အဂ္ဂိရတ် တိုက်ပွဲ စတင်ခြင်း
Vol. 24 Ch. 332
မမျှော်လင့်ထားသည့် အဖြစ်အပျက်များကြောင့် အနည်းငယ် အနှောက်အယှက် ဖြစ်ခဲ့ရသည့်တိုင် အဂ္ဂိရတ် တိုက်ပွဲကို မူလ စီစဥ်ထားသည့် အတိုင်း ဆက်လက် ကျင်းပမည် ဖြစ်သည်။ များစွာသော လူများမှာ ရင်တထိတ်ထိတ်ဖြင့် တိုက်ပွဲ ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
စောစောက လုံချန်နှင့် ဝေ့ဝူယင်တို့ အကြားမှ ပဋိပက္ခများကိုပင် သူတို့ မေ့လျော့၍ပင် နေကြပြီ ဖြစ်သည်။ သူတို့ အမြင်၌ လုံချန်မှာ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်၏ ချနင်းစရာ ကျောက်တုံးတစ်တုံးမျှသာ ဖြစ်သည်။ ထိုထက် နည်းနည်းမျှ ပိုလိမ့်မည် မဟုတ်ချေ။
အားလုံး ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြချိန်မှာပင်...
“သူတို့ လာပြီဟေ့...”
အလွန် ကျယ်လောင်သော ကြေညာသံ တစ်ခုက လေလှိုင်းများနှင့် အတူ ပျံ့နှံ့လာကာ လူသန်းပေါင်းများစွာ၏ နားစည်ကို ရိုက်ခတ်သွား၏။ မရေမတွက်နိုင်သော လူများမှာ ခေါင်းများ ထောင်မတ်ရင်း ပတ်ချာလည်အောင် ရှာဖွေလိုက်ကြသည်။ တစ်ခဏအတွင်းမှာပင်... ကောင်းကင်မှ ဆင်းသက်လာသည့် လူတစ်အုပ်ကို သူတို့ ရှာဖွေ တွေ့ရှိ သွားကြတော့၏။
အဂ္ဂိရတ် အစည်းအရုံးကား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့သည် အရောင် တူညီသည့် ဝတ်စုံများကို ဆင်မြန်းထားကာ အရေအတွက်အားဖြင့် စုစုပေါင်း ကိုးယောက် ဖြစ်သည်။ ထိုအထဲမှ နှစ်ယောက်မှာ ချင်ကူးယွင်နှင့် ချင်ကူးယင်တို့ ဖြစ်ကာ အခြားလူများမှာလည်း ထင်ရှား ကျော်ကြားသည့် အဂ္ဂိရတ် အင်ပါယာများပင် ဖြစ်သည်။
အဂ္ဂိရတ် အစည်းအရုံးကား သူတို့၏ အင်အားကို အကုန်အစင် ဖော်ထုတ်ကာ ချီတက်လာကြခြင်း ဖြစ်၏။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အဂ္ဂိရတ် အင်ပါယာ ခုနစ်ယောက်အထိ ပိုင်ဆိုင်ထားခြင်းမှာ အလွန် ဂုဏ်ယူဖွယ် ကောင်းသော အရာ ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အင်အားကို အဂ္ဂိရတ် တာအို တစ်ခုတည်းဖြင့် ဆုံးဖြတ်မည် ဆိုလျှင် အဂ္ဂိရတ် အစည်းအရုံးမှာ ထိပ်ဆုံးတွင် ရပ်တည်နိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုအရာက သိပ်မထူးဆန်းလှ။
လူတိုင်းကို ပါးစပ် အဟောင်းသား ဖြစ်စေအောင် ဆန်းကြယ်သည့် အရာကား ထိုအဂ္ဂိရတ် အင်ပါယာ ခုနစ်ယောက်မှာ ချင်ကူးယင်၏ နောက် ခြေတစ်လှမ်း အကွာမှသာ နေ၍ ဝန်းရံ လိုက်ပါလာကြခြင်း ဖြစ်လေ၏။ ထို့အပြင် သူတို့၏ အမူအရာများက ရိုကျိုးသေဝပ်နေကာ ထာဝရ နတ်မိမယ်လေး အပေါ် နှိုင်းတု၍ မရနိုင်အောင် လေးစားနေကြပုံ ရလေသည်။
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။ အဂ္ဂိရတ် အင်ပါယာ ဆိုသည်က အဘယ်နည်း။ လက်ရှိ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အမြင့်ဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပညာရှင်ကြီးများပင် ဖြစ်သည်။ လေနှင့် မိုးတို့ကိုပင် ဖန်ဆင်းနိုင်အောင် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးများ ပင်လျှင် ချင်ကူးယင်၏ နောက်မှ ခြေတစ်လှမ်းခွာကာ ဝန်းရံခစား ရသည်လား။
ကိန်းကြီးခမ်းကြီးနိုင်လှပါသည် ဆိုသော အာရုဏ်ဦး ဧကရာဇ် ပင်လျှင် ထိုကဲ့သို့ နောက်လိုက် ကိန်းဂဏန်းမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိချေ။
ဟူး... ဟူး...
အဂ္ဂိရတ် အစည်းအရုံးမှဝင် ကိုးယောက်မှာ တိုက်ပွဲ စင်မြင့်ပေါ် ဖြည်းညင်းစွာပင် ဆင်းသက်လာကြ၏။ အားလုံး ခြေချပြီးသည့်နောက် ချင်ကူးယင်က ညင်သာသော ခြေလှမ်း အနည်းငယ်ဖြင့် ခေါင်းဆောင်နေရာကို ယူလိုက်၏။ သူမ၏ မွေးရာပါ တည်ငြိမ်မှုက ကျက်သရေရှိလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေကာ မျက်နှာတွင် ဇာပုဝါကို လွှမ်းခြုံထားပုံက လူတိုင်း၏ နှလုံးသားဆီသို့ လျှို့ဝှက် ဆန်းကြယ်သည့် ခံစားချက် တစ်မျိုးအား ဆောင်ကျဥ်းလာသည်။
“ချင်ကူးယင်... သူက ချင်ကူးယင် ဆိုတာလား...”
လူတိုင်းက တိုးတိုးတိတ်တိတ် ကြည့်လိုက်ကြ၏။ ထာဝရ နတ်မိမယ်လေးမှာ လုံးဝကို လျှို့ဝှက် ဆန်းကြယ်လွန်းသူ ဖြစ်သည်။ နာမည်နှင့် နောက်ခံတို့မှ လွဲ၍ သူ့အကြောင်း ဘာမှ မသိကြရချေ။
ခြားနားစွာပင် ဝေ့ဝူယင်မှာမူ ကျင့်ကြံသူနှင့် အဂ္ဂိရတ် သမားများ အားလပ်ချိန်တိုင်း ဆွေးနွေးရသော နာမည် တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှာပင် သူသည် လူတိုင်း၏ နှလုံးသားထဲ၌ လေးစားမှု မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြီး ဖြစ်သည်။ ဤသို့နှင့် သူက လူတိုင်း၏ အလိုဆန္ဒကို ကိုယ်စားပြုသည့် ဖြစ်တည်မှု တစ်ခု ဖြစ်လာခဲ့သည်။
ဝေ့ဝူယင်နှင့် ယှဥ်လျှင် ချင်ကူးယင်မှာ တက်သစ်စ ကြယ်ပွင့်ငယ် တစ်ခုသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် ရောက်ရှိလာစဥ်တုန်းကလို ကျယ်လောင်စွာ အော်ဟစ် အားပေးသံများ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ ထို့အစား တီးတိုးစကားသံနှင့် အံ့သြသံ အချို့သာ ထွက်ပေါ်လာခဲ့သည်။
နောက်နားရှိ အဂ္ဂိရတ် အင်ပါယာများမှာ ထိုတုန့်ပြန်မှုကို သိပ်မကျေချမ်းပုံ ရ၏။ တစ်ယောက်က အေးစက်စက် နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း တီးတိုး ရေရွတ်လိုက်၏။
“ကြည့်ရတာ လောကကြီးက အဂ္ဂိရတ် အစည်းအရုံး ဘာလဲ ဆိုတာ မေ့နေကြပုံ ရတယ်... ဒါပေမဲ့ ဒီနေ့မှာ ထာဝရ နတ်မိမယ်လေးက ဘာလဲ ဆိုတာ သူတို့ သိလာကြလိမ့်မယ်”
အခြား အဂ္ဂိရတ် အင်ပါယာများက တိတ်တဆိတ်ပင် ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။ ထို့နောက် သူတို့က တစ်စုတစ်စည်းတည်းပင် စင်မြင့်ထက်မှ ပျံတက်ကာ ပွဲကြည့်ခန်းများဆီ ထွက်ခွာသွားကြတော့၏။ တစ်ခဏ အတွင်းမှာပင် ချင်ကူးယင်တို့ မြေးအဘိုး နှစ်ယောက်သာ စင်မြင့်ထက်တွင် ကျန်ရစ်ခဲ့ပေတော့သည်။
ချင်ကူးယွင်က တည်ငြိမ်ကာ သက်တောင့်သက်သာ ရှိသော မျက်ဝန်းများဖြင့် မျိုးဆက်ပေါင်း များစွာ ကွာဝေးသော မြေးမလေးကို ကြည့်လိုက်၏။ သူက ဘာစကား တစ်ခွန်းမှ မဆိုချေ။ ထို့အစား လက်တစ်ဖက်ဖြင့် သူမ၏ ပခုံးကိုသာ ညင်သာစွာ ပုတ်လိုက်သည်။
ဇာပုဝါအောက်ရှိ ချင်ကူးယင်၏ လှပသော မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်နေ၏။ သူမက ချင်ကူးယွင်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအခိုက်တွင် နှုတ်မှ စကားလုံး တစ်လုံးမှ ထွက်ပေါ် မလာသည့်တိုင် စကားလုံးပေါင်း ထောင်သောင်းချီကို သူတို့ ဖလှယ်ခဲ့ကြပြီး ဖြစ်သည်။
ချင်ကူးယွင်က ကောင်းကင်သို့ ပျံတက်ကာ ခုံသမာဓိ ပလ္လင်များ အနားထိ ရောက်ရှိသွား၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ကြယ်တာရာ အင်အားဖြင့် ထိုင်ခုံတစ်ခု ဖန်တီးလိုက်သည်။ မဟာ အင်အားစု သုံးခု ခေါင်းဆောင်များနှင့် အဂ္ဂိရတ် အင်ပါယာ နှစ်ယောက်မှာ ထိုအပြုအမူကို စိတ်ရှိကြဟန် မရကြချေ။ သူတို့က တိတ်တဆိတ်ပင် ပြိုင်ပွဲ စတင်မည့် အချိန်ကို စောင့်ဆိုင်း နေကြလေ၏။
...
သတ်မှတ်ထားသော အချိန်ကား ရောက်ရှိခဲ့ပြီ ဖြစ်သည်။ တဖြည်းဖြည်း ကောင်းကင်သို့ ပျံတက်လာသည့် အဖြူရောင် ပုံရိပ်ကို ကြည့်ရင်း လူတိုင်း၏ စိတ်ဝင်စားမှုက အထွတ်အထိပ်ထိ ရောက်ရှိသွား၏။ စက္ကန့် တစ်ခုချင်းစီတိုင်း၌ ကြောက်မက်ဖွယ်ရာ ဖိအားများက လူတိုင်း၏ နှလုံးသားကို တဒိန်းဒိန်း မြည်ဟီးအောင် ရိုက်ခတ်နေခဲ့သည်။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ ချင်ကူးယင်၏ အရှေ့ ပေပေါင်း ဒါဇင် အနည်းငယ် အကွာအဝေးထိ ရောက်ရှိသွားသည်။
“မင်း သိလား... ပထမဆုံး အကြိမ် အဂ္ဂိရတ် တိုက်ပွဲ ဝင်ပြိုင်တုန်းက ငါလည်း မင်းလိုပဲ မျက်နှာဖုံး တစ်ခုကို ဝတ်ခဲ့ဖူးတယ်”
သူက ခြေစုံရပ်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်၏။ ထိုမိန်းကလေးက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ဝေ့ဝူယင် တွေးနေမိသည်။ သို့သော်လည်း အခြားလူများနှင့် ခြားနားစွာပင် သူစိတ်ဝင်စားသည့် အရာက ဇာပုဝါဖြင့် ဖုံးကွယ်ထားသည့် မိန်းကလေး၏ အသွင်အပြင် မဟုတ်ချေ။
ကောင်းကင်ဘုံ နတ်မျက်လုံး၏ အကူအညီဖြင့် ဝေ့ဝူယင်သည် ချင်ကူးယင်၏ မျက်နှာ တစ်ခုလုံးကို သူ ရှင်းလင်းစွာပင် မြင်တွေ့ နေရသည်။ ထိုမိန်းကလေးကား မြင့်မြတ် ထည်ဝါလှသော အလှတရားဖြင့် အမှန်တကယ့်ကို ကောင်းချီးပေးခံထားရသူလေး ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းမှာ နတ်မိမယ်များ အရှုံးပေးရလောက်အောင်ပင် ပြည့်စုံလွန်းသည်။ အကယ်၍ သူမသာ ဇာပုဝါကို ချွတ်ပြမည် ဆိုပါက သုံးလွှာ ကြယ်တာရာ နယ်မြေတွင် သူမကို ပိုင်ဆိုင်ခွင့် ရရန် တိုက်ပွဲများစွာပင် ဖြစ်ပေါ် လာနိုင်သည်။
ချင်ကူးယင်မှာ ဝေ့ဝူယင်၏ ပေါ့ပေါ့ပါးပါး မှတ်ချက် စကားကြောင့် အနည်းငယ် ကြောင်အသွား၏။ ခေတ်သစ် တစ်ခု၏ အကြီးအကျယ်ဆုံးသော တိုက်ပွဲကို ယှဥ်ပြိုင်ရတော့မည့် အချိန်တွင်ပင် သူက အခြားအရာများကို စိတ်ဝင်စားနိုင်သေးသည်လား။ သည်တိုက်ပွဲ၏ အရေးပါးမှုကို သူ မသိသည်လား။
ဖိအား အတော်လေးများနေပုံ ရသည့် မိန်းကလေး၏ အမူအရာကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်၏။ သူ နောက်ထပ် စကားမဆိုနိုင်ခင်မှာပင် ခုံသမာဓိ တစ်ယောက် ဖြစ်သည့် ယီယွင်က ထိုင်ရာမှ ထရပ်ရင်း လက်ခုပ်တီး လိုက်၏။ အားလုံး၏ အာရုံများကို အပြည့်အဝ စုစည်း ပြီးသည့်နောက် သူက တည်ငြိမ်သော အမူအရာဖြင့် ကြေညာလိုက်လေသည်။
“ကြိုဆိုပါတယ်... လူငယ် ပါရမီရှင် နှစ်ယောက်ကြားက အဂ္ဂိရတ် တိုက်ပွဲဟာ မကြာခင် စတင် ပါတော့မယ်... မစတင်ခင် ပြိုင်ပွဲ စည်းမျဥ်း အသေးစိတ်ကို အရင်ဆုံး ပြောပြချင်ပါတယ်... ပထမဆုံး အနေနဲ့...”
ယီယွင်က တည်ငြိမ်စွာပင် ပြိုင်ပွဲ စည်းမျဥ်းများကို ဆက်လက် ရှင်းပြလိုက်၏။ အဂ္ဂိရတ် တိုက်ပွဲသည် အဂ္ဂိရတ် သမားများ အကြားတွင် အမြင့်မားဆုံးသော စိန်ခေါ်ပွဲ ဖြစ်ကာ အဂ္ဂိရတ် တာအို နယ်ပယ် လေးခု ဖြစ်သည့် ဆေးပြား၊ ဆေးလုံး၊ ဆေးတောင့်နှင့် ဆေးရည်တို့ကို စစ်ဆေးသည်။
စိန်ခေါ်ခံရသူသည် ပထမဆုံး အမျိုးအစား တစ်ခုကို ရွေးချယ်ရသည်။ ထို့နောက်တွင် စိန်ခေါ်သူက ကျန်သုံးခုထဲမှ တစ်ခုကို ရွေးချယ်ရသည်။ ထိုကဲ့သို့ ပုံစံဖြင့် နယ်ပယ် လေးခုလုံးကို ရွေးချယ်ပြီးစီးသည် အထိ ဆက်သွားရသည်။
ရွေးချယ်မှုများ ပြီးဆုံးပြီးနောက် ဆေးညွှန်းများကို ထပ်မံ ရွေးချယ်ရသည်။ စည်းမျဥ်းများ အရ အဂ္ဂိရတ် တိုက်ပွဲ၌ မည်သည့် အဆင့် ဆေးညွှန်းကို မဆို ရွေးချယ်နိုင်သည်။ များသောအားဖြင့် အဂ္ဂိရတ် ပညာရှင်များသည် သူတို့ ကျွမ်းကျင်သည့် အခက်ခဲဆုံး ဆေးညွှန်းများကိုသာ ရွေးချယ်လေ့ ရှိကြသည်။
ပြိုင်ပွဲ၏ ရည်ရွယ်က ပွဲလေးခုတွင် ၃-၁ သို့မဟုတ် ၃-၀ ဖြင့် အနိုင်ရရန် ဖြစ်သည်။ အကယ်၍ ၂-၂ ဖြင့် ညီမျှနေလျှင် ကြိုးစားသည့် အကြိမ် အရေအတွက်ဖြင့် ဆက်လက် ဆုံးဖြတ်ရသည်။ ယေဘုယျ နိယာမ အရဆိုလျှင် ကိုယ်ရွေးချယ်သည့် ထုတ်ကုန်တွင်ပင် ရှုံးနိမ့်ပါက ပြိုင်ပွဲတစ်ခုလုံး ရှုံနိမ့်ရန် ကျိန်းသေ သွားပေလိမ့်မည်။
မကြာခင်မှာပင် ယီယွင်မှာ ပြိုင်ပွဲ စည်းမျဥ်း အသေးစိတ်ကို ရှင်းလင်း ပြီးစီးသွားသည်။ သူက အချိန်ကို အကဲခတ်ရင်း အခြား ခုံသမာဓိ လေးယောက်ကို တစ်ချက်မျှ လှည့်ကြည့်လိုက်၏။ အားလုံး၏ ခေါင်းညိတ် ထောက်ခံမှုကို ရသော အခိုက်၌ သူက ကျယ်လောင်စွာပင် ကြေညာလိုက်လေသည်။
“ကဲ... အချိန်ကျပြီ ဆိုတော့ တိုက်ပွဲကို စတင် လိုက်ကြတာပေါ့...”
***