… အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ မဟာ မင်းသား လုံချန်… ကောင်းကင် ဧကရာဇ် ဝေ့ဝူယင်ကို အင်ပါယာ တိုက်ပွဲ ဆင်နွှဲဖို့ စိန်ခေါ်တယ်"
"ဘာကြီး..."
လူအားလုံး လိုလိုမှာ တိတ်ဆိတ် ဆွံ့အမှုများဖြင့် တစ်ယောက်ကို တစ်ယောက် လှည့်ကြည့်လိုက်မိကြသည်။ အင်ပါယာ တိုက်ပွဲ ဆိုသည်က အဘယ်နည်း။ များစွာသော ရွှေပွဲလာ ပရိသတ်များမှာ ဧည့်သည်များ ဖြစ်ကြလေရာ အနန္တ ဧကရာဇ်ဂိုဏ်း၏ စည်းမျဥ်းများနှင့် ရင်းနှီးခြင်း မရှိကြချေ။ သူတို့ အနန္တ ဧကရာဇ်ဂြိုဟ်သို့ လာရောက်ရခြင်းမှာ အာရုဏ်ဦး ဧကရာဇ်နှင့် ထာဝရ နတ်မိမယ်လေးတို့ အကြားမှ အဂ္ဂိရတ် တိုက်ပွဲကို ကြည့်ရှုရန် တစ်ခုတည်း အတွက်သာ ဖြစ်သည်။
သို့သော်လည်း အနန္တ ဧကရာဇ်ဂိုဏ်းသားများ အပါအဝင် အင်ပါယာ တိုက်ပွဲ အကြောင်း သိကြသူများမှာမူ စိတ်လှုပ်ရှားမှုများနှင့် တုန်လှုပ်နေကြပြီ ဖြစ်လေသည်။ အင်ပါယာ တိုက်ပွဲက အဘယ်နည်း။ ကမ္ဘာမကြေ ရန်ငြိုးရှိသူများ အကြားတွင် အသေအကြေ စိန်ခေါ်ကြသည့် ပြိုင်ပွဲ ဖြစ်သည်။
လုံချန်...
လုံချန်မှာ မဟာ ဧကရာဇ်၏ သွေးမျိုးဆက် ဆက်ခံသူ ဖြစ်ကာ အနာဂတ်တွင် အနန္တ ဧကရာဇ်ဂိုဏ်း ခေါင်းဆောင် နေရာကို သိမ်းပိုက်မည့် ပုဂ္ဂိုလ် ဖြစ်သည်။ လွန်ခဲ့သည့် တစ်လခန့်က ဂိုဏ်းမှာ ထိုအရာကို တရားဝင် အသိအမှတ်ပြု ကြေညာခဲ့သည်။ သို့သော်လည်း သူ၏ ဂုဏ်သတင်းက ထို့နောက်ပိုင်းမှ ကျော်ကြားလာခြင်း မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ဂိုဏ်းထဲသို့ ဝင်ရောက်ရောက်ချင်း အချိန်ကတည်းကပင် ထိုလူငယ်မှာ တိုက်ပွဲ အလီလီကို အောင်မြင်ခဲ့ကာ အောင်မြင်မှု သရဖူကို စောင်းထားနိုင်ခဲ့သူ ဖြစ်သည်။ အထူးသဖြင့် အဆင့်ကျော် တိုက်ခိုက်နိုင်သည့် သူ၏ စွမ်းရည်က အလွန် ကျော်ကြားသည်။
ဝေ့ဝူယင်...
ဝေ့ဝူယင်မှာမူ အနန္တ ဧကရာဇ်ဂိုဏ်း၏ ပြိုင်ဘက်ကင်း အဂ္ဂိရတ် ပါရမီရှင် ဖြစ်သည်။ သူ၏ လက်ရှိ အဆင့်အတန်းမှာ ကောင်းကင် ဧကရာဇ် အဆင့် တပည့် တစ်ယောက် ဆိုသော်လည်း လက်တွေ့၌ မူလ အင်ပါယာ သူတော်စင်များပင်လျှင် သူ့လောက် သြဇာ မကြီးမားချေ။
သူတို့ နှစ်ယောက်စလုံးမှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ အနာဂတ်များ ဖြစ်ကြသည်။ ခေတ်သစ်တစ်ခုစီကို ဦးဆောင်မည့် လူများ ဖြစ်ကြသည်။ ယခု မည်ကဲ့သို့ ဖြစ်ရသနည်း။ အဘယ်ကြောင့် သူတို့ အကြားတွင် ကမ္ဘာမကြေရန်ငြိုး ရှိနေရသနည်း။
“ဘုန်း...”
လူတိုင်း ဆွံ့အနေချိန်တွင် ကောင်းကင်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ လူတိုင်းမှာ မျက်မှောင်ကြုတ် လိုက်ကြရင်း ထိုအရပ်မျက်နှာသို့ လှမ်းကြည့်လိုက်မိကြ၏။ ရောက်ရှိလာသူက မည်သူ ဖြစ်ကြောင်း သိရှိပြီးနောက်တွင်မူ သူတို့ အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။
“အာရုဏ်ဦး ဧကရာဇ် ရောက်လာပြီ”
ထိုအခိုက်၌ အားလုံး၏ ရင်ခုန်သံက အမြင့်ဆုံးထိ ထိုးတက်သွား၏။ အဂ္ဂိရတ် တိုက်ပွဲမှ မည်သည့် အရာများ ဖြစ်လာတော့မည်နည်း။
ဟူး... ဟူး...
ဝေ့ဝူယင်သည် တိုက်ပွဲ ကွင်းပြင် အထက်၌ မြောလွင့်နေ၏။ သူ၏ ငွေရောင် တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများကတော့ ပုံမှန်အတိုင်းပင် တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ ချောမောလှသော ရုပ်ရည်နှင့် ခန့်ညားသော အသွင်အပြင်တို့က အားလုံး၏ အမြင်အာရုံတွင် မီးမောင်းထိုးပြ ထားသကဲ့သို့ ထင်ရှားနေ၏။
လေသည် သူ၏ အဂ္ဂိရတ် ဝတ်ရုံဖြူကို တဖျပ်ဖျပ် လွင့်ပါအောင် တိုက်ခတ်နေ၏။ အလွန် မွှေးပျံ့လှသော အဂ္ဂိရတ် ရနံ့များက လောကတစ်ခုလုံးဆီသို့ ပျံ့နှံ့ကာ သန်းပေါင်းရာချီသော လူများ၏ နှာဝများဆီ တိုးဝင် နေကြသည်။ လူတိုင်းမှာ တိတ်ဆိတ် ငြိမ်သက်စွာ အသက်ရှူကြရင်း အမျိုးအမည် မသိသော အကြောက်တရား တစ်မျိုးကို ခံစားလိုက်ကြရလေ၏။
ဟူး... ဟူး...
ဝေ့ဝူယင်သည် ဖြည်းညင်းစွာပင် အဂ္ဂိရတ် တိုက်ပွဲ စင်မြင့်ထက်သို့ ဆင်းသက်လာသည်။ ထိုနေရာရှိ လူသုံးယောက်မှာ ဘာစကား တစ်ခွန်းမှ ဆက်မပြောတော့ပဲ ဝေ့ဝူယင် ချည်းကပ်လာသည်ကို တိတ်တဆိတ်သာ ငေးကြည့်နေခဲ့သည်။
ဇင်နှင့် ကျိချန်းကောင်းတို့မှာ စိတ်လှုပ်ရှား နေကြ၏။ နှစ်ပေါင်းထောင်နှင့်ချီ ကျင့်ကြံခဲ့ကြသည့်တိုင် ထိုအခိုက်အတန့်၌ သူတို့ ကြောက်ရွံ့မှု တစ်စုံတစ်ရာကို ခံစားနေကြရသည်။ ထိုခံစားချက်က သေမျိုးတာအို အထွတ်အထိပ်နှင့် ရင်ဆိုင်နေရသည့် အလား သူတို့ထံ စိမ့်ဝင်နေကြ၏။
“ဟူး...”
စင်မြင့်ထက်ကို ဝေ့ဝူယင် ခြေချလိုက်ချိန်၌ လူတိုင်း၏ နှလုံးသားများမှာ ဆထက် ထမ်းပိုး ခုန်ပေါက် သွားကြ၏။ အနီးကပ်ဆုံး နေရာ၌ ရှိနေသည့် ဇင်နှင့် ကျိချန်းကောင်းတို့မှာ ဝေ့ဝူယင်၏ မျက်လုံးများကို ရင်မဆိုင်ရဲသည့် အလား မျက်လွှာချလိုက်မိသည်။ အဘယ်ကြောင့် ဆိုတာ နားမလည်သည့်တိုင် ထိုကြောက်ရွံ့မှုက သူတို့ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး တစ်နေရာမှ ရိုကျိုးစွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်ပြီးနောက်တွင် ဝေ့ဝူယင်၏ အရှိန်အဝါက များစွာ ပိုမို တိုးတက် လာခဲ့သည်။ သူ၏ ငွေရောင် မျက်လုံးများမှာ မြင့်မြတ်လှသော သေမျိုးတာအိုနှင့် အဂ္ဂိရတ် တာအို အငွေ့အသက်တို့နှင့် လွှမ်းခြုံနေ၏။ ရည်ရွယ်ချက် ရှိရှိ ဖော်ထုတ်မည် ဆိုပါက အကြည့်တစ်ချက်ဖြင့်ပင် သန်းပေါင်းများစွာသော လူများမှာ သူ့ရှေ့တွင် ဒူးထောက်မိကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း လုံချန်မှာမူ ထိုဖိအား၏ သက်ရောက်မှုကို ခံရဟန် မရချေ။ ၎င်းက သူ ကျင့်ကြံထားသည့် ဝူယု၏ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကြောင့် ဖြစ်ပေသည်။ ကျင့်ကြံခြင်း အဆင့် အလွန် မြင့်မားခြင်း မရှိလှသည့်တိုင် လုံချန်မှာ ထိုနည်းလမ်း၏ အကူအညီဖြင့် သေမျိုး အကန့်အသတ် အတွင်းရှိ ဖိအားများကို ကျော်လွှားနိုင်ပေသည်။
လုံချန် အံကို တင်းတင်းကြိတ်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။ လည်တွင် ဆွဲထားသည့် အနက်ရောင် လက်စွပ်လေးကို တွေ့မြင်လိုက်ရသော အခိုက်၌ သူ့မျက်လုံးများက ပို၍ပင် နီရဲသွားသည်။ သူက ဝေ့ဝူယင်ကို လက်ညိုးထိုးရင်း ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
“ဝေ့ဝူယင်... မင်း သူ့ကို ဘာလုပ်ထားလဲ... ခုချက်ချင်း ပြန်ဖျက်ပေးစမ်း”
***