အခန်း (၅၇-၅၈)
Vol. 4 Ch. 57-58
စူပါ-ဖမ်း(SFS)
အခန်း ၅၇ ။ မြေပဲရိုး၏ အံ့မခန်း အသုံးဝင်မှု
လောင်ဝမ်တို့အတွက်တော့ လင်းယန်က သူတို့ကြုံတွေ့နေရသည့် ပြဿနာအတွက် အလွန်ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုကို စဉ်းစားပေးလိုက်ခြင်းပင် ဖြစ်သည်။ ဒေသအသီးသီးတွင် ကိုယ်ပိုင်ထူးခြားသော အပင်မျိုးကွဲများ ရှိတတ်ကြသည်။ ဥပမာအားဖြင့် လွင်ပြင်များရှိ သစ်ပင်များ၊ မြစ်ချောင်းများအတွင်းရှိ ရေညှိရေမှော်များ၊ သမုဒ္ဒရာထဲမှ ပင်လယ်ရေညှိများ၊ သဲကန္တာရထဲမှ ရှားစောင်းလက်ပပ်များနှင့် နှင်းတောင်ပေါ်မှ နှင်းကြာပန်းများ ကဲ့သို့ပင်။ လူသူအရောက်အပေါက်နည်းသော နေရာများတွင် အပင်များ မရှိနိုင်ဘူးဟု တပ်အပ်ပြော၍ မရပေ။
လကမ္ဘာပေါ်တွင် လူသားများ စူးစမ်းလေ့လာနိုင်သည့် နေရာဆိုသည်မှာ အလွန်နည်းပါးလှသည်။ ပုန်းကွယ်နေသော နေရာဒေသများတွင် အပင်များ ပေါက်ရောက်ရှင်သန်ရန် သင့်တော်သည့် နေရာများ ရှိနေနိုင်ပေသည်။ ထို့ပြင် ထိုအပင်များသည် ယခင်က တစ်ခါမှ မတွေ့ဖူးသေးသော မျိုးစိတ်သစ်များလည်း ဖြစ်နေနိုင်သည်။ ဤအရာကို မည်သူက အတတ်ပြောနိုင်မှာလဲ။
ထို့အပြင် အပင်များ၏ ဗီဇကို ပြုပြင်ပြောင်းလဲပြီး လပေါ်ရှိ မြေကြီးတွင် စိုက်ပျိုးရန် သင့်တော်မည့် မျိုးစေ့များ ပျိုးထောင်ခြင်းဆိုသည်မှာလည်း သေချာရေရာသော လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သို့သော်... ဤကိစ္စများက လင်းယန်နှင့် သိပ်တော့ မသက်ဆိုင်လှပေ။ သို့တိုင်အောင် ဤကဲ့သို့သော ကိစ္စရပ်ကြီးတွင် ပါဝင်ခွင့်ရလိုက်သည့်အတွက် လင်းယန်၏ စိတ်ထဲတွင်တော့ ကျိတ်၍ သဘောကျနေမိသည်။ ပါဝင်ပတ်သက်ခွင့် ရလိုက်သည်ကပင် လုံလောက်နေပြီ ဖြစ်သည်။ အရေးအကြီးဆုံးက သူ၏အကြံပြုချက်ကို လက်တွေ့ အကောင်အထည် ဖော်လာနိုင်ချေ ရှိနေခြင်းပင်။ လင်းယန်တစ်ယောက် အောင်မြင်မှု အရသာကို ဖြည်းဖြည်းချင်း ခံစားနေမိတော့သည်။
စကားပြောနေသော်လည်း လက်ထဲမှ အလုပ်ကိုတော့ မေ့ထား၍ မရပေ။ နေလှန်းထားသော မြေပဲများကိုလည်း သိမ်းဆည်းရတော့မည်။
"ညကျရင် မြေပဲလှော် စားရမယ်။ ဒါက စားလိုက်ရင် ရပ်လို့မရတော့ဘူး၊ နည်းနည်းတောင် စွဲလမ်းချင်စရာ ကောင်းတယ်" ဟု လင်းယန် တွေးလိုက်သည်။
လင်းယန်သည် သူကိုယ်တိုင် စိုက်ပျိုးထားသော မြေပဲများအပေါ် အလွန် ကျေနပ်နေသည်။ ထိုရနံ့မှာ အလွန် ထူးခြားပြီး အားလပ်ချိန်များတွင် စားရသည်မှာ အလွန် အရသာရှိလှသည်။ တက္ကသိုလ်သို့ သုတေသန လုပ်ရန် ပေးလိုက်သည့် အချို့မှလွဲ၍ ကျန်သည့် မြေပဲများမှာ သိပ်မများတော့ပေ။ ဘာပဲဖြစ်ဖြစ် သိမ်းဆည်းထားနိုင်သည့် အချိန်ကလည်း မတိုလှသဖြင့် အားလုံးကို သူကိုယ်တိုင် စားရန်သာ ချန်ထားလိုက်တော့သည်။
သို့သော် မြေပဲများကို သိမ်းဆည်းခြင်းဖြင့်လည်း စနစ်ဆီမှ ဆုကြေးရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"မြေပဲတစ်စေ့ကို ဆေးကြောတိုင်း ဆုကြေး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ရမယ်။ မြေပဲတစ်စေ့ကို သိမ်းဆည်းတိုင်းလည်း ဆုကြေး တစ်ဒေါ်လာ ရမယ်တဲ့။"
"ဒါက ပုံသေ သတ်မှတ်ထားတဲ့ ပမာဏပဲ။ ငါ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေသရွေ့ ဆုကြေးတွေ အကုန်လုံးက ငါ့အကောင့်ထဲ ဝင်လာမှာ။ အကုန်လုံး ပြီးသွားရင် ဒေါ်လာ နှစ်သန်းခွဲကျော် ဆုကြေး ရလိုက်တာပဲ" ဟု လင်းယန် အံ့ဩဝမ်းသာစွာ ရေရွတ်လိုက်သည်။
လင်းယန် အနည်းငယ် အံ့အားသင့်သွားမိသည်။ မြေပဲစိုက်၍ ပိုက်ဆံဝင်လာသည့် အမြန်နှုန်းမှာ တကယ်ကို မြန်ဆန်လွန်းလှသည်။ ထို့အပြင် သူစိုက်ထားသော မြေပဲများမှာ အလွန်ကြီးမားနေသဖြင့် တစ်ကျင်း (တစ်ပေါင်) လျှင် မြေပဲစေ့ ခြောက်ရာခန့်သာ ပါဝင်ခြင်းကြောင့် ဖြစ်သည်။ ပုံမှန် မြေပဲများသာဆိုလျှင် အရေအတွက်က ဤထက် အများကြီး ပိုများမည် ဖြစ်သည်။ သို့သော် ဤမျှနှင့်တင် သူသည် တရုတ်ယွမ် သန်း ၂၀ ခန့် အသားတင် မြတ်သွားပြီဖြစ်သည်။
သူသည် စနစ်ကို ငွေကြေးများ၏ရင်းမြစ်ကိုပါ ခြေရာခံ စစ်ဆေးခိုင်းလိုက်သေးသည်။ ဤငွေကြေးများမှာ လုံးဝကို တရားဝင်ဖြစ်ပြီး သန့်ရှင်းသော ပိုင်ဆိုင်မှုများ ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။ လေထဲမှ အလကား ပေါ်လာခြင်း လုံးဝ မဟုတ်ပေ။ စနစ်၏ အဓိက ငွေကြေး ရင်းမြစ်မှာ သမုဒ္ဒရာ တစ်ဖက်ကမ်း (အမေရိကန်) ရှိ စတော့ရှယ်ယာ ဈေးကွက်နှင့် နိုင်ငံတကာ ကုန်စည်ဒိုင် အရောင်းအဝယ်များမှ ဖြစ်သည်။ ထိုအထဲတွင် အရေးအကြီးဆုံးမှာ နိုင်ငံတကာ ကုန်စည်ဒိုင် အရောင်းအဝယ်ပင် ဖြစ်သည်။
ကုန်စည်ဒိုင်များတွင် ကစားရခြင်းမှာ စတော့ရှယ်ယာ ကစားခြင်းထက် အများကြီး ပိုမို ခက်ခဲလှသည်။ သို့သော် စနစ်မှာ လုံးဝ အမှားအယွင်း မရှိခဲ့ချေ။ ထိုမျှမက ကြီးမားလှသော ဆုကြေးငွေများကိုပါ စုဆောင်းပေးနိုင်ခဲ့သည်။ ဤအချက်က လင်းယန်အား လယ်ထဲမှ သီးနှံများကို ရိတ်သိမ်းနေရသကဲ့သို့ ကျေနပ်မှုကို ခံစားရစေသည်။
"စနစ်က ရှာပေးတဲ့ ပိုက်ဆံတွေ အကုန်လုံးက နိုင်ငံခြားသားတွေဆီက ပိုက်ဆံတွေ ဖြစ်နေတာ တော်သေးတာပေါ့။ အမေရိကန်တွေက ဒေါ်လာကို သုံးပြီး ကမ္ဘာပေါ်က နိုင်ငံတိုင်းရဲ့ စည်းစိမ်တွေကို သိမ်းကြုံး ယူနေကြတာ။ ငါကကျတော့ စနစ်ကတစ်ဆင့် အမေရိကန်ရဲ့ အရေးအကြီးဆုံး စတော့ဈေးကွက်နဲ့ ကုန်စည်ဒိုင်တွေကို ပြန်ပြီး ရိတ်သိမ်းနေတာပဲ။ တကယ့်ကို သာယာတာပဲကွာ" ဟု လင်းယန် ပျော်ရွှင်စွာ တွေးလိုက်သည်။
လင်းယန် အတော်လေး ပျော်ရွှင်နေမိသည်။ ဤသည်မှာ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရှာဖွေပေးနေခြင်းနှင့် အတူတူပင် ဖြစ်သည်။ နိုင်ငံတော်တွင် နိုင်ငံခြား သုံးငွေ အလုံအလောက် ရှိနေသည် ဆိုသော်လည်း၊ ဤငွေများကို အသုံးပြု၍ နိုင်ငံတကာမှ ကုန်ပစ္စည်းများကို အကြီးအကျယ် ဝယ်ယူနိုင်သေးသည်။ ဤသည်မှာလည်း အခြားနည်းလမ်း တစ်ခုဖြင့် နိုင်ငံတော်အတွက် အကျိုးပြုနေခြင်း တစ်မျိုးပင် ဖြစ်သည်။ ဤအရာကို တွေးမိပြီးနောက် လင်းယန်၏ အလုပ်လုပ်ချင်စိတ်များ ပိုမို ပြင်းပြလာခဲ့သည်။ လယ်ကွင်းများကို လှည့်လည်စစ်ဆေးသည့် အချိန်များလည်း ပို၍ ကြာမြင့်လာခဲ့သည်။
[သင်သည် ပိုင်နက်နယ်မြေကို လှည့်လည်စစ်ဆေးခြင်း အောင်မြင်မှု မှတ်တိုင်ကို ရရှိသွားပါပြီ။ ဆုကြေးငွေ ၁,၀၀၀,၀၀၀ ရရှိပါသည်။]
လမ်းတွင် စနစ်ထံမှ ဤအသိပေးချက်ကို ကြားလိုက်ရချိန်၌ လင်းယန် လုံးဝ အံ့အားသင့်သွားတော့သည်။ လယ်ကွင်းများကို လှည့်လည်စစ်ဆေးရုံဖြင့် ဆုကြေးရသည်တဲ့လား။ ၎င်းမှာလည်း တစ်သန်းတောင် ဖြစ်နေသည်။ သေးငယ်သော ပမာဏ လုံးဝ မဟုတ်ပေ။
"လောင်ဝမ် ရွာထဲမှာ လာနေကတည်းက စနစ်ကနေ ပွင့်လာတဲ့ ဆုကြေးတွေ ပိုများလာသလိုပဲ။ သူကတော့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ သူ့ကို ပြန်လွှတ်လို့ မဖြစ်ဘူး!
အင်း... ပြီးတော့ ဝူယင်း ဆိုတဲ့ ခြေတံရှည်ရှည်နဲ့ ကောင်မလေးလေ၊ သူကလည်း ကံကောင်းမှုတွေ ယူလာပေးတာ ဖြစ်နိုင်တယ်။ သူ့ကိုလည်း ပြန်လွှတ်လို့ မဖြစ်ဘူး" ဟု လင်းယန် စိတ်ထဲမှ ကြံစည်နေမိသည်။
လင်းယန် ပေါက်တူးကို ထမ်းကာ အလွန် ပျော်ရွှင်ကြည်နူးနေသည်။ စနစ်က ဖော်ပြထားသည့်အတိုင်းပင် ဖြစ်သည်။ သူသည် ဤနေရာရှိ မြေကွက်များ အားလုံးကို မိမိ၏ ပိုင်နက်နယ်မြေအဖြစ် လုံးဝ သတ်မှတ်ထားလိုက်ပြီ ဖြစ်သည်။
"အင်း... ဟိုဘက်က လယ်ကွက်က စတော်ဘယ်ရီ စိုက်ဖို့ ကောင်းတယ်။
ဟိုဘက်က လှေကားထစ် လယ်ကွက်မှာကျတော့ သစ်သီးခြံတစ်ခုလုပ်ပြီး သစ်သီးပင်တွေ စိုက်လို့ရတယ်။ ဟင်းသီးဟင်းရွက်တွေချည်းပဲ စားနေလို့တော့ မဖြစ်ဘူးလေ။ ချယ်ရီသီးတွေက တော်တော်လေး မြတ်တယ်လို့ ကြားတယ်။ အတော်ပဲ စနစ်ထဲမှာလည်း ချယ်ရီမျိုးစေ့တွေ ရှိနေတာပဲ။
ဒီပိုက်ဆံတွေကို နိုင်ငံခြားသားတွေ အလကား ရသွားအောင် လုပ်လို့ မဖြစ်ဘူး။ စနစ်က မျိုးစေ့တွေ အစွမ်းပြနိုင်ပါစေလို့ပဲ မျှော်လင့်ရမယ်။ နောက်ဆုံးကျရင် နိုင်ငံသားတိုင်း ချယ်ရီသီးကို စိတ်ကြိုက် စားနိုင်တဲ့ အခြေအနေအထိ ရောက်အောင် လုပ်ရမယ်" ဟု လင်းယန် စဉ်းစားနေသည်။
လင်းယန် အလွန် စိတ်လှုပ်ရှားနေသည်။ ရွာထဲရှိ မြေကွက်များကို မည်သို့ အသုံးချမည်ကို သူ စီမံကိန်း ရေးဆွဲနေခြင်း ဖြစ်သည်။ ချယ်ရီသီး ဆိုသည်မှာ တကယ်တော့ ချယ်ရီသီး အကြီးစားများပင် ဖြစ်သည်။ ပြည်တွင်းရှိ ချယ်ရီသီးများထက် ပိုကြီးပြီး၊ အခွံပိုထူကာ စားရသည်မှာ ပို၍ အရသာရှိရုံသာ ဖြစ်သည်။ သို့သော် ဈေးနှုန်းကတော့ ကောင်းကင်ဘုံထိ ထိုးတက်နေပြီး ဇိမ်ခံသစ်သီး တစ်မျိုးအဖြစ် သတ်မှတ်ခံထားရသည်။
"နှမြောစရာ ကောင်းတာက သစ်သီးပင်တွေ ပျိုးထောင်ရတဲ့ အချိန်က နည်းနည်း ကြာလွန်းနေတာပဲ။ အထူးဆုကြေးတွေရလာပြီး သစ်ပင် ပျိုးပင်တွေ တိုက်ရိုက် မရသရွေ့ပေါ့။ ဒါပေမဲ့ လောလောဆယ် အခြေအနေအရတော့ မဖြစ်နိုင်သေးပါဘူးလေ။"
လင်းယန်သည် အချိန်အတော်ကြာ လှည့်လည်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် သူ၏ ပစ်မှတ်ကို အိမ်အနီးရှိ မြစ်ဆီသို့ လှည့်လိုက်သည်။
"ဒီမြစ်က ရေစီးဆင်းမှု မနည်းဘူးပဲ။ ငါးကန် တစ်ကန်လောက် တူးပြီး ငါးတွေဘာတွေ မွေးရင် ကောင်းမလား။ အဲ့ဒါဆို စားရတာလည်း ပိုပြီး အဆင်ပြေသွားတာပေါ့" ဟု သူ တွေးလိုက်သည်။
လင်းယန်က မေးစေ့ကို ပွတ်လိုက်သည်။ ငါးမွေးမြူခြင်းအပြင်၊ ကြက်၊ ဝက်၊ နွား မွေးမြူခြင်းသည်လည်း ချမ်းသာကြွယ်ဝရန်အတွက် ကောင်းမွန်သော လမ်းကြောင်းများ ဖြစ်သည်။ ဥပမာအားဖြင့် သူ၏ အိမ်တွင် ရှိနေသော မြေပဲရိုးများမှာ နွားများသာ ရှိပါက အကောင်းဆုံး တိရစ္ဆာန်အစာများပင် ဖြစ်သည်။ သို့သော် ယခုအချိန်ထိတော့ ထိုမြေပဲရိုးများကို ကြိတ်ခြေပြီး မြင်းနက်ကလေး ဝူးယာကို ကျွေးရန်သာ ရှိသေးသည်။
အထူးပြောရမည်ဆိုလျှင် ဤမြင်းနက်ကလေးသည် မြေပဲရိုးများကို အလွန် နှစ်သက်စွာ စားသုံးလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့မျက်လုံးများထဲတွင် ထူးခြားသော အသိဉာဏ်များ ပိုမို ကိန်းအောင်းလာသည်ဟုပင် ခံစားရသည်။ ထို့အပြင် တာ့ဟွမ်ပင်လျှင် မြေပဲရိုးများကို ကိုက်ခဲနေသေးသည်။ ဤသည်ကို မြင်သောအခါ လင်းယန်ပင်လျှင် မြေပဲရိုးများက တကယ် စားလို့ကောင်းမကောင်း မြည်းကြည့်ချင်စိတ်များ ပေါက်လာရသည်။ မည်သို့ပင်ဆိုစေ ခွေးဆိုသော သတ္တဝါမှာ မြက်စားတတ်သည့် အမျိုးမှ မဟုတ်ဘဲလေ...။
မြေပဲရိုးများကို ကျွေးမွေးထားခြင်းကြောင့်ပင် မြင်းနက်ကလေးသည် ကြိုးဖြင့် ဆွဲမထားလျှင်တောင်မှ လင်းယန်၏နောက်သို့ သူလိုကိုယ်အလျောက် လိုက်ပါလာပြီး၊ ဘယ်သောအခါမှ ဟိုဟိုဒီဒီ လျှောက်မသွားပေ။ ဤသည်ကို မြင်သော ရွာသူရွာသားများမှာ အလွန် အံ့ဩချီးကျူးနေကြသည်။ ဤမြင်းနက်ကလေးအား ရွာ၏ ကျက်သရေဆောင် အဖြစ်ပင် သတ်မှတ်လာကြသည်။ တောင်ပေါ်သားများအတွက် ဤကဲ့သို့သော ရှေးရိုးစွဲ အယူအဆများ ရှိနေခြင်းမှာလည်း ပုံမှန်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဝူးယာလေး၏ ရွာထဲမှ အဆင့်အတန်းမှာ အတော်လေး မြင့်တက်လာခဲ့သည်။ နွား၊ မြင်း အသိုင်းအဝိုင်းထဲတွင်ပင် သူက တော်တော်လေး နေရာရလာခဲ့လေပြီ။
အပြင်မှ ပစ္စည်းများကို ဝယ်ယူနိုင်လာပြီဖြစ်သဖြင့် အိမ်တွင် စားစရာမရှားတော့ပေ။ တာ့ဟွမ်၏ ကိုယ်ပေါ်မှ အမွေးဝါများပင် ပြောင်လက် တောက်ပလာခဲ့သည်။ ရွာသား တော်တော်များများက ဤခွေးကို ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်မကျွေးသင့်တော့ကြောင်း၊ ဆက်ကျွေးနေလျှင် နတ်ဝင် (အသိဉာဏ်ပွင့်) လာတော့မည်ဖြစ်ကြောင်း နောက်ပြောင်ပြောဆိုကြသည်။ လင်းယန်က ခန စဉ်းစားကြည့်လိုက်သည်။ အကြောင်းရင်း သီးသန့်တော့ မရှိပေ။ ချင်စုစုက တစ်ပေါင်လျှင် ယွမ် ရာချီ ပေးပြီး ဝယ်လာသော ခွေးစာများကို တာ့ဟွမ်က လှည့်ပင် မကြည့်ပေ။ ထိုအစား ဝူးယာလေးနှင့်အတူ မြေပဲရိုးများကိုသာ အာရုံစူးစိုက်၍ လုစားနေလေသည်။ လင်းယန်မှာ တကယ်ကို ဆွံ့အသွားရတော့သည်။
သေချာသည်ကတော့ မည်မျှပင် ဈေးကြီးသော ခွေးစာဖြစ်ပါစေ တာ့ဟွမ် စားနေရသည့် အစားအစာများလောက်တော့ ကောင်းမည် မဟုတ်ပေ။ ဤလယ်ထဲမှ ထွက်သော အရာများသည် သဘာဝစစ်စစ်ဖြစ်ပြီး ညစ်ညမ်းမှု မရှိသည့်အပြင် မည်သည့် ဓာတု ဖြည့်စွက်ပစ္စည်းမှလည်း မပါဝင်ပေ။ ထို ဈေးကြီးလှသော ဖရဲသီးများကိုပင် တာ့ဟွမ် တစ်ယောက် အများကြီး စားခဲ့ရသည် မဟုတ်လား။ ယခုတော့ ထပ်တိုးအနေဖြင့် မြင်းနက်ကလေး တစ်ကောင်ပါ ထပ်တိုးလာခဲ့လေပြီ။
ကျေးလက်တောရွာလေး၏ နေ့ရက်များသည် အေးအေးချမ်းချမ်းဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နှစ်လဆိုသော အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့လေပြီ။ ဆောက်လုပ်ရေး အဖွဲ့-၂ သည်လည်း နောက်ဆုံးတွင် ရွာထိပ်အထိ လမ်းဖောက်လုပ် ပြီးစီးသွားခဲ့လေပြီ။
***
စူပါ-ဖမ်း(SFS)
အခန်း ၅၈ ။ တစ်အောင်စကို ယွမ်သောင်းချီတန်တဲ့ လက်ဖက်ခြောက်က ဒီတောင်ကျစမ်းရေနဲ့ မတန်ဘူး
ဒီလမ်းဖောက်လုပ်ရတဲ့ အချိန်က ခန့်မှန်းထားတာထက် ပိုကြာသွားခဲ့သည်။ သုံးလနီးပါးလောက် အချိန်ယူလိုက်ရသည်။ ဥမင်လိုဏ်ခေါင်းချည်းပဲ သုံးခုတောင် ဖောက်လိုက်ရသည်။
သို့သော် ကုန်ကျစရိတ်ကတော့ ယွမ် သန်းတစ်ရာ မပြည့်ခဲ့ပေ။ ယွမ် သန်းရှစ်ဆယ်ကျော်သာ ကုန်ကျခဲ့ရာ ကုန်ကျစရိတ် အရင်းအတိုင်း နီးပါးဖြစ်နေသည်။ နှစ်လမ်းသွား ကားလမ်းသာ ဖြစ်သော်လည်း ဤတောင်ကြားရွာလေးအတွက်တော့ လုံလောက်နေပြီဖြစ်သည်။
လမ်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်စီတွင် မူလက လမ်းမီးတိုင်များ တပ်ဆင်ရန် ရည်ရွယ်ထားခဲ့သော်လည်း လင်းယန်၏ အကြံပြုချက်ကြောင့် ရပ်ဆိုင်းလိုက်သည်။
"ညဘက်ဆိုရင် ရွာထဲကနေ ဘယ်သူမှ အပြင်ထွက်ကြမှာ မဟုတ်ဘူး။ လျှပ်စစ်စွမ်းအင်တွေကို ချွေတာလို့ ရတာပေါ့။ သစ်ပင်တွေ ပိုစိုက်တာကမှ ကောင်းဦးမယ်။ ဥမင်လိုဏ်ခေါင်းထဲက မီးတွေက အလိုအလျောက် အာရုံခံစနစ်နဲ့ ဆိုတော့ တကယ်ကို မိုက်တာပဲ။"
လင်းယန် စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်သည်။
နည်းပညာတွေ ဤမျှအထိ တိုးတက်နေလိမ့်မည်ဟု လင်းယန် မထင်ထားခဲ့ပေ။ သေချာသည်မှာ ဤလမ်းပေါ်တွင် ကားများများစားစား ဖြတ်သန်းသွားလာမည် မဟုတ်ချေ။ ပုံမှန်အားဖြင့် ရွာသူရွာသားများ ဈေးဝယ်ထွက်ရန်သာ အသုံးပြုမည် ဖြစ်သည်။ သို့သော် ရွာသားများအတွက်မူ တစ်သက်လုံး ဤတောင်ကြားထဲမှ မထွက်ဖူးကြသူများ ဖြစ်ကြသည်။ ထို့အပြင် အသက်အရွယ်လည်း ကြီးရင့်နေကြပြီဖြစ်ရာ ခရိုင်မြို့ပေါ်သို့ သွားလိုစိတ်လည်း မရှိကြပေ။
ဤလမ်းကို အများဆုံး အသုံးပြုမည့်သူများမှာ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခများနှင့် စမ်းသပ်လေ့လာရေးလာလုပ်သည့် ကျောင်းသားများသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ ဥမင်လိုဏ်ခေါင်းထဲရှိ မီးများကို အမြဲတမ်း ဖွင့်ထားမည်ဆိုပါက လျှပ်စစ်မီး အလွန် ကုန်ကျမည် ဖြစ်သည်။ ထို့ကြောင့် အာရုံခံစနစ်ဖြင့် လင်းသော မီးများက ပို၍ အဆင်ပြေသည်။ ကားဝင်လာလျှင် မီးလင်းမည်၊ ကားမရှိလျှင် မီးမှိတ်နေမည် ဖြစ်သည်။
"ဦးလေးချင်... လျှပ်စစ်မီးရယ်၊ ဖုန်းတာဝါတိုင်ရယ်က ဘယ်လောက်ကြာရင် ရောက်လာမလဲ?"
လင်းယန်က လှမ်းမေးလိုက်ရာ ပြန်ဖြေလာသူမှာ ချင်အဖေ ဖြစ်သည်။
"ဦးလေး မေးကြည့်ပြီးပြီ။ လမ်းဖောက်ကတည်းက လျှပ်စစ်မီး သွယ်တန်းတဲ့ အလုပ်ကိုပါ တစ်ခါတည်း စလုပ်နေကြတာ။ အလွန်ဆုံး နောက်သုံးရက်ဆိုရင် ရွာထဲက အိမ်တိုင်း မီးရပြီ။ ဖုန်းတာဝါတိုင်ကတော့ နည်းနည်း ကြာလိမ့်မယ်။ နောက်ထပ် လဝက်လောက် အချိန်ယူရနိုင်တယ်။ ဘာလို့လဲဆိုတော့ လမ်းကို ပြုပြင်ထိန်းသိမ်းတဲ့ ကာလလေး နည်းနည်း လိုသေးလို့လေ။"
လင်းယန် အပြည့်အဝ နားလည်လိုက်သည်။ ယခုအချိန်မှစ၍ ဤရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသော ရွာလေးတွင် ခေတ်မီစက်ပစ္စည်းများ ရောက်ရှိလာတော့မည် ဖြစ်သည်။ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းရှိနေသရွေ့ အရာအားလုံးက အဆင်ပြေသည်။ သူကိုယ်တိုင်လည်း ဂြိုဟ်တုဖုန်းကို အားကိုးနေစရာ မလိုတော့ပေ။ လျှပ်စစ်ကြိုးများမှာလည်း မြေအောက်မှ သွယ်တန်းထားသဖြင့် ရွာ၏ ရှုခင်းကို ထိခိုက်မည် မဟုတ်ချေ။
"ရွာကို ပြုပြင်မွမ်းမံရေး ပထမအဆင့် စီမံကိန်း စတင်ဖို့ အချိန်တန်ပြီ။"
လင်းယန် စတင် စဉ်းစားခန်း ဝင်လေသည်။
တောင်ကြားရွာလေးမှာ သိပ်မကြီးပေ။ အိမ်ဝင်း စုစုပေါင်းမှ ဆယ့်လေးဝင်းသာ ရှိသည်။ ထိုအထဲတွင် လင်းယန်နေထိုင်သော အိမ်ဝင်းမှာ အကြီးဆုံးဖြစ်ပြီး သုံးဆင့် ပါဝင်ကာ၊ ရွာလူကြီးအိမ်က နှစ်ဆင့် ရှိသည်။ ကျန်သည့် သီးသန့် အိမ်ဝင်း ဆယ့်နှစ်ဝင်းရှိပြီး၊ ကျန်အိမ်များမှာမူ အိမ်လုံးလေးများသာဖြစ်ကာ နေရာအကျယ်အဝန်း အလွန်သေးငယ်သည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ရွာကလေးမှာ လုံးဝ မကြီးမားလှပေ။
"အကုန်လုံးကို အကောင်းဆုံးဖြစ်အောင် ဆောက်ပေးလိုက်မယ်။ ရွာသားတွေ အိမ်ဆောက်ဖို့အတွက် သစ်မာတွေ ဝယ်ရမယ်၊ ရေပိုက်လိုင်းတွေ သွယ်ပေးမယ်၊ ရေဆိုးထုတ်စနစ်တွေ လုပ်ပေးမယ်။"
လင်းယန်သည် ဤမင်၊ ချင်မင်းဆက် ခေတ်လက်ရာ ရှေးဟောင်းရွာလေးကို ခေတ်မီရွာလေးတစ်ရွာ အဖြစ် လုံးလုံးလျားလျား ပြောင်းလဲပစ်ရန် ပြင်ဆင်နေသည်။ သို့သော် ချင်အဖေကတော့ အလွန် စိုးရိမ်တကြီး ဖြစ်သွားသည်။
"မလုပ်နဲ့! ရွာရဲ့ မူလရှုခင်းကို သွားမဖျက်ဆီးပါနဲ့။ အဲ့ဒါက သမိုင်းကို စော်ကားတာနဲ့ အတူတူပဲ။ ဒီလို မင်မင်းဆက်၊ ချင်မင်းဆက် ခေတ်လက်ရာ ရှေးဟောင်းရွာလေးဆိုတာ တစ်ခါ ဖျက်ဆီးခံလိုက်ရရင် နောက်ထပ် ဘယ်တော့မှ ပြန်မြင်ရတော့မှာ မဟုတ်ဘူး။"
လင်းယန် အနည်းငယ် ကြောင်သွားပြီး မေးလိုက်သည်။
"ဒါဆို ဦးလေးက ဘယ်လိုလုပ်စေချင်လို့လဲ?"
"ဦးလေး ကိုယ်တိုင် ပိုက်ဆံစိုက်ထုတ်ပြီး ပိုကောင်းတဲ့ အိမ်တွေ ဆောက်ပေးမယ်။ ရွာသားတွေထဲက သဘောတူတဲ့သူရှိရင် အိမ်ချင်း လဲလို့ရတယ်။ ကျန်ခဲ့တဲ့ ရှေးဟောင်းအိမ်တွေကို သေချာပြန်ပြင်ပြီး မူလ လက်ရာ မပျက်အောင် ထိန်းသိမ်းထားရမယ်။"
လင်းယန် နှုတ်ခမ်းလေး တွန့်သွားသည်။ ချင်အဖေက ဤနေရာ၏ မူလလက်ရာများကို မဖျက်ဆီးလိုကြောင်း ထင်ရှားလှသည်။ သမိုင်းအငွေ့အသက်များ အပြည့်အဝရှိနေသော ဤနေရာမျိုး၏ တန်ဖိုးမှာ ခန့်မှန်း၍ပင် မရနိုင်ချေ။ ချင်အဖေ ပြောသည်မှာ လုံးဝ မှန်ကန်သည်ဟု လင်းယန်လည်း ယူဆသည်။ သို့သော် ရွာတွင်းရေးကို အခြားသူများ ဝင်ရောက်စွက်ဖက်သည်ကိုတော့ လင်းယန် မလိုလားပေ။
"ဦးလေး ပိုက်ဆံ ထုတ်စရာ မလိုပါဘူး၊ ကျွန်တော်ပဲ ပိုက်ဆံထုတ်ပြီး လုပ်လိုက်ပါ့မယ်။ အသက်အရမ်းကြီးပြီး သွားလာရ ခက်ခဲတဲ့သူတွေကို အသစ်ဆောက်မယ့် ရွာသစ်မှာ သွားနေခိုင်းလိုက်မယ်။ လွတ်သွားတဲ့ အိမ်ဟောင်းတွေကိုတော့ မင်၊ ချင်မင်းဆက် လက်ရာအတိုင်း အတတ်နိုင်ဆုံး ပြန်လည်မွမ်းမံပြီး သေချာထိန်းသိမ်းထားလိုက်မယ်။ ဒါတွေကတော့ သူတို့ သဘောဆန္ဒအလျောက်ပဲ လုပ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် အိမ်ဆိုတာက လူမနေရင် ရေရှည် ထိန်းသိမ်းဖို့ ခက်တယ်လေ။"
လင်းယန်၏စကားကို ချင်အဖေကလည်း လုံးဝ ပြဿနာမရှိဟု သဘောတူလိုက်သည်။
နောက်ဆုံးတွင် လင်းယန်သည် ရွာလူကြီး ရန်လောင်ထံသို့ သွားရောက် တိုင်ပင်ဆွေးနွေးလေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ရွာလူကြီးက လုံးဝ သဘောတူညီခဲ့သည်။ မင်၊ ချင်မင်းဆက် လက်ရာ ရွာလေးမှာ တကယ်ကို ရှေးကျလှသည်။ သို့သော် အချို့အိမ်များဆိုလျှင် လေတောင် လုံအောင် မကာကွယ်နိုင်တော့ပေ။ ပိုမိုကောင်းမွန်သော နေရာတွင် နေထိုင်ခွင့် ရမည်ဆိုပါက ရွာသူရွာသားများကလည်း အလွန် သဘောကျကြမည်သာ ဖြစ်သည်။
ချင်းရှန်းရွာမှာ တောင်ခါးပန်းတွင် တည်ရှိသဖြင့် ရွာသစ်ပြောင်းရွှေ့မည့်နေရာကို တောင်ခြေတွင် ရွေးချယ်လိုက်သည်။
"စိုက်ပျိုးရေး ပါရဂူတွေရဲ့ ဓာတ်ခွဲခန်းတွေကိုလည်း တောင်ခြေမှာပဲ ဆောက်ပေးရမယ်၊ ဒါမှ သူတို့ စမ်းသပ်မှုတွေ လုပ်ရတာ အဆင်ပြေမှာ။" လင်းယန်က ဆုံးဖြတ်လိုက်သည်။
ကိစ္စများ အားလုံး အလျင်အမြန်ပင် အတည်ဖြစ်သွားသည်။ တောင်ခြေဟုဆိုသော်လည်း လက်တွေ့တွင် ထိုနေရာမှာ သိပ်မနိမ့်လှပေ။ အကွာအဝေးလည်း သိပ်မဝေးသဖြင့် အချင်းချင်း အလွယ်တကူ ကူညီစောင့်ရှောက်ပေးနိုင်သေးသည်။ ကိစ္စများအားလုံး အတည်ဖြစ်သွားပြီဖြစ်ရာ ရွာကို ပြုပြင်မွမ်းမံရေး ကိစ္စများကို ရွာလူကြီးနှင့် ချင်အဖေတို့က အဓိက တာဝန်ယူလိုက်ကြသည်။ အဓိက ဦးဆောင်သူမှာ သေချာပေါက် ချင်အဖေပင် ဖြစ်သည်။ ရှေးဟောင်း သမိုင်းဝင်ပစ္စည်းများအပေါ် သူ၏ ရူးသွပ်မှုက ရောဂါတစ်ခုအဆင့်ထိပင် ရောက်နေပြီဖြစ်သည်။
ချင်အဖေတစ်ယောက် တကယ်ကြီး အလုပ်ကနေ အငြိမ်းစား ယူလိုက်လိမ့်မည်ဟု လင်းယန် လုံးဝ ထင်မထားခဲ့ပေ။ ထိုမျှမက ရွာထဲရှိ အိမ်တစ်လုံးကို ပြုပြင်ပြီး ဤနေရာမှာပင် အပြီးအပိုင် နေထိုင်ရန်ပင် စဉ်းစားနေသေးသည်။ အဓိက အကြောင်းရင်းမှာ လင်းယန်အိမ်ရှိ စန္ဒကူးနီသစ်သားဖြင့် ဆောက်လုပ်ထားသောလက်ရာများကို စောင့်ကြည့်ချင်၍ ဖြစ်နိုင်ပေသည်။
သေချာသည်မှာ... ရွာလူကြီးအိမ်ရှိ အဆောက်အအုံ အစိတ်အပိုင်းတချို့မှာလည်း ဟွမ်ဟွာလီ (ပိတောက်နီ) သစ်သားများ ဖြစ်ကြသည်။ အခြားရွာသားများ၏ အိမ်တချို့တွင်လည်း အဖိုးတန် သစ်သားများ ပါဝင်နေသည်။ အကြောင်းရင်းမှာ သာမန် သစ်သားများသည် မည်မျှပင် ထိန်းသိမ်းထားစေကာမူ နှစ်ရာပေါင်းများစွာ မခံနိုင်သောကြောင့် ဖြစ်နိုင်ပေသည်။ နောက်ဆုံးတွင် ကျန်ရစ်ခဲ့သော အရာများမှာ အလွန် အဖိုးတန်သော သစ်သားများသာ ဖြစ်နေတော့သည်။ ဤရွာကလေး၏တန်ဖိုးကိုမူ လင်းယန် ခန့်မှန်း၍ပင် မရနိုင်ချေ။
"ရှေးဟောင်း ပစ္စည်းတွေကိုလည်း ထိန်းသိမ်းထားရမယ်၊ ခေတ်မီ ပစ္စည်းတွေလည်း လိုအပ်တယ်။ အိမ်ထဲမှာ မီးသွယ်သင့်တာ သွယ်၊ ရေသွယ်သင့်တာ သွယ်ရမယ်။ တောင်ထိပ်မှာ စမ်းရေထွက်တဲ့ နေရာရှိတယ်။ ရေက အရမ်းချိုတယ်။ ရေပိုက်နဲ့ သွယ်ချလာပြီး သောက်ရေအဖြစ် သုံးလို့ရတာပဲ။ ရေသန့်စက်တောင် ခံစရာ မလိုဘူး။"
လင်းယန်က စဉ်းစားရင်း ထုတ်ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ချင်အဖေမှာ အလွန် အားကျသွားရသည်။
"ဇိမ်ကျလွန်းတယ်၊ တကယ်ကို ဇိမ်ကျလွန်းတယ်။ မြို့ပေါ်က လူတွေဆိုတာ ဒါမျိုးကို စိတ်ကူးတောင် ယဉ်လို့ မရဘူး။ အဲ့ဒီ စမ်းရေနဲ့ လက်ဖက်ရည် ဖျော်သောက်ရတဲ့ အရသာက ကောင်းလွန်းလို့ ဘာနဲ့မှ နှိုင်းလို့မရဘူး။ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။"
ချင်အဖေက စမ်းရေ၏ အရသာကို ပြန်လည် မြည်းစမ်းနေသယောင် ရှိပြီး ထပ်၍ သောက်ချင်နေသေးသည်။ သူသောက်ခဲ့သော လက်ဖက်ခြောက်မှာ တစ်အောင်စ (၁ လျန်/ ၅၀ ဂရမ်) လျှင် ယွမ်သောင်းချီ တန်သော်လည်း၊ ဤစမ်းရေနှင့်ယှဉ်လျှင် မတန်သေးဟုပင် ခံစားရသည်။
"နောက်တစ်ခေါက်ကျရင် ဝူယီတောင်က တာ့ဟုန်ဖောင်ဖြစ်ဖြစ်၊ ဧကရာဇ် ရှေ့မှောက်က လုံကျင်းလက်ဖက်ခြောက်ပဲ ဖြစ်ဖြစ် ယူလာရမလား?"
ချင်အဖေ၏စိတ်ထဲတွင် တော်တော်လေး လှုပ်ရှားသွားပြီး တွေးလိုက်မိသည်။
ထိုလက်ဖက်ခြောက်များမှာ ဈေးကွက်ထဲတွင် ဝယ်ချင်တိုင်း ဝယ်၍မရနိုင်သော အဖိုးတန်ပစ္စည်းများ ဖြစ်သည်။ ရှေးခေတ်ကဆိုလျှင် ဧကရာဇ်မင်းများအတွက်သာ သီးသန့် ဆက်သရသော လက်ဖက်ခြောက်များ ဖြစ်သည်။ သေချာသည်မှာ ဧကရာဇ်မင်းကိုယ်တိုင်ပင် အစစ်အမှန်ကို သောက်ခွင့်ရမရ ဆိုတာကတော့ ပြောရခက်ပါသည်... သို့သော် ထိုလက်ဖက်ခြောက်များ၏ အဖိုးတန်မှုကိုတော့ ခန့်မှန်း၍ ရနိုင်ပေသည်။
သို့သော် ချင်အဖေနှင့် လင်းယန်တို့ လောင်ဝမ်ထံသို့ ရောက်သွားချိန်တွင်၊ လင်းယန်တစ်ယောက် လက်ဖက်ရည်များကို အငမ်းမရ ဂွတ်ခနဲ ဂွတ်ခနဲ မော့သောက်နေသည်ကို မြင်လိုက်ရသောအခါ ချင်အဖေ၏နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်ကျသွားသလို ခံစားလိုက်ရသည်။
"ဒါ... ဒါ ဝူယီတောင်က တာ့ဟုန်ဖောင် လက်ဖက်ခြောက် မဟုတ်လား? ဘယ်လိုလုပ် ဒီလိုကြီး သောက်နေရတာလဲ?" ချင်အဖေက အလန့်တကြား အော်မေးလိုက်သည်။
လင်းယန်က လက်ဖက်ရည်ကရားကို ချလိုက်ပြီး အနည်းငယ် ကြောင်သွားကာ ပြန်မေးလိုက်သည်။
"ဦးလေးအတွက် တစ်ကရား ထပ်ဖျော်ပေးရမလား?"
ချင်အဖေ၏မျက်နှာမှာ ချက်ချင်း ရှုံ့မဲ့သွားသည်။
"ဒီအဖိုးတန် ပစ္စည်းကို ကရားလိုက် ဖျော်သောက်လို့ ရမလား!"
လောင်ဝမ်ကတော့ ပြုံးစိစိဖြင့် ဝင်ပြောလေသည်။
"ခင်ဗျားလည်း လက်ဖက်ရည်အကြောင်း နားလည်မယ်လို့ မထင်ထားဘူး။ ကျောင်းသားတွေ ပြောတာတော့ ဝူယီတောင်က မိခင်သစ်ပင်ကနေ ခူးလာတာတဲ့။ နှစ် ၃၅၀ သက်တမ်းရှိတဲ့ ရှေးဟောင်း လက်ဖက်ပင်ကလေ။ ကျောင်းသားတွေက ကျုပ်ကို ပေါင်နည်းနည်းလောက် လက်ဆောင်ပေးထားတာ။ ကောင်လေးလင်း ကြိုက်တယ်ဆိုလို့ ကျုပ် ယူလာပေးလိုက်တာ။"
လင်းယန်က ခေါင်းညိတ်လိုက်ပြီး ထောက်ခံလိုက်သည်။
"ဒီလက်ဖက်ရည်က တကယ် ရေငတ်ပြေတယ်။"
ထိုစကားများကို ကြားသောအခါ ချင်အဖေမှာ သတိလစ်မတတ် ဖြစ်သွားရသည်။
"မိခင်သစ်ပင်က တာ့ဟုန်ဖောင် လက်ဖက်ခြောက်က တစ်ပေါင်တောင် ရှိတယ်တဲ့လား? ဒီ တာ့ဟုန်ဖောင် တစ်ဂရမ်ကိုတင် ယွမ် တစ်သောင်းလောက် ပေးရတာ! တစ်ပေါင်ဆိုရင် ယွမ် ငါးသန်းတောင် တန်တယ်! အဲ့ဒါကို ပေါင်အနည်းငယ်လောက်တောင် ရှိသေးတယ်တဲ့လား? အခုခေတ်က ပါမောက္ခတွေက ဒီလောက်တောင် ချမ်းသာနေကြပြီလား?" ဟု ချင်အဖေ၏ရင်ထဲတွင် ကြိတ်၍ အော်ဟစ်နေမိတော့သည်။
***