အခန်း (၅၅-၅၆)
Vol. 4 Ch. 55-56
စူပါ-ဖမ်း(SFS)
အခန်း ၅၅ ။ မြေနည်းရင် မိန်းမတွေကို ဘယ်လိုကျွေးမလဲ?
"မြေဧက ၁,၀၀၀ ဆိုတဲ့ ကန့်သတ်ချက်ကတော့ လယ်ကွင်းကြီးတွေနဲ့ စိုက်ပျိုးဖို့အတွက် မလုံလောက်ဘူးပဲ။"
"ဒါပေမဲ့ ပြည်တွင်းမှာလည်း ဧကသောင်းချီတဲ့ လယ်ကွင်းကြီးတွေ တည်ဆောက်ဖို့ ပတ်ဝန်းကျင်က မပေးသေးဘူးလေ။"
လင်းယန် ခေါင်းယမ်းလိုက်မိသည်။ ပြည်တွင်းမှာက လူများပြီး မြေရှားသည် မဟုတ်လား။ ဧက ၁,၀၀၀ ရရှိထားခြင်းမှာလည်း ဤတောခေါင်ခေါင်နေရာတွင် လူငယ်လုပ်သားများ မရှိတော့ခြင်းနှင့် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်နှင့် သူ၏ ပတ်သက်မှုကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ဤမျှများပြားသော မြေယာများကို ပိုင်ဆိုင်ခွင့်ရရန် မလွယ်ကူပေ။
ဤရက်ပိုင်းအတွင်း လင်းယန်သည် ပါမောက္ခများနှင့်အတူ အနာဂတ်စီမံကိန်းများအကြောင်း ဆွေးနွေးဖြစ်ကြသည်။ လောင်ဝမ်သည် တစ်သက်လုံး စိုက်ပျိုးရေးလုပ်ငန်းတွင် ကျင်လည်ခဲ့သူဖြစ်သဖြင့် သူ့အမြင်မှာ အလွန်ပင် ထက်မြက်လှသည်။
"နိုင်ငံတစ်ခုရဲ့ ကုန်ထုတ်လုပ်ငန်းမှာ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းက အဓိကပဲ။
စက်မှုလုပ်ငန်းကတော့ ခေတ်မီအောင် လုပ်ဆောင်နိုင်ခဲ့ပြီ။ ဒါပေမဲ့ စိုက်ပျိုးရေးကို ခေတ်မီအောင် လုပ်ဖို့ကတော့ လမ်းခရီး အဝေးကြီး ကျန်သေးတယ်လေ။
ဒါပေမဲ့ မင်းမှာ ဒီလောက်အထိ မြေတွေရှိနေမှတော့ စိုက်ပျိုးရေး ခေတ်မီတိုးတက်ရေးအတွက် လမ်းစဉ်သစ်တစ်ခုကို စမ်းသပ်ကြည့်လို့ ရတာပေါ့။"
လင်းယန် မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်သည်။
"အခု ကျွန်တော်က ခေတ်မီစက်ကိရိယာတွေကို သုံးတာကလွဲရင်၊ စိုက်ပျိုးတဲ့ပုံစံမှာ သိပ္ပံနည်းကျ စီမံပေမဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို မသုံးဘူး။ အဲ့ဒါက ရှေးရိုးဆန်နေမလားလို့။"
လောင်ဝမ်က ခေါင်းယမ်းကာ ရှင်းပြသည်။
"စိုက်ပျိုးရေး ခေတ်မီအောင် လုပ်တာက မင်းထင်သလောက် မရိုးရှင်းဘူး။ အခြေခံအားဖြင့် ပုံစံ သုံးမျိုး ရှိတယ်။
ပထမတစ်ခုက အမေရိကန်လိုမျိုး အကြီးစားလယ်ကွင်း စနစ်ပဲ။ မြေဧက သောင်းချီ ပိုင်ဆိုင်ပြီး စက်ကိရိယာတွေနဲ့ပဲ အကုန်လုပ်တာ။"
လင်းယန် ခေါင်းညိတ်သည်။ "အဲ့ဒီက လယ်ပိုင်ရှင်တွေရဲ့ဝင်ငွေက တကယ့်ကို အံ့မခန်းပဲလေ။ အချမ်းသာဆုံး လူတန်းစားထဲမှာ ပါတာပေါ့။"
လောင်ဝမ်က ဆက်ပြောပြသည်မှာ -
"ဒုတိယတစ်ခုက ဥရောပက အသေးစားလယ်ကွင်းစနစ်နဲ့ ဒေသန္တရ ပိတ်ဆို့မှု စနစ်ပဲ။ ဧက ရာဂဏန်းလောက်ပဲ ရှိကြတာ။
ဂျာမနီလို နိုင်ငံမျိုးမှာ စက်မှုအင်အားက ပိုကောင်းတယ်။ တောင်သူတိုင်းက ထိပ်တန်း အင်ဂျင်နီယာတွေပဲ၊ သီးနှံရိတ်သိမ်းတဲ့ စက်ကြီးတွေကို ကိုယ်တိုင်တောင် ထွင်နိုင်ကြတယ်။"
လင်းယန် ထပ်မံခေါင်းညိတ်ပြပြန်သည်။
"ကျွန်တော်လည်း ကြားဖူးပါတယ်၊ သူတို့ဆီမှာက သဘာဝအတိုင်းထွက်တဲ့ သီးနှံတွေကိုပဲ စားကြတာဆိုတော့ တာရှည်မခံဘူး။ အဲ့ဒီတော့ အဝေးကြီး သယ်လို့မရဘူးလေ။ ပြီးတော့ ပြင်ပက သီးနှံတွေကိုလည်း ဝင်ခွင့်မပေးတဲ့ ဒေသတွင်း ကာကွယ်မှုတွေရှိနေတော့ တောင်သူတွေရဲ့ ဝင်ငွေက နည်းစရာ အကြောင်းမရှိဘူးပေါ့။
ဒါပေမဲ့ ဒီလို ဒေသတွင်း လက်ဝါးကြီးအုပ်တဲ့ စနစ်ကိုတော့ ကျွန်တော် မလုပ်နိုင်သေးဘူး။"
လောင်ဝမ်က နိဂုံးချုပ်လိုက်သည်။
"ဒီနှစ်နေရာမှာ စိုက်ပျိုးရေးက အောင်မြင်နေတာက ပိုက်ဆံရှိတဲ့သူတွေက စိုက်ပျိုးရေးကို လုပ်ကိုင်ကြလို့ပဲ။ တောင်သူတွေက အလတ်တန်းစားကနေ အထက်တန်းစားအထိ ချမ်းသာကြတဲ့သူတွေလေ။ ပိုက်ဆံရှိမှသာ တောင်သူတွေက အလုပ်ထိရောက်မယ့် စက်ကြီးတွေကို ဝယ်သုံးနိုင်ကြမှာ။
ဒါပေမဲ့ ငါတို့နိုင်ငံက တောင်သူတွေကတော့ အခြေခံလူတန်းစား ဘဝကနေ မတက်နိုင်ကြသေးဘူး။" လောင်ဝမ်က နှမြောတသစွာ ပြောလိုက်သည်။
စိုက်ပျိုးရေး ခေတ်မီချင်လျှင် စိုက်ပျိုးရေးလုပ်ငန်းမှာ အမြတ်အစွန်းရှိအောင် အရင်လုပ်ရမည် ဖြစ်သည်။ လုံလုံလောက်လောက် ချမ်းသာမှသာ လူမှုအသိုင်းအဝိုင်းရဲ့ အရင်းအမြစ်တွေက စိုက်ပျိုးရေးဘက်ကို စီးဝင်လာမည် မဟုတ်လား။ မဟုတ်လျှင် မည်မျှပင် ထောက်ပံ့ကြေးတွေ ပေးပါစေ၊ နောက်ကျကျန်နေသည့် စိုက်ပျိုးရေးကို ကယ်တင်နိုင်မည် မဟုတ်ပေ။
လင်းယန် မေးစေ့ကို ပွတ်ရင်း တွေးနေမိသည်။
ပိုက်ဆံလား?
သူ့မှာ ရှိတာပေါ့!
အများကြီးတောင် ရှိသေးတယ်!
လယ်ကိုသာ ဆက်တိုက်စိုက်နေလျှင် ပိုက်ဆံဆိုသည်မှာ မကုန်နိုင်မခမ်းနိုင် ထွက်လာမည်ဖြစ်သည်။ လောင်ဝမ်၏စကားများက သူ့အတွက် အတွေးအမြင်ကောင်းများ ပေးလိုက်ခြင်းပင်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီတုန်းက တောမီးရှို့ပြီး လယ်စိုက်ခဲ့ကြတယ်။ ချင်းမင်းဆက်၊ ဟန်မင်းဆက် နောက်ပိုင်းမှာ သံထွန်တုံးတွေနဲ့ နွားတွေ သုံးလာကြတယ်။ ဒါပေမဲ့ အခုအချိန်အထိ ကြည့်လိုက်ရင် စိုက်တဲ့ မျိုးစိတ်တွေ ပိုများလာတာနဲ့ ထွက်နှုန်းတိုးလာတာကလွဲရင်...
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကနဲ့ ဘာတွေများ ကွာခြားသွားလို့လဲ?
တောင်သူတွေကတော့ မိုးမလင်းခင်ကတည်းက အလုပ်လုပ်ရပြီး တစ်သက်လုံး ပင်ပင်ပန်းပန်းနဲ့ပဲ ကုန်ဆုံးနေကြရတုန်းပဲ။"
လင်းယန်၏အကြည့်မှာ အချိန်ကာလများကို ဖြတ်ကျော်ကာ လက်ရှိ စိုက်ပျိုးရေး အဆောက်အအုံကို ထွင်းဖောက်မြင်နေသည့်အလား။ ရှေးခေတ်ကတည်းက ယနေ့အထိ လယ်စိုက်သည့် ပြည်သူများမှာ သက်သောင့်သက်သာ နေခဲ့ရသည်ဟူ၍ မရှိပေ။
လောင်ဝမ် ခေါင်းညိတ်သည်။
"မင်းပြောတာ မှန်တယ်၊ ဒီနှစ်ပေါင်း နှစ်ထောင်အတွင်းမှာ စိုက်ပျိုးရေးက တကယ်တော့ သိပ်မပြောင်းလဲခဲ့ဘူး! ဘယ်သူမှ လူမှုအရင်းအမြစ်တွေကို စိုက်ပျိုးရေးဘက်ကို မလှည့်ပေးကြဘူးလေ။
သီးနှံထွက်နှုန်းကောင်းတဲ့နှစ်ဆိုရင် ဈေးက ကျသွားပြန်ရော၊ တောင်သူတွေက ပိုက်ဆံမရဘူး။ အကယ်၍ သဘာဝဘေးကြုံတဲ့နှစ်ဆိုရင်လည်း မြေက ဘာမှမထွက်၊ အိမ်မှာလည်း စားစရာမကျန်။ အစိုးရကသာ ထိန်းညှိမပေးရင် အငတ်ဘေး ဆိုက်ကုန်တာပဲ။
စိုက်ပျိုးရေးမှာ ရင်ဆိုင်ရတဲ့ အန္တရာယ် နဲ့ ရလာတဲ့ အကျိုးအမြတ်က မမျှတဘူးလေ။ အဲ့ဒီတော့ လူတွေက လယ်မစိုက်ချင်ကြတော့တာပေါ့။"
လောင်ဝမ်သည် ကျန်ရှိသော ဆံပင်အနည်းငယ်ကို ပွတ်သပ်ရင်း စိတ်မကောင်းဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် နောက်ဆုံးသော ခေတ်မီစိုက်ပျိုးရေး ပုံစံတစ်ခုကို ပြောပြလိုက်၏။
"နောက်ဆုံးတစ်ခုကတော့ ငါတို့ရဲ့ အိမ်နီးချင်း ဂျပန်ရဲ့ လက်ဝါးကြီးအုပ် 'နိုကျို' စနစ်ပဲ။ မျိုးစေ့ထုတ်တာကနေ စိုက်ပျိုးတာ၊ ရိတ်သိမ်းတာ၊ သီးနှံပြုပြင်တာ၊ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာနဲ့ ရောင်းချတာအထိ အကုန်လုံးကို နိုကျို (စိုက်ပျိုးရေးအသင်း) လက်ထဲမှာပဲ ထားရှိတာ။
တစ်ဖက်ကလည်း အခြားကဏ္ဍတွေက ရလာတဲ့ အကျိုးအမြတ်တွေကို တောင်သူတွေကို အချိုးကျ ခွဲဝေပေးတော့ အဲ့ဒီက တောင်သူတွေက အရမ်းချမ်းသာကြပြီး လူမှုအဆင့်အတန်းလည်း မြင့်မားကြတယ်လေ။"
လင်းယန် စိတ်ဝင်စားသွားသည်။
"ဒီစနစ်က အတုယူလို့ရပေမဲ့ တောင့်တင်းလွန်းရင်လည်း အန္တရာယ်ရှိတယ်၊ အစိတ်အပိုင်း တစ်ခုခု ပုပ်သွားရင် တစ်သင်းလုံး ပုပ်သွားနိုင်တာပဲ။"
လောင်ဝမ်က လက်မထောင်ပြလိုက်သည်။
"အဲ့ဒါတော့ မှန်တယ်၊ ဒါပေမဲ့ လူများပြီး မြေရှားတဲ့ ငါတို့လို ပတ်ဝန်းကျင်မျိုးအတွက်တော့ ဒါက အတုယူဖို့ အသင့်တော်ဆုံးပဲ။"
လင်းယန်သည် အဝေးက လယ်မြေများကို ငေးကြည့်နေမိသည်။
ယခု သူ့တွင် ဧက ၈၀၀ ရှိပြီ။ အကယ်၍ သူ့မှာ စနစ်သာ မရှိပါက လက်ရှိ အခြေအနေအရ သူ လယ်စိုက်လျှင် တစ်သက်လုံး ဆင်းရဲနေဦးမည်မှာ အမှန်ပင်။
ကံကောင်းသည်မှာ... သူ့တွင် စနစ်ရှိနေခြင်းပင်။
ဤအရာကို အသုံးချပြီး လက်ရှိ အခြေအနေကို ပြောင်းလဲပစ်နိုင်မလား?
"ကျွန်တော် တတ်နိုင်သလောက် ကြိုးစားကြည့်မယ်။"
လင်းယန်သည် စနစ်ထဲရှိ များပြားလှသော ရန်ပုံငွေများကို ကြည့်ရင်း သေသေချာချာ လုပ်ကိုင်ရန် လိုအပ်သည်ဟု ယူဆလိုက်သည်။ တစ်ကမ္ဘာလုံးက အံ့ဩငေးမောရမည့် လယ်ကွင်းကြီးတစ်ခုကို သူ ဖန်တီးပြမည်!
ယခုအခါ လင်းယန် တက်ကြွနေလေပြီ။
သူသည် မြေလွတ်မြေရိုင်းများကို ဆက်လက်ဖော်ထုတ်ပြီး ဧက ၁,၀၀၀ ပြည့်အောင် ကြိုးစားရန် ကြံစည်တော့သည်။
တောင်ကို ဖြိုရ၊ ချောက်ကို ဖို့ရမည် ဖြစ်စေ... ကုန်ကျစရိတ်ကို သူ ဂရုမစိုက်ပါ။
ဘာပဲဖြစ်ဖြစ်... အိမ်မှာ သူ့ကို မျှော်နေတဲ့ မိန်းကလေးတွေ အများကြီး ရှိနေတာလေ။
မြေကွက်က နည်းနေရင် သူတို့ကို ဘယ်လိုကျွေးမလဲ?
ထို့ပြင်...
အကယ်၍ လယ်စိုက်တာကသာ အောင်မြင်မှု မရှိဘူးဆိုရင်...
အိမ်က အလှလေးတွေ အကုန်လုံး ထွက်ပြေးကုန်ကြမှာ မဟုတ်လား??
***
စူပါ-ဖမ်း(SFS)
အခန်း ၅၆ ။ လပေါ်ကမြေကြီးမှာ ဟင်းသီးဟင်းရွက် စိုက်လို့မရဘူး
စိုက်ပျိုးရေးယဉ်ကျေးမှု သမိုင်းတစ်လျှောက်လုံးကို ပြန်ကြည့်လျှင် မြေယာဖော်ထုတ်ခြင်းသည် အမြဲတမ်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တစ်ဧက အထွက်နှုန်း မပြောင်းလဲသည့် အခြေအနေမျိုးတွင် မြေယာအသစ်များ ဖော်ထုတ်မှသာလျှင် ပိုမိုများပြားသော အထွက်နှုန်းကို ရရှိနိုင်မည် ဖြစ်သည်။ ဤအချက်ကို လင်းယန်က အလွန် ရှင်းလင်းစွာ နားလည်ထားလေသည်။
"ချင်မင်းဆက်နဲ့ ဟန်မင်းဆက်ခေတ်တွေတုန်းက တောင်ပေါ်သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းတာကို အဓိကထားခဲ့ကြတယ်။ သစ်ပင်တွေကို ခုတ်လှဲ၊ အိမ်တွေဆောက်ပြီး ကျန်ခဲ့တဲ့ မြေကွက်လပ်တွေကို လယ်ယာမြေအဖြစ် ပြောင်းလဲခဲ့ကြတာပေါ့" ဟု လင်းယန်က ရှင်းပြလိုက်သည်။
"ထန်မင်းဆက်နဲ့ စုန့်မင်းဆက်ခေတ်တွေ ရောက်လာတော့ လူဦးရေများပြီး မြေနေရာ နည်းပါးလာတဲ့အတွက် လယ်ယာမြေဖော်ထုတ်တဲ့ ပုံစံတွေ ပိုများလာတယ်။ ဥပမာပြောရရင်၊ ရွာထဲမှာ လှေကားထစ်စိုက်ခင်းအကွက်တွေ အများကြီးရှိတယ်။ ဒီလို လှေကားထစ် လယ်ကွက်မျိုးတွေက အများအားဖြင့် စုန့်မင်းဆက်ခေတ်နောက်ပိုင်းမှာ စတင်ဖော်ထုတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ ခေတ်သစ် စိုက်ပျိုးရေးနဲ့ ယှဉ်ကြည့်ရင်တော့ လှေကားထစ် လယ်ကွက်တွေက စက်ယန္တရား အသုံးပြုဖို့ အရမ်းခက်ခဲတယ်။"
သူက ဆက်လက်၍ "နောက်တစ်မျိုးကတော့ နုန်းတင်မြေပဲ။ အဲဒါက မြစ်ကြောင်းကို ပြောင်းလဲပစ်ပြီး မြစ်ကြမ်းပြင်က နုန်းမြေတွေကို အသုံးချကာ လယ်မြေအဖြစ် ဖန်တီးတာမျိုးပဲ။ ဒီလိုလုပ်ရင် မြေဆီလွှာက ပိုပြီး သြဇာထက်မြက်တယ်။ သဲမြေလို့ခေါ်တဲ့ ပင်လယ်ရေ တိုက်စားပြီး နုန်းတွေ ပုံလာအောင် လုပ်တဲ့နည်းလမ်းကတော့ ပင်လယ်နဲ့ ဝေးတဲ့ ဒီတောင်ပေါ်ရွာလေးမှာ လုပ်လို့မရဘူးပေါ့။ တကယ်တမ်း အလွယ်ကူဆုံးကတော့ ရေပေါ်လယ်ကွက်တွေပဲ" ဟု ပြောဆိုလိုက်သည်။
လင်းယန်၏ စကားများကြောင့် လောင်ဝမ်မှာ အလွန် စိတ်ဝင်စားသွားရသည်။ စိုက်ပျိုးရေး ပညာရှင်တစ်ယောက် ဖြစ်သည့်တိုင် ရှေ့ကပြောသွားသည့် နှစ်မျိုးကိုသာ သူ နားလည်လေသည်။ သဲမြေနှင့် ရေပေါ်လယ်ကွက်အကြောင်း ရောက်လာသည့်အခါတွင်မူ သူ လုံးဝ နားမလည်တော့ပေ။
မြစ်ထဲက နုန်းမြေတွေကို အသုံးချရုံတင်မကဘဲ ပင်လယ်ရေထဲက နုန်းတွေကိုပါ အသုံးချရမယ်? ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်နေမလဲ။ သူ ဤသို့သော လယ်ယာမြေမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သေချာသည်ကတော့ ဤသည်မှာ တောင်သူလယ်သမားများအား လုံလောက်သော အလေးထားမှု မပေးခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ငွေကြေး မရှိသဖြင့် ဤကဲ့သို့ ကုန်ကျစရိတ်ကြီးမားသော လယ်စိုက်ပျိုးနည်းများကို သဘာဝအရ မဖော်ထုတ်လိုကြခြင်းဖြစ်သည်။
တကယ်တမ်းတွင် စုန့်မင်းဆက်ခေတ် နောက်ပိုင်း၌ ဤသို့သော သဲမြေလယ်ကွက်များစွာ ရှိခဲ့ဖူးသည်။ သို့သော် စစ်မက်ဖြစ်ပွားမှုများနှင့် အချိန်ကာလ ကြာမြင့်လာမှုကြောင့် ပြုပြင်ထိန်းသိမ်းမှု အားနည်းလာကာ ယခင်က အကြွင်းအကျန်များမှာ ပင်လယ်ရေထဲတွင် ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။
ရှေးဟောင်း စာအုပ်အချို့တွင် မှတ်တမ်းတင်ထားသည်မှလွဲ၍၊ အတိတ်ကာလက စိုက်ပျိုးရေး ယဉ်ကျေးမှုသည် ဤမျှ ထွန်းတောက်ခဲ့ကြောင်းကို မည်သူများ သိနိုင်တော့မှာလဲ။
"ရေပေါ်လယ်ကွက် ဆိုတာက ဘာလဲ?" ဟု လောင်ဝမ်က မေးလိုက်သည်။
"အဲဒါက ရေဆီကနေ အကျိုးအမြတ် လုယူတာပဲ!"
လင်းယန်က အလွန် တည်ငြိမ်စွာ ဖြေလေသည်။ "မြစ်ကြောင်းပေါ်မှာ သစ်သားပြားတွေ ခင်းတယ်၊ အပေါ်ကနေ မြေကြီးတွေ တင်တယ်။ ပြီးတော့ အဲ့ဒီ မြေကြီးတွေကို သစ်သားပြား အမြင့်တွေနဲ့ ကာရံလိုက်တယ်။ နောက်ဆုံးတော့ စိုက်ပျိုးလို့ရတဲ့ ရေပေါ်လယ်ကွက်တွေ ဖြစ်လာတာပေါ့။"
လောင်ဝမ် ချက်ချင်း သဘောပေါက်သွားသည်။ "အဲ့ဒီလို ကြည့်ရင်တော့ ရေစိုက်နည်း နဲ့ နည်းနည်း ဆင်တူနေတယ်။ ဒါပေမဲ့ ရေစိုက်နည်းက မြေဆီလွှာမပါဘဲ စိုက်ပျိုးတာကို အဓိကထားတာလေ။ အကြီးအကျယ် စိုက်ပျိုးလို့ ရနိုင်မလား?"
"လက်ရှိမှာတော့ အဓိကအားဖြင့် ပျိုးထောင်တဲ့ နေရာမှာပဲ သုံးကြပါတယ်။ ဆိုလိုတာက မြေကြီးမပါဘဲ သီးနှံတွေကို ရင့်မှည့်လာတဲ့အထိ စိုက်ပျိုးချင်ရင် ရေထဲမှာပါတဲ့ အာဟာရဓာတ်တွေက သီးနှံတွေ စုပ်ယူဖို့ လုံးဝ မလုံလောက်ဘူးပေါ့။" လင်းယန်က အကြမ်းဖျင်း ရှင်းပြလိုက်သည်။
"တကယ်လည်း ဒီအတိုင်းပါပဲ။"
"ဒီအကြောင်းကို ကျွန်တော်လည်း နည်းနည်း နားလည်ထားပါတယ်။" လင်းယန်က မျက်မှောင် အနည်းငယ် ကြုတ်ကာ "လောင်ဝမ် အနေနဲ့ 'အီလွန်မတ်စ်' ဆိုတဲ့လူကို သိမသိတော့ ကျွန်တော် မသိဘူး" ဟု ဆက်ပြောလိုက်သည်။
"နိုင်ငံခြားသားလား?" လောင်ဝမ် အနည်းငယ် ကြောင်သွားသည်။
ထိုစဉ် ဘေးနားမှ သေချာနားထောင်နေသော ဝူယင်းက ဝင်ပြောလိုက်သည်။ "ဆရာ... သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လေ။ လျှပ်စစ်ကားတွေ ထုတ်လုပ်သလို၊ အင်္ဂါဂြိုဟ်ကို လူတွေ ပြောင်းရွှေ့နေထိုင်နိုင်အောင် ဒုံးပျံတွေလည်း သုတေသန လုပ်နေတဲ့သူပါ။"
လောင်ဝမ် ထပ်ပြီး ကြောင်သွားပြန်သည်။ "ကမ္ဘာ့အချမ်းသာဆုံးက ဘီလ်ဂိတ် မဟုတ်ဘူးလား?"
"အဲ့ဒါက ပြီးခဲ့တဲ့ ရာစုနှစ်က ကိစ္စတွေပါ။ အချုပ်ပြောရရင် လက်ရှိ အချမ်းသာဆုံးသူက အင်္ဂါဂြိုဟ်ကို ပြောင်းရွှေ့နေထိုင်ဖို့ပဲ အာရုံစိုက်နေတဲ့ အဲ့ဒီလူပဲ။ သူက လျှပ်စစ်ကား ဈေးကွက်ကို ဖော်ဆောင်ခဲ့ရုံတင် မကဘူး၊ ပြန်လည်အသုံးပြုလို့ရတဲ့ ဒုံးပျံတွေကိုပါ တီထွင်နိုင်ခဲ့လို့ လူသားတွေ အင်္ဂါဂြိုဟ်ကို သွားဖို့ ပိုပြီး နီးစပ်လာခဲ့တာပါ" ဟု ဝူယင်းက ရှင်းပြသည်။
လင်းယန်၏ မျက်လုံးများက သိသိသာသာ အရောင်တောက်လာသည်။ "သူ့ရဲ့ ညီဖြစ်သူကလည်း အရမ်းကို ချမ်းသာပါတယ်။ ဒါပေမဲ့ အင်္ဂါဂြိုဟ်ကို သွားဖို့ထက် သူ အာရုံစိုက်တာက တခြားစီပဲ။ သူ့ညီကလည်း လယ်စိုက်တာကို အရူးအမူး ဝါသနာပါတဲ့သူ တစ်ယောက်ပဲ။ သူက အစားအစာတွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ ရည်မှန်းထားတာ။ တစ်ချိန်တည်းမှာပဲ ကွန်တိန်နာတွေနဲ့ ဒေါင်လိုက်စိုက်ပျိုးရေးကိုလည်း ဖော်ဆောင်နေတယ်။"
လင်းယန်က ဆက်လက်၍ "အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အများကြီး စိုက်ပျိုးထားတဲ့ အဲ့ဒီ ကွန်တိန်နာတွေက မြို့ရဲ့ ဘယ်နေရာကိုမဆို ရောက်ရှိနိုင်ပြီး၊ လူတွေအနေနဲ့ ခုလေးတင် ခူးဆွတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို လွယ်လွယ်ကူကူ စားသုံးနိုင်အောင် လုပ်ပေးတာပါ။ သေချာတာပေါ့... ဒီ ကွန်တိန်နာ စိုက်ခင်းတွေက သူ့အစ်ကိုရဲ့ ဒုံးပျံတွေနဲ့အတူ လိုက်ပါသွားပြီး အင်္ဂါဂြိုဟ်ပေါ်မှာပါ သီးနှံတွေ စိုက်ပျိုးလို့ ရနိုင်တာပေါ့။ ကျွန်တော် ထင်တာကတော့... ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က အင်္ဂါဂြိုဟ်ကို ပြောင်းရွှေ့ဖို့ ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ ဆိုရင်၊ ကမ္ဘာမြေကနေ သယ်လာတဲ့ လေစုပ်ထားတဲ့ အစားအစာတွေအစား အဲ့ဒီ ကွန်တိန်နာ စိုက်ခင်းတွေကပဲ အင်္ဂါဂြိုဟ်ဆီ ရောက်သွားလိမ့်မယ်" ဟု ရှင်းပြလိုက်သည်။
လောင်ဝမ်မှာ လင်းယန်၏စကားများကြောင့် အသိအာရုံများပင် တုန်လှုပ်သွားရသည်။ လယ်စိုက်သည်ကိုပင် ဤမျှလောက် ဆန်းသစ်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အင်္ဂါဂြိုဟ်ပေါ်အထိပင် စိုက်ပျိုးရန် ရည်ရွယ်နေကြသည်တကား။ သေချာသည်မှာ ထိုလယ်စိုက်သူ၌ အလွန်တော်သော အစ်ကိုတစ်ယောက် ရှိနေခြင်းကြောင့်ပင်။ လောင်ဝမ် စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်ချေ။ သို့သော် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးသာ ချနိုင်တော့သည်။
"ဒီလို အခြေအနေမျိုးက အမေရိကန်မှာပဲ ဖြစ်နိုင်လောက်မယ်။ ငါတို့နိုင်ငံရဲ့ စိုက်ပျိုးရေးက အဲ့ဒီလောက် မတိုးတက်သေးဘူးလေ" ဟု လောင်ဝမ်က မှတ်ချက်ချသည်။
လင်းယန်ကတော့ ပြုံးလိုက်သည်။ မတိုးတက်သေးဘူး ဆိုတာက ဘာကိုခေါ်တာလဲ? ယေဘုယျအားဖြင့် ဝမ်းဝခါးလှုံ အဆင့်လောက်ပဲ ရှိသေးတယ်လို့ ပြောရမှာပေါ့! တောင်သူလယ်သမားတွေက လယ်စိုက်တာကို အားကိုးပြီး အလယ်အလတ် တင့်တောင့်တင့်တယ် အဆင့်ကိုတောင် ရောက်ဖို့ ခဲယဉ်းနေတာ! ဘယ်သူကများ အင်္ဂါဂြိုဟ်ပေါ်က ကိစ္စတွေကို စိတ်ဝင်စားအား ရှိနေမှာလဲ?
သို့သော်... ပြည်တွင်းမှ သိပ္ပံပညာရှင်များသည်လည်း လကမ္ဘာပေါ်ရှိ မြေကြီးဖြင့် လယ်စိုက်ရန် သုတေသန ပြုလုပ်နေကြသည် မဟုတ်လား။ လင်းယန် ဤအချက်ကို သတိရသွားသည်။
"လောင်ဝမ်... လပေါ်က မြေကြီးကို မြင်ဖူးလား?" ဟု လင်းယန်က မေးလိုက်သည်။
"ဘာဖြစ်လို့လဲ? ငါတို့ စိုက်ပျိုးရေးထွက်ကုန် အကုန်လုံးကို စမ်းစိုက်ကြည့်ပြီးပြီ၊ ဘာမှစိုက်လို့ မရဘူးကွ" ဟု လောင်ဝမ်က ပြန်ဖြေသည်။
လင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ တကယ်ပါပဲ... လက်တွေ့လုပ်ဆောင်ခြင်းကသာ အမှန်တရားကို စမ်းသပ်နိုင်သည့် တစ်ခုတည်းသော စံပေတံပင်။ လယ်စိုက်လို့ ရမရ ဆိုတာကို စက်ပစ္စည်းတွေနဲ့ တိုင်းတာတာက ဘယ်တော့မှ အပြည့်အဝ မတိကျနိုင်ဘူးလေ။ အကုန်လုံးကို မြေကြီးထဲ မြှုပ်ပြီး ပျိုးထောင်ကြည့်တာကမှ အကောင်းဆုံး စမ်းသပ်မှု ဖြစ်သည်။ မည်သို့ပင်ဆိုစေ လယ်စိုက်ပျိုးခြင်း ဆိုသည်မှာ ဤစိုက်ပျိုးရေးနိုင်ငံတော်ကြီးရှိ ပြည်သူများ၏ သွေးကြောထဲတွင် စီးဆင်းနေသော မျိုးရိုးဗီဇပင် ဖြစ်သည်။
'လပေါ်ကမြေကြီးမှာ ဟင်းသီးဟင်းရွက် စိုက်လို့မရဘူး' ဆိုသည့် စကားစုက အင်တာနက် အသုံးပြုသူ မည်မျှကို ယူကျုံးမရ ဖြစ်စေခဲ့သလဲ ဆိုတာကိုတော့ မသိနိုင်တော့ပေ။
ထိုစဉ် ဝူယင်းက ဝင်ရောက် ဖြည့်စွက်ပြောကြားလိုက်သည်။ "လပေါ်က မြေကြီးထဲမှာ သြဂဲနစ် ပစ္စည်းတွေ မပါဝင်ဘူး၊ ပြီးတော့ အရမ်း ခြောက်သွေ့လွန်းတယ်။"
လင်းယန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး "အဲ့ဒါက ခင်ဗျားတို့ရဲ့နည်းလမ်း မှားနေလို့ ဖြစ်မှာပါ။ ကမ္ဘာမြေကြီးကိုပဲ ကြည့်ကြည့်လေ။ ဒိုင်နိုဆောခေတ်က ပတ်ဝန်းကျင်နဲ့ အခုလက်ရှိ ပတ်ဝန်းကျင်က လုံးဝကို ကွာခြားတယ်။ အဲ့ဒီခေတ်က ပေါက်ရောက်ရှင်သန်တဲ့ အပင်တွေလည်း မတူကြဘူး။ လက်ရှိ ကမ္ဘာမြေရဲ့ ပတ်ဝန်းကျင်မှာ ပေါက်ရောက်နေတဲ့ အပင်တွေက လပေါ်က မြေကြီးရဲ့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပေါ့။ ဒါဆို လပေါ်က မြေကြီးမှာ စိုက်ပျိုးဖို့ သင့်တော်တဲ့ အပင်တွေကို ပျိုးထောင်လို့ မရနိုင်ဘူးလား?" ဟု မေးခွန်းထုတ်လိုက်သည်။
လောင်ဝမ်မှာ အနည်းငယ် ကြောင်သွားပြီး လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် ဝူယင်း၏ မျက်လုံးများကမူ တောက်ပသွားလေသည်။
"အဓိပ္ပာယ် ရှိလိုက်တာ!" ဝူယင်းက ဝမ်းသာအားရ ပြောလိုက်သည်။ "ဒါကို ဘာလို့ ဘယ်သူမှ မတွေးမိခဲ့ကြတာလဲ? အခုဆို မျိုးဗီဇ ပြုပြင်ပြောင်းလဲတဲ့ နည်းပညာတွေက ဒီလောက်တောင် အဆင့်မြင့်နေပြီပဲ။ ဆက်ပြီး ဖွံ့ဖြိုးလာအောင် လုပ်နိုင်ရင် လပေါ်မှာပဲဖြစ်ဖြစ်၊ အင်္ဂါဂြိုဟ်ပေါ်မှာပဲဖြစ်ဖြစ် စိုက်ပျိုးလို့ရတဲ့ အပင်မျိုးတွေကို တကယ် ဖန်တီးလာနိုင်မှာပဲ! ရှင်က တကယ့်ကို လမ်းစတစ်ခုကို ပြသလိုက်တာပဲ။"
လင်းယန်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ ဤသည်မှာ တကယ်တော့ ကြီးကျယ်လှသော ကိစ္စမဟုတ်ပေ။ အီလွန်မတ်စ် ဒုံးပျံ တည်ဆောက်သကဲ့သို့ပင် ဖြစ်သည်။
နိုင်ငံတိုင်းက ဒုံးပျံများကို ကြီးသထက် ကြီးလာအောင် သုတေသန လုပ်နေကြသည်။ ထိုသို့ဆိုလျှင် ကုန်ပစ္စည်းများကို ပိုမို သယ်ဆောင်နိုင်မည် ဖြစ်သည်။ သို့သော် ဒုံးပျံ ပိုကြီးလာလေလေ၊ အစိတ်အပိုင်းများက ဖိအားကို ပိုမို ခံနိုင်ရည်ရှိရန် လိုအပ်လေလေ ဖြစ်သည်။ ကုန်ပမာဏ နည်းနည်းလေး ပိုတင်လိုက်သည်နှင့် မရေမတွက်နိုင်သော အခက်အခဲများကို ဖြစ်ပေါ်လာစေနိုင်သည်။
သို့သော် အီလွန်မတ်စ်၏ တွေးခေါ်ပုံကမူ လုံးဝ ကွဲပြားခြားနားသည်။ သူက ဒုံးပျံငယ် ခြောက်စင်း၊ ရှစ်စင်းခန့်ကို တစ်ပေါင်းတည်း ပူးချည်ပြီး ပစ်လွှတ်လိုက်သည်။ သယ်ဆောင်နိုင်စွမ်းကလည်း အတူတူပင် မြင့်တက်သွားလေသည်။
ဤကဲ့သို့ ရိုးရှင်းသော နည်းလမ်းမျိုးကို ကမ္ဘာပေါ်တွင် ဒုံးပျံ သုတေသန လုပ်နေသော သိပ္ပံပညာရှင် မည်သူတစ်ဦးတစ်ယောက်ကမျှ မတွေးမိခဲ့ကြပေ။ အကြောင်းမှာ ထိုသိပ္ပံပညာရှင်များသည် ဒုံးပျံ အာကာသထဲသို့ လွှတ်တင်ခြင်းမှာ အလွန် အရေးကြီးပြီး၊ အမှားအယွင်း အနည်းငယ်မျှပင် လက်မခံနိုင်သော အနုစိတ်ကိစ္စဟု ထင်မြင်ထားကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဤသို့သော ရိုးရှင်း ကြမ်းတမ်းသည့် နည်းလမ်းမျိုးကို စွန့်လွှတ်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းကြောင့်ပင် စဉ်းစားတွေးခေါ်မှုအပိုင်းတွင် လမ်းလွဲမှုများ ဖြစ်ပေါ်လာခဲ့ရသည်။
ယခု လင်းယန်၏ လပေါ်ရှိ မြေကြီးတွင် စိုက်ပျိုးရန် သင့်တော်သော သီးနှံများကို ပျိုးထောင်မည့် အကြံဉာဏ်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။
လောင်ဝမ်မှာ အသက်ကြီးပြီ ဖြစ်သဖြင့် နားလည်ရန် အချိန်အနည်းငယ် ကြာသွားသည်။ သို့သော် နောက်ဆုံးတွင်မူ စိတ်လှုပ်ရှားလွန်းသဖြင့် ပေါင်ကိုပင် ရိုက်ချလိုက်တော့သည်။
"ကောင်းလိုက်တာ! ငါတို့ အခုဆိုရင် သဲကန္တာရထဲမှာရော၊ ပင်လယ်ရေထဲမှာပါ စပါးကို စိုက်ပျိုးနိုင်နေပြီပဲ။ ဘာဖြစ်လို့ လပေါ်မှာ စိုက်လို့ မရရမှာလဲ။ မင်းပြောတာ လုံးဝကို မှန်တယ်! ဒီလို မျိုးစိတ်သစ် တစ်ခုကို ပျိုးထောင်လို့ အပြည့်အဝ ရနိုင်တာပဲ" ဟု လောင်ဝမ်က အားတက်သရော ပြောဆိုလိုက်သည်။
ထို့နောက် သူက ဆက်၍ "မင်း စောင့်နေလိုက်... ငါ အခုပဲ ကျောင်းကို ဆက်သွယ်ဖို့ နည်းလမ်းရှာလိုက်မယ်။ အချိန်လုံလုံလောက်လောက် ယူပြီး လုပ်မယ်ဆိုရင် တကယ်ပဲ လပေါ်မှာ စိုက်လို့ရတဲ့ အပင်မျိုးကို ငါတို့ ဖန်တီးနိုင်လောက်တယ်!" ဟု ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်လေတော့သည်။
***