← Chapters

အင်ပါယာ တိုက်ပွဲ အချိန်းအချက်

Vol. 24 Ch. 331

အင်ပါယာ တိုက်ပွဲ အချိန်းအချက်

Vol. 24 Ch. 331

“ဝေ့ဝူယင်... မင်း သူ့ကို ဘာလုပ်ထားလဲ... ခုချက်ချင်း ပြန်ဖျက်ပေးစမ်း”

လုံချန်၏ လေသံက မခံမရပ်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ ယနေ့၌ သူ မိုက်ရူးရဲဆန်ခဲ့သည် ဆိုလျှင်ပင် ထိုအရာ အားလုံးက သူမ အတွက်... သူ ချစ်ရသော သူမ အတွက်ပင် ဖြစ်သည်။

ယခင်က လင်းကျိရန် သူ့ကို မည်မျှ ချစ်ခဲ့ကြောင်း၊ သူ့အပေါ် မည်မျှ တွယ်တာကြောင်း  လုံချန် မှတ်မိသေးသည်။ ထိုမိန်းကလေးမှာ သူ့အတွက် ဆိုလျှင် အသက်ကိုပါ စွန့်ရဲသူ ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်ထံမှ ပြန်လည် ရောက်ရှိလာသည့်နေ့မှ စ၍ သူမမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ ထိုနေ့မှ စ၍ သူမ၏ မျက်ဝန်းပြာများတွင် ချစ်ခြင်း မေတ္တာကို ရှာမရတော့။ တီတီတာတာ စကားသံလေးများ သူမထံမှ ထွက်ပေါ် မလာခဲ့တော့။ သူ့ကိုပင် မျက်နှာချင်း ဆိုင်လိုတော့ပုံ မရတော့။

လုံချန် ကျိန်းသေကို သိသည်။ ထိုအရာ အားလုံးက ဝေ့ဝူယင်ကြောင့် ဖြစ်‌ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူက ဦးနှောက်ဆေးခြင်းကဲ့သို့ နည်းလမ်း တစ်မျိုးမျိုးဖြင့် သူမကို ပြုစားလိုက်ခြင်း ဖြစ်ရမည်။

ထို့အပြင် လင်းကျိရန်က ရှောင်ပင်းနှင့် ဟုန်ယုတို့ကိုပါ ဝေ့ဝူယင်၏ ကောင်းကင်နန်းတော်ဆီ ခေါ်ဆောင်သွားရန် ပြောခဲ့သေးသည်။ ကြည့်ရသည်က ဝေ့ဝူယင်မှာ ထိုမိန်းကလေးနှစ်ယောက်ကိုပါ ပြုစားရန် အစီအစဥ် ဆွဲထားပုံ ရသည်။ လုံချန် လင်းကျိရန်ကို စကားပြောဆိုရန် ကြိုးစားခဲ့ပါသေးသည်။ သို့သော်လည်း သူ ရရှိလိုက်သည့် တုန့်ပြန်မှုများက စိမ်းကား ရက်စက်သော စကားများသာ ဖြစ်လေသည်။

လုံချန် ဝေ့ဝူယင်ကို မုန်းတီးစွာ ကြည့်လိုက်မိ၏။ ဝေ့ဝူယင်... မင်း ငါ့ဆီက ဝူယုကို လုယူသွားခဲ့တယ်... ခု လင်းကျိရန်ကိုပါ ယူဖို့ လုပ်နေပြန်ပြီ...။

သူ ထိုအရာကို ခွင့်မပြုနိုင်ချေ။ အကြိမ်တစ်ရာ သေရမည် ဆိုလျှင်ပင် ခွင့်မပြုနိုင်ချေ။ ဝေ့ဝူယင် အပေါ် သူ၏ အမုန်းတရားများမှာ ပြင်းထန်သထက် ပြင်းထန်လာခဲ့၏။ သူ့တွင် သွားစရာ ခရီး အရှည်ကြီး ရှိသေးသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေကို ဖြတ်ကျော်ကာ အဆုံးမဲ့ နယ်မြေများအထိ သူ ရွက်လွှင့်ချင်သည်။

သည်လမ်းခရီးတွင် သူ ဝူယုကို လိုအပ်သည်။ ဝူယုကို ပြန်လည် ရရှိရန် ဝေ့ဝူယင် သေမှ ရမည်။ ဝေ့ဝူယင် သေလျှင် လင်းကျိရန်ကိုလည်း ကယ်ပြီးသား ဖြစ်လိမ့်မည်။  ထိုအရာက ဝေ့ဝူယင်ကို အင်ပါယာ တိုက်ပွဲ ဆင်နွှဲရန် သူ စိန်ခေါ်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။

အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာမူ အနည်းငယ်ပင် အူကြောင်ကြောင် ဖြစ်နေခဲ့၏။ လင်းကျိရန်ကို ပြန်လည် ကုသပေးဖို့ လုံချန်က ပြောနေသည်လား။ သူ ခေါင်းအား ခါယမ်းရင်း ပြုံးလိုက်မိသည်။

“လုံချန်... မင်း အထင်လွဲနေပြီ... မယုံရင် ငါ ဝိညာဥ်ကို တိုင်တည်ပြီး ကျိန်ဆိုပြမယ်... လင်းကျိရန် အပေါ်  ‌ကုသပေးခဲ့ရုံက လွဲလို့ ဘာ မသမာတဲ့ နည်းလမ်းကိုမှ မသုံးခဲ့ဘူး... ခု သူ့အတွေး၊ သူ့သဘောထားနဲ့ သူ့မှတ်ဉာဏ် အကုန်လုံးက သူ့ရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင် ဆန္ဒကနေ ဖြစ်တည်လာတာပဲ”

သူ့စကားက အမှန်ပင် ဖြစ်သည်။ လိမ်ညာမှု တစ်ခုတစ်လေမှ မပါချေ။ ထိုထက်ပို၍ ပြောရလျှင်... လင်းကျိရန်၏ အမြင် ပြောင်းလဲစေရန် သူ့ဘက်က တစ်ခါမှပင် စ မကြိုးစားခဲ့ချေ။ လင်းကျိရန် ကိုယ်တိုင် သူ့ကို နမ်းကာ ကောင်းကင် နှလုံးသား ချီနည်းလမ်းကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ ... “

ပရိသတ်များမှာ သူတို့ နှစ်ယောက်၏ စကားများကို အပြည့်အဝ နားမလည်ကြသည့်တိုင် အနည်းငယ်တော့ ရိပ်မိလာကြသည်။ ကြည့်ရသည်က လုံချန်တစ်ယောက် ဝေ့ဝူယင်ကို တစ်စုံတစ်ရာ အထင်လွဲနေဟန် ရသည်။ ထိုအရာက သူ ဝေ့ဝူယင်ကို အင်ပါယာ တိုက်ပွဲ ဆင်နွှဲရန် စိန်ခေါ်ခဲ့သည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဝေ့ဝူယင်က ချက်ချင်းပင် ဝိညာဥ် ကျိန်ဆိုကာ ထိုစွပ်စွဲမှု အားလုံးကို ပယ်ဖျက်ခဲ့သည်။ ထိုတုန့်ပြန်မှုက တည်ငြိမ်ကာ လေးစားစရာ ကောင်းလှသည်။

"ငါ..."

လုံချန် ဘာပြန်ပြောရမှန်း မသိပဲ ဝေ့ဝူယင်ထံမှ ထွက်ပေါ်နေသည့် ဝိညာဥ်အလင်း ခပ်ဖျော့ဖျော့ကို ငေးကြည့်နေမိ၏။ ထိုအရာက အမှန်တကယ် ဝိညာဥ် ကျိန်ဆိုလိုက်သည့် လက္ခဏာ ဖြစ်သည်။ လုံချန်၏ စိတ်များမှာ အလွန် ရှုပ်ထွေးသွားခဲ့၏။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်း သူ တအုံ့နွေးနွေး တောက်လောင်ခဲ့ရသည့် ဒေါသနှင့် အကြောင်းတရားတို့က စကားလုံး အနည်းငယ် အတွင်းမှာပင် လဲပြိုသွားခဲ့ရသည်လား။

“ကိုယ့်ကို မလိုချင်တော့တဲ့ မိန်းမ တစ်ယောက် အတွက် ဘာမှ မဆိုင်တဲ့ လူကို စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့... မင်း အဖြစ်က အတော် ရှက်စရာ ကောင်းတာပဲ မဟာမင်းသား...”

ဝေ့ဝူယင်က စိတ်ပျက်လက်ပျက် ဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက်၏။

“ဘာပဲဖြစ်ဖြစ်လေ... အင်ပါယာ တိုက်ပွဲ စည်းမျဥ်းတွေအရဆိုရင် အဆင့်တူတွေကြားက စိန်ခေါ်မှုကို ငြင်းလို့မရဘူး... မဟာမင်းသားနဲ့ ကောင်းကင်ဧကရာဇ် အဆင့်က ကွာခြားချက် အချို့ ရှိတယ် ဆိုပေမဲ့ အဆင့်တူတွေလို့လည်း ယူဆလို့ရတယ်... ဒီတော့ မင်း စိန်ခေါ်မှုကို ငါ လက်ခံရမှာပေါ့”

ဝူယုမှာ တစ်ချိန်တည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ခြင်း မရှိချေ။ သူ့ အမြင်အရ... မဟာ ဧကရာဇ် သွေးမျိုးဆက် ဆက်ခံသူမှာ သူ့မျိုးဆက်တွင် ပြိုင်ဘက်ကင်းရမည် ဖြစ်သည်။ ယခု လုံချန်က သူ့သဘော သူ့ဆန္ဒနှင့် အတူ ဝေ့ဝူယင်ကို စိန်ခေါ်ခဲ့သည်။ အကယ်၍ ရှုံးနိမ့်ခဲ့လျှင် သူက ကောင်းကင်ချီ နည်းလမ်းနှင့် ထိုက်တန်သူ  မဟုတ်ချေ။

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်က ဆက်ပြောလိုက်သည်။

“ဒီတော့ မင်းရဲ့ ဆန္ဒအတိုင်း ငါတို့ တိုက်ခိုက်ကြတာပေါ့... အချိန်နဲ့ နေရာကို ထုံးစံအတိုင်း စိန်ခေါ်ခံရတဲ့ ငါကပဲ ဆုံးဖြတ်မယ်... ဒါပေမဲ့ ခုလောလောဆယ်တော့ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်... မင်း ဒီနေရာကနေ ထွက်သွားတော့”

အမှန်တရားကို တိုင်တည်ပြောဆိုရမည် ဆိုလျှင် ဝေ့ဝူယင်လောက် လုံချန်ကို သတ်ချင်သည့်သူ ရှိလိမ့်မည် မဟုတ်ချေ။ သူတို့ နှစ်ယောက်၏ ရန်ငြိုးက အနန္တ ကုန်းမြေတိုက်ကြီးမှာတည်းက အစပျိုးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အမွေခံ အပြစ်သား သွေးမျိုးဆက်ကြောင့်သာ မဟုတ်ခဲ့ဘူး ဆိုလျှင် သူ၏ ခေါင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက လုံချန်၏ ဓားချက်အောက်တွင် ပြတ်နေလောက်ပြီ ဖြစ်သည်။

ကံကြမ္မာက သူနှင့် လုံချန်ကို ထိပ်တိုက်တွေ့ရန် ကြိုတင် သတ်မှတ်ထားဟန် ရသည်။ သို့သော်လည်း ယခု လောလောဆယ် လုံချန်ကို သူ သတ်၍ မဖြစ်သေး။ ကောင်းချီးခံများနှင့် ရင်ဆိုင်ရသည်က အမြဲလိုလို စိတ်ပျက်စရာ ကောင်းလွန်းသည်။

ယွမ်လုံရှီကို သတ်ဖြတ်ခြင်းက ပင်လျှင် ငရဲ၏ ဒုတိယမြောက် ကပ်ဘေးကို နှစ်ဆယ့်ခုနစ်နှစ် တိုင်တိုင် ရှေ့သို့ တိုးလာစေခဲ့သည်။ မကြာခင် နှစ်ပိုင်းအတွင်း သူ ထိုကပ်ဘေးကို ဖြတ်ကျော်ရပေတော့မည်။ သို့သော်လည်း ပြင်ဆင်ထားပြီး ဖြစ်ရာ သိပ်တော့ ပြဿနာ မရှိလှ။

သို့သော်လည်း သူ့အမြင်အရ... လုံချန်မှာ ယွမ်လုံရှီထက်ပင် ပိုမို သာလွန်သည့် ကံကြမ္မာများကို ပိုင်ဆိုင်ထားသည့် ကောင်းချီးခံ တစ်ယောက် ဖြစ်သည်။ သူ့အား သတ်ဖြတ်လိုက်ခြင်းဖြင့် အခြား ကပ်‌ဘေးကို တစ်ခုပါ ဆက်တိုက် ကျရောက်လာမည် ဆိုလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။ ဝေ့ဝူယင် အတွက်တော့ သူ၏ ကိုယ်ပိုင် အသက်မှာ လုံချန်ကို သတ်ဖြတ်ခြင်းထက် ပိုမို အရေးကြီးပေသည်။

“ဝေ့ဝူယင်... ငါ...”

လုံချန်က တစ်စုံတစ်ရာ ပြန်ပြောရန် ဟန်ပြင်လိုက်၏။ ဝေ့ဝူယင်မှာ ထိုအရာကို နားထောင်လိုဟန် မရပဲ မျက်မှောင်ကြုတ်ကာ ကျိချန်းကောင်းကိုသာ ကြည့်လိုက်သည်။

ကျိချန်ကောင်းမှာ အရိပ်အကင်းပါးသူ ဖြစ်ရာ ဝေ့ဝူယင်၏ သဘောထားကို နားလည်လိုက်၏။ သူက ချက်ချင်းပင် လုံချန်၏ ခန္ဓာကိုယ်ကို ကြယ်တာရာ အင်အားဖြင့် ဝန်းရံလိုက်၏။ ထို့နောက် သူတို့ နှစ်‌ယောက်စလုံး၏ ခန္ဓာကိုယ်များမှာ အလင်းတန်းများ အသွင် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ဝေ့ဝူယင် စင်မြင့်ထက်တွင်ပင် ရပ်ရင်း ခေါင်းအား ခါယမ်းလိုက်၏။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချရင်း လင်းကျိရန်တို့ ရှိနေသည့် အခန်းကို ဖြည်းညင်းစွာပင် ပျံသန်းသွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် တိုက်ပွဲ စင်မြင့်ထက်တွင် ဇင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

ဟူး... ဟူး...

ဝေ့ဝူယင် ပျံသန်းရင်း လင်းကျိရန်တို့ ရှိနေသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။ အခြား မိန်းကလေးများပါ ရှိနေသည့်တိုင် သူ၏ ငွေရောင် မျက်လုံးများက လင်းကျိရန် တစ်ယောက်တည်းကိုသာ စူးစိုက် ကြည့်နေခဲ့၏။ သူ့နှုတ်ခမ်းထက်တွင်မူ ကစားလိုဟန် ရသော ထေ့ပြုံးတစ်ခုက နေရာယူနေသည်။

“ဘဝဆိုတာ အမြဲ အလှည့်အပြောင်းတွေနဲ့ ပြည့်နေတတ်တယ်... နောက်တစ်ခါကျရင် နင် ဘာကို လိုချင်တယ် ဆိုတာ ပိုပြီး ရှင်းလင်းအောင် ကြိုးစားသင့်တယ်”

ထိုစကားလုံးများက လင်းကျိရန် တစ်ယောက်တည်းကိုသာ ဦးတည်နေပုံ ပေါ်သည့်တိုင် အခြား မိန်းကလေးမှာ သူတို့ကို တည့်တည့်ကြီး ပြောနေသည့် အလား ခံစားလိုက်ကြရသည်။ အထူးသဖြင့်... နာ့ရှင်းရီ၏ ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲ တုန်ရီသွား၏။

ဘဝက အလှည့်အပြောင်းများနှင့် ပြည့်နှက်နေသည်။ မှန်သည်။ လုံချန်၏ မိန်းကလေးများတွင် သူမလောက် ဆူကြုံနိမ့်မြင့်ဒဏ် ခံစားခဲ့ရသူ ရှိလိမ့်မည် မထင်ချေ။ သို့သော်လည်း ယခုတွင် သူမ မည်သည်ကို ပိုင်ဆိုင်ခဲ့ရသနည်း။ ဒုက္ခိတ တစ်ပိုင်း ခန္ဓာကိုယ်မှ လွဲ၍ ဗလာနတ္ထိ...။

“ငါ ဘာကို လိုချင်တာလဲ...”

ထိုအဖြေကို သူမ နှလုံးသားထဲမှ ရှင်းလင်းစွာ သိပေသည်။ သူမ လိုအပ်သမျှက ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုသာလျှင် ဖြစ်ပေသည်။

“ထားလိုက်ပါလေ... ငါ့မှာ ပြင်ဆင်စရာလေးတွေ ရှိ‌‌သေးလို့ သွားလိုက်ဦးမယ်... နောက်မှ တွေ့ကြတာပေါ့”

ဝေ့ဝူယင်က နှုတ်ဆက်ရင်း ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ထိုအချိန်တွင်ပင် ရုတ်တရက်...

"ခဏ… ခဏ…"

ချင်ချူးမူက အလျင်စလို ပုံစံဖြင့် တားလိုက်၏။ သူမ၏ မျက်လုံးများက ခါတိုင်း ကဲ့သို့ပင် ခင်မင် ရင်းနှီးမှုများနှင့် ပြည့်နှက်နေသည်။ သူမက တောက်ပစွာ ပြုံးပြရင်း လက်သီး ဆုပ်ကာ ထောင်ပြလိုက်၏။

"အားတင်းထားနော်… အနန္တ ဧကရာဇ်ဂိုဏ်း အတွက် ချင်ကူးယင်ကို အနိုင်ယူခဲ့…"

“အင်း....”

ဝေ့ဝူယင်က သူမကို ကြည့်ကာ ပြန်လည် ပြုံးပြလိုက်သည်။ ထို့နောက် သူက ကောင်းကင်သို့ ပျံတက်ကာ ထိုနေရာမှ ထွက်ခွာသွားတော့၏။ ဤသို့နှင့် မကြာခင်မှာပင် ဝေ့ဝူယင်၏ ပုံရိပ်မှာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။

“…”

လူတိုင်းမှာ တိုင်ပင် မထားပါပဲ သက်ပြင်းကိုယ်စီ ချလိုက်မိသည်။ အတွေးများက ရှုပ်ထွေး ပြန့်ကျဲကာ မတူညီကြသည့်တိုင် ဘာပဲဖြစ်ဖြစ်… ဝေ့ဝူယင်နှင့် လုံချန်တို့ အကြား တိုက်ပွဲ တစ်ခု ဖြစ်လာမည်ကတော့ သေချာနေပြီ ဖြစ်သည်။ ကံကြမ္မာက သူတို့ နှစ်ယောက်ကို ထိပ်တိုက် တွေ့ရန် ဆုံးဖြတ်ထားဟန် ရ၏။ ဝေ့ဝူယင် သေလျှင်သေ... မသေလျှင် လုံချန်သေရမည်။

မရွှင်သာသော စိတ်နှလုံးနှင့် အားလုံး လေးလံ ထိုင်းမှိုင်း နေကြချိန်တွင်...

"ငါ ဆုံးဖြတ်ပြီးပြီ…"

နာ့ရှင်းရီက ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုဖြင့် ရင်ကို ကော့လိုက်၏။ ယခု... သူမ လိုချင်သည့် အရာကို သူမ သိပြီ ဖြစ်သည်။ သူမ သွားရမည့် လမ်းကြောင်းကို သူမ မြင်ပြီ ဖြစ်သည်။ မည်သည့် အကြောင်းပြချက်နှင့်မှ ထိုအရာကို သူမ အတိမ်းစောင်း ခံတော့မည် မဟုတ်ချေ။

သို့သော်လည်း ထိုအတွေးများက မည်သူမှ ထင်မှတ်မထားသည့် အခြား မိန်းကလေး တစ်ယောက်ထံတွင်လည်း ပဲ့တင်ထပ်နေကာ နာ့ရှင်းရီထက် ပိုမို ပြတ်သားသည့် သဘောထားများပင် ပါဝင်နေခဲ့လေသည်။

...

ဝေးလံခေါင်သီလွန်းသည့် နေရာတစ်ခုရှိ အလင်းရောင် ခပ်မှိန်မှိန် ထွန်းလင်းနေသော အခန်းတစ်ခုထဲတွင် ဝတ်ရုံလွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုမှာ ရွှေရောင် မြူနှင်းများ ဝန်းရံနေသည့် အလင်း စက်ဝန်းတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုစက်ဝန်းသည် လျှို့ဝှက် ဆန်းကြယ်သော ပတ်လမ်းဖြင့် ဖြည်းညင်းစွာ လှည့်ပတ်နေကာ အမျိုးမျိုးသော ပုံရိပ်များကို ထုတ်ဖော်ပြသနေသည်။

ခရက်...

ရုတ်တရက်... အသံတစ်ခု ထွက်ပေါ်လာကာ အလင်းစက်ဝန်း၏ မျက်နှာပြင်တွင် အက်ကွဲရာ တစ်ခု ပေါ်ပေါက်လာ၏။ အတန်ကြာပြီးနောက်တွင်မှ အဆုံးမဲ့ တိတ်ဆိတ်မှုများကို ဖြိုခွဲကာ အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“မိန်းကလေးရဲ့ ကံကြမ္မာက ပြောင်းလဲသွားပြီပဲ”

အခြား ပုံရိပ်တစ်ခုမှာ ဖြည်းညင်းစွာပင် ထိုအနားသို့ ရောက်ရှိလာ၏။

“ဘာဖြစ်လို့လဲ”

“ငါတို့ အစီအစဥ်ကို ပြောင်းရတော့မယ်”

***

All Chapters